မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘အဲဒါက သင်တို့အတွက် အောက်မေ့ဖွယ်ဖြစ်ရမယ်’

‘အဲဒါက သင်တို့အတွက် အောက်မေ့ဖွယ်ဖြစ်ရမယ်’

‘ဤနေ့ရက်သည် သင်တို့အောက်မေ့စရာဖို့ဖြစ်၍ သင်တို့၏အမျိုးအစဉ်အဆက်မပြတ် ယေဟောဝါအတွက် ပွဲခံရကြမည်။’—ထွ. ၁၂:၁၄

၁၊ ၂။ ဘယ်နှစ်ပတ်လည်ပွဲကို ခရစ်ယာန်တွေ စိတ်ဝင်စားသင့်သလဲ၊ ဘာကြောင့်လဲ။

“နှစ်ပတ်လည်နေ့” ဆိုတဲ့စကားလုံးကို ကြားလိုက်တဲ့အခါ သင် ဘာကိုစဉ်းစားမိသလဲ။ သင်က အိမ်ထောင်သည်ဆိုရင် သင်တို့ မင်္ဂလာဆောင်တဲ့နေ့ကို စဉ်းစားမိမယ်။ တချို့ကျတော့ သမိုင်းမှာ အရေးပါတဲ့နေ့ဖြစ်တဲ့ တိုင်းပြည်လွတ်လပ်ရေးရတဲ့နေ့ကို စဉ်းစားမိနိုင်တယ်။ ဒါပေမဲ့ နှစ်ပေါင်း ၃,၅၀၀ ကျော်တိုင်တိုင်ကျင်းပခဲ့တဲ့ နှစ်ပတ်လည်နေ့တစ်နေ့ကို သင်သိပါသလား။

အဲဒီနှစ်ပတ်လည်နေ့က ပသခါပွဲနေ့ပါပဲ။ အစ္စရေးလူတွေ အီဂျစ်ပြည်ကျွန်ဘဝကနေ လွတ်မြောက်တဲ့အနေနဲ့ အဲဒီပွဲကို ကျင်းပခဲ့ကြတယ်။ ပသခါပွဲက သင့်အတွက်လည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီပွဲက သင့်ဘဝကို နည်းအမျိုးမျိုးနဲ့ အကျိုးသက်ရောက်လို့ပါပဲ။ ‘ပသခါပွဲက ဂျူးလူမျိုးတွေ ကျင်းပတဲ့ပွဲပါ၊ ငါက ခရစ်ယာန်တစ်ယောက်ပဲ။ ဘာကြောင့် ပသခါပွဲကို စိတ်ဝင်စားဖို့လိုတာလဲ’ လို့ သင် စဉ်းစားမိနိုင်ပါတယ်။ “ခရစ်တော်တည်းဟူသော ငါတို့၏ ပသခါယဇ်ကို ပူဇော်ပြီးဖြစ်၍” ဆိုတဲ့ အရေးကြီးတဲ့ဒီစကားမှာ အဖြေကို တွေ့ရတယ်။ (၁ ကော. ၅:၇) အဲဒီစကားတွေက ဘာကို ဆိုလိုသလဲ။ အဖြေရဖို့အတွက် ဂျူးတွေရဲ့ပသခါပွဲအကြောင်းနဲ့ အဲဒီနှစ်ပတ်လည်ပွဲက ခရစ်ယာန်တွေကိုပေးခဲ့တဲ့ပညတ်နဲ့ ဘယ်လိုပတ်သက်တယ်ဆိုတာ သိဖို့လိုတယ်။

ဂျူးတွေ ပသခါပွဲ ကျင်းပရတဲ့အကြောင်းရင်း

၃၊ ၄။ ပထမဆုံးပသခါပွဲ မတိုင်ခင်မှာ ဘာဖြစ်ပျက်ခဲ့သလဲ။

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဂျူးလူမျိုးမဟုတ်တဲ့ လူအတော်များများဟာ ပထမဆုံး ပသခါပွဲမတိုင်ခင်က အဖြစ်အပျက်ကို သိရှိကြတယ်။ အဲဒီအဖြစ်အပျက်ကို ထွက်မြောက်ရာကျမ်းမှာ ဖတ်ရတာ၊ တခြားသူတွေပြောတာကို ကြားရတာ ဒါမှမဟုတ် ရုပ်ရှင်တစ်ခုမှာ ကြည့်ရတာ ဖြစ်နိုင်တယ်။ ဘာဖြစ်ပျက်ခဲ့သလဲဆိုတာကို သင်မှတ်မိသလား။

