မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့ သစ္စာစောင့်သိမှုနဲ့ ခွင့်လွှတ်မှုကို တန်ဖိုးထားလေးမြတ်ပါ

ယေဟောဝါရဲ့ သစ္စာစောင့်သိမှုနဲ့ ခွင့်လွှတ်မှုကို တန်ဖိုးထားလေးမြတ်ပါ

“အို ယေဟောဝါ၊ ကိုယ်တော်က ကောင်းမြတ်ပြီး ခွင့်လွှတ်ဖို့ အသင့်ရှိတယ်။ ကိုယ်တော့်ကိုခေါ်တဲ့သူအားလုံးအပေါ် ကိုယ်တော်ရဲ့ ခိုင်မြဲတဲ့မေတ္တာက ကြီးမားလှတယ်။”—ဆာ. ၈၆:၅၊ ကဘ။

၁၊ ၂။ (က) သစ္စာစောင့်သိတဲ့၊ ခွင့်လွှတ်တတ်တဲ့ မိတ်ဆွေတွေကို ကျွန်ုပ်တို့ ဘာကြောင့် တန်ဖိုးထားသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေရဲ့အဖြေကို လေ့လာကြမလဲ။

မိတ်ဆွေစစ် ဆိုတာကို သင် ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ။ အက်ရှလီဆိုတဲ့ ခရစ်ယာန်ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “ကျွန်မအတွက်ကတော့ မိတ်ဆွေစစ်ဆိုတာ သင့်ကိုကူညီဖို့ အမြဲအသင့်ရှိနေပြီး သင်အမှားလုပ်မိတဲ့အခါ ခွင့်လွှတ်တဲ့သူဖြစ်တယ်။” ကျွန်ုပ်တို့အားလုံးဟာ မိတ်ဆွေစစ်ကို တန်ဖိုးထားတယ်။ သူတို့က ကျွန်ုပ်တို့ကို လုံခြုံတယ်၊ ချစ်မြတ်နိုးခံရတယ်လို့ ခံစားရစေတယ်။—သု. ၁၇:၁၇

ယေဟောဝါကတော့ သစ္စာစောင့်သိမှုအရှိဆုံးနဲ့ ခွင့်လွှတ်တတ်ဆုံး မိတ်ဆွေပါပဲ။ ကိုယ်တော့်အကြောင်းကို ဆာလံဆရာ ဒီလို ဖော်ပြခဲ့တယ်– “အို ယေဟောဝါ၊ ကိုယ်တော်က ကောင်းမြတ်ပြီး ခွင့်လွှတ်ဖို့အသင့်ရှိတယ်။ ကိုယ်တော့်ကိုခေါ်တဲ့သူအားလုံးအပေါ် ကိုယ်တော်ရဲ့ ခိုင်မြဲတဲ့မေတ္တာက ကြီးမားလှတယ်။” (ဆာ. ၈၆:၅ကဘ) သစ္စာစောင့်သိတယ်၊ ခွင့်လွှတ်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ဒီကောင်းမြတ်တဲ့အရည်အသွေးတွေကို ယေဟောဝါ ဘယ်လိုပြခဲ့သလဲ။ ကိုယ်တော်ရဲ့စံနမူနာကို ကျွန်ုပ်တို့ ဘယ်လို တုပနိုင်သလဲ။ ဒီမေးခွန်းတွေရဲ့အဖြေတွေကို လေ့လာသုံးသပ်တဲ့အခါ ကျွန်ုပ်တို့ရဲ့ အကောင်းဆုံးမိတ်ဆွေ ယေဟောဝါအပေါ်ထားရှိတဲ့ ကျွန်ုပ်တို့ရဲ့ချစ်ခြင်းမေတ္တာ ပိုခိုင်မြဲလာမှာဖြစ်တယ်။ ညီအစ်ကိုညီအစ်မတွေနဲ့ ပိုရင်းနှီးစေဖို့လည်း အထောက်အကူပြုမှာဖြစ်တယ်။—၁ ယော. ၄:၇၊ ၈

ယေဟောဝါဟာ သစ္စာစောင့်သိ

၃။ သစ္စာစောင့်သိတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

သစ္စာစောင့်သိသူတစ်ယောက်ဟာ သူချစ်တဲ့သူအပေါ် သစ္စာရှိတယ်။ သူဟာ တခြားသူတစ်ဦးကို ဆက်ပြီး ကူညီထောက်မပေးခြင်းအားဖြင့် သူ့ရဲ့မေတ္တာကိုဖော်ပြတယ်။ အခြေအနေကောင်းတဲ့အချိန်မှာသာ မဟုတ်ဘဲ ခက်ခဲချိန်တွေမှာလည်း အဲဒီလိုလုပ်ဆောင်တယ်။ သမ္မာကျမ်းစာမှာ ယေဟောဝါကို “သစ္စာစောင့်သိတော်မူသောအရှင်” အဖြစ် ဖော်ပြထားတယ်။ ယေဟောဝါထက် ပိုပြီးသစ္စာစောင့်သိသူ မရှိပါဘူး။—ဗျာ. ၁၆:၅

