မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့”

“ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့”

“ကျေးဇူးတော်ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ပြီးလျှင် ‘ဤမုန့်သည် သင်တို့အတွက်စွန့်သော ငါ၏ကိုယ်ကို ကိုယ်စားပြု၏။ ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့’ ဟုမိန့်တော်မူ၏။”—၁ ကော. ၁၁:၂၄

၁၊ ၂။ နိသန်လစပြီဆိုတာကို ယေရှုသိတဲ့အခါ သူဘာလုပ်ချင်ခဲ့မလဲ။

လဆန်းရက်ဖြစ်လို့ ဂျေရုဆလင်မြို့ရဲ့ အစောင့်ဟာ ကောင်းကင်မှာရှိတဲ့ လခြမ်းကွေးကို မြင်နေရတယ်။ ဂျူးတရားရုံးချုပ်ကလည်း အဲဒါကိုသိပြီး လသစ်တစ်လဖြစ်တဲ့ နိသန်လ အစပြုပြီလို့ကြေညာခဲ့တယ်။ အချက်ပြမီးတွေ ဒါမှမဟုတ် သတင်းပို့တဲ့သူတွေက ဒီသတင်းကို လူအများသိအောင် သတင်းဖြန့်ပေးတယ်။ တမန်တော်တွေက ပသခါပွဲနီးလာပြီဆိုတာကို သိကြတယ်။ ယေရှုက ပသခါပွဲမတိုင်ခင် ဂျေရုဆလင်မြို့ကို အရောက်သွားချင်မယ်ဆိုတာ သူတို့သိမှာပဲ။

အဲဒီအချိန်မှာ ယေရှုနဲ့ တမန်တော်တွေဟာ ပေရိယ (ယော်ဒန်မြစ်တစ်ဖက်ကမ်း) မှာရောက်နေတယ်၊ အဲဒီခရီးက ဂျေရုဆလင်ကိုသွားတဲ့ သူတို့ရဲ့နောက်ဆုံးခရီးပဲ။ (မ. ၁၉:၁; ၂၀:၁၇၊ ၂၉; မာ. ၁၀:၁၊ ၃၂၊ ၄၆) နိသန်လ ၁ ရက်နေ့ကို သတ်မှတ်ပြီးပြီဆိုရင် နောက်ထပ် ၁၃ ရက်အကြာဖြစ်တဲ့ နိသန်လ ၁၄ ရက်နေ့ နေဝင်ပြီးနောက်မှာ ပသခါပွဲကျင်းပကြတော့မယ်။

၃။ ခရစ်ယာန်တွေဟာ ဘာကြောင့် ပသခါပွဲနေ့စွဲကို စိတ်ဝင်စားကြသလဲ။

ပသခါပွဲနဲ့တစ်ရက်တည်းကျတဲ့ သခင့်ညစာစားပွဲကို ၂၀၁၄၊ ဧပြီ ၁၄ ရက်နေ့ နေဝင်ပြီးနောက်မှာ ကျင်းပမှာဖြစ်တယ်။ အဲဒီနေ့က ခရစ်ယာန်စစ်တွေနဲ့ စိတ်ဝင်စားသူတွေအတွက် အထူးနေ့တစ်နေ့ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲ။ “သခင်ယေရှုသည် ရန်သူ၏လက်သို့ အပ်နှံခံရမည့်ညတွင် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ပြီးလျှင် ‘ဤမုန့်သည် သင်တို့အတွက်စွန့်သော ငါ၏ကိုယ်ကို ကိုယ်စားပြု၏။ ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့’ ဟုမိန့်တော်မူ၏။ ထိုနည်းတူ . . . ခွက်ကိုလည်းယူ၍” ဆိုပြီး ၁ ကောရိန္သု ၁၁:၂၃-၂၅ မှာဖတ်ရတယ်။

၄။ (က) အောက်မေ့ရာပွဲနဲ့ပတ်သက်ပြီး သင့်ကိုသင် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။ (ခ) နှစ်စဉ်ကျင်းပတဲ့ အောက်မေ့ရာပွဲနေ့စွဲကို ဘယ်လို သိရသလဲ။ ( “၂၀၁၄ အောက်မေ့ရာပွဲ” လေးထောင့်ကွက်ကိုလည်းကြည့်ပါ။)

