မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“စဉ်းစားဆင်ခြင်ဉာဏ် အလွယ်တကူပျောက်ဆုံး” တာမျိုး မဖြစ်စေပါနဲ့

“စဉ်းစားဆင်ခြင်ဉာဏ် အလွယ်တကူပျောက်ဆုံး” တာမျိုး မဖြစ်စေပါနဲ့

‘ညီအစ်ကိုတို့၊ စဉ်းစားဆင်ခြင်ဉာဏ် အလွယ်တကူပျောက်ဆုံးခြင်း မရှိစေကြနှင့်။’—၂ သက်. ၂:၁၊ ၂

၁၊ ၂။ အခုအချိန်မှာ ဘာကြောင့် လှည့်ဖြားမှုတွေ များတာလဲ။ ဘယ်လို လှည့်ဖြားမှုတွေကို တွေ့ရသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

လိမ်လည်လှည့်ဖြားမှုတွေက နေရာတကာမှာရှိတယ်။ ဒါကို မအံ့သြသင့်ဘူး။ စာတန်မာရ်နတ်ဟာ လူတွေကို လှည့်ဖြားရာမှာ ကျွမ်းကျင်တယ်၊ သူက ဒီလောကကို အုပ်ချုပ်နေတယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (၁ တိ. ၂:၁၄; ၁ ယော. ၅:၁၉) ဆိုးသွမ်းတဲ့ဒီလောက ပျက်စီးတော့မယ့်အချိန် နီးလာလေ စာတန် ပိုဒေါသထွက်လေပဲ၊ အကြောင်းကတော့ သူ့အချိန်က ခဏလေးပဲကျန်တော့တယ်။ (ဗျာ. ၁၂:၁၂) ဒါကြောင့် စာတန် လွှမ်းမိုးချုပ်ကိုင်တာကို ခံနေရသူတွေဟာ ပိုပြီး မရိုးမသားလုပ်လာကြမယ်ဆိုတာ ကျွန်ုပ်တို့ မျှော်လင့်နိုင်တယ်။ သူတို့က အထူးသဖြင့် ယေဟောဝါရဲ့အမှုတော်မှာ ပါဝင်လုပ်ဆောင်နေသူတွေကို လှည့်ဖြားဖို့ ကြိုးစားကြပါလိမ့်မယ်။

တစ်ခါတလေ သတင်းတွေမှာ ယေဟောဝါသက်သေတွေနဲ့ သူတို့ရဲ့ယုံကြည်ချက်တွေအပေါ် အထင်အမြင်လွဲစေနိုင်တဲ့ ဖော်ပြချက်တွေနဲ့ အလိမ်အညာစကားတွေကို ဖော်ပြကြတယ်။ သူတို့က မှားယွင်းတဲ့သတင်းတွေကို ဖြန့်ဖို့ သတင်းစာတွေ၊ ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်မှုတွေနဲ့ အင်တာနက်တွေကို သုံးကြတယ်။ ရလဒ်အနေနဲ့ လူတချို့ဟာ အရင်ဆုံး မစုံစမ်း၊ မမေးမြန်းဘဲ အဲဒီအလိမ်အညာစကားတွေကို ယုံကြည်ပြီး ဒေါသထွက်ကြတယ်။

၃။ လှည့်ဖြားမခံရအောင် ဘာက ကူညီပေးနိုင်သလဲ။

စာတန်ရဲ့လှည့်ဖြားမှုတွေကနေ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တာ ဝမ်းသာစရာပါပဲ။ သမ္မာကျမ်းစာက ‘ဖြောင့်မတ်စေခြင်းမှာ အကျိုးရှိ’ ပြီး ကျွန်ုပ်တို့ လှည့်ဖြားမခံရအောင် ကူညီပေးတယ်။ (၂ တိ. ၃:၁၆) သက်သာလောနိတ်မှာရှိတဲ့ ခရစ်ယာန်တချို့ဟာ အလိမ်အညာစကားတွေနဲ့ လှည့်ဖြားခံနေရတယ်ဆိုတာ တမန်တော်ပေါလုရဲ့စာက ဖော်ပြတယ်။ ‘စဉ်းစားဆင်ခြင်ဉာဏ် အလွယ်တကူ ပျောက်ဆုံးခြင်း မရှိစေကြ’ ဖို့ သူတို့ကို ပေါလု တိုက်တွန်းခဲ့တယ်။ (၂ သက်. ၂:၁၊ ၂) ပေါလုရဲ့ သတိပေးချက်ကနေ ဘာသင်ယူနိုင်သလဲ၊ အဲဒါကို ကျွန်ုပ်တို့ ဘယ်လို လိုက်နာကျင့်သုံးနိုင်သလဲ။

