မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့ သတိပေးချက်တွေက ယုံကြည်စိတ်ချထိုက်

ယေဟောဝါရဲ့ သတိပေးချက်တွေက ယုံကြည်စိတ်ချထိုက်

“ယေဟောဝါရဲ့သတိပေးချက်က ယုံကြည်စိတ်ချထိုက်တယ်။ အတွေ့အကြုံမရှိသူကို ပညာရှိစေတယ်။” —ဆာ. ၁၉:၇၊ ကဘ။

အစည်းအဝေးတွေမှာ ဘယ်အကြောင်းအရာတွေကို မကြာခဏ ပြန်လေ့လာသလဲ၊ အဲဒီအကြောင်းအရာတွေကို ပြန်လေ့လာခြင်းကနေ ကျွန်ုပ်တို့ ဘာအကျိုးရရှိကြသလဲ။

လာမယ့်အပတ်မှာလေ့လာမယ့် ကင်းမျှော်စင် ဆောင်းပါးကို သင်ပြင်ဆင်တဲ့အခါမှာ ‘ဒီအကြောင်းကို အရင်က လေ့လာဖူးသလိုပဲ’ လို့ သင်စဉ်းစားဖူးသလား။ သင်က ခရစ်ယာန်အသင်းတော်နဲ့ ပူးပေါင်းလာတာ နှစ်အတော်ကြာပြီဆိုရင် အကြောင်းအရာတချို့ကို မကြာခဏ ပြန်လေ့လာတာကို သင် သတိပြုမိပါလိမ့်မယ်။ ဘုရားသခင့်နိုင်ငံတော်၊ ရွေးနုတ်ဖိုး၊ တပည့်ဖြစ်စေခြင်းလုပ်ငန်း၊ မေတ္တာနဲ့ယုံကြည်ခြင်းစတဲ့ အရည်အသွေးတွေအကြောင်းကို ကျွန်ုပ်တို့ မကြာခဏ လေ့လာခဲ့ကြတယ်။ ဒီအကြောင်းအရာတွေကို မှန်မှန် ပြန်လေ့လာခြင်းက ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်း ဆက်ခိုင်ခံ့နေဖို့နဲ့ “တရားစကားတော်ကို ကျင့်သုံးသူများ ဖြစ်” ဖို့ ကူညီပေးပါတယ်။—ယာ. ၁:၂၂

(က) ကျမ်းစာမှာပါတဲ့ “သတိပေးချက်” ဆိုတာ ဘာကိုရည်ညွှန်းလေ့ရှိသလဲ။ (ခ) ဘုရားသခင့်ပညတ်တွေက လူတွေရဲ့ဥပဒေနဲ့ ဘယ်လို ကွာခြားသလဲ။

ကျမ်းစာမှာပါတဲ့ “သတိပေးချက်” ဆိုတာက ဘုရားသခင်က မိမိလူမျိုးကိုပေးတဲ့ ပညတ်တွေ၊ မိန့်မှာချက်တွေ၊ ဥပဒေတွေကို ရည်ညွှန်းလေ့ရှိတယ်။ ယေဟောဝါရဲ့ ပညတ်တွေဟာ မကြာခဏ ပြောင်းလဲပြင်ဆင်ဖို့ လိုအပ်လေ့ရှိတဲ့ လူတွေရဲ့ဥပဒေတွေနဲ့မတူဘဲ အမြဲယုံကြည်စိတ်ချထိုက်တယ်။ တချို့ပညတ်တွေဟာ အချိန်ကာလတစ်ခု ဒါမှမဟုတ် အခြေအနေတစ်ခုအတွက် ထုတ်ခဲ့တာဖြစ်ပေမဲ့ အဲဒီပညတ်တွေက တစ်ခုခု ချို့ယွင်းသွားလို့ အခုချိန်မှာ မသုံးတော့တာ မဟုတ်ဘူး။ ဆာလံကျမ်းကိုရေးတဲ့သူက “ကိုယ်တော့်သတိပေးချက်တွေရဲ့ ဖြောင့်မတ်မှုက ထာဝစဉ်တည်မြဲတယ်” လို့ ပြောခဲ့တယ်။—ဆာ. ၁၁၉:၁၄၄ကဘ။

၃၊ ၄။ (က) ယေဟောဝါရဲ့သတိပေးချက်တွေမှာ ဘာပါသလဲ။ (ခ) သတိပေးချက်တွေကို လိုက်နာမယ်ဆိုရင် အစ္စရေးလူတွေ ဘာအကျိုးရရှိမလဲ။