အစ္စရေးလူတွေ အီဂျစ်ပြည်မှာ နှစ်ပေါင်းများစွာ ကျွန်ခံပြီးနောက်မှာ ယေဟောဝါက မောရှေနဲ့ အာရုန်ကို ဖာရောဆီ စေလွှတ်ပြီး အစ္စရေးလူတွေကို လွတ်ပေးဖို့ပြောတယ်။ ဒါပေမဲ့ မာနကြီးတဲ့ဖာရောက အစ္စရေးလူတွေကို မလွတ်ပေးဘူး။ ဒါကြောင့် ယေဟောဝါက အီဂျစ်ပြည်ကို ကြောက်စရာကောင်းတဲ့ ဘေးဒဏ်ဆယ်ခုနဲ့ ဒဏ်ခတ်ခဲ့တယ်။ ဆယ်ခုမြောက်ဘေးဒဏ်မှာ အီဂျစ်လူတွေရဲ့ သားဦးတွေအားလုံး အသတ်ခံရတယ်။ အဲဒီနောက်မှာ ဖာရောက အစ္စရေးလူတွေကို ထွက်သွားခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။—ထွ. ၁:၁၁; ၃:၉၊ ၁၀; ၅:၁၊ ၂; ၁၁:၁၊

၅။ အစ္စရေးတွေ မလွတ်မြောက်ခင်မှာ ဘာလုပ်ဖို့ မိန့်မှာခံခဲ့ရသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

ဒါပေမဲ့ အစ္စရေးလူတွေဟာ မလွတ်မြောက်ခင်မှာ တိကျတဲ့ ညွှန်ကြားချက်တချို့ကို လိုက်နာခဲ့ရတယ်။ အဲဒီအချိန်က ဘီစီ ၁၅၁၃ ရဲ့နွေဦး၊ အဗိဗ,လဖြစ်တယ်၊ နောက်ပိုင်းမှာ အဲဒီလကို နိသန်လလို့ခေါ်တယ်။ နိသန်လ ၁၄ ရက် နေဝင်ချိန်မှာ ဖြစ်ပျက်မယ့်အဖြစ်အပျက်အတွက် နိသန်လ ၁၀ ရက်နေ့ကစပြီး ပြင်ဆင်ဖို့ ဘုရားသခင် သူတို့ကို မိန့်မှာခဲ့တယ်။ ဘာကြောင့် နေဝင်ချိန်ဖြစ်ရတာလဲ။ ဟေဗြဲတွေရဲ့တစ်နေ့တာက နေဝင်ချိန်မှာစပြီး နေဝင်ချိန်မှာ ကုန်ဆုံးတယ်။ ဥပမာ၊ ကြာသပတေးနေ့ နေဝင်ချိန်ကနေ သောကြာနေ့ နေဝင်ချိန်အထိက တစ်ရက်ဖြစ်တယ်။ နိသန်လ ၁၄ ရက် ရောက်လာတဲ့အခါ မိသားစုတိုင်းဟာ သိုးထီး (ဒါမှမဟုတ် ဆိတ်ထီး) တစ်ကောင်ကိုသတ်ပြီး သွေးတချို့ကို တံခါးထုပ်၊ တံခါးတိုင်တွေမှာ သုတ်ရမယ်။ (ထွ. ၁၂:၃-၇၊ ၂၂၊ ၂၃) မိသားစုဟာ မီးကင်ထားတဲ့သိုးသားကို တဆေးမဲ့မုန့်၊ ဟင်းရွက်ခါးတွေနဲ့ စားရမှာဖြစ်တယ်။ ဘုရားသခင့်ကောင်းကင်တမန်က ပြည်ကိုဖြတ်သွားပြီး အီဂျစ်တွေရဲ့သားဦးကို သတ်မယ်၊ ဒါပေမဲ့ နာခံမှုရှိတဲ့ အစ္စရေးလူတွေရဲ့သားဦးတွေကတော့ အသတ်ခံရမှာမဟုတ်ဘူး။ အဲဒီနောက် ဘုရားသခင့်လူမျိုးဟာ လွတ်မြောက်မှာဖြစ်တယ်။—ထွ. ၁၂:၈-၁၃၊ ၂၉-၃၂

