မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖန်ဆင်းထားရာများက အသက်ရှင်တော်မူသော ဘုရားသခင်ကို ဖော်ပြ

ဖန်ဆင်းထားရာများက အသက်ရှင်တော်မူသော ဘုရားသခင်ကို ဖော်ပြ

‘ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ၍ ဘုန်းတော်ကိုရထိုက်တော်မူ၏။’—ဗျာ. ၄:၁၁

၁။ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်း ခိုင်ခံ့အောင် ဘာလုပ်ရမလဲ။

လူများစွာက သူတို့ကိုယ်တိုင် မြင်ရတဲ့အရာကိုပဲ ယုံကြည်တယ်လို့ ပြောကြတယ်။ ဒီလိုလူတွေ ယေဟောဝါကို ယုံကြည်လာအောင် ကျွန်ုပ်တို့ ဘယ်လိုကူညီပေးနိုင်သလဲ။ ကျမ်းစာမှာ “ဘုရားသခင်ကို မည်သူမျှ မမြင်ဖူး” လို့ဖော်ပြထားတယ်။ (ယော. ၁:၁၈) ဒါကြောင့် ကျွန်ုပ်တို့ကိုယ်တိုင် “မျက်မြင်မရသော ဘုရားသခင်” ကို အခိုင်အမာယုံကြည်အောင် ဘာလုပ်နိုင်သလဲ။ (ကော. ၁:၁၅) အရင်ဆုံး ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို မရှင်းမလင်းဖြစ်စေတဲ့ သွန်သင်ချက်တွေကို သိဖို့လိုတယ်။ သိပြီဆိုရင် အဲဒီသွန်သင်ချက်တွေက “ဘုရားသခင်နှင့်ဆိုင်သောအသိပညာကို ဆန့်ကျင်” တယ်ဆိုတာ သက်သေပြဖို့ ကျမ်းစာကို ပိုင်ပိုင်နိုင်နိုင် အသုံးပြုရမှာဖြစ်တယ်။—၂ ကော. ၁၀:၄၊ ၅

၂၊ ၃။ ဘယ်သွန်သင်ချက်နှစ်ခုက ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို လူတွေမမြင်အောင် ဖုံးကွယ်ထားသလဲ။

ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို လူတွေမမြင်အောင် ဖုံးကွယ်ထားတဲ့ အယူမှားသွန်သင်ချက်တစ်ခုက ဆင့်ကဲအယူဝါဒဖြစ်တယ်။ ဒီလူ့သွန်သင်ချက်က ကျမ်းစာနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး လူတွေကို မျှော်လင့်ချက်မဲ့စေတယ်။ လူတွေဟာ သူ့အလိုလို ဖြစ်လာတယ်လို့ ဆင့်ကဲအယူက သင်ပေးတယ်။ အဲဒီအယူအဆသာ အမှန်ဆိုရင် လူသားတွေ ကမ္ဘာပေါ်မှာ အသက်ရှင်နေတာ ဘာရည်ရွယ်ချက်မှမရှိဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားမယ်။

ခရစ်ယာန်အမည်ခံတချို့ကတော့ ကမ္ဘာမြေကြီးနဲ့ အဲဒီမှာရှိတဲ့ သက်ရှိတွေအပါအဝင် စကြဝဠာရဲ့သက်တမ်းဟာ နှစ်ထောင်ပေါင်းအနည်းငယ်ပဲရှိသေးတယ်လို့ သွန်သင်တယ်။ သူတို့က ဘုရားသခင်ဟာ အရာအားလုံးကို တစ်ရက်မှာ ၂၄ နာရီရှိတဲ့ ခြောက်ရက်အတွင်းမှာ ဖန်ဆင်းခဲ့တယ်လို့ ပြောကြတယ်။ အဲဒီသွန်သင်ချက်ကို ဖန်ဆင်းခြင်းအယူဝါဒလို့ ခေါ်တယ်။ ဖန်ဆင်းခြင်းအယူဝါဒကို ယုံကြည်သူတွေဟာ သူတို့ရဲ့ယုံကြည်ချက်နဲ့ မကိုက်ညီတဲ့ သိပ္ပံဆိုင်ရာအထောက်အထားအားလုံးကို ငြင်းပယ်တယ်။ သူတို့က သမ္မာကျမ်းစာကို လေးစားကြမှာဖြစ်ပေမဲ့ သူတို့ရဲ့သွန်သင်ချက်တွေက တခြားသူတွေ သမ္မာကျမ်းစာကို လက်ခံယုံကြည်ဖို့ အခက်တွေ့စေတယ်။ အကြောင်းကတော့ ဖန်ဆင်းခြင်းအယူဝါဒကြောင့် သမ္မာကျမ်းစာဟာ ကျိုးကြောင်းညီညွတ်မှုမရှိဘူး၊ မမှန်ကန်ဘူးလို့ ယူဆသွားစေတယ်။ ဖန်ဆင်းခြင်းအယူဝါဒကို သွန်သင်သူတွေက ပထမရာစုမှာ အသက်ရှင်ခဲ့သူတချို့ကို သတိရစေတယ်။ သူတို့တွေဟာ ဘုရားသခင်ကို ထက်သန်မှုအပြည့်နဲ့ ဝတ်ပြုကိုးကွယ်ခဲ့ကြပေမဲ့ “တိကျမှန်ကန်သော အသိပညာအတိုင်း မဟုတ်” ဘူး။ (ရော. ၁၀:၂) “အခိုင်အမာ အမြစ်စွဲနေ” တဲ့ ဆင့်ကဲအယူဝါဒနဲ့ ဖန်ဆင်းခြင်းအယူဝါဒ မှားတယ်ဆိုတာ ကျမ်းစာသုံးပြီး ဘယ်လို သက်သေပြနိုင်သလဲ။ * ကျမ်းစာသွန်သင်ချက်တွေနဲ့ပတ်သက်တဲ့ တိကျမှန်ကန်တဲ့ အသိပညာရရှိဖို့ ကျွန်ုပ်တို့ ကြိုးစားအားထုတ်မှသာ သက်သေပြနိုင်မယ်။

