မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုရဲ့ဆုတောင်းချက်နဲ့အညီ လုပ်ဆောင်ပါ

ယေရှုရဲ့ဆုတောင်းချက်နဲ့အညီ လုပ်ဆောင်ပါ

“အိုအဖ၊ . . . သားတော်သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေခွင့်ရရန် သားတော်၏ဘုန်းကို ထင်ရှားစေတော်မူ၏။”—ယော. ၁၇:၁

၁၊ ၂။ အေဒီ ၃၃ မှာ တမန်တော်တွေနဲ့အတူ ပသခါပွဲကျင်းပပြီးတဲ့နောက်မှာ ယေရှုဘာလုပ်ခဲ့သလဲ။

အချိန်ကတော့ အေဒီ ၃၃၊ နိသန်လ ၁၄ ရက်နေ့ည ဖြစ်တယ်။ ယေရှုနဲ့ သူ့ရဲ့အရင်းနှီးဆုံးမိတ်ဆွေတွေ ပသခါပွဲကို ကျင်းပပြီးခါစပဲ ရှိသေးတယ်။ ဒီပွဲက အစ္စရေးလူတွေကို အီဂျစ်ပြည်ကနေ ဘုရားသခင် ဘယ်လိုကယ်တင်ခဲ့တယ်ဆိုတာ သူတို့ကို ပြန်သတိရစေတယ်။ ဒါပေမဲ့ ယေရှုရဲ့သစ္စာရှိတပည့်တွေဟာ ပိုပြီး သာလွန်ကောင်းမွန်တဲ့နည်းနဲ့ ကယ်တင်ခံရမှာဖြစ်တယ်။ မနက်ဖြန်ကျရင် သူတို့ရဲ့ အပြစ်မဲ့တဲ့ခေါင်းဆောင်ဟာ ရန်သူတွေလက်ချက်နဲ့ အသတ်ခံရတော့မယ်။ ဒါပေမဲ့ ဒီမနှစ်သက်စရာလုပ်ရပ်က ကောင်းချီးအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ ယေရှု သွန်းလောင်းတဲ့အသွေးက လူသားအားလုံးကို အပြစ်နဲ့သေခြင်းကနေ လွတ်မြောက်အောင်လုပ်ပေးမှာဖြစ်တယ်။—ဟေဗြဲ ၉:၁၂-၁၄

ဘုရားပေးတဲ့ ဒီမေတ္တာပါ ဆုကျေးဇူးကို ကျွန်ုပ်တို့ မမေ့စေဖို့အတွက် ယေရှုက ပသခါပွဲကိုအစားထိုးတဲ့ နှစ်စဉ်ကျင်းပရမယ့် ပွဲအသစ်တစ်ခု အစပြုကျင်းပပေးခဲ့တယ်။ ယေရှုက တဆေးမဲ့မုန့်တစ်ခုကိုယူပြီး ဖဲ့လိုက်တယ်၊ အဲဒီနောက် သူ့ရဲ့တမန်တော် ၁၁ ယောက်ကို ဝေပေးလိုက်တယ်။ ပြီးတော့ ဒီလိုပြောတယ်– “ဤမုန့်သည် သင်တို့အတွက် ငါစွန့်မည့် ငါ၏ကိုယ်ကို ကိုယ်စားပြု၏။ ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့။” စပျစ်ဝိုင်နီခွက်ကိုလည်းယူပြီး လက်ဆင့်ကမ်းရင်း “ဤခွက်ကား သင်တို့အတွက်သွန်းလောင်းမည့် ငါ၏သွေးဖြင့်ဖွဲ့သော ပဋိညာဉ်တရားသစ်ဖြစ်၏” လို့ပြောတယ်။—လု. ၂၂:၁၉၊ ၂၀

၃။ (က) ယေရှုသေဆုံးပြီးနောက်မှာ ဘယ်အပြောင်းအလဲကြီးတစ်ခု ဖြစ်ခဲ့သလဲ။ (ခ) ယေရှုရဲ့ဆုတောင်းချက်ကို ကျွန်ုပ်တို့ လေ့လာတဲ့အခါ ဘယ်မေးခွန်းတွေကို စဉ်းစားသင့်သလဲ။