၄၊ ၅။ (က) ယေဟောဝါဟာ သစ္စာစောင့်သိကြောင်း ဘယ်လို ဖော်ပြသလဲ။ (ခ) သစ္စာစောင့်သိတဲ့ ယေဟောဝါရဲ့လုပ်ရပ်တွေကို ပြန်စဉ်းစားခြင်းက ကျွန်ုပ်တို့ကို ဘယ်လို ခွန်အားရှိစေနိုင်သလဲ။

ယေဟောဝါဟာ သစ္စာစောင့်သိကြောင်း ဘယ်လိုဖော်ပြသလဲ။ ကိုယ်တော်ဟာ မိမိရဲ့ သစ္စာရှိကျေးကျွန်တွေကို အမြဲ ကူညီထောက်မပေးတယ်။ အဲဒီသစ္စာရှိကျေးကျွန်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဘုရင်ဒါဝိဒ်ဟာ ယေဟောဝါရဲ့သစ္စာစောင့်သိမှုကို ခံစားခဲ့ရသူဖြစ်တယ်။ (၂ ဓမ္မရာဇဝင် ၂၂:၂၆ ကိုဖတ်ပါ။) ယေဟောဝါဟာ ဒါဝိဒ် ဒုက္ခရောက်နေချိန်တစ်လျှောက်လုံးမှာ သူ့ကို လမ်းညွှန်ခြင်း၊ ကာကွယ်ပေးခြင်း၊ ကယ်တင်ပေးခြင်းအားဖြင့် သစ္စာစောင့်သိကြောင်း ပြသခဲ့တယ်။ (၂ ရာ. ၂၂:၁) ကိုယ်တော်ဟာ မိမိရဲ့ကျေးကျွန်တွေကို အပြောနဲ့သာမဟုတ်ဘဲ လက်တွေ့ကူညီပေးခြင်းအားဖြင့် သစ္စာစောင့်သိကြောင်း ဖော်ပြတာကို ဒါဝိဒ် သိခဲ့ရတယ်။ ယေဟောဝါ ဘာကြောင့် ဒါဝိဒ်အပေါ် သစ္စာစောင့်သိတာလဲ။ အကြောင်းကတော့ ဒါဝိဒ်ကိုယ်တိုင် ယေဟောဝါအပေါ် သစ္စာစောင့်သိခဲ့လို့ပဲ။ ယေဟောဝါဟာ မိမိရဲ့ကျေးကျွန်တွေ မိမိအပေါ် သစ္စာစောင့်သိတာကို တန်ဖိုးထားလေးမြတ်ပြီး သူတို့အပေါ် ပြန်သစ္စာစောင့်သိတယ်။—သု. ၂:၆-၈

သစ္စာစောင့်သိတဲ့ ယေဟောဝါရဲ့လုပ်ရပ်တွေကို ပြန်စဉ်းစားခြင်းက ကျွန်ုပ်တို့ကို ခွန်အားရှိစေနိုင်တယ်။ သစ္စာရှိညီအစ်ကိုတစ်ဦးဖြစ်တဲ့ ရိဒ် ဒီလိုပြောတယ်– “ဒါဝိဒ် အခက်အခဲတွေနဲ့ ကြုံနေရချိန်မှာ ယေဟောဝါ သူ့ကို ဘယ်လိုကူညီပေးတယ်ဆိုတာတွေကို ဖတ်တာက ကျွန်တော့်အတွက် တကယ် အထောက်အကူဖြစ်တယ်။ ဒါဝိဒ် ထွက်ပြေးပြီး ဂူတွေထဲမှာ ပုန်းခိုနေတဲ့အချိန်မှာတောင် ယေဟောဝါ သူ့ကို မပြတ်အားပေးထောက်မခဲ့တယ်။ အဲဒီအချက်က ကျွန်တော့်ကို အလွန်အားရှိစေတယ်။ အခြေအနေက ဘယ်လိုပဲဖြစ်နေပါစေ၊ ဘယ်လောက်ပဲ စိတ်ဓာတ်ကျစရာကောင်းနေပါစေ၊ ကျွန်တော် ကိုယ်တော့်အပေါ် သစ္စာတည်ကြည်နေသရွေ့ ယေဟောဝါ ကျွန်တော့်ဘက်မှာ ရှိနေတယ်ဆိုတာကို သတိရစေတယ်။” သင်လည်း အဲဒီလိုပဲ ခံစားရမယ်ဆိုတာ သေချာပါတယ်။—ရော. ၈:၃၈၊ ၃၉

၆။ ယေဟောဝါ သစ္စာစောင့်သိကြောင်း ဖော်ပြတဲ့ တခြားနည်းလမ်းတွေက ဘာတွေလဲ။ ကိုယ်တော့်ကျေးကျွန်တွေ အဲဒီကနေ ဘယ်လို အကျိုးခံစားရသလဲ။

