မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“သစ္စာနှင့် သတိပညာရှိသော ကျွန်ကား ဧကန်စင်စစ် မည်သူနည်း”

“သစ္စာနှင့် သတိပညာရှိသော ကျွန်ကား ဧကန်စင်စစ် မည်သူနည်း”

“သခင်ခန့်အပ်ထားသည့် သစ္စာနှင့် သတိပညာရှိသော ကျွန်ကား ဧကန်စင်စစ် မည်သူနည်း။”—မ. ၂၄:၄၅

၁၊ ၂။ ယနေ့အချိန်မှာ ယေရှုဟာ ဘယ်သူ့ကို အသုံးပြုပြီး ကျွန်ုပ်တို့ကို ကျွေးနေသလဲ။ ဘာကြောင့် အဲဒီကျွန်ကို သိဖို့လိုသလဲ။

“ညီအစ်ကိုတို့၊ ကျွန်မ အလိုအပ်ဆုံးအချိန်မှာ လိုအပ်နေတဲ့အရာတွေပါတဲ့ ဆောင်းပါးတွေကို ကျွန်မလက်ထဲအရောက် သင်တို့ ထည့်ပေးခဲ့တဲ့ အကြိမ်ပေါင်းက မနည်းတော့ဘူး။” ဒါကတော့ ညီအစ်မတစ်ယောက်က ကမ္ဘာ့ဌာနချုပ်မှာရှိတဲ့ ညီအစ်ကိုတွေကို ကျေးဇူးတင်လေးမြတ်ကြောင်း စာရေးဖော်ပြခဲ့တဲ့စကားပါပဲ။ သင်ကော သူ့လို ခံစားရသလား။ ကျွန်ုပ်တို့အများစုက အဲဒီလို ခံစားရနိုင်ပါတယ်။ အဲဒီလိုခံစားရလို့ ကျွန်ုပ်တို့ အံ့သြသင့်သလား။ လုံးဝ မအံ့သြသင့်ပါဘူး။

ကျွန်ုပ်တို့ရရှိတဲ့အချိန်တန်အစာက အသင်းတော်ရဲ့ဦးခေါင်း ယေရှုဟာ သူ့ကတိအတိုင်း ကျွန်ုပ်တို့ကို ကျွေးနေတယ်ဆိုတဲ့ သက်သေအထောက်အထားပဲ။ ဘယ်သူတွေကနေတစ်ဆင့် ကျွေးနေသလဲ။ ယေရှုဟာ မိမိရောက်ရှိနေခြင်းနဲ့ဆိုင်တဲ့ နိမိတ်အကြောင်း ပြောတဲ့အချိန်မှာ “သစ္စာနှင့် သတိပညာရှိသောကျွန်” ကိုသုံးပြီး မိမိရဲ့အိမ်သူအိမ်သားတွေကို “အချိန်တန်အစာ” ဝေပေးမယ်လို့ ပြောခဲ့တယ်။ * (မဿဲ ၂၄:၄၅-၄၇ ကိုဖတ်ပါ။) ဒီဆုံးခန်းကာလမှာ ယေရှုဟာ အဲဒီသစ္စာရှိကျွန်ကိုသုံးပြီး မိမိရဲ့နောက်လိုက်စစ်တွေကို ကျွေးမွေးနေတယ်။ သစ္စာရှိကျွန်ဟာ ဘယ်သူလဲဆိုတာကိုသိဖို့ အလွန်အရေးကြီးပါတယ်။ ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးဟာ သစ္စာရှိကျွန်ဆီကရတဲ့ ပုံဆောင်အစာအပေါ် မူတည်နေတယ်။—မ. ၄:၄; ယော. ၁၇:၃

၃။ သစ္စာရှိကျွန်ပုံဥပမာကို ကျွန်ုပ်တို့ရဲ့စာပေတွေမှာ ဘယ်လို ဖော်ပြခဲ့သလဲ။

သစ္စာရှိကျွန်နဲ့ပတ်သက်တဲ့ ယေရှုရဲ့ပုံဥပမာက ဘာကိုဆိုလိုသလဲ။ အရင်တုန်းကတော့ ကျွန်ုပ်တို့ရဲ့စာပေတွေမှာ ဒီလိုပြောခဲ့တယ်– အေဒီ ၃၃ ပင်တေကုတ္တေပွဲနေ့မှာ ယေရှုဟာ မိမိရဲ့အိမ်သူအိမ်သားတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ သစ္စာရှိကျွန်ကို ခန့်အပ်ခဲ့တယ်။ ကျွန်ဆိုတာက အဲဒီအချိန်ကစပြီး အခုအချိန်အထိ ဘယ်အချိန်မှာမဆို မြေကြီးပေါ်မှာရှိခဲ့တဲ့ ဘိသိက်ခံအားလုံးကို ဆိုလိုတယ်။ အိမ်သူအိမ်သားဆိုတာ အဲဒီဘိသိက်ခံတွေထဲက တစ်ယောက်ချင်းစီကို ဆိုလိုတယ်။ ၁၉၁၉ ခုနှစ်မှာ ယေရှုဟာ သစ္စာရှိကျွန်ကို “မိမိဥစ္စာရှိသမျှ” အပေါ် တာဝန်ခန့်အပ်ခဲ့တယ်။ “မိမိဥစ္စာရှိသမျှ” ဆိုတာက နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းကို ထောက်ပံ့ရာမှာ အသုံးပြုတဲ့ မြေကြီးပေါ်ရှိအရာအားလုံးကို ဆိုလိုတယ်။ ဒါပေမဲ့ ဒီအကြောင်းကို ထပ်ဆင့်လေ့လာ၊ ဆုတောင်းပြီး တွေးတောဆင်ခြင်လိုက်တဲ့အခါ သစ္စာနဲ့သတိပညာရှိကျွန်နဲ့ပတ်သက်တဲ့ ယေရှုရဲ့စကားတွေအပေါ် ကျွန်ုပ်တို့ရဲ့နားလည်မှုကို ပြုပြင်ပြောင်းလဲဖို့လိုတယ်ဆိုတာ သိရတယ်။ (သု. ၄:၁၈) ကျွန်ုပ်တို့က ကောင်းကင်မျှော်လင့်ချက်ရှိသူဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသူဖြစ်စေ ဒီပုံဥပမာကိုလေ့လာပြီး ကျွန်ုပ်တို့နဲ့ ဘယ်လိုသက်ဆိုင်တယ်ဆိုတာ သုံးသပ်ကြည့်ကြစို့။

