မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆန့်ကျင်ဘက်အချက်တွေကနေ အကျိုးရယူပါ

ဆန့်ကျင်ဘက်အချက်တွေကနေ အကျိုးရယူပါ

ကမ္ဘာပေါ် အသက်ရှင်ခဲ့တဲ့လူတွေထဲမှာ ယေရှုက အကြီးမြတ်ဆုံးဆရာ ဖြစ်တယ်ဆိုတာ သင်သဘောတူတယ်မဟုတ်လား။ မေးခွန်းမေးတာ၊ ဥပမာပေးတာ စတဲ့ ယေရှုရဲ့သွန်သင်နည်းတချို့ကို သင်တုပပြီး အသုံးပြုဖူးပါလိမ့်မယ်။ ဒါ့အပြင် ယေရှုဟာ သူ့ရဲ့သွန်သင်နည်းမှာ ဆန့်ကျင်ဘက်အချက်တွေသုံးတာကို သင်စဉ်းစားဖူးသလား။

လူများစွာဟာ စကားပြောတဲ့အခါမှာ ဆန့်ကျင်ဘက်အချက်တွေကို သုံးတတ်တယ်။ သင်လည်း မရည်ရွယ်ဘဲ သုံးမိတဲ့အခါတွေ ရှိမှာပဲ။ တစ်ခါတလေမှာ သင်ဟာ “သူတို့က အသီးအားလုံးမှည့်ပြီလို့ပြောတယ်၊ ဒါပေမဲ့ ‘ဒါတွေက စိမ်းနေသေးတယ်၊” ဒါမှမဟုတ် “ဒီမိန်းကလေးက အရင်က သိပ်ရှက်တတ်တယ်၊ ဒါပေမဲ့ အခုတော့ အရမ်းဖော်ရွေတာပဲ” လို့ပြောမိနိုင်တယ်။

အဲဒီလိုပြောတဲ့အခါမှာ သင်က အရင်ဆုံး အချက်အလက်တစ်ခုကို ပြောပြတယ်၊ ပြီးတဲ့နောက် ဒါပေမဲ့၊ အဲဒီအစား၊ မူကား၊ မဟုတ် ဆိုတဲ့စကားလုံးတွေကိုသုံးပြီး ဆန့်ကျင်ဘက်အချက်ကို ဖြည့်စွက်ပြောပြတယ်။ ဒါမှမဟုတ် အချက်အလက်တချို့ ထပ်ဖြည့်စွက်ပြီး ဆန့်ကျင်ဘက်အကြောင်းအရာကို ပြောနိုင်တယ်။ သင် အဲဒီလိုပြောတဲ့အခါ သင်ပြောတာတွေက သဘာဝကျပြီး တခြားသူတွေနားလည်ဖို့ အထောက်အကူဖြစ်စေနိုင်တယ်။

တချို့ဘာသာစကား ဒါမှမဟုတ် ယဉ်ကျေးမှုတွေမှာ ဆန့်ကျင်ဘက်အချက်တွေကို သုံးလေ့သုံးထ မရှိပေမဲ့ အဲဒါတွေရဲ့ အသုံးဝင်မှုကို ကျွန်ုပ်တို့ အသိအမှတ်ပြုသင့်တယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ အဲဒီအချက်တွေကို သမ္မာကျမ်းစာမှာ အတော်များများ တွေ့ရလို့ပဲ။ ယေရှုဟာ ဆန့်ကျင်ဘက်အချက်တွေကို အသုံးပြုလေ့ရှိတယ်။ ဒီအချက်တွေကို ပြန်သတိရပါ– “လူတို့သည် မီးခွက်ကိုထွန်း၍ တင်းတောင်းအောက်တွင် ထားလေ့မရှိ။ အိမ်သူအိမ်သားအလင်းရစေရန် မီးခုံပေါ်တွင်သာ တင်ထားလေ့ရှိ၏။” “ငါသည် ပညတ်ကျမ်း၊ ပရောဖက်ကျမ်းတို့ကို ပယ်ဖျက်ရန် လာသည်မဟုတ်၊ ပြည့်စုံစေရန် လာသတည်း။” “‘အိမ်ထောင်ရေးမဖောက်ပြန်ရ’ ဟူသောစကားကို သင်တို့ကြားဖူးကြပြီ။ သို့ရာတွင် ငါဆိုသည်ကား မိန်းမတစ်ဦးကို ဆက်ကြည့်နေ၍ . . . ။” “‘မျက်စိအစား မျက်စိ၊ သွားအစား သွား’ ဟူသောစကားကို သင်တို့ကြားဖူးကြပြီ။ သို့ရာတွင် ငါဆိုသည်ကား လူဆိုးကို မခုခံနှင့်။ မည်သူမဆို သင်၏ညာဘက်ပါးကို ရိုက်လျှင် နောက်ပါးတစ်ဖက်ကိုလည်း လှည့်ပေးဦးလော့။”—မ. ၅:၁၅၊ ၁၇၊ ၂၇၊ ၂၈၊ ၃၈၊ ၃၉