၆။ အစ္စရေးလူတွေဟာ ဘာကြောင့် နှစ်တိုင်း ပသခါပွဲကျင်းပရတာလဲ။

အစ္စရေးလူတွေဟာ ဘုရားသခင် သူတို့ကို အီဂျစ်ပြည်ကနေ ကယ်ထုတ်ခဲ့တဲ့နေ့ကို အမှတ်ရနေရမှာဖြစ်တယ်။ ဘုရားသခင်က သူတို့ကို “အဲဒီနေ့က သင်တို့အတွက် အထိမ်းအမှတ်နေ့ဖြစ်ရမယ်။ ယေဟောဝါအတွက် ပွဲတော်အဖြစ် လူမျိုးအစဉ်အဆက် ကျင်းပရမယ်။ ဒါဟာ အမြဲတည်တဲ့ဥပဒေပဲ” လို့ပြောခဲ့တယ်။ အစ္စရေးလူတွေဟာ နိသန်လ ၁၄ ရက်နေ့မှာ ပသခါပွဲ ကျင်းပပြီးတဲ့နောက် ခုနစ်ရက်ကြာတဲ့ အဇုမပွဲ (တဆေးမဲ့မုန့်ပွဲ) ကိုလည်း တစ်ဆက်တည်း ကျင်းပရမှာဖြစ်တယ်။ အဲဒီ ရှစ်ရက်စလုံးကို ပသခါပွဲလို့လည်း ခေါ်နိုင်တယ်။ (ထွ. ၁၂:၁၄-၁၇ကဘ; လု. ၂၂:၁; ယော. ၁၈:၂၈; ၁၉:၁၄) ပသခါပွဲဟာ အစ္စရေးလူတွေ နှစ်စဉ်ကျင်းပရတဲ့ ပွဲတော်တွေထဲက တစ်ခု၊ ဒါမှမဟုတ် နှစ်ပတ်လည်နေ့တစ်နေ့ဖြစ်တယ်။—၆ ရာ. ၈:၁၃

၇။ ဘယ်ပွဲအသစ်ကို ယေရှု အစပြုကျင်းပပေးခဲ့သလဲ။

ဂျူးတွေဖြစ်တဲ့ ယေရှုနဲ့တမန်တော်တွေဟာ မောရှေပညတ်ကို လိုက်နာရတယ်၊ ဒါကြောင့် သူတို့ ပသခါပွဲကျင်းပကြတယ်။ (မ. ၂၆:၁၇-၁၉) သူတို့ရဲ့ နောက်ဆုံးပသခါပွဲမှာ ယေရှုက သူ့နောက်လိုက်တွေ နှစ်စဉ်ကျင်းပရမယ့် ပွဲအသစ်တစ်ခုကို အစပြု ကျင်းပပေးခဲ့တယ်။ အဲဒီပွဲကို သခင့်ညစာစားပွဲလို့ခေါ်တယ်။ အဲဒီပွဲကို ဘယ်နေ့မှာ ကျင်းပခဲ့ကြသလဲ။

သခင့်ညစာစားပွဲကို ဘယ်နေ့မှာ ကျင်းပခဲ့ကြသလဲ

၈။ ပသခါပွဲ၊ သခင့်ညစာစားပွဲနဲ့ပတ်သက်ပြီး ဘယ်ကွာခြားချက်ကို တွေ့ရသလဲ။

ယေရှုဟာ တမန်တော်တွေနဲ့အတူ ပသခါပွဲ ကျင်းပပြီးပြီးချင်းမှာပဲ သခင့်ညစာစားပွဲကို ဆက်ကျင်းပဖို့ ညွှန်ကြားခဲ့တယ်။ ဒါကြောင့် သခင့်ညစာစားပွဲကို ပသခါပွဲနေ့မှာပဲ ကျင်းပခဲ့ကြတယ်။ ဒါပေမဲ့ အခုအချိန်မှာရှိတဲ့ဂျူးတွေဟာ ခရစ်တော်ရဲ့သေခြင်းအောက်မေ့ရာပွဲ ကျင်းပတဲ့နေ့မှာ ပသခါပွဲ မကျင်းပဘူးဆိုတာကို တွေ့ရှိရတယ်။ ဘာကြောင့် ဒီလိုကွာခြားတာလဲ။ အစ္စရေးလူတွေကို ပသခါပွဲစကျင်းပဖို့ ဘုရားသခင်ပေးခဲ့တဲ့ပညတ်မှာ အဖြေတွေ့နိုင်ပါတယ်။ ပသခါပွဲစတင်တဲ့ နိသန်လ ၁၄ ရက်နေ့ရောက်မှ သိုးကိုသတ်ရမယ်လို့ ဘုရားသခင် မိန့်မှာခဲ့တယ်။—ထွက်မြောက်ရာ ၁၂:၅၊ ၆ ကိုဖတ်ပါ။

၉။ ထွက်မြောက်ရာ ၁၂:၆ (ကဘ) အရ ပသခါသိုးသငယ်ကို ဘယ်အချိန်မှာ သတ်သလဲ။

ထွက်မြောက်ရာ ၁၂:၆ (ကဘ) အရ သိုးကို “နေဝင်ချိန်” မှာသတ်ရမှာဖြစ်တယ်။ ဂျူးကျမ်းစာတစ်အုပ် အပါအဝင် ဘာသာပြန်ကျမ်းတချို့မှာ အဲဒီအသုံးအနှုန်းကို “နေဝင်ရီတရော” လို့ဘာသာပြန်ထားတယ်။ အဲဒီအချိန်က နေဝင်သွားပေမဲ့ အလင်းရောင်ရှိနေသေးတယ်။ အဲဒါက နိသန်လ ၁၄ ရက်ရဲ့ အစဖြစ်တယ်။