ယေဟောဝါရဲ့ သတိပေးချက်တွေမှာ တစ်ခါတလေ သတိပေးသတင်းစကားတွေပါတယ်။ အစ္စရေးလူမျိုးဟာ ဘုရားသခင့်ပရောဖက်တွေကတစ်ဆင့် သတိပေးချက်တွေကို ပုံမှန်ရရှိတယ်။ ဥပမာ၊ အစ္စရေးလူမျိုး ကတိထားရာပြည်ထဲ မဝင်ခင်လေးမှာ သူတို့ကို မောရှေ ဒီလိုသတိပေးခဲ့တယ်– “ဒီအခါ သင်တို့ရဲ့နှလုံးက သွေးဆောင်ခံရတဲ့အတွက် လမ်းလွဲသွားပြီး တခြားဘုရားတွေကို ဦးမချ ဝတ်မပြုမိအောင် သတိပြုကြပါ။ ဒီလိုမှမဟုတ်ရင် သင်တို့အပေါ် ယေဟောဝါရဲ့ဒေါသမီး တောက်လောင် . . . လိမ့်မယ်။” (တရား. ၁၁:၁၆၊ ၁၇ကဘ) ကျမ်းစာမှာ ဘုရားသခင် မိမိလူမျိုးကိုပေးခဲ့တဲ့ အကျိုးပြု သတိပေးချက်တွေ အများကြီးပါတယ်။

ယေဟောဝါဟာ အစ္စရေးလူတွေကို ကိုယ်တော့်ကို ကြောက်ရွံ့ဖို့၊ ကိုယ်တော့်စကား နားထောင်ဖို့နဲ့ ကိုယ်တော့်နာမည်ကို သန့်ရှင်းမြင့်မြတ်စေကြဖို့ မကြာခဏ သတိပေးခဲ့တယ်။ (တရား. ၄:၂၉-၃၁; ၅:၂၈၊ ၂၉) အစ္စရေးလူတွေက အဲဒီသတိပေးချက်တွေကို နားထောင်မယ်ဆိုရင် ကောင်းချီးများစွာ ခံစားရမှာ သေချာတယ်။—ဝတ်. ၂၆:၃-၆; တရား. ၂၈:၁-၄

ဘုရားသခင့်သတိပေးချက်တွေကို အစ္စရေးလူတွေ တုံ့ပြန်ပုံ

ဘုရားသခင်က ဘုရင်ဟေဇကိဘက်ကနေ ဘာကြောင့် ကူညီတိုက်ခိုက်ပေးခဲ့တာလဲ။

အစ္စရေးလူတွေရဲ့ သမိုင်းတစ်လျှောက်မှာ ဘုရားသခင်ဟာ မိမိရဲ့ကတိအတိုင်း အမြဲလုပ်ဆောင်ပေးခဲ့တယ်။ ဥပမာ၊ အာရှုရိဘုရင် သနာခရိပ်က ယုဒပြည်ကို ကျူးကျော်ပြီး ဘုရင်ဟေဇကိကို ခြိမ်းခြောက်တဲ့အခါ ယေဟောဝါက သူ့လူမျိုးကိုကူညီဖို့ ကောင်းကင်တမန်တစ်ပါး စေလွှတ်ပေးခဲ့တယ်။ ဘုရားသခင့်ကောင်းကင်တမန်က တစ်ညတည်းမှာပဲ အာရှုရိစစ်သား ၁၈၅,၀၀၀ ကို သတ်ပစ်လိုက်တယ်။ သနာခရိပ်ဟာ အရှက်တကွဲနဲ့ အိမ်ပြန်ခဲ့ရတယ်။ (၆ ရာ. ၃၂:၂၁; ၄ ရာ. ၁၉:၃၅) ဘုရားသခင်က ဘာကြောင့် ဘုရင်ဟေဇကိဘက်ကနေ ကူညီတိုက်ခိုက်ပေးခဲ့တာလဲ။ အကြောင်းကတော့ “[ဟေဇကိ]က ယေဟောဝါကို မြဲမြဲဆုပ်ကိုင်ထားတယ်။ ကိုယ်တော့်နောက်လိုက်ရာကနေ လမ်းမလွဲဘဲ . . . ယေဟောဝါပေးတဲ့ပညတ်ချက်တွေအတိုင်း ဆက်လိုက်လျှောက်တယ်။”—၄ ရာ. ၁၈:၁၊ ၅၊ ၆ကဘ။

ယေဟောဝါရဲ့သတိပေးချက်တွေက စစ်မှန်တဲ့ဝတ်ပြုရေးအတွက် လုပ်ဆောင်ဖို့ ယောရှိကို လှုံ့ဆော်ပေးခဲ့ (အပိုဒ် ၆ ကိုကြည့်ပါ)