ယေဟောဝါ သစ္စာစောင့်သိကြောင်းဖော်ပြတဲ့ တခြားနည်းလမ်းတွေက ဘာတွေလဲ။ တစ်နည်းကတော့ ယေဟောဝါဟာ အမြဲပဲ မိမိရဲ့စံနှုန်းတွေအတိုင်း လုပ်ဆောင်တယ်။ ကိုယ်တော်ဟာ “လူတစ်ယောက် အသက်ကြီးတဲ့အထိ မပြောင်းလဲတတ်တဲ့အရှင်” ဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့ကို ယုံကြည်စိတ်ချစေတယ်။ (ဟေရှာ. ၄၆:၄ကဘ) ကိုယ်တော်ဟာ အမြဲပဲ မိမိရဲ့မပြောင်းလဲနိုင်တဲ့ စံနှုန်းတွေအပေါ် မူတည်ပြီး ဆုံးဖြတ်ချက်ချတယ်။ (မာလ. ၃:၆) ယေဟောဝါ သစ္စာစောင့်သိကြောင်းဖော်ပြတဲ့ နောက်နည်းလမ်းတစ်ခုက မိမိကတိပြုတဲ့အတိုင်း လုပ်ဆောင်ခြင်းဖြစ်တယ်။ (ဟေရှာ. ၅၅:၁၁) ယေဟောဝါသစ္စာစောင့်သိတဲ့အတွက်ကြောင့် ကိုယ်တော့်ရဲ့သစ္စာရှိကျေးကျွန်အားလုံး အကျိုးခံစားကြရတယ်။ ဘယ်လိုနည်းနဲ့လဲ။ ကျွန်ုပ်တို့က ယေဟောဝါရဲ့စံနှုန်းတွေအတိုင်း အသက်ရှင်ဖို့ အစွမ်းကုန်ကြိုးစားမယ်ဆိုရင် ကိုယ်တော်ကလည်း ကောင်းချီးပေးမယ်လို့ ကတိပေးထားတဲ့အတိုင်း လုပ်ဆောင်မယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါတယ်။—ဟေရှာ. ၄၈:၁၇၊ ၁၈

ယေဟောဝါလို သစ္စာစောင့်သိပါ

၇။ ယေဟောဝါလို သစ္စာစောင့်သိကြောင်း ကျွန်ုပ်တို့ ပြသနိုင်တဲ့နည်းတစ်နည်းက ဘာလဲ။

 ယေဟောဝါလို သစ္စာစောင့်သိကြောင်း ကျွန်ုပ်တို့ ဘယ်လို ပြနိုင်သလဲ။ တစ်နည်းကတော့ ခက်ခဲတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့သူတွေအတွက် ကောင်းတာတွေလုပ်ဆောင်ပေးခြင်းဖြစ်တယ်။ (သု. ၃:၂၇) ဥပမာ၊ ကျန်းမာရေးမကောင်းလို့၊ မိသားစုရဲ့ဆန့်ကျင်မှုကို ခံရလို့ ဒါမှမဟုတ် ကိုယ့်ရဲ့အားနည်းချက်တွေကြောင့် စိတ်ဓာတ်ကျနေသူ တစ်ယောက်ယောက်ကို သင်သိပါသလား။ သူ့ကို “ကောင်းတဲ့စကားတွေ၊ နှစ်သိမ့်မှုဖြစ်စေတဲ့စကားတွေနဲ့” အားပေးနိုင်ပါတယ်။ (ဇာ. ၁:၁၃ကဘ) * သင် အဲဒီလိုလုပ်တယ်ဆိုရင် သင်ဟာ “ညီအစ်ကိုစွဲကပ်သည်ထက် သာ၍စွဲကပ်” တဲ့ သစ္စာစောင့်သိတဲ့မိတ်ဆွေစစ်ဖြစ်ကြောင်း ပြသရာရောက်ပါတယ်။—သု. ၁၈:၂၄

၈။ ကျွန်ုပ်တို့ဟာ အိမ်ထောင်မှာ ဘယ်လိုနည်းနဲ့ သစ္စာစောင့်သိနိုင်သလဲ။

ကျွန်ုပ်တို့ချစ်ခင်တဲ့သူတွေအပေါ် သစ္စာစောင့်သိကြောင်း ပြသနိုင်တဲ့ တခြားနည်းတွေလည်း ရှိပါသေးတယ်။ ဥပမာ၊ ကျွန်ုပ်တို့က အိမ်ထောင်သည်ဖြစ်တယ်ဆိုရင် ကိုယ့်ရဲ့အိမ်ထောင်ဖက်အပေါ် သစ္စာရှိရမယ်ဆိုတာ ကျွန်ုပ်တို့ သိထားတယ်။ (သု. ၅:၁၅-၁၈) ဒါကြောင့် ကျွန်ုပ်တို့ဟာ အိမ်ထောင်ရေးဖောက်ပြန်မှုဖြစ်စေနိုင်တဲ့ ဘယ်အရာကိုမဆို ရှောင်ကြတယ်။ (မ. ၅:၂၈) ဒါ့အပြင် ကျွန်ုပ်တို့ဟာ ညီအစ်ကိုညီအစ်မတွေအကြောင်း မကောင်းပြောတာ၊ သူတို့နဲ့ပတ်သက်ပြီး မဟုတ်မမှန်ပြောဆိုတာတွေကို ရှောင်ကြဉ်ခြင်း၊ အဲဒီလို အပြောအဆိုတွေကို နားမထောင်ခြင်းအားဖြင့် သူတို့အပေါ် သစ္စာစောင့်သိကြောင်း ပြသကြတယ်။—သု. ၁၂:၁၈

