မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့သတိပေးချက်တွေက သင့်စိတ်နှလုံးကို ရွှင်လန်းစေ

ယေဟောဝါရဲ့သတိပေးချက်တွေက သင့်စိတ်နှလုံးကို ရွှင်လန်းစေ

‘ကိုယ်တော့်သတိပေးချက်တွေကို ကျွန်တော့်ရဲ့ထာဝရပိုင်ဆိုင်ရာ အဖြစ် ယူမှတ်ပါတယ်။’—ဆာ. ၁၁၉:၁၁၁၊ ကဘ။

(က) လူတွေက သတိပေးချက်တွေကို ဘယ်လို တုံ့ပြန်ကြသလဲ။ ဘာကြောင့်လဲ။ (ခ) မာနကြီးသူတစ်ဦးဟာ အကြံပြုချက်တွေကို ဘယ်လိုတုံ့ပြန်သလဲ။

လူတွေဟာ လမ်းညွှန်ချက်ကို နည်းအမျိုးမျိုးနဲ့ တုံ့ပြန်ကြတယ်။ အခွင့်အာဏာရှိသူ တစ်ယောက်ယောက်ဆီကလာတဲ့ လမ်းညွှန်ချက်ဆိုရင် ရှောရှောရှူရှူ လက်ခံမှာဖြစ်တယ်၊ ဒါပေမဲ့ သက်တူရွယ်တူ ဒါမှမဟုတ် အခွင့်အာဏာမရှိသူဆီက ဆိုရင်တော့ ချက်ချင်းငြင်းပယ်တတ်ကြတယ်။ ဆုံးမခံရ၊ သတိပေးခံရတဲ့အခါမှာလည်း စိတ်ခံစားချက်အမျိုးမျိုးနဲ့ တုံ့ပြန်ကြတယ်။ တချို့က ဝမ်းနည်းစရာ၊ စိတ်ပျက်စရာ၊ ရှက်စရာလို့ ခံစားရနိုင်တယ်။ တချို့ကျတော့ အားတက်လာတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာတယ်၊ ပိုကောင်းအောင် လုပ်ချင်စိတ်ရှိလာတယ်လို့ ခံစားရနိုင်ပါတယ်။ ဘာကြောင့် အဲဒီလို ကွာခြားတာလဲ။ အကြောင်းရင်းတစ်ခုက မာနပဲ။ မာနကြီးသူတစ်ယောက်ဟာ အကြံပေးခံရတဲ့အခါ အကြံပြုချက်က သူနဲ့မသက်ဆိုင်ဘူးလို့ ယူဆပြီး ငြင်းပယ်လိုက်တယ်၊ ဒါကြောင့် လမ်းညွှန်ချက်ကနေ အကျိုးမခံစားရဘူး။—သု. ၁၆:၁၈

ခရစ်ယာန်စစ်တွေဟာ ဘာကြောင့် ကျမ်းစာမှာပါတဲ့ အကြံပြုချက်တွေကို တန်ဖိုးထားသလဲ။

ခရစ်ယာန်စစ်တွေကတော့ အကျိုးရှိတဲ့အကြံပြုချက်တွေ၊ အထူးသဖြင့် ကျမ်းစာပေါ်အခြေခံတဲ့ အကြံပြုချက်တွေကို တန်ဖိုးထားတယ်။ ယေဟောဝါရဲ့သတိပေးချက်တွေက ဥစ္စာပစ္စည်းတွေကို အဓိကထားခြင်း၊ လိင်အကျင့်ယိုယွင်းခြင်း၊ မူးယစ်ဆေးနဲ့ အရက်ကို တလွဲသုံးခြင်း စတဲ့ အန္တရာယ်ရှိတဲ့ အရာတွေကို သိမြင်ပြီး ရှောင်ကြဉ်ဖို့ ကူညီပေးတယ်။ (သု. ၂၀:၁; ၂ ကော. ၇:၁; ၁ သက်. ၄:၃-၅; ၁ တိ. ၆:၆-၁၁) ဒါ့အပြင် ဘုရားသခင့်သတိပေးချက်တွေကို နာခံခြင်းကြောင့် ရရှိတဲ့ “ရွှင်လန်းသောစိတ်” ကိုလည်း ကျွန်ုပ်တို့ရရှိကြတယ်။—ဟေရှာ. ၆၅:၁၄