ဘုရားသခင်နဲ့ အစ္စရေးလူမျိုး ဖွဲ့ခဲ့တဲ့ပဋိညာဉ်ဟာ မကြာခင်မှာ ပျက်ပြယ်သွားတော့မယ်။ အဲဒီနေရာမှာ ယေဟောဝါနဲ့ ယေရှုရဲ့ ဘိသိက်ခံနောက်လိုက်တွေ ဖွဲ့တဲ့ ပဋိညာဉ်သစ် အစားထိုးမှာဖြစ်တယ်။ ယေရှုက သူ့ရဲ့နောက်လိုက်တွေကို အစ္စရေးလူမျိုးလို မဖြစ်စေချင်ဘူး။ အစ္စရေးလူမျိုးဟာ ဘုရားသခင်ကို စည်းစည်းလုံးလုံး ဝတ်မပြုကြဘူး၊ အဲဒါက ဘုရားသခင့်နာမည်ကို ရှုတ်ချစရာဖြစ်စေခဲ့တယ်။ (ယော. ၇:၄၅-၄၉; တ. ၂၃:၆-၉) အဲဒီလိုမဖြစ်အောင် ယေရှုက သူ့နောက်လိုက်တွေကို စည်းစည်းလုံးလုံး အတူတကွ လုပ်ကိုင်စေချင်တယ်၊ ဒါမှ ဘုရားသခင့်နာမည်ကို ဂုဏ်တင်နိုင်မယ်။ ဒါကြောင့် ယေရှု ဘာလုပ်ခဲ့သလဲ။ ယေရှုဟာ လူတွေဖတ်ရသမျှထဲမှာ အကောင်းဆုံး ဆုတောင်းချက်တစ်ခုကို သူ့ဖခင်ထံ တောင်းလျှောက်ခဲ့တယ်။ (နိဒါန်းမှာပါတဲ့ရုပ်ပုံကို ကြည့်ပါ) ဒီဆုတောင်းချက်ကို ယောဟန် ၁၇:၁-၂၆ မှာမှတ်တမ်းတင်ထားတယ်။ ဒီဆုတောင်းချက်ကို ကျွန်ုပ်တို့ လေ့လာတဲ့အခါမှာ “ယေရှုရဲ့ဆုတောင်းချက်ကို ဘုရားသခင် အဖြေပေးသလား၊ အဲဒီဆုတောင်းချက်နဲ့အညီ ငါ လုပ်ဆောင်နေသလား” ဆိုတဲ့မေးခွန်းတွေကို စဉ်းစားကြည့်ကြစို့။

ယေရှုအတွက် အရေးကြီးဆုံးအရာ

၄၊ ၅။ (က) ယေရှုရဲ့ဆုတောင်းချက် ပထမပိုင်းကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ (ခ) ယေရှု သူကိုယ်တိုင်အတွက် တောင်းတဲ့ဆုတောင်းချက်ကို ယေဟောဝါ ဘယ်လို အဖြေပေးခဲ့သလဲ။

ယေရှုဟာ ညဉ့်နက်တဲ့အထိ သူ့တပည့်တွေကို အဖိုးတန်အသိပညာတွေ သင်ပေးခဲ့တယ်။ အဲဒီနောက်မှာ ကောင်းကင်ကိုမော့ကြည့်ပြီး ဒီလိုဆုတောင်းတယ်– “အဖ၊ အချိန်ရောက်ပါပြီ။ သားတော်သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေခွင့်ရရန် သားတော်၏ဘုန်းကို ထင်ရှားစေတော်မူပါ။ အကြောင်းမူကား သားတော်သည် မိမိ၌ပေးအပ်ထားသူအားလုံးကို ထာဝရအသက်ပေးနိုင်ရန် ကိုယ်တော်သည် လူအပေါင်းတို့အပေါ် အုပ်စိုးရသောအခွင့်အာဏာကို သားတော်အား ပေးတော်မူပြီ။ . . . ကျွန်ုပ်အား ကိုယ်တော်ပေးအပ်သည့်အမှုကို ဆောင်ရွက်ပြီးပြီဖြစ်၍ မြေကြီးပေါ်မှာ ကိုယ်တော်၏ဘုန်းတော်ကို ထင်ရှားစေပါပြီ။ အိုအဖ၊ ဤလောကမတည်မီ ကိုယ်တော်ထံ၌ ကျွန်ုပ်ခံစားခဲ့ရသော ဘုန်းအသရေမျိုးဖြင့် ယခုလည်း ကျွန်ုပ်ကို ဘုန်းထင်ရှားစေတော်မူပါ။”—ယော. ၁၇:၁-၅