ဘုရင်ယောရှိဟာ ယေဟောဝါကို ယုံကြည်အားကိုးကြောင်း ဘယ်လိုဖော်ပြခဲ့သလဲ။

ယေဟောဝါရဲ့ပညတ်တွေကို လိုက်နာရာမှာ စံနမူနာပြခဲ့သူ နောက်တစ်ဦးက ဘုရင်ယောရှိပဲ။ အသက်ရှစ်နှစ်အရွယ်ကတည်းက သူဟာ “ယေဟောဝါရဲ့အမြင်မှာ မှန်ကန်ရာကိုလုပ်ပြီး . . . ဘယ်ဘက်ကိုဖြစ်စေ၊ ညာဘက်ကိုဖြစ်စေ မလွဲသွားဘူး။” (၆ ရာ. ၃၄:၁၊ ၂ကဘ) ယောရှိဟာ သူ့နိုင်ငံမှာရှိတဲ့ ရုပ်တုအားလုံးကို ဖျက်ဆီးပစ်ပြီး လူတွေ ယေဟောဝါကို ပြန်ဝတ်ပြုကိုးကွယ်လာအောင် ကူညီပေးခြင်းအားဖြင့် ယေဟောဝါကို ယုံကြည်အားကိုးကြောင်း ဖော်ပြခဲ့တယ်။ ယောရှိ အဲဒီလိုလုပ်ခဲ့တဲ့အတွက်ကြောင့် သူကိုယ်တိုင်သာမကဘဲ တစ်တိုင်းပြည်လုံး ကောင်းချီး ခံစားခဲ့ရတယ်။—၂  ရာဇဝင်ချုပ် ၃၄:၃၁-၃၃ ကိုဖတ်ပါ။

အစ္စရေးလူမျိုး ယေဟောဝါရဲ့သတိပေးချက်တွေကို မလိုက်နာတဲ့အခါ ဘာဖြစ်ခဲ့သလဲ။

ဒါပေမဲ့ ဝမ်းနည်းစရာက ဘုရားသခင့်လူမျိုးဟာ ကိုယ်တော့်သတိပေးချက်တွေကို အမြဲ မလိုက်နာခဲ့ဘူး။ ရာစုနှစ်တွေတစ်လျှောက်မှာ သူတို့ဟာ ယေဟောဝါစကားကို နားထောင်လိုက်၊ နားမထောင်လိုက် လုပ်ခဲ့ကြတယ်။ သူတို့ရဲ့ယုံကြည်ခြင်း အားနည်းလာတဲ့အခါမှာ မှားယွင်းတဲ့ဘုရားတွေကို ဝတ်ပြုဖို့ တခြားသူတွေက သူတို့အပေါ် အလွယ်တကူ ဩဇာလွှမ်းမိုးနိုင်ခဲ့တယ်။ (ဧ. ၄:၁၃၊ ၁၄) ဘုရားသခင် ကြိုပြောထားတဲ့အတိုင်းပဲ ကိုယ်တော့်သတိပေးချက်တွေကို သူတို့ မလိုက်နာတဲ့အခါ ဒုက္ခရောက်ခဲ့ကြတယ်။—ဝတ်. ၂၆:၂၃-၂၅; ယေ. ၅:၂၃-၂၅

ကျွန်ုပ်တို့ရဲ့အခြေအနေနဲ့ အစ္စရေးလူမျိုးရဲ့အခြေအနေက ဘယ်လိုနည်းနဲ့ ဆင်တူသလဲ။

ကျွန်ုပ်တို့ရဲ့အခြေအနေနဲ့ အစ္စရေးလူမျိုးရဲ့အခြေအနေက ဘယ်လိုနည်းနဲ့ ဆင်တူသလဲ။ ယနေ့ဘုရားသခင့် ကျေးကျွန်တွေဟာ အစ္စရေးလူမျိုးလိုပဲ သွန်သင်ချက်နဲ့ ပဲ့ပြင်ဆုံးမမှုတွေ ရရှိတယ်။ (၂ ပေ. ၁:၁၂) ကျမ်းစာကို ကျွန်ုပ်တို့ဖတ်တဲ့အခါတိုင်းမှာ ဘုရားသခင့် ပညတ်တွေနဲ့ပတ်သက်ပြီး သတိပေးခံရတယ်။ လွတ်လပ်စွာရွေးချယ်ခွင့်ရှိသူတွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ ကိုယ်တော့်ပညတ်တွေကို လိုက်နာမလား၊ ဒါမှမဟုတ် မှန်တယ်လို့ ကိုယ်ထင်တဲ့အတိုင်း လုပ်မလားဆိုတာ ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်။ (သု. ၁၄:၁၂) ယေဟောဝါရဲ့သတိပေးချက်တွေကို ကျွန်ုပ်တို့ ဘာကြောင့် အလေးထားသင့်သလဲ၊ အဲဒီလိုလုပ်ခြင်းကနေ ကျွန်ုပ်တို့ ဘယ်လိုအကျိုးရရှိနိုင်သလဲဆိုတာ ဆွေးနွေးကြည့်ကြစို့။

ဘုရားသခင့်စကားနားထောင်ပြီး အသက်ရှင်ပါ

အစ္စရေးလူတွေ တောကန္တာရမှာရှိနေတုန်း ယေဟောဝါ သူတို့ကို ထောက်မနေတယ်ဆိုတာ ဘယ်လို စိတ်ချစေခဲ့သလဲ။

