မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ယေဟောဝါဘုရားကို အစေခံကြလော့”

“ယေဟောဝါဘုရားကို အစေခံကြလော့”

“သင်တို့၏လုပ်ငန်းဆောင်တာများတွင် ရေသာမခိုကြနှင့်။ . . . ယေဟောဝါ ဘုရားကို အစေခံကြလော့။”—ရော. ၁၂:၁၁

အစေခံကျွန်ဆိုတာကို လူအများစုက ဘယ်လိုယူဆကြသလဲ၊ အဲဒါက ရောမ ၁၂:၁၁ မှာဖော်ပြထားတဲ့ အစေခံကျွန်နဲ့ ဘယ်လိုကွာခြားသလဲ။

အစေခံကျွန်ဆိုတာ သခင်ရဲ့ ဖိနှိပ်ချုပ်ချယ်မှု၊ မမျှမတဆက်ဆံမှုခံရသူလို့ လူအများက ယူဆကြတယ်။ ဒါပေမဲ့ ဘုရားသခင်ကို အစေခံတာကတော့ အဲဒါနဲ့ အရမ်းကွာတယ်။ ခရစ်ယာန်တစ်ယောက်ဟာ ချစ်ခင်တတ်တဲ့သခင်တစ်ယောက်ရဲ့ ကျွန်ဖြစ်ဖို့ ရွေးချယ်နိုင်တယ်လို့ ကျမ်းစာထဲမှာ ဖော်ပြထားတယ်။ ပထမရာစုခရစ်ယာန်တွေကို တမန်တော်ပေါလုက “ယေဟောဝါဘုရားကို အစေခံ” ဖို့တိုက်တွန်းတဲ့အခါမှာ ဘုရားသခင်ကို ချစ်တဲ့မေတ္တာကြောင့် ကိုယ်တော့်အမှုတော်ကိုဆောင်ဖို့ ပြောနေတာဖြစ်တယ်။ (ရော. ၁၂:၁၁) ဒီလိုအစေခံခြင်းမျိုးမှာ ဘာပါဝင်သလဲ။ စာတန်နဲ့ သူ့လောကရဲ့ကျွန် မဖြစ်ဖို့ ကျွန်ုပ်တို့ ဘယ်လိုရှောင်နိုင်သလဲ။ ယေဟောဝါရဲ့ကျွန်အဖြစ် သစ္စာရှိရှိအမှုဆောင်တဲ့အတွက် ဘာအကျိုးတွေ ခံစားရမလဲ။

‘ကျွန်တော့်သခင်ကို ကျွန်တော်ချစ်ပါ၏’

(က) အစ္စရေးလူတစ်ယောက်ဟာ ဘာကြောင့် ကျွန်တစ်ယောက်အဖြစ် ဆက်အစေခံဖို့ ဆုံးဖြတ်နိုင်သလဲ။ (ခ) ကျွန်တစ်ယောက် စိတ်လိုကိုယ်လျောက် နားဖောက်ခံတယ်ဆိုတာ ဘာကို ဖော်ပြတာဖြစ်သလဲ။

ယေဟောဝါ ကျွန်ုပ်တို့ကို ဘယ်လိုကျွန်မျိုး ဖြစ်စေချင်တယ်ဆိုတာ အစ္စရေးလူမျိုးကိုပေးတဲ့ ပညတ်ကနေ သိရတယ်။ ဟေဗြဲကျွန်တွေဟာ သခင်ရဲ့အစေကိုခံပြီး ခုနစ်နှစ်မြောက်မှာ လွတ်လပ်ခွင့်ရကြတယ်။ (ထွ. ၂၁:၂) ဒါပေမဲ့ ကျွန်တစ်ယောက်က သူ့သခင်ကို တကယ်ချစ်ပြီး ဆက်အစေခံချင်တဲ့ဆန္ဒရှိတယ်ဆိုရင် ဆက်နေနိုင်တယ်။ ယေဟောဝါရဲ့ပညတ်အရ အဲဒီလိုလုပ်လို့ရတယ်။ သခင်က ကျွန်ကို တံခါး ဒါမှမဟုတ် တံခါးတိုင်နား ခေါ်လာပြီး သူ့နားရွက်ကို စူးနဲ့ဖောက်မှာဖြစ်တယ်။ (ထွ. ၂၁:၅၊ ၆) ဘာဖြစ်လို့ အဲဒီလိုလုပ်တာလဲ။ ဟေဗြဲစကားမှာ နာခံတယ်ဆိုတာက ကြားတာ၊ နားထောင်တာနဲ့ ဆက်စပ်တယ်။ ဒါကြောင့် ကျွန်တစ်ယောက်ဟာ နားဖောက်ခံလိုက်ခြင်းအားဖြင့် မိမိသခင်ကို နာခံမှုရှိရှိ ဆက်အစေခံမယ်ဆိုတာ ဖော်ပြလိုက်တာပဲ။ ဒါက ကျွန်ုပ်တို့ရဲ့ ဆက်ကပ်အပ်နှံမှုနဲ့ ဆင်တူတယ်။ ယေဟောဝါထံ ကျွန်ုပ်တို့ကိုယ်ကို ဆက်ကပ်အပ်နှံတာက ကိုယ်တော့်ကို ကျွန်ုပ်တို့ချစ်တဲ့အတွက်ကြောင့် စိတ်လိုကိုယ်လျောက် နာခံပါမယ်လို့ ပြောနေခြင်းဖြစ်တယ်။