အချိန်တန် သတိပေးချက်

၄။ သက်သာလောနိတ်က ခရစ်ယာန်တွေဟာ ရောက်လာတော့မယ့် ‘ယေဟောဝါရဲ့နေ့’ အတွက် ဘယ်လို သတိပေးခံခဲ့ရသလဲ။ ကျွန်ုပ်တို့ကော သတိပေးချက်တွေကို ဘယ်ကနေတစ်ဆင့် ရနေသလဲ။

ပေါလုက သက်သာလောနိတ်မှာရှိတဲ့ ခရစ်ယာန်တွေကိုရေးတဲ့ ပထမစာမှာ ရောက်လာတော့မယ့် ယေဟောဝါရဲ့နေ့ရက်အကြောင်း သတိပေးခဲ့တယ်။ သူက ညီအစ်ကိုတွေ စိတ်ရှုပ်သွားတာ ဒါမှမဟုတ် အဆင်သင့်မဖြစ်သေးတာမျိုး မဖြစ်စေချင်ဘူး။ သက်သာလောနိတ်က ခရစ်ယာန်တွေဟာ ‘အလင်းရဲ့သားတွေ’ ဖြစ်ကြတယ်၊ ဒါကြောင့် ‘နိုးကြားပြီးသတိရှိနေကြ’ ပါလို့ ပေါလုပြောခဲ့တယ်။ (၁ သက်သာလောနိတ် ၅:၁-၆ ကိုဖတ်ပါ။) ယနေ့အချိန်မှာ ကျွန်ုပ်တို့ဟာ မဟာဗာဗုလုန်ဖြစ်တဲ့ အယူမှားဘာသာအားလုံး ဖျက်ဆီးခံရမယ့်အချိန်ကို စောင့်မျှော်နေကြတယ်။ ဒီဖျက်ဆီးခြင်းက ယေဟောဝါနေ့ကြီးရဲ့အစ ဖြစ်ပါလိမ့်မယ်။ ယေဟောဝါဟာ မိမိရဲ့ရည်ရွယ်ချက်ကို ဘယ်လိုပြည့်စုံစေမယ်ဆိုတာ ကျွန်ုပ်တို့ သိကြတယ်။ ဒါ့အပြင် အသင်းတော်ကနေတစ်ဆင့် အချိန်တန်သတိပေးချက်တွေကို မှန်မှန်ရရှိနေကြတယ်။ အဲဒါတွေက ယေဟောဝါရဲ့နေ့အတွက် အသင့်ဖြစ်နေစေဖို့ ကျွန်ုပ်တို့ကို ကူညီပေးနိုင်တယ်။ မကြာခဏကြားရတဲ့ အဲဒီသတိပေးချက်တွေကို သေချာနားထောင်မယ်ဆိုရင် “စဉ်းစားဆင်ခြင်နိုင်စွမ်းဖြင့် ဘုရားဝတ်ကိုပြု” မယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့စိတ်ပိုင်းဖြတ်ချက်ကို ပိုခိုင်မာစေနိုင်ပါတယ်။—ရော. ၁၂:၁

ပေါလုရဲ့စာတွေက ခရစ်ယာန်တွေအတွက် အချိန်တန်သတိပေးချက်ဖြစ် (အပိုဒ် ၄၊ ၅ ကိုကြည့်ပါ)

၅၊ ၆။ (က) သက်သာလောနိတ်အသင်းတော်ကို ရေးတဲ့ ဒုတိယစာမှာ ပေါလု ဘာအကြောင်းရေးခဲ့သလဲ။ (ခ) မကြာခင် ယေရှု ဘာလုပ်တော့မလဲ၊ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကို ဘယ်လို မေးသင့်သလဲ။

