မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ ပုံသွင်းတာကို လက်ခံပါ

ယေဟောဝါ ပုံသွင်းတာကို လက်ခံပါ

“ကိုယ်တော်က ကျွန်တော့်ကို အကြံဉာဏ်ပေးပြီး လမ်းပြတယ်။ အဲဒီနောက် ကျွန်တော့်ကို ဂုဏ်ကျက်သရေရှိစေလိမ့်မယ်။”—ဆာ. ၇၃:၂၄၊ ကဘ။

၁၊ ၂။ (က) ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။ (ခ) ဘုရားသခင် ဆုံးမပဲ့ပြင်ပေးတာကို လူတွေ ဘယ်လိုတုံ့ပြန်ခဲ့တယ်ဆိုတဲ့ ကျမ်းစာနမူနာတွေကို ဆွေးနွေးခြင်းကနေ ကျွန်ုပ်တို့ ဘယ်လိုအကျိုးရရှိနိုင်မလဲ။

‘ကျွန်တော့်အတွက်တော့ ဘုရားသခင့်အနီးအပါးမှာနေရတာ အကျိုးရှိပါတယ်။ အချုပ်အခြာအာဏာရှင် ယေဟောဝါဆီမှာ ကျွန်တော် ခိုလှုံနေပါတယ်။’ (ဆာ. ၇၃:၂၈ကဘ) ဒီနေရာမှာ ဆာလံဆရာက ဘုရားသခင်ကို သူယုံကြည်ကိုးစားကြောင်း ဖော်ပြနေတာဖြစ်တယ်။ သူ ဘယ်လိုအခြေအနေမျိုး ကြုံတွေ့ခဲ့ရလို့ အဲဒီလိုပြောတာလဲ။ လူဆိုးတွေ အပူအပင်မရှိ ကောင်းစားနေတာကို သူမြင်တွေ့ရတဲ့အခါ စိတ်နာကြည်းပြီး အစပိုင်းမှာ “ငါ့နှလုံးသားကို စင်ကြယ်အောင်ထားပေမဲ့ အလကားပဲ။ ငါ့လက်ကို အပြစ်မဲ့ခြင်းနဲ့ဆေးပေးမဲ့ အလကားပဲ” လို့ညည်းညူခဲ့တယ်။ (ဆာ. ၇၃:၂၊ ၃၊ ၁၃၊ ၂၁ကဘ) ဒါပေမဲ့ ‘ဘုရားသခင်ရဲ့ သန့်ရှင်းရာဌာနထဲ’ ဝင်သွားတဲ့အခါမှာ သူ့ရဲ့စဉ်းစားတွေးခေါ်ပုံကို ပြုပြင်နိုင်ပြီး ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ပြန်လည်ရရှိခဲ့တယ်။ (ဆာ. ၇၃:၁၆-၁၈) ဆာလံဆရာဟာ အရေးကြီးတဲ့ ဒီသင်ခန်းစာကို ရခဲ့တယ်– လူတစ်ယောက် ယေဟောဝါနဲ့ရင်းနှီးတဲ့ဆက်ဆံရေး ရှိချင်တယ်ဆိုရင် ဘုရားသခင့်လူမျိုးအဝင်ဖြစ်ရမယ်၊ အကြံဉာဏ်ကို လက်ခံပြီး လိုက်နာကျင့်သုံးရမယ်။—ဆာ. ၇၃:၂၄

ကျွန်ုပ်တို့လည်း စစ်မှန်ပြီးအသက်ရှင်တဲ့ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိချင်ကြတယ်။ ကိုယ်တော်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ဆိုရင် ကိုယ်တော်ပေးတဲ့အကြံဉာဏ်နဲ့ ဆုံးမမှုကိုလက်ခံဖို့ အရေးကြီးတယ်။ ဒါမှ ကျွန်ုပ်တို့ကို ကိုယ်တော်နှစ်သက်လက်ခံမယ်။ အရင်တုန်းကဆိုရင် ဘုရားသခင်ဟာ လူတစ်ဦးချင်းစီ ဒါမှမဟုတ် လူမျိုးတစ်မျိုးကို ကိုယ်တော့်ဆုံးမမှုကို ခံယူနိုင်ဖို့ အခွင့်အရေးပေးခြင်းအားဖြင့် ကရုဏာပြခဲ့တယ်။ အဲဒီအကြောင်းတွေကို သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်၊ ရည်ရွယ်ချက်က ကျွန်ုပ်တို့ကို “ဆုံးမသွန်သင်” ဖို့နဲ့ ‘ခေတ်စနစ်များအဆုံးတွင်ရှိသော ကျွန်ုပ်တို့ကို သတိပေး’ ဖို့ဖြစ်တယ်။ (ရော. ၁၅:၄; ၁ ကော. ၁၀:၁၁) အဲဒီမှတ်တမ်းတချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးမှာဖြစ်တယ်။ ယေဟောဝါ ဘယ်လိုစဉ်းစားတွေးခေါ်တယ်၊ ကိုယ်တော်ပုံသွင်းပေးတဲ့အခါ ကျွန်ုပ်တို့ ဘယ်လိုအကျိုးရရှိနိုင်တယ်ဆိုတာကို လေ့လာကြပါမယ်။