အစ္စရေးလူတွေ ‘ကြောက်မက်ဖွယ်တောကြီးအလယ်’ မှာ အနှစ် ၄၀ စတင်လှည့်လည်တဲ့အခါ ယေဟောဝါက သူတို့ကို ဘယ်လိုလမ်းညွှန်မယ်၊ ဘယ်လို ကာကွယ်စောင့်ရှောက်မယ်ဆိုတာ ကြိုပြီး အသေးစိတ်မပြောပြခဲ့ဘူး။ ဒါပေမဲ့ ဘုရားသခင်က မိမိကို ယုံကြည်အားကိုးမယ်၊ ကိုယ်တော့်လမ်းညွှန်ချက်တွေကို လိုက်နာမယ်ဆိုရင် အကျိုးခံစားရမယ်ဆိုတာကိုတော့ နည်းလမ်းမျိုးစုံနဲ့ ဖော်ပြခဲ့တယ်။ ယေဟောဝါဟာ နေ့အချိန်မှာ မိုးတိမ်၊ ညအချိန်မှာ မီးတိုင်နဲ့ ဦးဆောင်လမ်းပြခြင်းအားဖြင့် ခက်ခဲကြမ်းတမ်းတဲ့ တောလမ်းခရီးတစ်လျှောက်မှာ သူတို့ကို ကိုယ်တော် ထောက်မပေးနေတယ်ဆိုတာ သတိရစေခဲ့တယ်။ (တရား. ၁:၁၉; ထွ. ၄၀:၃၆-၃၈) ကိုယ်တော်ဟာ သူတို့လိုအပ်ရာမှန်သမျှကို ဖြည့်ဆည်းပေးခဲ့တယ်။ “သူတို့မှာ လိုလေသေးမရှိ ပြည့်စုံခဲ့တယ်။ သူတို့ရဲ့အဝတ်တွေ မဟောင်းနွမ်းခဲ့သလို သူတို့ရဲ့ခြေထောက်တွေလည်း မရောင်ခဲ့ဘူး။”—နေ. ၉:၁၉-၂၁ကဘ။

၁၀။ ယနေ့အချိန်မှာ ယေဟောဝါဟာ မိမိရဲ့ကျေးကျွန်တွေကို ဘယ်လို ဦးဆောင်နေသလဲ။

၁၀ ယနေ့ ဘုရားသခင့်ကျေးကျွန်တွေဟာ ဖြောင့်မတ်တဲ့ကမ္ဘာသစ်ရဲ့အဝင်ဝကို ရောက်နေကြပြီ။ လာမယ့် “ကြီးစွာသောဒုက္ခ” မှာ ကျွန်ုပ်တို့ ကပ်ကျော်လွတ်မြောက်နိုင်ဖို့အတွက် လိုအပ်ရာမှန်သမျှကို ယေဟောဝါ ထောက်မပေးနေတယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်စိတ်ချသလား။ (မ. ၂၄:၂၁၊ ၂၂; ဆာ. ၁၁၉:၄၀၊ ၄၁) ကျွန်ုပ်တို့ ကမ္ဘာသစ်ထဲရောက်ဖို့အတွက် ယေဟောဝါက မိုးတိမ်၊ ဒါမှမဟုတ် မီးတိုင်နဲ့ လမ်းပြမှာမဟုတ်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ကို သတိပေးဖို့အတွက် ယေဟောဝါက မိမိရဲ့အဖွဲ့အစည်းကို သုံးနေတယ်။ ဥပမာ၊ ကျမ်းစာဖတ်ခြင်း၊ မိသားစုဝတ်ပြုမှုညချမ်း ပြုလုပ်ခြင်း၊ အစည်းအဝေးတွေ မှန်မှန်တက်ပြီး အမှုဆောင်လုပ်ငန်းမှာ မှန်မှန်ပါဝင်ခြင်းအားဖြင့် ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ခိုင်မြဲအောင်လုပ်ဖို့ ကျွန်ုပ်တို့ အားပေးခံကြရတယ်။ အဲဒီညွှန်ကြားချက်တွေကိုလိုက်နာဖို့ ကျွန်ုပ်တို့ဘဝမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပြီလား။ အဲဒီလိုလုပ်မယ်ဆိုရင် ကမ္ဘာသစ်ထဲဝင်နိုင်ဖို့ ခိုင်ခံ့တဲ့ယုံကြည်ခြင်း ရရှိမှာဖြစ်တယ်။

ယေဟောဝါရဲ့သတိပေးချက်တွေကို လိုက်နာခြင်းက ကျွန်ုပ်တို့ရဲ့နိုင်ငံတော်ခန်းမကို ဘေးကင်းအောင်ထားဖို့ ကူညီပေး (အပိုဒ် ၁၁ ကိုကြည့်ပါ)

၁၁။ ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို အလေးထားတယ်ဆိုတာ ဘယ်လိုဖော်ပြသလဲ။