၁၀။ တချို့က ပသခါသိုးကို ဘယ်အချိန်မှာသတ်တယ်လို့ ယူဆခဲ့ကြသလဲ။ ဒါပေမဲ့ ဘယ်မေးခွန်းပေါ်လာသလဲ။

၁၀ နောက်ပိုင်းမှာ ဂျူးတချို့က ဗိမာန်တော်ကိုယူလာတဲ့ သိုးအားလုံးကိုသတ်ဖို့အတွက် နာရီနဲ့ချီကြာမယ်လို့ ယူဆခဲ့ကြတယ်။ ဒါကြောင့် ထွက်မြောက်ရာ ၁၂:၆ (ကဘ) မှာပါတဲ့ “နေဝင်ချိန်” က နိသန်လ ၁၄ ရက်ရဲ့ အကုန်ပိုင်းကိုပြောတာလို့ ယူဆခဲ့ကြတယ်၊ အဲဒီအချိန်က နေစဝင်တဲ့မွန်းလွဲပိုင်းနဲ့ နေဝင်သွားတဲ့ညနေပိုင်း ကြားကာလကို ဆိုလိုတယ်။ ဒါပေမဲ့ နိသန်လ ၁၄ ရက်ရဲ့အကုန်ပိုင်းမှာ သိုးတွေကို သတ်တယ်ဆိုရင် ပသခါညစာကို အစ္စရေးလူတွေ ဘယ်အချိန်မှာ စားခဲ့ကြသလဲ။ ပရော်ဖက်ဆာ ဂျော်နသန် ကလောဝန် ပြောတဲ့အရ နိသန်လ ၁၅ ရက်မှာ စားကြမှာဖြစ်တယ်။ ဒါပေမဲ့ ထွက်မြောက်ရာကျမ်းမှာ အဲဒီလို အတိအကျမပြောထားဘူးလို့ သူဝန်ခံခဲ့တယ်။ ဗိမာန်တော်ဖျက်ဆီးခံရတဲ့ အေဒီ ၇၀ မတိုင်ခင်မှာ ပသခါပွဲကို ဘယ်လိုပုံစံနဲ့ ကျင်းပခဲ့ကြသလဲဆိုတာကို ရဗ္ဗိစာပေတွေမှာ မဖော်ပြထားဘူးလို့လည်း သူပြောတယ်။

၁၁။ (က) အေဒီ ၃၃ ပသခါပွဲနေ့မှာ ယေရှု ဘာဖြစ်ခဲ့သလဲ။ (ခ) အေဒီ ၃၃၊ နိသန်လ ၁၅ ရက်ကို ဘာဖြစ်လို့ “ကြီးမြတ်သောဥပုသ်နေ့” လို့ခေါ်သလဲ။ (အောက်ခြေမှတ်ချက်ကိုကြည့်ပါ။)

၁၁ အေဒီ ၃၃ ခုနှစ်တုန်းက ပသခါညစာကို ဘယ်နေ့မှာ စားခဲ့ကြသလဲ။ ပသခါပွဲမကျင်းပခင်မှာ ယေရှုက ပေတရုနဲ့ ယောဟန်ကို “သွား၍ ငါတို့စားဖို့ ပသခါညစာကို ပြင်ဆင်ကြလော့” လို့ပြောခဲ့တယ်။ (လု. ၂၂:၇၊ ၈) နိသန်လ ၁၄ ရက်၊ ကြာသပတေးနေ့ နေဝင်ပြီးနောက် ပသခါညစာအတွက် “အချိန်ရောက်သောအခါ” ယေရှုဟာ တမန်တော်တွေနဲ့အတူ ပသခါညစာကို စားခဲ့တယ်။ ပသခါညစာစားပြီးနောက်မှာ သခင့်ညစာစားပွဲနဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေပေးခဲ့တယ်။ (လု. ၂၂:၁၄၊ ၁၅) အဲဒီညမှာ ယေရှုအဖမ်းခံရပြီး စစ်ဆေးခံခဲ့ရတယ်။ ယေရှုဟာ နိသန်လ ၁၄ ရက် မွန်းတည့်ခါနီးအချိန်ထိ သစ်တိုင်ပေါ် ချိတ်ဆွဲခံရပြီး မွန်းလွဲပိုင်းမှာ သေဆုံးသွားတယ်။ (ယော. ၁၉:၁၄) ဒါကြောင့် ပသခါသိုးကိုသတ်တဲ့နေ့မှာပဲ “ခရစ်တော်တည်းဟူသော ငါတို့၏ပသခါယဇ်” ကို ပူဇော်ခဲ့တယ်။ (မ. ၂၆:၂; ၁ ကော. ၅:၇; ၁၁:၂၃) နောက်တစ်နေ့ဖြစ်တဲ့ နိသန်လ ၁၅ ရက်မစခင်မှာ ယေရှုကို သင်္ဂြိုဟ်လိုက်တယ်။ *ဝတ်. ၂၃:၅-၇; လု. ၂၃:၅၄