ကျွန်ုပ်တို့ရဲ့ ဆက်ကပ်အပ်နှံမှုက ဘယ်အရာပေါ် အခြေခံသလဲ။

နှစ်ခြင်းမခံခင်ကတည်းက ကျွန်ုပ်တို့ဟာ ယေဟောဝါကို အမှုဆောင်ဖို့၊ ကိုယ်တော့်အစေခံဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်ုပ်တို့ကိုယ်ကို အပ်နှံတဲ့အခါမှာ ကိုယ်တော့်ကို နာခံပါမယ်၊ ကိုယ်တော် အလိုရှိတဲ့အတိုင်း လုပ်ဆောင်ပါမယ်လို့ ယေဟောဝါကို ကတိပေးလိုက်တယ်။ အဲဒီလိုလုပ်ဖို့ ဘယ်သူကမှ ကျွန်ုပ်တို့ကို အတင်းအကျပ် မတိုက်တွန်းခဲ့ဘူး။ လူငယ်တွေ နှစ်ခြင်းခံတယ်ဆိုရင်တောင် အဲဒါက သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ၊ မိဘတွေ စိတ်ကျေနပ်စေဖို့ မဟုတ်ဘူး။ ခရစ်ယာန်တွေရဲ့ဆက်ကပ်အပ်နှံမှုက ကောင်းကင်မှာရှိတဲ့ သူတို့ရဲ့သခင် ယေဟောဝါကို ချစ်တဲ့မေတ္တာအပေါ် အခြေခံတယ်။ “ဘုရားသခင်ကို ချစ်ခြင်းဟူသည် ကိုယ်တော်၏ပညတ်များကို လိုက်နာခြင်းဖြစ်၏” လို့ တမန်တော်ယောဟန် ရေးတယ်။—၁ ယော. ၅:၃

လွတ်လပ်ပေမဲ့ ကျွန်ပါပဲ

“ဖြောင့်မတ်ခြင်းတရား၏ကျွန်” ဖြစ်ဖို့ ဘာလိုသလဲ။

ကျွန်ုပ်တို့ကို ယေဟောဝါရဲ့ကျွန်ဖြစ်ခွင့်ရအောင် လုပ်ပေးတဲ့အတွက် ကိုယ်တော့်ကို တကယ်ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ ကျွန်ုပ်တို့က ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးပူဇော်သက္ကာကို ယုံကြည်တဲ့အတွက် အပြစ်ရဲ့ကျွန်ဘဝကနေ လွတ်မြောက်ခဲ့ကြတယ်။ ဒါက ကျွန်ုပ်တို့ဟာ မစုံလင်သူတွေဖြစ်နေဆဲဖြစ်ပေမဲ့ ယေဟောဝါနဲ့ ယေရှုကို ကျွန်ုပ်တို့ရဲ့သခင်အဖြစ် နာခံဖို့ ဆုံးဖြတ်ခဲ့ကြတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒီအချက်ကို ပေါလုက သူ့ရဲ့စာမှာ ဒီလို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်– “သင်တို့သည် အပြစ်တရား၌ အသေဖြစ်သော်လည်း ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်အတွက် အသက်ရှင်လျက်ရှိကြောင်း ကိုယ်ကိုထင်မှတ်ကြလော့။” အဲဒီနောက်မှာ ဒီလိုဆက်သတိပေးခဲ့တယ်– “တစ်စုံတစ်ဦးကို နာခံရန် ကျွန်အဖြစ် ကိုယ်ကို ဆက်သလျက်နေလျှင်၊ သေခြင်းနှင့်ယှဉ်သော အပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ခြင်းနှင့်ယှဉ်သော နာခံခြင်းတရားဖြစ်စေ ထိုသူ၏ကျွန်ဖြစ်သည်ကို မသိသလော။ သင်တို့သည် အပြစ်တရား၏ကျွန်ဖြစ်ခဲ့သော်လည်း ခံယူခဲ့ပြီးသော သွန်သင်ခြင်းကို စိတ်နှလုံးထဲမှ နာခံသည်ဖြစ်၍ ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏။ သင်တို့သည် အပြစ်တရား၏လက်မှ လွတ်ပြီဖြစ်၍ ဖြောင့်မတ်ခြင်းတရား၏ကျွန် ဖြစ်လာကြ၏။” (ရော. ၆:၁၁၊ ၁၆-၁၈) ကျွန်ုပ်တို့ဟာ ‘စိတ်နှလုံးထဲကနေ နာခံ’ သင့်တယ်လို့ တမန်တော်ပြောတာကို သတိပြုပါ။ ဒါကြောင့် ယေဟောဝါထံ ဆက်ကပ်အပ်နှံလိုက်တာက ကျွန်ုပ်တို့ကို “ဖြောင့်မတ်ခြင်းတရား၏ကျွန်” ဖြစ်လာစေတယ်။