အောက်မေ့ရာပွဲဆိုတာ ယေရှုက သူ့နောက်လိုက်တွေကို တစ်နှစ်တစ်ကြိမ် ကျင်းပဖို့ မိန့်မှာခဲ့တဲ့ တစ်ခုတည်းသောပွဲပါပဲ၊ သင်လည်း အဲဒီပွဲကို တက်ရောက်ချင်မှာသေချာပါတယ်။ ဒါပေမဲ့ သင့်ကိုသင် ဒီလိုအရင်မေးကြည့်ပါ– ‘အောက်မေ့ရာပွဲကို ဘယ်လို ပြင်ဆင်သင့်သလဲ။ အောက်မေ့ရာပွဲမှာ ဘယ်အထိမ်းအမှတ်ပစ္စည်းတွေ အသုံးပြုသလဲ။ အဲဒီပွဲကို ဘယ်လိုကျင်းပသလဲ။ အောက်မေ့ရာပွဲနဲ့ အထိမ်းအမှတ်တွေက ငါ့အတွက် ဘာကြောင့် အရေးကြီးသလဲ။’

အထိမ်းအမှတ်များ

၅။ ပသခါပွဲအတွက် ပြင်ဆင်ဖို့ တမန်တော်တွေကို ယေရှု ဘာပြောခဲ့သလဲ။

ယေရှုက တမန်တော်တွေကို ပသခါညစာအတွက် ပြင်ဆင်ဖို့ ပြောတဲ့အခါ အခန်းကို အလှဆင်ဖို့ မပြောခဲ့ဘူး။ အဲဒီအစား သူနဲ့ တမန်တော်တွေအားလုံးအတွက် လုံလောက်တဲ့အကျယ်အဝန်းရှိပြီး သန့်ရှင်းတဲ့အခန်းကို လိုချင်ခဲ့မှာဖြစ်တယ်။ (မာကု ၁၄:၁၂-၁၆ ကိုဖတ်ပါ။) တမန်တော်တွေဟာ တဆေးမဲ့မုန့်နဲ့ ဝိုင်နီအပါအဝင် ညစာအတွက် လိုအပ်တာမှန်သမျှကို အသင့်ပြင်ဆင်ထားမှာဖြစ်တယ်။ ပသခါညစာစားပြီးနောက်မှာ ယေရှုက မုန့်နဲ့ ဝိုင်အကြောင်းပြောခဲ့တယ်။ ဒီနှစ်ခုကို အောက်မေ့ရာပွဲအထိမ်းအမှတ်တွေအဖြစ် အသုံးပြုမှာဖြစ်တယ်။

၆။ (က) ပသခါညစာစားပြီးတဲ့နောက်မှာ မုန့်နဲ့ပတ်သက်ပြီး ယေရှု ဘာပြောခဲ့သလဲ။ (ခ) အောက်မေ့ရာပွဲမှာ ဘယ်လိုမုန့်မျိုးကို အသုံးပြုသလဲ။

အဲဒီအချိန်မှာ ရှိခဲ့တဲ့ တမန်တော်မဿဲက နောက်ပိုင်းမှာ ဒီလိုရေးခဲ့တယ်– “ယေရှုသည် မုန့်ကိုယူ၍ ဆုတောင်းပြီးမှ မုန့်ကိုဖဲ့ပြီးလျှင် ‘ယူ၍စားကြလော့’ . . . ဟုမိန့်တော်မူလျက် တပည့်တော်တို့အား ပေးတော်မူ၏။” (မ. ၂၆:၂၆) “မုန့်” က ပသခါပွဲမှာသုံးတဲ့ တဆေးမဲ့မုန့်ပဲ။ (ထွ. ၁၂:၈; တရား. ၁၆:၃) ဒီမုန့်ကို ဂျုံမှုန့်နဲ့ရေ ရောစပ်ပြီး လုပ်ထားတာဖြစ်တယ်။ တဆေးမပါတဲ့မုန့်ဖြစ်လို့ မုန့်က မပွဘူး။ ဆားလိုမျိုး အရသာတွေလည်း မထည့်ထားဘူး။ ရိုးရိုးမုန့်ခြောက်နဲ့တူလို့ ချိုးဖဲ့ရလွယ်တယ်။ ယနေ့အချိန်မှာ အသင်းတော်အကြီးအကဲတွေက အောက်မေ့ရာပွဲမတိုင်ခင်မှာ အဲဒီလိုမုန့်မျိုးဖုတ်ဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးမှာဖြစ်တယ်။ အဲဒီမုန့်မှာ ဂျုံမှုန့်နဲ့ရေပဲ ပါဝင်သင့်ပြီး ဒယ်ပြားမှာ ဆီနည်းနည်းနဲ့ ဖုတ်ရမှာဖြစ်တယ်။ ဂျုံမှုန့်ရှားပါးတဲ့နေရာတွေမှာ ဆန်မှုန့်၊ မုယောစပါးမှုန့်၊ ပြောင်းမှုန့်နဲ့ အလားတူအမှုန့်မျိုးကို အသုံးပြုနိုင်ပါတယ်။

