မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့် နိုင်ငံတော်အတွက် သင် ကိုယ်ကျိုးစွန့်မလား

ဘုရားသခင့် နိုင်ငံတော်အတွက် သင် ကိုယ်ကျိုးစွန့်မလား

“စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင် နှစ်သက်တော်မူ၏။”—၂ ကော. ၉:၇

၁။ လူတွေဟာ ဘာတွေအတွက် ကိုယ်ကျိုးစွန့်ကြသလဲ၊ ဘာကြောင့်လဲ။

လူတွေဟာ ကိုယ့်အတွက် အရေးကြီးတဲ့အရာတွေအတွက် ကိုယ်ကျိုးစွန့်ဖို့ လိုလိုလားလား ရှိကြတယ်။ မိဘတွေက သူတို့ရဲ့အချိန်၊ ငွေကြေးနဲ့ ခွန်အားတွေကို သားသမီးတွေအတွက် ပေးကြတယ်။ လူငယ်အားကစားသမားတွေဟာ ရွယ်တူချင်းတွေ ပျော်ပျော်ပါးပါး ဆော့ကစားနေချိန်မှာ သူတို့ကတော့ ပြိုင်ပွဲဝင်ဖို့အတွက် နေ့စဉ် နာရီနဲ့ချီပြီး အပြင်းအထန် လေ့ကျင့်ကြတယ်။ ယေရှုလည်းပဲ သူ တန်ဖိုးထားတဲ့အရာတွေအတွက် ကိုယ်ကျိုးစွန့်ခဲ့တယ်။ သူ့ရဲ့ရည်ရွယ်ချက်က ဘဝမှာ ဇိမ်ကျကျနေပြီး သားသမီးတွေ မွေးဖို့မဟုတ်ဘူး။ အဲဒီအစား သူ့ရဲ့ခွန်အားရှိသမျှကို ဘုရားသခင့်နိုင်ငံတော်ကို ထောက်ပံ့ရာမှာ အသုံးပြုလိုခဲ့တယ်။ (မ. ၄:၁၇; လု. ၉:၅၈) ယေရှုနောက်လိုက်တွေရဲ့ဘဝမှာလည်း ဘုရားသခင့်နိုင်ငံတော်က အရေးကြီးဆုံးပဲ၊ ဒါကြောင့် အဲဒီအတွက် သူတို့ အများကြီး ကိုယ်ကျိုးစွန့်ခဲ့ကြတယ်။ (မ. ၄:၁၈-၂၂; ၁၉:၂၇) ကျွန်ုပ်တို့လည်း ‘ငါ့ဘဝမှာ အရေးကြီးဆုံးက ဘာလဲ’ လို့ ကိုယ့်ကိုယ်ကို မေးသင့်တယ်။

၂။ (က) ခရစ်ယာန်စစ်အားလုံးဟာ ဘယ်ကိုယ်ကျိုးစွန့်မှုတွေ လုပ်ဖို့လိုအပ်သလဲ။ (ခ) တချို့သူတွေ ဘယ်လို ထပ်ပြီး ကိုယ်ကျိုးစွန့်ကြသလဲ။

ခရစ်ယာန်စစ်အားလုံးဟာ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိချင်တယ်ဆိုရင် ကိုယ်ကျိုးစွန့်မှုတချို့ လုပ်ဖို့လိုတယ်။ ဆုတောင်းဖို့၊ ကျမ်းစာဖတ်ဖို့၊ မိသားစုဝတ်ပြုမှုလုပ်ဖို့၊ အစည်းအဝေးတက်ဖို့နဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ဖို့အတွက် ကိုယ့်ရဲ့အချိန်နဲ့ ခွန်အားတွေကို အသုံးပြုတာက ကိုယ်ကျိုးစွန့်နေတာဖြစ်တယ်။ * (ယောရှု ၁:၈; မ. ၂၈:၁၉၊ ၂၀; ဟေဗြဲ ၁၀:၂၄၊ ၂၅) ကျွန်ုပ်တို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ယေဟောဝါရဲ့ကောင်းချီးကြောင့် ဟောပြောခြင်းလုပ်ငန်းဟာ အလျင်အမြန် တိုးတက်လာတယ်၊ ‘ယေဟောဝါရဲ့အိမ်တော်တည်တဲ့တောင်’ ကိုလာပြီး ဘုရားသခင်ကို ဝတ်ပြုတဲ့သူတွေ ပိုတိုးများလာတယ်။ (ဟေရှာ. ၂:၂) နိုင်ငံတော်လုပ်ငန်းကို ထောက်ပံ့ဖို့အတွက် လူများစွာဟာ ဗေသလမှာ၊ နိုင်ငံတော်ခန်းမနဲ့ စည်းဝေးပွဲခန်းမတွေ ဆောက်လုပ်ရာမှာ၊ စည်းဝေးကြီးတွေ စီစဉ်ဖွဲ့စည်းရာမှာ၊ သဘာဝဘေးဒဏ်ခံရသူတွေကို ကူညီပေးရာမှာ ကိုယ်ကျိုးစွန့်ပြီး လုပ်ဆောင်ကြတယ်။ ထာဝရအသက်ရဖို့အတွက် ဒါတွေလုပ်ရမယ်လို့ ယေဟောဝါ မတောင်းဆိုပါဘူး၊ ဒါပေမဲ့ ဒါတွေက ဘုရားသခင့်နိုင်ငံတော်ကို ထောက်ပံ့ရာမှာ လုပ်ဆောင်ဖို့လိုအပ်တဲ့အရာတွေ ဖြစ်တယ်။