တခြားကျမ်းစောင်တွေမှာလည်း အဲဒီလို ဆန့်ကျင်ဘက်အချက်တွေ ရှိပါတယ်။ အဲဒါတွေက အချက်တစ်ချက်ကို နားလည်ဖို့ ဒါမှမဟုတ် ပိုကောင်းတဲ့နည်းလမ်းတစ်ခုကို အလေးပေးဖော်ပြဖို့ ကျွန်ုပ်တို့အတွက် အကူအညီဖြစ်စေနိုင်တယ်။ သင်က မိဘတစ်ဦးဖြစ်တယ်ဆိုရင် “အဖဖြစ်သူတို့၊ သားသမီးများကို စိတ်ဆိုးစေရန် မပြုကြနှင့်။ ယေဟောဝါဘုရား၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်အတိုင်း မွေးမြူလျက်နေကြလော့” ဆိုတဲ့ ဆန့်ကျင်ဘက်ဖော်ပြချက်ကို စဉ်းစားကြည့်ပါ။ (ဧ. ၆:၄) ဖခင် (ဒါမှမဟုတ် မိခင်) တစ်ဦးဟာ ကလေးတစ်ယောက်ကို ဘုရားသခင့်ဆုံးမပဲ့ပြင်နည်းနဲ့အညီ မွေးမြူသင့်တယ်လို့ပဲ တမန်တော်ပေါလု ရေးခဲ့မယ်ဆိုရင်လည်း မှန်ပါတယ်။ ဒါပေမဲ့ ‘သားသမီးများကို စိတ်ဆိုးစေရန် မပြုဘဲ ယေဟောဝါဘုရား၏ စိတ်သဘောတော်အတိုင်း မွေးမြူလျက်နေ’ ပါဆိုတဲ့ဖော်ပြချက်က ဆိုလိုရင်းကို ပိုပြီးရှင်းရှင်းလင်းလင်း နားလည်စေပါတယ်။

အဲဒီအခန်းမှာပဲ ပေါလုက “ငါတို့သည် အသွေးအသားဖြစ်သော လူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်နေကြသည်မဟုတ်။ . . . ကောင်းကင်အရပ်ရှိ နတ်ဆိုးများနှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန်နေကြ၏” လို့ရေးခဲ့တယ်။ (ဧ. ၆:၁၂) ဒီဆန့်ကျင်ဘက်အချက်က ကျွန်ုပ်တို့ဟာ အလွန်အရေးကြီးတဲ့ တိုက်ပွဲတစ်ခုကို တိုက်နေရတယ်ဆိုတာ နားလည်ဖို့ အထောက်အကူပြုတယ်။ တိုက်ပွဲက လူတွေနဲ့တိုက်ရတာမဟုတ်ဘူး၊ နတ်ဆိုးတွေနဲ့တိုက်ရတာဖြစ်တယ်။

ဆန့်ကျင်ဘက်အချက်တွေကနေ အကျိုးရယူပါ

ဧဖက်ကျမ်းမှာပဲ ဆန့်ကျင်ဘက်အချက်တွေကို ပေါလု အသုံးပြုထားတဲ့ ကျမ်းချက်တွေအများကြီးကို သင် တွေ့ရမှာဖြစ်တယ်။ အဲဒီကျမ်းချက်တွေကို တွေးတောဆင်ခြင်တာက ပေါလုပြောချင်တဲ့အချက်ကို နားလည်စေပြီး ကျွန်ုပ်တို့ လုပ်သင့်တာကို ပိုရှင်းရှင်းလင်းလင်း သိရှိစေတယ်။