ယေရှုက သူ့ဆုတောင်းချက်ရဲ့ ပထမပိုင်းမှာ သူ့အတွက် အရေးကြီးဆုံးအရာတွေကို ဖော်ပြခဲ့တယ်။ ပထမဆုံး၊ သူ့ဖခင် ဘုန်းထင်ရှားစေဖို့ ဆုတောင်းခဲ့တယ်။ သူ့ရဲ့နမူနာဆုတောင်းချက်မှာလည်း ဒီအချက်နဲ့ပဲ အစပြုထားတယ်။ (လု. ၁၁:၂) ဒုတိယအနေနဲ့ တပည့်တွေရဲ့လိုအပ်ရာတွေအတွက် တောင်းခဲ့တယ်။ ‘သူတို့ကို ထာဝရအသက်ပေးနိုင်’ ဖို့ ယေရှု ဆုတောင်းခဲ့တယ်။ နောက်ဆုံးမှ သူကိုယ်တိုင်အတွက် တောင်းခဲ့တယ်။ ယေရှု ဒီလိုဆုတောင်းခဲ့တယ်– “အိုအဖ၊ ဤလောကမတည်မီ ကိုယ်တော်ထံ၌ ကျွန်ုပ်ခံစားခဲ့ရသော ဘုန်းအသရေမျိုးဖြင့် ယခုလည်း ကျွန်ုပ်ကို ဘုန်းထင်ရှားစေတော်မူပါ။” ယေဟောဝါဟာ သစ္စာရှိသားတော်ကို ကောင်းကင်တမန်အားလုံးထက် “သာ၍မြင့်မြတ်သောနာမ” ပေးခြင်းအားဖြင့် သားတော်တောင်းတာထက် ပိုပေးခဲ့တယ်။—ဟေဗြဲ ၁:၄

မှန်တဲ့ တစ်ဆူတည်းသော ဘုရားသခင်အကြောင်း ‘အသိပညာကို ဆည်းပူးနေ’ ပါ

၆။ တမန်တော်တွေ ထာဝရအသက်ရဖို့ ဘာလုပ်ဖို့လိုသလဲ။ သူတို့ အဲဒီလို လုပ်ဆောင်ခဲ့တယ်ဆိုတာ ဘယ်လိုသိရသလဲ။

ယေရှုရဲ့ဆုတောင်းချက်ထဲမှာ ထာဝရအသက်ဆုရဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမယ်ဆိုတာကိုလည်း ဖော်ပြထားတယ်။ (ယောဟန် ၁၇:၃ ကိုဖတ်ပါ။) ကျွန်ုပ်တို့ဟာ ဘုရားသခင်နဲ့ ခရစ်တော်အကြောင်း ‘အသိပညာကို ဆည်းပူးနေရ’ မယ်လို့ ယေရှုပြောခဲ့တယ်။ ဘယ်လိုလုပ်နိုင်သလဲ။ ပထမဆုံး ယေဟောဝါနဲ့ ကိုယ်တော့်သားတော်အကြောင်း ပိုသိအောင် အတတ်နိုင်ဆုံး လေ့လာရမှာဖြစ်တယ်။ ဒုတိယ၊ ကျွန်ုပ်တို့လေ့လာသိရှိရသမျှကို လက်တွေ့ကျင့်သုံးဖို့လိုတယ်။ ယေရှု သူ့ရဲ့ဆုတောင်းချက်မှာ ပြောခဲ့သလိုပဲ တမန်တော်တွေဟာ အဲဒီအချက်နှစ်ချက်ကို လုပ်ဆောင်နှင့်ပြီးသားဖြစ်တယ်– “ကျွန်ုပ်အား ပေးအပ်သမျှစကားကို သူတို့အား ကျွန်ုပ်ပေး၍ သူတို့သည် ခံယူကြပါ၏။” (ယော. ၁၇:၈) ဒါပေမဲ့ ထာဝရအသက်ရဖို့အတွက် သူတို့ဟာ ဘုရားသခင့်တရားစကားကို ဆက်တွေးတောဆင်ခြင်နေပြီး သူတို့လေ့လာသိရှိရတာတွေကို နေ့စဉ်အသက်တာမှာ အသုံးပြုဖို့လိုတယ်။ တမန်တော်တွေဟာ ကျန်ရှိတဲ့ သူတို့ရဲ့အသက်တာမှာ အဲဒါတွေကို ဆက်လုပ်ဆောင်ခဲ့သလား။ လုပ်ဆောင်ခဲ့ပါတယ်။ ဂျေရုဆလင်မြို့သစ်ရဲ့ အုတ်မြစ်ကျောက် ဆယ့်နှစ်ချပ်မှာ သူတို့ရဲ့နာမည်တွေ ထာဝစဉ်ရေးထိုးထားခြင်း ခံရတာကို ကြည့်ခြင်းအားဖြင့် သူတို့ အဲဒီလိုလုပ်ခဲ့တယ်ဆိုတာ သိရတယ်။—ဗျာ. ၂၁:၁၄

၇။ “အသိပညာကို ဆည်းပူးနေ” ဆိုတာ ဘာအဓိပ္ပာယ်လဲ။ အဲဒီလိုဆည်းပူးနေဖို့ ဘာကြောင့် အလွန်အရေးကြီးတာလဲ။

