မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အချင်းချင်းထောက်ထားစာနာပြီး အားပေးပါ

အချင်းချင်းထောက်ထားစာနာပြီး အားပေးပါ

“မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနှိုးဆော်နိုင်မည်အကြောင်း အချင်းချင်း ထောက်ထားစာနာကြစို့။” —ဟေဗြဲ ၁၀:၂၄

၁၊ ၂။ ဒုတိယကမ္ဘာစစ်အပြီး မရဏခရီးမှာ ယေဟောဝါသက်သေ ၂၃၀ ဟာ ဘာကြောင့် အသက်ရှင်လွတ်မြောက်ခဲ့တာလဲ။

အချိန်ကတော့ ဒုတိယကမ္ဘာစစ် ပြီးခါနီးဖြစ်တယ်။ ဟစ်တလာရဲ့နာဇီအစိုးရ စစ်ၡုံးသွားပြီ။ နာဇီအစိုးရဟာ ချွေးတပ်စခန်းတွေမှာရှိနေသေးတဲ့ သောင်းနဲ့ချီတဲ့ အကျဉ်းသားတွေကို သတ်ပစ်ဖို့ အမိန့်ပေးတယ်။ ဇာခ်စင်ဟောင်ဇင်ချွေးတပ်စခန်းက အကျဉ်းသားတွေကို ဆိပ်ကမ်းအထိ ခေါ်သွား၊ သင်္ဘောပေါ်တင်ပြီး သင်္ဘောကို ပင်လယ်ပြင်မှာ နစ်မြှုပ်ပစ်ဖို့ပဲ။ အဲဒီလုပ်ရပ်ဟာ နောက်ပိုင်းမှာ မရဏခရီးဆိုပြီး နာမည်တွင်သွားတယ်။

ဇာခ်စင်ဟောင်ဇင်ချွေးတပ်စခန်းက အကျဉ်းသား ၂၃,၀၀၀ ဟာ ၁၅၅ မိုင် (ကီလိုမီတာ ၂၅၀) ဝေးပြီး ဂျာမနီဆိပ်ကမ်းမြို့တစ်ခုဖြစ်တဲ့ လူးဘက်ခ်မြို့ကို လမ်းလျှောက်သွားဖို့ အတင်းအကျပ် စေခိုင်းခံခဲ့ရတယ်။ အဲဒီအထဲမှာ ခြောက်နိုင်ငံက ယေဟောဝါသက်သေ ၂၃၀ လည်းပါတယ်။ သူတို့လည်း အတူလမ်းလျှောက်သွားကြရတယ်။ အကျဉ်းသားအားလုံးဟာ အစာရေစာငတ်ပြတ်ပြီး ရောဂါနှိပ်စက်လို့ အားနည်းနေကြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုအားလုံးဟာ အသက်ရှင်လွတ်မြောက်ခဲ့တယ်။ ဘာကြောင့်လဲ။ အဲဒီထဲကတစ်ယောက်က “ဆက်လျှောက်ဖို့ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် အဆက်မပြတ် အားပေးခဲ့တယ်” လို့ ပြောပြတယ်။ တစ်ယောက်ကိုတစ်ယောက်ပြတဲ့မေတ္တာနဲ့ ဘုရားသခင်ပေးတဲ့ “သာမန်ထက်ထူးကဲသော တန်ခိုးတော်” ကြောင့် သူတို့ အသက်ရှင်လွတ်မြောက်နိုင်ခဲ့ကြတယ်။—၂ ကော. ၄:၇