ယုံကြည်ခြင်းဆိုတာ အထောက်အထားနဲ့ ခိုင်လုံတဲ့ကျိုးကြောင်းဆင်ခြင်မှုအပေါ် အခြေခံ

၄။ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းက ဘယ်အရာအပေါ် အခြေခံသင့်သလဲ။

အသိပညာကို သိမ်းဆည်းဖို့ ကျမ်းစာက ကျွန်ုပ်တို့ကို သွန်သင်တယ်။ (သု. ၁၀:၁၄) ယေဟောဝါက ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို လူ့အတွေးအခေါ် ဒါမှမဟုတ် ဘာသာရေးဓလေ့ထုံးစံတွေအပေါ် မဟုတ်ဘဲ အထောက်အထားနဲ့ ခိုင်လုံတဲ့ကျိုးကြောင်းဆင်ခြင်မှုအပေါ် အခြေခံစေချင်တယ်။ (ဟေဗြဲ ၁၁:၁ ကိုဖတ်ပါ။) ဘုရားသခင်ကို အခိုင်အမာယုံကြည်ဖို့ဆိုရင် အရင်ဆုံး ယေဟောဝါတည်ရှိတယ်ဆိုတာကို ကျွန်ုပ်တို့ ယုံကြည်ရမယ်။ (ဟေဗြဲ ၁၁:၆ ကိုဖတ်ပါ။) ကိုယ်တော်တည်ရှိတယ်လို့ ကျွန်ုပ်တို့ ယုံကြည်တာက တစ်ခုခုကို ယုံကြည်ချင်တဲ့စိတ်ကြောင့် မဟုတ်ဘူး၊ ကျွန်ုပ်တို့ကိုယ်တိုင် အချက်အလက်တွေကို စစ်ဆေး၊ ကျွန်ုပ်တို့ရဲ့ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို အသုံးပြုပြီး ယုံကြည်တာဖြစ်တယ်။—ရော. ၁၂:၁

၅။ ဘုရားသခင်တည်ရှိကြောင်း လက်ခံယုံကြည်နိုင်တဲ့ အကြောင်းရင်းတစ်ခုက ဘာလဲ။

ဘုရားသခင်ကို မမြင်ရပေမဲ့ ကိုယ်တော်တည်ရှိကြောင်း ယုံကြည်နိုင်တဲ့ အကြောင်းရင်းတစ်ခုကို တမန်တော်ပေါလု ဖော်ပြပေးတယ်။ သူဒီလို ရေးခဲ့တယ်– “ဖန်ဆင်းထားရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ဘုရားသခင့် အဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ ဂုဏ်ရည်တော်များသည် လောကဖန်ဆင်းချိန်မှစ၍ ထင်ရှားစွာ သိမြင်ရ၏။ ထို့ကြောင့် သူတို့သည် ဆင်ခြေမပေးနိုင်ရာ။” (ရော. ၁:၂၀) ဘုရားသခင်တည်ရှိတယ်ဆိုတာ သံသယဝင်နေသူကို ပေါလုရဲ့စကားတွေ မှန်ကန်တယ်ဆိုတာ သိမြင်ဖို့ သင်ဘယ်လို ကူညီပေးနိုင်သလဲ။ ဘုရားသခင်ရဲ့တန်ခိုးနဲ့ ဉာဏ်ပညာကို အထင်အရှားမြင်တွေ့ရတဲ့ အောက်ပါဖန်ဆင်းခြင်းလက်ရာတချို့ကို သင်အသုံးပြုနိုင်ပါတယ်။