၁၁ ဘုရားသခင့်အဖွဲ့အစည်းဟာ ကျွန်ုပ်တို့ရဲ့နေ့စဉ်အသက်တာမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ကူညီပေးတဲ့ လမ်းညွှန်ချက်တွေကိုလည်း ပေးတယ်။ ဥပမာ၊ စိုးရိမ်ပူပန်မှုတွေ လျော့နည်းစေဖို့အတွက် ပစ္စည်းဥစ္စာတွေအပေါ် မှန်ကန်တဲ့အမြင်ရှိဖို့နဲ့ ရိုးရိုးရှင်းရှင်း အသက်ရှင်ဖို့ ကျွန်ုပ်တို့ အားပေးခံရတယ်။ ဝတ်စားဖြီးလိမ်းပုံ၊ အကျိုးပြုတဲ့ အပန်းဖြေမှု ရွေးချယ်ပုံ၊ လောကပညာကို ဘယ်အတိုင်းအတာထိ သင်ယူသင့်ပုံတို့နဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေ ရရှိကြတယ်။ ကျွန်ုပ်တို့ရဲ့အိမ်တွေ၊ ကားတွေ၊ နိုင်ငံတော်ခန်းမနဲ့ အရေးပေါ်အခြေအနေတွေအတွက် ပြင်ဆင်နိုင်ပုံနဲ့ပတ်သက်တဲ့ သတိပေးချက်တွေကိုလည်း စဉ်းစားကြည့်ပါ။ ဒီအကြံပြုချက်တွေအားလုံးက ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို အလေးထားတယ်ဆိုတာ ဖော်ပြတယ်။

ပထမရာစုခရစ်ယာန်တွေ ဆက်သစ္စာရှိနိုင်ဖို့ သတိပေးချက်တွေက ကူညီပေး

၁၂။ (က) ယေရှုဟာ မိမိရဲ့တပည့်တွေကို ဘာအကြောင်း မကြာခဏ ပြောခဲ့သလဲ။ (ခ) နှိမ့်ချမှုရှိတဲ့ ဘယ်လုပ်ရပ်က ပေတရုရဲ့စိတ်ထဲမှာ စွဲမှတ်သွားသလဲ။ အဲဒီကနေ ကျွန်ုပ်တို့ ဘာသင်ယူသင့်သလဲ။

၁၂ ပထမရာစုအချိန်က ဘုရားသခင့်ကျေးကျွန်တွေဟာ သတိပေးချက်တွေ ပုံမှန် ရရှိခဲ့ကြတယ်။ ယေရှုဟာ မိမိရဲ့တပည့်တွေကို နှိမ့်ချမှုရှိဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ထပ်ခါထပ်ခါ ပြောခဲ့တယ်။ ဒါပေမဲ့ နှိမ့်ချမှုရဲ့အဓိပ္ပာယ်ကိုပဲ ပြောပြခဲ့တာမဟုတ်ဘူး။ ကိုယ်တိုင် စံနမူနာပြခဲ့တယ်။ ယေရှု မသေဆုံးခင်တစ်ညမှာ တမန်တော်တွေနဲ့အတူ ပသခါပွဲ ကျင်းပခဲ့တယ်။ တမန်တော်တွေ အစာစားနေချိန်မှာ ယေရှုဟာ စားပွဲကနေထပြီး သူတို့ရဲ့ခြေထောက်တွေကို ဆေးပေးခဲ့တယ်။ တကယ်တော့ အဲဒါက အစေခံတွေရဲ့အလုပ်ပဲ။ (ယော. ၁၃:၁-၁၇) နှိမ့်ချမှုရှိတဲ့ အဲဒီလုပ်ရပ်က တမန်တော်တွေရဲ့စိတ်ထဲမှာ စွဲမှတ်သွားတယ်။ အနှစ် ၃၀ ကြာပြီးတဲ့နောက်မှာ အဲဒီအချိန်တုန်းက အတူရှိခဲ့တဲ့ တမန်တော်ပေတရုဟာ တခြားခရစ်ယာန်တွေကို နှိမ့်ချမှုအကြောင်း သင်ပေးခဲ့တယ်။ (၁ ပေ. ၅:၅) ယေရှုရဲ့နှိမ့်ချမှုပုံသက်သေက တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရာမှာ နှိမ့်ချမှုရှိဖို့ ကျွန်ုပ်တို့အားလုံးအတွက် လှုံ့ဆော်မှုဖြစ်စေသင့်တယ်။—ဖိ. ၂:၅-၈