ကျွန်ုပ်တို့အားလုံး ဘာကိုတိုက်လှန်ရမလဲ၊ ဘာကြောင့်လဲ။

ယေဟောဝါထံ ဆက်ကပ်အပ်နှံထားတဲ့ ကျွန်ုပ်တို့ဟာ တိုက်ပွဲနှစ်မျိုး တိုက်ရတယ်။ တစ်မျိုးက ကျွန်ုပ်တို့ကိုယ်တိုင်ရဲ့ မစုံလင်မှုဖြစ်တယ်။ ပေါလုလည်း အဲဒါကို တိုက်လှန်ခဲ့ရတယ်။ သူ ဒီလိုပြောခဲ့တယ်– “ငါသည် အတွင်းသဘောအားဖြင့် ဘုရားသခင်၏ပညတ်တရားကို အမှန်ပင် နှစ်သက်၏။ သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ အခြားသော တရားတစ်ပါးသည် ငါ့စိတ်သဘော၌ရှိသောတရားကို တိုက်လှန်၍ ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရားလက်သို့ ငါ့ကိုအပ်နှံကြောင်း ငါမြင်၏။” (ရော. ၇:၂၂၊ ၂၃) ကျွန်ုပ်တို့က မစုံလင်တဲ့သူတွေဖြစ်လို့ ကျွန်ုပ်တို့ရဲ့ သွေးသားအလိုဆန္ဒတွေကို ဆက်ပြီးတိုက်လှန်ရမယ်။ တမန်တော်ပေတရု ဒီလို တိုက်တွန်းခဲ့တယ်– “လွတ်လပ်သူများကဲ့သို့ ပြုမူနေထိုင်လော့။ သို့သော် သင်တို့၏လွတ်လပ်မှုကို မကောင်းမှုဖုံးကွယ်ရန်အတွက်မဟုတ်ဘဲ ဘုရားသခင်၏ကျွန်များ ကိုင်စွဲသကဲ့သို့ ကိုင်စွဲထားလော့။”—၁ ပေ. ၂:၁၆

၆၊ ၇။ လောကကို နှစ်သက်စရာကောင်းတဲ့ပုံစံဖြစ်အောင် စာတန် ဘယ်လိုလုပ်သလဲ။

ကျွန်ုပ်တို့ တိုက်နေရတဲ့ နောက်အရာတစ်ခုကတော့ နတ်ဆိုးသြဇာလွှမ်းမိုးနေတဲ့ ဒီလောကပဲ။ လောကရဲ့အုပ်စိုးရှင် စာတန်ဟာ သူ့မှာရှိတဲ့လက်နက်မှန်သမျှကို အသုံးပြုပြီး ယေဟောဝါနဲ့ယေရှုကို ကျွန်ုပ်တို့ သစ္စာဖောက်အောင် ကြိုးစားတယ်။ စာတန်ဟာ ကျွန်ုပ်တို့ကို လောကရဲ့အစိတ်အပိုင်းဖြစ်အောင် သွေးဆောင်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို သူ့ရဲ့ကျွန်ဖြစ်အောင်လုပ်ဖို့ ကြိုးစားနေတယ်။ (ဧဖက် ၆:၁၁၊ ၁၂ ကိုဖတ်ပါ။) စာတန် အဲဒီလိုလုပ်တဲ့နည်းတစ်နည်းက သူ့ရဲ့လောကကို နှစ်သက်စရာကောင်းတဲ့ပုံစံဖြစ်အောင် လုပ်ခြင်းဖြစ်တယ်။ တမန်တော်ယောဟန်က ဒီလိုသတိပေးတယ်– “လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာများကိုလည်းကောင်း မချစ်ကြနှင့်။ လောကကို ချစ်သောသူသည် ခမည်းတော်ကို ချစ်ခြင်း မရှိ။ အကြောင်းမူကား သွေးသားတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကစည်းစိမ်၌ ဝါကြွားခြင်းတည်းဟူသော လောက၌ရှိသမျှသောအရာတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်။ လောကနှင့်သာ စပ်ဆိုင်၏။”—၁ ယော. ၂:၁၅၊ ၁၆