ဖန်ဆင်းခြင်းလက်ရာတွေမှာ ဘုရားသခင့်တန်ခိုးတော် ထင်ရှား

၆၊ ၇။ ဘယ်အရာနှစ်ခုမှာ ယေဟောဝါရဲ့တန်ခိုးတော်ကို အထင်အရှား မြင်တွေ့ရသလဲ။

ကျွန်ုပ်တို့ကို ကာကွယ်ပေးနေတဲ့ အရာနှစ်ခုမှာ ယေဟောဝါရဲ့တန်ခိုးတော်ကို အထင်အရှား မြင်တွေ့ရတယ်။ အဲဒါတွေက ကမ္ဘာ့လေထုနဲ့ ကမ္ဘာ့သံလိုက်စက်ကွင်းဖြစ်တယ်။ လေထုက ကျွန်ုပ်တို့ကို ရှူဖို့လေ ရရှိစေရုံသာမက အကာအကွယ်လည်း ပေးတယ်။ ဘယ်လိုနည်းနဲ့လဲ။ အာကာသကနေ လွင့်စင်လာတဲ့ ကျောက်တုံးအပိုင်းအစတွေသာ ကမ္ဘာမြေကြီးကို ထိမှန်မယ်ဆိုရင် အကြီးအကျယ် ထိခိုက်ပျက်စီးနိုင်တယ်။ ဒါပေမဲ့ အဲဒီအပိုင်းအစတွေဟာ ကမ္ဘာ့လေထုထဲမှာပဲ လောင်ကျွမ်းပြီး ပျောက်ကွယ်သွားတယ်။ အဲဒီလိုလောင်ကျွမ်းတဲ့အခါ ညကောင်းကင်ယံမှာ လှပတဲ့ လျှပ်တစ်ပြက် ရောင်စုံအလင်းတန်းတွေ ဖြစ်ပေါ်လာတယ်။

ကမ္ဘာ့သံလိုက်စက်ကွင်းကလည်း ကျွန်ုပ်တို့ကို အန္တရာယ်ကနေ ကာကွယ်ပေးတယ်။ ကမ္ဘာရဲ့အတွင်းပိုင်း အလယ်ဗဟိုမှာ သံရည်ပူတွေ ရှိတယ်။ အဲဒီသံရည်ပူတွေက ကမ္ဘာမြေကြီးနဲ့ အာကာသအထိ သက်ရောက်တဲ့ အားကောင်းတဲ့ သံလိုက်စက်ကွင်းတစ်ခု ဖြစ်ပေါ်စေတယ်။ ဒီသံလိုက်စက်ကွင်းဟာ နေပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အန္တရာယ်တွေကနေ ကျွန်ုပ်တို့ကို ကာကွယ်ပေးတယ်။ ကမ္ဘာ့သံလိုက်စက်ကွင်းကြောင့် နေကလာတဲ့ အန္တရာယ်ရှိတဲ့ရောင်ခြည်တွေဟာ ကမ္ဘာပေါ်က သက်ရှိတွေအပေါ် မကျရောက်နိုင်ဘူး။ ကမ္ဘာ့သံလိုက်စက်ကွင်းဟာ အန္တရာယ်ရှိတဲ့ ရောင်ခြည်တွေကို စုပ်ယူပြီး အာကာသဆီ ပြန်ပို့တယ်။ တောင်နဲ့မြောက်ဝင်ရိုးစွန်းတွေမှာဆိုရင် ညဘက်တွေမှာ ဒီသံလိုက်စက်ကွင်းတွေကို ရောင်စုံဖြာထွက်နေတဲ့ လှပတဲ့အလင်းတန်းတွေအဖြစ် မြင်တွေ့နိုင်တယ်။ ယေဟောဝါဟာ တကယ့်ကို “တန်ခိုးနဲ့ပြည့်စုံ” ပါတယ်။—ဟေရှာယ ၄၀:၂၆ ကိုဖတ်ပါ။

ဖန်ဆင်းခြင်းလက်ရာမှာ ဘုရားသခင့်ဉာဏ်ပညာ ထင်ရှား

၈၊ ၉။ သက်ရှိတွေ ဆက်အသက်ရှင်ဖို့ ထောက်ပံ့ပေးတဲ့ သံသရာတွေမှာ ယေဟောဝါရဲ့ဉာဏ်ပညာကို ဘယ်လို တွေ့မြင်နိုင်သလဲ။