၇။ သခင့်ညစာစားပွဲမှာ ယေရှုသုံးတဲ့ခွက်ထဲမှာ ဘာရှိသလဲ။ အောက်မေ့ရာပွဲမှာ ဘယ်လိုဝိုင်အမျိုးအစားကို အသုံးပြုနိုင်သလဲ။

“[ယေရှုသည်] ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ သူတို့အား ပေးတော်မူပြီးလျှင် ‘သင်တို့အားလုံး သောက်ကြလော့’” လို့ပြောတယ်ဆိုပြီး မဿဲက ဆက်ရေးတယ်။ (မ. ၂၆:၂၇၊ ၂၈) ယေရှုသုံးတဲ့ခွက်ထဲမှာ ဝိုင်နီရှိတယ်။ အဲဒါက သိပ်မကြာသေးခင်ကမှလုပ်ထားတဲ့ဝိုင် မဟုတ်ဘူးဆိုတာ ဘယ်လိုသိရသလဲ။ အကြောင်းကတော့ စပျစ်သီးခူးတဲ့အချိန် ကျော်လွန်ခဲ့တာ အတော်ကြာနေပြီ။ အီဂျစ်ပြည်မှာ ကျင်းပခဲ့တဲ့ ပထမဦးဆုံးပသခါပွဲမှာ ဝိုင်မပါဘူး။ ဒါပေမဲ့ ပသခါပွဲမှာ ဝိုင်သောက်တာ မှားတယ်လို့ ယေရှုမပြောခဲ့ဘူး။ သခင့်ညစာစားပွဲမှာတောင် ဝိုင်တချို့ကို အသုံးပြုခဲ့တယ်။ ဒါကြောင့် ယနေ့ခေတ်ခရစ်ယာန်တွေလည်း အောက်မေ့ရာပွဲမှာ ဝိုင်ကိုအသုံးပြုတယ်။ ဘယ်လိုဝိုင် အမျိုးအစားကို အသုံးပြုသင့်သလဲ။ အောက်မေ့ရာပွဲမှာသုံးတဲ့ ဝိုင်မှာ အရက် ဒါမှမဟုတ် အမွှေးအကြိုင်တွေ မပါဝင်သင့်ဘူး။ ယေရှုရဲ့အသွေးကို ပိုတန်ဖိုးရှိစေဖို့ ဘာမှ ထပ်ထည့်စရာမလိုဘူး။ ဒါကြောင့် ရိုးရိုးဝိုင်နီကိုပဲသုံးတယ်။ အဲဒါက အိမ်မှာလုပ်တဲ့ဝိုင် ဒါမှမဟုတ် ဝယ်လို့ရနိုင်တဲ့ ပြင်သစ် ဘိုဂျိုလေဝိုင်၊ ဘာဂန်ဒီဝိုင်၊ အီတလီ ကီရန်တီဝိုင် စတာတွေကို အသုံးပြုနိုင်ပါတယ်။

အထိမ်းအမှတ်တွေက ဘာကို ကိုယ်စားပြု

၈။ မုန့်နဲ့ဝိုင်နီက ဘာကို ကိုယ်စားပြုသလဲဆိုတာကို ခရစ်ယာန်တွေ ဘာကြောင့် စိတ်ဝင်စားကြသလဲ။

တမန်တော်တွေသာမက ခရစ်ယာန်တွေလည်း သခင့်ညစာစားပွဲ ကျင်းပရမယ်လို့ တမန်တော်ပေါလုရဲ့စကားတွေက ဖော်ပြတယ်။ ကောရိန္သုမှာရှိတဲ့ညီအစ်ကိုတွေကို ပေါလု ဒီလိုစာရေးခဲ့တယ်– “သခင်ယေရှုသည် . . . မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ပြီးလျှင် ‘ဤမုန့်သည် သင်တို့အတွက်စွန့်သော ငါ၏ကိုယ်ကို ကိုယ်စားပြု၏။ ငါ့ကို အောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့’ ဟုမိန့်တော်မူ၏။” (၁ ကော. ၁၁:၂၃၊ ၂၄) ခရစ်ယာန်တွေဟာ အောက်မေ့ရာပွဲကို တစ်နှစ်တစ်ကြိမ်ကျင်းပဖို့ မိန့်မှာခံရတဲ့အတွက်ကြောင့် မုန့်နဲ့ဝိုင်နီက ဘာကို ကိုယ်စားပြုသလဲဆိုတာကို အလွန်စိတ်ဝင်စားကြတယ်။