အိုးထိန်းသမားက အခွင့်အာဏာကို အသုံးပြုပုံ

၃။ ဟေရှာယ ၆၄:၈ နဲ့ ယေရမိ ၁၈:၁-၆ မှာ လူတွေအပေါ် ယေဟောဝါ အခွင့်အာဏာရှိကြောင်း ဘယ်လိုဖော်ပြသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

လူတစ်ဦးချင်းစီနဲ့ လူမျိုးတွေအပေါ်မှာ ယေဟောဝါ အခွင့်အာဏာရှိကြောင်းကို ဟေရှာယ ၆၄:၈ (ကဘ) မှာ ဒီလိုဖော်ပြတယ်– “အို ယေဟောဝါ၊ ကိုယ်တော်က ကျွန်တော်တို့ရဲ့အဖေပါ၊ ကျွန်တော်တို့က ရွှံ့မြေဖြစ်ပြီး ကိုယ်တော်က ကျွန်တော်တို့ရဲ့အိုးထိန်းသမားဖြစ်တယ်၊ ကျွန်တော်တို့အားလုံးက ကိုယ်တော့်လက်ရာဖြစ်တယ်။” အိုးထိန်းသမားတစ်ယောက်ဟာ သူပိုင်တဲ့ရွှံ့မြေကိုသုံးပြီး သူလုပ်ချင်တဲ့အိုးပုံစံကို လုပ်နိုင်တဲ့အခွင့်အာဏာ အပြည့်အဝရှိတယ်။ ရွှံ့မြေက အိုးထိန်းသမားကို ဘယ်လိုအိုးပုံစံမျိုးလုပ်ပါလို့ ပြောပိုင်ခွင့်မရှိဘူး။ ဘုရားသခင်နဲ့ လူလည်း အဲဒီလိုပဲ။ ရွှံ့မြေက အိုးထိန်းသမားကို ဘယ်လို အိုးမျိုးလုပ်ပါလို့ ပြောပိုင်ခွင့်မရှိသလို ကျွန်ုပ်တို့လည်း ဘုရားသခင်ကို ကျွန်ုပ်တို့ကို ဘယ်လိုပုံသွင်းပါလို့ ပြောပိုင်ခွင့်မရှိဘူး။—ယေရမိ ၁၈:၁-၆ ကိုဖတ်ပါ။

၄။ ယေဟောဝါဟာ လူတစ်ဦးချင်းစီ ဒါမှမဟုတ် လူမျိုးတွေကို မိမိရဲ့ပုံသွင်းမှုကိုခံယူဖို့ အတင်းအကျပ် လုပ်ဆောင်သလား။ ရှင်းပြပါ။

အိုးထိန်းသမားက ရွှံ့မြေကို ပုံသွင်းသလိုပဲ ယေဟောဝါက ရှေးခေတ်အစ္စရေးလူမျိုးကို ပုံသွင်းခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါက လူသားအိုးထိန်းသမားတွေနဲ့ မတူဘူး။ ယေဟောဝါက လူတွေကို အထူးဆုကျေးဇူးဖြစ်တဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပေးထားတယ်၊ ဆိုလိုတာက လူတွေမှာ မိမိတို့စိတ်ကြိုက် ရွေးချယ်ပိုင်ခွင့်ရှိတယ်။ တချို့ကို လူကောင်းအဖြစ်၊ တချို့ကိုကျတော့ လူဆိုးအဖြစ် ကိုယ်တော် မပြုလုပ်ထားဘူး။ လူတွေ မိမိကိုနာခံအောင်လည်း အခွင့်အာဏာသုံးပြီး အတင်းအကျပ်မလုပ်ဘူး။ အဲဒီအစား လူတွေဟာ မိမိတို့ဖန်ဆင်းရှင်ယေဟောဝါရဲ့ ပုံသွင်းမှုကို ခံယူမလား၊ မခံယူဘူးလားဆိုတာကို ကိုယ်တိုင်ရွေးချယ်ရမှာဖြစ်တယ်။—ယေရမိ ၁၈:၇-၁၀ ကိုဖတ်ပါ။

၅။ လူတွေက ယေဟောဝါရဲ့ ပုံသွင်းမှုကိုခံယူဖို့ ငြင်းဆန်တယ်ဆိုရင် ကိုယ်တော် ဘာလုပ်မလဲ။

