ယေဟောဝါက သူတို့ကို တောင်တွေရဲ့ အရိပ်နဲ့ ကာကွယ်ပေး
မနက်စောစောမှာ အမျိုးသမီးတစ်ယောက်က သူ့အိမ်ရှေ့တံခါးကို ဖွင့်လိုက်တဲ့အခါ တံခါးဝမှာ အထုပ်တစ်ထုပ်ကို တွေ့လိုက်ရတယ်။ အဲဒီအထုပ်ကို သူ ကောက်ယူလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်၊ ဒါပေမဲ့ လမ်းပေါ်မှာ ဘယ်သူမှမရှိဘူး။ မနေ့ညက တစ်ယောက်ယောက် ထားသွားတာဖြစ်ရမယ်။ သူက အထုပ်ကို မသိမသာလေး ဖွင့်ကြည့်လိုက်တယ်၊ အဲဒီနောက် အိမ်ထဲကို ချက်ချင်းဝင်သွားပြီး တံခါးပိတ်လိုက်တယ်။ သူ အဲဒီလိုလုပ်မှာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ အထုပ်ထဲကပစ္စည်းတွေက ပိတ်ပင်ထားတဲ့ ကျမ်းစာအခြေပြုစာပေတွေ ဖြစ်နေလို့ပဲ။ သူဟာ အထုပ်ကိုပိုက်ပြီး ဒီအဖိုးတန်စာပေတွေအတွက် ယေဟောဝါကို ကျေးဇူးတင်ကြောင်း အသံတိတ်ဆုတောင်းလိုက်တယ်။
ဒီအဖြစ်အပျက်တွေဟာ နာဇီအုပ်ချုပ်တဲ့ ၁၉၃၀ ပြည့်လွန်နှစ်တွေအတွင်း ဂျာမနီမှာ ဖြစ်ပျက်ခဲ့တယ်။ ၁၉၃၃ ခုနှစ်မှာ နာဇီတွေ အာဏာရပြီးတဲ့နောက် နိုင်ငံရဲ့ ဒေသအတော်များများမှာ ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ပိတ်ပင်လိုက်တယ်။ အခုအချိန်မှာ အသက် ၁၀၀ ကျော်နေပြီဖြစ်တဲ့ ရစ်ချက် ရူဒေါ့ *က ဒီလိုပြောပြတယ်– “လူတွေထုတ်တဲ့ဒီအမိန့်က ယေဟောဝါနဲ့ ကိုယ်တော့်နာမည်အကြောင်း ကြေညာတာကို မပိတ်ပင်နိုင်ဘူးလို့ ကျွန်တော်တို့ ယုံကြည်ခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ လေ့လာမှုနဲ့ အမှုဆောင်လုပ်ငန်းအတွက် အရေးကြီးတာက ကျမ်းစာအခြေပြုစာပေတွေပဲ။ ဒါပေမဲ့ ပိတ်ပင်မှုကြောင့် အဲဒါတွေကို လွယ်လွယ်နဲ့ မရနိုင်တော့ဘူး။ ဒီအလုပ်ကို ဘယ်လို ဆက်လုပ်မလဲလို့ ကျွန်တော်တို့ စဉ်းစားခဲ့ကြတယ်။” သိပ်မကြာခင်မှာ ရစ်ချက်ဟာ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တဲ့ ထူးခြားတဲ့နည်းတစ်နည်းကို သိခဲ့တယ်။ အဲဒါကို တောင်တွေရဲ့အရိပ်တွေအားဖြင့် လုပ်နိုင်မှာဖြစ်တယ်။—သူကြီး. ၉:၃၆။
