မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် ပြုပြင်ပြောင်းလဲပြီးပြီလား

သင် ပြုပြင်ပြောင်းလဲပြီးပြီလား

“သင်တို့၏စိတ်သဘောကို ပြုပြင်ပြောင်းလဲကြလော့။”—ရော. ၁၂:၂

၁၊ ၂။ ကျွန်ုပ်တို့ ကြီးပြင်းလာပုံနဲ့ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်အခြေအနေက ကျွန်ုပ်တို့အပေါ် ဘယ်လို ဩဇာသက်ရောက်သလဲ။

ကျွန်ုပ်တို့ ကြီးပြင်းလာပုံနဲ့ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်အခြေအနေက ကျွန်ုပ်တို့အပေါ် အလွန် ဩဇာသက်ရောက်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ အဝတ်အစားနဲ့ အစားအသောက်တွေမှာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူကြဘူး၊ အမူအကျင့်တွေလည်း ကွဲပြားကြတယ်။

ဒါပေမဲ့ ကျွန်ုပ်တို့စားတဲ့ အစားအသောက်၊ ဝတ်တဲ့ အဝတ်အစားထက် ပိုအရေးကြီးတဲ့အရာတွေ ရှိတယ်။ ဥပမာအနေနဲ့ ကျွန်ုပ်တို့ဟာ ကြီးပြင်းလာတာနဲ့အမျှ ဘယ်ဟာက မှန်တယ်၊ ဘယ်ဟာက မှားတယ်ဆိုတာ သင်ပေးခံရတယ်။ ဒါပေမဲ့ လူတွေမှာ အမှားအမှန်နဲ့ပတ်သက်လို့ အယူအဆအမျိုးမျိုး ရှိကြတယ်။ ကျွန်ုပ်တို့ရဲ့ ဩတ္တပ္ပစိတ်ကလည်း ကျွန်ုပ်တို့ရဲ့ ရွေးချယ်မှုတွေအပေါ် ဩဇာလွှမ်းမိုးတယ်။ ကျမ်းစာက “ပညတ်တရားမရှိသောလူမျိုးခြားတို့သည် သဘာဝအလျောက် ပညတ်တရား၏မူများကို ပြုကျင့်” လေ့ရှိတယ်လို့ ဖော်ပြထားတယ်။ (ရော. ၂:၁၄) ဒါက တိကျတဲ့ ဘုရားသခင့်ပညတ် မရှိဘူးဆိုရင် ကျွန်ုပ်တို့ရဲ့မိသားစု ဒါမှမဟုတ် ကျွန်ုပ်တို့နေထိုင်တဲ့ဒေသရဲ့ စံနှုန်းတွေ၊ ဓလေ့ထုံးစံတွေအတိုင်း လုပ်လို့ရတယ်ဆိုတဲ့ သဘောမျိုးလား။

၃။ ခရစ်ယာန်တွေ လောကစံနှုန်းတွေနောက် မလိုက်တဲ့ အကြောင်းရင်းနှစ်ခုက ဘာလဲ။

ခရစ်ယာန်တွေ အဲဒီလိုမလုပ်တဲ့ အကြောင်းရင်း အနည်းဆုံးနှစ်ခုရှိတယ်။ ပထမ၊ ကျမ်းစာက “လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း အဆုံး၌ သေခြင်းသို့ပို့သော လမ်းတစ်မျိုးရှိ၏” ဆိုပြီး သတိပေးထားတယ်။ (သု. ၁၆:၂၅) ကျွန်ုပ်တို့က မစုံလင်တဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကို တိကျမှန်ကန်စွာ လမ်းမညွှန်နိုင်ဘူး။ (သု. ၂၈:၂၆; ယေ. ၁၀:၂၃) ဒုတိယ၊ လောကမှာ ရေပန်းစားနေတဲ့အရာတွေနဲ့ လောကရဲ့စံနှုန်းတွေကို “ဤလောကစနစ်၏ဘုရား” စာတန်က ကြိုးကိုင်ခြယ်လှယ်နေတယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (၂ ကော. ၄:၄; ၁ ယော. ၅:၁၉) ဒါကြောင့် ကျွန်ုပ်တို့ဟာ ယေဟောဝါရဲ့ကောင်းချီးနဲ့ မျက်နှာသာကို ရချင်တယ်ဆိုရင် ရောမ ၁၂:၂ (ဖတ်ပါ) မှာ ပြောထားတဲ့အချက်ကို လိုက်နာရမယ်။