လူတွေက အိုးထိန်းသမားယေဟောဝါရဲ့ ပုံသွင်းမှုကိုခံယူဖို့ ခေါင်းမာမာနဲ့ ငြင်းဆန်တယ်ဆိုရင်ကော။ အဲဒီအခါမှာ အိုးထိန်းသမားယေဟောဝါဟာ မိမိရဲ့အခွင့်အာဏာကို ဘယ်လို အသုံးပြုမလဲ။ ရွှံ့မြေကို လိုချင်တဲ့အိုးပုံစံမျိုးရဖို့ ပုံသွင်းရခက်နေတယ်လို့ စဉ်းစားကြည့်ပါ။ အိုးထိန်းသမားဟာ နောက်အိုးတစ်မျိုးလုပ်ဖို့ ဆုံးဖြတ်နိုင်တယ်၊ ဒါမှမဟုတ် အဲဒီရွှံ့မြေတွေကို မသုံးတော့ဘဲ ပစ်လိုက်နိုင်တယ်။ အိုးထိန်းသမားက မှန်ကန်တဲ့နည်းနဲ့ ပုံမသွင်းဘူးဆိုရင် အဲဒီလိုဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့အိုးထိန်းရှင်ဖြစ်တဲ့ ယေဟောဝါကတော့ လူတွေကို အမြဲပဲ မှန်ကန်တဲ့နည်းနဲ့ ပုံသွင်းတယ်။ (တရား. ၃၂:၄) လူတစ်ယောက်ဟာ ယေဟောဝါရဲ့ပုံသွင်းမှုကို မခံယူဘူးဆိုရင် အဲဒါက အဲဒီလူရဲ့အမှားပဲဖြစ်တယ်။ ယေဟောဝါဟာ လူတွေရဲ့တုံ့ပြန်ပုံပေါ်မူတည်ပြီး မိမိရဲ့ပုံသွင်းနည်းကို ပြုပြင်ချိန်ညှိတယ်။ လူတွေ ယေဟောဝါစကား နားထောင်တယ်ဆိုရင် သူတို့ဟာ ကိုယ်တော့်အတွက် အသုံးဝင်တဲ့သူတွေ ဖြစ်လာတယ်။ ဥပမာ၊ ဘိသိက်ခံခရစ်ယာန်တွေဟာ “အိုးမြတ်” တွေအဖြစ် ပုံသွင်းခံထားရတဲ့ “သနားတော်မူခြင်းခံရာအိုးများ” ဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင့်အကြံဉာဏ်ကို နားမထောင်သူတွေဟာ ‘ပျက်စီးခြင်းအတွက် ပြင်ဆင်ထားတဲ့ အမျက်တော်ခံရာအိုး’ တွေဖြစ်ကြတယ်။—ရော. ၉:၁၉-၂၃

၆၊ ၇။ ယေဟောဝါ ပဲ့ပြင်ဆုံးမတဲ့အခါ ဘုရင်ဒါဝိဒ်နဲ့ ဘုရင်ရှောလု ဘယ်လို တုံ့ပြန်ခဲ့သလဲ။

 လူတွေကို ယေဟောဝါ ပုံသွင်းတဲ့နည်းလမ်းတစ်ခုက သူတို့ကို အကြံဉာဏ်ပေးခြင်း၊ ဆုံးမပဲ့ပြင်ခြင်းဖြစ်တယ်။ ဥပမာအနေနဲ့ အစ္စရေးရဲ့ ဦးဆုံး ဘုရင်နှစ်ပါးဖြစ်တဲ့ ရှောလုနဲ့ ဒါဝိဒ်ကို ယေဟောဝါ ဘယ်လိုပုံသွင်းတယ်ဆိုတာ စဉ်းစားကြည့်ပါ။ ဘုရင်ဒါဝိဒ်ဟာ ဗာသရှေဘနဲ့ အိမ်ထောင်ရေးဖောက်ပြန်တဲ့အခါမှာ သူကိုယ်တိုင်နဲ့ တခြားသူတွေဟာ အဲဒီအမှားရဲ့ ခါးသီးတဲ့အကျိုးဆက်ကို ခံစားခဲ့ကြရတယ်။ ဒါဝိဒ်ဟာ ဘုရင်တစ်ပါးဖြစ်ပေမဲ့ ယေဟောဝါ သူ့ကို ပြတ်ပြတ်သားသား ဆုံးမခဲ့တယ်။ ဘုရားသခင်က ပရောဖက်နာသန်ကိုစေလွှတ်ပြီး ဒါဝိဒ်ကို ပြင်းပြင်းထန်ထန် သတိပေးဆုံးမခဲ့တယ်။ (၂ ရာ. ၁၂:၁-၁၂) ဒါဝိဒ် ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ သူ့လုပ်ရပ်အတွက် တကယ် နောင်တရ၊ ဝမ်းနည်းခဲ့တယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ကရုဏာကို သူခံစားခဲ့ရတယ်။—၂ ဓမ္မရာဇဝင် ၁၂:၁၃ ကိုဖတ်ပါ။