၉။ ယေရှုသုံးခဲ့တဲ့မုန့်နဲ့ပတ်သက်ပြီး တချို့သူတွေ ဘယ်လို တလွဲယုံကြည်ကြသလဲ။

တကယ်တော့ ယေရှုက ‘ဤမုန့်သည် ငါ၏ကိုယ်ဖြစ်၏’ လို့ပြောခဲ့တာဖြစ်တယ်လို့ ချာ့ခ်ျတက်သူတချို့က ထောက်ပြကြတယ်။ ဒါကြောင့် မုန့်ဟာ အံ့ဖွယ်နည်းနဲ့ ယေရှုရဲ့ တကယ့်အသားအဖြစ် ပြောင်းလဲသွားတယ်လို့ သူတို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ အဲဒီလို မဖြစ်ခဲ့ပါဘူး။ * ယေရှုရဲ့ ခန္ဓာကိုယ်နဲ့ တဆေးမဲ့မုန့် နှစ်မျိုးစလုံးက သစ္စာရှိတမန်တော်တွေရှေ့မှာ ရှိခဲ့တယ်။ မုန့်ဟာ မိမိရဲ့ခန္ဓာကိုယ်ကို ကိုယ်စားပြုတယ်လို့ ယေရှု ပြောနေတယ်ဆိုတာ ထင်ရှားတယ်။ ယေရှုဟာ သူ့ရဲ့သွန်သင်ချက်တွေမှာ အဲဒီလိုနှိုင်းယှဉ်ချက်တွေ မကြာခဏ သုံးလေ့ရှိတယ်။—ယော. ၂:၁၉-၂၁; ၄:၁၃၊ ၁၄; ၁၀:၇; ၁၅:၁

၁၀။ အောက်မေ့ရာပွဲမှာသုံးတဲ့မုန့်က ဘာကို ကိုယ်စားပြုသလဲ။

၁၀ တမန်တော်တွေဟာ မုန့်ကို မြင်တွေ့နေရပြီး မကြာခင်မှာ အဲဒီမုန့်ကို စားတော့မှာဖြစ်တယ်။ အဲဒီမုန့်က ယေရှုရဲ့ကိုယ်ကို ကိုယ်စားပြုတယ်။ တစ်ချိန်တုန်းက မုန့်ဟာ ဘိသိက်ခံရစ်ယာန်အသင်းတော်ဖြစ်တယ်လို့ ခရစ်ယာန်စစ်တွေယုံကြည်ခဲ့ကြတယ်။ အကြောင်းကတော့ ကျမ်းစာမှာ အသင်းတော်ကို “ခရစ်တော်၏ခန္ဓာကိုယ်” လို့ခေါ်ထားလို့ပဲ။ ယေရှုက မုန့်ကိုဖဲ့လိုက်ပေမဲ့ သူ့အရိုးတစ်ချောင်းမှ မကျိုးခဲ့လို့ သူတို့က အဲဒီလို ယုံကြည်ခဲ့ကြတာဖြစ်တယ်။ (ဧ. ၄:၁၂; ရော. ၁၂:၄၊ ၅; ၁ ကော. ၁၀:၁၆၊ ၁၇; ၁၂:၂၇) ဒါပေမဲ့ ထပ်ဆင့်ရှာဖွေလေ့လာမှုတွေ လုပ်တဲ့အခါ မုန့်က ယေရှုရဲ့လူသားခန္ဓာကိုယ်ကို ကိုယ်စားပြုတယ်ဆိုတာ သိလာကြတယ်။ ယေရှုဟာ ‘ခန္ဓာကိုယ်မှာ ဆင်းရဲဒုက္ခ’ ခံပြီး သစ်တိုင်ပေါ်မှာ အသေခံခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြလေ့ရှိတယ်။ ဒါကြောင့် အောက်မေ့ရာပွဲမှာသုံးတဲ့ မုန့်က ကျွန်ုပ်တို့ရဲ့အပြစ်တွေအတွက် ယေရှုပူဇော်ခဲ့တဲ့ သူ့ရဲ့လူသားခန္ဓာကိုယ်ကို ကိုယ်စားပြုတယ်။—၁ ပေ. ၂:၂၁-၂၄; ၄:၁; ယော. ၁၉:၃၃-၃၆; ဟေဗြဲ ၁၀:၅-၇