၄။ ဒီဆောင်းပါးမှာ ကျွန်ုပ်တို့ ဘာတွေကို လေ့လာကြမလဲ။

ဒီဆောင်းပါးမှာ ရောမ ၁၂:၂ မှာပါတဲ့ အရေးကြီးတဲ့အချက် သုံးချက်ကို လေ့လာသွားမှာ ဖြစ်တယ်။ အဲဒါတွေက (၁) ကျွန်ုပ်တို့ ဘာကြောင့် “ပြုပြင်ပြောင်းလဲ” ဖို့ လိုသလဲ၊ (၂) ဘာတွေကို ပြုပြင်ပြောင်းလဲရမလဲ၊ (၃) ကျွန်ုပ်တို့ ဘယ်လို ပြုပြင်ပြောင်းလဲနိုင်သလဲ စတာတွေဖြစ်တယ်။

ကျွန်ုပ်တို့ ဘာကြောင့် “ပြုပြင်ပြောင်းလဲ” ဖို့ လိုသလဲ

၅။ ရောမ ၁၂:၂ မှာပါတဲ့ ပေါလုရဲ့စကားတွေက ဘယ်သူတွေအတွက်လဲ။

ရောမမြို့ကိုရေးခဲ့တဲ့ ပေါလုရဲ့စာက ရောမမြို့မှာရှိတဲ့ လူအားလုံးအတွက် မဟုတ်ဘဲ အဲဒီမှာရှိတဲ့ ဘိသိက်ခံခရစ်ယာန်တွေအတွက် ဖြစ်တယ်။ (ရော. ၁:၇) ပေါလုက သူတို့ကို ပြုပြင်ပြောင်းလဲဖို့နဲ့ “လောကစနစ်၏ပုံစံကို မလိုက်ကြနှင့်တော့” ဆိုပြီး တိုက်တွန်းခဲ့တယ်။ အေဒီ ၅၆ တုန်းက ရောမမြို့မှာရှိတဲ့ ခရစ်ယာန်တွေအတွက် “လောကစနစ်” ဆိုတဲ့အထဲမှာ အမှားအမှန်နဲ့ပတ်သက်တဲ့ ရောမတွေရဲ့ စဉ်းစားတွေးခေါ်ပုံ၊ သူတို့ရဲ့ဓလေ့ထုံးစံတွေ၊ အမူအကျင့်တွေနဲ့ ဝတ်စားဆင်ယင်ပုံတွေ ပါဝင်တယ်။ အဲဒီက ညီအစ်ကိုညီအစ်မတချို့ဟာ ရောမတွေလုပ်သလို ဆက်လုပ်နေကြလို့ ပေါလုက “မလိုက်ကြနှင့်တော့” လို့ပြောခဲ့တာဖြစ်တယ်။ ဘယ်အရာတွေက သူတို့အပေါ် ဩဇာလွှမ်းမိုးထားသလဲ။

၆၊ ၇။ ပေါလုအချိန်တုန်းက ရောမမှာ ခရစ်ယာန်ဖြစ်ဖို့ ဘာကြောင့် ခက်ခဲသလဲ။

ယနေ့ ကမ္ဘာလှည့်ခရီးသည်တွေ ရောမကို သွားတဲ့အခါ ဘုရားကျောင်းတွေ၊ သင်္ချိုင်းဂူတွေ၊ အထိမ်းအမှတ်ကျောက်တိုင်တွေ၊ အားကစားကွင်းတွေနဲ့ ပြဇာတ်ရုံတွေရဲ့ အပျက်အယွင်းတွေကို တွေ့ရတယ်။ အဲဒါတွေထဲက တချို့ဟာ ပထမရာစုတုန်းက အဆောက်အဦတွေဖြစ်တယ်။ အဲဒါတွေကနေ ရှေးခေတ်ရောမတွေရဲ့ လူနေမှုဘဝနဲ့ ဝတ်ပြုမှုပုံစံတွေကို သိရှိနိုင်တယ်။ ရက်စက်တဲ့ ဂလက်ဒီယေတာ သတ်ပုတ်ပြိုင်ပွဲတွေ၊ စစ်မြင်းရထားပြိုင်ပွဲတွေ၊ တချို့ အကျင့်ပျက်ပြဇာတ်တွေနဲ့ တေးဂီတဖျော်ဖြေပွဲ အကြောင်းတွေကိုလည်း သမိုင်းစာအုပ်တွေမှာ ကျွန်ုပ်တို့ ဖတ်ရတယ်။ ရောမမြို့ဟာ ငွေရှာလို့ကောင်းတဲ့ စီးပွားရေးမြို့တော်ဖြစ်တယ်။—ရော. ၆:၂၁; ၁ ပေ. ၄:၃၊ ၄