 ဘုရင် ရှောလုကတော့ အဲဒီလိုမဟုတ်ဘူး။ သွန်သင်ချက်ကို နားမထောင်ဘူး။ ယေဟောဝါက ရှမွေလကို ဘုရင်ရှောလုဆီ စေလွှတ်ပြီး အာမလက်လူတွေနဲ့ သူတို့ရဲ့တိရစ္ဆာန်အားလုံးကို သတ်ပစ်ဖို့ ပြောတယ်။ ဒါပေမဲ့ ရှောလုက ယေဟောဝါရဲ့အမိန့်ကို နားမထောင်ခဲ့ဘူး။ အာဂတ်မင်းကို အသက်ချမ်းသာပေးပြီး အကောင်းဆုံးတိရစ္ဆာန်တွေကို ချန်ထားလိုက်တယ်။ ဘာကြောင့်လဲ။ (၁ ရာ. ၁၅:၁-၃၊ ၇-၉၊ ၁၂) ဒါကြောင့် ယေဟောဝါက ရှောလုကို ပဲ့ပြင်ဆုံးမဖို့ ရှမွေလကို စေလွှတ်လိုက်တယ်။ ရှောလုဟာ ပဲ့ပြင်ဆုံးမမှုကိုနားထောင်ပြီး ယေဟောဝါရဲ့ပုံသွင်းမှုကို လက်ခံသင့်တယ်။ ဒါပေမဲ့ သူ လက်မခံခဲ့ဘူး။ ယေဟောဝါရဲ့ညွှန်ကြားချက်ကို လျစ်လျူရှုဖို့ သူ့မှာ အကြောင်းကောင်းရှိတယ်လို့ သူယူဆခဲ့တယ်။ တိရစ္ဆာန်တွေကို ချန်ထားတာက ယေဟောဝါကို ယဇ်ပူဇော်ဖို့အတွက်လို့ ပြောခဲ့တယ်။ ဘုရားသခင်က ရှောလုကို ဘုရင်အဖြစ်ကနေ ငြင်းပယ်လိုက်တယ်၊ ရှောလုဟာ ယေဟောဝါနဲ့ ကောင်းတဲ့ဆက်ဆံရေး နောက်ထပ် ပြန်မရရှိတော့ဘူး။—၁ ဓမ္မရာဇဝင် ၁၅:၁၃-၁၅၊ ၂၀-၂၃ ကို ဖတ်ပါ။

သွန်သင်ချက်ကို ရှောလု လျစ်လျူရှုပြီး ငြင်းပယ်ခဲ့။ ပုံသွင်းမှုကို မခံယူခဲ့ ( အပိုဒ် ၇ ကိုကြည့်ပါ)

ဒါဝိဒ် တကယ်ဝမ်းနည်းပြီး သွန်သင်ချက်ကို လက်ခံခဲ့။ ဘုရားသခင် ပုံသွင်းတာကို လက်ခံခဲ့။ သင်ကော ( အပိုဒ် ၆ ကိုကြည့်ပါ)

ဘုရားသခင် မျက်နှာမလိုက်

၈။ ယေဟောဝါရဲ့ ပုံသွင်းမှုကို အစ္စရေးလူမျိုး တုံ့ပြန်ပုံကနေ ကျွန်ုပ်တို့ ဘာသင်ယူရရှိသလဲ။

ယေဟောဝါက ပုဂ္ဂိုလ်တစ်ဦးချင်းစီကိုသာမဟုတ်ဘဲ လူမျိုးတွေကိုပါ ကိုယ်တော်ရဲ့ပုံသွင်းမှုကို လက်ခံဖို့ အခွင့်အရေးပေးခဲ့တယ်။ ဘီစီ ၁၅၁၃ မှာ အစ္စရေးလူမျိုးတွေဟာ အီဂျစ်ပြည် ကျွန်ဘဝကနေ ထွက်လာပြီးနောက် ယေဟောဝါနဲ့ အထူးဆက်ဆံရေးရှိတဲ့လူမျိုးတစ်မျိုး ဖြစ်လာခဲ့တယ်။ ဘုရားသခင်က သူတို့ကို ပုံသွင်းမယ်လို့ ကတိပြုခဲ့တယ်။ ဒါပေမဲ့ သူတို့က ဘုရားသခင်ပုံသွင်းပေးတာကို ခါးခါးသီးသီး ငြင်းပယ်ခဲ့ပြီး ယေဟောဝါအမြင်မှာ ဆိုးသွမ်းတဲ့အရာတွေကိုပဲ ဆက်လုပ်ခဲ့ကြတယ်။ သူတို့ရဲ့ပတ်ဝန်းကျင်နိုင်ငံတွေမှာရှိတဲ့ လူမျိုးတွေရဲ့ အယူမှားဘုရားတွေကိုတောင် ကိုးကွယ်ခဲ့ကြတယ်။ ယေဟောဝါဟာ သူတို့ရဲ့လုပ်ရပ်တွေကို ပြုပြင်ပြောင်းလဲဖို့ ပရောဖက်တွေကို အထပ်ထပ်စေလွှတ်ပြီး ကူညီပေးခဲ့တယ်၊ ဒါပေမဲ့ အစ္စရေးလူတွေက ပရောဖက်တွေရဲ့ အကြံဉာဏ်ကို နားမထောင်ခဲ့ကြဘူး။ (ယေ. ၃၅:၁၂-၁၅) ယေဟောဝါရဲ့စကားကို သူတို့နားမထောင်ကြလို့ ပြင်းပြင်းထန်ထန် ဆုံးမခံခဲ့ကြရတယ်။ အာရှုရိတွေက မြောက်ပိုင်းအစ္စရေးနိုင်ငံကို ဖျက်ဆီးခဲ့တယ်။ နောက်ပိုင်းမှာ ဗာဗုလုန်လူမျိုးတွေက တောင်ပိုင်းယုဒနိုင်ငံကို သိမ်းပိုက်ခဲ့တယ်။ ဒီကနေ ကျွန်ုပ်တို့ အရေးကြီးတဲ့သင်ခန်းစာတစ်ခု သင်ယူရရှိကြတယ်။ ယေဟောဝါရဲ့ပုံသွင်းမှုကို ကောင်းကောင်း တုံ့ပြန်မှသာ ကျွန်ုပ်တို့ အကျိုးခံစားရမှာဖြစ်တယ်။

