ကျွန်ုပ်တို့ရဲ့မော်ကွန်းတိုက်မှ
ဘုရင်ကြီးက သဘောကျ
အချိန်က ၁၉၃၆ ခုနှစ်၊ ဩဂုတ်လဖြစ်ပြီး နေရာကတော့ ဆွာဇီလန်ဘုရင်ရဲ့ နန်းတော်ဝင်းမှာဖြစ်တယ်။ ရောဘတ်နဲ့ ဂျော့ဂ်ျ နစ္စဘတ်ဟာ ညီအစ်ကို ဂျေ အက်ဖ် ရပ်သဖော့ဒ်ရဲ့ အသံသွင်းဟောပြောချက်ကို အသံချဲ့စက်ကား,ကနေ ဖွင့်ပြပြီးတဲ့နောက် တေးသံဖွင့်ထားတယ်။ ဒါကို ဘုရင် ဆိုဘူဇာ ၂ က သဘောကျနေတယ်။ ဂျော့ဂ်ျက ဒီလိုပြောပြတယ်– “ကျွန်တော်တို့နှစ်ယောက် အကျပ်ရိုက်နေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘုရင်ကြီးက ဓာတ်ပြားဖွင့်စက်၊ ဓာတ်ပြားတွေနဲ့ အသံချဲ့စက်တွေကို ဝယ်ချင်နေလို့ပဲ။”
ရောဘတ်က တောင်းတောင်းပန်ပန်နဲ့ ဒီပစ္စည်းတွေက ရောင်းဖို့မဟုတ်ဘူးလို့ ပြောပြတယ်။ ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီပစ္စည်းတွေကို တခြားတစ်ယောက်က ပိုင်လို့ပဲ။ ဘုရင်က ပိုင်ရှင်ကို သိချင်နေတယ်။
ရောဘတ်က “ဒီပစ္စည်းတွေကို တခြားဘုရင်တစ်ပါး ပိုင်တယ်” လို့ ပြန်ဖြေလိုက်တယ်။ ဒါနဲ့ ဆိုဘူဇာက အဲဒီဘုရင်က ဘယ်သူလဲလို့မေးတော့ ရောဘတ်က “ဘုရားသခင့်နိုင်ငံတော်ရဲ့ဘုရင် ယေရှုခရစ်ပါ” လို့ ပြန်ဖြေခဲ့တယ်။
“သူက တကယ်ကြီးမြတ်တဲ့ဘုရင်ပဲ” လို့ တလေးတစား အသိအမှတ်ပြုပြီး “သူပိုင်တဲ့ပစ္စည်းဆိုရင် ငါမလိုချင်ပါဘူး” လို့ ဆိုဘူဇာက ပြောခဲ့တယ်။
ရောဘတ်က ဒီလိုရေးခဲ့တယ်– “ဘုရင်ရဲ့စိတ်ထားကို ကျွန်တော် အရမ်းအထင်ကြီးလေးစားသွားတယ်။ သူက အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပေမဲ့ ဟိတ်ဟန်မရှိဘူး၊ မာနမကြီးဘူး၊ သဘောကောင်းပြီး ချဉ်းကပ်ရလွယ်တယ်။ ဂျော့ဂ်ျက အပြင်မှာ တေးသံဖွင့်နေတုန်း ကျွန်တော်က သူနဲ့အတူ သူ့ရဲ့ရုံးခန်းမှာ ၄၅ မိနစ်လောက် အတူထိုင်ပြီး စကားပြောခဲ့တယ်။