မှောင်ခိုလမ်းကြောင်းတွေအားဖြင့်
အဲလ်ဘာ (လိပ်) မြစ်ရဲ့အထက်ကို ဆန်တက်သွားလိုက်ရင် နောက်ဆုံးမှာ သင်ဟာ တောင်တန်းကြီးတွေတည်ရှိတဲ့နေရာကို ရောက်သွားပါလိမ့်မယ်။ အဲဒီတောင်တန်းကြီးတွေက ချက်ပြည်သူ့သမ္မတနိုင်ငံနဲ့ ပိုလန်နယ်စပ်မှာ တည်ရှိတယ်။ ပေ ၅,၂၅၀ လောက်ပဲရှိတဲ့ ဒီတောင်ကြောကို နှစ်ဝက်လောက်က ၁၀ ပေလောက်ရှိတဲ့ နှင်းထုတွေ ဖုံးလွှမ်းနေတယ်။ အပြောင်းအလဲမြန်တဲ့ ရာသီဥတုကို ထည့်မတွက်မိတဲ့သူတွေဟာ တောင်ထိပ်တွေမှာ ရုတ်တရက်မြူနှင်းတွေ ဖုံးလွှမ်းလာတဲ့အခါ ပိတ်မိသွားနိုင်တယ်။
ရာစုနှစ်တွေတစ်လျှောက်မှာ ဒီတောင်တန်းကြီးက ပြည်နယ်တွေ၊ နိုင်ငံတွေကို ပိုင်းခြားထားတဲ့ သဘာဝနယ်နိမိတ်ဖြစ်ခဲ့တယ်။ မျက်စိ
လည်စေတဲ့ဒီနယ်မြေဟာ စောင့်ကြည့်ဖို့ ခက်ခဲစေတယ်၊ ဒါကြောင့် အရင်တုန်းကဆိုရင် ဒီတောင်တန်းတွေမှာ မှောင်ခိုပစ္စည်းသယ်တဲ့သူတွေ အများကြီးရှိတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေမှာ ဒီတောင်တန်းကြီးတွေကို ချက်ကိုစလိုဗက်ကီးယားဘက်ခြမ်းနဲ့ ဂျာမနီဘက်ခြမ်းဆိုပြီး ခွဲလိုက်တယ်၊ စိတ်ဓာတ်ကြံ့ခိုင်တဲ့ သက်သေခံတွေဟာ ဘယ်သူမှ မသုံးတော့တဲ့ ဒီမှောင်ခိုလမ်းကြောင်းကို စတင်အသုံးပြုခဲ့ကြတယ်။ ဘာအတွက်လဲ။ ကျမ်းစာစာပေတွေကို အလွယ်တကူရနိုင်တဲ့နေရာကနေ သယ်ယူရာမှာ အသုံးပြုဖို့ပဲ။ ရစ်ချက်ဟာ အဲဒီသက်သေခံတွေထဲက တစ်ယောက်ဖြစ်တယ်။အန္တရာယ်များတဲ့ ခြေလျင်တောင်တက်သမားတွေ
“စနေ၊ တနင်္ဂနွေနေ့တွေဆိုရင် ကျွန်တော်တို့ လူငယ်ညီအစ်ကိုခုနစ်ယောက်၊ ရှစ်ယောက်ဟာ အုပ်စုဖွဲ့၊ တောင်တက်သမားတွေလို ဝတ်ဆင်ပြီး အဲဒီတောင်တန်းတွေဘက်ကို သွားကြတယ်” လို့ရစ်ချက်က ပြောပြတယ်။ “ဂျာမနီဘက်ကနေ တောင်တန်းကိုဖြတ်ပြီး သုံးနာရီလောက် လမ်းလျှောက်လိုက်ရင် ချက်နိုင်ငံနဲ့ ဆယ်မိုင်လောက်ဝေးတဲ့ အပန်းဖြေစခန်းတစ်ခုဖြစ်တဲ့ ရှပင်ဒဲရူမလင်ကို ရောက်တယ်။ အဲဒီအချိန်တုန်းက အဲဒီဒေသမှာ ဂျာမန်လူမျိုးတွေ အများကြီးနေကြတယ်။ အဲဒီမှာနေထိုင်တဲ့ လယ်သမားတစ်ယောက်က ညီအစ်ကိုတွေနဲ့ ပူးပေါင်းဖို့ သဘောတူခဲ့တယ်။ သာမန်အားဖြင့်တော့ အားလပ်ရက်အပျော်ခရီးထွက်သူတွေကို သယ်ယူပို့ဆောင်ပေးရာမှာ အသုံးပြုတဲ့ မြင်းလှည်းနဲ့ အနီးအနားမြို့ကနေ စာအုပ်ပုံးတွေကို သယ်ယူခဲ့ကြတယ်။ အဲဒီစာအုပ်ပုံးတွေကို ပရာ့ဂ်မြို့ကနေ မီးရထားနဲ့ပို့ထားတာဖြစ်တယ်။ အဲဒီလယ်သမားက စာအုပ်ပုံးတွေကို ဂျာမနီဘက်ခြမ်းကိုပို့ပေးမယ့်သူတွေ လာမယူခင်မှာ လယ်ထဲသယ်သွားပြီး မြက်ခြောက်ထားတဲ့နေရာမှာ ဝှက်ထားတယ်။
“လယ်ထဲကိုရောက်ပြီးတဲ့နောက်မှာ လေးလံတဲ့ပစ္စည်းတွေကိုသယ်ဖို့ အထူးစီမံချုပ်လုပ်ထားတဲ့ ကျောပိုးအိတ်တွေထဲကို စာအုပ်တွေထည့်လိုက်တယ်။ တစ်ယောက်ကို ပေါင် ၁၀၀ (၅၀ ကီလိုဂရမ်) လောက် ထမ်းရတယ်။ ရှာဖွေရေးတွေမတွေ့နိုင်အောင် နေဝင်ချိန်မှာ စထွက်ပြီး နေမထွက်ခင် အိမ်ကိုအရောက်ပြန်ရတယ်။ အဲဒီအချိန်တုန်းက တိုက်နယ်ကြီးကြပ်မှူးတစ်ယောက်ဖြစ်တဲ့ အန်း ဗီစ်နာက လုံခြုံရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့တာတွေကို ပြောပြတယ်– “ညီအစ်ကိုနှစ်ယောက်က ရှေ့ကသွားပြီး လမ်းမှာတစ်ယောက်ယောက်နဲ့တွေ့ရင် လက်နှိပ်ဓာတ်မီးထိုးပြီး ချက်ချင်းအချက်ပြတယ်။ ဒါက လေးလံတဲ့ကျောပိုးအိတ်ကိုပိုးပြီး မီတာ ၁၀၀ အကွာကလိုက်လာတဲ့ ညီအစ်ကိုတွေကို ချုံပုတ်ထဲမှာဝင်ပုန်းဖို့ အချက်ပြလိုက်တာဖြစ်တယ်။ ရှေ့က သွားနေတဲ့ညီအစ်ကို ပြန်လာပြီး စကားဝှက်မပြောမချင်း ပုန်းနေရမှာဖြစ်တယ်။ စကားဝှက်က တစ်ပတ်တစ်မျိုး ပြောင်းတယ်။ ဒါပေမဲ့ အပြာရောင်ဝတ်စုံဝတ်ထားတဲ့ ဂျာမန်ရဲတွေကပဲ အန္တရာယ်ပေးတာမဟုတ်ဘူး။
“တစ်ညနေမှာ ကျွန်တော် အလုပ်ပိုလုပ်ရတဲ့အတွက် တခြားညီအစ်ကိုတွေထက် နောက်ကျပြီး ချက်နိုင်ငံဘက်ကနေ ထွက်ရတယ်။ အဲဒီအချိန်က မှောင်နေပြီး နှင်းမိုးတွေရွာနေလို့ ခိုက်ခိုက်တုန်အောင်ချမ်းနေတယ်။ ထင်းရှူးပင်တွေကြားမှာ ကျွန်တော် နာရီပေါင်းများစွာ လမ်းပျောက်နေခဲ့တယ်။ ဒီလိုနည်းနဲ့သေသွားတဲ့ ခြေလျင်တောင်တက်သမားတွေ အများကြီးပဲ။ မနက်စောစောမှာ ပြန်လာတဲ့ညီအစ်ကိုတွေနဲ့ ပြန်တွေ့လို့ တော်သေးတယ်။”