၉၊ ၁၀။ ယေဟောဝါရဲ့သတိပေးချက်ကို နိနဝေမြို့သားတွေ ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။

ယေဟောဝါဟာ အာရှုရိမြို့တော် နိနဝေမှာရှိတဲ့လူတွေကိုလည်း မိမိရဲ့သတိပေးချက်ကို တုံ့ပြန်ဖို့ အခွင့်အရေးပေးခဲ့တယ်။ ယေဟောဝါက ယောနကို ဒီလိုပြောခဲ့တယ်– “ထပြီး နိနဝေမြို့ကြီးကိုသွားပါ။ သူတို့ရဲ့ဆိုးသွမ်းမှုတွေက ငါ့ရှေ့ရောက်လာပြီဆိုတဲ့သတင်းကို ကြေညာပါ။” နိနဝေမြို့ဟာ ဖျက်ဆီးခံထိုက်တယ်လို့ ယေဟောဝါ သတ်မှတ်ပြီးသားဖြစ်တယ်။—ယောန ၁:၁၊ ၂ကဘ; ၃:၁-၄။

၁၀ ဒါပေမဲ့ ဖျက်ဆီးခြင်းသတင်းကို ယောန ကြေညာတဲ့အခါမှာ “နိနဝေမြို့သားတွေလည်း ဘုရားသခင်ကိုယုံကြည်လာတဲ့အတွက် ဆင်းရဲချမ်းသာမရွေး၊ လူကြီးလူငယ်အားလုံး အစာရှောင်ဖို့ ကြေညာပြီး အထည်ကြမ်းကို ဝတ်ကြတယ်။” သူတို့ရဲ့ဘုရင်က “ပလ္လင်ပေါ်ကထ၊ ဘုရင့်ဝတ်လုံကိုချွတ်၊ အထည်ကြမ်းကိုဝတ်ပြီး ပြာပေါ်ထိုင်တယ်။” နိနဝေမြို့သားတွေဟာ ယေဟောဝါရဲ့ ပုံသွင်းမှုကို ခံယူပြီး နောင်တယူခဲ့ကြတယ်။ အဲဒါကြောင့် ယေဟောဝါဟာ နိနဝေမြို့ကို မဖျက်ဆီးခဲ့ဘူး။—ယောန ၃:၅-၁၀ကဘ။

၁၁။ အစ္စရေးလူမျိုးနဲ့ နိနဝေမြို့သားတွေကို ယေဟောဝါဆက်ဆံပုံကနေ ကျွန်ုပ်တို့ ဘာသိရှိရသလဲ။

၁၁ အစ္စရေးလူမျိုးဟာ ယေဟောဝါရွေးချယ်ထားတဲ့ အထူးလူမျိုးဖြစ်ပေမဲ့ ကိုယ်တော် သူတို့ကို ဆုံးမခဲ့တယ်။ နိနဝေမြို့သားတွေဟာ ဘုရားသခင်ရွေးချယ်ထားတဲ့ အထူးလူမျိုးမဟုတ်ပေမဲ့ ကိုယ်တော်ပုံသွင်းတာကို ကောင်းကောင်း တုံ့ပြန်ခဲ့တယ်။ ဒါကြောင့် ယေဟောဝါက သူတို့ကို ကရုဏာပြပြီး မဖျက်ဆီးခဲ့ဘူး။ ဒီအဖြစ်အပျက်နှစ်ခုက ယေဟောဝါဟာ “ဘယ်သူ့ကိုမှ မျက်နှာမလိုက်တဲ့အရှင်” ဖြစ်တယ်ဆိုတာ ထင်ထင်ရှားရှား ဖော်ပြတယ်။—တရား. ၁၀:၁၇ကဘ။

ယေဟောဝါဟာ အလိုက်သင့် ပြုပြင်ပြောင်းလဲ

၁၂၊ ၁၃။ (က) ယေဟောဝါဟာ မိမိရဲ့ပုံသွင်းမှုကို လူတွေ လက်ခံပုံအပေါ်မူတည်ပြီး မိမိရဲ့ဆုံးဖြတ်ချက်တွေကို ဘာကြောင့် ပြောင်းလဲသလဲ။ (ခ) ရှောလုနဲ့ နိနဝေမြို့နဲ့ပတ်သက်ပြီး ယေဟောဝါ “နောင်တရ” တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။