ရောမလူမျိုးမှာ ဘုရားကျောင်းတွေ၊ ဘုရားတွေ အများကြီးရှိပေမဲ့ သူတို့တွေက သူတို့ရဲ့ဘုရားတွေနဲ့ စစ်မှန်တဲ့၊ ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ မကြိုးစားခဲ့ကြဘူး။ ရောမတွေရဲ့ဘာသာရေးဟာ အဓိကအနေနဲ့ မွေးဖွားခြင်းပွဲ၊ ထိမ်းမြားလက်ထပ်ခြင်းနဲ့ အသုဘအခမ်းအနားတွေမှာ ပါဝင်တာကို အလေးပေးတယ်။ ဒီထုံးတမ်းစဉ်လာတွေက သူတို့ နေ့စဉ် လုပ်ဆောင်ရတဲ့အရာတွေပဲ။ ရောမမြို့မှာရှိတဲ့ ခရစ်ယာန်တွေအတွက် အလွန်ခက်ခဲမှာ သေချာပါတယ်။ သူတို့ထဲက များစွာဟာ မှားတဲ့ဘုရားတွေကို ကိုးကွယ်ပြီး ကြီးပြင်းလာတာဖြစ်လို့ စစ်မှန်တဲ့ခရစ်ယာန်တွေဖြစ်ဖို့ လုံးလုံး ပြုပြင်ပြောင်းလဲရမှာ ဖြစ်တယ်။ နှစ်ခြင်းခံပြီးတာတောင် ဆက်ပြီး ပြောင်းလဲနေရမှာ ဖြစ်တယ်။

၈။ ယနေ့ လောကဟာ ဘာဖြစ်လို့ ခရစ်ယာန်တွေအတွက် အန္တရာယ်ရှိတဲ့နေရာ ဖြစ်သလဲ။

အဲဒီလိုပဲ၊ လက်ရှိလောကလည်း ခရစ်ယာန်တွေအတွက် အန္တရာယ်များတဲ့နေရာပဲ။ အကြောင်းကတော့ လောကစိတ်ဓာတ်ဟာ နေရာတိုင်းမှာ ပျံ့နှံ့နေတယ်။ (ဧဖက် ၂:၂၊ ၃; ၁ ယောဟန် ၂:၁၆ တို့ကိုဖတ်ပါ။) လောကရဲ့ လိုအင်ဆန္ဒတွေ၊ အတွေးအခေါ်တွေ၊ စာရိတ္တစံနှုန်းတွေနဲ့ ကျွန်ုပ်တို့ ထိတွေ့နေရလို့ လောကရဲ့ ဩဇာလွှမ်းမိုးမှုအန္တရာယ်နဲ့ မပြတ် ရင်ဆိုင်နေရတယ်။ ဒါကြောင့် “လောကစနစ်၏ပုံစံကို မလိုက်ကြနှင့်တော့၊” “ပြုပြင်ပြောင်းလဲကြလော့” ဆိုတဲ့ သတိပေးချက်တွေကို ကျွန်ုပ်တို့ တကယ် နားထောင်ဖို့ လိုအပ်တယ်။ ကျွန်ုပ်တို့ ဘာတွေကို ပြုပြင်ပြောင်းလဲဖို့ လိုသလဲ။

ဘာတွေကို ပြုပြင်ပြောင်းလဲရမလဲ

၉။ နှစ်ခြင်းမခံခင် ဘာတွေကို ပြုပြင်ပြောင်းလဲကြရသလဲ။

လူတစ်ယောက် ကျမ်းစာလေ့လာပြီး သိရှိတာတွေကို လက်တွေ့ကျင့်သုံးနေပြီဆိုရင် သူဟာ ယေဟောဝါနဲ့ စတင်ရင်းနှီးလာပြီ။ အယူမှားဘာသာကနေထွက်ပြီး သူ့ဘဝမှာ အပြောင်းအလဲတွေလုပ်တယ်။ စရိုက်သစ်ကိုမွေးမြူပြီး ယေရှုကို တုပဖို့ ကြိုးစားတယ်။ (ဧ. ၄:၂၂-၂၄) နှစ်စဉ်နှစ်တိုင်း သိန်းနဲ့ချီတဲ့သူတွေ အဲဒီလိုတိုးတက်လာပြီး မိမိတို့ကိုယ်ကို ယေဟောဝါထံ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံနေကြတာကို မြင်တွေ့ရတဲ့အတွက် ကျွန်ုပ်တို့ ပျော်ရွှင်ကြတယ်။ ဒါက ယေဟောဝါကိုလည်း ပျော်ရွှင်စေမယ်ဆိုတာ သေချာပါတယ်။ (သု. ၂၇:၁၁) ဒါပေမဲ့ ကျွန်ုပ်တို့ ပြုပြင်ပြောင်းလဲရမှာက ဒါတွေပဲလား။