ပေါလုဟာ သက်သာလောနိတ်က ခရစ်ယာန်တွေကို ဒုတိယအကြိမ် စာရေးခဲ့တယ်။ အဲဒီစာမှာ ဘုရားသခင်ကို မသိတဲ့သူတွေနဲ့ သတင်းကောင်းကို နားမထောင်တဲ့သူတွေကို ယေရှုတရားစီရင်တဲ့အခါ ဖြစ်ပျက်လာမယ့် ဆင်းရဲဒုက္ခအကြောင်း ရေးထားတယ်။ (၂ သက်. ၁:၆-၈) သက်သာလောနိတ်အသင်းတော်က တချို့သူတွေဟာ ယေဟောဝါရဲ့နေ့ ရောက်တော့မယ်လို့ ယုံကြည်ကြတယ်၊ ဒါကြောင့် သူတို့ သိပ် “စိတ်လှုပ်ရှား” ခဲ့ကြတယ်လို့ အဲဒီစာရဲ့အခန်းကြီး ၂ မှာ ပေါလုရေးခဲ့တယ်။ (၂ သက်သာလောနိတ် ၂:၁၊ ၂ ကိုဖတ်ပါ။) ယေဟောဝါရဲ့ရည်ရွယ်ချက် ဘယ်လိုပြည့်စုံမယ်ဆိုတာကို အစောပိုင်းက ခရစ်ယာန်တွေ ကောင်းကောင်းနားမလည်ခဲ့ကြဘူး။ ဒီအချက်ကို နောက်ပိုင်းမှာ ပေါလုက ပရောဖက်ပြုချက်အကြောင်းပြောတဲ့အခါ အခုလို ဝန်ခံခဲ့တယ်– “ငါတို့သည် မစုံမလင် သိကြ၏။ မစုံမလင် ပရောဖက်ပြုတတ်ကြ၏။ စုံလင်သောအရာ ရောက်လာသောအခါ၌မူကား မစုံလင်သောအရာသည် ကွယ်ပျောက်သွားလိမ့်မည်။” (၁ ကော. ၁၃:၉၊ ၁၀) ဒါပေမဲ့ အဲဒီအချိန်က ပေါလု၊ တမန်တော်ပေတရုနဲ့ တခြား သစ္စာရှိ ဘိသိက်ခံညီအစ်ကိုတွေကို ယေဟောဝါ ရေးသားစေခဲ့တဲ့ သတိပေးချက်တွေကို နားထောင်ခြင်းအားဖြင့် သူတို့ ဆက်သစ္စာရှိနိုင်ကြပါတယ်။

ယေဟောဝါရဲ့နေ့ မလာခင်မှာ တကယ့်အယူဖောက်ပြန်မှုကြီး ဖြစ်လာပြီး ‘တရားမဲ့သူ’ ပေါ်လာမယ်လို့ ဘုရားသခင်က ပေါလုကို ရှင်းပြစေခဲ့တယ်။ အဲဒီလိုရှင်းပြတာက သူတို့ မှန်မှန်ကန်ကန် စဉ်းစားတွေးခေါ်နိုင်ဖို့ ဖြစ်တယ်။ * အဲဒီနောက် ဘုရားသခင်သတ်မှတ်ထားတဲ့အချိန်မှာ ယေရှုဟာ လှည့်ဖြားခံသူအားလုံးကို “သုတ်သင်ဖယ်ရှား” ပါလိမ့်မယ်။ အဲဒီလို စီရင်ရတဲ့အကြောင်းရင်းက သူတို့ဟာ “အမှန်တရားကို နှစ်သက်လက်ခံခြင်းမရှိ” လို့ဆိုပြီး ပေါလုရှင်းပြခဲ့တယ်။ (၂ သက်. ၂:၃၊ ၈-၁၀) ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကို ဒီလိုမေးသင့်တယ်– ‘အမှန်တရားကို ငါ ဘယ်လောက် နှစ်သက်သလဲ။ ကျမ်းစာသွန်သင်ချက်တွေရဲ့ နောက်ဆုံးရှင်းပြချက်တွေကို နားလည်ဖို့ ဘုရားသခင့်ကျေးကျွန်တွေအတွက် ပြင်ဆင်ပေးတဲ့ ဒီမဂ္ဂဇင်းနဲ့ တခြားစာပေတွေကို ငါလေ့လာသလား။’

အပေါင်းအသင်းကို ပညာရှိရှိ ရွေးချယ်ပါ

၇၊ ၈။ (က) အစောပိုင်းခရစ်ယာန်တွေ ကြုံတွေ့ခဲ့ရတဲ့ အန္တရာယ်တချို့က ဘာလဲ။ (ခ) ယနေ့အချိန်မှာ ခရစ်ယာန်စစ်တွေအတွက် တကယ်အန္တရာယ်ရှိတဲ့အရာက ဘာလဲ။

အယူဖောက်ပြန်သူတွေရဲ့ သွန်သင်ချက်တွေကပဲ ခရစ်ယာန်တွေအတွက် အန္တရာယ်ရှိတာမဟုတ်ဘူး။ ပေါလုက တိမောသေဆီကို “ငွေကိုတပ်မက်ခြင်းသည် အကျိုးပျက်စေသောအရာ အမျိုးမျိုး၏ မူလအမြစ်ဖြစ်၏။ လူအချို့သည် ငွေကိုတပ်မက်ခြင်းကြောင့် ယုံကြည်ခြင်းတရားမှ လမ်းလွဲသွားပြီး ဝေဒနာများစွာဖြင့် ကိုယ့်ကိုယ်ကိုယ် ထိုးနှက်ကြပြီ” လို့ စာရေးခဲ့တယ်။ (၁ တိ. ၆:၁၀) ‘လူ့ဇာတိနဲ့ဆိုင်တဲ့အကျင့်တွေ’ ကလည်း ခေတ်အဆက်ဆက် အန္တရာယ်ပေးတဲ့အရာတစ်ခုဖြစ်တယ်။—ဂလ. ၅:၁၉-၂၁