ကျွန်ုပ်တို့ ထာဝစဉ်အသက်ရှင်ချင်တယ်ဆိုရင် ဘုရားသခင်နဲ့ပတ်သက်တဲ့ ‘အသိပညာကို ဆည်းပူးနေရ’ မှာဖြစ်တယ်။ ဘာကို ဆိုလိုတာလဲ။ ‘အသိပညာကို ဆည်းပူးနေ’ လို့ပြန်ဆိုတဲ့ ဂရိစကားလုံးကို “ဆက်သိကျွမ်းနေသင့်” လို့လည်း ပြန်ဆိုနိုင်တယ်။ ဒါကြောင့် ဘုရားသခင်နဲ့ပတ်သက်တဲ့ “အသိပညာကို ဆည်းပူးနေ” ဆိုတာက ကိုယ်တော့်အကြောင်း အဆက်မပြတ် လေ့လာနေခြင်းဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဒါက ကိုယ်တော့်အရည်အသွေးတွေနဲ့ ရည်ရွယ်ချက်ကို သိရုံထက်မက ပိုအဓိပ္ပာယ်ရှိတယ်။ ကျွန်ုပ်တို့က ကိုယ်တော့်ကို နက်နက်ရှိုင်းရှိုင်းချစ်ပြီး ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိရမယ်။ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုညီအစ်မတွေကို ချစ်ကြောင်း ပြသရမယ်။ “ချစ်ခြင်းမေတ္တာမရှိသောသူသည် ဘုရားသခင်ကိုမသိ” လို့ ကျမ်းစာမှာရှင်းပြထားတယ်။ (၁ ယော. ၄:၈) ဘုရားသခင်ကို သိတယ်ဆိုရာမှာ ကိုယ်တော့်ပညတ်ကို နာခံခြင်းလည်း ပါဝင်တယ်။ (၁ ယောဟန် ၂:၃-၅ ကိုဖတ်ပါ။) ယေဟောဝါကိုသိသူတွေထဲမှာ ကျွန်ုပ်တို့ပါဝင်ခွင့်ရတာက အခွင့်ထူးတစ်ခုပါပဲ။ ဒါပေမဲ့ ယုဒရှကာရုတ်လို ကိုယ်တော်နဲ့ ကျွန်ုပ်တို့ကြားမှာရှိတဲ့ အဖိုးတန်ဆက်ဆံရေး မပြတ်တောက်သွားအောင် ဂရုစိုက်ရမယ်။ ဒါကြောင့် ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေး ပိုခိုင်မြဲစေဖို့ ကြိုးစားအားထုတ်ကြပါစို့။ ကျွန်ုပ်တို့ အဲဒီလိုလုပ်တယ်ဆိုရင် ယေဟောဝါက ကျွန်ုပ်တို့ကို ထာဝရအသက်ဆု ပေးပါလိမ့်မယ်။—မ. ၂၄:၁၃

“ကိုယ်တော့်နာမတော်အတွက်”

၈၊ ၉။ ယေရှုမြေကြီးပေါ် ရှိတုန်းက သူ့အတွက်အရေးကြီးဆုံးက ဘာလဲ။ သူ ဘယ်သွန်သင်ချက်ကို ဆန့်ကျင်ခဲ့မယ်ဆိုတာ သေချာသလဲ။

ယောဟန်အခန်းကြီး ၁၇ မှာပါတဲ့ ယေရှုရဲ့ဆုတောင်းချက်ကို ဖတ်တဲ့အခါ ယေရှုဟာ သူ့တမန်တော်တွေကိုသာမက ကျွန်ုပ်တို့ကိုပါ အလွန်ချစ်တယ်ဆိုတာ မြင်တွေ့ရတယ်။ (ယော. ၁၇:၂၀) ဒါပေမဲ့ ယေရှုအတွက် အရေးကြီးဆုံးက ကျွန်ုပ်တို့ရဲ့ကယ်တင်ခြင်းမဟုတ်ဘူး။ ယေရှုမြေကြီးပေါ် ရှိနေစဉ်တစ်လျှောက်မှာ သူ့အတွက်အရေးကြီးဆုံးက သူ့ဖခင်ရဲ့နာမည် ဘုန်းထင်ရှားဖို့ပဲ။ ဥပမာ၊ ယေရှုက သူ မြေကြီးပေါ်လာရတဲ့အကြောင်းကို ပထမဆုံးအကြိမ် ပြောပြတုန်းက ဟေရှာယကျမ်းလိပ်ကို ဖတ်ခဲ့တယ်။ အဲဒီမှာ ဒီလိုရေးထားတယ်– “ယေဟောဝါဘုရား၏စွမ်းအားတော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသောသူတို့အား သတင်းကောင်းကို ပြောကြားရန် ငါ့ကို ဘိသိက်ပေးတော်မူ၏။” ဒါကို ယေရှုဖတ်တဲ့အခါ ဘုရားသခင့်နာမည်ကို ပီပီသသ အသံထွက်ခေါ်ဆိုခဲ့မယ်ဆိုတာ သေချာပါတယ်။—လု. ၄:၁၆-၂၁