၃။ (က) နိုင်ငံတော်အတွက် ကိုယ်ကျိုးစွန့်တဲ့အခါ ဘယ်လိုအကျိုးခံစားရသလဲ။ (ခ) ကိုယ့်ကိုယ်ကို ဘယ်မေးခွန်းတွေ မေးသင့်သလဲ။

အခုအချိန်က ဘုရားနိုင်ငံတော်အတွက် အတတ်နိုင်ဆုံးလုပ်ဆောင်ဖို့ အရင်ကထက် ပိုအရေးကြီးတဲ့အချိန်ဖြစ်တယ်။ ယေဟောဝါအတွက် ကိုယ်ကျိုးစွန့်ဖို့ တလိုတလားရှိသူ များစွာကို မြင်တွေ့ရတာ ဝမ်းသာစရာပါပဲ။ (ဆာလံ ၅၄:၆ ကိုဖတ်ပါ။) ကျွန်ုပ်တို့လည်း အဲဒီလိုကိုယ်ကျိုးစွန့်မှုတွေ လုပ်နေတယ်ဆိုရင် ဘုရားသခင့်နိုင်ငံတော်ရောက်လာဖို့ စောင့်နေချိန်မှာ ပျော်ရွှင်မှုခံစားရပါလိမ့်မယ်။ (တရား. ၁၆:၁၅; တ. ၂၀:၃၅) ကျွန်ုပ်တို့အားလုံးဟာ ကိုယ့်ကိုယ်ကို သေချာဆန်းစစ်ပြီး ဒီမေးခွန်းတွေမေးဖို့ အရေးကြီးတယ်– နိုင်ငံတော်အတွက် ကျွန်ုပ်တို့ ပိုလုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေ ရှိသလား။ ကျွန်ုပ်တို့ရဲ့ အချိန်၊ ငွေကြေး၊ ခွန်အားနဲ့ အစွမ်းအစတွေကို ဘယ်လိုအသုံးပြုနေသလဲ။ ကျွန်ုပ်တို့ ကိုယ်ကျိုးစွန့်တဲ့အခါမှာ ဘယ်အချက်ကို သတိပြုဖို့လိုသလဲ။ စေတနာအလျောက် ယဇ်ပူဇော်တဲ့ နမူနာတချို့ကနေ ဘာသင်ယူနိုင်သလဲဆိုတာ ဆွေးနွေးကြည့်ကြစို့။ အဲဒါက ကျွန်ုပ်တို့ကို ပိုပျော်ရွှင်စေပါလိမ့်မယ်။

ရှေးခေတ်အစ္စရေးအချိန်က ပူဇော်သကာများ

၄။ ယဇ်ပူဇော်ခြင်းအားဖြင့် အစ္စရေးလူတွေ ဘာအကျိုးခံစားရသလဲ။

ရှေးခေတ်အစ္စရေးလူတွေဟာ သူတို့ရဲ့အပြစ်တွေ ခွင့်လွှတ်ခံရဖို့နဲ့ ယေဟောဝါရဲ့မျက်နှာသာရဖို့ ယဇ်တွေ ပူဇော်ရတယ်။ တချို့ယဇ်တွေကို မဖြစ်မနေပူဇော်ရပြီး တချို့ကိုတော့ စေတနာအလျောက် ပူဇော်ရတယ်။ (ဝတ်. ၂၃:၃၇၊ ၃၈) တစ်ကောင်လုံး မီးရှို့ရာပူဇော်သကာတွေကို စေတနာအလျောက် ပူဇော်နိုင်တယ်၊ အဲဒါက ယေဟောဝါကို လက်ဆောင်ပေးတာဖြစ်တယ်။ ယေဟောဝါထံ ယဇ်တွေပူဇော်တဲ့ နမူနာတစ်ခုကို ရှောလမုန်ဆောက်ခဲ့တဲ့ ဗိမာန်တော်အပ်နှံချိန်မှာ တွေ့ရတယ်။—၆ ရာ. ၇:၄-၆