၉၊ ၁၀။ (က) အထူးသဖြင့် ဘယ်သူ့အပေါ် ကျွန်ုပ်တို့ ဆက်သစ္စာစောင့်သိချင်ကြသလဲ။ (ခ) ယေဟောဝါရဲ့ပညတ်တွေကို နာခံဖို့ဆိုတာ အမြဲလွယ်ကူပါသလား။ ဥပမာပေးပါ။

အထူးသဖြင့် ယေဟောဝါအပေါ် ကျွန်ုပ်တို့ သစ္စာစောင့်သိချင်ကြတယ်။ ဘယ်လိုနည်းနဲ့ သစ္စာစောင့်သိကြမလဲ။ ယေဟောဝါချစ်တာကို ချစ်ပြီး ကိုယ်တော်မုန်းတာကို မုန်းခြင်းအားဖြင့်ဖြစ်တယ်။ အဲဒီနောက် ကျွန်ုပ်တို့ဟာ ယေဟောဝါနှစ်သက်တဲ့နည်းအတိုင်း အသက်ရှင်နေထိုင်ကြရမယ်။ (ဆာလံ ၉၇:၁၀ ကိုဖတ်ပါ။) ယေဟောဝါလို စဉ်းစားတွေးခေါ်တတ်လာလေ ကိုယ်တော်နဲ့ ပိုတူလာလေဖြစ်ပြီး ကိုယ်တော့်ပညတ်တွေကိုနာခံဖို့ ပိုလွယ်ကူလေပဲ။—ဆာ. ၁၁၉:၁၀၄

၁၀ ဒါပေမဲ့ ယေဟောဝါရဲ့ပညတ်တွေကို နာခံဖို့ဆိုတာ အမြဲတော့ မလွယ်ကူပါဘူး။ ဆက်သစ္စာစောင့်သိဖို့ ကျွန်ုပ်တို့ဘက်က အားသွန်ခွန်စိုက် ကြိုးစားဖို့လိုပါတယ်။ ဥပမာ၊ တစ်ကိုယ်ရေ ညီအစ်မတစ်ယောက်က အိမ်ထောင်ပြုချင်နေတယ်၊ ဒါပေမဲ့ သူနဲ့သင့်တော်မယ့် ညီအစ်ကို,ကို ရှာမတွေ့ဘူး။ (၁ ကော. ၇:၃၉) သူနဲ့ ယုံကြည်ချက်ချင်းမတူတဲ့ အလုပ်ဖော်တွေကလည်း သူ့ကို တစ်ယောက်ယောက်နဲ့ အောင်သွယ်ပေးဖို့ ကြိုးစားနေတယ်။ အဲဒီအချိန်မှာ သူကလည်း အထီးကျန်တယ်လို့ ခံစားနေရတယ်။ ဒါပေမဲ့ အဲဒီညီအစ်မဟာ ယေဟောဝါအပေါ် ဆက်သစ္စာစောင့်သိမယ်ဆိုတဲ့ သူ့ရဲ့စိတ်ပိုင်းဖြတ်ချက်အတိုင်း ကြိုးစားလုပ်ဆောင်တယ်။ အဲဒီလို ခရစ်ယာန်ညီအစ်မတွေဟာ သစ္စာစောင့်သိမှုမှာ တကယ့် စံနမူနာကောင်းတွေဖြစ်တယ်။ အခက်အခဲတွေကြားမှာ ယေဟောဝါကို ဆက်သစ္စာရှိနေသူအားလုံးကို ကိုယ်တော်ကောင်းချီးပေးမယ်ဆိုတာ သေချာပါတယ်။—ဟေဗြဲ ၁၁:၆

“မိတ်ဆွေကတော့ ညီအစ်ကိုထက် ပိုပြီးတွယ်ကပ်တယ်။”—သု. ၁၈:၂၄၊ ကဘ ( အပိုဒ် ၇ ကိုကြည့်ပါ)

‘အချင်းချင်း အကြွင်းမဲ့ခွင့်လွှတ်ကြပါ။’—ဧ. ၄:၃၂ ( အပိုဒ် ၁၆ ကိုကြည့်ပါ)

ယေဟောဝါဟာ ခွင့်လွှတ်တတ်

၁၁။ ခွင့်လွှတ်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

၁၁ ယေဟောဝါရဲ့ အရည်အသွေးတွေထဲမှာ နှစ်သက်စရာအကောင်းဆုံး အရည်အသွေးတစ်ခုက လိုလိုလားလား ခွင့်လွှတ်ခြင်းဖြစ်တယ်။ ခွင့်လွှတ်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ အခြေခံအားဖြင့်တော့ စစ်မှန်တဲ့နောင်တရတဲ့ အပြစ်ကျူးလွန်သူကို ခွင့်လွှတ်လိုက်ခြင်းဖြစ်တယ်။ အဲဒီလိုပြောလို့ ခွင့်လွှတ်သူက အပြစ်ကို လျစ်လျူရှုလိုက်တာ ဒါမှမဟုတ် တစ်ဖက်သားက အဲဒီလိုအပြစ်မျိုး မကျူးလွန်ခဲ့ဘူးလို့ ယူမှတ်လိုက်တာကို မဆိုလိုဘူး။ အဲဒီအစား ဒေါသမထွက်ဖို့ ဆုံးဖြတ်လိုက်တာကို ဆိုလိုတယ်။ ယေဟောဝါဟာ စစ်မှန်တဲ့နောင်တရကြောင်း တင်ပြသူကို “ခွင့်လွှတ်ဖို့အသင့်ရှိ” တယ်လို့ သမ္မာကျမ်းစာက ဖော်ပြတယ်။—ဆာ. ၈၆:၅ကဘ။