၃။ ကျွန်ုပ်တို့ ဘာလို့ တစ်ယောက်ကိုတစ်ယောက် အားပေးဖို့လိုသလဲ။

ယနေ့အချိန်မှာ ကျွန်ုပ်တို့ဟာ မရဏခရီးကို မလျှောက်ရပေမဲ့ အခက်အခဲပြဿနာများစွာနဲ့ ရင်ဆိုင်နေရတယ်။ ၁၉၁၄ ခုနှစ်မှာ ဘုရားသခင့်နိုင်ငံတော် တည်ထောင်ပြီးနောက်မှာ စာတန်ဟာ ကောင်းကင်ကနေ မြေကြီးပေါ် ပစ်ချခံခဲ့ရတယ်။ စာတန်ဟာ သူ့အချိန် “တိုတောင်း” တယ်ဆိုတာကိုသိလို့ အရမ်းဒေါသထွက်နေတယ်။ (ဗျာ. ၁၂:၇-၉၊ ၁၂) အာမဂေဒုန်နီးလာတာနဲ့အမျှ စာတန်ဟာ စမ်းသပ်မှုနဲ့ ဖိစီးမှုတွေကိုသုံးပြီး ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေး အားနည်းသွားအောင်လုပ်ဖို့ ကြိုးစားနေတယ်။ ဒါ့အပြင် ကျွန်ုပ်တို့ဟာ နေ့စဉ်ဘဝအသက်တာရဲ့ ဖိစီးမှုတွေကိုလည်း ခံစားနေရတယ်။ (ယောဘ ၁၄:၁; ဒေ. ၂:၂၃) တစ်ခါတလေမှာ အဲဒီအခက်အခဲတွေက ကျွန်ုပ်တို့ကို အားနည်းသွားစေနိုင်ပြီး ဘယ်လိုပဲအားပေးခံရပါစေ ဆက်ပြီး စိတ်ဓာတ်ကျနေတာမျိုးဖြစ်နိုင်တယ်။ ဥပမာ၊ ညီအစ်ကိုတစ်ယောက်ဟာ လူအများကြီးကို ယေဟောဝါအပေါ်မှာ ဆက်ပြီးသစ္စာရှိဖို့ နှစ်ပေါင်းများစွာ အားပေးခဲ့တယ်။ ဒါပေမဲ့ သူ အသက်ကြီးလာတဲ့အခါ၊ သူနဲ့သူ့ဇနီး ဖျားနာလာတဲ့အခါ အရမ်းစိတ်ဓာတ်ကျလာတယ်။ အဲဒီညီအစ်ကိုလိုပဲ ကျွန်ုပ်တို့အားလုံးဟာ ယေဟောဝါပေးတဲ့ “သာမန်ထက်ထူးကဲတဲ့တန်ခိုးတော်” သာမက အချင်းချင်းရဲ့အားပေးမှုလည်း လိုအပ်တယ်။

၄။ ကျွန်ုပ်တို့က တခြားသူတွေကို အားပေးချင်တယ်ဆိုရင် တမန်တော်ပေါလုရဲ့ ဘယ်အကြံပြုချက်ကို လိုက်နာရမလဲ။

ကျွန်ုပ်တို့က တခြားသူတွေကို အားပေးချင်တယ်ဆိုရင် ဟေဗြဲခရစ်ယာန်တွေကို တမန်တော်ပေါလုပြောခဲ့တဲ့ အကြံပြုချက်ကို လိုက်နာရမယ်။ သူ ဒီလိုပြောခဲ့တယ်– “မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနှိုးဆော်နိုင်မည်အကြောင်း အချင်းချင်း ထောက်ထားစာနာကြစို့။ လူအချို့၏ထုံးစံရှိသည့်အတိုင်း အတူတကွ စည်းဝေးခြင်းအမှုကို လျစ်လျူမရှုကြနှင့်။ အချင်းချင်းအားပေးကြလော့။ ထိုနေ့ရက်နီးလာသည်ကိုမြင်ရသောကြောင့် သာ၍ ကြိုးစားအားထုတ်ကြလော့။” (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဒီအရေးကြီးတဲ့အကြံပြုချက်ကို ကျွန်ုပ်တို့ ဘယ်လို လိုက်နာနိုင်သလဲ။

‘အချင်းချင်း ထောက်ထားစာနာကြပါ’

၅။ “အချင်းချင်း ထောက်ထားစာနာကြ” ဆိုတာ ဘာအဓိပ္ပာယ်လဲ။ အဲဒါကို ကျွန်ုပ်တို့ ဘယ်လို လုပ်ဆောင်နိုင်သလဲ။

“အချင်းချင်း ထောက်ထားစာနာကြ” ဆိုတာက တခြားလူတွေရဲ့လိုအပ်ရာတွေကို စဉ်းစားပေးတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ကျွန်ုပ်တို့က ညီအစ်ကိုညီအစ်မတွေကို နိုင်ငံတော်ခန်းမမှာ ခဏတစ်ဖြုတ် နှုတ်ဆက်ရုံ ဒါမှမဟုတ် အရေးမကြီးတဲ့အကြောင်းတွေကို ပြောရုံနဲ့ သူတို့ရဲ့လိုအပ်ရာတွေကို မသိနိုင်ဘူး။ တစ်ချိန်တည်းမှာ ကျွန်ုပ်တို့ဟာ တခြားသူတွေရဲ့အကြောင်းကို လိုတာထက်ပိုပြီး သိချင်တာမျိုးလည်း မဖြစ်ချင်ကြပါဘူး။ (၁ သက်. ၄:၁၁; ၁ တိ. ၅:၁၃) ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုတွေကို အားပေးချင်တယ်ဆိုရင် သူတို့ရဲ့ဘဝအခြေအနေ၊ သူတို့ရဲ့အရည်အသွေး၊ သူတို့ရဲ့ အားနည်းချက်၊ အားသာချက်တွေ၊ အမှန်တရားနဲ့ပတ်သက်တဲ့ သူတို့ရဲ့ခံစားချက် စတာတွေကို သိဖို့လိုပါတယ်။ ကျွန်ုပ်တို့က သူတို့ရဲ့မိတ်ဆွေတွေ၊ သူတို့ကိုချစ်တဲ့သူတွေဖြစ်တယ်ဆိုတာ သူတို့သိဖို့လိုတယ်။ သူတို့ အခက်အခဲကြုံတွေ့ချိန်၊ စိတ်ဓာတ်ကျနေချိန်ကျမှမဟုတ်ဘဲ တခြားအချိန်တွေမှာလည်း သူတို့ကို အချိန်ပေးဖို့လိုတယ်။—ရော. ၁၂:၁၃