၁၂ လူတွေရဲ့လုပ်ရပ် ပြောင်းလဲသွားတယ်ဆိုရင် ယေဟောဝါလည်း သူတို့နဲ့ပတ်သက်တဲ့ မိမိရဲ့ဆုံးဖြတ်ချက်တွေကို လိုလိုလားလား ပြောင်းလဲလိုက်နိုင်တယ်။ ဥပမာ၊ ယေဟောဝါက ရှောလုကို ဘုရင်အဖြစ် တင်မြှောက်ခဲ့တာကို နောင်တရတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ရာ. ၁၅:၁၁) နိနဝေမြို့သားတွေ နောင်တရပြီး ဆိုးသွမ်းတဲ့ သူတို့ရဲ့လုပ်ရပ်ကို ဆက်မလုပ်တော့တဲ့အခါ “သူတို့အပေါ် ဘေးဆိုးကျရောက်စေမယ်လို့ ပြောခဲ့တာကို စစ်မှန်တဲ့ဘုရားသခင် နောင်တရပြီး ဘေးဆိုးမကျရောက်စေတော့ဘူး” လို့ ကျမ်းစာက ပြောတယ်။—ယောန ၃:၁၀ကဘ။

၁၃ ကျမ်းစာမှာ ယေဟောဝါ “နောင်တရ” တယ်လို့ ဖော်ပြတဲ့အခါ အဲဒါက လူတစ်ယောက်အပေါ်ထားရှိတဲ့ ကိုယ်တော့်သဘောထား ပြောင်းလဲသွားတယ်၊ ဒါမှမဟုတ် ကိုယ်တော့်ဆုံးဖြတ်ချက် ပြောင်းလဲသွားတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ယေဟောဝါဟာ တစ်ချိန်တုန်းက ရှောလုကို မျက်နှာသာပေးခဲ့တယ်။ ဒါပေမဲ့ ရှောလု မနာခံတဲ့အခါမှာ သူ့ကို ဘုရင်အဖြစ်ကနေ ကိုယ်တော် ငြင်းပယ်လိုက်တယ်။ အဲဒီလိုငြင်းပယ်လိုက်တာက ရှောလုကို ဘုရင်အဖြစ် ယေဟောဝါရွေးချယ်တာ မှားသွားလို့မဟုတ်ဘူး။ ရှောလုရဲ့မနာခံမှုကြောင့်သာဖြစ်တယ်။ နိနဝေမြို့သားတွေ နောင်တရတဲ့အခါမှာ ယေဟောဝါဟာ မိမိရဲ့ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်ပြီး သူတို့ကို အသက်ချမ်းသာပေးခဲ့တယ်။ ယေဟောဝါဟာ ကြင်နာပြီး ကရုဏာရှိတယ်၊ လူတွေက မိမိတို့ရဲ့လုပ်ရပ်ကို ပြောင်းလဲတဲ့အခါ ယေဟောဝါလည်း မိမိရဲ့ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ တလိုတလားရှိတယ်ဆိုတာ သိရတာက ကျွန်ုပ်တို့အတွက် နှစ်သိမ့်မှုဖြစ်စေပါတယ်။

ယေဟောဝါရဲ့ ဆုံးမပဲ့ပြင်မှုကို မငြင်းပယ်ပါနဲ့

၁၄။ (က) ယနေ့အချိန်မှာ ကျွန်ုပ်တို့ကိုပုံသွင်းဖို့ ယေဟောဝါ ဘာတွေကို အသုံးပြုသလဲ။ (ခ) ကျွန်ုပ်တို့ကို ဘုရားသခင် ပုံသွင်းတဲ့အခါမှာ ကျွန်ုပ်တို့ ဘယ်လိုတုံ့ပြန်သင့်သလဲ။

၁၄ ယနေ့အချိန်မှာ ယေဟောဝါဟာ သမ္မာကျမ်းစာနဲ့ မိမိရဲ့အဖွဲ့အစည်းကိုသုံးပြီး ကျွန်ုပ်တို့ကို ပုံသွင်းပေးနေပါတယ်။ (၂ တိ. ၃:၁၆၊ ၁၇) အဲဒီနေရာတွေကနေလာတဲ့ အကြံဉာဏ် ဒါမှမဟုတ် ဆုံးမပဲ့ပြင်မှုမှန်သမျှကို ကျွန်ုပ်တို့ လက်ခံသင့်ပါတယ်။ ကျွန်ုပ်တို့နှစ်ခြင်းခံပြီးတာ နှစ်ပေါင်း ဘယ်လောက်ပဲရှိနေပါစေ၊ အသင်းတော်မှာ ဘယ်လိုတာဝန်တွေပဲ ရရှိထားပါစေ ယေဟောဝါရဲ့သွန်သင်ချက်ကို ဆက်ပြီးနာခံသင့်ပါတယ်။ ဒီနည်းနဲ့ ယေဟောဝါ ပုံသွင်းပေးတာကို ကျွန်ုပ်တို့ လက်ခံတဲ့အခါ ကျွန်ုပ်တို့ဟာ ကိုယ်တော်လိုလားနှစ်သက်တဲ့ လူစားမျိုး ဖြစ်လာနိုင်ပါတယ်။