ပေါလုက သက်သာလောနိတ်မှာရှိတဲ့ ခရစ်ယာန်တွေကို “တမန်တော်အတုအယောင်များ” လို့ခေါ်တဲ့သူတွေနဲ့ပတ်သက်ပြီး အထူးသတိပေးခဲ့တယ်။ သူတို့ထဲကတချို့ဟာ တပည့်တော်တွေကို သူတို့နောက် ဆွဲဆောင်ဖို့ မှားယွင်းတဲ့သွန်သင်ချက်တွေကို ဟောပြောကြတယ်။ (၂ ကော. ၁၁:၄၊ ၁၃; တ. ၂၀:၃၀) ယေရှုက ဧဖက်အသင်းတော်ကို ချီးမွမ်းခဲ့တယ်၊ ဘာဖြစ်လဲဆိုတော့ အဲဒီအသင်းတော်ဟာ “လူဆိုး” တွေကို လက်မခံဘူး။ အဲဒီလူတွေဟာ တမန်တော်အတုအယောင်တွေ၊ လူလိမ်တွေဖြစ်တယ်ဆိုတာ သူတို့ဖော်ထုတ်ခဲ့တယ်။ (ဗျာ. ၂:၂) သက်သာလောနိတ်အသင်းတော်ကို ဒုတိယအကြိမ်ရေးတဲ့စာထဲမှာ ပေါလုက “ညီအစ်ကိုတို့၊ ငါတို့ထံမှ သင်တို့ရရှိသော ညွှန်ကြားချက်များနှင့်အညီ မနေထိုင်ဘဲ စည်းစနစ်မဲ့စွာ ကျင့်ကြံပြုမူသော ညီအစ်ကိုတိုင်းကို ရှောင်ကြရန် သခင်ယေရှုခရစ်၏နာမအားဖြင့် ငါတို့ မိန့်မှာလိုက်ပါ၏” လို့ရေးခဲ့တယ်။ ပြီးတဲ့နောက် အလုပ်မလုပ်ချင်သူတွေအကြောင်း ပြောခဲ့တယ်။ (၂ သက်. ၃:၆၊ ၁၀) အလုပ်မလုပ်ချင်သူနဲ့ လူပျင်းကိုတောင် ရှောင်ရမယ်ဆိုရင် အယူဖောက်ပြန်သူတွေလို ကျင့်ကြံနေတဲ့သူတွေကိုရှောင်ဖို့ ပိုအရေးကြီးပါတယ်။ အဲဒီအချိန်တုန်းကဆိုရင် ဒီလိုလူတွေနဲ့ပေါင်းသင်းတာက အန္တရာယ်ရှိလို့ ရှောင်ရမှာဖြစ်တယ်။ အခုအချိန်မှာလည်း ဒီအတိုင်းပဲ။—သု. ၁၃:၂၀

၉။ တစ်ယောက်ယောက်က ကျမ်းစာမှာမပါတဲ့အချက်တွေကို မှန်းဆတယ် ဒါမှမဟုတ် ယေဟောဝါရဲ့အဖွဲ့အစည်းကို အပြစ်တင်ဝေဖန်တယ်ဆိုရင် ဘာကြောင့် သတိထားသင့်သလဲ။

ကြီးစွာသောဒုက္ခနဲ့ ဒီဆိုးညစ်တဲ့စနစ် ကုန်ဆုံးမယ့်အချိန်က နီးနေပြီ။ ပထမရာစုတုန်းက ယေဟောဝါပေးခဲ့တဲ့ သတိပေးချက်တွေက ယနေ့အချိန်မှာဆို ပိုပြီးအရေးကြီးတယ်။ ကျွန်ုပ်တို့ဟာ ‘ဘုရားသခင့်မဟာကရုဏာတော်ရဲ့ ရည်ရွယ်ချက်ကို အချည်းနှီးမဖြစ်စေ’ ချင်ကြဘူး။ အဲဒီလိုဖြစ်တယ်ဆိုရင် ထာဝစဉ်အသက်ရှင်ရမယ့် အခွင့်အရေးကို လက်လွတ်ဆုံးၡုံးရပါလိမ့်မယ်။ (၂ ကော. ၆:၁) တစ်ယောက်ယောက်က အသင်းတော်အစည်းအဝေးတွေလာတက်ပြီး ကျမ်းစာမှာမပါတာတွေကို မှန်းဆဖို့ ကျွန်ုပ်တို့ကို သွေးဆောင်တယ်၊ ဒါမှမဟုတ် အကြီးအကဲတွေနဲ့ အမှုဆောင်လုပ်ငန်းမှာ ပါဝင်နေတဲ့သူတွေကို အပြစ်တင်ဝေဖန်တယ်ဆိုရင် အထူးသတိထားသင့်တယ်။—၂ သက်. ၃:၁၃-၁၅