၅။ ဆင်းရဲသားတွေလည်း ယဇ်ပူဇော်နိုင်ဖို့ ယေဟောဝါ ဘယ်လို စီစဉ်ပေးထားသလဲ။

လူအားလုံးက ညီတူညီမျှ မပူဇော်နိုင်ဘူးဆိုတာကို ယေဟောဝါ နားလည်တယ်။ အစ္စရေးလူတွေ ပေးနိုင်သလောက်ကိုပဲ ကိုယ်တော် တောင်းဆိုတယ်။ တိရစ္ဆာန်ယဇ်တွေပူဇော်ဖို့၊ တိရစ္ဆာန်တွေရဲ့အသွေးကို သွန်းဖို့ ယေဟောဝါရဲ့ပညတ်က တောင်းဆိုတယ်။ ဒီပူဇော်သကာတွေက ယေရှုကတစ်ဆင့်ရရှိမယ့် နောင်လာမယ့် ကောင်းမြတ်တဲ့အရာတွေရဲ့ ပုံရိပ်ဖြစ်တယ်။ (ဟေဗြဲ ၁၀:၁-၄) ဒါပေမဲ့ ပညတ်တရားမှာပါတဲ့အတိုင်း အတိအကျပေးရမယ်လို့ ယေဟောဝါ မတောင်းဆိုဘူး။ ဥပမာ၊ တစ်ယောက်ယောက်က သိုး ဒါမှမဟုတ် ဆိတ်လို အကောင်ကြီးတွေကို မပူဇော်နိုင်လို့ ချိုးငှက်တွေကို ပူဇော်တယ်ဆိုရင်လည်း ကိုယ်တော်လက်ခံတယ်။ ဒါကြောင့် ဆင်းရဲသားတွေလည်း ယေဟောဝါကို ယဇ်ပူဇော်ခြင်းကနေ ရွှင်လန်းမှုခံစားရနိုင်ပါတယ်။ (ဝတ်. ၁:၃၊ ၁၀၊ ၁၄; ၅:၇) ယေဟောဝါဟာ တိရစ္ဆာန်အမျိုးမျိုး ပူဇော်တာကို လက်ခံပေမဲ့ စေတနာအလျောက် ယဇ်ပူဇော်မယ့်သူတွေထံကနေ အချက်နှစ်ချက် တောင်းဆိုတယ်။

၆။ ယဇ်ပူဇော်တဲ့အခါ ဘယ်အချက်နှစ်ချက် လုပ်ဖို့လိုသလဲ။ အဲဒီအချက်တွေကို လိုက်နာဖို့ ဘယ်လောက်အရေးကြီးသလဲ။

ပထမတောင်းဆိုချက်က လူတစ်ယောက် ယဇ်ပူဇော်တဲ့အခါ သူ့မှာရှိတဲ့အကောင်းဆုံးကို ပေးရမှာဖြစ်တယ်။ ပူဇော်တဲ့တိရစ္ဆာန်က နာနေတယ်၊ အင်္ဂါချို့တဲ့နေတယ်ဆိုရင် ယေဟောဝါ လက်ခံမှာမဟုတ်ဘူး။ (ဝတ်. ၂၂:၁၈-၂၀) ဒုတိယတောင်းဆိုချက်က ယဇ်ပူဇော်သူဟာ ပညတ်တရားမှာ ဖော်ပြထားတဲ့အတိုင်း သန့်ရှင်းရမယ်။ တကယ်လို့ ယဇ်ပူဇော်သူက မသန့်ရှင်းဘူးဆိုရင် အရင်ဆုံး အပြစ်ဖြေရာယဇ် ဒါမှမဟုတ် ဒုစရိုက်ဖြေရာယဇ် ပူဇော်ရမယ်၊ ဒါမှ သူ ဘုရားသခင့်မျက်နှာသာ ပြန်ရနိုင်မယ်။ အဲဒီနောက်မှသာ စေတနာအလျောက်ပူဇော်တဲ့ သူ့ရဲ့ယဇ်ကို ယေဟောဝါ လက်ခံမှာဖြစ်တယ်။ (ဝတ်. ၅:၅၊ ၆၊ ၁၅) ဒီအချက်က သိပ်အရေးကြီးတယ်။ တကယ်လို့ လူတစ်ယောက်က မသန့်ရှင်းဘဲနဲ့ စေတနာအလျောက်ပူဇော်တဲ့ မိတ်သဟာယယဇ်သားကို စားတယ်ဆိုရင် အသတ်ခံရမှာဖြစ်တယ်။ (ဝတ်. ၇:၂၀၊ ၂၁) ဒါပေမဲ့ ယဇ်ပူဇော်သူဟာ သန့်ရှင်းပြီး သူပူဇော်တဲ့ယဇ်ကလည်း အနာအဆာမရှိဘူးဆိုရင် သူ့မှာ ကြည်လင်တဲ့သြတ္တပ္ပစိတ်ရှိပြီး ရွှင်လန်းမှု ခံစားရပါလိမ့်မယ်။—၁ ရာဇဝင်ချုပ် ၂၉:၉ ကိုဖတ်ပါ။

ယနေ့အချိန်မှာ ယဇ်ပူဇော်ခြင်း

၇၊ ၈။ (က) ဘုရားနိုင်ငံတော်အတွက် ကိုယ်ကျိုးစွန့်တဲ့သူတွေ ဘယ်လို ရွှင်လန်းမှုမျိုး ခံစားရသလဲ။ (ခ) ယေဟောဝါကို ယဇ်ပူဇော်ဖို့ ကျွန်ုပ်တို့မှာ ဘာတွေရှိသလဲ။

ယနေ့အချိန်မှာ ညီအစ်ကိုညီအစ်မများစွာဟာ ယေဟောဝါရဲ့အမှုတော်မှာ လိုလိုလားလား ကြိုးစားပါဝင်နေကြတယ်။ ဒါကို ယေဟောဝါ နှစ်သက်တယ်။ ညီအစ်ကိုညီအစ်မတွေကို အတတ်နိုင်ဆုံး ကူညီပေးတာက ကျွန်ုပ်တို့ကိုလည်း ပျော်ရွှင်စေတယ်။ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးနဲ့ သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ကူညီခဲ့တဲ့ညီအစ်ကိုတစ်ယောက်က ညီအစ်ကိုညီအစ်မတွေကို ကူညီပေးရတာ သူ ဘယ်လောက်ပျော်တယ်ဆိုတာကို စကားလုံးနဲ့ မဖော်ပြတတ်ဘူးလို့ ပြောတယ်။ “ဒေသခံညီအစ်ကိုညီအစ်မတွေက နိုင်ငံတော်ခန်းမအသစ်ကို ပျော်ရွှင်မှု၊ ကျေးဇူးတင်လေးမြတ်မှုနဲ့ ကြည့်ရှုနေတာကိုတွေ့ရတဲ့အခါ ဒါမှမဟုတ် သဘာဝဘေးဒဏ်ခံရတဲ့ ညီအစ်ကိုညီအစ်မတွေ အကူအညီရရှိတာကို မြင်တွေ့ရတဲ့အခါ ကြိုးစားရကျိုး နပ်တယ်” လို့ သူကပြောပြတယ်။

ပူဇော်သကာများစွာက စေတနာအလျောက်ပူဇော်တာဖြစ်၊ ယနေ့ ကျွန်ုပ်တို့ပေးဆက်နေတဲ့ ကိုယ်ကျိုးစွန့်မှုတွေနဲ့ ဆင်တူ (အပိုဒ် ၇-၁၃ ကိုကြည့်ပါ)

ယေဟောဝါရဲ့ မျက်မှောက်ခေတ်အဖွဲ့အစည်းဟာ အမြဲပဲ နိုင်ငံတော်ကို ထောက်မဖို့ နည်းလမ်းတွေရှာဖွေတယ်။ ၁၉၀၄ ခုနှစ်မှာ စီတီရပ်စယ်က “တစ်ဦးစီဟာ မိမိရဲ့အချိန်၊ ဩဇာအာဏာ၊ ငွေစတဲ့အရာတွေရဲ့ ဘဏ္ဍာစိုးအဖြစ် သခင်ခန့်အပ်ထားသူတွေဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုယူမှတ်ပြီး အဲဒီအစွမ်းအစတွေကို မိမိတို့အရည်အချင်းရှိသရွေ့ သခင့်ဘုန်းတော် ထင်ရှားရေးအတွက် အသုံးပြုဖို့ ကြိုးစားရမယ်” လို့ရေးခဲ့တယ်။ ကျွန်ုပ်တို့ဘက်က ပေးဆက်ရတာတွေရှိပေမဲ့ အဲဒါတွေက ကောင်းချီးများစွာ ခံစားရစေတယ်။ (၂ ရာ. ၂၄:၂၁-၂၄) ကျွန်ုပ်တို့မှာရှိတဲ့အရာတွေကို ပိုပြီး ကောင်းကောင်းအသုံးပြုနိုင်မလား။