သက်ရှိတွေ ဆက်အသက်ရှင်ဖို့ ထောက်ပံ့ပေးတဲ့ သံသရာတွေမှာ ယေဟောဝါရဲ့ဉာဏ်ပညာကို မြင်တွေ့ရတယ်။ ဥပမာ၊ လူနေထူထပ်ပြီး ရေဝင်ပေါက်၊ ထွက်ပေါက်မရှိတဲ့ အုတ်တံတိုင်းကာရံထားတဲ့ မြို့တစ်မြို့ကို မြင်ယောင်ကြည့်ပါ။ ဒီမြို့ဟာ ရေသန့်မရနိုင်သလို ညစ်ပတ်တဲ့ရေတွေကို စွန့်ထုတ်လို့လည်း မရဘူး။ မကြာခင်မှာ ဒီမြို့ဟာ အရမ်းညစ်ပတ်လာပြီး လူနေလို့ရတော့မှာမဟုတ်ဘူး။ ကမ္ဘာမြေကြီးဟာ တချို့ကဏ္ဍတွေမှာ အဲဒီလိုမြို့နဲ့ တူတယ်။ ရေပမာဏကလည်း အကန့်အသတ်ပဲရှိပြီး ရေဆိုးတွေကို အလွယ်တကူစွန့်ထုတ်ပစ်လို့ မရနိုင်ဘူး။ ဒါပေမဲ့ ကမ္ဘာကြီးဟာ သက်ရှိတွေ ဆက်ပြီးရှင်သန်ဖို့ လိုအပ်တဲ့အရာတွေကို အမြဲထောက်ပံ့ပေးနိုင်တယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ ကမ္ဘာကြီးဟာ အသက်အတွက် လိုအပ်တဲ့အရာမှန်သမျှကို ပြန်လည် သန့်စင်ပေးနိုင်တဲ့ အံ့ဖွယ်အစွမ်းရှိနေလို့ပဲ။

သက်ရှိတွေရှူရှိုက်ဖို့ လိုအပ်တဲ့အောက်ဆီဂျင်ကို ကမ္ဘာက ဘယ်လိုထုတ်ပေးတယ်ဆိုတာ လေ့လာကြည့်ကြစို့။ သန်းထောင်နဲ့ချီတဲ့သက်ရှိတွေဟာ အောက်ဆီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူထုတ်တယ်။ အချိန်တိုင်းမှာ အဲဒီလို ရှူသွင်းရှူထုတ်လုပ်နေပေမဲ့ အောက်ဆီဂျင်ပြတ်လပ်သွားတယ်၊ ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကြောင့် မွန်းကျပ်လာတယ်ဆိုတာမျိုး ဘယ်တော့မှမဖြစ်ဘူး။ ဘာကြောင့်လဲ။ အကြောင်းကတော့ အပင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ရေ၊ နေရောင်ခြည်နဲ့ အာဟာရတွေကို စုပ်ယူပြီး ကာဘိုဟိုက်ဒရိတ်နဲ့ အောက်ဆီဂျင်ကို ထုတ်ပေးတယ်။ ဒီသံသရာကို အလင်းမှီစုဖွဲ့ခြင်းဖြစ်စဉ်လို့ ခေါ်တယ်။ ကျွန်ုပ်တို့က အောက်ဆီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူထုတ်တာက ဒီသံသရာမှာ ပါဝင်လုပ်ဆောင်နေတာဖြစ်တယ်။ ယေဟောဝါဟာ “လူအပေါင်းတို့ကို အသက်နှင့်တကွ ထွက်သက်ဝင်သက်” ပေးဖို့ မိမိဖန်ဆင်းထားတဲ့အပင်တွေကို အသုံးပြုတယ်။ (တ. ၁၇:၂၅) အံ့သြဖွယ်ဉာဏ်ပညာပါပဲ။

၁၀၊ ၁၁။ ဘုရင်လိပ်ပြာနဲ့ ပုစဉ်းဟာ ယေဟောဝါရဲ့ဉာဏ်ပညာကို ဘယ်လိုဖော်ပြသလဲ။

၁၀ ယေဟောဝါရဲ့ဉာဏ်ပညာကို ကိုယ်တော်ဖန်ဆင်းထားတဲ့ ကမ္ဘာပေါ်က သက်ရှိတွေမှာလည်း မြင်တွေ့ရတယ်။ ကမ္ဘာပေါ်မှာ သက်ရှိအမျိုးပေါင်း ၂ သန်းကနေ သန်း ၁၀၀ အထိရှိတယ်လို့ ရှာဖွေတွေ့ရှိချက်တွေက ဖော်ပြတယ်။ (ဆာလံ ၁၀၄:၂၄ ကိုဖတ်ပါ။) ဒီသက်ရှိတွေထဲက တချို့ရဲ့ပုံစံကနေ ကိုယ်တော့်ဉာဏ်ပညာကို လေ့လာကြစို့။

ပုစဉ်းမျက်စိ ပုံစံထုတ်လုပ်ထားပုံမှာ ဘုရားသခင့်ဉာဏ်ပညာကို မြင်တွေ့ရ၊ စက်ဝိုင်းပုံက ပုံကြီးချဲ့ထားတာဖြစ် (အပိုဒ် ၁၁ ကိုကြည့်ပါ)