၁၂။ (က) ခွင့်လွှတ်မှုကို ယေဟောဝါ ဘယ်လိုဖော်ပြသလဲ။ (ခ) လူတစ်ယောက်ရဲ့အပြစ်တွေကို “ပယ်ဖျက်” တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

၁၂ ခွင့်လွှတ်မှုကို ယေဟောဝါ ဘယ်လိုဖော်ပြသလဲ။ ယေဟောဝါဟာ ခွင့်လွှတ်တဲ့အခါမှာ “ရက်ရက်ရောရောခွင့်လွှတ်” တယ်။ ဆိုလိုတာက ကိုယ်တော်ဟာ အကြွင်းမဲ့ခွင့်လွှတ်တယ်၊ ထာဝစဉ်ခွင့်လွှတ်တယ်။ (ဟေရှာ. ၅၅:၇) ယေဟောဝါ အကြွင်းမဲ့ခွင့်လွှတ်တယ်ဆိုတာ ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။ တမန်တော် ၃:၁၉ (ဖတ်ပါ။) မှာပါတဲ့အချက်ကို စဉ်းစားကြည့်ပါ။ တမန်တော်ပေတရုက နားထောင်နေသူတွေကို “နောင်တရ၍ ပြောင်းလဲကြ” ဖို့ တိုက်တွန်းခဲ့တယ်။ အပြစ်ကျူးလွန်သူတစ်ယောက် တကယ်နောင်တရတယ်ဆိုရင် မှားယွင်းတဲ့ သူ့ရဲ့လမ်းစဉ်အတွက် သူတကယ် ဝမ်းနည်းတယ်။ အဲဒီအမှားမျိုး ထပ်မလုပ်မိအောင်လည်း သူ စိတ်ပိုင်းဖြတ်ထားတယ်။ (၂ ကော. ၇:၁၀၊ ၁၁) ဒါ့အပြင် အမှားကို ဆက်မလုပ်တော့ဘဲ ဘုရားသခင်နှစ်သက်တာကို လုပ်ခြင်းအားဖြင့် ပြုပြင်ပြောင်းလဲတယ်။ အဲဒီနောက်မှာ သူ့ရဲ့အပြစ်တွေ “ပယ်ဖျက်” ခံရနိုင်တယ်။ ပယ်ဖျက်တယ်ဆိုတာက သုတ်ပစ်တယ်၊ ဒါမှမဟုတ် ဖျက်ပစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ဒါကြောင့် ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာက အပြစ်တွေကို ဖျက်ပစ်လိုက်တယ်ဆိုတဲ့ သဘောပဲ။ အပြစ်တွေကို ကိုယ်တော် အကြွင်းမဲ့ခွင့်လွှတ်လိုက်မှာဖြစ်တယ်။—ဟေဗြဲ ၁၀:၂၂; ၁ ယော. ၁:၇

၁၃။ “သူတို့ပြုသောဒုစရိုက်များကို မအောက်မေ့ဘဲနေမည်” ဆိုတဲ့စကားက ကျွန်ုပ်တို့ကို ယေဟောဝါအကြောင်း ဘာသင်ပေးသလဲ။

၁၃ ကျွန်ုပ်တို့ရဲ့အပြစ်တွေကို ယေဟောဝါ ထာဝစဉ်ခွင့်လွှတ်တယ်ဆိုတာ ဘယ်လိုသိရသလဲ။ ယေဟောဝါ ဘယ်လိုခွင့်လွှတ်တယ်ဆိုတာကို ဘိသိက်ခံခရစ်ယာန်တွေနဲ့ ပတ်သက်တဲ့ ယေရမိရဲ့ပရောဖက်ပြုချက်တစ်ခုကနေ သိရတယ်။ (ယေရမိ ၃၁:၃၄ ကိုဖတ်ပါ။) “သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြုသောဒုစရိုက်များကို မအောက်မေ့ဘဲနေမည်” လို့ ယေဟောဝါ ပြောတယ်။ ဒါကြောင့် ယေဟောဝါ ခွင့်လွှတ်လိုက်ပြီဆိုရင် ကိုယ်တော်ဟာ ကျွန်ုပ်တို့ကို ထပ်ခါထပ်ခါ အပြစ်ပေးနိုင်ဖို့အတွက် ကျွန်ုပ်တို့ရဲ့အပြစ်တွေအကြောင်း ပြန်စဉ်းစားတာမျိုး ဘယ်တော့မှမလုပ်ဘူး။ ကျွန်ုပ်တို့ရဲ့အပြစ်ကို ထာဝစဉ်ခွင့်လွှတ်လိုက်ပြီဖြစ်တယ်။—ရော. ၄:၇၊ ၈

