မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆိုးသောကာလမရောက်ခင် ယေဟောဝါရဲ့ အမှုဆောင်ပါ

ဆိုးသောကာလမရောက်ခင် ယေဟောဝါရဲ့ အမှုဆောင်ပါ

“သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။”—ဒေ. ၁၂:၁

၁၊ ၂။ (က) ယေဟောဝါဟာ ရှောလမုန်ကတစ်ဆင့် လူငယ်တွေကို ဘာပြောခဲ့တာလဲ။ (ခ) အသက် ၅၀ ကျော်နေပြီဖြစ်တဲ့ ခရစ်ယာန်တွေဟာ ရှောလမုန်ရဲ့အကြံပြုချက်ကို ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။

ယေဟောဝါက လူငယ်တွေကို ဘုရှင်ရှောလမုန်ကတစ်ဆင့် “ဆိုးသောကာလမရောက်မီ ယခု အသက်ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့” လို့ ပြောခဲ့တယ်။ “ဆိုးသောကာလ” ဆိုတာ ဘာလဲ။ အဲဒါက အသက်အရွယ် အိုမင်းတဲ့အချိန်ကို ဆိုလိုတယ်။ အသက်ကြီးလာတဲ့အခါ ခြေလက်တွေ မခိုင်တော့ဘဲ တုန်တုန်ရီရီဖြစ်နေတာ၊ သွားတွေကျိုးကုန်တာ၊ မျက်စိမှုန်လာတာ၊ နား ကောင်းကောင်းမကြားရတာ၊ ဆံပင်ဖြူလာပြီး ခါးကိုင်းလာတာတွေကို ရှောလမုန်က ကဗျာဆန်ဆန်အသုံးအနှုန်းတွေနဲ့ ရေးသားခဲ့တယ်။ ဒါကြောင့် ငယ်ရွယ်ချိန်မှာ ဖန်ဆင်းရှင်ကို အောက်မေ့ သတိရပါလို့ ရှောလမုန်ပြောခဲ့တာ မထူးဆန်းပါဘူး။ဒေသနာ ၁၂:၁-၅ ကိုဖတ်ပါ။

အသက် ၅၀ ကျော်တဲ့အထိ ကျန်းမာသန်စွမ်းနေသေးတဲ့ ခရစ်ယာန်တွေ အများကြီးရှိပါတယ်။ သူတို့ရဲ့ ဆံပင်တချို့ ဖြူနေပေမဲ့ ရှောလမုန်ပြောတဲ့ တခြားကျန်းမာရေးပြဿနာတွေ ရှိချင်မှရှိမယ်။ “သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့” ဆိုပြီး လူငယ်တွေကို ပြောခဲ့တဲ့ ရှောလမုန်ရဲ့အကြံပြုချက်က အဲဒီခရစ်ယာန်တွေနဲ့ သက်ဆိုင်သလား။ ရှောလမုန်ရဲ့အကြံပြုချက်က ဘာကိုဆိုလိုသလဲ။

၃။ ကြီးမြတ်တဲ့ဖန်ဆင်းရှင်ကို သတိရခြင်းမှာ ဘာလဲပါဝင်သလဲ။

သင် ယေဟောဝါရဲ့အမှုတော်ကို လုပ်ဆောင်လာတာ နှစ်အတော်ကြာနေပြီ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဖန်ဆင်းရှင် ဘယ်လောက်ကြီးမြတ်တယ်ဆိုတာကို မကြာခဏ ပြန်စဉ်းစားတာ ကောင်းပါတယ်။ အသက်ဆိုတာ အံ့ဖွယ်ဆုကျေးဇူးတစ်ခုပဲ။ ဘုရားသခင် ဖန်ဆင်းထားတာတွေက ထူးခြားဆန်းပြားလွန်းလို့ အဲဒါတွေအားလုံးကို ကျွန်ုပ်တို့ အပြည့်အဝ နားမလည်နိုင်ဘူး။ ယေဟောဝါပြုလုပ်ပေးထားတဲ့ များပြားလှတဲ့အရာတွေက ကျွန်ုပ်တို့ရဲ့ဘဝကို နည်းလမ်းမျိုးစုံနဲ့ ပျော်ရွှင်မှုခံစားရစေတယ်။ ယေဟောဝါ ဖန်ဆင်းထားတာတွေကို သေချာစဉ်းစားကြည့်တဲ့အခါ ယေဟောဝါရဲ့ မေတ္တာ၊ ဉာဏ်ပညာနဲ့ တန်ခိုးက ဘယ်လောက်ကြီးမားတယ်ဆိုတာ ပြန်သတိရစေတယ်။ (ဆာ. ၁၄၃:၅) ကြီးမြတ်တဲ့ဖန်ဆင်းရှင်ကို သတိရတယ်ဆိုရာမှာ ကျွန်ုပ်တို့ထံက ကိုယ်တော် တောင်းဆိုတာကို သတိရခြင်းလည်း ပါဝင်တယ်။ ဘုရားသခင်ဖန်ဆင်းထားတာတွေကို တွေးတောဆင်ခြင်တာက အသက်ရှင်နေသရွေ့ ကိုယ်တော့်အမှုတော်ကို အတတ်နိုင်ဆုံးလုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ ကျေးဇူးတင်လေးမြတ်မှုကို ဖော်ပြဖို့ လှုံ့ဆော်မှုဖြစ်စေပါတယ်။—ဒေ. ၁၂:၁၃