ဘယ်အချိန်မှာ ပုံဥပမာပြည့်စုံခဲ့သလဲ

၄–၆။ ယေရှုရဲ့ သစ္စာရှိကျွန်ပုံဥပမာက ၁၉၁၄ ခုနှစ်နောက်ပိုင်းမှသာ စတင်ပြည့်စုံတယ်လို့ ကျွန်ုပ်တို့ ဘာကြောင့် ကောက်ချက်ချနိုင်သလဲ။

မဿဲအခန်းကြီး ၂၄ မှာပါတဲ့ တခြားကျမ်းချက်တွေက သစ္စာနဲ့သတိပညာရှိကျွန် ပုံဥပမာဟာ အေဒီ ၃၃ ပင်တေကုတ္တေပွဲနေ့မှာမဟုတ်ဘဲ ဒီဆုံးခန်းကာလမှာ စတင်ပြည့်စုံတယ်ဆိုတာ ဖော်ပြတယ်။ ဒီလိုကောက်ချက်ချဖို့ ကျမ်းစာက ဘယ်လိုကူညီပေးတယ်ဆိုတာ ကြည့်ကြစို့။

သစ္စာနဲ့သတိပညာရှိကျွန်ပုံဥပမာဟာ “ကိုယ်တော်ရောက်ရှိခြင်းနှင့် ဤလောကစနစ်နိဂုံးပိုင်း၏နိမိတ်” နဲ့ပတ်သက်တဲ့ ယေရှုရဲ့ပရောဖက်ပြုချက် တစ်စိတ်တစ်ပိုင်းဖြစ်တယ်။ (မ. ၂၄:၃) မဿဲ ၂၄:၄-၂၂ မှာ မှတ်တမ်းတင်ထားတဲ့ ပရောဖက်ပြုချက်မှာ ပြည့်စုံချက်နှစ်ခုရှိတယ်။ ပထမပြည့်စုံချက်က အေဒီ ၃၃ ကနေ အေဒီ ၇၀ အထိ ဖြစ်ပြီး ဒုတိယတစ်ခုက ကျွန်ုပ်တို့အချိန်မှာ ပြည့်စုံတယ်။ ဒါကြောင့် သစ္စာနဲ့သတိပညာရှိကျွန်နဲ့ပတ်သက်တဲ့ ယေရှုရဲ့စကားတွေလည်း ပြည့်စုံချက်နှစ်ခုရှိမယ်ဆိုတဲ့ အဓိပ္ပာယ်လား။ မဟုတ်ပါဘူး။

ယေရှုဟာ မဿဲ ၂၄:၂၉ မှာ မှတ်တမ်းတင်ထားတဲ့ စကားတွေနဲ့ အစပြုပြီး ကျွန်ုပ်တို့အချိန်မှာဖြစ်မယ့် အဖြစ်အပျက်တွေကို အဓိကပြောဆိုခဲ့တယ်။ (မဿဲ ၂၄:၃၀၊ ၄၂၊ ၄၄ ကိုဖတ်ပါ။) ကြီးစွာသောဒုက္ခအတွင်းမှာ ဖြစ်ပျက်မယ့်အကြောင်းတွေကို ပြောတဲ့အခါ ယေရှုက “မိုးတိမ်ကိုစီး၍ လူသားကြွလာတော်မူသည်ကို မြင်ကြရလိမ့်မည်” လို့ ပြောခဲ့တယ်။ အဲဒီနောက် နောက်ဆုံးသောနေ့ရက်များအတွင်းမှာ အသက်ရှင်နေတဲ့သူတွေကို ရည်ညွှန်းပြောဆိုရာမှာ ယေရှုက နိုးနိုးကြားကြားရှိဖို့ တိုက်တွန်းခဲ့တယ်။ ယေရှု ဒီလိုပြောခဲ့တယ်– သင်တို့၏သခင်ရောက်လာမည့်နေ့ရက်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့၊” “သင်တို့မထင်မမှတ်သောအချိန်နာရီတွင် လူသားသည် ကြွလာလိမ့်မယ်။” * နောက်ဆုံးသောနေ့ရက်တွေမှာဖြစ်ပျက်မယ့် အဖြစ်အပျက်တွေကို ယေရှု ပြောပြီးပြီးချင်းမှာ သစ္စာရှိကျွန်ပုံဥပမာကို ပြောခဲ့တယ်။ ဒါကြောင့် သစ္စာရှိကျွန်အကြောင်းဖော်ပြတဲ့ ယေရှုရဲ့စကားတွေက ၁၉၁၄ ခုနှစ်မှာ စတင်တဲ့ နောက်ဆုံးသောနေ့ရက်များ စပြီးနောက်မှသာ စတင်ပြည့်စုံတယ်လို့ ကျွန်ုပ်တို့ ကောက်ချက်ချနိုင်ပါတယ်။ ဒီလိုကောက်ချက်ချတာက အဓိပ္ပာယ်ရှိပါတယ်။ ဘာကြောင့်လဲ။