ဆာလံဆရာရဲ့ ဘယ်စိတ်သဘောထားမျိုး မွေးမြူသင့်သလဲ။

ကျွန်ုပ်တို့ရဲ့ ကောင်းကင်ဖခင်နဲ့ ကျွန်ုပ်တို့ကြားမှာရှိတဲ့ အဖိုးတန်ဆက်ဆံရေးကို ဆက်ထိန်းသိမ်းထားဖို့ဆိုရင် ကျွန်ုပ်တို့ရဲ့ဘဝမှာ ယေဟောဝါရဲ့ ပညာရှိလမ်းညွှန်ချက်တွေကို ဆက်လိုက်နာရမှာဖြစ်တယ်။ “ကိုယ်တော့်သတိပေးချက်တွေက ကျွန်တော့်စိတ်နှလုံးကို ရွှင်လန်းစေတဲ့အတွက် အဲဒါတွေကို ကျွန်တော့်ရဲ့ထာဝရပိုင်ဆိုင်ရာအဖြစ် ယူမှတ်ပါတယ်” လို့ရေးခဲ့တဲ့ ဆာလံဆရာရဲ့ သဘောထားမျိုး ကျွန်ုပ်တို့မှာ ရှိသင့်တယ်။ (ဆာ. ၁၁၉:၁၁၁ကဘ) ကျွန်ုပ်တို့လည်း အဲဒီလိုပဲ ယေဟောဝါရဲ့ပညတ်တွေကို ဝမ်းမြောက်ဝမ်းသာ လိုက်နာသလား၊ ဒါမှမဟုတ် တစ်ခါတလေမှာ လိုက်နာရခက်တယ်လို့ ခံစားရသလား။ တချို့အကြံဉာဏ်တွေကို လက်ခံဖို့ ခက်တယ်ဆိုရင်တောင် ကျွန်ုပ်တို့ စိတ်မပျက်သင့်ဘူး။ ဘုရားသခင်ရဲ့ အမြင့်မြတ်ဆုံးဉာဏ်ပညာကို အခိုင်အမာ လက်ခံယုံကြည်တဲ့စိတ် မွေးမြူနိုင်ပါတယ်။ နည်းလမ်းသုံးခုကို လေ့လာကြည့်ကြစို့။

ဆုတောင်းခြင်းအားဖြင့် ယုံကြည်စိတ်ချမှု တည်ဆောက်ပါ

ဒါဝိဒ်ရဲ့ဘဝမှာ ဘယ်တော့မှ မပြောင်းလဲတဲ့အရာတစ်ခုက ဘာလဲ။

ဘုရင်ဒါဝိဒ်ရဲ့ဘဝမှာ ကောင်းတာတွေရော၊ ဆိုးတာတွေပါ ကြုံတွေ့ခဲ့ရဖူးပေမဲ့ ဘယ်တော့မှမပြောင်းလဲတာ တစ်ခုတော့ရှိတယ်။ အဲဒါကတော့ ဖန်ဆင်းရှင်ကို အကြွင်းမဲ့ ယုံကြည်ကိုးစားခြင်းပါပဲ။ “အို ယေဟောဝါ၊ ကိုယ်တော့်ကို ကျွန်တော် အကူအညီတောင်းပါတယ်။ အို ကျွန်တော့်ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်တော်ယုံကြည်ကိုးစားတယ်” လို့ သူပြောခဲ့တယ်။ (ဆာ. ၂၅:၁၊ ၂ကဘ) ကောင်းကင်ဖခင်အပေါ် ဒီလို ယုံကြည်ကိုးစားမှုမျိုး ရှိလာအောင် ဘာက ဒါဝိဒ်ကို ကူညီပေးခဲ့သလဲ။

၅၊ ၆။ ဒါဝိဒ်ရဲ့ဆုတောင်းချက်တွေက သူနဲ့ ယေဟောဝါရဲ့ဆက်ဆံရေးအကြောင်း ဘာဖော်ပြသလဲ။

လူများစွာဟာ ဒုက္ခအကြီးအကျယ်ရောက်မှ ဘုရားသခင်ကို ဆုတောင်းကြတယ်။ သင့်မိတ်ဆွေတစ်ယောက်က သူ ပိုက်ဆံလိုမှ ဒါမှမဟုတ် သင့်အကူအညီလိုမှ သင်နဲ့စကားပြောတယ်ဆိုရင် ဘယ်လိုနေမလဲ။ တစ်ချိန်ချိန်မှာ သင်ဟာ သူ့ရဲ့စိတ်ရင်းနဲ့ပတ်သက်ပြီး စဉ်းစားမိမှာပဲ။ ဒါပေမဲ့ ဒါဝိဒ်ကတော့ အဲဒီလိုမဟုတ်ဘူး။ အခြေအနေကောင်းတဲ့အခါမှာပဲဖြစ်ဖြစ်၊ ဆိုးတဲ့အခါမှာပဲဖြစ်ဖြစ် သူ့ဘဝတစ်လျှောက်လုံးမှာ ယေဟောဝါကို တကယ်ချစ်ပြီး ယုံကြည်ကိုးစားကြောင်း သူ့ရဲ့ဆုတောင်းချက်တွေက ဖော်ပြတယ်။—ဆာ. ၄၀:၈

ယေဟောဝါကို ချီးမွမ်းပြီး ကျေးဇူးတင်တဲ့ ဒါဝိဒ်ရဲ့စကားတွေကို သတိပြုကြည့်ပါ– “အို ကျွန်တော်တို့ရဲ့သခင် ယေဟောဝါ၊ ကိုယ်တော့်နာမည်က မြေကြီးတစ်ခွင်မှာ ခံ့ညားထည်ဝါလိုက်တာ။ ကိုယ်တော့်ခမ်းနားမြင့်မြတ်မှုက ကောင်းကင်ထက်တောင် မြင့်မားတယ်။” (ဆာ. ၈:၁ကဘ) ဒါဝိဒ်နဲ့ သူ့ရဲ့ကောင်းကင်ဖခင် ဘယ်လောက်အထိ ရင်းနှီးတယ်ဆိုတာ သင် ခန့်မှန်းမိသလား။ ယေဟောဝါရဲ့ ကြီးမြတ်မှုနဲ့ ဘုန်းအသရေကို လေးမြတ်တဲ့အတွက်ကြောင့် ယေဟောဝါကို “တစ်နေ့လုံး” ချီးမွမ်းဖို့ ဒါဝိဒ် လှုံ့ဆော်ခံခဲ့ရတယ်။—ဆာ. ၃၅:၂၈ကဘ။