၆။ အသင်းတော်မှာရှိတဲ့သူတွေကို “ထောက်ထားစာနာ” ဖို့ အကြီးအကဲတွေကို ဘာက ကူညီပေးမလဲ။

အကြီးအကဲတွေဟာ အသင်းတော်မှာရှိတဲ့သူတွေရဲ့ လိုအပ်ရာတွေကို ကြည့်ရှုပေးဖို့ တလိုတလားရှိရမယ်၊ စိတ်အားထက်သန်ရမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ပေ. ၅:၁-၃) သူတို့ရဲ့ သိုးထိန်းလုပ်ငန်းကို ထိထိရောက်ရောက်လုပ်နိုင်ဖို့ဆိုရင် အကြီးအကဲတွေက သူတို့ရဲ့ ညီအစ်ကိုညီအစ်မတွေအကြောင်းကို ကောင်းကောင်းသိဖို့လိုတယ်။ (သုတ္တံ ၂၇:၂၃ ကိုဖတ်ပါ။) အကြီးအကဲတွေက ကူညီဖို့၊ အချိန်ပေးဖို့ အသင့်ရှိကြောင်း ပြသတယ်ဆိုရင် အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေဟာ သူတို့အကူအညီလိုအပ်တဲ့အချိန်မှာ အကူအညီတောင်းဖို့ ပိုလွယ်ကူစေမှာ ဖြစ်တယ်။ သူတို့ရဲ့ခံစားချက်တွေ၊ စိုးရိမ်ပူပန်မှုတွေအကြောင်း အကြီးအကဲတွေကိုပြောပြဖို့လည်း ပိုလွယ်ကူစေမယ်။ အကျိုးရလဒ်ကတော့ အကြီးအကဲတွေဟာ အကူအညီလိုအပ်နေသူ ယောက်တိုင်းကို ကူညီပေးနိုင်မယ်။

၇။ စိတ်ဓာတ်ကျနေသူတွေ “စကားလွန်” တာနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘယ်အချက်ကို သတိရဖို့လိုသလဲ။

သက်သာလောနိတ်မြို့မှာရှိတဲ့ ခရစ်ယာန်တွေကို ပေါလုက “အားနည်းသောသူတို့ကို ထောက်မ” ပါလို့ပြောခဲ့တယ်။ (၁ သက်သာလောနိတ် ၅:၁၄ ကိုဖတ်ပါ။) “အားနည်းသောသူ” ထဲမှာ စိတ်အားငယ်နေသူတွေ၊ စိတ်ဓာတ်ကျနေသူတွေ ပါတယ်။ သုတ္တံ ၂၄:၁၀ (ကဘ) မှာ “သင်က ဒုက္ခရောက်ချိန်မှာ စိတ်ဓာတ်ကျရင် အားလျော့သွားလိမ့်မယ်” လို့ပြောထားတယ်။ အရမ်းစိတ်ဓာတ်ကျနေသူတွေကို ကျွန်ုပ်တို့ အားပေးထောက်မတဲ့အခါ သူတို့ဟာ တစ်ခါတလေ “စကားလွန်” တာ ဒါမှမဟုတ် မဆင်မခြင် ပြောတတ်ကြတယ်ဆိုတာ သတိရဖို့လိုတယ်။ (ယောဘ ၆:၂၊ ၃) စိတ်ထဲကမပါတဲ့စကားတွေကို သူတို့ ပြောမိတတ်ကြတယ်။ ရာရှယ်ရဲ့အမေဟာ စိတ်ကျဝေဒနာ အပြင်းအထန်ခံစားနေရလို့ ရာရှယ်ဟာ အဲဒီအချက်ကို သူ့အတွေ့အကြုံကနေ သိရှိခဲ့တယ်။ ရာရှယ် ဒီလိုပြောပြတယ်– “အမေက ခဏခဏ စိတ်ပျက်စရာစကားတွေ ပြောတယ်။ အဲဒီအခါမျိုးမှာ ကျွန်မက အမေဟာ အမှန်တကယ် ဘယ်လိုလူစားမျိုး ဖြစ်တယ်ဆိုတာကို ပြန်စဉ်းစားတယ်။ အမေဟာ ချစ်ခင်ကြင်နာတတ်ပြီး ရက်ရောသူဖြစ်တယ်။ စိတ်ကျဝေဒနာခံစားနေရတဲ့သူတွေဟာ သူတို့စိတ်ထဲက မပါတဲ့စကားတွေကို ပြောတတ်တယ်ဆိုတာ ကျွန်မသိခဲ့ရတယ်။ လူတစ်ယောက် အဆိုးဆုံးလုပ်မိနိုင်တာကတော့ မသင့်တော်တဲ့အပြောအဆို၊ အပြုအမူနဲ့ တုံ့ပြန်တာပဲ။ သုတ္တံ ၁၉:၁၁ (ကဘ) မှာ “လူရဲ့ထိုးထွင်းဉာဏ်က ဒေါသကိုပြေစေတယ်။ ပြစ်မှားမှုကို ဗွေမယူတာဟာ သူ့ရဲ့အလှတရားပဲ” လို့ဖော်ပြထားတယ်။