၇။ စပါးရိတ်ချိန် စတင်တဲ့အခါမှာ အရေးကြီးတဲ့ ဘယ်မေးခွန်းပေါ်လာသလဲ၊ ဘာကြောင့်လဲ။

ဒီမေးခွန်းကို ခဏလောက်စဉ်းစားကြည့်ပါ– “သစ္စာနှင့် သတိပညာရှိသောကျွန်ကား ဧကန်စင်စစ် မည်သူနည်း။” ပထမရာစုတုန်းကတော့ ဒီမေးခွန်းကို မေးစရာအကြောင်းမရှိဘူး။ ပြီးခဲ့တဲ့ဆောင်းပါးမှာ တွေ့ရတဲ့အတိုင်း တမန်တော်တွေဟာ အံ့ဖွယ်အမှုတွေ ပြုလုပ်နိုင်ခဲ့ပြီး တခြားသူတွေကိုတောင် အံ့ဖွယ်ဆုကျေးဇူးတွေရရှိအောင် လုပ်ပေးနိုင်ခဲ့ကြတယ်။ ဒါက တမန်တော်တွေကို ဘုရားသခင် အသုံးပြုနေတယ်ဆိုတဲ့ အထောက်အထားပဲ။ (တ. ၅:၁၂) ဒါကြောင့် ဦးဆောင်ဖို့အတွက် ဘယ်သူ့ကို ခရစ်တော် ခန့်အပ်ထားသလဲဆိုတဲ့မေးခွန်းကို မေးဖို့မလိုအပ်ခဲ့ဘူး။ ဒါပေမဲ့ ၁၉၁၄ ခုနှစ်ရောက်တဲ့အခါ အခြေအနေက အရမ်းပြောင်းလဲသွားပြီ။ အဲဒီနှစ်မှာ စပါးရိတ်ချိန်စတင်တယ်။ နောက်ဆုံးတော့ ပေါင်းပင်နဲ့ စပါးပင်ကို ခွဲခြားမယ့်အချိန်ရောက်လာခဲ့တယ်။ (မ. ၁၃:၃၆-၄၃) စပါးရိတ်ချိန် စတင်တဲ့အချိန်မှာ မိမိတို့ကိုယ်ကို ယေရှုရဲ့နောက်လိုက်စစ်တွေဖြစ်တယ်လို့ပြောတဲ့ ခရစ်ယာန်အတုအယောင်များစွာ ပေါ်လာတယ်။ ဒါကြောင့် အရေးကြီးတဲ့ ဒီမေးခွန်းပေါ်လာတယ်– စပါး ဒါမှမဟုတ် ဘိသိက်ခံခရစ်ယာန်တွေကို ဘယ်လိုခွဲခြားနိုင်မလဲ။ သစ္စာရှိကျွန်ပုံဥပမာက အဖြေပေးပါတယ်။ ခရစ်တော်ရဲ့ ဘိသိက်ခံနောက်လိုက်တွေဟာ သူတို့လိုအပ်တဲ့ ပုံဆောင်အစာကို ရရှိကြပါလိမ့်မယ်။

သစ္စာနဲ့ သတိပညာရှိကျွန်က ဘယ်သူဖြစ်မလဲ

၈။ သစ္စာရှိကျွန်ကို ဘိသိက်ခံခရစ်ယာန်တွေနဲ့ ဖွဲ့စည်းတာက ဘာကြောင့်သင့်တော်သလဲ။

သစ္စာရှိကျွန်ကို မြေကြီးပေါ်မှာရှိတဲ့ ဘိသိက်ခံခရစ်ယာန်တွေနဲ့ ဖွဲ့စည်းရမှာဖြစ်တယ်။ သူတို့ကို “တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့” လို့ခေါ်တယ်။ သူတို့ဟာ ဘုရားသခင်လုပ်ဆောင်ခဲ့တဲ့ အံ့ဖွယ်အရာတွေအကြောင်း တခြားသူတွေကို ဟောပြောဖို့ တာဝန်ပေးအပ်ခံရတယ်။ (၁ ပေ. ၂:၉) “တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့” ရဲ့ အဖွဲ့ဝင်တွေသာ မိမိတို့ရဲ့ညီအစ်ကိုတွေကို အမှန်တရားအကြောင်း သင်ပေးတာက သင့်တော်ပါတယ်။—မာလ. ၂:၇; ဗျာ. ၁၂:၁၇