အသက်အရွယ်ကြီးသူများအတွက် အခွင့်အလမ်းများ

၄။ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့တဲ့ ခရစ်ယာန်တွေ ကိုယ့်ကိုယ်ကို ဘယ်လို မေးနိုင်သလဲ၊ ဘာကြောင့်လဲ။

သင်ဟာ အတွေ့အကြုံတွေအများကြီးရှိတဲ့ လူကြီးတစ်ယောက်ဖြစ်တယ်ဆိုရင် ‘ငါ့မှာ အစွမ်းခွန်အားတွေ ရှိနေသေးတယ်ဆိုတော့ အခု ငါဘာလုပ်မလဲ’ လို့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ သင်က အတွေ့အကြုံရှိတဲ့ ခရစ်ယာန်တစ်ယောက်ဖြစ်လို့ တခြားသူတွေမှာမရှိတဲ့ အခွင့်အရေးတွေ သင့်မှာရှိနေတယ်။ ဥပမာ၊ ယေဟောဝါအကြောင်း သင် လေ့လာထားတာတွေကို လူငယ်တွေကို ပြန်သင်ပေးနိုင်တယ်။ ဘုရားသခင့်အမှုဆောင်ရာကနေ သင်ရရှိလာတဲ့ တွေ့ကြုံမှုတွေကို တခြားသူတွေကို ပြောပြနိုင်တယ်။ အဲဒီအခွင့်အရေးတွေရဖို့ ဘုရင်ဒါဝိဒ် ဒီလို ဆုတောင်းခဲ့တယ်– “အို ဘုရားသခင်၊ ကိုယ်တော်က ကျွန်တော့်ကို ငယ်ငယ်ကတည်းက သွန်သင်ပေးတယ်။ . . . ကျွန်တော်အသက်ကြီးပြီး ဆံပင်ဖြူသွားချိန်မှာ ကျွန်တော့်ကို မစွန့်ပစ်ပါနဲ့။ ဒါမှ နောက်မျိုးဆက်တွေကို ကိုယ်တော့်တန်ခိုးအကြောင်း၊ နောင်လာနောက်သားတွေကို ကိုယ်တော့်ခွန်အားအကြောင်း ပြောပြနိုင်မယ်။”—ဆာ. ၇၁:၁၇၊ ၁၈ကဘ။

၅။ အသက်ကြီးတဲ့ခရစ်ယာန်တွေဟာ သူတို့လေ့လာထားတာတွေကို တခြားသူတွေကို ဘယ်လို ဝေမျှနိုင်သလဲ။

နှစ်တွေတစ်လျှောက် သင် လေ့လာထားတဲ့ဉာဏ်ပညာတွေကို ဘယ်လို ဝေမျှနိုင်သလဲ။ သင့်အိမ်မှာ လူငယ်တွေကိုဖိတ်ခေါ်ပြီး အားပေးမှုဖြစ်စေတဲ့ ပေါင်းသင်းမှု ပြုလုပ်နိုင်မလား။ ယေဟောဝါကို အမှုဆောင်ခြင်းကြောင့် သင်ခံစားရတဲ့ ရွှင်လန်းမှုကို သူတို့မြင်တွေ့နိုင်ဖို့ သူတို့နဲ့အတူ ဟောပြောဖို့ စီစဉ်နိုင်မလား။ ဧလိဟုက “အသက်ကြီးသူတွေပြောပါစေ။ ဉာဏ်ပညာအကြောင်းကို နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သူတွေ ပြောပါစေ” လို့ ပြောခဲ့တယ်။ (ယောဘ ၃၂:၇ကဘ) တမန်တော်ပေါလုက အတွေ့အကြုံရှိတဲ့ ခရစ်ယာန်အမျိုးသမီးတွေကို သူတို့ရဲ့ စကားတွေနဲ့ ပုံသက်သေအားဖြင့် တခြားသူတွေကိုအားပေးဖို့ ပြောခဲ့တယ်။ သူက “အသက်အရွယ်ကြီးသော အမျိုးသမီးတို့သည် . . . ကောင်းမြတ်သောအရာကို သွန်သင်ပေးသူဖြစ်ပါစေ” လို့ ရေးခဲ့တယ်။—တိ. ၂:၃