ယေရှု မြေကြီးပေါ်မလာခင် အချိန်အတော်ကြာတဲ့အထိ ဂျူးဘာသာရေးခေါင်းဆောင်တွေက ဘုရားသခင့်နာမည်ကို မသုံးဖို့ လူတွေကို သင်ပေးခဲ့တယ်။ ကျမ်းစာနဲ့မညီတဲ့ ဒီထုံးစံကို ယေရှု အခိုင်အမာ ဆန့်ကျင်ခဲ့မယ်ဆိုတာ သေချာပါတယ်။ အဲဒီ ဘာသာရေးခေါင်းဆောင်တွေကို သူ ဒီလိုပြောခဲ့တယ်– “ငါ့ခမည်းတော်၏နာမနှင့် ငါရောက်လာသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။ တစ်စုံတစ်ဦးသည် ကိုယ့်နာမနှင့် ရောက်လာလျှင် ထိုသူကို လက်ခံကြလိမ့်မည်။” (ယော. ၅:၄၃) အဲဒီနောက် သူမသေဆုံးခင် ရက်ပိုင်းလေးမှာ ဆုတောင်းတဲ့အခါ သူ့အတွက်အရေးကြီးဆုံးအချက်ကို ဒီလိုဖော်ပြခဲ့တယ်– “အိုအဖ၊ ကိုယ်တော်၏နာမတော်ကို ဘုန်းထင်ရှားစေတော်မူပါ။” (ယော. ၁၂:၂၈) ကျွန်ုပ်တို့ အခုဆွေးနွေးနေတဲ့ ယေရှုရဲ့ဆုတောင်းချက်မှာလည်း သူ့ဖခင်ရဲ့နာမည် ဘုန်းထင်ရှားဖို့က သူ့ရဲ့ဘဝမှာ အရေးကြီးဆုံးဆိုတာ ထင်ရှားတယ်။

၁၀၊ ၁၁။ (က) ယေရှုဟာ သူ့ဖခင်ရဲ့နာမည်ကို ဘယ်လိုသိစေခဲ့သလဲ။ (ခ) ယေရှုရဲ့တပည့်တွေဟာ ဘာကြောင့် ယေဟောဝါရဲ့နာမည်ကို လူတွေသိအောင် လုပ်နေသလဲ။

၁၀ ယေရှု ဒီလို ဆုတောင်းခဲ့တယ်– “ဤလောကထဲမှယူ၍ ကျွန်ုပ်ကို ပေးအပ်တော်မူသောသူတို့အား ကျွန်ုပ်သည် ကိုယ်တော်၏နာမကို ဖော်ပြပါပြီ။ ထိုသူတို့ကို ကိုယ်တော် ပိုင်တော်မူ၍ ကျွန်ုပ်အား ပေးအပ်တော်မူ၏။ ကိုယ်တော်၏တရားစကားတော်ကို သူတို့သည် စောင့်ရှောက်ကြပါပြီ။ ကျွန်ုပ်သည် ဤလောက၌ မရှိတော့ဘဲ ကိုယ်တော်ထံသို့ လာရပါတော့မည်။ ဤသူတို့မူကား ဤလောက၌ ရှိနေရစ်ပါမည်။ သန့်ရှင်းတော်မူသောအဖ၊ ကျွန်ုပ်တို့နည်းတူ သူတို့သည်လည်း တစ်လုံးတစ်ဝတည်းဖြစ်စေရန် ကျွန်ုပ်အား ပေးအပ်တော်မူသော ကိုယ်တော်၏နာမတော်အတွက် သူတို့ကို ကာကွယ်စောင့်ရှောက်တော်မူပါ။”—ယော. ၁၇:၆၊ ၁၁

၁၁ ယေရှု သူ့ဖခင်ရဲ့နာမည်ကို တပည့်တော်တွေကို “ဖော်ပြ” ဒါမှမဟုတ် သိစေတဲ့အခါ ယေဟောဝါဆိုတဲ့နာမည်ကို သုံးရုံထက်မက လုပ်ဆောင်ခဲ့တယ်။ ယေဟောဝါက ဘယ်သူလဲဆိုတာသိအောင် သူတို့ကို ကူညီပေးခဲ့တယ်။ ဘုရားသခင့် ကောင်းမြတ်လှတဲ့အရည်အသွေးတွေနဲ့ ကျွန်ုပ်တို့ကို မေတ္တာနဲ့ဆက်ဆံပုံအကြောင်း သူတို့ကို သင်ပေးခဲ့တယ်။ (ထွ. ၃၄:၅-၇) အခုအချိန်မှာ ယေရှုဟာ ကောင်းကင်မှာ ဘုရင်ဖြစ်နေပြီ၊ ကမ္ဘာတစ်ခွင်မှာ ယေဟောဝါရဲ့နာမည် သိစေဖို့ တပည့်တွေလုပ်ဆောင်နေတာကို ဆက်ကူညီပေးနေတယ်။ ဒီအလုပ်ကို ဘာကြောင့် လုပ်နေတာလဲ။ ဒီစနစ်ဆိုးမကုန်ဆုံးခင် လူများနိုင်သလောက် များများ ယေဟောဝါအကြောင်း သိအောင် ကူညီပေးဖို့ဖြစ်တယ်။ အဲဒီနောက်မှာ ယေဟောဝါဟာ သစ္စာရှိတဲ့ မိမိရဲ့သက်သေတွေကို ကယ်တင်ဖို့ လုပ်ဆောင်တဲ့အခါ လူတိုင်းက ကြီးမြတ်တဲ့ယေဟောဝါရဲ့နာမည်ကို သိကြပါလိမ့်မယ်။—ယေဇ. ၃၆:၂၃