၉။ သစ္စာရှိကျွန်ထဲမှာ ဘိသိက်ခံခရစ်ယာန်အားလုံး ပါဝင်သလား။ ရှင်းပြပါ။

သစ္စာရှိကျွန်ထဲမှာ ဘိသိက်ခံခရစ်ယာန်အားလုံး ပါသလား။ မပါပါဘူး။ ဘိသိက်ခံတွေအားလုံးဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မိမိတို့ရဲ့ညီအစ်ကိုတွေကို ပုံဆောင်အစာကျွေးမွေးရာမှာ မပါဝင်ဘူး။ ဘိသိက်ခံညီအစ်ကိုတချို့ဟာ အသင်းတော်မှာ အမှုထမ်းတွေ၊ အကြီးအကဲတွေအဖြစ် အမှုဆောင်ကြတာတော့ မှန်ပါတယ်။ သူတို့ဟာ တစ်အိမ်တက်ဆင်း အမှုဆောင်လုပ်ငန်းမှာ၊ သူတို့ရဲ့အသင်းတော်မှာ သွန်သင်ကြတယ်၊ ဌာနချုပ်ကလာတဲ့ ညွှန်ကြားချက်တွေကို သစ္စာရှိရှိ ထောက်မကြတယ်။ ဒါပေမဲ့ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းကို ပုံဆောင်အစာဝေပေးရာမှာ သူတို့ မပါဝင်ကြဘူး။ ဒါ့အပြင် ဘိသိက်ခံတွေထဲမှာ နှိမ့်ချတဲ့ညီအစ်မတွေလည်း ပါတယ်။ သူတို့တွေဟာ အသင်းတော်မှာသွန်သင်တဲ့တာဝန်ကို ဘယ်တော့မှမရရှိကြဘူး။—၁ ကော. ၁၁:၃; ၁၄:၃၄

၁၀။ သစ္စာနဲ့သတိပညာရှိကျွန်က ဘယ်သူလဲ။

၁၀ ဒီလိုဆိုရင် သစ္စာနဲ့သတိပညာရှိကျွန်က ဘယ်သူလဲ။ လူအနည်းငယ်ကတစ်ဆင့် လူများစွာကို ကျွေးမွေးတဲ့ ယေရှုရဲ့နည်းလမ်းအရ သစ္စာရှိကျွန်ဆိုတာ ခရစ်တော်ရောက်ရှိနေချိန်အတွင်းမှာ ပုံဆောင်အစာကို ပြင်ဆင်ပြီး ဝေပေးရာမှာ တိုက်ရိုက်ပါဝင်ပတ်သက်တဲ့ ဘိသိက်ခံညီအစ်ကို အုပ်စုငယ်လေးနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ နောက်ဆုံးသောနေ့ရက်များတစ်လျှောက်မှာ သစ္စာရှိကျွန်အဖြစ် ဖွဲ့စည်းထားတဲ့ ဘိသိက်ခံညီအစ်ကိုတွေဟာ ဌာနချုပ်မှာ အမှုဆောင်ကြတယ်။ မကြာသေးခင် ဆယ်စုနှစ်တွေမှာ အဲဒီကျွန်ဟာ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဖြစ်တယ်ဆိုပြီး ဖော်ပြခဲ့တယ်။ ဒါပေမဲ့ ယေရှုရဲ့ပုံဥပမာမှာ “ကျွန်” ဆိုတဲ့စကားလုံးက အနည်းကိန်းဖြစ်တယ်ဆိုတာ သတိပြုပါ။ ဒါကြောင့် အုပ်ချုပ်ရေးအဖွဲ့ဟာ အုပ်စုတစ်စုအနေနဲ့ အတူတကွ ဆုံးဖြတ်ချက်ချကြတယ်။

အိမ်သူအိမ်သားတွေက ဘယ်သူဖြစ်မလဲ

၁၁၊ ၁၂။ (က) သစ္စာနဲ့သတိပညာရှိကျွန်ဟာ ဘယ်တာဝန်နှစ်ခုကို ရရှိသလဲ။ (ခ) ယေရှုဟာ ဘယ်အချိန်မှာ သစ္စာနဲ့သတိပညာရှိကျွန်ကို မိမိရဲ့အိမ်သူအိမ်သားတွေအပေါ် ခန့်အပ်ခဲ့သလဲ။ ဘယ်သူတွေကို ကျွန်အဖြစ် ရွေးချယ်ခဲ့သလဲ။

၁၁ ယေရှုရဲ့ပုံဥပမာထဲမှာ သစ္စာနဲ့ သတိပညာရှိကျွန်ဟာ တာဝန်နှစ်ခုရတာကို သတိပြုပါ။ ပထမတစ်ခုက အိမ်သူအိမ်သားတွေအပေါ်၊ ဒုတိယတစ်ခုက သခင်ရဲ့ဥစ္စာရှိသမျှအပေါ် ဖြစ်တယ်။ ဒီပုံဥပမာက ဒီဆုံးခန်းကာလအတွင်းမှာသာ ပြည့်စုံတဲ့အတွက်ကြောင့် အဲဒီတာဝန်နှစ်ခုစလုံးကို ဘုရင့်အာဏာနဲ့ ယေရှုရောက်ရှိတဲ့ ၁၉၁၄ ခုနှစ်နောက်ပိုင်းမှသာ ရရှိမှာဖြစ်တယ်။