၁၁ ဥပမာ၊ ဘုရင်လိပ်ပြာရဲ့ဦးနှောက်ဟာ ဘောပင်ထိပ်ဖျားအရွယ်ပဲရှိတယ်။ ဒါပေမဲ့ ဒီလိပ်ပြာဟာ သူ့လမ်းကြောင်းကိုသိနိုင်ဖို့ နေကိုအမှီပြုပြီး မိုင် ၁,၈၀၀ (ကီလိုမီတာ ၃,၀၀၀ နီးပါး) လောက်ကွာဝေးတဲ့ ကနေဒါကနေ မက္ကဆီကိုမှာရှိတဲ့ သစ်တောတစ်ခုဆီ ပျံသန်းနိုင်စွမ်းရှိတယ်။ နေဟာ ကောင်းကင်မှာရွေ့လျားနေလို့ လိပ်ပြာဟာ သူ့လမ်းကြောင်းကို ဘယ်လိုသိနိုင်သလဲ။ မှန်ကန်တဲ့လမ်းကြောင်းအတိုင်း ပျံသန်းနိုင်ဖို့ လိပ်ပြာရဲ့ သေးငယ်တဲ့ဦးနှောက်မှာ ယေဟောဝါ ပုံစံပြုဖန်ဆင်းထားတယ်။ ပုစဉ်းတွေကိုလည်း စဉ်းစားကြည့်ပါ။ ပုစဉ်းရဲ့မျက်လုံးတစ်လုံးစီမှာ မှန်ဘီလူး ၃၀,၀၀၀ ခန့်ရှိတယ်။ ပုစဉ်းရဲ့ သေးငယ်လှတဲ့ဦးနှောက်ဟာ အဲဒီမှန်ဘီလူးအားလုံးကလာတဲ့ အချက်အလက်တွေကို သိရှိနိုင်ပြီး သူ့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ အသေးငယ်ဆုံးလှုပ်ရှားမှုတွေကိုပါ သိမြင်နိုင်တယ်။

၁၂၊ ၁၃။ ဆဲလ်တွေကို ယေဟောဝါ ဖန်ဆင်းထားတဲ့ပုံစံက ဘာကြောင့် ပိုပြီး အထင်ကြီးစရာကောင်းသလဲ။

၁၂ သက်ရှိအားလုံးရဲ့ဆဲလ်တွေကို ယေဟောဝါ ပုံစံပြုထားပုံက ပိုပြီးအထင်ကြီးစရာ ကောင်းပါတယ်။ သင့်ခန္ဓာကိုယ်မှာ ဆဲလ်ပေါင်း ၁၀၀ ထရီလျံခန့်ရှိတယ်။ အဲဒီသေးငယ်တဲ့ ဆဲလ်တစ်ခုစီရဲ့အတွင်းပိုင်းမှာ ဒီအဲန်အေလို့ခေါ်တဲ့ အက်ဆစ်တစ်မျိုးပါရှိတယ်။ အဲဒီမှာ သင့်ခန္ဓာကိုယ်တစ်ခုလုံးကိုတည်ဆောက်ဖို့ လိုအပ်တဲ့အချက်အလက် အများဆုံးပါဝင်တယ်။

၁၃ ဒီအဲန်အေမှာ အချက်အလက်တွေ ဘယ်လောက်ပါရှိသလဲ။ ဒီအဲန်အေ တစ်ဂရမ်နဲ့ စီဒီချပ်တစ်ချပ်ရဲ့ သိုလှောင်သိမ်းဆည်းနိုင်စွမ်းကို နှိုင်းယှဉ်ကြည့်ပါ။ စီဒီတစ်ချပ်ထဲမှာ အဘိဓာန်တစ်အုပ်လုံးမှာပါတဲ့ အချက်အလက်အားလုံးကို ထည့်ထားနိုင်တယ်။ ဒီပလတ်စတစ်အချပ်လေးတစ်ချပ်မှာ အဲဒီလောက်အချက်အလက်တွေ ထည့်ထားနိုင်တာ အံ့သြဖို့ကောင်းပါတယ်။ ဒါပေမဲ့ ဒီအဲန်အေတစ်ဂရမ်မှာ စီဒီအချပ်ရေ တစ်ထရီလီယံမှာထည့်ထားတဲ့အချက်အလက်တွေကို ထည့်ထားလို့ရတယ်။ ဒါမှမဟုတ် နောက်တစ်မျိုး ရှင်းပြရမယ်ဆိုရင် လက်ဖက်ရည်တစ်ဇွန်းစာ ဒီအဲန်အေမှာ ဒီနေ့ ကမ္ဘာပေါ်အသက်ရှင်နေတဲ့ လူအားလုံးရဲ့ အဆ ၃၅၀ အတွက် အချက်အလက်တွေကိုပါ ထည့်ထားနိုင်ပါတယ်။

၁၄။ သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်တွေက ယေဟောဝါနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ကို ဘယ်လို ခံစားရစေသလဲ။