ဘုရားသခင်ထံ ဆုတောင်းချဉ်းကပ်ခြင်းကနေ ကျွန်ုပ်တို့ ဘယ်လိုအကျိုးရရှိနိုင်သလဲ။

ကျွန်ုပ်တို့လည်း ဒါဝိဒ်လိုပဲ ယေဟောဝါနဲ့ မှန်မှန်ဆက်သွယ်ဖို့လိုတယ်၊ ဒါမှ ယေဟောဝါအပေါ် ကျွန်ုပ်တို့ရဲ့ယုံကြည်ကိုးစားမှုက ပိုခိုင်ခံ့လာမယ်။ ကျမ်းစာမှာ “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်” လို့ ပြောထားတယ်။ (ယာ. ၄:၈) ဘုရားသခင်ထံ ဆုတောင်းချဉ်းကပ်တာက သန့်ရှင်းသောစွမ်းအားတော် ရရှိစေတဲ့ အရေးပါတဲ့နည်းလမ်းတစ်ခုဖြစ်တယ်။—၁ ယောဟန် ၃:၂၂ ကိုဖတ်ပါ။

ဆုတောင်းတဲ့အခါတိုင်း စကားလုံးတစ်မျိုးတည်းကိုပဲ အထပ်ထပ်သုံးတာကို ဘာကြောင့် ရှောင်သင့်သလဲ။

သင်ဆုတောင်းတဲ့အခါမှာ စကားလုံး ဒါမှမဟုတ် အသုံးအနှုန်းတစ်မျိုးတည်းကိုပဲ ထပ်ခါထပ်ခါ သုံးသလား။ အဲဒီလိုဖြစ်တယ်ဆိုရင် ဆုမတောင်းခင်မှာ သင်ပြောချင်တဲ့အကြောင်းအရာတွေကို ခဏအချိန်ယူ စဉ်းစားပါ။ သင်ဟာ မိတ်ဆွေ ဒါမှမဟုတ် ဆွေမျိုးတစ်ယောက်နဲ့ စကားပြောတဲ့အခါတိုင်း စကားလုံးတစ်မျိုးတည်းကိုပဲသုံးပြီး အထပ်ထပ်ပြောတယ်ဆိုရင် သူ ဘယ်လိုခံစားရမလဲ။ သင်ပြောတာကို သူ နားထောင်ချင်တော့မှာ မဟုတ်ဘူး။ ယေဟောဝါကတော့ မိမိရဲ့သစ္စာရှိကျေးကျွန်တွေ စိတ်နှလုံးပါပါ ဆုတောင်းတဲ့စကားတွေကို နားမထောင်ဘဲနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့ဆုတောင်းတဲ့အခါတိုင်း စကားလုံးတစ်မျိုးတည်းကိုပဲ အထပ်ထပ် ပြောတာမျိုးကို ရှောင်သင့်ပါတယ်။

၉၊ ၁၀။ (က) ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေထဲမှာ ဘာတွေထည့်တောင်းနိုင်သလဲ။ (ခ) အဓိပ္ပာယ်ရှိတဲ့ဆုတောင်းချက်တွေဖြစ်ဖို့ ဘာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သလဲ။

ကျွန်ုပ်တို့က ဘုရားသခင်နဲ့ ပိုပြီးရင်းနှီးချင်တယ်ဆိုရင် ကျွန်ုပ်ရဲ့ဆုတောင်းချက်က အပေါ်ယံသဘောလောက်ပဲ မဖြစ်သင့်ဘူး။ ကျွန်ုပ်တို့ရဲ့အတွေးတွေ၊ ခံစားချက်တွေအကြောင်း ယေဟောဝါကို ပြောပြလေ ကိုယ်တော်နဲ့ ပိုရင်းနှီးလေ၊ ကိုယ်တော့်ကို ပိုယုံကြည်ကိုးစားလေပဲ။ ဒီလိုဆိုရင် ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေထဲမှာ ဘာတွေထည့်သင့်သလဲ။ ကျမ်းစာက ဒီလိုအဖြေပေးတယ်– “အရာရာတွင် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့ အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။” (ဖိ. ၄:၆) ကျွန်ုပ်တို့ရဲ့ဘဝ ဒါမှမဟုတ် ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်တဲ့ ဘယ်အရာကိုမဆို ထည့်တောင်းနိုင်တယ်။