ဩစတြေးလျဗေသလက စေတနာ့ဝန်ထမ်းများ

၉။ အချိန်အသုံးပြုပုံနဲ့ပတ်သက်ပြီး လုကာ ၁၀:၂-၄ ကနေ ဘာ သိရှိရသလဲ။

ကျွန်ုပ်တို့ရဲ့အချိန်။ စာပေတွေကို ဘာသာပြန်ဖို့၊ နိုင်ငံတော်ခန်းမတွေနဲ့ စည်းဝေးပွဲခန်းမတွေ ဆောက်ဖို့၊ စည်းဝေးကြီးတွေ စီစဉ်ဖွဲ့စည်းဖို့၊ ကယ်ဆယ်ရေးလုပ်ငန်းမှာ ကူညီဖို့နဲ့ တခြားလိုအပ်တဲ့အလုပ်တွေကို လုပ်ဆောင်ဖို့အတွက် အချိန်နဲ့ ကြိုးစားအားထုတ်မှု များစွာလိုအပ်ပါတယ်။ ကျွန်ုပ်တို့မှာ တစ်ရက်ကို ၂၄ နာရီပဲရှိတယ်၊ ဒါပေမဲ့ ကိုယ့်မှာရှိတဲ့အချိန်ကို ပညာရှိရှိအသုံးပြုရာမှာ အထောက်အကူဖြစ်ဖို့ ယေရှုက လမ်းညွှန်ချက်တစ်ခုပေးခဲ့တယ်။ ယေရှုက တပည့်တွေကို ဟောပြောဖို့ စေလွှတ်တဲ့အခါ “လမ်းခရီးတွင် မည်သူ့ကိုမျှ ရပ်၍နှုတ်မဆက်ကြနှင့်” လို့ပြောခဲ့တယ်။ (လု. ၁၀:၂-၄) ယေရှု ဘာကြောင့် အဲဒီလိုပြောတာလဲ။ ယေရှုအချိန်က လူတွေဟာ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်တဲ့အခါ ခေါင်းငုံ့ရုံ၊ လက်ဆွဲနှုတ်ဆက်ရုံလောက်ပဲ လုပ်တာမဟုတ်ဘူး။ တစ်ယောက်ကိုတစ်ယောက် အကြိမ်ကြိမ် ဖက်ကြတယ်၊ မြေပေါ်မှာတောင် ပျပ်ဝပ်ကြတယ်။ အဲဒီလိုလုပ်ဖို့ အချိန်အများကြီးလိုတယ်။ ယေရှုက တပည့်တွေကို ဖော်ရွေမှုမရှိဖို့ ပြောနေတာမဟုတ်ပါဘူး။ သူတို့မှာ အချိန်အများကြီးမရှိဘူး၊ သူတို့ရဲ့အချိန်တွေကို အကျိုးရှိရှိအသုံးပြုပြီး အရေးကြီးဆုံးအလုပ်ကို လုပ်ရမယ်ဆိုတာ သိအောင် ကူညီပေးနေတာဖြစ်တယ်။ (ဧ. ၅:၁၆) ကျွန်ုပ်တို့လည်း နိုင်ငံတော်လုပ်ငန်းကို ထောက်ပံ့ရာမှာ အချိန်ပိုပေးနိုင်ဖို့ ဒီလမ်းညွှန်ချက်ကို ကျင့်သုံးနိုင်မလား။

အာဖရိကတိုက်၊ ကင်ညာနိုင်ငံက နိုင်ငံတော်ခန်းမတစ်ခုမှာရှိတဲ့ ကြေညာသူတွေ

၁၀၊ ၁၁။ (က) ကမ္ဘာချီလုပ်ငန်းအတွက် ကျွန်ုပ်တို့ထည့်ဝင်တဲ့ အလှူငွေတွေကို ဘယ်လို အသုံးပြုနေသလဲ။ (ခ) ၁ ကောရိန္သု ၁၆:၁၊ ၂ မှာ ကျွန်ုပ်တို့အတွက် အထောက်အကူဖြစ်စေတဲ့ ဘယ်လမ်းညွှန်ချက် ဖော်ပြထားသလဲ။

၁၀ ကျွန်ုပ်တို့ရဲ့ငွေကြေး။ ကမ္ဘာချီလုပ်ငန်းကို ထောက်ပံ့ဖို့အတွက် ငွေအများကြီးလိုတယ်။ နှစ်စဉ်နှစ်တိုင်း နယ်လှည့်လုပ်ငန်း၊ အထူးရှေ့ဆောင်နဲ့ သာသနာပြုတွေရဲ့လုပ်ငန်းကို ထောက်ပံ့ဖို့အတွက် ဒေါ်လာသန်းပေါင်းများစွာ အသုံးပြုတယ်။ ၁၉၉၉ ခုနှစ်ကစပြီး ဆင်းရဲချို့တဲ့တဲ့နိုင်ငံတွေမှာ နိုင်ငံတော်ခန်းမ အလုံးပေါင်း ၂၄,၅၀၀ ကျော် ဆောက်လုပ်ပြီးစီးခဲ့ပြီ။ ဒါပေမဲ့ ခန်းမ ၆,၄၀၀ နီးပါး လိုအပ်နေဆဲပဲ။ လတိုင်း ကင်းမျှော်စင်နဲ့ နိုးလော့! စောင်ရေ သန်း ၁၀၀ ပုံနှိပ်နေတယ်။ ဒါတွေအားလုံးကို စေတနာအလျောက်ထည့်ဝင်တဲ့ သင်တို့ရဲ့အလှူငွေတွေနဲ့ လုပ်ဆောင်တာဖြစ်တယ်။