၁၃။ ယေရှုက တပည့်တွေကို ဘယ်အရေးကြီးတဲ့ အရည်အသွေးရှိဖို့ သတိပေးခဲ့သလဲ။

၁၃ မိမိရဲ့တပည့်တွေနဲ့ ယေရှု မကြာခဏ ဆွေးနွေးခဲ့တဲ့ နောက်ထပ်အကြောင်းအရာတစ်ခုက ခိုင်ခံ့တဲ့ယုံကြည်ခြင်းရှိဖို့ လိုတယ်ဆိုတဲ့အချက် ဖြစ်တယ်။ တစ်ခါမှာတော့ တပည့်တွေဟာ နတ်ဆိုးပူးနေတဲ့ယောက်ျားလေးကို မကုသပေးနိုင်ခဲ့ဘူး။ တပည့်တွေက ယေရှုကို “ကျွန်ုပ်တို့သည် နတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ကြသနည်း” လို့ မေးခဲ့တယ်။ ယေရှု ဒီလိုပြန်ဖြေခဲ့တယ်– “သင်တို့၏ယုံကြည်ခြင်း နည်းသောကြောင့်ဖြစ်၏။ ငါအမှန်ဆိုသည်ကား သင်တို့၌ မုန်ညှင်းစေ့မျှလောက်သော ယုံကြည်ခြင်းရှိလျှင် . . . သင်တို့ မတတ်နိုင်သောအရာမရှိ။” (မ. ၁၇:၁၄-၂၀) ယေရှု မြေကြီးပေါ်အမှုဆောင်ချိန်တစ်လျှောက်လုံးမှာ တပည့်တွေကို ယုံကြည်ခြင်းရှိဖို့ အလွန်အရေးကြီးတဲ့အကြောင်း သင်ပေးခဲ့တယ်။ (မဿဲ ၂၁:၁၈-၂၂ ကိုဖတ်ပါ။) စည်းဝေးကြီးတွေ၊ စည်းဝေးပွဲတွေ၊ ပတ်စဉ်စည်းဝေးတွေ အားလုံးကို တက်ရောက်ခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့အောင် လုပ်နေသလား။ အဲဒါတွေက ပျော်စရာကောင်းတဲ့ စုဝေးမှုတွေလောက်ပဲမဟုတ်ဘူး၊ ယေဟောဝါကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချကြောင်း ဖော်ပြနိုင်တဲ့အချိန်အခါတွေ ဖြစ်တယ်။

၁၄။ ယနေ့အချိန်မှာ ကိုယ်ကျိုးစွန့်မေတ္တာ ပြသဖို့ ဘာကြောင့်အရေးကြီးသလဲ။

၁၄ ခရစ်ယာန်ဂရိကျမ်းမှာ အချင်းချင်းချစ်ဖို့ သတိပေးချက်တွေ အများကြီးပါတယ်။ ဒုတိယအကြီးမြတ်ဆုံးပညတ်က “လူသားချင်းကို ကိုယ်နှင့်အမျှချစ်” ခြင်းဖြစ်တယ်လို့ ယေရှု ပြောခဲ့တယ်။ (မ. ၂၂:၃၉) ယေရှုရဲ့ မိတူဖကွဲညီ ယာကုပ်က ချစ်ခြင်းမေတ္တာကို “တော်ဝင်ပညတ်” လို့ ခေါ်ခဲ့တယ်။ (ယာ. ၂:၈) တမန်တော်ယောဟန်က “ချစ်ရသောသူတို့၊ ပညတ်သစ်အကြောင်း မဟုတ်ဘဲ အစကတည်းက သင်တို့ရထားသည့် ပညတ်ဟောင်းအကြောင်း သင်တို့ထံ ရေးလိုက်ပါ၏” လို့ ပြောခဲ့တယ်။ (၁ ယော. ၂:၇၊ ၈) “ပညတ်ဟောင်း” လို့ပြောရာမှာ ယောဟန် ဘာကိုရည်ညွှန်းနေတာလဲ။ ချစ်ခြင်းမေတ္တာပညတ်ကို ရည်ညွှန်းနေတာဖြစ်တယ်။ ဒီပညတ်က ဘာကြောင့် အဟောင်းဖြစ်သလဲဆိုတော့ ယေရှုက ဒီပညတ်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာဖြစ်တဲ့ “အစကတည်းက” ပေးခဲ့လို့ပဲ။ ဒါပေမဲ့ ဒီပညတ်က အသစ်လည်းဖြစ်တယ်၊ ဘာကြောင့်လဲဆိုတော့ တပည့်တွေဟာ အခြေအနေသစ်တွေမှာ ကိုယ်ကျိုးစွန့်မေတ္တာကို ပြသရမှာဖြစ်လို့ပဲ။ ခရစ်တော်ရဲ့တပည့်တွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ ဒီလောကမှာရှိတဲ့လူအများစု တင်ပြတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ သဘောထားမျိုးမရှိဖို့ သတိပေးချက်တွေ ရရှိတဲ့အတွက် ကျေးဇူးတင်ကြပါတယ်။ အဲဒီအစား ကျွန်ုပ်တို့က ကိုယ်ကျိုးစွန့်မေတ္တာ တင်ပြကြတယ်။