လူများစွာဟာ စာတန့်လောက,ကနေထွက်ပြီး ပြုပြင်ပြောင်းလဲဖို့ လိုအပ် (အပိုဒ် ၉ ကို ကြည့်ပါ)

၁၀။ ပြုပြင်ပြောင်းလဲတာက ဘာကြောင့် ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်တာထက် ပိုပါဝင်ပတ်သက်သလဲ။

၁၀ ပြုပြင်ပြောင်းလဲတယ်လို့ ပြောတဲ့အခါမှာ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်တာထက်မက ပိုပါဝင်ပတ်သက်တယ်။ ကျမ်းစာအဘိဓာန်တစ်အုပ်က ရောမ ၁၂:၂ မှာ ပြောထားတဲ့ “ပြုပြင်ပြောင်းလဲ” ဆိုတဲ့ အသုံးအနှုန်းဟာ သန့်ရှင်းသောစွမ်းအားတော်အကူအညီနဲ့ ကျွန်ုပ်တို့ရဲ့ အတွေးအခေါ်ကို အသစ်ဖြစ်စေတာ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲတာ ပါဝင်တယ်လို့ ဖော်ပြတယ်။ ဒါကြောင့် ခရစ်ယာန်တစ်ယောက်ရဲ့ ပြုပြင်ပြောင်းလဲမှုက မကောင်းတဲ့အမူအကျင့်၊ အပြောအဆိုတွေနဲ့ အကျင့်ပျက်တာတွေကို မလုပ်ရုံလောက်ပဲ မဟုတ်ဘူး။ ကျမ်းစာကိုမသိတဲ့ တချို့သူတွေတောင် အဲဒီမကောင်းတဲ့အရာတွေကို ရှောင်ကြတယ်။ ဒါဆိုရင် ခရစ်ယာန်တစ်ယောက် ပြုပြင်ပြောင်းလဲရမယ့်အရာတွေထဲမှာ ဘာတွေပါဝင်သလဲ။

၁၁။ လူတစ်ယောက် ပြုပြင်ပြောင်းလဲဖို့ ဘာလိုအပ်တယ်လို့ ပေါလု ပြောခဲ့သလဲ။

၁၁ “သင်တို့၏စိတ်သဘောကို ပြုပြင်ပြောင်းလဲကြလော့” ဆိုပြီး ပေါလုရေးခဲ့တယ်။ “စိတ်သဘော” ဆိုတဲ့စကားလုံးကို ကျမ်းစာမှာ အသုံးပြုတဲ့အခါ ကျွန်ုပ်တို့ရဲ့ လိုအင်ဆန္ဒ၊ သဘောထားနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ဆိုလိုတယ်။ ရောမမြို့ကိုရေးလိုက်တဲ့စာ အစပိုင်းမှာ ပေါလုက “နှစ်သက်တော်မမူသည့် စိတ်အခြေအနေ” ကို တင်ပြသူတွေအကြောင်း ဖော်ပြခဲ့တယ်။ အဲဒီလူတွေက “မဖြောင့်မတ်ခြင်း၊ ဆိုးညစ်ခြင်း၊ တပ်မက်ခြင်း၊ မိုက်မဲခြင်း၊ ငြူစူခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း” တွေနဲ့ တခြား မကောင်းတဲ့အရာတွေကို လုပ်ဆောင်ကြတယ်။ (ရော. ၁:၂၈-၃၁) ဒီလို လူတွေရဲ့ဝန်းကျင်မှာနေထိုင်ရတဲ့ ခရစ်ယာန်တွေကို ပေါလု ဘာကြောင့် ‘စိတ်သဘောကို ပြုပြင်ပြောင်းလဲကြ’ ဖို့ တိုက်တွန်းတယ်ဆိုတာ ကျွန်ုပ်တို့ နားလည်နိုင်ပါတယ်။

‘ခပ်သိမ်းသော စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်း တို့ကို ဖယ်ရှားကြလော့။’—ဧ. ၄:၃၁

၁၂။ ယနေ့ခေတ်လူတွေ ဘယ်သဘောထားတွေကို တင်ပြနေသလဲ။ အဲဒီလိုသဘောထားတွေက ခရစ်ယာန်တွေအတွက် ဘာကြောင့် အန္တရာယ်ရှိသလဲ။