၁၂ ယေရှုဟာ ဘယ်အချိန်မှာ သစ္စာရှိကျွန်ကို မိမိရဲ့အိမ်သူအိမ်သားတွေအပေါ် တာဝန်ခန့်အပ်ခဲ့သလဲ။ ဒီအဖြေရဖို့အတွက် ကျွန်ုပ်တို့ဟာ စပါးရိတ်ချိန်စတင်တဲ့ ၁၉၁၄ ခုနှစ်ကို ပြန်သွားဖို့လိုတယ်။ အစောပိုင်းမှာ ကျွန်ုပ်တို့လေ့လာသိရှိခဲ့ရသလိုပဲ အဲဒီအချိန်မှာ မိမိတို့ကိုယ်ကို ခရစ်ယာန်ပါလို့ ပြောတဲ့အုပ်စုတွေ အများကြီးရှိခဲ့တယ်။ သစ္စာရှိကျွန်ကို ဘယ်အုပ်စုထဲကနေ ယေရှု ရွေးချယ်ပြီး ခန့်အပ်မလဲ။ ၁၉၁၄ ခုနှစ်ကနေ ၁၉၁၉ ခုနှစ် အစောပိုင်းမှာ ယေရှုနဲ့ သူ့ရဲ့ခမည်းတော် ပုံဆောင်ဗိမာန်တော်၊ တစ်နည်းအားဖြင့် ဝတ်ပြုရေးအစီအစဉ်ကို စစ်ဆေးပြီး နောက်ပိုင်းမှသာ အဲဒီအဖြေကို ရမှာဖြစ်တယ်။ (မာလ. ၃:၁) ယေရှုနဲ့ သူ့ရဲ့ခမည်းတော်ဟာ ယေဟောဝါရဲ့တရားစကားကို ချစ်မြတ်နိုးကြောင်း ဖော်ပြတဲ့ သစ္စာရှိကျမ်းစာကျောင်းသားအုပ်စုငယ်လေးကို နှစ်သက်သဘောကျခဲ့တယ်။ သူတို့ကို သန့်စင်ဖို့ လိုအပ်ခဲ့တာမှန်ပေမဲ့ စစ်ဆေး၊ သန့်စင်ရာကာလအတွင်းမှာ သူတို့ နှိမ့်ချစွာတုံ့ပြန်ခဲ့တယ်။ (မာလ. ၃:၂-၄) အဲဒီသစ္စာရှိ ကျမ်းစာကျောင်းသားတွေဟာ ယေရှုရဲ့ပုံဥပမာထဲက စပါးနဲ့တူတဲ့ ခရစ်ယာန်စစ်တွေဖြစ်တယ်။ ၁၉၁၉ ခုနှစ်မှာ * ယေရှုဟာ အဲဒီအုပ်စုထဲကနေ အရည်အချင်းပြည့်မီတဲ့ ဘိသိက်ခံညီအစ်ကိုတွေကို ရွေးချယ်ပြီး သစ္စာနဲ့သတိပညာရှိကျွန်အဖြစ် မိမိရဲ့အိမ်သူအိမ်သားတွေအပေါ် ခန့်အပ်ခဲ့တယ်။

၁၃။ အိမ်သူအိမ်သားတွေထဲမှာ ဘယ်သူတွေ ပါဝင်သလဲ။ ဘာကြောင့်လဲ။

၁၃ ဒါဆိုရင် အိမ်သူအိမ်သားတွေက ဘယ်သူတွေလဲ။ ရိုးရိုးလေးပြောရရင် ပုံဆောင်အစာ စားသုံးသူတွေပဲ။ နောက်ဆုံးကာလရဲ့ အစောပိုင်းမှာ အိမ်သူအိမ်သားတွေက ဘိသိက်ခံအားလုံးဖြစ်တယ်။ နောက်ပိုင်းမှာတော့ အိမ်သူအိမ်သားတွေထဲမှာ အခြားသိုးထဲက လူအုပ်ကြီးလည်း ပါဝင်လာတယ်။ အခုအချိန်မှာတော့ ခရစ်တော်ဦးဆောင်တဲ့ “သိုးအုပ်တစ်အုပ်” ထဲမှာ အများစုက အခြားသိုးတွေဖြစ်တယ်။ (ယော. ၁၀:၁၆) အုပ်စုနှစ်ခုစလုံးက သစ္စာရှိကျွန်ကျွေးမွေးတဲ့ အချိန်တန် ပုံဆောင်အစာတစ်မျိုးတည်းကို စားသုံးပြီး အကျိုးရရှိကြတယ်။ ယနေ့ သစ္စာနဲ့သတိပညာရှိကျွန်မှာပါဝင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကော။ အဲဒီညီအစ်ကိုတွေလည်း ပုံဆောင်အစာ ရရှိဖို့လိုတယ်။ ဒါကြောင့် သူတို့ တစ်ဦးချင်းစီဟာ ကျန်တဲ့ ယေရှုရဲ့နောက်လိုက်စစ်တွေလိုပဲ အိမ်သူအိမ်သားတွေဖြစ်တယ်ဆိုတာ မိမိတို့ကိုယ်ကို နှိမ့်ချစွာ အသိအမှတ်ပြုကြတယ်။

ကျွန်ုပ်တို့ရဲ့ မျှော်လင့်ချက်က ကောင်းကင်ပဲဖြစ်စေ၊ မြေကြီးပဲ ဖြစ်စေ ကျွန်ုပ်တို့အားလုံးက အိမ်သူအိမ်သားတွေဖြစ်ကြပြီး အချိန်တန်အစာ တစ်မျိုးတည်းကို လိုအပ်