သတ္တိရှိတဲ့ ဒီညီအစ်ကိုအုပ်စုငယ်လေးဟာ သုံးနှစ်လောက် အပတ်တိုင်း တောင်တန်းတွေမှာ ဒီလိုသွားလာခဲ့ကြတယ်။ ဆောင်းတွင်းမှာဆိုရင် ညီအစ်ကိုတွေဟာ စကီး (နှင်းလျှောစီးပျဉ်ချပ်) တွေသုံးပြီး တန်ဖိုးရှိတဲ့စာပေတွေကို ပို့ဆောင်ပေးကြတယ်။ တစ်ခါတလေကျတော့ လူ ၂၀ လောက်ရှိတဲ့ ညီအစ်ကိုအုပ်စုတွေဟာ တောင်တက်သမားတွေရဲ့ လမ်းကြောင်းတွေအတိုင်း နေ့ဘက်မှာ နယ်စပ်ကိုဖြတ်ကြတယ်။ သူတို့ကို အန္တရာယ်မရှိတဲ့ တောင်တက်သမားတွေအဖြစ် ထင်မှတ်သွားစေဖို့ ညီအစ်မတချို့ကိုလည်း ခေါ်သွားတယ်။ သူတို့ထဲကတချို့က ရှေ့ကသွားကြပြီး အန္တရာယ်တစ်ခုခုရှိတယ်လို့ ထင်တဲ့အခါမှာ သူတို့ရဲ့ဦးထုပ်တွေကို လေထဲပစ်ပြီး အချက်ပြလိုက်တယ်။
စာအုပ်ပို့တဲ့လူတွေ ညတွင်းချင်းပြန်လာပြီးတဲ့နောက်မှာ ဘာဖြစ်ခဲ့သလဲ။ စာပေတွေကို ချက်ချင်းဖြန့်ဝေဖို့ သေချာစီစဉ်တယ်။ ဘယ်လိုနည်းနဲ့လဲ။ စာပေတွေကို ဆပ်ပြာပုံးတွေထဲထည့်ပြီး ဟာ့ရှ်ဘာ့မြို့မှာရှိတဲ့ ဘူတာရုံကိုသယ်သွားကြတယ်။ အဲဒီပုံးတွေကို ဂျာမနီနိုင်ငံရဲ့ ဒေသအသီးသီးကို ပို့ပေးပြီး ညီအစ်ကိုညီအစ်မတွေက အစပိုင်းမှာဖော်ပြထားသလိုပဲ သတိရှိရှိနဲ့ ယုံကြည်သူချင်းတွေဆီကို ပြန်ဖြန့်ဝေပေးတယ်။ ဒီလို လျှို့ဝှက်ပို့ပေးနေတဲ့လမ်းကြောင်းကို တစ်ယောက်ယောက်က သိသွားမယ်ဆိုရင် တကယ်ဆိုးရွားတဲ့အကျိုးဆက် ဖြစ်လာနိုင်တယ်။ တကယ်ပဲ တစ်နေ့မှာ မမျှော်လင့်ထားတဲ့ အနှောင့်အယှက်တစ်ခု ပေါ်လာတယ်။
၁၉၃၆ ခုနှစ်မှာ ဘာလင်မြို့အနားက စာအုပ်ဂိုဒေါင်တစ်ခုကို ရှာတွေ့သွားတယ်။ အဲဒီဂိုဒေါင်ထဲမှာ ဟာ့ရှ်ဘာ့မြို့က ဘယ်သူပို့ပေးလိုက်မှန်းမသိတဲ့ အထုပ်သုံးထုပ်ကို တွေ့သွားတယ်။ ရဲတွေက လက်ရေးစစ်ဆေးတဲ့နည်းကိုသုံးပြီး စာအုပ်မှောင်ခိုတင်သွင်းနေသူကို ဖော်ထုတ်၊ ဖမ်းဆီးလိုက်တယ်။ မကြာခင်မှာပဲ ရစ်ချက်အပါအဝင် သံသယရှိသူနောက်တစ်ယောက်ကို ဖမ်းလိုက်တယ်။ အဲဒီညီအစ်ကိုတွေက အားလုံးတာဝန်ယူပြီး ခေါင်းခံလိုက်တဲ့အတွက် တခြားညီအစ်ကိုတွေက ဒီအန္တရာယ်များတဲ့ အလုပ်ကို အချိန်အတန်ကြာ ဆက်ပြီးတိုးချဲ့လုပ်ဆောင်နိုင်ခဲ့ကြတယ်။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ
ကျောပိုးအိတ်တွေထဲထည့်ပြီး တောင်တန်းကြီးတွေကို ဖြတ်ကျော် သယ်ဆောင်လာတဲ့ ဒီစာပေတွေဟာ ဂျာမန်သက်သေခံတွေအတွက် တကယ်အရေးပါတဲ့ ကျမ်းစာစာပေတွေဖြစ်တယ်။ ဒါပေမဲ့ ဒီတောင်တန်းကြီးတွေကပဲ စာအုပ်သယ်တဲ့ တစ်ခုတည်းသောလမ်းကြောင်း မဟုတ်ပါဘူး။ ချက်ကိုစလိုဗက်ကီးယားကို ဂျာမန်တွေ သိမ်းပိုက်လိုက်တဲ့ ၁၉၃၉ ခုနှစ် မတိုင်မီအချိန်အထိ အဲဒီနိုင်ငံရဲ့နယ်စပ်တစ်လျှောက်မှာ အလားတူလမ်းကြောင်းတွေ ရှိပါတယ်။ ဂျာမနီနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပြင်သစ်၊ နယ်သာလန်နဲ့ ဆွစ်ဇလန်က သက်သေခံတွေနဲ့ ဂျာမနီမှာရှိတဲ့ သက်သေခံတွေဟာ နှိပ်စက်ညှဉ်းပန်းခံရတဲ့ညီအစ်ကိုတွေဆီ ကျမ်းစာစာပေတွေပို့ပေးဖို့အတွက် သက်စွန့်ဆံဖျား လုပ်ဆောင်ခဲ့ကြတယ်။
ယနေ့အချိန်မှာတော့ ကျွန်ုပ်တို့အများစုဟာ ကျမ်းစာစာပေတွေကို ပုံစံအမျိုးမျိုးနဲ့ လိုသလောက် ရရှိနိုင်ကြပါတယ်။ နိုင်ငံတော်ခန်းမမှာ စာပေအသစ်တစ်ခုရရှိတဲ့အခါ ဒါမှမဟုတ် jw.org ဝက်ဘ်ဆိုက်ကနေ စာအုပ်တစ်အုပ်ကို ကူးယူတဲ့အခါမှာ ဒီစာအုပ်တစ်အုပ်ရရှိဖို့ ဘယ်လောက်အထိ လုပ်ဆောင်ရတယ်ဆိုတာ စဉ်းစားကြည့်ပါ။ ညသန်းခေါင်မှာ နှင်းဖုံးနေတဲ့တောင်တွေကိုဖြတ်ပြီး စာပေတွေကိုသယ်ရတာ မဟုတ်ပေမဲ့ သင့်အကျိုးအတွက် ကိုယ်ကျိုးစွန့်လုပ်ဆောင်နေတဲ့ ညီအစ်ကိုတွေဟာ များစွာကြိုးစားအားထုတ်ရမှာ သေချာပါတယ်။
^ စာပိုဒ်၊ 3 သူက စိုင်လိရှားဒေသမှာရှိတဲ့ ဟာ့ရှ်ဘာ့အသင်းတော်မှာ အမှုဆောင်ခဲ့တယ်။ ဟာ့ရှ်ဘာ့မြို့က အခုဆိုရင် ပိုလန်နိုင်ငံ အနောက်တောင်ဘက်မှာရှိတဲ့ ယယ်လင်းယာဂူရာမှာတည်ရှိတယ်။