၁၀ ကျမ်းစာမှာပါတဲ့ သစ္စာရှိအမျိုးသား၊ အမျိုးသမီးတွေရဲ့ ဆုတောင်းချက်တွေကနေ ကျွန်ုပ်တို့ များစွာသင်ယူနိုင်ပါတယ်။ (၁ ရာ. ၁:၁၀၊ ၁၁; တ. ၄:၂၄-၃၁) ဆာလံကျမ်းမှာဆိုရင် စိတ်နှလုံးထဲကလာတဲ့ ဆုတောင်းချက်တွေနဲ့ ယေဟောဝါကိုချီးမွမ်းတဲ့ သီချင်းတွေပါတယ်။ အဲဒီထဲမှာ ဝမ်းနည်းမှုကစလို့ ပျော်ရွှင်မှုအထိ လူတွေရဲ့စိတ်ခံစားချက်အမျိုးမျိုးပါတယ်။ ဒီဆုတောင်းချက်တွေကို လေ့လာခြင်းက ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို ပိုပြီး အဓိပ္ပာယ်ရှိစေဖို့ ကူညီပေးနိုင်ပါတယ်။

ဘုရားသခင့်သတိပေးချက်တွေကို တွေးတောဆင်ခြင်ပါ

၁၁။ ကျမ်းစာအကြံပြုချက်တွေကို ကျွန်ုပ်တို့ ဘာကြောင့် တွေးတောဆင်ခြင်ဖို့လိုသလဲ။

၁၁ “ယေဟောဝါရဲ့ သတိပေးချက်က ယုံကြည်စိတ်ချထိုက်တယ်။ အတွေ့အကြုံမရှိသူကို ပညာရှိစေတယ်” လို့ ဒါဝိဒ် ပြောခဲ့တယ်။ (ဆာ. ၁၉:၇ကဘ) ဒါကြောင့် ကျွန်ုပ်တို့မှာ အတွေ့အကြုံမရှိဘူးဆိုရင်တောင် ဘုရားသခင့်ပညတ်တွေကို လိုက်နာခြင်းအားဖြင့် ပညာရှိဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျမ်းစာမှာပါတဲ့ တချို့အကြံပြုချက်ကနေ အကျိုးအပြည့်အဝ ရချင်တယ်ဆိုရင် အဲဒါတွေကို တွေးတောဆင်ခြင်ဖို့လိုတယ်။ ဥပမာ၊ ကျမ်းစာမူတွေကို တွေးတောဆင်ခြင်တာက ကျောင်းမှာ ဒါမှမဟုတ် အလုပ်မှာ အမှားလုပ်ဖို့ ကျွန်ုပ်တို့ သွေးဆောင်ခံရတဲ့အခါ ဆက်သစ္စာရှိဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် သွေး၊ ခရစ်ယာန်ကြားနေမှုနဲ့ပတ်သက်တဲ့ ဘုရားသခင့်ပညတ်တွေ၊ ၀တ်စားဖြီးလိမ်းပုံနဲ့ပတ်သက်တဲ့ ကျမ်းစာမူတွေကို လိုက်လျှောက်ဖို့လည်း ကူညီပေးနိုင်ပါတယ်။ ဘုရားသခင့်သွန်သင်ချက်တွေကို တွေးတောဆင်ခြင်တာက အထက်ပါအခြေအနေတွေအတွက် အသင့်ဖြစ်နေစေဖို့ အထောက်အကူပြုမှာဖြစ်တယ်။ အဲဒါက အခြေအနေတစ်ခုခု ပေါ်လာခဲ့ရင် ဘယ်လိုလုပ်မယ်ဆိုတာ ကြိုတင်ဆုံးဖြတ်ထားနိုင်စေတယ်။ အဲဒီလို ကြိုတင်ပြင်ဆင်ထားတာက ဝမ်းနည်းစရာအမှားတွေကို ရှောင်ကြဉ်ဖို့ ကူညီပေးနိုင်ပါတယ်။—သု. ၁၅:၂၈

၁၂။ ဘယ်မေးခွန်းတွေကို စဉ်းစားဆင်ခြင်တာက ဘုရားသခင့်သတိပေးချက်တွေကို လိုက်နာဖို့ ကူညီပေးနိုင်သလဲ။