လောက,ကလူတွေဟာ ပစ္စည်းဥစ္စာများများ ပိုင်ဆိုင်ချင်လာကြတယ်။ ငွေမရှိရင် မပျော်ဘူးလို့ လူတွေယူဆလာအောင် စာတန်လုပ်တယ်။ ဈေးဆိုင်ကြီးတွေ၊ စူပါမားကတ်တွေက နေရာတိုင်းမှာရှိတယ်။ ကြော်ငြာတွေဟာ ပစ္စည်းဥစ္စာများများပိုင်ဆိုင်ပြီး ပျော်ပျော်နေဖို့က အရေးကြီးဆုံးဆိုတဲ့ ဘဝပုံစံမျိုးကို အားပေးအားမြှောက်လုပ်နေတယ်။ ဥပမာ၊ ခရီးသွားလုပ်ငန်းတွေကလည်း လောကအမြင်သဘောထားရှိသူတွေနဲ့အတူ စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကို ခရီးထွက်ဖို့ ကမ်းလှမ်းနေတယ်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံးက ကျွန်ုပ်တို့ရဲ့ဘဝပုံစံကို လောကနှစ်သက်တဲ့ပုံစံဖြစ်အောင် ပြောင်းလဲဖို့ တွန်းအားပေးနေတယ်။

၈၊ ၉။ ဘယ်အန္တရာယ်နဲ့ တကယ်ကြုံတွေ့ရနိုင်သလဲ၊ ဘာကြောင့်လဲ။

ပထမရာစုတုန်းက ပေတရုဟာ လောကအမြင်မျိုးရှိလာတဲ့ ခရစ်ယာန်တွေကို ဒီလို သတိပေးခဲ့တယ်– “နေ့အချိန်တွင် ဇိမ်ခံခြင်းကို ပျော်မွေ့စရာဟု ယူမှတ်၏။ သင်တို့နှင့်အတူ ပွဲခံစဉ် သူတို့သည် မိမိတို့၏မှားယွင်းသောသွန်သင်ချက်များဖြင့် လှည့်စားရန် အားရပျော်မွေ့သော အစွန်းအထင်း၊ အပြစ်အနာအဆာများဖြစ်နေကြ၏။ အကြောင်းမူကား ထိုသူတို့သည် အကျိုးမရှိသောစကားများဖြင့် ဝင့်ကြွားပြောဆိုကြ၏။ မှားယွင်းစွာ ပြုမူသောသူတို့ထံမှ လွတ်မြောက်လုဆဲဆဲရှိသူတို့ကို လူ့ဇာတိအလိုဆန္ဒများ၊ အကျင့်ပျက်မှုများဖြင့် သွေးဆောင်တတ်ကြ၏။ လွတ်လပ်မည်ဟု ကတိပြုသော်လည်း သူတို့ကိုယ်တိုင် ဖောက်ပြန်ပျက်စီးခြင်း၏ ကျွန်များဖြစ်ကြ၏။ အကြောင်းမူကား သူတစ်ပါး၏လွှမ်းမိုးမှုခံသောသူသည် ထိုသူ၏ကျွန်ဖြစ်၏။”—၂ ပေ. ၂:၁၃၊ ၁၈၊ ၁၉

“မျက်စိတပ်မက်ခြင်း” အလိုဆန္ဒကိုဖြည့်ဆည်းဖို့ ကြိုးစားတာက လူတစ်ယောက်ကို လွတ်လပ်မှုမရစေဘူး။ အဲဒီအစား သူဟာ မျက်စိနဲ့မမြင်ရတဲ့ လောကရဲ့သခင် စာတန်မာရ်နတ်ရဲ့ ကျွန်ဖြစ်သွားတယ်။ (၁ ယော. ၅:၁၉) ရုပ်ပစ္စည်းရဲ့ကျွန်ဖြစ်ခြင်း အန္တရာယ်ထဲ တကယ်ကျရောက်သွားနိုင်တယ်။ အဲဒီလိုကျသွားပြီဆိုရင် ရုန်းထွက်ဖို့ ခက်နိုင်တယ်။

ပျော်ရွှင်ကျေနပ်စေတဲ့ အလုပ်အကိုင်

၁၀၊ ၁၁။ စာတန်အကြိုက်ဆုံးပစ်မှတ်က ဘယ်သူတွေလဲ။ အဆင့်မြင့်ပညာရေးက ခရစ်ယာန်လူငယ်တွေအတွက် ဘယ်လိုနည်းနဲ့ အခက်အခဲ ဖြစ်စေနိုင်သလဲ။