ဧဖက် အခန်းကြီး ၄ နဲ့ မှာပါတဲ့ ဆန့်ကျင်ဘက်အချက်တချို့ကို ဖော်ပြထားတဲ့ ပူးတွဲပါပုံစံကားချပ်ကို လေ့လာရတာကို သင်နှစ်သက်ပါလိမ့်မယ်။ အဲဒီမှာပါတဲ့ အချက်တစ်ချက်စီကို ဖတ်တဲ့အခါသင့်အသက်တာအကြောင်း ထည့်စဉ်းစားပါ။ သင့်ကိုသင် ဒီလိုမေးပါ– ‘ရိုးရိုးသားသားပြောရရင် ငါ့စိတ်သဘောထား ဘယ်လိုရှိသလဲ။ အဲဒီလိုအခြေအနေ ဒါမှမဟုတ် အဲဒါနဲ့ဆင်တူတဲ့အခြေအနေမျိုးမှာဆိုရင် ငါ ဘယ်လိုတုံ့ပြန်သလဲ။ အဲဒီဆန့်ကျင်ဘက်အချက်နှစ်ချက်ထဲမှာ ငါက ဘယ်အချက်နဲ့ကိုက်ညီတယ်လို့ တခြားသူတွေ မှတ်ချက်ချမလဲ။’ အဲဒီမှာပါတဲ့ ဆန့်ကျင်ဘက်အချက်တစ်ချက်ကို သင် လုပ်ဆောင်ဖို့လိုတယ်ဆိုတာ သိရင် ကြိုးစားပြီးလုပ်ကြည့်ပါ။ ဆန့်ကျင်ဘက်အချက်ကနေ အကျိုးရယူပါ။

ပုံစံကားချပ်ကို သင့်မိသားစုဝတ်ပြုမှုမှာ အသုံးပြုနိုင်ပါတယ်။ အရင်ဆုံး မိသားစုဝင်တွေအားလုံး ဆန့်ကျင်ဘက်အချက်တွေကို ဖတ်ပါ။ ပြီးတဲ့နောက် တစ်ယောက်က ဆန့်ကျင်ဘက်အချက်မှာပါတဲ့ ပထမအပိုင်းကိုဖတ်ပါ၊ ကျန်တဲ့သူတွေက ဒုတိယအပိုင်းမှာပါတဲ့အချက်ကို မှတ်မိဖို့ကြိုးစားပါ။ ပြီးတဲ့နောက် ဒုတိယအပိုင်းမှာပါတဲ့အချက်ကို အပြည့်အဝလုပ်ဆောင်နိုင်ပုံကို မိသားစုလိုက် ဆွေးနွေးနိုင်ပါတယ်။ အဲဒီနည်းနဲ့ ဆန့်ကျင်ဘက်အချက်တွေကို လေ့လာခြင်းက မိသားစုအတွင်းနဲ့ တခြားနေရာတွေမှာ ခရစ်ယာန်အမူအကျင့်ကို တင်ပြဖို့ လူကြီးလူငယ်အားလုံးကို ကူညီပေးနိုင်ပါလိမ့်မယ်။

ဒုတိယအပိုင်းမှာပါတဲ့ ဆန့်ကျင်ဘက်အချက်ကို မှတ်မိသလား

ဆန့်ကျင်ဘက်အချက်တွေရဲ့ အသုံးဝင်မှုကို ပိုပြီး သိရှိလာတာနဲ့အမျှ ကျမ်းစာမှာပါတဲ့ တခြားဆန့်ကျင်ဘက်အချက်တွေကိုလည်း သတိထားမိလာပါလိမ့်မယ်၊ အဲဒါတွေက သင့်ခရစ်ယာန်အမှုဆောင်လုပ်ငန်းမှာ အများကြီးအထောက်အကူပြုတယ်ဆိုတာ သိရပါလိမ့်မယ်။ ဥပမာ၊ သင်က အိမ်ရှင်ကို “လူမှာ မသေနိုင်တဲ့ဝိညာဉ်ရှိတယ်လို့ လူအများက ပြောကြတယ်၊ ဒါပေမဲ့ ကျမ်းစာမှာ ဘယ်လိုပြောတယ်ဆိုတာ ကြည့်ရအောင်” လို့ပြောနိုင်တယ်။ ဒါမှမဟုတ် ကျမ်းစာသင်တဲ့အခါမှာ “ဒီဒေသက လူအများစုက ဘုရားသခင်နဲ့ ယေရှုဟာ တစ်ပါးတည်းပဲလို့ ပြောကြတယ်။ ဒါပေမဲ့ ကျမ်းစာမှာ ဘယ်လိုပြောထားသလဲ။ ခင်ဗျား ဘယ်လို ယုံကြည်သလဲ” လို့ မေးနိုင်တယ်။

ကျမ်းစာမှာ မှတ်သားဖွယ်ကောင်းတဲ့ ဆန့်ကျင်ဘက်အချက်တွေ အများကြီးပါတယ်၊ အဲဒါတွေက ဘုရားသခင့်နည်းလမ်းအတိုင်း လိုက်လျှောက်ဖို့ ကျွန်ုပ်တို့ကို ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် တခြားသူတွေ ကျမ်းစာအမှန်တရားသိလာအောင်လည်း ဆန့်ကျင်ဘက်အချက်တွေကို အသုံးပြုပြီး ကူညီပေးနိုင်ပါတယ်။