၁၂ ဝမ်းနည်းစရာက ကျွန်ုပ်တို့ရဲ့ ဝန်းကျင်မှာရှိတဲ့သူတွေဟာ ပေါလုဖော်ပြခဲ့တဲ့ စိတ်သဘောထားကို တင်ပြနေကြတယ်။ စံနှုန်းတွေ၊ မူတွေနဲ့အညီ နေထိုင်တာက ခေတ်နောက်ကျသွားပြီ၊ အဲဒီလိုနေထိုင်ဖို့ ဘယ်သူကမှ တခြားသူတွေကို မတိုက်တွန်းသင့်ဘူးလို့ သူတို့ ယူဆကြတယ်။ ဆရာ၊ မိဘများစွာက ကလေးတွေကို စိတ်တိုင်းကျ လုပ်ချင်သလိုလုပ်ဖို့ ခွင့်ပြုထားကြတယ်။ ကိုယ့်အတွက် ဘယ်ဟာမှားတယ်၊ ဘယ်ဟာမှန်တယ်ဆိုတာကို ကိုယ်တိုင် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့တောင် သင်ပေးကြတယ်။ အမှားနဲ့အမှန်ကို သဲသဲကွဲကွဲသိဖို့ မဖြစ်နိုင်ဘူးလို့ သူတို့ ခံယူထားကြတယ်။ ဘုရားသခင်ကို ယုံကြည်တယ်လို့ ပြောတဲ့သူတွေတောင်မှ ဘုရားသခင်နဲ့ ကိုယ်တော့်ပညတ်တွေကို လိုက်နာစရာမလိုဘဲ သူတို့ မှန်တယ်လို့ ထင်တဲ့အတိုင်း လုပ်လို့ရတယ်လို့ ယူဆကြတယ်။ (ဆာ. ၁၄:၁) ဒီသဘောထားက ခရစ်ယာန်တွေအတွက် အန္တရာယ်ရှိတယ်။ ကျွန်ုပ်တို့ ဂရုမစိုက်ဘူးဆိုရင် ဘုရားသခင့်အဖွဲ့အစည်းကပေးတဲ့ လမ်းညွှန်ချက်တွေကို မလိုက်နာတော့တဲ့အပြင် ကိုယ့်အကြိုက်နဲ့ မကိုက်ညီတဲ့အရာတွေကို အပြစ်တင်လာနိုင်တယ်။ ဒါမှမဟုတ် ဖျော်ဖြေရေး၊ အင်တာနက်အသုံးပြုပုံ၊ အဆင့်မြင့်ပညာရေးနဲ့ပတ်သက်တဲ့ ကျမ်းစာလမ်းညွှန်ချက်တွေကို ကျွန်ုပ်တို့ အပြည့်အဝ မလိုက်နာတာမျိုး ဖြစ်လာနိုင်တယ်။

၁၃။ ကျွန်ုပ်တို့ ဘာကြောင့် ကိုယ့်ကိုယ်ကို ရိုးရိုးသားသား ဆန်းစစ်သင့်သလဲ။

၁၃ လောကစနစ်ရဲ့ပုံစံကို မလိုက်ဖို့ဆိုရင် ကျွန်ုပ်တို့ရဲ့ အတွေးအခေါ်နဲ့ ခံစားချက်တွေမှာ လောကရဲ့ ပုံသွင်းမှုကိုမခံဘဲ ကိုယ်ဟာ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာ ရိုးရိုးသားသား ဆန်းစစ်ဖို့လိုတယ်။ ကျွန်ုပ်တို့ရဲ့ သဘောထား၊ ခံစားချက်၊ ပန်းတိုင်တွေနဲ့ စံနှုန်းတွေကို ဆန်းစစ်ဖို့လိုတယ်။ တခြားသူတွေက ကျွန်ုပ်တို့ရဲ့အတွင်းသဘောကို မသိနိုင်လို့ ကျွန်ုပ်တို့ကို ကောင်းတယ်လို့ပဲ ပြောကြမယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ဟာ ကျမ်းစာကနေ သိရှိခဲ့တာတွေနဲ့အညီ ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲပြီးပြီလား၊ ဆက်ပြီး ပြောင်းလဲနေသလားဆိုတာ ကိုယ့်ကိုယ်ကို အသိဆုံးပါပဲ။—ယာကုပ် ၁:၂၃-၂၅ ကို ဖတ်ပါ။

ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲနိုင်ပုံ

၁၄။ ကျွန်ုပ်တို့ ပြုပြင်ပြောင်းလဲရမယ့် အရာတွေကို သိနိုင်ဖို့ ဘာက ကူညီပေးနိုင်သလဲ။

