မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တခြားသူတွေကို သတိပေးဖို့ သင်ပိုလုပ်ဆောင်နိုင်မလား

တခြားသူတွေကို သတိပေးဖို့ သင်ပိုလုပ်ဆောင်နိုင်မလား

၁၉၀၀ ပြည့်လွန်နှစ်အစပိုင်းမှာ လူတွေဟာ အသံတိတ်ရုပ်ရှင်ကားတစ်ကား (A Trip Down Market Street) ကို ကြိုက်နှစ်သက်ခဲ့ကြတယ်။ အဲဒီရုပ်ရှင်က ဆန်ဖရန်စစ္စကိုမြို့ကလူတွေရဲ့ နေ့စဉ်ဘဝကို ရိုက်ပြထားတာဖြစ်တယ်။ ရုပ်ရှင်ရိုက်တဲ့သူတွေဟာ လက်လှည့်ကင်မရာတစ်လုံးကို သွားနေတဲ့လျှပ်စစ်ကားတစ်စီးရှေ့မှာ တပ်ထားပြီး လူရှုပ်တဲ့လမ်းမတွေမှာ ရိုက်ကူးခဲ့တာဖြစ်တယ်။ အဲဒီရုပ်ရှင်ထဲမှာ မြင်းလှည်းတွေ၊ အဲဒီအချိန်တုန်းက ကားတွေ၊ ရောင်းဝယ်ဖောက်ကားနေတဲ့လူတွေ၊ သတင်းစာရောင်းတဲ့သူတွေ ပါတယ်။

၁၉၀၆၊ ဧပြီလမှာ ရိုက်ကူးခဲ့ပုံရတဲ့ အဲဒီရုပ်ရှင်ကို အခုချိန်မှာ ပြန်ကြည့်ရင် စိတ်မကောင်းစရာပါပဲ၊ အဲဒါက ဧပြီ ၁၈ ရက်နေ့မှာ ထောင်နဲ့ချီတဲ့လူတွေကို သေဆုံးစေပြီး တစ်မြို့လုံးနီးပါးကို ဖျက်ဆီးပစ်ခဲ့တဲ့ မြေငလျင်နဲ့ မီးလောင်မှုမဖြစ်ခင်လေးမှာ ရိုက်ကူးခဲ့တာဖြစ်တယ်။ အဲဒီရုပ်ရှင်မှာ ပါဝင်ခဲ့သူတချို့ဟာ နောက်ထပ်ရက်အနည်းငယ်ပဲ အသက်ရှင်ခွင့် ရခဲ့မှာဖြစ်တယ်။ အဲဒီရုပ်ရှင်ကို ရိုက်ကူးခဲ့သူတွေထဲက တစ်ဦးရဲ့ မျိုးဆက်ဖြစ်တဲ့ စကော့ မိုင်းလ်စ်က ဒီလိုပြောခဲ့တယ်– “အဲဒီမှာပါတဲ့သူတွေကို ကျွန်တော်တွေ့ခဲ့တယ်၊ သူတို့တွေ ဘာဖြစ်တော့မလဲဆိုတာကို သူတို့ မသိကြဘူး။ သူတို့အတွက် စိတ်မကောင်းဖြစ်တာကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူး။”

၁၉၀၆ ခုနှစ်မှာဖြစ်ခဲ့တဲ့ငလျင်ဟာ ကြိုတင်သတိပေးချက်မရှိဘဲ ဆန်ဖရန်စ္စကို တစ်မြို့လုံးနီးပါးကို ဖျက်ဆီးပစ်ခဲ့တယ်