၁၁ အလှူငွေနဲ့ပတ်သက်ပြီး ယေဟောဝါက တမန်တော်ပေါလုကို စွမ်းအားတော်တိုက်တွန်းမှုနဲ့ လမ်းညွှန်ချက်တစ်ခု ရေးသားစေခဲ့တယ်။ (၁ ကောရိန္သု ၁၆:၁၊ ၂ ကိုဖတ်ပါ။) အလှူငွေထည့်ဖို့အတွက် ငွေဘယ်လောက်ကျန်မလဲဆိုတာ သိဖို့ သီတင်းပတ်ရဲ့အဆုံးပိုင်းအထိ မစောင့်ဘဲ သီတင်းပတ်အစောပိုင်းကတည်းက အလှူငွေ ဘယ်လောက်ထည့်မယ်ဆိုတာ ဆုံးဖြတ်ပြီး သီးသန့်ဖယ်ထားဖို့ ကောရိန္သုအသင်းတော်က ညီအစ်ကိုတွေကို ပေါလု အားပေးခဲ့တယ်။ ပထမရာစုတုန်းကလိုပဲ ယနေ့အချိန်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေကလည်း အလှူငွေ ဘယ်လောက်ထည့်နိုင်မလဲဆိုတာ ကြိုတင်စီစဉ်ပြီး ရက်ရက်ရောရော ပေးကြတယ်။ (လု. ၂၁:၁-၄; တ. ၄:၃၂-၃၅) ယေဟောဝါဟာ မိမိကျေးကျွန်တွေရဲ့ ပေးကမ်းလိုတဲ့စိတ်ထားကို တန်ဖိုးထားတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်၊ တက်စီးဒိုမြို့မှာ ဒေသန္တရဆောက်လုပ်ရေး ကော်မတီက စေတနာ့ဝန်ထမ်း

၁၂၊ ၁၃။ တချို့သူတွေ ယေဟောဝါကို အကောင်းဆုံးပေးဆက်ဖို့ ဘာကြောင့် တွန့်ဆုတ်နေကြသလဲ၊ ယေဟောဝါ သူတို့ကို ဘယ်လိုကူညီပေးမလဲ။

၁၂ ကျွန်ုပ်တို့ရဲ့ခွန်အားနဲ့ စွမ်းရည်။ နိုင်ငံတော်လုပ်ငန်းအတွက် ကျွန်ုပ်တို့ရဲ့ ခွန်အားနဲ့ စွမ်းရည်တွေကို အသုံးပြုဖို့ ကြိုးစားရာမှာ ယေဟောဝါ ထောက်မကူညီပေးတယ်။ ကျွန်ုပ်တို့မှာ ခွန်အားမရှိတော့ဘူးလို့ ခံစားရတဲ့အခါ ကိုယ်တော် ကူညီပေးမယ်လို့ ကတိပေးတယ်။ (ဟေရှာ. ၄၀:၂၉-၃၁) နိုင်ငံတော်လုပ်ငန်းကို ထောက်ပံ့ဖို့ ကိုယ့်မှာအစွမ်းအစမရှိဘူး၊ တခြားသူတွေက ကိုယ့်ထက်ပိုတော်တယ်လို့ ခံစားရသလား။ ယေဟောဝါဟာ ဗေဇလေလနဲ့ အဟောလျဘတို့ကို ကူညီပေးခဲ့သလိုပဲ ကျွန်ုပ်တို့မှာရှိတဲ့ အစွမ်းအစကို တိုးတက်အောင် လုပ်ပေးနိုင်တယ်ဆိုတာ သတိရပါ။—ထွ. ၃၁:၁-၆; ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။

၁၃ အကောင်းဆုံးပေးဆက်ရာမှာ တွန့်ဆုတ်မနေဖို့ ကျွန်ုပ်တို့ကို ယေဟောဝါ တိုက်တွန်းတယ်။ (သု. ၃:၂၇) ဗိမာန်တော်ကို ပြန်တည်ဆောက်တုန်းက ဂျေရုဆလင်မှာရှိတဲ့ ဂျူးတွေ အဲဒီအလုပ်ကိုထောက်ပံ့ဖို့အတွက် ဘာတွေလုပ်နေတယ်ဆိုတာ ပြန်စဉ်းစားဖို့ ယေဟောဝါ ပြောခဲ့တယ်။ (ဟဂ္ဂဲ ၁:၂-၅) သူတို့ရဲ့ဘဝမှာ ယေဟောဝါရဲ့အလုပ်ကို ပထမနေရာမှာမထားဘဲ အာရုံထွေပြားခဲ့ကြတယ်။ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကို ဒီလိုမေးသင့်တယ်– ယေဟောဝါရဲ့အလိုတော်ကို လုပ်ဆောင်ခြင်းက တခြားအလုပ်ရှိသမျှထက် ပိုအရေးကြီးသလား။ ဒီနောက်ဆုံးနေ့ရက်တွေမှာ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းမှာ ပိုပါဝင်နိုင်ဖို့အတွက် ကိုယ့်အသက်တာကို သေချာပြန်သုံးသပ်ပြီး အစီအစဉ်တွေ ပြုလုပ်နိုင်မလား။