၁၀ ဧဒင်ဥယျာဉ်မှာလိုပဲ စာတန်ဟာ အတွေ့အကြုံမရှိသူတွေကို ပစ်မှတ်ထား တိုက်ခိုက်တယ်။ ဒီအချိန်မှာ စာတန်အကြိုက်ဆုံးပစ်မှတ်က လူငယ်တွေပဲ။ လူငယ်တစ်ယောက် ဒါမှမဟုတ် တခြားတစ်ယောက်ယောက်က ယေဟောဝါရဲ့အစေခံကျွန်ဖြစ်ဖို့ ဆုံးဖြတ်တာကို စာတန်မကြိုက်ဘူး။ မိမိတို့အသက်တာကို ယေဟောဝါထံ အပ်နှံထားတဲ့သူတွေ သစ္စာမဲ့သွားဖို့၊ ဆက်ကပ်အပ်နှံထားတဲ့အတိုင်း အသက်မရှင်ဖို့ စာတန်အလိုရှိတယ်။

၁၁ နားဖောက်ခံတဲ့ကျွန်ရဲ့ပုံနမူနာကို ပြန်သုံးသပ်ကြည့်ကြစို့။ နားဖောက်နေတဲ့အချိန်မှာ အဲဒီကျွန်ဟာ နာကျင်မှုကို ခဏခံစားရမှာဖြစ်တယ်၊ ဒါပေမဲ့ အနာပျောက်သွားတာနဲ့ သူဟာ သူ့သခင်ဆီမှာ ဆက်အစေခံဖို့ ဆုံးဖြတ်ထားကြောင်း ဖော်ပြတဲ့အမှတ်အသား ကျန်ခဲ့မှာဖြစ်တယ်။ လူငယ်တွေအတွက် ရွယ်တူချင်းတွေနဲ့မတူတဲ့ လမ်းစဉ်ကိုရွေးချယ်တာက ခက်ခဲတဲ့အပြင် နာကျင်မှုပါခံစားရနိုင်ပါတယ်။ ဥပမာ၊ သူ့ရဲ့လောကမှာ အလုပ်အကိုင်တစ်ခုရှိတာက ဘဝကို တကယ်အဓိပ္ပာယ်ရှိစေတဲ့နည်းလမ်းဖြစ်တယ်ဆိုတဲ့ အယူအဆကို စာတန် အားပေးအားမြှောက် လုပ်နေတယ်။ ဒါပေမဲ့ ဘဝမှာ ယေဟောဝါကို အရေးကြီးဆုံးနေရာမှာထားမှသာ ဘဝက တကယ်အဓိပ္ပာယ်ရှိမယ်။ ယေရှုက “ဘုရားသခင်ကို မှီခိုရန် လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏” လို့ပြောခဲ့တယ်။ (မ. ၅:၃) မိမိတို့အသက်တာကို ယေဟောဝါထံအပ်နှံထားတဲ့ ခရစ်ယာန်တွေဟာ စာတန့်အလိုမဟုတ်ဘဲ ယေဟောဝါရဲ့အလိုတော်ကို လုပ်ဆောင်ကြတယ်။ သူတို့ဟာ ကျမ်းစာကို “နေ့ညမပြတ်” ဖတ်ရှုပြီး တွေးတောဆင်ခြင်တယ်။ (ဆာလံ ၁:၁-၃ ကိုဖတ်ပါ။) ဒါပေမဲ့ ယနေ့အချိန်မှာ အဆင့်မြင့်ပညာအများစုက ဘုရားသခင့်ကျေးကျွန်တွေအတွက် ကျမ်းစာကို တွေးတောဆင်ခြင်ဖို့နဲ့ ယေဟောဝါကို အမှုဆောင်ဖို့ အချိန်သိပ်မရစေနိုင်ဘူး။