‘ရရှိတဲ့ညွှန်ကြားချက်တွေကို ကိုင်စွဲနေပါ’

၁၀။ သက်သာလောနိတ်က ခရစ်ယာန်တွေဟာ ဘယ်ညွှန်ကြားချက်တွေကို လိုက်နာဖို့ တိုက်တွန်းခံရသလဲ။

၁၀ ပေါလုဟာ သက်သာလောနိတ်က ညီအစ်ကိုတွေကို “အခိုင်အမာရပ်တည်” ဖို့၊ သင်ယူရရှိထားတာတွေအတိုင်း ဆက်လုပ်ဆောင်နေဖို့ တိုက်တွန်းခဲ့တယ်။ (၂ သက်သာလောနိတ် ၂:၁၅ ကိုဖတ်ပါ။) သူတို့ ဘာ ‘ညွှန်ကြားချက်တွေ’ ရရှိထားကြသလဲ။ အဲဒါတွေက ယေရှုရဲ့သွန်သင်ချက်တွေ၊ ပေါလုနဲ့ တခြားကျမ်းရေးသူတွေကို ဘုရားသခင် ရေးသားစေခဲ့တဲ့အရာတွေ ဖြစ်တယ်။ အယူမှားဘာသာတွေရဲ့ သွန်သင်ချက်တွေကို ပြောနေတာမဟုတ်ဘူး။ ပေါလုဟာ ကောရိန္သုအသင်းတော်က ညီအစ်ကိုတွေကို ချီးမွမ်းခဲ့တယ်၊ အကြောင်းရင်းကို သူဒီလိုရေးခဲ့တယ်– “သင်တို့သည် အရာရာ၌ ငါ့ကိုအောက်မေ့၍ ငါပေးအပ်သောညွှန်ကြားချက်များကို စွဲကိုင်ထားကြသောကြောင့် သင်တို့ကို ငါ ချီးမွမ်း၏။” (၁ ကော. ၁၁:၂) အဲဒီသွန်သင်ချက်တွေဟာ စိတ်ချရတဲ့နေရာက လာတာတွေဖြစ်လို့ ယုံကြည်စိတ်ချလို့ရတယ်။

၁၁။ လှည့်ဖြားခံရတဲ့သူတွေဟာ ဘယ်လိုအခြေအနေ ရှိသလဲ။

၁၁ ပေါလုက ဟေဗြဲခရစ်ယာန်တွေကို စာရေးတဲ့အခါ ယုံကြည်ချက်ပျောက်ဆုံးပြီး ယေဟောဝါအပေါ် သစ္စာမဲ့သွားစေနိုင်တဲ့ နည်းနှစ်နည်းအကြောင်း ပြောခဲ့တယ်။ (ဟေဗြဲ ၂:၁; ၃:၁၂ ကိုဖတ်ပါ။) အဲဒီနည်းတွေက ရွေ့မျောသွားခြင်းနဲ့ ဆုတ်ခွာသွားခြင်းဖြစ်တယ်။ လှေတစ်စင်း ကမ်းစပ်နဲ့ဝေးရာဘက် မသိမသာ မျောပါသွားတာကို အစပိုင်းမှာ သတိပြုမိဖို့ ခက်နိုင်တယ်။ လှေက ကမ်းစပ်နဲ့ တဖြည်းဖြည်း ပိုပိုဝေးသွားတယ်။ နောက်တစ်နည်းကတော့ လူတစ်ယောက်ဟာ သူ့ရဲ့လှေကို ကမ်းစပ်နဲ့ဝေးရာဘက်ကို တမင်တကာ တွန်းထုတ်သွားတာဖြစ်တယ်။ ဒီဥပမာနှစ်ခုစလုံးက လူတစ်ယောက်ဟာ လှည့်ဖြားခံပြီး ယုံကြည်ခြင်းအားနည်းလာဖို့ ခွင့်ပြုလိုက်တယ်ဆိုရင် ဘာဖြစ်နိုင်သလဲဆိုတာ ဖော်ပြတယ်။

၁၂။ ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ဘာတွေက ထိခိုက်စေနိုင်သလဲ။