အဲဒီအချိန်က အဖြစ်အပျက်နဲ့ ကျွန်ုပ်တို့အချိန်ကို ပြန်နှိုင်းယှဉ်ကြည့်တဲ့အခါ ကျွန်ုပ်တို့ကို အလေးအနက် စဉ်းစားတွေးတောစေတယ်။ ကျွန်ုပ်တို့လည်း လူတွေအတွက် စိတ်မကောင်း ဖြစ်တာကလွဲလို့ ဘာမှမတတ်နိုင်ဘူး။ လူတွေဟာ သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ပဲ အလုပ်များနေကြပြီး ရှေ့မှာ ဘာဖြစ်တော့မယ်ဆိုတာကို မသိကြဘူး၊ ဒီဆိုးညစ်တဲ့လောကနဲ့ သူတို့ရဲ့ဘဝလမ်းစဉ်ဟာ မကြာခင် ဖျက်ဆီးခံရတော့မယ်။ ဒါပေမဲ့ ဒီဘေးဆိုးက ကြိုတင်သတိပေးချက်မရှိတဲ့ မြေငလျင်နဲ့မတူပါဘူး။ ကျွန်ုပ်တို့ဟာ လူတွေကို ယေဟောဝါရဲ့တရားစီရင်ရာနေ့အကြောင်း သတိပေးဖို့ အခွင့်အရေးရှိတယ်။ သင်ဟာ အပတ်တိုင်း အချိန်ယူပြီး တစ်အိမ်တက်ဆင်း ဟောပြောနေပါလိမ့်မယ်၊ ဒါပေမဲ့ တခြားသူတွေကို သတိပေးဖို့ သင် ပိုလုပ်ဆောင်နိုင်မလား။

ယေရှု ဟောပြောဖို့ အမြဲအသင့်ရှိ

ယေရှုရဲ့စံနမူနာက ကျွန်ုပ်တို့အတွက် အထူးမှတ်သားထိုက်ပါတယ်။ ယေရှုဟာ သူတွေ့ဆုံတဲ့လူတိုင်းကို ဟောပြောဖို့ အမြဲ အသင့်ရှိခဲ့တယ်။ အဲဒီသူတွေထဲမှာ လမ်းမှာတွေ့တဲ့ အခွန်ခံတစ်ယောက်၊ နေ့လယ်ခင်း ခဏနားချိန်မှာ ရေတွင်းမှာတွေ့တဲ့ အမျိုးသမီးတစ်ယောက်ပါတယ်။ (လု. ၁၉:၁-၅; ယော. ၄:၅-၁၀၊ ၂၁-၂၄) ယေရှုဟာ နားဖို့အချိန် ဖယ်ထားပေမဲ့ တခြားသူတွေကို သွန်သင်ပေးဖို့ သူ့ရဲ့အစီအစဉ်တွေကို လိုလိုလားလား ပြောင်းလဲခဲ့တယ်။ လူတွေကို သနားကြင်နာတဲ့စိတ်ကြောင့် သူတို့ကို အတတ်နိုင်ဆုံး သွန်သင်ပေးခဲ့တယ်။ (မာ. ၆:၃၀-၃၄) အရေးတကြီးသဘောထားနဲ့ ဟောပြောခဲ့တဲ့ ယေရှုကို ယနေ့အချိန်မှာ ဘယ်လိုတုပနေသလဲ။

အခွင့်အရေးရတိုင်း ဟောပြောကြ

မယ်လီကာဟာ လုံခြုံရေးတင်းကျပ်ပြီး အထဲကိုဝင်ဖို့မလွယ်တဲ့ တိုက်ခန်းတွဲအဆောက်အဦတစ်ခုမှာနေတယ်။ သူ့ရဲ့အိမ်နီးချင်းအတော်များများက နိုင်ငံခြားကလာတဲ့ ကျောင်းသားတွေဖြစ်တယ်။ သူတို့က တခြားနေရာမှာ ရှာမတွေ့နိုင်တဲ့ ဖုန်းနံပါတ်တွေကိုသုံးတယ်၊ သူတို့ရဲ့နာမည်တွေကလည်း အဆောက်အဦရဲ့ လမ်းညွှန်စာအုပ်မှာ မပါဘူး။ မယ်လီကာဟာ အခွင့်အရေးရတိုင်း ဧည့်ခန်းမှာ၊ ဓာတ်လှေကားထဲမှာ တွေ့တဲ့သူတွေကို ကျမ်းစာအကြောင်း စပြောတယ်။ သူက “ဒီနည်းနဲ့ဟောပြောတာကို ကျွန်မရဲ့ ရပ်ကွက်လို သဘောထားတယ်” လို့ ပြောပြတယ်။ မယ်လီကာဟာ ဘာသာစကားမျိုးစုံနဲ့ စာပေတွေကို ဆောင်ထားတယ်၊ သူ့ရဲ့အိမ်နီးချင်းတွေက ဝေစာတွေ၊ မဂ္ဂဇင်းတွေကို လက်ခံတယ်။ လူတွေကို ကျွန်ုပ်တို့ရဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ jw.org မှာ ဘယ်လို ဝင်ကြည့်နိုင်တဲ့အကြောင်းလည်း ပြောပြတယ်။ သူဟာ ကျမ်းစာသင်အံမှု အများကြီး စနိုင်ခဲ့တယ်။