‘အဲဒီနေ့ ညနေပိုင်းလောက်မှာ ကျွန်တော်တို့ဟာ ဆွာဇီ အစိုးရကျောင်းကို သွားလည်ခဲ့ကြတယ်၊ အဲဒီနေရာက စိတ်ဝင်စားစရာ အကောင်းဆုံးနေရာပဲ။ ကျွန်တော်တို့ ကျောင်းအုပ်ကြီးကို သက်သေခံခဲ့ကြပြီး သူကလည်း တလိုတလား နားထောင်ခဲ့တယ်။ ကျွန်တော်တို့က အသံချဲ့စက်အကြောင်း ပြောပြပြီး အသံသွင်းထားတာတွေကို တစ်ကျောင်းလုံးကြားအောင် ဖွင့်ပြချင်တယ်လို့ ပြောတဲ့အခါ ကျောင်းအုပ်ကြီးက သဘောကျသွားတယ်၊ ဒါနဲ့ သူက ကျောင်းသား ၁၀၀ လောက်ကို စုလိုက်ပြီး နားထောင်ဖို့ မြက်ခင်းမှာထိုင်ခိုင်းတယ်။ အဲဒီ အထက်တန်းကျောင်းက ယောက်ျားလေးတွေကို လယ်ယာစိုက်ပျိုးရေး၊ ဥယျာဉ်စိုက်ပျိုးရေး၊ လက်သမားအတတ်၊ ဆောက်လုပ်ရေး၊ အင်္ဂလိပ်စာနဲ့ ဂဏန်းသင်္ချာပညာရပ်တွေကို သင်ပေးတယ်၊ မိန်းကလေးတွေကိုတော့ သူနာပြု၊ အိမ်တွင်းမှုအလုပ်နဲ့ တခြားအသုံးဝင်တဲ့ အသက်မွေးဝမ်းကျောင်း အတတ်ပညာတွေကို သင်ပေးတယ်။ ဒီကျောင်းကို ဘုရင်ကြီးရဲ့အဘွားက တည်ထောင်ခဲ့တာဖြစ်တယ်။’ *
၁၉၃၃ ခုနှစ်အစောပိုင်းမှာ ဘုရင်ဆိုဘူဇာဟာ နန်းတော်ကို လာလည်ပတ်တဲ့ ရှေ့ဆောင်တွေ ဟောပြောတာ နားထောင်ရတာကို သဘောကျခဲ့တယ်။ တစ်ခါမှာဆိုရင်
ဘုရင်က သူ့ရဲ့ကိုယ်ရံတော်စစ်သား ၁၀၀ ကိုစုရုံးပြီး အသံသွင်းထားတဲ့ နိုင်ငံတော်သတင်းကို နားထောင်စေခဲ့တယ်။ ဘုရင်က ကျွန်တော်တို့ရဲ့မဂ္ဂဇင်းတွေကို နှစ်စဉ်ကြေးယူပြီး စာပေတွေကို လက်ခံခဲ့တယ်။ သိပ်မကြာခင်မှာပဲ ဘုရင့်မှာ အဖွဲ့အစည်းထုတ်စာပေတွေ အားလုံးနီးပါးရှိတဲ့ စာကြည့်တိုက်တစ်ခုရှိလာတယ်။ ဒါ့အပြင် ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှကိုလိုနီအစိုးရက ကျွန်တော်တို့ရဲ့စာပေတွေကို တားမြစ်ပိတ်ပင်တဲ့ကြားကနေ စာပေတွေကို ဆက်ထိန်းသိမ်းထားခဲ့တယ်။ဘုရင် ဆိုဘူဇာ ၂ ဟာ လိုဘန်ဘာမြို့မှာရှိတဲ့ သူ့ရဲ့နန်းတော်ဝင်းထဲမှာ သက်သေခံတွေကို ဆက်ပြီး ကြိုဆိုလက်ခံခဲ့တယ်၊ ကျမ်းစာဟောပြောချက်တွေ လာနားထောင်ဖို့ ခရစ်ယာန်ဘုန်းကြီးတွေကိုတောင် ခေါ်ခဲ့တယ်။ ဟဲလ်ဗီး မာရှာဇီးလို့ခေါ်တဲ့ ဒေသခံ သက်သေခံတစ်ယောက်က မဿဲ အခန်းကြီး ၂၃ ကိုဟောပြောတဲ့အခါ ခရစ်ယာန်ဘုန်းကြီးတစ်စုက ဒေါသတကြီးထလာပြီး ညီအစ်ကို,ကို အတင်း ထိုင်ခိုင်းတယ်။ ဒါပေမဲ့ ဘုရင်က ညီအစ်ကို,ကို ဆက်ဟောခိုင်းတယ်။ ဒါ့အပြင် ဟောပြောချက်မှာပါတဲ့ ကျမ်းချက်အားလုံးကို လိုက်ရေးမှတ်ထားဖို့ ပြောခဲ့တယ်။