၁၅။ ယေရှု မြေကြီးပေါ်လာရတဲ့ အဓိကအကြောင်းရင်းက ဘာလဲ။

၁၅ ယေရှုဟာ လူတွေကို စိတ်ဝင်စားတယ်။ ဒီအချက်ကို လူနာတွေကို ကုသပေးခြင်း၊ လူသေတွေကို ပြန်ရှင်အောင် လုပ်ပေးခြင်းအားဖြင့် ပြသခဲ့တယ်။ ဒါပေမဲ့ လူနာတွေကို ကုသပေးဖို့က ယေရှု မြေကြီးပေါ်လာရတဲ့ အဓိကအကြောင်းရင်း မဟုတ်ဘူး။ သူ့ရဲ့ ဟောပြောခြင်းနဲ့သွန်သင်ခြင်းက လူတွေရဲ့ အသက်တာအပေါ် ပိုပြီး ရေရှည်အကျိုးသက်ရောက်တယ်။ ဘယ်လိုနည်းအားဖြင့်လဲ။ ဥပမာ ယေရှု ကုသပေးခဲ့သူတွေ၊ အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့သူတွေဟာ နောက်ပိုင်းမှာ အသက်ကြီးလာပြီး သေကြရတယ်။ ဒါပေမဲ့ ယေရှုဟောပြောတဲ့သတင်းကို လက်ခံတဲ့သူတွေဟာ ထာဝရအသက်ရဖို့ အခွင့်အလမ်းရှိတယ်။—ယော. ၁၁:၂၅၊ ၂၆

၁၆။ တပည့်ဖြစ်စေပါဆိုတဲ့ ယေရှုရဲ့မိန့်မှာချက်ကို ယေဟောဝါသက်သေတွေ ဘယ်လို လိုက်နာနေကြသလဲ။

၁၆ ပထမရာစုတုန်းက ယေရှု အစပြုခဲ့တဲ့ဟောပြောခြင်းလုပ်ငန်းကို ဒီနေ့အချိန်မှာ ပိုပြီးကြီးမားတဲ့အတိုင်းအတာနဲ့ လုပ်ဆောင်နေတယ်။ ယေရှုက တပည့်တွေကို “ထို့ကြောင့် သွား၍ လူမျိုးတကာမှလူတို့ကို ငါတပည့်ဖြစ်စေ” ပါလို့ မိန့်မှာခဲ့တယ်။ (မ. ၂၈:၁၉) ပထမရာစုတုန်းက လုပ်ခဲ့သလို အခုအချိန်မှာလည်း လုပ်နေတယ်။ နိုင်ငံပေါင်း ၂၃၀ ကျော်မှာရှိတဲ့ ယေဟောဝါသက်သေ ခုနစ်သန်းကျော်ဟာ လူတွေကို ဘုရားသခင့်နိုင်ငံတော်အကြောင်း ထက်ထက်သန်သန် ဟောပြောနေကြတယ်၊ သန်းနဲ့ချီတဲ့သူတွေကို ကျမ်းစာ မှန်မှန်သင်ပေးနေတယ်။ ဒီဟောပြောခြင်းလုပ်ငန်းက ကျွန်ုပ်တို့ဟာ နောက်ဆုံးကာလမှာ အသက်ရှင်နေတယ်ဆိုတဲ့ အထောက်အထားပဲ။

ယနေ့ ယေဟောဝါကို ယုံကြည်စိတ်ချကြ

၁၇။ ပထမရာစုခရစ်ယာန်တွေကို ပေါလုနဲ့ ပေတရု ဘယ်သွန်သင်ချက်ပေးခဲ့သလဲ။

၁၇ သတိပေးချက်တွေက ပထမရာစုမှာရှိတဲ့ ခရစ်ယာန်တွေကို ယုံကြည်ခြင်းခိုင်ခံ့စေဖို့ ကူညီပေးခဲ့တယ်ဆိုတာ ထင်ရှားတယ်။ ဥပမာ၊ ရောမမြို့မှာ ပေါလု အကျဉ်းကျနေတုန်းက တိမောသေကို “ငါ့ထံမှကြားနာခဲ့သည့် အကျိုးဖြစ်ထွန်းသော တရားစကားတော်ပုံစံကို . . . ဆုပ်ကိုင်ထားလော့” ဆိုပြီး ပြောခဲ့တယ်။ (၂ တိ. ၁:၁၃) ဒီစကားတွေက တိမောသေကို အလွန်အားပေးမှုဖြစ်စေခဲ့မှာပဲ။ တမန်တော်ပေတရုလည်း ခရစ်ယာန်တွေကို ခံနိုင်ရည်၊ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်စုံမက်ခြင်းနဲ့ ချုပ်တည်းခြင်းအရည်အသွေးတွေကို ပြသဖို့ အားပေးခဲ့တယ်။ အဲဒီနောက်မှာ ပေတရုက “သင်တို့သည် ထိုအရာများကို သိရှိပြီး . . . အမှန်တရား၌ ခိုင်ခဲ့မြဲမြံနေကြသော်လည်း ငါသည် . . . သင်တို့ကို သတိပေးရန် အမြဲအသင့်ရှိ၏” လို့ ဆက်ပြောခဲ့တယ်။—၂ ပေ. ၁:၅-၈၊ ၁၂