သင့်အတွက် အဓိပ္ပာယ်ရှိတဲ့ အောက်မေ့ရာပွဲ

၁၂၊ ၁၃။ ပသခါပွဲကျင်းပတဲ့အခါ အစ္စရေးကလေးတွေ ဘယ်လို ပါဝင်ပတ်သက်ခဲ့ကြသလဲ။

၁၂ အီဂျစ်ပြည်မှာ ပထမဆုံး ပသခါပွဲကျင်းပခဲ့တုန်းက ဘုရားသခင်က အစ္စရေးလူတွေကို ဒီပွဲကို “အစဉ်အမြဲ” ကျင်းပရမယ်လို့ အမိန့်ပေးခဲ့တယ်။ နှစ်တိုင်း ပသခါပွဲကျင်းပတဲ့အချိန်မှာ ကလေးတွေက သူတို့ရဲ့မိဘတွေကို ဒီပွဲကို ဘာဖြစ်လို့ ကျင်းပတာလဲလို့ မေးမှာဖြစ်တယ်။ (ထွက်မြောက်ရာ ၁၂:၂၄-၂၇ ကိုဖတ်ပါ; တရား. ၆:၂၀-၂၃) ဒါကြောင့် ပသခါပွဲဟာ “အောက်မေ့စရာ” တစ်ခုဖြစ်ပြီး ကလေးတွေလည်း အဲဒီပွဲကနေ သင်ယူနိုင်ကြမှာဖြစ်တယ်။—ထွ. ၁၂:၁၄

၁၃ အစ္စရေးလူတွေဟာ တစ်ဆက်ပြီးတစ်ဆက် သူတို့ရဲ့သားသမီးတွေကို ပသခါပွဲနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ သင်ခန်းစာတွေကို သင်ပေးခဲ့ကြတယ်။ သင်ခန်းစာတစ်ခုက ယေဟောဝါဟာ မိမိကိုဝတ်ပြုတဲ့သူတွေကို ကာကွယ်နိုင်တယ်ဆိုတဲ့အချက်ပဲ။ ယေဟောဝါဟာ တကယ်တည်ရှိပြီး အသက်ရှင်တဲ့ဘုရားသခင်ဖြစ်တယ်၊ မိမိရဲ့လူတွေကို ဂရုစိုက်ပြီး ကာကွယ်ပေးတယ်ဆိုတာကို ကလေးတွေ သင်ယူခဲ့ကြတယ်။ အီဂျစ်ပြည်ပေါ် ကျရောက်ခဲ့တဲ့ ဆယ်ခုမြောက်ကပ်ဘေးမှာ အစ္စရေးလူတွေရဲ့သားဦးတွေကို ကာကွယ်ပေးချိန်မှာ ကိုယ်တော် ဒီအချက်ကို သက်သေပြခဲ့တယ်။

၁၄။ ခရစ်ယာန်မိဘတွေဟာ သားသမီးတွေကို ပသခါပွဲကနေရတဲ့ ဘယ်သင်ခန်းစာ သင်ပေးနိုင်သလဲ။

၁၄ ခရစ်ယာန်မိဘတွေဖြစ်တဲ့ သင်တို့ဟာ ပသခါပွဲအကြောင်း ကလေးတွေကို နှစ်စဉ်ပြန်ပြောပြဖို့ မိန့်မှာ မခံရပါဘူး။ ဒါပေမဲ့ ပသခါပွဲကနေရတဲ့ သင်ခန်းစာဖြစ်တဲ့ ဘုရားသခင်က မိမိရဲ့လူတွေကို ကာကွယ်နိုင်တယ်ဆိုတဲ့အချက်ကို သင့်ကလေးတွေကို သင်ပေးသလား။ ယနေ့အချိန်မှာလည်း ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို ကာကွယ်ပေးနေတယ်ဆိုတာကို သင် တကယ်ယုံကြည်ကြောင်း သင့်ကလေးတွေ ရှင်းရှင်းလင်းလင်း သိမြင်ရသလား။ (ဆာ. ၂၇:၁၁; ဟေရှာ. ၁၂:၂) သူတို့ကို ပြစ်တင်ဆိုဆုံးမတဲ့ ပုံစံမျိုးနဲ့မဟုတ်ဘဲ ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောဆိုချိန်တွေမှာ အဲဒီသင်ခန်းစာကို သင်ပေးသလား။ အဲဒီသင်ခန်းစာက ယေဟောဝါကို ပိုယုံကြည်အားကိုးဖို့ သင့်မိသားစုကို ကူညီပေးပါလိမ့်မယ်။

ပသခါပွဲအကြောင်း လေ့လာတဲ့အခါ သင့်ကလေးတွေကို ဘယ်သင်ခန်းစာတွေ သင်ပေးနိုင်သလဲ (အပိုဒ် ၁၄ ကိုကြည့်ပါ)