၁၄။ ယေဟောဝါရဲ့ခွင့်လွှတ်မှုကို စဉ်းစားတွေးတောတာက ကျွန်ုပ်တို့ကို နှစ်သိမ့်မှု ဘယ်လိုခံစားရစေနိုင်သလဲ။ ဥပမာပေးပါ။

၁၄ ယေဟောဝါရဲ့ခွင့်လွှတ်မှုအကြောင်း စဉ်းစားတွေးတောတာက ကျွန်ုပ်တို့ကို နှစ်သိမ့်မှုခံစားရစေနိုင်ပါတယ်။ အီလန်လို့ ကျွန်ုပ်တို့ခေါ်မယ့် ညီအစ်မတစ်ယောက်အကြောင်း ဆွေးနွေးကြည့်ကြစို့။ သူဟာ လွန်ခဲ့တဲ့နှစ်များစွာက နှင်ထုတ်ခံခဲ့ရဖူးတယ်။ နှစ်အတော်ကြာပြီးတဲ့နောက်မှာ အသင်းတော်က သူ့ကို ပြန်လက်ခံလိုက်တယ်။ ဒါပေမဲ့ အီလန်က ယေဟောဝါ သူ့ကို ခွင့်လွှတ်တယ်လို့ တကယ်မခံစားရဘူးဆိုပြီး ပြောတယ်။ ယေဟောဝါက သူ့ထက် တခြားသူတွေကို ပိုချစ်တယ်လို့ သူ ခံစားရတယ်။ ဒါပေမဲ့ ယေဟောဝါ ဘယ်လိုခွင့်လွှတ်တယ်ဆိုတာကို သမ္မာကျမ်းစာမှာ ဖတ်ရတဲ့အခါ သူ နှစ်သိမ့်မှုခံစားရတယ်။ ဥပမာ၊ ယေဟောဝါခွင့်လွှတ်တဲ့အခါ ကျွန်ုပ်တို့ရဲ့အပြစ်ကို ဆေးကြောလိုက်တာနဲ့တူတယ်လို့ သူဖတ်ရတယ်။ ကျွန်ုပ်တို့ရဲ့ ကျန်တဲ့အသက်တာမှာ အဲဒီအမှားတွေကြောင့် အပြစ်ရှိတယ်လို့ ခံစားစရာမလိုဘူး။ * အီလန် ဒီလိုထပ်ပြောတယ်– “ယေဟောဝါ ကျွန်မကို လုံးလုံးခွင့်လွှတ်နိုင်တယ်ဆိုတာကို ကျွန်မယုံဖို့ခက်နေတယ်။ အဲဒီဝန်ထုပ်ကို တစ်သက်လုံးထမ်းသွားရတော့မယ်လို့ ကျွန်မ ထင်ခဲ့တယ်။ အဲဒီလိုခံစားချက်တွေကိုဖျောက်ဖို့ အချိန်တော့ယူရမယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ရင်းနှီးတဲ့ဆက်ဆံရေး ကျွန်မ တကယ်ရရှိနိုင်တယ်ဆိုတာကို စပြီးခံစားလာရတယ်၊ ဒါကြောင့် အပြစ်ရှိတယ်လို့ခံစားရတဲ့ ဝန်ထုပ်ကြီးလည်း ပေါ့သွားတယ်။” ယေဟောဝါဟာ တကယ် ချစ်ခင်မြတ်နိုးတတ်ပြီး ခွင့်လွှတ်တတ်တဲ့ ဘုရားသခင်ပါပဲ။—ဆာ. ၁၀၃:၉

ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို တုပပါ

၁၅။ ယေဟောဝါရဲ့ခွင့်လွှတ်မှုကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။

၁၅ အချင်းချင်းခွင့်လွှတ်ဖို့ ဆုံးဖြတ်ထားခြင်းအားဖြင့် ယေဟောဝါကို ကျွန်ုပ်တို့ တုပနိုင်ပါတယ်။ (လုကာ ၁၇:၃၊ ၄ ကိုဖတ်ပါ။) ယေဟောဝါ ခွင့်လွှတ်လိုက်ပြီဆိုရင် ကျွန်ုပ်တို့ကိုအပြစ်ပေးဖို့အတွက် ကျွန်ုပ်တို့လုပ်ခဲ့တဲ့အမှားတွေကို မှတ်မထားဘူးဆိုတာ သတိရပါ။ ကျွန်ုပ်တို့လည်း တခြားသူတွေကို ခွင့်လွှတ်လိုက်ပြီဆိုရင် ကျွန်ုပ်တို့အပေါ် သူတို့လုပ်ခဲ့တဲ့လုပ်ရပ်တွေကို ဆက်မစဉ်းစားခြင်း၊ သူတို့ရဲ့အမှားတွေကို ပြန်အစမဖော်ခြင်းအားဖြင့် မေ့ပစ်နိုင်ပါတယ်။