၈။ အထူးသဖြင့် ဘယ်သူတွေကို ကျွန်ုပ်တို့ချစ်ကြောင်း “သက်သေပြ” ဖို့လိုသလဲ။ ဘာကြောင့်လဲ။

အရင်ကလုပ်ခဲ့တဲ့အပြစ်တစ်ခုကြောင့် စိတ်ဓာတ်ကျနေသူတစ်ယောက်ကို ဘယ်လို “ထောက်ထားစာနာ” နိုင်သလဲ။ သူ့အမှားကို သူပြုပြင်ပြီးဖြစ်ပေမဲ့ သူလုပ်ရပ်အတွက် ရှက်ရွံ့နေဆဲဖြစ်နိုင်တယ်။ အရင်ကလုပ်ခဲ့တဲ့အမှားအတွက် နောင်တရသူတစ်ယောက်နဲ့ပတ်သက်ပြီး ပေါလုက ကောရိန္သုအသင်းတော်မှာရှိတဲ့ ညီအစ်ကိုတွေကို ဒီလိုစာရေးခဲ့တယ်– “သင်တို့သည် သူ့ကို ကြင်နာစွာခွင့်လွှတ်၍ နှစ်သိမ့်အားပေးသင့်၏။ သို့မဟုတ်လျှင် ထိုသူသည် ဖြေမဆည်နိုင်အေင် အလွန်ဝမ်းနည်းလိမ့်မည်။ သို့ဖြစ်၍ သူ့ကို သင်တို့ချစ်ကြောင်း သက်သေပြကြရန် ငါနှိုးဆော်ပါ၏။” (၂ ကော. ၂:၇၊ ၈) “သက်သေပြ” ဆိုတာက “ဖော်ပြ” ဒါမှမဟုတ် “လက်တွေ့ပြ” ဆိုတဲ့အဓိပ္ပာယ်ရှိတယ်။ ကျွန်ုပ်တို့က ကျွန်ုပ်တို့ရဲ့ညီအစ်ကိုတွေကိုချစ်ကြောင်း အပြောနဲ့၊ အလုပ်နဲ့ မပြဘူးဆိုရင် သူတို့သိမှာမဟုတ်ဘူး။

‘မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနှိုးဆော်ပါ’

၉။ ‘မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနှိုးဆော်ပါ’ ဆိုတာ ဘာကိုဆိုလိုသလဲ။

“မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနှိုးဆော်နိုင်မည်အကြောင်း အချင်းချင်းထောက်ထားစာနာကြစို့” လို့ ပေါလု ရေးခဲ့တယ်။ ကျွန်ုပ်တို့က ညီအစ်ကိုတွေ မေတ္တာစိတ်ရှိဖို့နဲ့ အကျင့်ကောင်းတွေကျင့်ဖို့ ကူညီပေးခြင်းအားဖြင့် ပေါလုပြောတဲ့အတိုင်း လုပ်ဆောင်ကြတယ်။ ဥပမာ၊ ကျွန်ုပ်တို့က မီးခဲတွေကို ဆက်ပြီးတောက်လောင် နေစေချင်တယ်ဆိုရင် မီးခဲတွေကို ထိုးဆွပြီး ယပ်ခတ်ပေးနေရမှာဖြစ်တယ်။ (၂ တိ. ၁:၆) အဲဒီလိုပဲ ညီအစ်ကိုညီအစ်မတွေ ယေဟောဝါရဲ့အမှုတော်ကို ထက်ထက်သန်သန် ဆက်လုပ်ဆောင်နေစေဖို့ ကျွန်ုပ်တို့ ကူညီပေးရာမှာ လုပ်နိုင်တဲ့အချက်တွေရှိတယ်။ အကောင်းဆုံးနည်းတွေထဲက တစ်ခုကတော့ သူတို့လုပ်တဲ့ ကောင်းတဲ့အရာတွေအတွက် ချီးမွမ်းပေးခြင်းပဲ။