နောက်တစ်ခါမှာတော့ ရှေ့ဆောင်ညီအစ်ကိုရဲ့ဟောပြောချက်ကို နားထောင်ပြီးတဲ့အခါ ခရစ်ယာန်ဘုန်းကြီးလေးယောက်က ခရစ်ယာန်ဘုန်းကြီးဖြစ်ကြောင်း မှတ်သားဖော်ပြတဲ့ သူတို့ရဲ့ကော်လာအမှတ်အသားကို ဝှက်လိုက်တယ်၊ ပြီးတော့ “ကျွန်တော်တို့က ခရစ်ယာန်ဘုန်းကြီးတွေမဟုတ်တော့ဘူး၊ အခု ယေဟောဝါသက်သေဖြစ်သွားပြီ” လို့ ပြတ်ပြတ်သားသား ပြောခဲ့ကြတယ်။ အဲဒီနောက် ဘုရင်ကြီးမှာရှိတဲ့စာအုပ်မျိုးတွေ ရှိသေးလားလို့ ရှေ့ဆောင်ကို မေးခဲ့တယ်။
ဘုရင်ဟာ ၁၉၃၀ ပြည့်လွန်နှစ်တွေကစပြီး သူကွယ်လွန်တဲ့ ၁၉၈၂ ခုနှစ်အထိ ယေဟောဝါသက်သေတွေကို လေးလေးစားစား ဆက်ဆံခဲ့တယ်၊ ဆွာဇီထုံးစံဓလေ့တွေကို မလိုက်တဲ့ ယေဟောဝါသက်သေတွေကို နှိပ်စက်ညှဉ်းပန်းတာမျိုး ခွင့်မပြုခဲ့ဘူး။ ဒါကြောင့် သက်သေခံတွေက သူ့ကို ကျေးဇူးတင်၊ လေးစားကြပြီး သူကွယ်လွန်သွားတဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့ကြတယ်။
၂၀၁၃ ခုနှစ် အစပိုင်းမှာ ဆွာဇီလန်မှာ နိုင်ငံတော်ကြေညာသူ ၃,၀၀၀ ကျော်ရှိခဲ့တယ်။ လူဦးရေ တစ်သန်းကျော်သာရှိပြီး အချိုးကတော့ ကြေညာသူ ၁ ယောက်က လူဦးရေ ၃၈၄ ယောက်နဲ့ညီမျှတယ်။ ရှေ့ဆောင် ၂၆၀ ကျော်ဟာ အသင်းတော် ၉၀ မှာ အလုပ်များနေကြပြီး ၂၀၁၂ ခုနှစ် အောက်မေ့ရာပွဲတက်ရောက်သူ ၇,၄၉၆ ယောက်ရှိခဲ့တယ်။ ဒါက တိုးတက်ဖို့ အလားအလာတွေရှိတယ်ဆိုတာ ထင်ရှားတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေတုန်းက ဆွာဇီလန်ကို ဦးဆုံး သွားရောက်ဟောပြောခဲ့ချိန်တွေမှာ ခိုင်မာတဲ့အုတ်မြစ်တွေ ချခဲ့ကြတယ်ဆိုတာ သေချာပါတယ်။—တောင်အာဖရိက ကျွန်ုပ်တို့ရဲ့မော်ကွန်းတိုက်မှ။
^ စာပိုဒ်၊ 8 ရွှေခေတ်၊ ဇွန် ၃၀၊ ၁၉၃၇၊ စာမျက်နှာ ၆၂၉ [အင်္ဂလိပ်]။