၁၅၊ ၁၆။ ပသခါပွဲနဲ့ ထွက်မြောက်ရာကျမ်းမှတ်တမ်းတွေကနေ ယေဟောဝါအကြောင်း ဘာ သင်ယူနိုင်သလဲ။

၁၅ ပသခါပွဲကနေရတဲ့ နောက်ထပ် အရေးကြီးတဲ့ သင်ခန်းစာတစ်ခုက ယေဟောဝါဟာ မိမိရဲ့လူတွေကို ကာကွယ်ပေးနိုင်ရုံသာမက ကယ်တင်နိုင်တယ်ဆိုတဲ့အချက်ဖြစ်တယ်။ အစ္စရေးလူတွေကို အီဂျစ်ပြည်ကနေ ကယ်ထုတ်လာတုန်းက အခြေအနေကို မြင်ယောင်ကြည့်ပါ။ သူတို့ကို မီးတိုင်နဲ့ မိုးတိမ်တိုင်က လမ်းပြပြီး ပင်လယ်နီနားရောက်အောင် ခေါ်လာတယ်။ ပင်လယ်နီကရေတွေ ဘယ်ညာ နှစ်ခြမ်းကွဲသွားတာကို သူတို့ မြင်တွေ့ခဲ့ရတယ်။ အဲဒီနောက် သူတို့ဟာ ရေမရှိတဲ့ပင်လယ်ကြမ်းပြင်ကို ဖြတ်လျှောက်ခဲ့ကြတယ်။ သူတို့ ဘေးလွတ်တဲ့နေရာကို ရောက်သွားတဲ့အခါမှာ ရေတွေဟာ အီဂျစ်စစ်တပ်ပေါ် ဖုံးလွှမ်းသွားတာကို မြင်တွေ့ခဲ့ကြရတယ်။ အစ္စရေးလူတွေဟာ ယေဟောဝါ သူတို့ကို ကယ်တင်ခဲ့တဲ့အတွက် ကိုယ်တော့်ကို ချီးမွမ်းပြီး ဒီလိုသီချင်းဆိုခဲ့ကြတယ်– “ယေဟောဝါအတွက် သီချင်းဆိုရအောင်။ . . . မြင်းနဲ့ မြင်းစီးသူရဲကို ပင်လယ်ထဲပစ်ချပြီ။ ယဟာ ငါ့ခွန်အား၊ ငါ့အစွမ်းသတ္တိ၊ ငါ့ကိုကယ်တယ်တဲ့အရှင်။”—ထွ. ၁၃:၁၄၊ ၂၁၊ ၂၂; ၁၅:၁၊ ၂ကဘ; ဆာ. ၁၃၆:၁၁-၁၅

၁၆ သင့်မှာ သားသမီးရှိတယ်ဆိုရင် ယေဟောဝါဟာ မိမိရဲ့လူတွေကို ကယ်တင်တဲ့ တန်ခိုးရှင်ဘုရားသခင်ဖြစ်တယ်ဆိုတာကို သူတို့သိမြင်အောင် ကူညီပေးနေသလား။ သင် ဆုံးဖြတ်ချက်ချတဲ့အခါ ဒါမှမဟုတ် သူတို့နဲ့စကားပြောတဲ့အခါ သင် ယေဟောဝါကို အားကိုးတယ်ဆိုတာ သူတို့သိမြင်နိုင်သလား။ ထွက်မြောက်ရာအခန်းကြီး ၁၂-၁၅၊ တမန်တော် ၇:၃၀-၃၆ ဒါမှမဟုတ် ဒံယေလ ၃:၁၆-၁၈၊ ၂၆-၂၈ မှာပါတဲ့ မှတ်တမ်းတွေမှာ မိမိလူတွေကို ယေဟောဝါ ဘယ်လိုကယ်တင်ခဲ့တယ်ဆိုတဲ့အကြောင်းတွေကို မိသားစုဝတ်ပြုမှုမှာ လေ့လာနိုင်ပါတယ်။ ယေဟောဝါဟာ မိမိရဲ့လူတွေကို အရင်တုန်းကပဲ ကယ်တင်တာမဟုတ်ဘူး၊ အနာဂတ်မှာလည်း ကျွန်ုပ်တို့ကို ကယ်တင်ဦးမယ်ဆိုတာ လူကြီးဖြစ်စေ လူငယ်ဖြစ်စေ ကျွန်ုပ်တို့အားလုံး အခိုင်အမာ ယုံကြည်ထားသင့်တယ်။—၁ သက်သာလောနိတ် ၁:၉၊ ၁၀ ကိုဖတ်ပါ။