၁၂ သက်သာလောနိတ်မြို့က ခရစ်ယာန်တချို့ဟာ လှည့်ဖြားခံဖို့ ကိုယ့်ကိုယ်ကို ခွင့်ပြုလိုက်တာဖြစ်နိုင်တယ်။ ယနေ့အချိန်မှာကော အဲဒီလိုဖြစ်နိုင်သလား။ အချိန်တွေကို အလဟဿကုန်ဆုံးစေနိုင်တဲ့ အလုပ်တွေ အများကြီးရှိတယ်။ ဝါသနာပါရာတွေကို လိုက်စားတာ၊ အင်တာနက်သုံးတာ၊ အီးမေးလ်တွေဖတ်ပြီး စာပြန်တာ၊ ဒါမှမဟုတ် နောက်ဆုံးအားကစားသတင်းတွေ ဖတ်တာက အချိန်ဘယ်လောက်ကုန်တယ်ဆိုတာကို စဉ်းစားကြည့်ပါ။ ဒီအရာတွေထဲက တစ်ခုခုက ခရစ်ယာန်တစ်ယောက်ကို အာရုံထွေပြားသွားစေပြီး ယေဟောဝါရဲ့အမှုတော်မှာ ဇွဲထက်သန်မှု လျော့နည်းသွားစေနိုင်တယ်။ ရလဒ်ကဘာဖြစ်မလဲ။ စိတ်နှလုံးထဲက လှိုက်လှိုက်လှဲလှဲ ဆုမတောင်းတော့တာ ဖြစ်နိုင်တယ်။ ကျမ်းစာလေ့လာဖို့၊ အစည်းအဝေးတွေတက်ဖို့နဲ့ သတင်းကောင်းဟောပြောဖို့ အချိန် သိပ်မပေးနိုင်တော့တာ ဖြစ်နိုင်တယ်။ ကျွန်ုပ်တို့ရဲ့ စဉ်းစားဆင်ခြင်ဉာဏ် အလွယ်တကူ မပျောက်ဆုံးသွားစေဖို့ ဘာလုပ်နိုင်သလဲ။

စဉ်းစားဉာဏ် မပျောက်ဆုံးစေတဲ့ အကာအကွယ်

၁၃။ ကျမ်းစာမှာ ကြိုပြောထားတဲ့အတိုင်း လူများစွာမှာ ဘယ်လိုသဘောထားမျိုး ရှိသလဲ။ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ဘယ်လို ကာကွယ်နိုင်သလဲ။

၁၃ စာတန့်လောက ကုန်ဆုံးတော့မယ်ဆိုတာနဲ့ ဒီအချိန်က “နောက်ဆုံးသောနေ့ရက်” ဖြစ်တယ်ဆိုတာကို လက်မခံသူတွေနဲ့ အချိန်ပေးပေါင်းသင်းတာက အန္တရာယ်ရှိတယ်ဆိုတာ သတိရဖို့လိုတယ်။ တမန်တော်ပေတရုက အခုအချိန်နဲ့ပတ်သက်ပြီး ဒီလိုရေးခဲ့တယ်– “ပြက်ရယ်ပြုတတ်သူတို့သည် ပြက်ရယ်ပြုသောစကားနှင့် ပေါ်လာကြလိမ့်မည်။ ထိုသူတို့သည် မိမိတို့အလိုဆန္ဒအတိုင်း ပြုမူ၍ ‘ကိုယ်တော်ရောက်ရှိမည်ဟူသော ကတိတော်သည် အဘယ်မှာနည်း။ ငါတို့၏ဘိုးဘေးများ သေခြင်း၌ အိပ်ပျော်သည့်နေ့မှစ၍ အရာခပ်သိမ်းသည် ဖန်ဆင်းစကကဲ့သို့ ဖြစ်မြဲဖြစ်နေ၏’ ဟုပြောဆိုကြ၏။” (၂ ပေ. ၃:၃၊ ၄) ကျမ်းစာကို နေ့တိုင်းဖတ်ပြီး မှန်မှန်လေ့လာတာက “နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်ုပ်တို့အသက်ရှင်နေတယ်ဆိုတာကို သတိရနေဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ ကျမ်းစာမှာကြိုဟောထားတဲ့ အယူဖောက်ပြန်မှုက ရှေးအချိန်ကတည်းက ရှိခဲ့ပြီး အခုအချိန်ထိ ဆက်ရှိနေတယ်။ “တရားမဲ့သောသူ” တွေက ရှိနေဆဲဖြစ်ပြီး ဘုရားသခင့်ကျေးကျွန်တွေကို ဆန့်ကျင်နေတယ်။ ဒီအချက်တွေအားလုံးကြောင့် ယေဟောဝါရဲ့နေ့ နီးနေပြီဆိုတာကို ဘယ်တော့မှမမေ့သင့်ဘူး။—ဇေ. ၁:၇

ကောင်းကောင်းပြင်ဆင်ပြီး အမှုဆောင်လုပ်ငန်းမှာ ပါဝင်တာက စဉ်းစားဆင်ခြင်ဉာဏ် အလွယ်တကူ မပျောက်ဆုံးအောင် ကူညီပေးနိုင် (အပိုဒ် ၁၄၊ ၁၅ ကိုကြည့်ပါ)