ရှိသလောက်ပဲ ပေးပါ

၁၄၊ ၁၅။ (က) ဆင်းရဲနွမ်းပါးတဲ့ ညီအစ်ကိုတွေရဲ့ ပုံသက်သေကနေ ဘယ်လိုအားပေးခံရသလဲ။ (ခ) ကျွန်ုပ်တို့ ဘာလုပ်သင့်သလဲ။

၁၄ လူများစွာဟာ ခက်ခဲကျပ်တည်းတဲ့၊ ဆင်းရဲနွမ်းပါးတဲ့ဒေသတွေမှာ နေထိုင်ကြတယ်။ ကျွန်ုပ်တို့ရဲ့အဖွဲ့အစည်းက အဲဒီနိုင်ငံတွေမှာနေထိုင်တဲ့ ညီအစ်ကိုညီအစ်မတွေကို ကူညီပေးဖို့ လုပ်ဆောင်နေတယ်။ (၂ ကော. ၈:၁၄) ဒါပေမဲ့ ဆင်းရဲနွမ်းပါးတဲ့ ညီအစ်ကိုညီအစ်မတွေကိုယ်နှိုက်က ပေးကမ်းရတဲ့အခွင့်ထူးကို တန်ဖိုးထားကြတယ်။ သူတို့အတတ်နိုင်ဆုံး ပေးကမ်းနေတာကို မြင်တွေ့တဲ့အခါ ယေဟောဝါ နှစ်သက်အားရတယ်။—၂ ကော. ၉:၇

၁၅ ဆင်းရဲနွမ်းပါးတဲ့ အာဖရိကနိုင်ငံတစ်နိုင်ငံမှာ ညီအစ်ကိုတချို့ဟာ သူတို့ခြံထဲမှာ အကွက်တစ်ကွက်ကို သီးသန့်သတ်မှတ်ထားပြီး အဲဒီနေရာမှာ စိုက်ပျိုးလို့ရသမျှကို ရောင်းတယ်၊ ရတဲ့ငွေတွေကို နိုင်ငံတော်လုပ်ငန်းအတွက် အလှူငွေထည့်ကြတယ်။ အဲဒီနိုင်ငံက ညီအစ်ကိုညီအစ်မတွေဟာ နိုင်ငံတော်ခန်းမတစ်လုံး ဆောက်လုပ်တဲ့နေရာမှာ ပါဝင်ကူညီချင်ကြတယ်။ ဒါပေမဲ့ အဲဒီအချိန်က စိုက်ပျိုးတဲ့ရာသီ ဖြစ်နေတယ်။ ဒါပေမဲ့ သူတို့ဟာ ဆောက်လုပ်ရေးလုပ်ငန်းမှာ ပါဝင်ကူညီဖို့ ဆုံးဖြတ်ခဲ့ကြတယ်၊ နေ့အချိန်မှာ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးမှာ ကူညီပြီး ညနေပိုင်းမှာတော့ သူတို့ရဲ့လယ်ထဲမှာ စိုက်ပျိုးကြတယ်။ တကယ်မွန်မြတ်တဲ့ ပေးကမ်းခြင်းစိတ်ဓာတ်ပါပဲ။ ဒါက ရှေးခေတ်မက်ဆီဒိုးနီးယားပြည်က ညီအစ်ကိုညီအစ်မတွေကို သတိရစေတယ်။ သူတို့ကိုယ်တိုင်က “အလွန်ဆင်းရဲနွမ်းပါး” နေပေမဲ့ ညီအစ်ကိုညီအစ်မတွေကို ကူညီခွင့်ပေးဖို့ ပေါလုထံ တောင်းဆိုကြတယ်။ (၂ ကော. ၈:၁-၄) ယေဟောဝါ ပေးထားတဲ့ကောင်းချီးတွေအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ ကျွန်ုပ်တို့ အတတ်နိုင်ဆုံး ပေးကမ်းကြပါစို့။—တရားဟောရာ ၁၆:၁၇ ကိုဖတ်ပါ။

၁၆။ ကျွန်ုပ်တို့ရဲ့ပူဇော်သကာတွေက ယေဟောဝါအတွက် လက်ခံဖွယ်ဖြစ်စေဖို့ ဘယ်လိုလုပ်ရမလဲ။