၁၂။ ယနေ့လူငယ်များစွာဟာ ဘာကိုရွေးချယ်ရသလဲ။

၁၂ လောကသခင်တစ်ယောက်ဟာ ခရစ်ယာန်အစေခံကျွန်တစ်ယောက်ကို အခက်အခဲများစွာ တွေ့စေနိုင်တယ်။ ကောရိန္သုအသင်းတော်ကို ရေးတဲ့ ပထမစာမှာ ပေါလု ဒီလိုပြောတယ်– “ကျွန်အဖြစ်၌ရှိစဉ် ခေါ်တော်မူခြင်း ခံရသလော။ မစိုးရိမ်လေနှင့်။ သို့သော်လည်း လွတ်ခြင်းသို့ ရောက်နိုင်မည်ဆိုလျှင် ထိုအခွင့်အရေးကို အမိအရယူလော့။” (၁ ကော. ၇:၂၁) ကျွန်ဘဝကနေ လွတ်တယ်ဆိုတာ ကောင်းပါတယ်။ ယနေ့ နိုင်ငံများစွာမှာ လူငယ်တွေ ကျောင်း ဘယ်နှစ်နှစ်တက်ရမယ်ဆိုတဲ့ ဥပဒေ ထုတ်ထားတယ်။ အဲဒါပြီးပြီဆိုရင်တော့ ပညာဆက်သင်မလား မသင်ဘူးလားဆိုတာ ကျောင်းသားတွေက ရွေးချယ်နိုင်တယ်။ ခရစ်ယာန်တစ်ယောက်က ဒီလောကမှာ အလုပ်အကိုင် ကောင်းကောင်းရဖို့ အဆင့်မြင့်ပညာ ဆက်ဆည်းပူးတယ်ဆိုရင် ယေဟောဝါရဲ့အမှုတော်မှာ အချိန်ပြည့်ပါဝင်ဖို့ မလွတ်လပ်တော့ဘူး။—၁ ကောရိန္သု ၇:၂၃ ကိုဖတ်ပါ။

ဘယ်သခင်ကို သင်အစေခံမလဲ

အဆင့်မြင့်ပညာရေးလား၊ အကောင်းဆုံးပညာရေးလား

၁၃။ ဘယ်ပညာရေးက ယေဟောဝါရဲ့ကျေးကျွန်တွေကို အကျိုးအများဆုံး ရရှိစေသလဲ။

၁၃ ကောလောသဲမြို့က ခရစ်ယာန်တွေကို ပေါလု ဒီလို သတိပေးခဲ့တယ်– “ခရစ်တော်၏ သွန်သင်ချက်အတိုင်းမလိုက်၊ လောက၏ အခြေခံတရားကို လိုက်၍ လူ့ထုံးတမ်းစဉ်လာပေါ် အခြေပြုသော အတွေးအခေါ်နှင့် အကျိုးမဲ့ လှည့်ဖြားပြောဆိုခြင်းအားဖြင့် သင်တို့ကို သားကောင်အဖြစ် ဖမ်းယူမည့်သူတစ်ဦးဦး ရှိနိုင်သောကြောင့် သတိပြုကြလော့။” (ကော. ၂:၈) ဆရာများစွာဟာ ‘လူ့ထုံးတမ်းစဉ်လာပေါ် အခြေပြုတဲ့ အတွေးအခေါ်နဲ့ အကျိုးမဲ့ လှည့်ဖြားပြောဆိုခြင်း’ တွေကို သင်ပေးတယ်။ ဒီသွန်သင်ချက်တွေပါဝင်တဲ့ အဆင့်မြင့်ပညာရေးက လက်တွေ့အသုံးချလို့ရတဲ့ အတတ်ပညာတွေ၊ လက်တွေ့ဘဝအတွက် လိုအပ်ရာတွေကို မသင်ပေးဘူး။ ဒါပေမဲ့ ခရစ်ယာန်တွေရွေးချယ်တဲ့ ပညာရေးကတော့ ဘုရားသခင့်အမှုတော် ဆောင်နိုင်အောင် ရိုးရှင်းတဲ့အသက်တာနဲ့ နေထိုင်ဖို့ လိုအပ်တဲ့အတတ်ပညာတွေ သင်ပေးတယ်။ ခရစ်ယာန်တွေက ပေါလုရဲ့ ဒီအကြံပေးချက်ကို အလေးအနက်ထားတယ်– “အမှန်စင်စစ်၊ ကျေနပ်ရောင့်ရဲမှုဖြင့် ဘုရားတရားဆည်းကပ်ခြင်းသည် များစွာအကျိုးပေး၏။ သို့ဖြစ်၍ ငါတို့သည် စားစရာ၊ ဝတ်စရာ၊ နေစရာရှိသမျှနှင့် ကျေနပ်ရောင့်ရဲနေကြရမည်။” (၁ တိ. ၆:၆၊) ခရစ်ယာန်စစ်တွေဟာ သူတို့နာမည်ရဲ့နောက်မှာ ဘွဲ့တွေ၊ ဒီဂရီတွေ ထည့်ရေးနိုင်အောင် လုပ်မယ့်အစား အမှုဆောင်လုပ်ငန်းမှာ အစွမ်းကုန်ပါဝင်ခြင်းအားဖြင့် “ထောက်ခံစာ” ရဖို့ ကြိုးစားကြတယ်။—၂ ကောရိန္သု ၃:၁-၃ ကိုဖတ်ပါ။

၁၄။ ဖိလိပ္ပိ ၃:၈ အရ ဘုရားသခင်နဲ့ ခရစ်တော်ရဲ့ကျွန်ဖြစ်ရတာကို ပေါလု ဘယ်လိုရှုမြင်ခဲ့သလဲ။