၁၁၊ ၁၂။ (က) ဝိုင်နဲ့ပတ်သက်ပြီး ယေရှု ဘာပြောခဲ့သလဲ။ (ခ) အောက်မေ့ရာပွဲမှာသုံးတဲ့ ဝိုင်က ဘာကို ကိုယ်စားပြုသလဲ။

၁၁ မုန့်က ဘာကိုကိုယ်စားပြုတယ်ဆိုတာကို သိတာက ဝိုင်က ဘာကိုကိုယ်စားပြုတယ်ဆိုတာကို သိဖို့ အထောက်အကူပြုတယ်။ “ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍ ‘ဤခွက်သည် ငါ၏သွေးဖြင့်ဖွဲ့သော ပဋိညာဉ်တရားသစ်ဖြစ်၏’” လို့ ယေရှုပြောခဲ့တဲ့အကြောင်း ဖတ်ရတယ်။ (၁ ကော. ၁၁:၂၅) ယေရှုကိုင်ထားတဲ့ တကယ့်ခွက်က ပဋိညာဉ်တရားသစ်လား။ မဟုတ်ပါဘူး။ ယေရှုက ခွက်ထဲမှာရှိတဲ့ဝိုင်အကြောင်း ပြောနေတာဖြစ်တယ်။ အဲဒီဝိုင်က ဘာကို ကိုယ်စားပြုတယ်လို့ ယေရှုပြောခဲ့သလဲ။ သူ ပူဇော်မယ့်အသွေးကို ကိုယ်စားပြုတယ်လို့ ပြောခဲ့တယ်။

၁၂ မာကုကျမ်းမှာ ယေရှုရဲ့စကားတွေကို ဒီလိုဖတ်ရတယ်– “ဤခွက်သည် အပြစ်များကိုလွတ်စေရန် လူအများအတွက် သွန်းလောင်းမည့် ‘ပဋိညာဉ်တရားနှင့်ဆိုင်သည့် ငါ၏အသွေး’ ဖြစ်၏။” (မာ. ၁၄:၂၄) မဿဲကျမ်းမှာ ယေရှုရဲ့အသွေးကို “အပြစ်များကိုလွတ်စေရန် လူအများအတွက် သွန်းလောင်း” မယ်လို့ ဖတ်ရတယ်။ (မ. ၂၆:၂၈) ဒါကြောင့် ဝိုင်နီဟာ ယေရှုရဲ့အသွေးကို ကိုယ်စားပြုတယ်။ ယေရှုရဲ့အသွေးက ရွေးနုတ်ဖိုးဖြစ်တယ်၊ အဲဒါကြောင့် ကျွန်ုပ်တို့ရဲ့အပြစ်တွေ ခွင့်လွှတ်ခံရနိုင်တယ်။—ဧဖက် ၁:၇ ကိုဖတ်ပါ။

ပဋိညာဉ်တရားနဲ့ဆိုင်တဲ့ ယေရှုရဲ့အသွေးကိုကိုယ်စားပြုတဲ့ ဝိုင်ကို တမန်တော်တွေ သောက်ကြတယ် (အပိုဒ် ၁၁၊ ၁၂ ကိုကြည့်ပါ)

အောက်မေ့ရာပွဲကို ကျင်းပပုံ

၁၃။ ခရစ်တော်ရဲ့သေခြင်းအောက်မေ့ရာပွဲကို ဘယ်လိုကျင်းပသလဲ။

၁၃ အကယ်၍ သင်က ယေဟောဝါသက်သေတွေနဲ့အတူ အောက်မေ့ရာပွဲကို ပထမဆုံးအကြိမ်အဖြစ် တက်ရောက်မယ်ဆိုရင် ဘာတွေကို မြင်တွေ့ရမယ်လို့ မျှော်လင့်ထားနိုင်သလဲ။ တက်ရောက်လာသူအားလုံးအတွက် လုံလောက်တဲ့အကျယ်အဝန်းရှိပြီး သက်သောင့်သက်သာနဲ့ စည်းဝေးလုပ်နိုင်တဲ့ သန့်ပြန့်တဲ့နေရာတစ်ခုမှာ အောက်မေ့ရာပွဲကို ကျင်းပပါလိမ့်မယ်။ အဲဒီမှာ ပန်းအိုးတချို့ ထိုးထားတာရှိမယ်၊ ဒါပေမဲ့ အဆင်တန်ဆာတွေအများကြီးနဲ့ ပြင်ဆင်ထားတာကိုတွေ့ရမှာမဟုတ်ဘူး၊ ပါတီပွဲတစ်ခုနဲ့လည်း တူမှာမဟုတ်ဘူး။ အရည်အချင်းရှိတဲ့ အကြီးအကဲတစ်ယောက်က သခင့်ညစာစားပွဲအကြောင်း ကျမ်းစာဟောပြောချက်ကို ဂုဏ်သိက္ခာရှိရှိ ရှင်းရှင်းလင်းလင်း ဟောပြောပါလိမ့်မယ်။ ခရစ်တော်ဟာ ကျွန်ုပ်တို့ အသက်ရှင်နိုင်ဖို့အတွက် ရွေးနုတ်ဖိုးပေးဖို့ အသေခံခဲ့တယ်လို့ သူက ရှင်းပြပါလိမ့်မယ်။ (ရောမ ၅:၈-၁၀ ကိုဖတ်ပါ။) ဟောပြောသူဟာ ကျမ်းစာမှာပါတဲ့ မျှော်လင့်ချက်နှစ်ခုအကြောင်းကိုလည်း ဟောပြောပါလိမ့်မယ်။