၁၅၊ ၁၆။ (က) ဆုံးမခံရလို့ အသင်းတော်တာဝန်တွေ ဆုံးၡုံးသွားတဲ့အခါ ဘယ်လိုခံစားရနိုင်သလဲ။ ဥပမာပေးပါ။ (ခ) ဆုံးမခံရလို့ အရှက်ရတဲ့ခံစားချက်မျိုးကို တိုက်လှန်ဖို့ ဘာက ကူညီပေးနိုင်သလဲ။

၁၅ ကျွန်ုပ်တို့ကို ယေဟောဝါ ဘယ်လိုဆုံးမပဲ့ပြင်သလဲ။ ကျွန်ုပ်တို့ထံက ကိုယ်တော် ဘာတောင်းဆိုတယ်ဆိုတာ သင်ပေးတယ်၊ ကျွန်ုပ်တို့ရဲ့ စဉ်းစားတွေးခေါ်ပုံကို ပြုပြင်တည့်မတ်ပေးတယ်။ တစ်ခါတလေမှာတော့ ကျွန်ုပ်တို့က ကြီးလေးတဲ့အမှားပြုလုပ်ထားတဲ့အတွက်ကြောင့် ပြင်းပြင်းထန်ထန် ဆုံးမခံရဖို့ လိုအပ်ပါလိမ့်မယ်။ အဲဒီအခါမှာ ကျွန်ုပ်တို့ရရှိထားတဲ့ အသင်းတော်တာဝန်တချို့ကို လက်လွတ်ဆုံးၡုံးရနိုင်တယ်။ ဒဲန်းနစ် *လို့ခေါ်တဲ့ အကြီးအကဲတစ်ယောက်ရဲ့ အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ သူဟာ စီးပွားရေးကိစ္စတွေမှာ မှားယွင်းတဲ့ဆုံးဖြတ်ချက်ချခဲ့လို့ အမှားလုပ်မိပြီး ဆုံးမခံခဲ့ရတယ်။ ဒဲန်းနစ်ဟာ အသင်းတော်မှာ အကြီးအကဲတစ်ယောက်မဟုတ်တော့ဘူးလို့ ကြေညာတဲ့ညမှာ သူဘယ်လို ခံစားခဲ့ရသလဲ။ “ကျွန်တော်ဟာ ကျၡုံးသူတစ်ယောက်လို ခံစားခဲ့ရတယ်။ လွန်ခဲ့တဲ့အနှစ် ၃၀ အတွင်းမှာ ကျွန်တော် တာဝန်တွေအများကြီး ရခဲ့တယ်။ ကျွန်တော်ဟာ မှန်မှန်ရှေ့ဆောင်တစ်ယောက်ဖြစ်ခဲ့တယ်၊ ဗေသလမှာ အမှုဆောင်ခဲ့တယ်၊ အသင်းတော်အမှုထမ်းအဖြစ် ခန့်အပ်ခံရတယ်၊ အဲဒီနောက် အကြီးအကဲဖြစ်လာတယ်။ ခရိုင်စည်းဝေးကြီးတစ်ခုမှာ ကျွန်တော့်ရဲ့ ပထမဆုံးဟောပြောချက်ကို ဟောခဲ့တယ်။ ရုတ်တရက်ပဲ အဲဒါတွေအားလုံး ဆုံးၡုံးသွားတယ်။ ကျွန်တော်အရှက်ရပြီး အနေရခက်တဲ့အပြင် အဖွဲ့အစည်းမှာ ကျွန်တော့်အတွက် နေရာမရှိတော့ဘူးလို့ ခံစားခဲ့ရတယ်။”

၁၆ ဒဲန်းနစ်ဟာ သူ့ရဲ့လမ်းစဉ်ကို ပြောင်းလဲခဲ့ရတယ်။ ဒါပေမဲ့ သူ့ရဲ့ခံစားချက်တွေကို တိုက်လှန်ဖို့ ဘာက သူ့ကို ကူညီပေးသလဲ။ ကျမ်းစာလေ့လာတယ်၊ အမှုဆောင်မှာ မှန်မှန်ပါဝင်တယ်၊ အစည်းအဝေးအားလုံးကို တက်တယ်။ ညီအစ်ကိုညီအစ်မတွေနဲ့ အဖွဲ့အစည်းထုတ်စာပေတွေကနေ ရရှိတဲ့အားပေးမှုအတွက် သူ အလွန်ကျေးဇူးတင်ခဲ့တယ်။ “ဩဂုတ် ၁၅၊ ၂၀၀၉ ကင်းမျှော်စင်မှာပါတဲ့ ‘သင်သည် တစ်ချိန်က အမှုဆောင်ခဲ့သလော၊ ပြန်၍ အမှုဆောင်နိုင်မည်လော’ ဆိုတဲ့ဆောင်းပါးက ကျွန်တော့်ဆုတောင်းချက်ကို ပြန်ဖြေပေးတဲ့ စာတစ်စောင်နဲ့တူတယ်” လို့ သူပြောတယ်။ ဒဲန်းနစ်ဟာ မိမိရဲ့အချိန်နဲ့ခွန်အားတွေကို သုံးပြီး ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ခိုင်မြဲအောင်လုပ်နိုင်တယ်ဆိုတာ အဲဒီဆောင်းပါးကနေ သိခဲ့ရတယ်။ သူဟာ ရရှိခဲ့တဲ့ ဆုံးမပဲ့ပြင်မှုကနေ အကျိုးခံစားခဲ့ရပြီး နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ အသင်းတော်အမှုထမ်း ပြန်ဖြစ်လာတယ်။