၁၄ ပေါလုရဲ့ပုံသက်သေကနေ ကျွန်ုပ်တို့ သင်ယူနိုင်ပါတယ်။ သူဟာ ဂျူးပညတ်ကျမ်းဆရာ ဂါမလျေလထံမှာ ပညာသင်ခဲ့တယ်။ သူ သင်ယူခဲ့တဲ့ပညာရေးက ယနေ့ခေတ် တက္ကသိုလ်ပညာနဲ့ ယှဉ်လို့ရတယ်။ ဒါပေမဲ့ ဘုရားသခင်နဲ့ ခရစ်တော်ရဲ့ကျွန် ဖြစ်ရခြင်းအခွင့်ထူးနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ အဲဒီပညာရေးကို ပေါလု ဘယ်လို ရှုမြင်ခဲ့သလဲ။ သူဒီလိုရေးခဲ့တယ်– “ငါ၏သခင် ခရစ်တော်ယေရှုနှင့်ပတ်သက်သော အသိပညာသည် သာလွန်ထူးမြတ်သောကြောင့် အရာခပ်သိမ်းကို ၡုံးစေသောအရာဟု ငါယူမှတ်၏။” ပြီးတဲ့နောက် ဒီလိုဆက်ပြောတယ်– “ကိုယ်တော်ကြောင့် ငါသည် အရာခပ်သိမ်းကို အၡုံးခံ၍ အမှိုက်သရိုက်ကဲ့သို့ ယူမှတ်၏။ သို့ဖြင့် ငါသည် ခရစ်တော်ကို အမြတ်ရ” ၏။ (ဖိ. ၃:၈) ပေါလုရဲ့ရှုမြင်ချက်က ပညာရေးနဲ့ပတ်သက်ပြီး မှန်ကန်စွာရွေးချယ်တတ်ဖို့ ခရစ်ယာန်လူငယ်တွေနဲ့ သူတို့ရဲ့မိဘတွေကို အထောက်အကူ ပြုနိုင်ပါတယ်။ (ရုပ်ပုံတွေကိုကြည့်ပါ။)

ကောင်းဆုံးပညာရေးကနေ အကျိုးရယူပါ

၁၅၊ ၁၆။ ယေဟောဝါရဲ့အဖွဲ့အစည်းက ဘယ်ပညာရေးမျိုး သင်ပေးသလဲ၊ ရည်ရွယ်ချက်က ဘာလဲ။

၁၅ နိုင်ငံများစွာမှာ အဆင့်မြင့်ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေရှိသလဲ။ အဲဒီမှာရှိတဲ့လူတွေဟာ အာဏာပိုင်တွေကို မကျေနပ်ကြောင်း ဖော်ပြဖို့ ဆန့်ကျင်ပုန်ကန်မှုတွေ လုပ်လေ့ရှိတယ်။ (ဧ. ၂:၂) ဒါပေမဲ့ ယေဟောဝါရဲ့အဖွဲ့အစည်းကတော့ ငြိမ်သက်အေးချမ်းမှုရှိတဲ့ အသင်းတော်ကတစ်ဆင့် အကောင်းဆုံးပညာရေး သင်ပေးတယ်။ ကျွန်ုပ်တို့အားလုံးဟာ ပတ်စဉ် ဟောပြောသွန်သင်ခြင်းသင်တန်းကနေ အကျိုးခံစားကြရတယ်။ အကျိုးပြုတဲ့ တခြားသင်တန်းတွေလည်း ရှိပါသေးတယ်။ ဥပမာ၊ တစ်ကိုယ်ရေ ရှေ့ဆောင်ညီအစ်ကိုတွေအတွက် တစ်ကိုယ်ရေညီအစ်ကိုများအတွက် ကျမ်းစာသင်တန်း၊ အိမ်ထောင်သည်ရှေ့ဆောင်တွေအတွက် ခရစ်ယာန်မောင်နှံများအတွက် ကျမ်းစာသင်တန်းတွေဖြစ်တယ်။ ဒီသင်တန်းတွေက ကောင်းကင်မှာရှိတဲ့ ကျွန်ုပ်တို့ရဲ့သခင် ယေဟောဝါကို နာခံဖို့ ကူညီပေးတယ်။

၁၆ ကင်းမျှော်စင်စာပေများအညွှန်း ဒါမှမဟုတ် ကင်းမျှော်စင်စာကြည့်တိုက် စီဒီမှာ အဖိုးတန်အမှန်တရားများစွာ ရှာတွေ့နိုင်ပါတယ်။ ကျမ်းစာပညာရေးရဲ့ အဓိကရည်ရွယ်ချက်က ယေဟောဝါကို ၀တ်ပြုဖို့ဖြစ်တယ်။ အဲဒီပညာရေးက တခြားသူတွေ ဘုရားသခင့်မိတ်ဆွေဖြစ်လာအောင် ဘယ်လိုကူညီပေးရမယ်ဆိုတာ ကျွန်ုပ်တို့ကို သင်ပေးတယ်။ (၂ ကော. ၅:၂၀) အဲဒီနောက် ကျွန်ုပ်တို့ သင်ပေးလိုက်တဲ့သူတွေက တခြားသူတွေကို ပြန်သင်ပေးနိုင်ပါလိမ့်မယ်။—၂ တိ. ၂:၂