၁၄ လူ့ခန္ဓာကိုယ်ကို တည်ဆောက်ဖို့ လိုအပ်တဲ့အချက်အလက်အားလုံးကို စာအုပ်တစ်အုပ်မှာ ရေးမှတ်ထားသလိုမျိုး ယေဟောဝါရေးမှတ်ထားတယ်ဆိုပြီး ဘုရင်ဒါဝိဒ် ပြောခဲ့တယ်– “ကျွန်တော်သန္ဓေသားအရွယ်မှာတောင် ကျွန်တော့်ကို ကိုယ်တော်မြင်တယ်။ သန္ဓေသားရဲ့အင်္ဂါအစိတ်အပိုင်းအားလုံးကို ကိုယ်တော့်စာအုပ်ထဲမှာ ရေးမှတ်ထားတယ်။ အဲဒါတွေတစ်ခုမှ မရှိခင်ကတည်းက အဲဒါတွေဖြစ်ပေါ်လာမယ့် နေ့ရက်တွေအကြောင်း ကိုယ်တော်ရေးမှတ်ထားတယ်။” (ဆာ. ၁၃၉:၁၆ကဘ) ဒါဝိဒ်ဟာ သူ့ခန္ဓာကိုယ် တည်ဆောက်ပုံအကြောင်း စဉ်းစားမိတဲ့အခါ ဘာကြောင့် ယေဟောဝါကို ချီးမွမ်းလိုစိတ်ပေါ်လာသလဲဆိုတာ ကျွန်ုပ်တို့ နားလည်နိုင်ပါတယ်။ မကြာသေးမီနှစ်တွေက သိပ္ပံပညာရှင်တွေဟာ အံ့ဩစရာကောင်းတဲ့ လူ့ခန္ဓာကိုယ်အကြောင်း အများကြီး ရှာဖွေတွေ့ရှိခဲ့တယ်။ ဒီရှာဖွေတွေ့ရှိချက်တွေက ယေဟောဝါအကြောင်း ဆာလံဆရာရေးခဲ့တဲ့အချက်တွေကို ကျွန်ုပ်တို့ သဘောတူလက်ခံဖို့ ပိုအကြောင်းခိုင်လုံစေတယ်။ ဆာလံဆရာ ဒီလိုပြောခဲ့တယ်– “ကျွန်တော့်ကို ထိတ်လန့်အံ့သြဖွယ်နည်းနဲ့ ဖန်ဆင်းထားတဲ့အတွက် ကိုယ်တော့်ကို ချီးမွမ်းပါတယ်။ ကိုယ်တော့်လုပ်ဆောင်မှုတွေက အံ့ဩစရာပဲဆိုတာ ကျွန်တော် ကောင်းကောင်းသိတယ်။” (ဆာ. ၁၃၉:၁၄ကဘ) ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာရှိတဲ့ ဖန်ဆင်းရာတွေက ဘုရားသခင် အမှန်တကယ်တည်ရှိတယ်ဆိုတာ အထင်အရှား ဖော်ပြပါတယ်။

အသက်ရှင်တဲ့ဖန်ဆင်းရှင်ကို ဂုဏ်တင်ဖို့ တခြားသူတွေကိုကူညီပါ

၁၅၊ ၁၆။ (က) ကျွန်ုပ်တို့ရဲ့စာပေတွေက ယေဟောဝါရဲ့ဖန်ဆင်းခြင်းလက်ရာတွေအကြောင်း သိရှိဖို့ လူတွေကို ဘယ်လိုကူညီပေးသလဲ။ (ခ) ‘ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား’ ဆိုတဲ့ဆောင်းပါးတွေထဲက ဘယ်ဆောင်းပါးကို သင် အထူးသဖြင့် နှစ်သက်သလဲ။

၁၅ နိုးလော့!မဂ္ဂဇင်းဟာ သန်းနဲ့ချီတဲ့လူတွေကို ဘုရားသခင်ဖန်ဆင်းထားတဲ့အရာတွေကနေ ဘုရားသခင်အကြောင်း သင်ယူဖို့ ကူညီပေးခဲ့တာ နှစ်ပေါင်းများစွာရှိနေပြီ။ ဥပမာ၊ ၂၀၀၆၊ စက်တင်ဘာလမှာ ‘ဖန်ဆင်းရှင်တစ်ပါး ရှိသလော’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ဝေခဲ့တယ်။ ဒီအထူးထုတ် နိုးလော့! မဂ္ဂဇင်းရဲ့ရည်ရွယ်ချက်က ဆင့်ကဲအယူဝါဒနဲ့ ဖန်ဆင်းခြင်းအယူဝါဒကို ယုံကြည်သူတွေကို ကူညီဖို့ဖြစ်တယ်။ ဒီမဂ္ဂဇင်းနဲ့ပတ်သက်ပြီး ညီအစ်မတစ်ယောက်က အမေရိကန်ဌာနခွဲရုံးကို ဒီလို စာရေးခဲ့တယ်– ‘ဒီအထူးထုတ်စာစောင်ကို ဝေငှရတဲ့ကင်ပိန်းက အရမ်းကောင်းတယ်။ အမျိုးသမီးတစ်ယောက်က အစောင် ၂၀ တောင်းတယ်။ သူက ဇီဝဗေဒဆရာမဖြစ်ပြီး ဒီစာစောင်ကို သူ့တပည့်တွေကို ပေးချင်တယ်။’ ညီအစ်ကိုတစ်ယောက်က ဒီလိုရေးတယ်– ‘ကျွန်တော်ဟာ ၁၉၄၀ ကျော်ကတည်းက အမှုဆောင်လုပ်ငန်းမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တာ၊ အခု အသက် ၇၅ နှစ် ရှိတော့မယ်။ ဒါပေမဲ့ အမှုဆောင်လုပ်ငန်းမှာ ဒီလ အထူးထုတ်နိုးလော့! ကို ဝေငှရတဲ့ ပျော်ရွှင်မှုမျိုး တစ်ခါမှ မခံစားခဲ့ရဖူးဘူး။’