၁၈။ ပထမရာစုခရစ်ယာန်တွေဟာ သတိပေးချက်တွေကို ဘယ်လို သဘောထားခဲ့ကြသလဲ။

၁၈ အသင်းတော်တွေဆီ ပေါလုနဲ့ ပေတရု ရေးခဲ့တာတွေက “သန့်ရှင်းသောပရောဖက်များ ရှေးက ပြောဆိုခဲ့သောစကားများ” နဲ့ ဆင်တူတယ်။ (၂ ပေ. ၃:၂) ဒါပေမဲ့ ဒီလိုလမ်းညွှန်ချက်တွေ ရရှိလို့ ပထမရာစုက ကျွန်ုပ်တို့ရဲ့ညီအစ်ကိုတွေ မခံချိမခံသာဖြစ်ပြီး စိတ်ဆိုးခဲ့ကြသလား။ စိတ်မဆိုးခဲ့ကြပါဘူး။ ဒါက ဘုရားသခင်က သူတို့ကိုချစ်လို့၊ သူတို့ကို ဆက်ပြီးသစ္စာရှိစေချင်လို့ ဒီလိုလမ်းညွှန်ချက်တွေ ပေးတယ်ဆိုတာ သူတို့ သိနားလည်ခဲ့ကြတယ်။—၂ ပေ. ၃:၁၈

၁၉၊ ၂၀။ ကျွန်ုပ်တို့ ဘာကြောင့် ယေဟောဝါရဲ့သတိပေးချက်တွေကို ယုံကြည်စိတ်ချသင့်သလဲ၊ အဲဒီကနေ ကျွန်ုပ်တို့ ဘယ်လိုအကျိုးခံစားနိုင်ကြသလဲ။

၁၉ ယနေ့အချိန်မှာ ဘုရားသခင့်စကားတော် သမ္မာကျမ်းစာမှာပါတဲ့ ယေဟောဝါရဲ့သတိပေးချက်တွေကို ယုံကြည်စိတ်ချဖို့ ကျွန်ုပ်တို့မှာ အကြောင်းရင်းများစွာ ရှိတယ်။ (ယောရှု ၂၃:၁၄ ကိုဖတ်ပါ။) ထောင်နဲ့ချီတဲ့ နှစ်တွေတစ်လျှောက် မစုံလင်တဲ့လူသားတွေနဲ့ ဘုရားသခင့်ဆက်ဆံပုံကို သမ္မာကျမ်းစာမှာ တွေ့ရတယ်။ ကျွန်ုပ်တို့အကျိုးအတွက် ဒီဇာတ်ကြောင်းတွေကို ကျမ်းစာမှာ မှတ်တမ်းတင်ထားတာဖြစ်တယ်။ (ရော. ၁၅:၄; ၁ ကော. ၁၀:၁၁) ကျမ်းစာပရောဖက်ပြုချက်တွေ ပြည့်စုံတာကိုလည်း ကျွန်ုပ်တို့ မြင်တွေ့နေရတယ်။ ပရောဖက်ပြုချက်တွေက နှစ်ပေါင်းများစွာ ကြိုပေးထားတဲ့ သတိပေးချက်တွေနဲ့တူတယ်။ ဥပမာ၊ “နောက်ဆုံးသောကာလ” မှာ ဖြစ်ပျက်မယ်လို့ ပရောဖက်ပြုထားတဲ့အတိုင်းပဲ သန်းနဲ့ချီတဲ့လူတွေဟာ ယေဟောဝါရဲ့ စင်ကြယ်တဲ့ဝတ်ပြုရေးထဲ စုသိမ်းခံနေကြရတယ်။ (ဟေရှာ. ၂:၂၊ ၃) ပိုပိုဆိုးလာတဲ့ ကမ္ဘာ့အခြေအနေတွေကလည်း ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံချက်ဖြစ်တယ်။ ကျွန်ုပ်တို့ လေ့လာခဲ့တဲ့အတိုင်း ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကလည်း ယေရှုရဲ့စကား အတိအကျပြည့်စုံချက်ပါပဲ။—မ. ၂၄:၁၄

၂၀ ကျွန်ုပ်တို့ရဲ့ဖန်ဆင်းရှင်က ရာစုနှစ်များစွာတစ်လျှောက်မှာ မိမိကို ယုံကြည်စိတ်ချနိုင်တယ်ဆိုတာ အထင်အရှားဖော်ပြခဲ့တယ်။ အဲဒီကနေ ကျွန်ုပ်တို့ အကျိုးရယူနေသလား။ ကိုယ်တော့်သတိပေးချက်တွေကို ကျွန်ုပ်တို့ ယုံကြည်ဖို့လိုတယ်။ ရိုစယ်လင်းလို့ခေါ်တဲ့ ညီအစ်မတစ်ယောက် ဒီလိုပြောခဲ့တယ်– “ယေဟောဝါကို ကျွန်မ အပြည့်အဝ ယုံကြည်စိတ်ချလေ ကိုယ်တော့်မေတ္တာပါ ထောက်မမှုနဲ့ ခွန်အားပေးမှုကို ကျွန်မ ပိုပြီး သိမြင်ခံစားလာရလေပဲ။” ကျွန်ုပ်တို့လည်း ယေဟောဝါရဲ့သတိပေးချက်တွေကနေ ဆက်ပြီး အကျိုးခံစားကြပါစို့။