အမှုဆောင်လုပ်ငန်းမှာ တခြားသူတွေနဲ့အတူ ပါဝင်ပါ

၁၀၊ ၁၁။ (က) ဘယ်သူတွေက ချီးမွမ်းခံရဖို့လိုသလဲ။ (ခ) ချီးမွမ်းစကားက လူတစ်ယောက်ကို မှန်ရာပြုလုပ်ဖို့ ကူညီပေးနိုင်တယ်ဆိုတဲ့ ဥပမာတစ်ခုပြောပြပါ။

၁၀ ကျွန်ုပ်တို့အားလုံးဟာ စိတ်ဓာတ်ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ ချီးမွမ်းခံရဖို့လိုအပ်တယ်။ ညီအစ်ကိုတစ်ယောက် ဒီလိုပြောခဲ့တယ်– “ကျွန်တော့်အဖေက ကျွန်တော်ဘာပဲလုပ်လုပ် တစ်ခါမှ အကောင်းမပြောဖူးဘူး။ ဒါကြောင့် ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတယ်လို့ မခံစားရဘဲ ကြီးပြင်းခဲ့တယ်။ . . . အခု ကျွန်တော့်အသက် ၅၀ ရှိနေပြီဖြစ်ပေမဲ့ မိတ်ဆွေတွေက အကြီးအကဲအလုပ်ကို ကျွန်တော်ကောင်းကောင်းလုပ်နေတယ်လို့ ပြောတဲ့အခါ အဲဒါကို ကျွန်တော် တန်ဖိုးထားလေးမြတ်တယ်။ . . . တခြားသူတွေကိုအားပေးဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ကျွန်တော့်ကိုယ်ပိုင်အတွေ့အကြုံကနေ သိရှိခဲ့ရတယ်၊ ဒါကြောင့် တခြားသူတွေကို ချီးမွမ်းဖို့ ကျွန်တော် အမြဲ အခွင့်အရေးရှာတယ်။” ချီးမွမ်းစကားက ရှေ့ဆောင်၊ သက်ကြီးရွယ်အိုနဲ့ စိတ်ဓာတ်ကျနေသူတွေအပါအဝင် အားလုံးအတွက် အားပေးမှုဖြစ်စေပါတယ်။—ရော. ၁၂:၁၀

၁၁ အမှားတစ်ခုခုလုပ်ထားသူတစ်ယောက်ကို အကြီးအကဲတွေ ကူညီပေးတဲ့အခါမှာ သူအရင်ကလုပ်ခဲ့တဲ့ ကောင်းတဲ့အရာတွေကို ချီးမွမ်းပေးမယ်ဆိုရင် အမှားလုပ်သူဟာ သူ့ရဲ့အတွေးအခေါ်ကို ပြောင်းလဲပြီး မှန်ရာကို လုပ်ဆောင်လာနိုင်တယ်။ (ဂလ. ၆:၁) အဲဒီအချက်က မိရိအမ်လို့ခေါ်တဲ့ ညီအစ်မတစ်ယောက်ကို ကူညီပေးခဲ့တယ်။ သူဒီလိုရေးတယ်– “ကျွန်မရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတချို့ အသင်းတော်ကနေ ထွက်သွားကြပြီး တစ်ချိန်တည်းမှာ ကျွန်မအဖေ ဦးနှောက်သွေးယိုရောဂါ ခံစားရတဲ့အတွက် အဲဒီအချိန်တွေဟာ ကျွန်မရဲ့ဘဝမှာ အခက်ခဲဆုံးအချိန်တွေပဲ။ ကျွန်မ အရမ်းစိတ်ဓာတ်ကျလာတယ်။ ကျွန်မစိတ်ဓာတ်ကျတာကို ကုစားဖို့အတွက် ကျွန်မ မယုံကြည်သူတစ်ယောက်နဲ့ ရည်းစားထားလိုက်တယ်။” အဲဒီလိုလုပ်လိုက်တဲ့အတွက် သူ့ကိုယ်သူ ယေဟောဝါရဲ့မေတ္တာနဲ့ မထိုက်တန်တော့ဘူးလို့ ခံစားရပြီး အမှန်တရားလမ်းကနေ ထွက်သွားဖို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ အကြီးအကဲတစ်ယောက်က အဲဒီညီအစ်မကို ယေဟောဝါရဲ့အမှုတော်မှာ သူ သစ္စာရှိရှိလုပ်ဆောင်ခဲ့တာတွေကို ပြန်သတိရစေပြီး ယေဟောဝါ သူ့ကိုချစ်နေဆဲပဲဆိုတာ စိတ်ချစေခဲ့တယ်။ အကျိုးရလဒ်ကတော့ ယေဟောဝါကိုချစ်တဲ့ အဲဒီညီအစ်မရဲ့မေတ္တာ ပြန်ခိုင်မာလာတယ်။ သူ့ရည်းစားနဲ့ အဆက်ဖြတ်လိုက်ပြီး ယေဟောဝါရဲ့အမှုတော်မှာ ဆက်ပါဝင်ခဲ့တယ်။

မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနှိုးဆော်ပါ

၁၂။ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုတွေကို တခြားသူတွေနဲ့နှိုင်းယှဉ်တာ၊ အပြစ်တင်တာ၊ အပြစ်ရှိတယ်လို့ ခံစားရအောင်လုပ်တာက ဘာဖြစ်စေနိုင်သလဲ။

၁၂ ဘုရားသခင့်အမှုတော်မှာ ဆက်ပြီး ထက်ထက်သန်သန်ပါဝင်ဖို့ ညီအစ်ကိုတွေကို “တိုက်တွန်းနှိုးဆော်” ရာမှာ ကျွန်ုပ်တို့ သတိထားဖို့တော့လိုတယ်။ သူတို့ကို တခြားသူတွေနဲ့နှိုင်းယှဉ်တာ၊ ကျွန်ုပ်တို့ထုတ်ထားတဲ့ စည်းမျဉ်းတွေကိုမလိုက်လို့ အပြစ်တင်တာ၊ သူတို့ ပိုပြီးမလုပ်နိုင်လို့ အပြစ်ရှိတယ်လို့ ခံစားရအောင်လုပ်တာမျိုး မလုပ်သင့်ဘူး။ အဲဒီလိုလုပ်တာက ခဏအတွက်တော့ ကောင်းရင်ကောင်းမယ်၊ ဒါပေမဲ့ ရေရှည်အကျိုးမရှိဘူး။ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုတွေကို “တိုက်တွန်းနှိုးဆော်” ရာမှာ အကောင်းဆုံးနည်းက သူတို့ကို ချီးမွမ်းပေးခြင်းအပြင် ဘုရားသခင့်အမှုတော်ကို ကျွန်ုပ်တို့ အကောင်းဆုံးလုပ်ဆောင်ချင်တာက ဘုရားသခင်ကိုချစ်တဲ့မေတ္တာကြောင့် ဆိုတာကို နားလည်အောင် ကူညီပေးခြင်းဖြစ်တယ်။—ဖိလိပ္ပိ ၂:၁-၄ ကိုဖတ်ပါ။

“အချင်းချင်းအားပေးကြလော့”

၁၃။ တခြားသူတွေကို အားပေးတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ (ဆောင်းပါးအစမှာပါတဲ့ပုံကို ကြည့်ပါ။)

၁၃ နောက်ဆုံးမှာ ပေါလုက “အချင်းချင်းအားပေး” ရမယ်လို့ ပြောခဲ့တယ်။ တခြားသူတွေကို အားပေးတာကို မီးဆက်ပြီးတောက်နေဖို့ ဒါမှမဟုတ် မီးပိုပြီးတောက်ဖို့ ဆီဖြည့်တာနဲ့ နှိုင်းယှဉ်နိုင်တယ်။ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုတွေကို အားပေးတယ်ဆိုတာက သူတို့ကို အားတက်စေတာ၊ နှစ်သိမ့်ပေးတာဖြစ်တယ်၊ အဲဒါမှ သူတို့ ဘုရားသခင်ကို ဆက်ပြီးအမှုဆောင်နိုင်မယ်။ စိတ်ဓာတ်ကျနေသူတွေကို ကျွန်ုပ်တို့အားပေးတဲ့အခါမှာ ချစ်ခင်၊ ကြင်နာမှုနဲ့ စကားပြောရမှာဖြစ်တယ်။ (သု. ၁၂:၁၈) “နားထောင်ခြင်း၌ လျင်မြန်” ပြီး ‘စကားပြောခြင်း၌ နှေး’ ဖို့လည်းလိုတယ်။ (ယာ. ၁:၁၉) ညီအစ်ကိုပြောတာကို စာနာစိတ်နဲ့နားထောင်ပြီး သူ့ရဲ့ခံစားချက်ကို နားလည်ပေးဖို့ ကြိုးစားမယ်ဆိုရင် သူဘာကြောင့် စိတ်ဓာတ်ကျတာလဲဆိုတာကို သိနိုင်ပြီး သူ့အတွက် အကူအညီဖြစ်စေမယ့်အရာတစ်ခုခုကို ပြောနိုင်မှာဖြစ်တယ်။