“လောကသည် ယုံကြည်ပါမည်”

၁၂။ ယေရှု စခဲ့တဲ့အလုပ်ကို ပြီးစီးဖို့ ကျွန်ုပ်တို့ ဘယ်အချက်သုံးချက်ကို လုပ်ဆောင်ဖို့လိုသလဲ။

၁၂ ယေရှုက သူစခဲ့တဲ့အလုပ်ကို ပြီးစီးအောင်လုပ်ဖို့ တပည့်တွေကို အမိန့်ပေးခဲ့တယ်။ ယေရှုက “ကိုယ်တော်သည် ကျွန်ုပ်ကို ဤလောကသို့ စေလွှတ်တော်မူသည်နည်းတူ ကျွန်ုပ်သည်လည်း သူတို့ကို ဤလောကသို့ စေလွှတ်ပါ၏” လို့ ပြောခဲ့တယ်။ ဒါပေမဲ့ တပည့်တွေ ဒီအလုပ်လုပ်ဖို့ အကူအညီလိုတယ်ဆိုတာ ယေရှုသိတယ်။ ယေရှုဟာ သူတို့နဲ့အတူ ရှိနေချိန်မှာ သူတို့ရဲ့အားနည်းချက်တွေကို အောင်မြင်ကျော်လွှားဖို့ ကူညီပေးခဲ့တယ်။ သူ့ရဲ့ဆုတောင်းချက်မှာ အရေးကြီးတဲ့အချက်သုံးချက်ကို တပည့်တွေလုပ်နိုင်အောင် ကူညီပေးပါလို့ ယေဟောဝါထံ တောင်းဆိုခဲ့တယ်။ ပထမအချက်အနေနဲ့ သူ့ရဲ့ဆုတောင်းချက်မှာ တပည့်တွေဟာ လောကနဲ့သက်ဆိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ ဒုတိယအချက်အနေနဲ့ တပည့်တွေဟာ ဘုရားသခင့်တရားစကားကို နားထောင်ပြီး ဆက်သန့်ရှင်းနေစေဖို့ ဆုတောင်းခဲ့တယ်။ တတိယအချက်အနေနဲ့ ယေရှုဟာ သူနဲ့သူ့ဖခင် တစည်းတလုံးတည်းရှိသလို သူ့တပည့်တွေလည်း တစည်းတလုံးရှိဖို့ အထပ်ထပ် ဆုတောင်းခဲ့တယ်။ ‘ယေရှုရဲ့ဆုတောင်းချက်မှာ ဖော်ပြခဲ့တဲ့အချက်သုံးချက်ကို ငါလုပ်နေသလား’ ဆိုတဲ့မေးခွန်းကို ကျွန်ုပ်တို့ယောက်တိုင်း မေးဖို့လိုပါတယ်။ ဒီအချက်တွေကို တပည့်တွေလုပ်ဆောင်မယ်ဆိုရင် သူတို့ဟောပြောတဲ့သတင်းကို လောက,ကလူတွေ ယုံကြည်လက်ခံကြမယ်ဆိုတာ ယေရှု ယုံကြည်စိတ်ချခဲ့တယ်။—ယောဟန် ၁၇:၁၅-၂၁ ကိုဖတ်ပါ။

ပထမရာစုခရစ်ယာန်တွေဟာ စည်းလုံးမှုကို ထိန်းသိမ်းဖို့ သန့်ရှင်းသောစွမ်းအားတော်နဲ့အညီ လုပ်ဆောင်ခဲ့ (အပိုဒ် ၁၃ ကိုကြည့်ပါ)