၁၄ ပြုပြင်ပြောင်းလဲဖို့ဆိုရင် ကျွန်ုပ်တို့ရဲ့နှလုံးထဲမှာရှိတဲ့အရာ၊ တစ်နည်းအားဖြင့် ကျွန်ုပ်တို့ရဲ့အတွင်းစိတ်သဘောထားကို ပြုပြင်ပြောင်းလဲဖို့လိုတယ်။ အဲဒီလိုပြောင်းလဲဖို့ ဘာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သလဲ။ ကျမ်းစာကို ကျွန်ုပ်တို့ လေ့လာတဲ့အခါ ယေဟောဝါဟာ ကျွန်ုပ်တို့ကို ဘယ်လိုလူစားမျိုး ဖြစ်စေချင်တယ်ဆိုတာ သိလာတယ်။ ကျမ်းစာကနေ သိရှိလာတဲ့အရာတွေနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ရဲ့တုံ့ပြန်ပုံက ကျွန်ုပ်တို့စိတ်နှလုံးထဲမှာ အမှန်တကယ် ဘာရှိတယ်ဆိုတာကို သိမြင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ အဲဒါက “ဘုရားသခင့် အလိုတော်အတိုင်း” လုပ်ဆောင်နိုင်ဖို့ ပြုပြင်ပြောင်းလဲရမယ့် အရာတွေကို သိရှိစေတယ်။—ရော. ၁၂:၂; ဟေဗြဲ ၄:၁၂

၁၅။ ယေဟောဝါ ကျွန်ုပ်တို့ကို ပုံသွင်းပေးတဲ့အခါ ဘယ်လိုပြောင်းလဲသွားသလဲ။

၁၅ ဟေရှာယ ၆၄:၈ ကိုဖတ်ပါ။ ပရောဖက်ဟေရှာယ အသုံးပြုခဲ့တဲ့ ပုံဥပမာက ကျွန်ုပ်တို့ကို အရေးကြီးတဲ့သင်ခန်းစာတစ်ခု သင်ပေးတယ်။ အိုးထိန်းသမားဖြစ်တဲ့ ယေဟောဝါက ရွှံ့မြေဖြစ်တဲ့ ကျွန်ုပ်တို့ကို ဘယ်လိုပုံသွင်းပေးသလဲ။ ကိုယ်တော်က ကျွန်ုပ်တို့ရဲ့ အပြင်ပန်းအသွင်အပြင်ကို မပြောင်းလဲပေးဘူး။ အဲဒီအစား ကျွန်ုပ်တို့ရဲ့အတွင်းစိတ်သဘောထားကို ပြောင်းလဲပေးတယ်။ ကိုယ်တော်ရဲ့ပုံသွင်းပေးမှုကို ကျွန်ုပ်တို့ လက်ခံလိုက်တဲ့အခါ ကျွန်ုပ်တို့ရဲ့ အတွင်းစိတ်သဘောထားကို ပြုပြင်ပြောင်းလဲပေးဖို့ ယေဟောဝါကို ခွင့်ပြုလိုက်တာဖြစ်တယ်၊ ဆိုလိုတာက ကျွန်ုပ်တို့ရဲ့ ခံစားချက်နဲ့ စဉ်းစားတွေးတောပုံကို ပြောင်းလဲဖို့ ကိုယ်တော် ကူညီပေးတယ်။ အဲဒါက ကျွန်ုပ်တို့ အမှန်တကယ်လိုအပ်တဲ့အရာပဲ၊ အဲဒါမှ လောကရဲ့သြဇာလွှမ်းမိုးမှုတွေကို ကျွန်ုပ်တို့ တွန်းလှန်နိုင်မယ်။ ယေဟောဝါ ကျွန်ုပ်တို့ကို ဘယ်လို ပုံသွင်းပေးသလဲ။

၁၆၊ ၁၇။ (က) အဖိုးတန်အိုးတစ်လုံးလုပ်ဖို့ အိုးထိန်းသမားက ရွှံ့မြေကို ဘာလုပ်သလဲ။ (ခ) ယေဟောဝါအသုံးပြုလို့ရတဲ့ အဖိုးတန်အိုးအဖြစ် ပြုပြင်ပြောင်းလဲနိုင်ဖို့ ကျွန်ုပ်တို့ကို သမ္မာကျမ်းစာက ဘယ်လို ကူညီပေးသလဲ။