၁၄။ အောက်မေ့ရာပွဲမှာ ဟောပြောသူက ဘယ်မျှော်လင့်ချက်နှစ်ခုအကြောင်း ဟောပြောမလဲ။

၁၄ မျှော်လင့်ချက်တစ်ခုကတော့ ကောင်းကင်မှာ ခရစ်တော်နဲ့အတူ အုပ်စိုးဖို့ဖြစ်တယ်။ သစ္စာရှိတမန်တော်တွေလို ခရစ်ယာန်အနည်းငယ်ပဲ ဒီမျှော်လင့်ချက် ရရှိကြတယ်။ (လု. ၁၂:၃၂; ၂၂:၁၉၊ ၂၀; ဗျာ. ၁၄:၁) နောက်မျှော်လင့်ချက်တစ်ခုက သစ္စာရှိခရစ်ယာန်အများစု ရရှိမယ့်မျှော်လင့်ချက်ဖြစ်တယ်။ သူတို့ရဲ့မျှော်လင့်ချက်က မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်ဖို့ပါပဲ။ နောက်ဆုံးမှာ ကမ္ဘာမြေကြီးဟာ ဘုရားသခင်အလိုရှိတဲ့ပုံမျိုး ဖြစ်လာပါမယ်၊ အဲဒါက ခရစ်ယာန်တွေ အမြဲဆုတောင်းတဲ့အရာဖြစ်တယ်။ (မ. ၆:၁၀) သူတို့တွေဟာ အလွန်ကောင်းမွန်တဲ့ အသက်တာနဲ့ အမြဲထာဝစဉ် အသက်ရှင်သွားရမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ဟေရှာ. ၁၁:၆-၉; ၃၅:၅၊ ၆; ၆၅:၂၁-၂၃

၁၅၊ ၁၆။ အောက်မေ့ရာပွဲမှာ တဆေးမဲ့မုန့်ကို ဘာလုပ်သလဲ။

၁၅ အဲဒီမျှော်လင့်ချက်နှစ်ခုအကြောင်း ရှင်းပြပြီးတဲ့အခါ ဟောပြောသူက သခင့်ညစာစားပွဲမှာ ယေရှုပြုလုပ်ခဲ့တဲ့အတိုင်း ပွဲကို ကျင်းပမယ်လို့ ပြောပါလိမ့်မယ်။ ဟောပြောသူရဲ့ဘေးမှာရှိတဲ့ စားပွဲပေါ်မှာ တဆေးမဲ့မုန့်နဲ့ ဝိုင်နီ ရှိပါလိမ့်မယ်။ မုန့်နဲ့ပတ်သက်ပြီး ယေရှု ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ ဖော်ပြတဲ့ကျမ်းချက်ကို ဟောပြောသူက ဖတ်ပါလိမ့်မယ်။ “ယေရှုသည် မုန့်ကိုယူ၍ ဆုတောင်းပြီးမှ မုန့်ကိုဖဲ့ပြီးလျှင် ‘ယူ၍စားကြလော့။ ဤမုန့်သည် ငါ၏ကိုယ်ကို ကိုယ်စားပြု၏’” ဆိုတဲ့ မဿဲကျမ်းမှာပါတဲ့ ကျမ်းချက်ကို ဖတ်မှာဖြစ်တယ်။ (မ. ၂၆:၂၆) ယေရှုဟာ တမန်တော်တွေ တစ်ယောက်ကိုတစ်ယောက် လက်ဆင့်ကမ်းပေးနိုင်ဖို့အတွက် မုန့်တွေကို ဖဲ့တယ်။ ဧပြီ ၁၄ ရက်နေ့မှာကျင်းပမယ့် အောက်မေ့ရာပွဲမှာ ပန်းကန်ပြားထဲမှာ တဆေးမဲ့မုန့်ကို တွေ့ရပါလိမ့်မယ်။