၁၄။ (က) သစ္စာရှိကျွန်ဟာ ဘာတာဝန် အပ်နှင်းခံရသလဲ။ အဲဒီထဲမှာ ဘာတွေပါဝင်သလဲ။ (ခ) ယေရှုက သစ္စာနဲ့သတိပညာရှိကျွန်ကို ဘာသတိပေးခဲ့သလဲ။ (“ကျွန်ဆိုးမှာမူ . . .” လေးထောင့်ကွက်ကိုကြည့်ပါ။)

၁၄ ယေရှုဟာ သစ္စာနဲ့သတိပညာရှိကျွန်ကို အလွန်အရေးကြီးတဲ့တာဝန်တစ်ခုပေးခဲ့တယ်။ ကျမ်းစာခေတ်တုန်းကဆိုရင် ယုံကြည်စိတ်ချရတဲ့ကျွန်၊ ဒါမှမဟုတ် ဘဏ္ဍာစိုးဟာ သခင်ပိုင်ဆိုင်တာတွေအားလုံးကို စီမံအုပ်ချုပ်တယ်။ (လု. ၁၂:၄၂) အဲဒီလိုပဲ သစ္စာနဲ့ သတိပညာရှိကျွန်ဟာ ခရစ်တော်ရဲ့ မြေကြီးပေါ်မှာရှိတဲ့ပိုင်ဆိုင်ရာတွေကို စီမံအုပ်ချုပ်ရတဲ့တာဝန် အပ်နှင်းခံရတယ်။ အဲဒီတာဝန်ထဲမှာ ငွေကြေးတွေ၊ အဆောက်အဦတွေ၊ ဟောပြောခြင်းလုပ်ငန်း၊ စည်းဝေးပွဲနဲ့ စည်းဝေးကြီးအစီအစဉ်တွေကို စီမံခန့်ခွဲတာတွေ ပါဝင်တယ်။ အမှုဆောင်လုပ်ငန်း၊ ကိုယ်ပိုင်လေ့လာမှုနဲ့ အသင်းတော်အစည်းအဝေးတွေမှာ ကျွန်ုပ်တို့အသုံးပြုနေတဲ့ ကျမ်းစာ,စာပေတွေလည်း ပါတယ်။ အိမ်သူအိမ်သားတွေဟာ သစ္စာရှိကျွန် ကျွေးမွေးတဲ့ ပုံဆောင်အစာအားလုံးအပေါ် မှီခိုအားထားကြတယ်။

သခင်ရဲ့ဥစ္စာရှိသမျှအပေါ် ဘယ်အချိန်မှာ ခန့်အပ်သလဲ

၁၅၊ ၁၆။ ယေရှုဟာ ဘယ်အချိန်မှာ သစ္စာရှိကျွန်ကို “မိမိ၏ဥစ္စာရှိသမျှ အပေါ်” တာဝန်ခန့်အပ်သလဲ။

၁၅ ယေရှုဟာ “မိမိ၏ဥစ္စာရှိသမျှ အပေါ်” ခန့်အပ်တဲ့ ဒုတိယတာဝန်ကို ဘယ်အချိန်မှာ ပေးသလဲ။ ယေရှုက “ထိုသို့ပြုလျက်နေသည်ကို သခင်ပြန်လာ၍ တွေ့လျှင် ထိုကျွန်သည် ပျော်ရွှင်၏။ ငါအမှန်ဆိုသည်ကား သခင်သည် ထိုကျွန်ကို မိမိ၏ဥစ္စာရှိသမျှအပေါ်၌ ခန့်အပ်လိမ့်မည်” လို့ ပြောခဲ့တယ်။ (မ. ၂၄:၄၆၊ ၄၇) ယေရှုဟာ မိမိရောက်ရှိပြီး ကျွန်က ပုံဆောင်အစာဝေပေးတဲ့လုပ်ငန်းမှာ သစ္စာရှိရှိ “ပြုလျက်” နေတာကို တွေ့ပြီးနောက်မှသာ ဒုတိယတာဝန်ကို ခန့်အပ်တယ်ဆိုတဲ့အချက်ကို မှတ်သားပါ။ ဒါကြောင့် တာဝန်နှစ်ခုပေးအပ်တဲ့အခါ တစ်ခုနဲ့တစ်ခုကြားမှာ အချိန်အပိုင်းအခြားတစ်ခု ရှိမှာဖြစ်တယ်။ ယေရှုက ကျွန်ကို မိမိရဲ့ဥစ္စာရှိသမျှအပေါ် ဘယ်အချိန်မှာ ဘယ်လို တာဝန်ခန့်အပ်တယ်ဆိုတာကို နားလည်နိုင်ဖို့ အချက်နှစ်ချက်ကို ကျွန်ုပ်တို့ နားလည်ဖို့လိုတယ်။ အဲဒါတွေက ယေရှု ဘယ်အချိန်မှာ ရောက်ရှိလာသလဲ၊ ကိုယ်တော်ရဲ့ပိုင်ဆိုင်ရာတွေမှာ ဘာတွေပါဝင်သလဲဆိုတဲ့ အချက်တွေဖြစ်တယ်။