၁၂ ဘုရားသခင့်ကတိတော်တွေ ပြည့်စုံလာဖို့ ကျွန်ုပ်တို့စောင့်နေချိန်မှာ ကျွန်ုပ်တို့မှာ ခိုင်ခံ့တဲ့ယုံကြည်ခြင်း ရှိနေဆဲဖြစ်ကြောင်း၊ ကျွန်ုပ်တို့ဘဝမှာ ဘုရားသခင့်အလိုတော်က အရေးကြီးဆုံးဖြစ်ကြောင်း ဖော်ပြနေသလား။ ဥပမာ၊ မကြာခင်မှာ မဟာဗာဗုလုန် ဖျက်ဆီးခံရမယ်ဆိုတာကို ကျွန်ုပ်တို့ တကယ်ယုံကြည်သလား။ မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်ရမယ်၊ လူသေတွေ ပြန်အသက်ရှင်လာမယ် စတဲ့ အနာဂတ်ကောင်းချီးတွေကို ကျွန်ုပ်တို့ သိစတုန်းကလိုပဲ အခုချိန်မှာ တကယ်ယုံကြည်နေတုန်းလား။ အမှုဆောင်လုပ်ငန်းမှာ ကျွန်ုပ်တို့ ထက်သန်နေဆဲလား၊ ဒါမှမဟုတ် ကျွန်ုပ်တို့ရဲ့ လိုအင်ဆန္ဒတွေကို ရှေ့တန်းတင်နေသလား။ ယေဟောဝါရဲ့နာမည် သန့်ရှင်းမြင့်မြတ်ရေးနဲ့ ကိုယ်တော့် အကြွင်းမဲ့ပိုင်သအုပ်စိုးမှု သံသယကင်းရှင်းရေးက ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးနေဆဲလား။ ဒီမေးခွန်းတွေကို အလေးအနက် စဉ်းစားဆင်ခြင်တာက ဘုရားသခင့်သတိပေးချက်တွေကို “ထာဝရပိုင်ဆိုင်ရာအဖြစ် ယူမှတ်” စေဖို့ ကျွန်ုပ်တို့ကို ကူညီပေးနိုင်ပါတယ်။—ဆာ. ၁၁၉:၁၁၁ကဘ

၁၃။ ပထမရာစုခရစ်ယာန်တွေဟာ ဘာကြောင့် အကြောင်းအရာတချို့ကို နားမလည်ခဲ့ကြသလဲ။ ဥပမာပေးပါ။

၁၃ ကျမ်းစာမှာပါတဲ့ အကြောင်းအရာတချို့ ကို ကျွန်ုပ်တို့ အပြည့်အဝ နားလည်နိုင်မှာမဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ ယေဟောဝါ အဲဒါတွေကို ရှင်းပြမယ့်အချိန် မရောက်သေးလို့ပဲ။ ယေရှုက မိမိဟာ ဒုက္ခခံရပြီး အသတ်ခံရမယ့်အကြောင်း တမန်တော်တွေကို ထပ်ခါထပ်ခါ ပြောခဲ့တယ်။ (မဿဲ ၁၂:၄၀; ၁၆:၂၁ ကိုဖတ်ပါ။) ဒါပေမဲ့ တမန်တော်တွေက အဲဒီအဓိပ္ပာယ်ကို နားမလည်ခဲ့ကြဘူး။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် တပည့်တွေရှေ့မှာ ကိုယ်ယောင်ထင်ရှားပြတဲ့အချိန်၊ “ကျမ်းစာ၏အနက်ကို အပြည့်အဝနားလည်စေရန် သူတို့၏အသိဉာဏ်ကို ဖွင့်” ပြတဲ့အချိန်ရောက်မှပဲ အဲဒီစကားတွေရဲ့ အဓိပ္ပာယ်ကို သူတို့ နားလည်ခဲ့ကြတယ်။ (လု. ၂၄:၄၄-၄၆; တ. ၁:၃) အလားတူပဲ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ သန့်ရှင်းသောစွမ်းအားတော် မသွန်းလောင်းခင်အထိ ခရစ်တော်ရဲ့တပည့်တွေဟာ ဘုရားသခင့်နိုင်ငံတော်က ကောင်းကင်မှာတည်ထောင်မယ်ဆိုတဲ့အချက်ကို နားမလည်ခဲ့ကြဘူး။—တ. ၁:၆-၈

၁၄။ ၂၀ ရာစု အစောပိုင်းမှာ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုတွေဟာ ဘယ်ပုံသက်သေကောင်း ပြသခဲ့ကြသလဲ။

၁၄ အလားတူပဲ ၂၀ ရာစုအစောပိုင်းမှာ ခရစ်ယာန်စစ်တွေဟာ “နောက်ဆုံးသောနေ့ရက်များ” အတွင်းမှာ ဖြစ်ပျက်မယ့်အရာတွေနဲ့ပတ်သက်ပြီး လွဲမှားစွာ မျှော်လင့်ခဲ့ကြတယ်။ (၂ တိ. ၃:၁) ဥပမာ၊ ၁၉၁၄ မှာ တချို့က သူတို့ကောင်းကင်သွားရတော့မယ်လို့ မျှော်လင့်ခဲ့ကြတယ်၊ ဒါပေမဲ့ အဲဒီအတိုင်း မဖြစ်ခဲ့ဘူး။ အဲဒီခရစ်ယာန်တွေဟာ ကျမ်းစာကို ဆက်လေ့လာခဲ့ကြလို့ ကျယ်ပြန့်တဲ့ ဟောပြောခြင်းလုပ်ငန်းကို အရင်ဆုံးလုပ်ရမယ်ဆိုတာ နားလည်လာကြတယ်။ (မာ. ၁၃:၁၀) ဒါကြောင့် အဲဒီအချိန်တုန်းက ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ခဲ့တဲ့ ဂျေ အက်ဖ် ရပ်သဖော့ဒ်က ၁၉၂၂ ခုနှစ်၊ အမေရိကန်၊ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးမှာ “ကြည့်ပါ၊ ဘုရင်စိုးစံပြီ။ သင်တို့က ကိုယ်တော်ရဲ့ လူသိရှင်ကြား ကိုယ်စားလှယ်တွေဖြစ်တယ်။ ဒါကြောင့် ဘုရင်နဲ့ ကိုယ်တော့်နိုင်ငံကို ကြေညာကြ၊ ကြေညာကြ၊ ကြေညာကြ” လို့ အဲဒီမှာရောက်ရှိနေတဲ့လူအုပ်ကို ပြောခဲ့တယ်။ အဲဒီအချိန်ကစပြီး “နိုင်ငံတော်သတင်းကောင်း” ဟောပြောခြင်းလုပ်ငန်းဟာ ယေဟောဝါကျေးကျွန်တွေရဲ့ အမှတ်အသားဖြစ်လာတယ်။—မ. ၄:၂၃; ၂၄:၁၄