၁၃။ ပထမရာစုမှာ ယေရှုရဲ့ဆုတောင်းချက်ကို ယေဟောဝါ ဘယ်လိုအဖြေပေးခဲ့သလဲ။

၁၃ တမန်တော်ကျမ်းကို ကျွန်ုပ်တို့ဖတ်တဲ့အခါမှာ ယေရှုရဲ့ဆုတောင်းချက်ကို ယေဟောဝါ အဖြေပေးတယ်ဆိုတာ တွေ့ရှိနိုင်တယ်။ ပထမရာစုတုန်းက ခရစ်ယာန်တွေမှာ ဂျူးတွေ၊ လူမျိုးခြားတွေ၊ လူချမ်းသာတွေ၊ ဆင်းရဲသားတွေ၊ ကျွန်တွေနဲ့ ကျွန်ပိုင်ရှင်တွေလည်း ပါတယ်။ သူတို့အလယ်မှာ ပေါ်လာနိုင်တဲ့ စိတ်ဝမ်းကွဲပြားမှုတွေကို စဉ်းစားကြည့်ပါ။ ဒါပေမဲ့ သူတို့ဟာ တကယ်စည်းလုံးကြတယ်၊ တမန်တော်ပေါလုက သူတို့ကို ဦးခေါင်းအနေနဲ့ ခရစ်တော်ပါရှိတဲ့ ခန္ဓာကိုယ်ရဲ့ မတူညီတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ နှိုင်းယှဉ်ခဲ့တယ်။ (ဧ. ၄:၁၅၊ ၁၆) ကွဲပြားနေတဲ့ စာတန့်လောကမှာ ဒီလိုစည်းလုံးမှုရှိတာက ယေဟောဝါရဲ့ သန့်ရှင်းသောစွမ်းအားတော်ကြောင့်ပဲ။—၁ ကော. ၃:၅-၇

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါရဲ့လူတွေ စည်းလုံးကြ (အပိုဒ် ၁၄ ကိုကြည့်ပါ)

၁၄။ ကျွန်ုပ်တို့အချိန်မှာ ယေရှုရဲ့ဆုတောင်းချက်ကို ယေဟောဝါ ဘယ်လိုအဖြေပေးခဲ့သလဲ။

၁၄ ဝမ်းနည်းစရာက တမန်တော်တွေ သေဆုံးပြီးနောက်ပိုင်းမှာ အခြေအနေတွေ ပြောင်းလဲသွားခဲ့တယ်။ တကယ့် အယူဖောက်ပြန်မှုကြီးတစ်ခု ပေါ်လာခဲ့တယ်။ အယူမှားသွန်သင်ချက်တွေ အသင်းတော်ထဲရောက်လာပြီး စည်းလုံးမှု ပြိုကွဲခဲ့တယ်။ (တ. ၂၀:၂၉၊ ၃၀) ဒါပေမဲ့ ၁၉၁၉ ခုနှစ်မှာ ယေရှုက ဘိသိက်ခံခရစ်ယာန်တွေကို အယူမှားဘာသာရေး ချုပ်နှောင်မှုအောက်ကနေ လွတ်မြောက်အောင် လုပ်ပေးပြီး “စည်းလုံးခြင်းအတွက် ခိုင်မြဲသောနှောင်ကြိုး” မှာ သူတို့ကို အတူတကွ စည်းလုံးစေခဲ့တယ်။ (ကော. ၃:၁၄) သူတို့ စည်းစည်းလုံးလုံး ဟောပြောခဲ့လို့ ဘာအကျိုးရခဲ့သလဲ။ “လူမျိုးများ၊ လူမျိုးနွယ်များ၊ လူစုများနှင့် ဘာသာစကားများ” ထဲကထွက်လာတဲ့ လူ ခုနစ်သန်းကျော်ဟာ အခု ဘိသိက်ခံတွေနဲ့အတူ ယေဟောဝါကို စည်းစည်းလုံးလုံး ဝတ်ပြုနေကြတယ်။ (ဗျာ. ၇:၉; ယော. ၁၀:၁၆) ဒါက “ကိုယ်တော်သည် ကျွန်ုပ်ကိုစေလွှတ်တော်မူ၍ ကျွန်ုပ်အား ချစ်တော်မူသည့်နည်းတူ သူတို့ကိုလည်း ချစ်တော်မူကြောင်း ဤလောက သိစေရန်ဖြစ်ပါ၏” ဆိုတဲ့ ယေရှုရဲ့ဆုတောင်းချက်ကို ယေဟောဝါ အဖြေပေးလိုက်တာပဲ။—ယော. ၁၇:၂၃