၁၆ ယေရှု ဘယ်အချိန်မှာ ရောက်ရှိလာသလဲ။ အဖြေကို မဿဲအခန်းကြီး ၂၄ ရဲ့ ရှေ့အခန်းငယ်တွေမှာ တွေ့နိုင်ပါတယ်။ အဲဒီအခန်းငယ်တွေမှာပါတဲ့ ယေရှုရဲ့ “ကြွလာ” ခြင်းက ဒီလောကစနစ်ရဲ့အဆုံးမှာ ဆိုးသွမ်းသူတွေကို စီရင်ချက်ချပြီး စီရင်ချက်အတိုင်းလုပ်ဆောင်ဖို့ လာတယ်ဆိုတာကို ရည်ညွှန်းကြောင်း သတိရပါ။  * (မ. ၂၄:၃၀၊ ၄၂၊ ၄၄) ဒါကြောင့် သစ္စာရှိကျွန်ပုံဥပမာမှာပါတဲ့ ယေရှုရဲ့ “ကြွလာ” ဒါမှမဟုတ် “ရောက်လာ” ခြင်းက ကြီးစွာသောဒုက္ခအတွင်းမှာ ဖြစ်ပျက်မယ်။

၁၇။ ယေရှုရဲ့ပိုင်ဆိုင်ရာတွေထဲမှာ ဘာတွေပါဝင်သလဲ။

၁၇ ယေရှုရဲ့ပိုင်ဆိုင်ရာ “အားလုံး” ထဲမှာ ဘာတွေပါဝင်သလဲ။ ယေရှုရဲ့ပိုင်ဆိုင်ရာတွေက မြေကြီးပေါ်မှာရှိတဲ့အရာသာမက ကောင်းကင်ပေါ်မှာရှိတဲ့အရာတွေလည်း ပါဝင်တယ်။ ယေရှုက “ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အခွင့်အာဏာရှိသမျှကို ငါ့အား အပ်နှင်းထားပြီ” လို့ ပြောခဲ့တယ်။ (မ. ၂၈:၁၈; ဧ. ၁:၂၀-၂၃) ယေရှုရဲ့ပိုင်ဆိုင်ရာတွေထဲမှာ ၁၉၁၄ ခုနှစ်ကတည်းက သူအုပ်ချုပ်ခဲ့တဲ့ မေရှိယနိုင်ငံပါဝင်တယ်၊ အဲဒီနိုင်ငံမှာ မိမိရဲ့ဘိသိက်ခံနောက်လိုက်တွေနဲ့အတူ အုပ်ချုပ်မှာဖြစ်တယ်။—ဗျာ. ၁၁:၁၅

၁၈။ ယေရှု ဘာကြောင့် ဝမ်းမြောက်ဝမ်းသာနဲ့ မိမိပိုင်ဆိုင်ရာတွေအားလုံးအပေါ်မှာ သစ္စာရှိကျွန်ကို တာဝန်ခန့်အပ်မလဲ။

၁၈ ကျွန်ုပ်တို့ ဘာကောက်ချက်ချနိုင်သလဲ။ ကြီးစွာသောဒုက္ခအတွင်းမှာ ဆိုးသွမ်းသူတွေကို ဖျက်ဆီးဖို့ ယေရှုကြွလာတဲ့အခါ သစ္စာရှိကျွန်ဟာ အိမ်သူအိမ်သားတွေကို သစ္စာရှိရှိ အချိန်တန် ပုံဆောင်အစာ ဝေပေးနေတာကို သူတွေ့ပါလိမ့်မယ်။ ဒါကြောင့် ယေရှုဟာ ဝမ်းမြောက်ဝမ်းသာနဲ့ မိမိပိုင်ဆိုင်ရာတွေအားလုံးအပေါ် ကျွန်ကို ဒုတိယတာဝန် ခန့်အပ်ပါလိမ့်မယ်။ သစ္စာရှိကျွန်မှာ ပါဝင်တဲ့သူတွေဟာ ကောင်းကင်အသက်တာကိုရရှိပြီး ခရစ်တော်နဲ့အတူ တွဲဖက်အုပ်ချုပ်သူတွေဖြစ်လာတဲ့အခါ အဲဒီတာဝန်ခန့်အပ်မှုကို ရရှိကြမယ်။

၁၉။ သစ္စာရှိကျွန်က ကျန်တဲ့ဘိသိက်ခံတွေထက် ကောင်းကင်မှာ ပိုထူးမြတ်တဲ့ဆုကို ရရှိကြမလား။ ရှင်းပြပါ။