၁၅။ ယေဟောဝါ မိမိရဲ့ကျေးကျွန်တွေနဲ့ ဆက်ဆံပုံကို တွေးတောဆင်ခြင်တာက ကျွန်ုပ်တို့ကို ဘယ်လို အကျိုးရရှိစေသလဲ။

၁၅ အတိတ်နဲ့ လက်ရှိအချိန်မှာ ယေဟောဝါ မိမိကျေးကျွန်တွေနဲ့ ဆက်ဆံတဲ့ အလွန်ကောင်းတဲ့နည်းလမ်းကို ပြန်တွေးတောဆင်ခြင်တာက ကောင်းပါတယ်။ အဲဒါက ယေဟောဝါဟာ အနာဂတ်မှာ မိမိရဲ့အလိုတော်နဲ့ ရည်ရွယ်ချက်ကို ပြည့်စုံစေနိုင်စွမ်း ရှိတယ်ဆိုတာကို ပိုပြီး စိတ်ချယုံကြည်စေပါတယ်။ ဘုရားသခင့်ကတိတော်တွေကို တွေးတောဆင်ခြင်တာက ကျွန်ုပ်တို့ကို စိတ်ထက်သန်စေပြီး အဲဒီကတိတွေ တကယ်ပြည့်စုံလာမယ်ဆိုတာကို ပိုပြီး ယုံကြည်စိတ်ချစေတယ်။

ဝတ်ပြုရေးနဲ့ဆိုင်တဲ့လုပ်ရပ်တွေအားဖြင့် ယုံကြည်စိတ်ချမှုကို ခိုင်ခံ့စေပါ

၁၆။ ဘုရားသခင့်အမှုတော်မှာ အစွမ်းကုန်ကြိုးစားပါဝင်တာက ဘာကောင်းချီးတွေ ခံစားရစေသလဲ။

၁၆ ယေဟောဝါက တန်ခိုးအင်အားကြီးမားတဲ့ ဘုရား၊ အလုပ်လုပ်တဲ့ဘုရား ဖြစ်ပါတယ်။ “ဘယ်သူက ကိုယ်တော့်လို ခွန်အားကြီးမားသလဲ” လို့ ဆာလံဆရာက မေးခွန်းထုတ်ခဲ့တယ်။ သူက ဆက်ပြီး “ကိုယ်တော့်လက်က သန်မာတယ်။ ကိုယ်တော့်ညာလက်က ချီးမြှောက်ခံရတယ်” လို့ ပြောခဲ့တယ်။ (ဆာ. ၈၉:၈၊ ၁၃ကဘ) ကိုယ်တော်က အလုပ်လုပ်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့် မိမိရဲ့အမှုတော်မှာ ကျွန်ုပ်တို့ ကြိုးစားလုပ်ဆောင်နေတာကို တန်ဖိုးထားပြီး ကောင်းချီးပေးတယ်။ မိမိရဲ့ကျေးကျွန် ယောက်ျားမိန်းမ၊ လူကြီးလူငယ်အားလုံးဟာ “ပျင်းရိခြင်းအစာကို မစား” ဘူးဆိုတာ ကိုယ်တော်သိတယ်။ သူတို့ဟာ အလုပ်ကြိုးစားသူတွေဖြစ်တယ်။ (သု. ၃၁:၂၇) ဘုရားသခင့်အလုပ်မှာ ကျွန်ုပ်တို့ အလုပ်များနေတာက ကျွန်ုပ်တို့ရဲ့ ဖန်ဆင်းရှင်ကို တုပတာပဲ။ ဘုရားသခင့်အမှုတော်မှာ အစွမ်းကုန်ကြိုးစားပါဝင်တာက ကျွန်ုပ်တို့ကို ပျော်ရွှင်စေပြီး ယေဟောဝါရဲ့နှစ်သက်မှုကို ခံစားရစေတယ်။—ဆာလံ ၆၂:၁၂ ကိုဖတ်ပါ။

၁၇၊ ၁၈။ ယေဟောဝါရဲ့ညွှန်ကြားချက်တွေကို လိုက်နာတဲ့အခါ ကိုယ်တော့်အပေါ် ကျွန်ုပ်တို့ရဲ့ ယုံကြည်စိတ်ချမှု ဘယ်လိုနည်းနဲ့ ပိုခိုင်ခံ့လာသလဲ။ ဥပမာပေးပါ။