၁၆။ (က) ခွင့်လွှတ်တယ်ဆိုတာက တစ်ယောက်ယောက်ရဲ့အမှားကို လျစ်လျူရှုလိုက်တာ ဒါမှမဟုတ် ကျွန်ုပ်တို့အပေါ် မတရားဆက်ဆံဖို့ ခွင့်ပြုတာကို ဆိုလိုသလား။ ရှင်းပြပါ။ (ခ) ကျွန်ုပ်တို့ကိုယ်တိုင် ယေဟောဝါရဲ့ခွင့်လွှတ်မှုကို ခံချင်တယ်ဆိုရင် ဘာလုပ်ရမလဲ။

 ၁၆ တစ်ယောက်ယောက်ရဲ့အမှားကို ခွင့်လွှတ်တယ်ဆိုတာက သူ့ရဲ့အမှားကို လျစ်လျူရှုလိုက်တာ ဒါမှမဟုတ် ကျွန်ုပ်တို့အပေါ် မတရားဆက်ဆံဖို့ ခွင့်ပြုတယ်ဆိုတဲ့သဘောမျိုး မသက်ရောက်ဘူး။ သူ့ကြောင့် ဒေါသမထွက်ဖို့ ဆုံးဖြတ်လိုက်တာကို ဆိုလိုတယ်။ အရေးကြီးဆုံးအချက်ကတော့ ကျွန်ုပ်တို့ကိုယ်တိုင် ယေဟောဝါရဲ့ခွင့်လွှတ်မှုကို ခံချင်တယ်ဆိုရင် ကျွန်ုပ်တို့က တခြားသူတွေကို ခွင့်လွှတ်ရမှာဖြစ်တယ်။ (မ. ၆:၁၄၊ ၁၅) ကျွန်ုပ်တို့ဟာ ‘မြေမှုန့်ပဲဆိုတာ’ ယေဟောဝါသိတယ်။ (ဆာ. ၁၀၃:၁၄) ဒါကြောင့် တစ်ယောက်ယောက်က ကျွန်ုပ်တို့ကို စိတ်ဆိုးအောင် ပြောမိလုပ်မိတယ်ဆိုရင် သူလည်း ကျွန်ုပ်တို့လိုပဲ မစုံလင်သူဖြစ်တယ်ဆိုတာ သတိရပြီး အကြွင်းမဲ့ခွင့်လွှတ်သင့်တယ်။—ဧ. ၄:၃၂; ကော. ၃:၁၃

သင့်ကို စိတ်ထိခိုက်စေသူအတွက် စိတ်ရင်းမှန်နဲ့ဆုတောင်းပေးပါ ( အပိုဒ် ၁၇ ကိုကြည့်ပါ)

၁၇။ တစ်ယောက်ယောက်က သင့်ကို စိတ်ထိခိုက်အောင် လုပ်တယ်ဆိုရင် သူ့ကိုခွင့်လွှတ်ဖို့ ဘာက သင့်ကို ကူညီပေးနိုင်သလဲ။

 ၁၇ ခွင့်လွှတ်ဖို့ဆိုတာ အမြဲတမ်းတော့ မလွယ်ကူဘူး။ ပေါလုအချိန်တုန်းက ဘိသိက်ခံခရစ်ယာန်တချို့အလယ်မှာတောင် ပြဿနာတွေရှိခဲ့ပြီး အဲဒါတွေကိုဖြေရှင်းဖို့ အကူအညီလိုအပ်ခဲ့တယ်။ (ဖိ. ၄:၂) ညီအစ်ကိုညီအစ်မတစ်ယောက်ယောက်က သင့်ကို စိတ်ထိခိုက်အောင် လုပ်တယ်ဆိုရင် သူ့ကိုခွင့်လွှတ်ဖို့ ဘာက သင့်ကို ကူညီပေးနိုင်သလဲ။ ယောဘရဲ့အဖြစ်အပျက်ကို လေ့လာကြည့်ပါ။ ယောဘရဲ့မိတ်ဆွေတွေဖြစ်နိုင်တဲ့ ဧလိဖတ်၊ ဗိလဒဒ်၊ ဇောဖာတို့က ယောဘကို အခြေအမြစ်မရှိဘဲ စွပ်စွဲပြောဆိုတဲ့အခါ သူအရမ်း စိတ်ထိခိုက်ခဲ့မှာပဲ။ (ယောဘ ၁၀:၁; ၁၉:၂) နောက်ဆုံးတော့ အဲဒီစွပ်စွဲသူသုံးယောက်ကို ယေဟောဝါ ဆုံးမခဲ့တယ်။ သူတို့ရဲ့အပြစ်တွေအတွက် ယဇ်ပူဇော်ပေးဖို့ ယောဘဆီသွားပါလို့ သူတို့ကို ညွှန်ကြားခဲ့တယ်။ (ယောဘ ၄၂:၇-၉) ဒါပေမဲ့ ယေဟောဝါက ယောဘကိုလည်း တစ်စုံတစ်ခုလုပ်ဖို့ တောင်းဆိုခဲ့တယ်။ ဘာများဖြစ်မလဲ။ ယောဘဟာ သူ့မိတ်ဆွေတွေအတွက် ဆုတောင်းပေးရမှာဖြစ်တယ်။ ယောဘဟာ ယေဟောဝါတောင်းဆိုတဲ့အတိုင်း လုပ်ခဲ့ပြီး ယောဘရဲ့ခွင့်လွှတ်လိုစိတ်ကို ယေဟောဝါ ကောင်းချီးပေးခဲ့တယ်။ (ယောဘ ၄၂:၁၀၊ ၁၂၊ ၁၆၊ ၁၇ ကိုဖတ်ပါ။) ဒီကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ သင့်ကို စိတ်ထိခိုက်စေသူတစ်ဦးအတွက် သင် စိတ်ရင်းမှန်နဲ့ ဆုတောင်းပေးတယ်ဆိုရင် သူ့အပေါ် သင် ဆက်ပြီး စိတ်နာကြည်းနေတော့မှာမဟုတ်ဘူး။