သတိရနေဖို့လို

၁၇၊ ၁၈။ ယေရှုရဲ့အသွေးက ဘာကြောင့် ပသခါသိုးရဲ့အသွေးထက် ပိုတန်ဖိုးရှိတာလဲ။

၁၇ ခရစ်ယာန်စစ်တွေဟာ ပသခါပွဲ မကျင်းပကြဘူး။ အဲဒီနှစ်ပတ်လည်ပွဲက မောရှေပညတ်မှာ ပါတာဖြစ်တယ်၊ ကျွန်ုပ်တို့က မောရှေပညတ်ကို မလိုက်ဘူး။ (ရော. ၁၀:၄; ကော. ၂:၁၃-၁၆) အဲဒီအစား ဘုရားသခင့်သားတော်ရဲ့သေခြင်း နှစ်ပတ်လည်ပွဲကို ကျင်းပကြတယ်။ ဒါပေမဲ့ အီဂျစ်ပြည်မှာ အစပြုကျင်းပခဲ့တဲ့ ပသခါပွဲကနေ ကျွန်ုပ်တို့ များစွာသင်ယူနိုင်ကြပါတယ်။

၁၈ အစ္စရေးလူတွေ တံခါးထုပ်နဲ့တံခါးတိုင်တွေမှာ သုတ်ထားတဲ့ သိုးရဲ့သွေးက သူတို့သားဦးတွေရဲ့အသက်ကို ကယ်တင်ခဲ့တယ်။ ယနေ့အချိန်မှာ ကျွန်ုပ်တို့ဟာ ပသခါပွဲမှာဖြစ်စေ၊ တခြားအချိန်တွေမှာဖြစ်စေ တိရစ္ဆာန်အသွေးကို မပူဇော်ကြပါဘူး။ ဒါပေမဲ့ ပူဇော်သကာ နောက်တစ်မျိုးရဲ့အသွေးက ပိုပြီး တန်ဖိုးရှိပါတယ်။ အဲဒီအသွေးကြောင့် ကယ်တင်ခံရသူတွေဟာ ထာဝစဉ်အသက်ရှင်နိုင်တယ်။ ယေရှုရဲ့အသွေးဖြစ်တဲ့ ‘ဖြန်းတဲ့အသွေးတော်’ က ဘိသိက်ခံခရစ်ယာန်တွေကို ကောင်းကင်မှာ ထာဝစဉ်အသက်ရှင်ဖို့ အခွင့်အရေးရစေတယ်လို့ တမန်တော်ပေါလု ရှင်းပြခဲ့တယ်။ သူတို့တွေက “ကောင်းကင်စာရင်းဝင်သော သားဦး” တွေဖြစ်တယ်။ (ဟေဗြဲ ၁၂:၂၃၊ ၂၄) ယေရှုရဲ့အသွေးက အခြားသိုးတွေကိုလည်း မြေကြီးပေါ်မှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရရှိစေတယ်။ ကျွန်ုပ်တို့အားလုံးဟာ ဒီအချက်ကို အမြဲသတိရနေသင့်တယ်– “ငါတို့သည် သားတော်၏အသွေးတော်အားဖြင့် ရွေးနုတ်တော်မူခြင်းခံရ၏။ ဘုရားသခင်၏ မဟာကရုဏာတော်ကြွယ်ဝမှုကြောင့် အပြစ်လွတ်ခွင့်ရ၏။”—ဧ. ၁:၇

၁၉။ ယေရှုသေဆုံးပုံက ကျမ်းစာပရောဖက်ပြုချက်အပေါ် ကျွန်ုပ်တို့ရဲ့ယုံကြည်စိတ်ချမှုကို ဘယ်လို ပိုခိုင်ခံ့စေသင့်သလဲ။

၁၉ အစ္စရေးလူတွေ ပသခါညစာစားဖို့ သိုးကိုသတ်တဲ့အခါ သိုးရဲ့အရိုးတစ်ချောင်းကိုမှ မကျိုးစေရဘူး။ (ထွ. ၁၂:၄၆; တော. ၉:၁၁၊ ၁၂) ရွေးနုတ်ဖိုးပေးခဲ့တဲ့ “ဘုရားသခင်၏သိုးသငယ်” ရဲ့အရိုးတွေကော။ (ယော. ၁:၂၉) သူက လူဆိုးနှစ်ယောက်ရဲ့အလယ် သစ်တိုင်မှာ ချိတ်ဆွဲခံခဲ့ရတယ်။ ယေရှုနဲ့ လူဆိုးနှစ်ယောက် မြန်မြန်အသက်ထွက်သွားအောင် သူတို့ရဲ့အရိုးတွေကို ချိုးဖို့ ဂျူးတွေက ပိလတ်ကို တိုက်တွန်းတယ်။ ဒါမှ ဥပုသ်နှစ်ခုထပ်တဲ့ နိသန်လ ၁၅ ရက် မတိုင်ခင်မှာ သူတို့ရဲ့အလောင်းတွေကို သစ်တိုင်ပေါ်က ချနိုင်မှာဖြစ်တယ်။ စစ်သားတွေက လူဆိုးနှစ်ယောက်ရဲ့ ခြေထောက်တွေကို ချိုးလိုက်တယ်၊ ဒါပေမဲ့ ယေရှုဆီရောက်တဲ့အခါ ယေရှု အသက်မရှိတော့လို့ သူ့ရဲ့ခြေကို မချိုးကြဘူး။ (ယော. ၁၉:၃၁-၃၄) ပသခါသိုးလိုပဲ ယေရှုရဲ့အရိုးတွေလည်း မကျိုးခဲ့ဘူး။ ဒါကြောင့် ပသခါသိုးဟာ အေဒီ ၃၃၊ နိသန်လ ၁၄ ရက်နေ့မှာ ပူဇော်တဲ့ ယေရှုပူဇော်သကာရဲ့ “ပုံရိပ်” ဖြစ်တယ်။ (ဟေဗြဲ ၁၀:၁) အဲဒီအချက်က ဆာလံ ၃၄:၂၀ မှာပါတဲ့စကားတွေရဲ့ ပြည့်စုံချက်ဖြစ်တယ်။ ဒါက ကျမ်းစာပရောဖက်ပြုချက်အပေါ် ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်ကို ပိုခိုင်ခံ့စေသင့်တယ်။