၁၆ ၂၀၀၈ ခုနှစ်ကတည်းက နိုးလော့!မဂ္ဂဇင်းတွေမှာ ‘ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးများစွာ ဖော်ပြခဲ့တယ်။ ဒီဆောင်းပါးတိုလေးတွေက ဘုရားသခင်ဖန်ဆင်းထားတာတွေ ဘယ်လောက်အံ့သြဖို့ကောင်းသလဲဆိုတာနဲ့ လူတွေက ဘုရားသခင်ဖန်ဆင်းထားတွေကို ဘယ်လို တုပကြတယ်ဆိုတာ ဖော်ပြတယ်။ ၂၀၁၀ ခုနှစ်မှာ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော ဆိုတဲ့ ဘရိုရှာတစ်အုပ်ကိုလည်း ရရှိခဲ့ကြတယ်။ အဲဒီမှာပါတဲ့ လှပတဲ့ရုပ်ပုံတွေက ယေဟောဝါရဲ့ဖန်ဆင်းခြင်းလက်ရာတွေကြောင့် ကိုယ်တော့်ကို ပိုပြီးကျေးဇူးတင်လေးမြတ်အောင် ကျွန်ုပ်တို့ကို ကူညီပေးဖို့ ရည်ရွယ်ထားတယ်။ အကြောင်းအရာတစ်ခုစီရဲ့ အဆုံးပိုင်းမှာပါတဲ့ မေးခွန်းတွေက စာဖတ်သူကို အခုလေးတင် ဖတ်ခဲ့တဲ့အချက်တွေကို ပြန်စဉ်းစားဖို့ ကူညီပေးတယ်။ ဒီဘရိုရှာက ဟောပြောခြင်းလုပ်ငန်းမှာ သုံးဖို့ အလွန်ကောင်းတဲ့ ဘရိုရှာတစ်စောင်ပါပဲ။

၁၇၊ ၁၈။ (က) မိဘတွေမှာ ဘာတာဝန်ရှိသလဲ။ (ခ) သင့်မိသားစုဝတ်ပြုမှုမှာ ဖန်ဆင်းခြင်းနဲ့ပတ်သက်တဲ့ ဒီဘရိုရှာနှစ်စောင် ဒါမှမဟုတ် တခြားစာပေတွေကို သုံးဖူးသလား။

၁၇ မိဘတို့၊ သင့်မိသားစုဝတ်ပြုမှုမှာ သင့်သားသမီးတွေနဲ့အတူ ဒီဘရိုရှာကို လေ့လာပြီးပြီလား။ လေ့လာပြီးပြီဆိုရင် ယေဟောဝါကို ပိုယုံကြည်လာအောင် သူတို့ကို သင်ကူညီပေးနိုင်မှာဖြစ်တယ်။ သင့်မှာ အထက်တန်းကျောင်းတက်နေတဲ့ ဆယ်ကျော်သက်အရွယ်ကလေးတွေ ရှိနိုင်တယ်။ ဆင့်ကဲအယူကို သွန်သင်သူတွေက ဖန်ဆင်းခြင်းမရှိဘူးဆိုတာ သင့်သားသမီးတွေ ယုံကြည်လာအောင် ကြိုးစားကြတယ်။ သိပ္ပံပညာရှင်တွေ၊ ကျောင်းဆရာ/ဆရာမတွေ၊ သဘာဝအကြောင်းတင်ဆက်တဲ့ ရုပ်မြင်သံကြားအစီအစဉ်နဲ့ ရုပ်ရှင်တွေက ဆင့်ကဲအယူဝါဒကို အမှန်အဖြစ် ဖော်ပြကြတယ်။ သင့်ကလေး အမှန်တရားဘက်ကနေ ကာကွယ်ပြောဆိုတတ်ဖို့ ကူညီပေးရာမှာ သက်ရှိများ၏ မူလအစ—မေးသင့်မေးထိုက်သော မေးခွန်းငါးခု *[အင်္ဂလိပ်] ဆိုတဲ့ ၂၀၁၀ မှာထုတ်ဝေခဲ့တဲ့ ဘရိုရှာကို အသုံးပြုနိုင်ပါတယ်။ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော ဘရိုရှာလိုပဲ ဒီဘရိုရှာကလည်း လူငယ်တွေရဲ့ ‘စဉ်းစားချင့်ချိန်နိုင်စွမ်း’ တိုးတက်ဖို့ ကူညီပေးနိုင်ပါတယ်။ (သု. ၂:၁၀၊ ၁၁) ကျောင်းမှာသင်ပေးတဲ့အရာတွေက ဆင်ခြင်တုံတရားနဲ့ ညီမညီဆိုတာ သိရှိဖို့ ဘယ်လိုစစ်ဆေးရမယ်ဆိုတာ အဲဒီဘရိုရှာက သူတို့ကို သင်ပေးတယ်။