ယေဟောဝါရဲ့အရည်အသွေးတွေကို ဆက်လေ့လာသင်ယူပြီး တုပနေပါ

၁၈၊ ၁၉။ ယေဟောဝါရဲ့အရည်အသွေးတွေကို ပိုတန်ဖိုးထား လေးမြတ်လာဖို့ ကျွန်ုပ်တို့ ဘယ်လို ဆက်လုပ်နိုင်သလဲ။

၁၈ ယေဟောဝါရဲ့အရည်အသွေးတွေအကြောင်း လေ့လာရတာကို ကျွန်ုပ်တို့ ပျော်မွေ့ကြတယ်။ ချဉ်းကပ်ရလွယ်ကူမှု၊ မျက်နှာမလိုက်မှု၊ ရက်ရောမှု၊ အကျိုးသင့်အကြောင်းသင့်ရှိမှု၊ သစ္စာစောင့်သိမှုနဲ့ ခွင့်လွှတ်မှုအကြောင်း ကျွန်ုပ်တို့ လေ့လာခဲ့ကြတယ်။ ဒါပေမဲ့ ယေဟောဝါအကြောင်း နောက်ထပ်လေ့လာစရာတွေ အများကြီးရှိပါသေးတယ်။ ကိုယ်တော့်အကြောင်းကို ကျွန်ုပ်တို့ ထာဝစဉ် ဆက်လေ့လာနေရဦးမယ်။ (ဒေ. ၃:၁၁) “ဘုရားသခင်၏ချမ်းသာ၊ ဉာဏ်ပညာ၊ အသိပညာတို့သည် အလွန် နက်နဲလှပေစွ” ဆိုတဲ့ တမန်တော်ပေါလုရဲ့စကားကို ကျွန်ုပ်တို့ သဘောတူကြပါတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဒီဆောင်းပါးတွေမှာ ဆွေးနွေးခဲ့တဲ့ အရည်အသွေးခြောက်ခုနဲ့ပတ်သက်ပြီးတော့လည်း ကျွန်ုပ်တို့ အဲဒီအတိုင်း ပြောနိုင်ကြပါတယ်။—ရော. ၁၁:၃၃

၁၉ ဒါကြောင့် ယေဟောဝါရဲ့အရည်အသွေးတွေကို ဆက်လေ့လာပြီး တွေးတောဆင်ခြင်ကြစို့၊ ကျွန်ုပ်တို့ရဲ့ဘဝမှာ အဲဒီအရည်အသွေးတွေကို ဆက်တုပကြပါစို့။ (ဧ. ၅:၁) အဲဒီလိုလုပ်မယ်ဆိုရင် ကျွန်ုပ်တို့ဟာ ယေဟောဝါကို ပိုချစ်မြတ်နိုးလာပြီး ကိုယ်တော်နဲ့ ပိုရင်းနှီးလာမယ်။ ဆာလံဆရာရဲ့သဘောနဲ့ ပိုပိုပြီးတူညီလာမယ်၊ သူ ဒီလိုသီဆိုခဲ့တယ်– “ကျွန်တော့်အတွက်တော့ ဘုရားသခင့်အနီးအပါးမှာ နေရတာ အကျိုးရှိပါတယ်။”—ဆာ. ၇၃:၂၈ကဘ။

^ စာပိုဒ်၊ 7 ဒီအကြောင်းနဲ့ပတ်သက်တဲ့ အကြံပြုချက်တွေကို ဇန်နဝါရီ ၁၅၊ ၁၉၉၅ ကင်းမျှော်စင်မှာပါတဲ့ “မကြာသေးမီက တစ်ဦးဦးကို သင်အားပေးခဲ့သလော” ဆောင်းပါးနဲ့ ဧပြီ ၁၊ ၁၉၉၅ ကင်းမျှော်စင်မှာပါတဲ့ “မေတ္တာနှင့် ကောင်းသောအလုပ်များအတွက် နှိုးဆော်—မည်သို့အားဖြင့်နည်း” ဆောင်းပါးတွေကို ကြည့်ပါ။

^ စာပိုဒ်၊ 14 ယေဟောဝါထံချဉ်းကပ်လော့စာအုပ်၊ အခန်း ၂၆ မှာပါတဲ့ အပိုဒ် ၁၀ ကိုကြည့်ပါ။