၂၀။ ပသခါပွဲနဲ့ သခင့်ညစာစားပွဲ မတူတာတစ်ခုက ဘာလဲ။

၂၀ ဂျူးတွေကျင်းပတဲ့ပသခါပွဲနဲ့ တပည့်တွေကျင်းပဖို့ ယေရှု အမိန့်ပေးခဲ့တဲ့ သခင့်ညစာစားပွဲမှာ မတူတာတွေရှိတယ်။ ဥပမာ၊ အစ္စရေးလူတွေဟာ သိုးရဲ့အသားကိုစားတယ်၊ အသွေးကိုတော့ မသောက်ဘူး။ ဒါက တပည့်တွေကို ယေရှုမိန့်မှာခဲ့တဲ့အချက်နဲ့ ကွာခြားတယ်။ ဘုရားသခင့်နိုင်ငံတော်မှာ အုပ်ချုပ်မယ့်သူတွေဟာ မုန့်စားပြီး ဝိုင်သောက်သင့်တယ်လို့ ယေရှုပြောခဲ့တယ်၊ အဲဒါတွေက ယေရှုရဲ့ အသားနဲ့အသွေးကို ကိုယ်စားပြုတယ်။ လာမယ့်ဆောင်းပါးမှာ ခရစ်တော်ရဲ့သေခြင်း အောက်မေ့ရာပွဲအကြောင်းကို အသေးစိတ်လေ့လာကြပါမယ်။—မာ. ၁၄:၂၂-၂၅

၂၁။ ကျွန်ုပ်တို့ ဘာကြောင့် ပသခါပွဲအကြောင်း သိသင့်သလဲ။

၂၁ ပသခါပွဲက ဘုရားသခင့်လူမျိုးရဲ့သမိုင်းမှာ အရေးကြီးတဲ့ဖြစ်ရပ်တစ်ခုဖြစ်တယ်။ ကျွန်ုပ်တို့တစ်ယောက်စီက အဲဒီကနေ သင်ခန်းစာများစွာ သင်ယူနိုင်ကြတယ်။ ပသခါပွဲက ဂျူးတွေအတွက် “အောက်မေ့ဖွယ်” တစ်ခုဖြစ်ပေမဲ့ ခရစ်ယာန်တွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ အဲဒီအကြောင်းကို သိပြီး အဲဒီကနေ အဖိုးတန်သင်ခန်းစာတွေ သင်ယူသင့်တယ်၊ အကြောင်းကတော့ ကျမ်းဂန်ရှိသမျှဟာ ဘုရားသခင့်စွမ်းအားတော်ရဲ့လမ်းညွှန်မှုနဲ့ ရေးထားလို့ပါပဲ။—၂ တိ. ၃:၁၆

^ စာပိုဒ်၊ 11 ပသခါပွဲပြီး နောက်တစ်နေ့ဖြစ်တဲ့ နိသန်လ ၁၅ ရက်နေ့ဟာ အဇုမပွဲရဲ့ ပထမနေ့ဖြစ်တယ်၊ အဲဒီနေ့က ဘယ်နေ့ပဲကျကျ အမြဲပဲ ဥပုသ်နေ့ဖြစ်တယ်။ အေဒီ ၃၃၊ နိသန်လ ၁၅ ရက်ဟာ ပတ်စဉ်ဥပုသ်နေ့ (စနေနေ့) ရဲ့ အစဖြစ်နေတယ်။ ဒါကြောင့် အဲဒီနေ့ဟာ ဥပုသ်နေ့နှစ်ခု ထပ်နေလို့ “ကြီးမြတ်သောဥပုသ်နေ့” ဖြစ်တယ်။—ယောဟန် ၁၉:၃၁၊ ၄၂ ကိုဖတ်ပါ။