၁၇ ယေဟောဝါအပေါ် ကျွန်ုပ်တို့ရဲ့ယုံကြည်ကိုးစားမှုကို တည်ဆောက်ရာမှာ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းလုပ်ရပ်တွေက ဘယ်လိုနည်းနဲ့ အထောက်အကူပြုသလဲ။ အစ္စရေးလူတွေ ကတိထားရာပြည်ထဲ ဝင်တဲ့အချိန်ကို ပြန်စဉ်းစားကြည့်ပါ။ ယေဟောဝါက ယဇ်ပုရောဟိတ်တွေကို ပဋိညာဉ်သေတ္တာထမ်းပြီး ယော်ဒန်မြစ်ကို ဖြတ်ကူးဖို့ မိန့်မှာထားတယ်။ ဒါပေမဲ့ သူတို့တွေ ယောဒန်မြစ်ကမ်းစပ်နား ရောက်တဲ့အခါမှာ နွေဦးမိုးကြောင့် ရေက နက်ပြီး ရေစီး အရမ်းသန်နေတာကို တွေ့ရတယ်။ အစ္စရေးလူတွေ ဘာလုပ်ကြမလဲ။ မြစ်ကမ်းနားမှာ စခန်းချပြီး ရေကျသွားတဲ့အထိ သီတင်းပတ်ပေါင်းများစွာ စောင့်နေမလား။ သူတို့ အဲဒီလိုမလုပ်ခဲ့ကြဘူး။ သူတို့ ယေဟောဝါကို အပြည့်အဝယုံကြည်ကိုးစားပြီး ကိုယ်တော်ညွှန်ကြားတဲ့အတိုင်း လုပ်ခဲ့ကြတယ်။ ဘာအကျိုးရခဲ့ကြသလဲ။ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘ယဇ်ပုရောဟိတ်ခြေဖဝါးတို့သည် ယော်ဒန်မြစ်ရေကို နင်းသောခဏချင်းတွင် မြစ်ညာရေသည်ပြတ်၍ လူများအပေါင်းတို့သည် ယော်ဒန်မြစ်တစ်ဖက်သို့ မရောက်မီတိုင်အောင် ယဇ်ပုရောဟိတ်တို့သည် မြစ်အလယ်တွင် မြေပေါ်၌ မြဲမြံစွာနင်းကြ၏။’ (ယောရှု ၃:၁၂-၁၇) အရှိန်ပြင်းပြင်း စီးဆင်းနေတဲ့ရေတွေ ရပ်တန့်သွားတာကို အစ္စရေးလူတွေ မြင်လိုက်ရတဲ့အခါ ဘယ်လောက်ဝမ်းသာမလဲဆိုတာ စဉ်းစားကြည့်ပါ။ ယေဟောဝါအပေါ် ထားရှိတဲ့ သူတို့ရဲ့ယုံကြည်ခြင်းက ပိုခိုင်ခံ့လာတယ်၊ အကြောင်းကတော့ သူတို့က ကိုယ်တော့်ညွှန်ကြားချက်ကို ယုံကြည်စိတ်ချစွာ လိုက်လျှောက်ခဲ့လို့ပဲ။

ယောရှုအချိန်က အစ္စရေးလူတွေလိုပဲ သင်လည်း ယေဟောဝါအပေါ် ယုံကြည်စိတ်ချကြောင်း ပြသမလား (အပိုဒ် ၁၇၊ ၁၈ ကိုကြည့်ပါ)

၁၈ ယနေ့အချိန်မှာတော့ ယေဟောဝါဟာ မိမိရဲ့ကျေးကျွန်တွေအတွက် အဲဒီလို အံ့ဩစရာတွေ မလုပ်တော့ဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့က ယုံကြည်ခြင်းတင်ပြပြီး ကိုယ်တော့်ညွှန်ကြားချက်တွေကို လိုက်နာတဲ့အခါ ကိုယ်တော်ကောင်းချီးပေးတယ်။ ကမ္ဘာတစ်ဝန်းမှာ နိုင်ငံတော်သတင်းဟောပြောဖို့ ဘုရားသခင့်စွမ်းအားတော်က ကျွန်ုပ်တို့လိုအပ်တဲ့ ရဲစွမ်းသတ္တိပေးတယ်။ ယေဟောဝါရဲ့အဓိကသက်သေဖြစ်တဲ့ ယေရှုခရစ်က ဒီအရေးကြီးတဲ့အလုပ်မှာ မိမိရဲ့တပည့်တွေကို ကူညီထောက်မမယ်လို့ ကတိပေးခဲ့တယ်။ ယေရှု သူတို့ကို ဒီလိုပြောခဲ့တယ်– “ထို့ကြောင့် သွား၍ လူမျိုးတကာမှလူတို့ကို ငါ့တပည့်ဖြစ်စေ . . . ကြလော့။ ငါသည်လည်း ဤလောကစနစ် နိဂုံးပိုင်းတိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။” (မ. ၂၈:၁၉၊ ၂၀) တခြားသူတွေနဲ့ စကားပြောရမှာကို ရှက်ကြောက်ခဲ့ကြတဲ့ သက်သေခံများစွာက အမှုဆောင်လုပ်ငန်းမှာ သူစိမ်းတွေနဲ့ စကားပြောဖို့ သန့်ရှင်းသောစွမ်းအားတော်က သူတို့ကို ရဲစွမ်းသတ္တိပေးတယ်လို့ ပြောကြတယ်။—ဆာလံ ၁၁၉:၄၆; ၂ ကောရိန္သု ၄:၇ တို့ကိုဖတ်ပါ။