၁၇။ နှင်ထုတ်ခြင်းအစီအစဉ်က အပြစ်ကျူးလွန်သူတစ်ဦးအတွက် ဘယ်လို အကူအညီဖြစ်စေနိုင်သလဲ။ ဥပမာပေးပါ။

၁၇ ယေဟောဝါ ဆုံးမပဲ့ပြင်တဲ့ နောက်တစ်နည်းက နှင်ထုတ်ခြင်းဖြစ်တယ်။ အဲဒါက အပြစ်ကျူးလွန်သူရဲ့ မကောင်းတဲ့သြဇာကနေ အသင်းတော်ကို ကာကွယ်ပေးပြီး အပြစ်ကျူးလွန်သူကို နောင်တပြန်ရဖို့ ကူညီပေးနိုင်တယ်။ (၁ ကော. ၅:၆၊ ၇၊ ၁၁) ရောဘတ်ဟာ နှင်ထုတ်ခံထားရတာ ၁၆ နှစ်လောက်ရှိနေပြီ။ ဒီအချိန်အတောအတွင်းမှာ သူ့မိဘတွေနဲ့ မောင်နှမတွေက ကျမ်းစာသွန်သင်ချက်အတိုင်း လိုက်နာပြီး သူနဲ့ အပေါင်းအသင်းမလုပ်ဘူး၊ သူ့ကို နှုတ်တောင်မဆက်ဘူး။ အခု ရောဘတ် အသင်းတော်ထဲပြန်ရောက်လာတာ နှစ်အနည်းငယ် ကြာနေပြီး အမှန်တရားမှာ ကောင်းကောင်းတိုးတက်နေတယ်။ နှစ်တွေအဲဒီလောက်ကြာပြီးမှ အသင်းတော်ထဲ ပြန်ဝင်လာရတဲ့ အကြောင်းရင်းတစ်ခုက သူ့မိသားစုဝင်တွေ သူနဲ့ အပေါင်းအသင်းမလုပ်လို့ဆိုပြီး သူပြောပြခဲ့တယ်။ သူ့ရဲ့မိသားစုဝင်တွေသာ သူ့အတွက် အချိန်နည်းနည်းပေးမယ်ဆိုရင်၊ သူ့အခြေအနေ ဘယ်လိုရှိသလဲဆိုတာလောက်ပဲ မေးမြန်းမယ်ဆိုရင် မိသားစုဝင်တွေကို အဲဒီလောက် တမ်းတမှာမဟုတ်ဘူးလို့ သူပြောခဲ့တယ်။ အဲဒါက ယေဟောဝါနဲ့ ကိုယ်တော့်လူမျိုးထံ ပြန်လာချင်စိတ် ဖြစ်ပေါ်အောင် သူ့ကိုလှုံ့ဆော်ပေးခဲ့တယ်။

၁၈။ ဘုရားသခင် ကျွန်ုပ်တို့ကိုပုံသွင်းတဲ့အခါ ဘယ်လို တုံ့ပြန်သင့်သလဲ။

၁၈ ကျွန်ုပ်တို့ အဲဒီလို ပဲ့ပြင်ဆုံးမခံရဖို့ လိုချင်မှလိုမယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ကို ဘုရားသခင် ပုံသွင်းပေးတဲ့အခါ၊ ပဲ့ပြင်ဆုံးမတဲ့အခါ ကျွန်ုပ်တို့ ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားတွေးတောဖို့လိုတယ်။ ကျွန်ုပ်တို့ ဘယ်လိုတုံ့ပြန်မလဲ။ ဒါဝိဒ်လိုပဲ သွန်သင်ချက်ကို လက်ခံမလား။ ဒါမှမဟုတ် ရှောလုလို ငြင်းပယ်မလား။ ကြီးမြတ်တဲ့အိုးထိန်းသမား ယေဟောဝါဟာ ကျွန်ုပ်တို့ရဲ့ဖခင်ဖြစ်တယ်။ “အဖေက သူချစ်တဲ့သားကို ပဲ့ပြင်သလို ယေဟောဝါကလည်း သူချစ်တဲ့သူတွေကို ပဲ့ပြင်တတ်” တယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ဒါကြောင့် “ယေဟောဝါရဲ့ဆုံးမမှုကို မငြင်းပယ်နဲ့။ ကိုယ်တော့်ရဲ့ပဲ့ပြင်မှုကို မရွံရှာနဲ့။”—သု. ၃:၁၁၊ ၁၂ကဘ။

^ စာပိုဒ်၊ 15 နာမည်တွေကို ပြောင်းထား။