၁၆ ဒါပေမဲ့ ကိုယ်ကျိုးစွန့်လုပ်ဆောင်တဲ့အခါ အရေးကြီးဆုံးဖြစ်တဲ့ ကိုယ့်ရဲ့မိသားစုကို လျစ်လျူမရှုမိစေဖို့ သတိထားရမယ်။ ရှေးခေတ်အစ္စရေးလူတွေလိုပဲ ကျွန်ုပ်တို့ စေတနာအလျောက်ပူဇော်တဲ့ယဇ်ကို ဘုရားသခင် လက်ခံနိုင်အောင် သေချာလုပ်ရမယ်။ ဘယ်အချက်ကြောင့် ကျွန်ုပ်တို့ရဲ့ပူဇော်သကာကို ယေဟောဝါ ငြင်းပယ်နိုင်သလဲ။ မိသားစုတာဝန်နဲ့ ဝတ်ပြုရေးနဲ့ဆိုင်တဲ့တာဝန်တွေက အရေးကြီးဆုံးဖြစ်တယ်ဆိုတာ သတိရသင့်တယ်။ တခြားသူတွေကို ကူညီဖို့ ကျွန်ုပ်တို့ရဲ့အချိန်၊ ခွန်အားနဲ့ ဥစ္စာပစ္စည်းတွေကို အသုံးပြုတဲ့အခါမှာ ကျွန်ုပ်တို့မိသားစုရဲ့ဝတ်ပြုရေးနဲ့ စားဝတ်နေရေးကို လျစ်လျူမရှုမိဖို့ သေချာစေရမယ်။ အဲဒါတွေကို လျစ်လျူရှုတယ်ဆိုရင် ကျွန်ုပ်တို့မှာမရှိတဲ့ အရာတွေကို ပူဇော်နေတာနဲ့တူတယ်။ (၂ ကောရိန္သု ၈:၁၂ ကိုဖတ်ပါ။) ဒါ့အပြင် ကိုယ်ကိုယ်တိုင်နဲ့ ယေဟောဝါရဲ့ဆက်ဆံရေးကိုလည်း ဆက်ထိန်းသိမ်းထားရမယ်။ (၁ ကော. ၉:၂၆၊ ၂၇) ကျမ်းစာစံနှုန်းတွေအတိုင်း အသက်ရှင်နေထိုင်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ပူဇော်သကာတွေက ကျွန်ုပ်တို့ကို ပျော်ရွှင်စေပြီး ယေဟောဝါအတွက် “အထူးလက်ခံဖွယ်” ဖြစ်မယ်ဆိုတာ သေချာပါတယ်။

ကျွန်ုပ်တို့ရဲ့ပူဇော်သကာတွေက အလွန်တန်ဖိုးရှိ

၁၇၊ ၁၈။ နိုင်ငံတော်အတွက် ကိုယ်ကျိုးစွန့်တဲ့သူတွေကို ကျွန်ုပ်တို့ ဘယ်လိုသဘောထားသလဲ၊ ကျွန်ုပ်တို့အားလုံး ဘာကို စဉ်းစားသင့်သလဲ။

၁၇ ညီအစ်ကိုညီအစ်မများစွာဟာ ဘုရားနိုင်ငံတော်လုပ်ငန်းကို ထောက်ပံ့ရာမှာ သူတို့ရဲ့အချိန်၊ ခွန်အားနဲ့ ငွေကြေးတွေကို ရက်ရက်ရောရော အသုံးပြုနေကြတယ်။ (ဖိ. ၂:၁၇) ပေးကမ်းလိုစိတ်ရှိသူတွေကို ကျွန်ုပ်တို့ အလွန်တန်ဖိုးထားပါတယ်။ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းမှာ ဦးဆောင်နေသူတွေရဲ့ ဇနီးတွေနဲ့ သားသမီးတွေရဲ့ လိုလိုလားလား ကိုယ်ကျိုးစွန့်မှုကိုလည်း ချီးမွမ်းပါတယ်။

၁၈ နိုင်ငံတော်လုပ်ငန်းကိုထောက်ပံ့ဖို့အတွက် ကြိုးစားအားထုတ်မှု အများကြီးလိုတယ်။ ကျွန်ုပ်တို့ ယေဟောဝါကို ဘယ်လောက်အထိ ပေးဆက်နိုင်မယ်ဆိုတာ သေချာဆုတောင်းပြီး စဉ်းစားသုံးသပ်ကြည့်ကြစို့။ အဲဒီလိုလုပ်မယ်ဆိုရင် အခုအချိန်မှာ ကောင်းချီးများစွာခံစားရပြီး “အနာဂတ်ကာလ” မှာလည်း ပိုများတဲ့ကောင်းချီးတွေ ခံစားရပါလိမ့်မယ်။—မာ. ၁၀:၂၈-၃၀

^ စာပိုဒ်၊ 2 ဇန်နဝါရီ ၁၅၊ ၂၀၁၂၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၁-၂၅ မှာပါတဲ့ “ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယဇ်ပူဇော်ပါ” ဆောင်းပါးကို ကြည့်ပါ။