ကျွန်ရတဲ့ဆု

၁၇။ အကောင်းဆုံးပညာရေးကို ရွေးချယ်မယ်ဆိုရင် ဘာအကျိုးခံစားရသလဲ။

၁၇ ယေရှုပြောတဲ့ တဲလင့်ပုံဥပမာမှာ သစ္စာရှိတဲ့ ကျွန်နှစ်ယောက်ဟာ သူတို့ရဲ့လုပ်ရပ်ကြောင့် သခင်ချီးမွမ်းတာကို ခံခဲ့ရတယ်။ အဲဒါကြောင့် သခင်ရော သူတို့ပါ ပျော်ရွှင်ခဲ့ကြတယ်။ သခင်က အဲဒီကျွန်တွေကို အလုပ်ထပ်ပေးခြင်းအားဖြင့် မျက်နှာသာပြခဲ့တယ်။ (မဿဲ ၂၅:၂၁၊ ၂၃ ကိုဖတ်ပါ။) အကောင်းဆုံးပညာရေးကို ရွေးချယ်ခြင်းက ပျော်ရွှင်မှုနဲ့ ဆုကျေးဇူး ခံစားရစေတယ်။ ဥပမာအနေနဲ့ မိုက်ကယ်အကြောင်း လေ့လာကြည့်ပါ။ သူက စာတော်တယ်၊ ဒါကြောင့် ဆရာတွေက သူတက္ကသိုလ်ဆက်တက်ဖို့ ဆွေးနွေးရအောင် သူ့ကိုစည်းဝေးခေါ်လိုက်တယ်။ မိုက်ကယ်က တက္ကသိုလ်ဆက်မတက်ဘဲ လက်တွေ့အသုံးချလို့ရတဲ့ အတတ်ပညာတစ်ခုကို သင်ယူဖို့ သင်တန်းတိုတစ်ခုကို ရွေးချယ်လိုက်တဲ့အခါ ဆရာတွေ အံ့ဩသွားတယ်။ အဲဒီသင်တန်းက ကိုယ့်ကိုယ်ကိုယ်ထောက်ပံ့ပြီး မှန်မှန်ရှေ့ဆောင်လုပ်ဖို့ အထောက်အကူပြုနိုင်တယ်။ သူ့ဆုံးဖြတ်ချက်မှားသွားတယ်လို့ သူခံစားရသလား။ သူ ဒီလိုပြောတယ်– “ရှေ့ဆောင်အနေနဲ့၊ အကြီးအကဲအနေနဲ့ ရတဲ့ပညာရေးက တန်ဖိုးဖြတ်လို့မရဘူး။ ကျွန်တော်ခံစားရတဲ့ ကောင်းချီးနဲ့ အခွင့်ထူးတွေက ကျွန်တော်ရှာလို့ ရကောင်းရနိုင်မယ့်ငွေထက် အများကြီးသာတယ်။ အဆင့်မြင့်ပညာရေးကို လိုက်စားဖို့ မရွေးချယ်ခဲ့လို့ ကျွန်တော် သိပ်ဝမ်းသာတယ်။”

၁၈။ သင် ဘာကြောင့် အကောင်းဆုံးပညာရေးကို ရွေးချယ်တာလဲ။

၁၈ အကောင်းဆုံးပညာရေးက ကျွန်ုပ်တို့ကို ဘုရားသခင့်အလိုတော်အကြောင်း သင်ပေးပြီး ယေဟောဝါရဲ့ကျွန်ဖြစ်ဖို့ ကူညီပေးတယ်။ အဲဒါက “ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှ လွတ်မြောက်” ဖို့ မျှော်လင့်ချက်ရှိစေပြီး အဆုံးမှာ “ဘုရားသခင့်သားသမီးတို့၏ လွတ်လပ်မှုဘုန်းအသရေကို ခံစားရ” စေပါလိမ့်မယ်။ (ရော. ၈:၂၁) အရေးကြီးဆုံးကတော့ ကောင်းကင်မှာရှိတဲ့ ကျွန်ုပ်တို့ရဲ့သခင် ယေဟောဝါကို တကယ်ချစ်ကြောင်း ပြသခြင်းက အကောင်းဆုံးနည်းလမ်းပဲဆိုတာ သိရှိရခြင်းဖြစ်တယ်။—ထွ. ၂၁:၅