၁၉။ ဘုရားသခင့်အမှုတော်မှာ ကျွန်ုပ်တို့ လုပ်ချင်သလောက် မလုပ်နိုင်ပေမဲ့ ဘာကို ယုံကြည်စိတ်ချနိုင်သလဲ။

၁၉ ညီအစ်ကိုညီအစ်မတချို့ဟာ ဖျားနာလို့၊ အသက်ကြီးလာလို့ ဘုရားသခင့်အမှုတော်မှာ အများကြီး မပါဝင်နိုင်ကြဘူး။ ဒါပေမဲ့ “သနားကြင်နာတတ်သည့်အဖ၊ နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်” က သူတို့ရဲ့အခြေအနေကို နားလည်တယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ (၂ ကော. ၁:၃) ကိုယ်တော့်အမှုတော်မှာ ကျွန်ုပ်တို့ အတတ်နိုင်ဆုံးလုပ်ဆောင်နေတာကို ကိုယ်တော် တန်ဖိုးထားတယ်။ ဒါ့အပြင် ကျွန်ုပ်တို့ရဲ့ကယ်တင်ခြင်းက ခရစ်တော်ရဲ့ရွေးနုတ်ဖိုး ပူဇော်သက္ကာကို ယုံကြည်ခြင်းအပေါ် အဓိကမူတည်တယ်ဆိုတဲ့အချက်ကို ကျွန်ုပ်တို့ အားလုံးသတိရဖို့လိုတယ်။—ဟေဗြဲ ၁၀:၃၉

၂၀၊ ၂၁။ ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ကျွန်ုပ်တို့ ဘယ်နည်းတွေနဲ့ ပြသကြသလဲ။

၂၀ ကျွန်ုပ်တို့ရဲ့ဝတ်ပြုရေးမှာ အမှုဆောင်လုပ်ငန်းအတွက် ကျွန်ုပ်တို့ရဲ့ အချိန်၊ ခွန်အားနဲ့ ပစ္စည်းဥစ္စာတွေကို အတတ်နိုင်ဆုံး အသုံးပြုခြင်း ပါဝင်တယ်။ “ဧဝံဂေလိတရားဟောပြောသူ၏အမှုကို ဆောင်ရွက်” ဖို့ ကျွန်ုပ်တို့အစွမ်းကုန် လုပ်ဆောင်လိုကြပါတယ်။ (၂ တိ. ၄:၅) တခြားသူတွေ “အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာ” ရရှိဖို့ ကူညီပေးရတာကို ကျွန်ုပ်တို့ဝမ်းမြောက်ကြတယ်။ (၁ တိ. ၂:၄) ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းတာက ကျွန်ုပ်တို့ကို ကောင်းချီးများစွာ ခံစားရစေတယ်။ (သု. ၁၀:၂၂) အဲဒါက ကျွန်ုပ်တို့ ဘယ်လိုအခြေအနေမှာပဲ ရှိပါစေ ကျွန်ုပ်တို့ရဲ့ ဖန်ဆင်းရှင်အပေါ် အကြွင်းမဲ့ယုံကြည်စိတ်ချဖို့ ကူညီပေးပါတယ်။—ရော. ၈:၃၅-၃၉

၂၁ ကျွန်ုပ်တို့လေ့လာခဲ့ကြတဲ့အတိုင်း ပညာရှိညွှန်ကြားချက်တွေရဖို့ ယေဟောဝါကို ယုံကြည်အားကိုးရာမှာ ကျွန်ုပ်တို့ဘက်က အစွမ်းကုန်ကြိုးစားအားထုတ်ဖို့လိုတယ်။ ဒါကြောင့် ဆုတောင်းခြင်းအားဖြင့် သင့်ရဲ့ယုံကြည်စိတ်ချမှုကို ပိုခိုင်ခံ့စေပါ။ ကတိတော်တွေကို ယေဟောဝါ အရင်က ဘယ်လိုပြည့်စုံစေခဲ့တယ်၊ အနာဂတ်မှာ ဘယ်လိုပြည့်စုံစေမယ် ဆိုတာကို တွေးတောဆင်ခြင်ပါ။ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ခြင်းအားဖြင့် ယေဟောဝါအပေါ် သင့်ယုံကြည်စိတ်ချမှုကို ဆက်တည်ဆောက်ပါ။ ယေဟောဝါရဲ့သတိပေးချက်တွေက ထာဝစဉ်တည်မယ်ဆိုတာ သတိရပါ။ အဲဒီသတိပေးချက်တွေကို သင်လိုက်နာမယ်ဆိုရင် သင်လည်း ထာဝစဉ် အသက်ရှင်နိုင်ပါတယ်။