၁၄။ ဘုရားသခင့်အမှုတော်မှာ အလုပ်များနေတာက ဘယ်လိုကာကွယ်မှုဖြစ်စေသလဲ။

၁၄ စဉ်းစားဆင်ခြင်ဉာဏ် အလွယ်တကူ မပျောက်ဆုံးစေနိုင်တဲ့ နောက်နည်းလမ်းတစ်ခုက သတင်းကောင်း မှန်မှန်ဟောပြောခြင်း ဖြစ်တယ်။ ဒါကြောင့် ခရစ်တော်ယေရှုက သူ့နောက်လိုက်တွေကို လူမျိုးအားလုံးကို သတင်းကောင်းဟောပြီး မိမိမိန့်မှာသမျှကို သွန်သင်ပေးဖို့ အမိန့်ပေးခဲ့တယ်၊ ဒါက သူ့ရဲ့နောက်လိုက်တွေကို အကာအကွယ်ပေးမယ့်အကြံဉာဏ်ဖြစ်တယ်။ (မ. ၂၈:၁၉၊ ၂၀) ယေရှုရဲ့ ဒီအမိန့်ကိုနာခံဖို့ ဟောပြောခြင်းလုပ်ငန်းမှာ ထက်ထက်သန်သန် ပါဝင်ဖို့လိုတယ်။ သက်သာလောနိတ်မှာရှိတဲ့ ညီအစ်ကိုတွေဟာ ဟောပြော၊ သွန်သင်ခြင်းလုပ်ငန်းကို တာဝန်အရပဲလုပ်ဆောင်ပြီး ကျေနပ်နေကြတာကို ခန့်မှန်းကြည့်ပါ။ ပေါလုက သူတို့ကို “ဘုရားသခင့်စွမ်းအားတော်မီးကို မငြိမ်းစေကြနှင့်။ ပရောဖက်ပြုချက်များကို မထီမဲ့မြင် မပြုကြနှင့်” လို့ ပြောခဲ့တာတွေကို သတိရပါ။ (၁ သက်. ၅:၁၉၊ ၂၀) ကျွန်ုပ်တို့ လေ့လာပြီး တခြားသူတွေကို ပြောပြတဲ့ ပရောဖက်ပြုချက်တွေက တကယ်စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။

၁၅။ မိသားစုဝတ်ပြုမှုမှာ ဘာတွေကို ဆွေးနွေးလေ့လာနိုင်သလဲ။

၁၅ သတင်းကောင်းဟောပြောရာမှာ တိုးတက်ဖို့ ကျွန်ုပ်တို့ရဲ့မိသားစုဝင်တွေကို ကူညီပေးချင်ကြပါတယ်။ အဲဒါကြောင့် ညီအစ်ကိုညီအစ်မများစွာဟာ မိသားစုဝတ်ပြုမှုရဲ့ အချိန်တချို့ကို အမှုဆောင်လုပ်ငန်းအတွက် လေ့ကျင့်ဖို့ အသုံးပြုကြတယ်။ ပြန်လည်ပတ်မှုတွေလုပ်ဖို့ ပြင်ဆင်နိုင်ပါတယ်။ နောက်တစ်ကြိမ် ပြန်လည်ပတ်တဲ့အခါ ဘာပြောမလဲ။ အိမ်ရှင် ပိုသိချင်လာအောင် ဘာပြောနိုင်သလဲ။ ဘယ်အချိန်မှာ ပြန်သွားတာက အကောင်းဆုံးဖြစ်မလဲ။ တချို့ကတော့ အစည်းအဝေးတွေအတွက် ပြင်ဆင်ဖို့ မိသားစုဝတ်ပြုမှုရဲ့အချိန်တချို့ကို အသုံးပြုကြတယ်။ သင့်မိသားစုကော အဲဒီလို လုပ်နိုင်မလား။ အစည်းအဝေးတွေမှာ ပါဝင်ဖြေဆိုတဲ့အခါ သင့်ယုံကြည်ခြင်း ပိုခိုင်ခံ့လာမယ်၊ အဲဒါက စဉ်းစားဆင်ခြင်ဉာဏ် အလွယ်တကူ မပျောက်ဆုံးအောင် ကူညီပေးပါလိမ့်မယ်။ (ဆာ. ၃၅:၁၈) ကျမ်းစာမှာမပါတာကို ခန့်မှန်းတာ၊ ကျမ်းစာမှာပါတာကို သံသယဝင်တာမျိုး မဖြစ်အောင် မိသားစုဝတ်ပြုမှုက ကာကွယ်ပေးပါလိမ့်မယ်။

၁၆။ စဉ်းစားဆင်ခြင်ဉာဏ် အလွယ်တကူ မပျောက်ဆုံးစေဖို့ ဘိသိက်ခံခရစ်ယာန်တွေကို ဘာက ကူညီပေးသလဲ။