အကျိုးပြုတဲ့ပေါင်းသင်းမှုမှာ ပါဝင်ပါ

၁၄။ စိတ်ဓာတ်ကျနေတဲ့ညီအစ်ကိုတစ်ယောက်ကို အကြီးအကဲတစ်ယောက် ဘယ်လို ကူညီပေးခဲ့သလဲ။

၁၄ နှစ်ပေါင်းများစွာ မလှုပ်မရှားဖြစ်နေခဲ့တဲ့ ညီအစ်ကိုတစ်ယောက်ကို ကြင်နာတတ်တဲ့ အကြီးအကဲတစ်ယောက် ဘယ်လို ကူညီပေးနိုင်ခဲ့တယ်ဆိုတာ လေ့လာကြည့်ပါ။ ညီအစ်ကိုပြောတာကို အကြီးအကဲ နားထောင်ကြည့်တဲ့အခါ အဲဒီညီအစ်ကိုက ယေဟောဝါကို တကယ်ချစ်နေသေးတယ်ဆိုတာ သိရတယ်။ ကင်းမျှော်စင် လထုတ်တိုင်းကို သူဖတ်တယ်၊ အစည်းအဝေးတွေကို ပုံမှန်တက်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ အသင်းတော်ထဲက တချို့သူတွေက သူ့ကိုစိတ်ဓာတ်ကျအောင်၊ စိတ်ထိခိုက်အောင် လုပ်တာတွေရှိတယ်။ အကြီးအကဲက ညီအစ်ကိုပြောတာကို သေချာနားထောင်ပေးတယ်၊ သူ့ကိုပြစ်တင်ဝေဖန်တာ မလုပ်ဘဲ သူ့ရဲ့ခံစားချက်ကို နားလည်ပေးတယ်၊ သူနဲ့ သူ့ရဲ့မိသားစုကိုချစ်ကြောင်း စိတ်ချစေခဲ့တယ်။ နောက်ဆုံးမှာ အဲဒီညီအစ်ကိုဟာ သူ့ရဲ့ အရင်ကအဖြစ်အပျက်တွေကြောင့် သူချစ်တဲ့ဘုရားသခင်ကို ဆက်အမှုမဆောင်တော့တာကို သဘောပေါက်သွားတယ်။ အကြီးအကဲက အဲဒီညီအစ်ကိုကို သူနဲ့အတူ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ဖို့ ဖိတ်ခေါ်တယ်။ အဲဒီညီအစ်ကိုဟာ အကြီးအကဲရဲ့အကူအညီနဲ့ အမှုဆောင်လုပ်ငန်းမှာ ပြန်ပါဝင်လာတယ်၊ နောက်ပိုင်းမှာ အရည်အချင်းပြည့်မီလာပြီး အကြီးအကဲအဖြစ် ပြန်အမှုဆောင်ခဲ့တယ်။

အားပေးမှုလိုအပ်နေသူရဲ့စကားကို စိတ်ရှည်ရှည် နားထောင်ပါ (အပိုဒ် ၁၄၊ ၁၅ ကိုကြည့်ပါ)

၁၅။ တခြားသူတွေကို အားပေးတာနဲ့ပတ်သက်ပြီး ယေဟောဝါဆီကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