မိဘတို့၊ သင့်သားသမီးတွေ သူတို့ရဲ့ ယုံကြည်ခြင်းကို ကာကွယ်ပြောဆို တတ်အောင် ကူညီပေးပါ (အပိုဒ် ၁၇ ကိုကြည့်ပါ)

၁၈ တစ်ခါတလေ သတင်းတွေမှာ ဆင့်ကဲအယူက မှန်တယ်ဆိုတာကို သက်သေပြနိုင်တဲ့ ရုပ်ကြွင်းတွေကို တွေ့ရှိထားတယ်လို့ ဖော်ပြတယ်။ ဒါမှမဟုတ် သိပ္ပံပညာရှင်တွေဟာ ဓာတ်ခွဲခန်းမှာ အသက်ကို ဖန်တီးနိုင်ပြီဆိုတဲ့ သတင်းတွေကို ဖော်ပြမယ်။ သက်ရှိများ၏ မူလအစ ဆိုတဲ့ဘရိုရှာက ဒီသတင်းတွေက အမှန်လား၊ အမှားလားဆိုတာကို ဝေဖန်ပိုင်းခြားတတ်ဖို့ ကျောင်းသားတွေကို ကူညီပေးတဲ့နည်းနဲ့ ရေးသားထားတယ်။ မိဘတို့၊ ဒီဘရိုရှာတွေကို အသုံးပြုပြီး ဖန်ဆင်းရှင်ကို ဘာကြောင့် လက်ခံယုံကြည်တယ်ဆိုတာ သင့်ကလေးတွေ အခိုင်အမာယုံကြည်စိတ်ချမှုနဲ့ ရှင်းပြတတ်ဖို့ ကူညီပေးပါ။—၁ ပေတရု ၃:၁၅ ကိုဖတ်ပါ။

၁၉။ ကျွန်ုပ်တို့အားလုံးမှာ ဘယ်အခွင့်ထူး ရရှိထားသလဲ။

၁၉ ယေဟောဝါရဲ့အဖွဲ့အစည်းက ထုတ်ဝေတဲ့ ဖန်ဆင်းခြင်းနဲ့သက်ဆိုင်တဲ့ စာပေတွေကို ဖတ်တဲ့အခါမှာ ယေဟောဝါရဲ့ နှစ်သက်ဖွယ်ကောင်းတဲ့ အရည်အသွေးအကြောင်း အများကြီး သိရှိနိုင်ပါတယ်။ ဒီအထောက်အထားတွေအားလုံးက ယေဟောဝါကို စိတ်နှလုံးပါပါ ချီးမွမ်းလိုစိတ်ရှိအောင် လုပ်ဆောင်ပေးပါတယ်။ (ဆာ. ၁၉:၁၊ ၂) ချီးမွမ်းဂုဏ်တင်ခံထိုက်တဲ့ အရာခပ်သိမ်းရဲ့ဖန်ဆင်းရှင် ယေဟောဝါကို ချီးမွမ်း၊ ဂုဏ်တင်ခွင့်ရတာဟာ အခွင့်ထူးပါပဲ။—၁ တိ. ၁:၁၇

^ စာပိုဒ်၊ 3 ဖန်ဆင်းခြင်းအယူဝါဒကို ယုံကြည်သူတွေနဲ့ ကျိုးကြောင်းဆင်ခြင်နိုင်ပုံကို သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော ဘရိုရှာရဲ့ စာမျက်နှာ ၂၄ ကနေ ၂၈ ကိုကြည့်ပါ။

^ စာပိုဒ်၊ 17 ဖန်​ဆင်း​ခြင်း​နဲ့​ပတ်​သက်​တဲ့ ထပ်​ဆင့်​အကြောင်း​အရာတွေ​ကို မြန်​မာ​ဘာ​သာ​နဲ့​ထုတ်​ဝေ​ထား​တဲ့ သင့်​အား ဂရု​စိုက်​စောင့်​ရှောက်​သည့် ဖန်​ဆင်း​ရှင်​​တစ်ပါး​ရှိ​၏​လော စာ​အုပ်​မှာ​ဖတ်​ပါ။