၁၆ ယေဟောဝါဟာ နှစ်တွေတစ်လျှောက်မှာ ကျမ်းစာပရောဖက်ပြုချက်တွေကို ပိုနားလည်စေခြင်းဖြင့် သူ့ရဲ့ကျေးကျွန်တွေကို ကောင်းချီးပေးခဲ့တယ်။ ဒါက အနာဂတ်မှာ တကယ်ကောင်းတဲ့ဆုရမယ်ဆိုတာကို ယုံကြည်စိတ်ချစေတယ်။ ဘိသိက်ခံတွေက ကောင်းကင်မှာ ခရစ်တော်နဲ့အတူရှိဖို့ မျှော်လင့်ကြတယ်။ ဒီမျှော်လင့်ချက်က စဉ်းစားဆင်ခြင်ဉာဏ် အလွယ်တကူ မပျောက်ဆုံးစေဖို့ သူတို့ကို ကူညီပေးမှာဖြစ်တယ်။ သက်သာလောနိတ်အသင်းတော်ကို ပေါလုရေးခဲ့တဲ့ ဒီစကားတွေက ယနေ့အချိန်မှာရှိတဲ့ ဘိသိက်ခံတွေနဲ့ သက်ဆိုင်တယ်– “ယေဟောဝါဘုရား ချစ်တော်မူသော ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက်ကြောင့် ဘုရားသခင်ကို အစဉ်အမြဲ ကျေးဇူးတင်ရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိ၏စွမ်းအားတော်ဖြင့် သင်တို့ကို သန့်ရှင်းစေခြင်းအားဖြင့်လည်းကောင်း၊ အမှန်တရား၌ သင်တို့ယုံကြည်ခြင်းအားဖြင့်လည်းကောင်း သင်တို့ကို . . . ရွေးကောက်တော်မူ၏။”—၂ သက်. ၂:၁၃

၁၇။ ၂ သက်သာလောနိတ် ၃:၁-၅ မှာပါတဲ့ အချက်တွေကနေ သင် ဘယ်လိုအားပေးမှုရရှိသလဲ။

၁၇ ကမ္ဘာပေါ်မှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်သူတွေဟာ ဘိသိက်ခံတွေလိုပဲ စဉ်းစားဆင်ခြင်ဉာဏ် အလွယ်တကူ မပျောက်ဆုံးစေဖို့ အစွမ်းကုန်လုပ်ဆောင်သင့်တယ်။ သင်ဟာ မြေကြီးပေါ်မှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်တယ်ဆိုရင် သက်သာလောနိတ်မှာရှိတဲ့ ဘိသိက်ခံခရစ်ယာန်တွေကို ပေါလုအားပေးခဲ့တဲ့စကားကို အမြဲလိုက်နာပါ။ (၂ သက်သာလောနိတ် ၃:၁-၅ ကိုဖတ်ပါ။) အဲဒီမှာပါတဲ့ မေတ္တာပါစကားတွေအတွက် ကျေးဇူးတင်သင့်ပါတယ်။ သက်သာလောနိတ်အသင်းတော်ကို ရေးတဲ့စာတွေက ကျမ်းစာမှာမရှင်းပြတဲ့ အချက်တွေကို ခန့်မှန်းတာ၊ မမှန်ကန်တဲ့အယူအဆတွေကို ယုံကြည်တာမျိုး မလုပ်မိဖို့ သတိပေးတယ်။ ကျွန်ုပ်တို့က အဆုံးရောက်ခါနီးအချိန်မှာ အသက်ရှင်နေကြလို့ ဒီသတိပေးချက်တွေအတွက် အလွန်ကျေးဇူးတင်ကြပါတယ်။

^ စာပိုဒ်၊ 6 တမန်တော် ၂၀:၂၉၊ ၃၀ မှာ ခရစ်ယာန်အသင်းတော်တွေကို ရေးတဲ့ ပေါလုရဲ့ ဒီသတိပေးချက်ကို ဖတ်ရတယ်– ‘တပည့်တော်တို့ကို မိမိတို့နောက် ဆွဲဆောင်ရန် မှားယွင်းသောသွန်သင်ချက်များကို ဟောပြောသူများ ပေါ်လာလိမ့်မည်။’ နောက်ပိုင်းမှာ ဦးဆောင်သူတွေနဲ့ အသင်းသားတွေရဲ့ ကွာခြားချက်က သိသိသာသာ ဖြစ်လာတယ်။ တတိယရာစုရောက်တဲ့အခါ ခရစ်ယာန်ဘောင်မှာရှိတဲ့ ဘုန်းကြီးအတန်းအစားဟာ “တရားမဲ့သောသူ” ဖြစ်တယ်ဆိုတာ သိသာထင်ရှားလာတယ်။—ကင်းမျှော်စင်၊ ဖေဖော်ဝါရီ ၁၊ ၁၉၉၀၊ စာမျက်နှာ ၁၀-၁၄ [အင်္ဂလိပ်] ကိုကြည့်ပါ။