၁၉ သစ္စာရှိကျွန်ဟာ ကျန်တဲ့ဘိသိက်ခံတွေထက် ကောင်းကင်မှာ ပိုထူးမြတ်တဲ့ဆုကို ရရှိကြမလား။ မရပါဘူး။ အချိန်တစ်ချိန်မှာ အုပ်စုငယ်တစ်ခုကို ကတိပြုထားတဲ့ ဆုကျေးဇူးကို နောက်ဆုံးမှာ တခြားသူတွေလည်း ရရှိကြမယ်။ ဥပမာအနေနဲ့ ယေရှု မသေဆုံးခင်ညမှာ သူ့ရဲ့တမန်တော် ၁၁ ယောက်နဲ့ ပြောခဲ့တဲ့စကားကို စဉ်းစားကြည့်ပါ။ (လုကာ ၂၂:၂၈-၃၀ ကိုဖတ်ပါ။) ယေရှုက အဲဒီလူနည်းစုလေးကို သူတို့ရဲ့သစ္စာရှိမှုကြောင့် ကောင်းမြတ်တဲ့ဆုကျေးဇူးတစ်ခု ရရှိမယ်လို့ ကတိပေးခဲ့တယ်။ သူတို့ဟာ ယေရှုနဲ့အတူ ကောင်းကင်မှာ ဘုရင်တွေ ဖြစ်လာကြလိမ့်မယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ယေရှုက ၁၄၄,၀၀၀ အားလုံး ဘုရင်ဖြစ်လာပြီး ကောင်းကင်မှာ မိမိနဲ့အတူ အုပ်ချုပ်မယ်လို့ ပြောခဲ့တယ်။ (ဗျာ. ၁:၁; ၃:၂၁) အလားတူပဲ၊ မဿဲ ၂၄:၄၇ မှာ သစ္စာရှိကျွန်ဖြစ်တဲ့ ဘိသိက်ခံညီအစ်ကို အုပ်စုငယ်လေးကို မိမိပိုင်ဆိုင်ရာအားလုံးအပေါ်မှာ တာဝန်ခန့်အပ်မယ်လို့ ယေရှု ကတိပေးခဲ့တယ်။ ဒါပေမဲ့ ၁၄၄,၀၀၀ အားလုံးဟာ ခရစ်တော်ရဲ့ပိုင်ဆိုင်ရာတွေအပေါ် တာဝန်ခန့်အပ်ခံရကြမှာဖြစ်တယ်။—ဗျာ. ၂၀:၄၊

၁၄၄,၀၀၀ အားလုံးက ယေရှုရဲ့ပိုင်ဆိုင်ရာတွေပေါ်မှာ တာဝန်ခန့်အပ်ခံရမယ် (အပိုဒ် ၁၉ ကို ကြည့်ပါ)

၂၀။ ယေရှုက ဘာကြောင့် သစ္စာရှိကျွန်ကို ခန့်အပ်ခဲ့သလဲ။ ကျွန်ုပ်တို့ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားရမလဲ။

၂၀ ပထမရာစုမှာ ယေရှုဟာ လူအနည်းငယ်ကနေတစ်ဆင့် လူအများကြီးကို ကျွေးခဲ့သလိုပဲ ယနေ့အချိန်မှာလည်း သစ္စာနဲ့သတိပညာရှိကျွန်ကနေတစ်ဆင့် လူများစွာကို ကျွေးနေပါတယ်။ နောက်ဆုံးသောနေ့ရက်တွေမှာ ယေရှုရဲ့စစ်မှန်တဲ့နောက်လိုက်တွေဖြစ်တဲ့ ဘိသိက်ခံတွေကော၊ အခြားသိုးတွေပါ အချိန်တန် ပုံဆောင်အစာကို ဆက်ပြီးရရှိနေအောင် သစ္စာရှိကျွန်ကို ယေရှု သေချာခန့်အပ်ခဲ့တယ်။ ဒါကြောင့် သစ္စာနဲ့သတိပညာရှိကျွန်မှာ ပါဝင်တဲ့ ဘိသိက်ခံညီအစ်ကိုတွေကို သစ္စာရှိရှိထောက်ခံပြီး ကျွန်ုပ်တို့ရဲ့ကျေးဇူးတင်လေးမြတ်မှုကို အမြဲပြသဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။—ဟေဗြဲ ၁၃:၇၊ ၁၇

 

^ စာပိုဒ်၊ 2 အပိုဒ် ၂– [၁] ယေရှုဟာ အစောပိုင်းအချိန်တစ်ချိန်မှာ အဲဒါနဲ့ဆင်တူတဲ့ ပုံဥပမာကို ပြောခဲ့တယ်။ အဲဒီပုံဥပမာမှာ “ကျွန်” ကို “ဘဏ္ဍာစိုး” အဖြစ်၊ ‘အိမ်သူအိမ်သားများ’ ကို ‘အစေခံများ’ အဖြစ်ဖော်ပြခဲ့တယ်။—လု. ၁၂:၄၂-၄၄

^ စာပိုဒ်၊ 6 အပိုဒ် ၆– [၂] ခရစ်တော် “ကြွလာခြင်း” (ဂရိ၊ အဲရ်ခိုမိုင်) က “ရောက်ရှိနေခြင်း” (ပါရိုစီးယား) နဲ့ မတူဘူး။ ယေရှုရဲ့ မျက်မြင်မရနည်းနဲ့ ရောက်ရှိနေခြင်းက ဆိုးသွမ်းသူတွေကို ဖျက်ဆီးဖို့ မကြွလာခင်မှာ စတင်တယ်။

^ စာပိုဒ်၊ 12 အပိုဒ် ၁၂– [၃] ဒီလထုတ်မှာပါတဲ့ ‘ငါသည်လည်း သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်’ ဆောင်းပါး၊ စာမျက်နှာ ၁၀-၁၂၊ အပိုဒ် ၅-၈ ကို ကြည့်ပါ။

^ စာပိုဒ်၊ 16 အပိုဒ် ၁၆– [၄] ဒီလထုတ်မှာပါတဲ့ “ထိုအမှုအရာတို့သည် မည်သည့်အချိန်တွင် ဖြစ်ပျက်မည်နည်း” ဆောင်းပါး၊ စာမျက်နှာ ၇-၈၊ အပိုဒ် ၁၄-၁၈ ကို ကြည့်ပါ။