၁၆ အိုးကောင်းတစ်လုံးရဖို့အတွက် အိုးထိန်းသမားက အကောင်းစားရွှံ့မြေကို အသုံးပြုမှာဖြစ်တယ်။ ဒါပေမဲ့ အိုးထိန်းသမားက အိုးကို ပုံမသွင်းခင်မှာ အချက်နှစ်ချက် လုပ်ဆောင်ဖို့လိုတယ်။ ပထမအချက်က ရွှံ့မြေကို သန့်စင်အောင်လုပ်ဖို့ လိုတယ်။ အဲဒီနောက် ရွှံ့မြေကို သင့်တော်တဲ့ရေပမာဏနဲ့ ရောစပ်ပြီး ပျော့ပျောင်းအောင်လုပ်တယ်၊ အဲဒါမှ ပုံသွင်းတဲ့အခါ လိုချင်တဲ့အိုးပုံစံ ရမှာဖြစ်တယ်။

၁၇ အိုးထိန်းသမားဟာ ရွှံ့မြေကို သန့်စင်ဖို့နဲ့ ပျော့ပျောင်းအောင်လုပ်ဖို့ ရေကိုသုံးတယ်။ အဲဒီနောက် အိုးထိန်းသမားဟာ သူလိုချင်တဲ့အိုးပုံစံကို လုပ်တယ်၊ လက်ရာမြောက်တဲ့အိုးတစ်လုံးတောင် ဖြစ်နိုင်တယ်။ ရေက ရွှံ့မြေကို ပြောင်းလဲအောင်လုပ်လိုက်သလိုပဲ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ပြောင်းလဲပေးတယ်။ ဘုရားသခင်အကြောင်း ကျွန်ုပ်တို့ စလေ့လာတဲ့အချိန်မှာ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို လောက,ကလူတွေလို မစဉ်းစားတော့ဘဲ ဘုရားသခင်စဉ်းစားတဲ့အတိုင်း စဉ်းစားတတ်ဖို့ ကူညီပေးတယ်။ အဲဒီနောက် ကိုယ်တော်က သူအသုံးပြုလို့ရတဲ့ အဖိုးတန်အိုးတစ်လုံးဖြစ်ဖို့ ကျွန်ုပ်တို့ကို ပုံသွင်းနိုင်တယ်။ (ဧ. ၅:၂၆) ကျမ်းစာကိုနေ့တိုင်းဖတ်ဖို့၊ အစည်းအဝေးတွေကို မှန်မှန်တက်ဖို့ ကျွန်ုပ်တို့ အမြဲ သတိပေးခံရတယ်။ ဒါတွေကိုလုပ်ဖို့ ကျွန်ုပ်တို့ ဘာကြောင့် သတိပေးခံရသလဲ။ အကြောင်းကတော့ အဲဒါတွေကို ကျွန်ုပ်တို့ လုပ်ဆောင်နေတာက ယေဟောဝါရဲ့ပုံသွင်းမှုကို ခံယူနေတာဖြစ်လို့ပဲ။—ဆာ. ၁:၂; တ. ၁၇:၁၁; ဟေဗြဲ ၁၀:၂၄၊ ၂၅

ပြုပြင်ပြောင်းလဲခြင်းက ပြဿနာတွေကို အရင်ကထက် ပိုကောင်းတဲ့နည်းလမ်းနဲ့ ကိုင်တွယ်ဖို့ သင့်ကိုကူညီပေး (အပိုဒ် ၁၈ ကို ကြည့်ပါ)

၁၈။ (က) ကျမ်းစာကို တွေးတောဆင်ခြင်ဖို့ ဘာကြောင့် လိုအပ်သလဲ။ (ခ) ဘယ်မေးခွန်းတွေက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သလဲ။