၁၅ စိတ်ဓာတ်ကျနေသူတစ်ယောက်ဟာ ချက်ချင်း ပြန်အားရှိလာတာ၊ ကျွန်ုပ်တို့ရဲ့အကူအညီကို ချက်ချင်းလက်ခံတာမျိုး ဖြစ်ချင်မှဖြစ်တယ်။ ကျွန်ုပ်တို့ဘက်က သူ့ကိုဆက်ပြီး အားပေးထောက်မနေဖို့ လိုကောင်းလိုမယ်။ ပေါလုက “အားနည်းသောသူတို့ကို ထောက်မပြီး ရှိသမျှသောသူတို့ကို စိတ်ရှည်ကြ” ပါလို့ ပြောခဲ့တယ်။ (၁ သက်. ၅:၁၄) အားနည်းနေသူကို ချက်ချင်းလက်လျှော့လိုက်မယ့်အစား သူတို့အကူအညီလိုအပ်နေသရွေ့ ဆက်ကူညီပေးကြစို့။ အတိတ်ကာလတုန်းက ယေဟောဝါဟာ စိတ်ဓာတ်ကျနေတဲ့ မိမိရဲ့ကျေးကျွန်တွေအပေါ် စိတ်ရှည်ခဲ့တယ်။ ဥပမာ၊ ဘုရားသခင်ဟာ ဧလိယအပေါ် အရမ်းစိတ်ရှည်ပြီး သူ့ရဲ့ခံစားချက်ကို လေးစားခဲ့တယ်။ ဧလိယ ဘုရားသခင့်အမှုကို ဆက်လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့အရာတွေကို ကိုယ်တော်ပေးခဲ့တယ်။ (၃ ရာ. ၁၉:၁-၁၈) နောက်ပုံနမူနာတစ်ခုက ဒါဝိဒ်ပဲ။ ဒါဝိဒ်ဟာ သူလုပ်ခဲ့တဲ့အရာအတွက် တကယ်နောင်တရခဲ့တယ်။ ဒါကို ယေဟောဝါ တွေ့မြင်ပြီး ကြင်နာစွာ ခွင့်လွှတ်ပေးခဲ့တယ်။ (ဆာ. ၅၁:၇၊ ၁၇) ဘုရားသခင်က ဆာလံ ၇၃ ကိုရေးခဲ့သူကိုလည်း ကူညီခဲ့တယ်၊ အဲဒီကျမ်းရေးသူဟာ ဘုရားသခင့်အမှုဆောင်တာကို စွန့်လွှတ်ခါနီးပဲ။ (ဆာ. ၇၃:၁၃၊ ၁၆၊ ၁၇) ယေဟောဝါဟာ ကျွန်ုပ်တို့ကို ကြင်နာစွာ၊ စိတ်ရှည်စွာ ဆက်ဆံတယ်၊ အထူးသဖြင့် ကျွန်ုပ်တို့ စိတ်ဓာတ်ကျနေချိန်မှာဖြစ်တယ်။ (ထွ. ၃၄:၆) ကိုယ်တော့်ကရုဏာတော်ဟာ “မနက်တိုင်း အသစ်အသစ်ဖြစ်နေ” ပြီး “ဘယ်တော့မှ မကုန်ဆုံးဘူး။” (မြည်တမ်း. ၃:၂၂၊ ၂၃ကဘ) ယေဟောဝါဟာ ကိုယ်တော့်စံနမူနာကို ကျွန်ုပ်တို့တုပပြီး စိတ်ဓာတ်ကျနေသူတွေကို ကြင်နာစွာဆက်ဆံဖို့ မျှော်လင့်တယ်။

အသက်လမ်းပေါ်မှာ ဆက်ရှိနေဖို့ တစ်ယောက်ကိုတစ်ယောက် အားပေးပါ

၁၆၊ ၁၇။ စာတန့်ရဲ့ ဆိုးညစ်တဲ့စနစ် ကုန်ဆုံးချိန်နီးလာတာနဲ့အမျှ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ၊ ဘာကြောင့်လဲ။

၁၆ ဇာခ်စင်ဟောင်ဇင်ချွေးတပ်စခန်းကနေ ထွက်လာတဲ့ အကျဉ်းသား ၃၃,၀၀၀ ထဲက သောင်းနဲ့ချီတဲ့အကျဉ်းသားတွေ သေဆုံးသွားခဲ့တယ်။ ဒါပေမဲ့ ချွေးတပ်စခန်းကထွက်လာတဲ့ ယေဟောဝါသက်သေ ၂၃၀ စလုံး အသက်ရှင်ခဲ့တယ်။ သူတို့သာ တစ်ယောက်ကိုတစ်ယောက် အားမပေးခဲ့ဘူး၊ မထောက်မခဲ့ဘူးဆိုရင် အခုလို အသက်ရှင်နိုင်မှာမဟုတ်ဘူး။

၁၇ ယနေ့အချိန်မှာလည်း ကျွန်ုပ်တို့ဟာ “အသက်ရှင်ခြင်းသို့ရောက်သောလမ်း” မှာ ရှိနေကြတယ်။ (မ. ၇:၁၄) မကြာခင်မှာ ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူအားလုံးဟာ ဖြောင့်မတ်ခြင်းတည်နေရာ ကမ္ဘာသစ်ထဲကို စည်းစည်းလုံးလုံး လျှောက်ပြီး ဝင်ကြရတော့မယ်။ (၂ ပေ. ၃:၁၃) စာတန့်ရဲ့ ဆိုးညစ်တဲ့စနစ် ကုန်ဆုံးချိန်နီးလာတာနဲ့အမျှ အသက်လမ်းပေါ်မှာ ဆက်ရှိနေဖို့ တစ်ယောက်ကိုတစ်ယောက် ကူညီပေးကြစို့။