နှစ်သက်ဖွယ်နိဂုံးတစ်ခု

၁၅။ ယေရှုက သူ့ရဲ့ဘိသိက်ခံနောက်လိုက်တွေအတွက် ဘယ်အချက်ကို အထူးတောင်းဆိုခဲ့သလဲ။

၁၅ နိသန်လ ၁၄ ရက်ညနေ စောစောပိုင်းမှာ ယေရှုဟာ တပည့်တွေ မိမိရဲ့နိုင်ငံမှာ တွဲဖက်အုပ်ချုပ်ခွင့်ရဖို့ သူတို့နဲ့အတူ ပဋိညာဉ်တစ်ခုဖွဲ့ခြင်းအားဖြင့် သူတို့ကို “ဘုန်းအသရေ” ပေးခဲ့တယ်။ (လု. ၂၂:၂၈-၃၀; ယော.၁၇:၂၂) ဒါကြောင့် အခု ယေရှုက ဘိသိက်ခံနောက်လိုက်ဖြစ်လာမယ့်သူ အားလုံးအတွက် ဒီလိုဆုတောင်းပေးခဲ့တယ်– “အိုအဖ၊ ကိုယ်တော်သည် ဤလောကမတည်မီ ကျွန်ုပ်ကိုချစ်၍ ပေးတော်မူသော ဘုန်းအသရေကို ကျွန်ုပ်အား ပေးအပ်တော်မူသောသူတို့သည် မြင်ရမည်အကြောင်း ကျွန်ုပ်ရှိရာအရပ်၌ သူတို့ကိုလည်း ရှိစေလိုပါ၏။” (ယော. ၁၇:၂၄) ယေရှုရဲ့အခြားသိုးတွေဟာ ဘိသိက်ခံတွေရမယ့် ဆုကြောင့် မနာလိုမဖြစ်ဘဲ ပျော်ရွှင်ကြတယ်။ ဒါကလည်း ယနေ့ ခရစ်ယာန်စစ်တွေဟာ တကယ်စည်းလုံးတယ်ဆိုတဲ့ သက်သေပါပဲ။

၁၆၊ ၁၇။ (က) ဆုတောင်းချက်ရဲ့အဆုံးမှာ ယေရှုက သူ ဆက်လုပ်ဆောင်မယ့်အရာအကြောင်း ဘာပြောခဲ့သလဲ။ (ခ) ကျွန်ုပ်တို့ ဘာဆက်လုပ်သင့်သလဲ။

၁၆ လောကမှာရှိတဲ့လူအများစုဟာ ယေဟောဝါမှာ စည်းလုံးတဲ့လူမျိုးတစ်မျိုးရှိတယ်၊ သူတို့က ကိုယ်တော့်ကို အမှန်တကယ် သိကျွမ်းတယ်ဆိုတဲ့ အချက်ကို လျစ်လျူရှုကြတယ်။ ဒါက အများအားဖြင့် ဘာသာရေးခေါင်းဆောင်တွေရဲ့ အလိမ်အညာ သွန်သင်ချက်တွေကြောင့်ပဲ။ ယေရှုအချိန်တုန်းကလည်း ဒီလိုပဲဖြစ်ခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ဆုတောင်းချက်ကို ဒီနှစ်သက်ဖွယ်စကားတွေနဲ့ နိဂုံးချုပ်ခဲ့တယ်– “ဖြောင့်မတ်တော်မူသောအဖ၊ လောကသည် ကိုယ်တော်ကို မသိသော်လည်း ကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် ကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်း ဤသူတို့လည်း သိကြပါ၏။ ကျွန်ုပ်အား ချစ်တော်မူသောမေတ္တာသည် သူတို့၌ ရှိစေရန်၊ ကျွန်ုပ်သည် သူတို့နှင့် တစည်းတလုံးတည်းရှိစေရန် ကိုယ်တော်၏နာမတော်ကို သူတို့အား ကြားသိစေပါပြီ၊ ထပ်၍ ကြားသိစေပါဦးမည်။”—ယော. ၁၇:၂၅၊ ၂၆

၁၇ ယေရှုဟာ သူ့ဆုတောင်းချက်နဲ့အညီ သူ့ဖခင်ရဲ့နာမည်ကို တကယ်ဖော်ပြခဲ့တယ်။ အခုအချိန်မှာလည်း သူ့ဖခင်ရဲ့နာမည်နဲ့ ရည်ရွယ်ချက်ကို တခြားသူတွေသိအောင် ကျွန်ုပ်တို့လုပ်ဆောင်ရာမှာ အသင်းတော်ရဲ့ဦးခေါင်းအနေနဲ့ ကူညီပေးနေတယ်။ ယေရှုရဲ့လမ်းညွှန်ချက်ကို လိုက်နာပြီး ဟောပြောခြင်းနဲ့တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ထက်သန်စွာ ပါဝင်ကြပါစို့။ (မ. ၂၈:၁၉၊ ၂၀; တ. ၁၀:၄၂) ဘုရားသခင့်လူမျိုးနဲ့အတူ ဆက်ပြီး စည်းလုံးနေဖို့လည်း ကြိုးစားအားထုတ်ကြစို့။ အဲဒီနည်းအားဖြင့် ကျွန်ုပ်တို့ဟာ ယေရှုရဲ့ဆုတောင်းချက်နဲ့အညီ နေထိုင်နိုင်ပါလိမ့်မယ်။ အဲဒီလိုလုပ်တာက ယေဟောဝါရဲ့ဘုန်းအသရေကို ထင်ရှားစေပြီး ကျွန်ုပ်တို့လည်း ထာဝရပျော်ရွှင်မှု ခံစားရပါလိမ့်မယ်။