၁၆ မုန့်ပန်းကန်ကို လက်ဆင့်မကမ်းခင်မှာ ညီအစ်ကိုတစ်ယောက်က အတိုချုပ်ဆုတောင်းပါလိမ့်မယ်။ အချိန်တိုအတွင်းမှာ လူတိုင်းကို စနစ်တကျ လက်ဆင့်ကမ်းနိုင်ဖို့အတွက် မုန့်ပန်းကန်အလုံအလောက် ရှိမှာဖြစ်တယ်။ ဒါကို နေရာဒေသနဲ့သင့်တော်တဲ့ နည်းလမ်းနဲ့ လုပ်ဆောင်မှာဖြစ်တယ်။ မုန့်စားတဲ့သူ အရေအတွက်ကတော့ ၂၀၁၃ ခုနှစ် အောက်မေ့ရာပွဲတုန်းကလိုပဲ အသင်းတော်အများစုမှာ အနည်းငယ်ပဲရှိမယ်၊ ဒါမှမဟုတ် လုံးဝမရှိတာလည်း ဖြစ်နိုင်တယ်။

၁၇။ အောက်မေ့ရာပွဲမှာ ဝိုင်နဲ့ပတ်သက်တဲ့ ယေရှုရဲ့လမ်းညွှန်ချက်ကို ဘယ်လို လိုက်လျှောက်သလဲ။

၁၇ ပြီးတဲ့နောက်မှာ ဟောပြောသူက ဝိုင်နဲ့ပတ်သက်တဲ့ ဒီကျမ်းချက်ကို ဖတ်ပါလိမ့်မယ်– “[ယေရှုသည်] ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အား ပေးတော်မူပြီးလျှင် ‘သင်တို့အားလုံး သောက်ကြလော့။ အကြောင်းမူကား ဤခွက်သည် အပြစ်များကိုလွတ်စေရန် လူအများအတွက်သွန်းလောင်းမည့် ‘ပဋိညာဉ်တရားနှင့်ဆိုင်သော ငါ၏အသွေး’ ဖြစ်၏။”’ (မ. ၂၆:၂၇၊ ၂၈) ယေရှုရဲ့လမ်းညွှန်ချက်အတိုင်းပဲ နောက်ညီအစ်ကိုတစ်ယောက်က ဆုတောင်းမယ်၊ ပြီးတဲ့နောက် တက်ရောက်လာသူအားလုံးကို ဝိုင်ခွက် လက်ဆင့်ကမ်းမှာဖြစ်တယ်။

၁၈။ မုန့်နဲ့ဝိုင်ကို စားသုံးမယ့်သူ အနည်းငယ်ပဲရှိမယ်၊ ဒါမှမဟုတ် လုံးဝမရှိဘူးဆိုရင်တောင် ဘာကြောင့် အောက်မေ့ရာပွဲတက်ရောက်ဖို့ အရေးကြီးသလဲ။

၁၈ ခရစ်တော်နဲ့အတူ ကောင်းကင်မှာ ဘုရင်အဖြစ် နန်းထိုင်မယ့်သူတွေပဲ မုန့်နဲ့ဝိုင်ကို စားသုံးကြပါလိမ့်မယ်။ အောက်မေ့ရာပွဲကို တက်ရောက်လာသူအများစုကတော့ မုန့်နဲ့ ဝိုင်ကို လက်ဆင့်ကမ်းရုံသာ လုပ်ကြပါလိမ့်မယ်။ (လုကာ ၂၂:၂၈-၃၀ ကိုဖတ်ပါ; ၂ တိ. ၄:၁၈) ခရစ်ယာန်အများစုက မုန့်နဲ့ဝိုင်ကို မစားသုံးကြပေမဲ့ အောက်မေ့ရာပွဲကိုတက်ရောက်ဖို့ အရေးကြီးနေဆဲဖြစ်တယ်။ ဘာကြောင့်လဲ။ သူတို့ဟာ အဲဒီမှာရောက်ရှိနေခြင်းအားဖြင့် ယေရှုရဲ့ပူဇော်သကာကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ ဖော်ပြကြတယ်။ အောက်မေ့ရာပွဲ တက်ရောက်နေစဉ်မှာ သူတို့ဟာ ရွေးနုတ်ဖိုးကြောင့်ရရှိမယ့် ကောင်းချီးအားလုံးကို စဉ်းစားနိုင်တယ်။ ဥပမာ၊ သူတို့က “ကြီးစွာသောဒုက္ခ” ကိုကပ်ကျော်မယ့် “လူအုပ်ကြီး” မှာပါဝင်ဖို့ မျှော်လင့်ကြတယ်။ သူတို့ဟာ ယေရှုရဲ့ပူဇော်သကာကို ယုံကြည်တဲ့အတွက်ကြောင့် ဘုရားသခင့်အမြင်မှာ ဖြောင့်မတ်သူတွေ ဖြစ်ကြပါလိမ့်မယ်။ အဲဒါက “သိုးသငယ်၏သွေးဖြင့် မိမိတို့၏ ဝတ်လုံများကို ဖြူစင်အောင် လျှော်ဖွပ်ခဲ့ကြ” တာနဲ့တူတယ်။—ဗျာ. ၇:၉၊ ၁၄-၁၇