၁၈ ကျွန်ုပ်တို့ဟာ ပြုပြင်ပြောင်းလဲဖို့ ကျမ်းစာရဲ့အကူအညီကို လိုချင်တယ်ဆိုရင် ကျမ်းစာကို ဖတ်ရှု လေ့လာရုံထက်မက လိုတယ်။ လူများစွာဟာ ကျမ်းစာဖတ်ကြပြီး ကျမ်းစာမှာ ပါတဲ့အကြောင်းအရာတွေကို အတော်များများ သိထားတယ်။ သင် ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်တဲ့အခါ အဲဒီလိုလူတွေကို တွေ့ဖူးပါလိမ့်မယ်။ တချို့က ကျမ်းချက်တွေကို အလွတ်တောင်ရတယ်။ * ဒါပေမဲ့ အဲဒါတွေက သူတို့ရဲ့အတွေးအခေါ်နဲ့ အသက်တာကို မပြောင်းလဲပေးဘူး။ ဘာကြောင့်လဲ။ အကြောင်းကတော့ လူတွေက သမ္မာကျမ်းစာကို မိမိတို့ရဲ့ စိတ်နှလုံးထဲ နက်နက်ရှိုင်းရှိုင်း ရောက်ရှိခွင့်ပြုမှသာ သမ္မာကျမ်းစာက သူတို့ကို ပြုပြင်ပြောင်းလဲနိုင်မှာဖြစ်တယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် ကျွန်ုပ်တို့က ကျမ်းစာကနေ သိရှိလာတဲ့အချက်တွေကို တွေးတောဆင်ခြင်ဖို့လိုတယ်။ ကိုယ့်ကိုယ်ကို ဒီလိုမေးသင့်ပါတယ်– ‘ဒီအချက်ကို ဘာသာရေးသွန်သင်ချက်အဖြစ်ထက်မက ငါလက်ခံသလား။ ဒါဟာ အမှန်တရားပဲဆိုတာကို ငါ့အသက်တာနဲ့ သက်သေပြသလား။ ငါ လေ့လာသိရှိထားတာတွေက တခြားသူတွေကို သင်ပေးဖို့လောက်သာ မဟုတ်ဘဲ ငါ့အသက်တာမှာ ကိုယ်တိုင် လိုက်နာကျင့်သုံးသလား။ ယေဟောဝါ ငါ့ကို စကားပြောနေတယ်လို့ ခံစားရသလား။’ ဒီမေးခွန်းတွေကို တွေးတောဆင်ခြင်တာက ကျွန်ုပ်တို့ကို ယေဟောဝါနဲ့ ပိုရင်းနှီးစေပါလိမ့်မယ်။ သင်ယူသိရှိခဲ့တာတွေက ကျွန်ုပ်တို့ရဲ့နှလုံးကို ထိမိတဲ့အခါ ဘုရားသခင်ကို ပျော်ရွှင်စေမယ့် ပြုပြင်ပြောင်းလဲမှုတွေကို ကျွန်ုပ်တို့ရဲ့အသက်တာမှာ ပြုလုပ်နိုင်မှာဖြစ်တယ်။—သု. ၄:၂၃; လု. ၆:၄၅

၁၉၊ ၂၀။ ကျမ်းစာလမ်းညွှန်ချက်တွေကို ကျွန်ုပ်တို့လိုက်လျှောက်မယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးရမလဲ။

၁၉ ကျမ်းစာကို ပုံမှန်ဖတ်ပြီး တွေးတောဆင်ခြင်မယ်ဆိုရင် ပေါလုပြောခဲ့တာကို ဆက်ပြီးလုပ်ဆောင်နိုင်မှာ ဖြစ်တယ်။ ပေါလု ဒီလိုပြောခဲ့တယ်– “ပင်ကိုစရိုက်ဟောင်းနှင့်တကွ ယင်း၏အကျင့်အကြံများကို ချွတ်ပယ်၍ . . . တိကျမှန်ကန်သော အသိပညာဖြင့် အသစ်ပြုပြင်သော စရိုက်သစ်ကို ဝတ်ဆင်ကြလော့။” (ကော. ၃:၉၊ ၁၀) ကျွန်ုပ်တို့က ကျမ်းစာသွန်သင်ချက်တွေကို ကောင်းကောင်းနားလည်ပြီး လေ့လာသိရှိတာတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် စာတန်ရဲ့ထောင်ချောက်တွေကနေ ကာကွယ်ပေးနိုင်တဲ့ ခရစ်ယာန်အရည်အသွေးတွေကို တင်ပြဖို့ လှုံ့ဆော်ခံရမှာဖြစ်တယ်။

၂၀ ‘သင်တို့သည် နာခံတတ်သော ကလေးများအနေနှင့် ယခင် ရှိခဲ့သောအလိုဆန္ဒအတိုင်း မလိုက်ကြနှင့်တော့။ သင်တို့သည်လည်း ပြုမူကျင့်ကြံလေသမျှ၌ သန့်ရှင်းကြလော့’ ဆိုပြီး တမန်တော်ပေတရုက ကျွန်ုပ်တို့ကို သတိပေးခဲ့တယ်။ (၁ ပေ. ၁:၁၄၊ ၁၅) ကျွန်ုပ်တို့ရဲ့အတွေးအခေါ်နဲ့ သဘောထားတွေကို အတတ်နိုင်ဆုံး ပြုပြင်ပြောင်းလဲမယ်ဆိုရင် ယေဟောဝါ ကျွန်ုပ်တို့ကို ဘယ်လို ကောင်းချီးပေးမယ်ဆိုတာ နောက်ဆောင်းပါးမှာ ရှင်းပြမှာဖြစ်တယ်။

^ စာပိုဒ်၊ 18 ဖေဖော်ဝါရီ ၁၊ ၁၉၉၄ ကင်းမျှော်စင်၊ စာမျက်နှာ ၉၊ အပိုဒ် ၇ မှာပါတဲ့ ဥပမာကို ကြည့်ပါ။