ဆိုနီယာဟာ ဟောပြောဖို့အခွင့်အရေးကို အမြဲရှာနေသူဖြစ်တယ်။ သူက ဆေးခန်းတစ်ခုမှာ အလုပ်လုပ်တယ်၊ သူ့ရဲ့အလုပ်ဖော်တစ်ယောက်ချင်းစီကို သေချာသက်သေခံဖို့ သူပန်းတိုင်ထားတယ်။ ဦးဆုံး သူတို့တစ်ယောက်စီမှာ ဘာလိုအပ်သလဲ၊ သူတို့ ဘာကိုစိတ်ဝင်စားသလဲဆိုတာ လေ့လာတယ်။ ပြီးတဲ့နောက် နေ့လယ်စာစားချိန်မှာ တစ်ယောက်ချင်းစီနဲ့ တွေ့ဆုံပြီး ကျမ်းစာအကြောင်း ပြောပြတယ်။ အကျိုးကတော့ ဆိုနီယာဟာ ကျမ်းစာသင်အံမှုနှစ်ခု စနိုင်ခဲ့တယ်။ ဒါ့အပြင် သူနားတဲ့အချိန်တွေမှာ ဆေးခန်းရဲ့ ဧည့်ခန်းကိုသွားပြီး ဆရာဝန်နဲ့တွေ့ဖို့ စောင့်နေတဲ့သူတွေနဲ့ စကားပြောဖို့ စီစဉ်တယ်။

အခွင့်အရေးတိုင်းကို အသုံးချပါ

၁၉၀၆ ခုနှစ် ငလျင်ဘေးကနေ လွတ်မြောက်ခဲ့သူတစ်ယောက်က အဲဒီငလျင်ဟာ မြို့ ဒါမှမဟုတ် ပြည်နယ်မှာ ဖြစ်ခဲ့သမျှထဲမှာ အဆိုးဝါးဆုံးဘေးပဲလို့ ပြောခဲ့တယ်။ ဒါပေမဲ့ ဖြစ်ခဲ့သမျှဘေးတွေဟာ “ဘုရားသခင်ကို မသိသောသူ” အားလုံးအပေါ် ကျရောက်တော့မယ့် လက်စားချေရာနေ့နဲ့ နှိုင်းယှဉ်လို့ရမှာမဟုတ်ဘူး။ (၂ သက်. ၁:၈) ယေဟောဝါဟာ လူတွေ စိတ်နှလုံးပြောင်းလဲပြီး သူ့သက်သေတွေဟောပြောနေတဲ့ သတိပေးချက်သတင်းကို လက်ခံဖို့ အလိုရှိတယ်။—၂ ပေ. ၃:၉; ဗျာ. ၁၄:၆၊ ၇

သင် နေ့စဉ်တွေ့နေရသူတွေကို အခွင့်အရေးရတိုင်း ဟောပြောနိုင်မလား

ကျွန်ုပ်တို့ဟာ ခက်ခဲကျပ်တည်းတဲ့ကာလမှာ အသက်ရှင်နေတယ်ဆိုတာ လူတွေ နားလည်အောင် ကူညီပေးနိုင်တဲ့ အခွင့်ထူးရထားကြတယ်။ လူတွေဟာ သူတို့ကိုယ်ကျိုးတစ်ခုအတွက်ပဲ အသက်မရှင်ဘဲ ယေဟောဝါကို ဝတ်ပြုဖို့ လိုအပ်တယ်။ (ဇေ. ၂:၂၊ ၃) သင့်အိမ်နီးချင်း၊ အလုပ်ဖော်နဲ့ သင် နေ့စဉ်တွေ့နေရသူတွေကို အခွင့်အရေးရတိုင်း ဟောပြောနိုင်မလား။ တခြားသူတွေကို သတိပေးဖို့ သင်ပိုလုပ်ဆောင်မလား။