၁၉။ အောက်မေ့ရာပွဲအတွက် ဘယ်လို ကြိုတင်ပြင်ဆင်နိုင်သလဲ၊ အဲဒီကနေ အကျိုးခံစားရဖို့ ဘယ်လိုလုပ်နိုင်သလဲ။

၁၉ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ အောက်မေ့ရာပွဲအတွက် ဘယ်လို ကြိုတင်ပြင်ဆင်ကြသလဲ။ လူများနိုင်သမျှ များများ တက်ရောက်နိုင်ဖို့ အောက်မေ့ရာပွဲနေ့ မတိုင်ခင် သီတင်းပတ်များစွာကတည်းက ကြိုဖိတ်ကြတယ်။ အဲဒီနေ့မတိုင်ခင်ရက်တွေမှာ ကျမ်းစာမှတ်တမ်းတချို့ ဖတ်တယ်၊ အဲဒါတွေက အေဒီ ၃၃ သခင့်ညစာစားပွဲမတိုင်ခင် ရက်တွေအတွင်းမှာ ယေရှုလုပ်ခဲ့တာတွေနဲ့ ဖြစ်ပျက်ခဲ့ရာတွေ ဖြစ်တယ်။ အောက်မေ့ရာပွဲကို တက်ရောက်ဖို့ ကြိုတင်စီစဉ်ကြတယ်။ အောက်မေ့ရာပွဲစည်းဝေးမှာ ကျွန်ုပ်တို့ စောစောရောက်နေမယ်ဆိုရင် ဧည့်သည်တွေကို ကြိုဆိုနိုင်ပြီး အစီအစဉ်တစ်ခုလုံးမှာ အပြည့်အဝပါဝင်နိုင်မယ်။ ဟောပြောသူက ကျမ်းစာဖတ်ပြီး ရှင်းပြတဲ့အခါ အသင်းသားဖြစ်စေ၊ ဧည့်သည်တွေပဲဖြစ်စေ ကျွန်ုပ်တို့အားလုံး ကျမ်းစာလိုက်ဖွင့်ဖတ်မယ်ဆိုရင် အကျိုးခံစားရပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ အောက်မေ့ရာပွဲကို တက်ရောက်ခြင်းအားဖြင့် ကျွန်ုပ်တို့ဟာ ယေရှုရဲ့ပူဇော်သကာအတွက် အလွန်ကျေးဇူးတင်ကြောင်း၊ “ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့” ဆိုတဲ့ ယေရှုရဲ့အမိန့်ကို နာခံကြောင်း ဖော်ပြရာရောက်ပါတယ်။—၁ ကော. ၁၁:၂၄

^ စာပိုဒ်၊ 9 ဂျာမန်လူမျိုး ပညာရှင် ဟိုင်းရစ်ခ် မီရာက တမန်တော်တွေဟာ သူတို့ ယေရှုရဲ့ တကယ့်အသားနဲ့ အသွေးကိုစားသောက်တယ်လို့ ယူဆခဲ့ကြမှာမဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ “ယေရှုရဲ့ခန္ဓာကိုယ်က မကျိုးပဲ့သေးဘူး (အသက်ရှင်နေသေးတယ်)” လို့ပြောခဲ့တယ်။ မုန့်နဲ့ဝိုင်က ဘာကိုကိုယ်စားပြုတယ်ဆိုတာကို ယေရှုက “စကားလုံးရိုးရိုး” နဲ့ပဲ ရှင်းပြခဲ့တယ်၊ ယေရှုဟာ သူ့ရဲ့တမန်တော်တွေကို နားလည်မှု လွဲစေချင်မှာမဟုတ်ဘူးလို့လည်း ဟိုင်းရစ်ခ်က ဆက်ပြောခဲ့တယ်။