တခြားသူတွေကို ကူညီပေးဖို့ သင်လုပ်နိုင်တဲ့အရာ

၆။ နှစ်ပေါင်းများစွာအတွေ့အကြုံရှိတဲ့ ခရစ်ယာန်တွေဟာ ဘာကြောင့် ယေဟောဝါရဲ့လူမျိုးအတွက် အသုံးဝင်သလဲ။

သင်က အတွေ့အကြုံရှိတဲ့ ခရစ်ယာန်တစ်ယောက်ဆိုရင် တခြားသူတွေကို ကူညီပေးဖို့ အများကြီးလုပ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀၊ ၄၀ လောက်က သင်မသိခဲ့ပေမဲ့ အခုသိနေတာတွေကို ပြန်စဉ်းစားကြည့်ပါ။ ဘဝအခြေအနေ အမျိုးမျိုးမှာ ကျမ်းစာလမ်းညွှန်ချက်တွေကို ဘယ်လိုကျင့်သုံးရမယ်ဆိုတာ သင်သိလာတယ်။ သင်ဟာ ကျမ်းစာအမှန်တရားအကြောင်းကို တခြားသူတွေရဲ့စိတ်နှလုံး ထိမိအောင် ဟောပြောနိုင်စွမ်းရှိလာတယ်။ သင်က အကြီးအကဲတစ်ယောက်ဆိုရင် ပညာမဲ့တဲ့ဆုံးဖြတ်ချက်တွေ ချခဲ့တဲ့ညီအစ်ကိုတွေကို ဘယ်လို ကူညီပေးရမယ်ဆိုတာ သိလာတယ်။ (ဂလ. ၆:၁) အသင်းတော်လုပ်ဆောင်မှုတွေ၊ စည်းဝေးပွဲဌာနတွေနဲ့ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးလုပ်ငန်းတွေကို ဘယ်လိုကြီးကြပ်ရမယ်ဆိုတာ သိလာတာ ဖြစ်နိုင်တယ်။ ခွဲစိတ်ကုသတဲ့အခါ သွေးမလိုတဲ့နည်းတွေကို အသုံးပြုဖို့ ဆရာဝန်တွေကို ဘယ်လိုပြောပြရမယ်ဆိုတာ သိလာတာ ဖြစ်နိုင်တယ်။ သင်က နှစ်ခြင်းခံပြီးခါစ ဖြစ်နေတယ်ဆိုရင်တောင် သင့်မှာ အဖိုးတန်ဘဝအတွေ့အကြုံတွေ ရှိပါတယ်။ ဥပမာ၊ သင်က သားသမီးတွေကို ကျွေးမွေးပြုစုခဲ့ရသူဖြစ်တယ်ဆိုရင် သင့်မှာ တကယ်အဖိုးတန်တဲ့ အသိပညာတွေ ရရှိခဲ့မှာဖြစ်တယ်။ အသက်ကြီးတဲ့ခရစ်ယာန်တွေဟာ ညီအစ်ကိုညီအစ်မတွေကို သွန်သင်၊ လမ်းညွှန်၊ အားပေးခြင်းအားဖြင့် ယေဟောဝါရဲ့လူမျိုးအတွက် အသုံးဝင်သူတွေ ဖြစ်လာကြတယ်။ယောဘ ၁၂:၁၂ ကိုဖတ်ပါ။

၇။ လူကြီးတွေက လူငယ်တွေကို ဘယ်လိုလေ့ကျင့်ပေးနိုင်သလဲ။

တခြားသူတွေကို ကူညီပေးရာမှာ သင့်စွမ်းရည်တွေကို ဘယ်လိုနည်းတွေနဲ့ အသုံးပြုနိုင်သလဲ။ ကျမ်းစာသင်အံမှု ဘယ်လိုစရတယ်၊ ဘယ်လို သင်ပေးရတယ်ဆိုတာ လူငယ်တွေကို ပြပေးနိုင်တယ်။ သင်က ညီအစ်မတစ်ယောက်ဖြစ်တယ်ဆိုရင် ကလေးငယ်တွေကို ပြုစုရင်း ယေဟောဝါရဲ့အမှုတော်မှာ ဘယ်လိုပါဝင်နိုင်တယ်ဆိုတာ ငယ်ရွယ်တဲ့မိခင်တွေကို အကြံဉာဏ်ပေးနိုင်တယ်။ သင်က ညီအစ်ကိုတစ်ယောက်ဖြစ်တယ်ဆိုရင် ဟောပြောချက်တွေ ပေးတဲ့အခါမှာ ထက်သန်မှုရှိဖို့၊ သတင်းကောင်းကို ပိုပြီး ထိထိရောက်ရောက်ဟောဖို့ လူငယ်ညီအစ်ကိုတွေကို သင်ပေးနိုင်တယ်။ အသက်ကြီးတဲ့ ညီအစ်ကိုညီအစ်မတွေဆီ လည်ပတ်တဲ့အခါ သင် ဘယ်လိုအားပေးတယ်ဆိုတာ သူတို့ကို ပြပေးနိုင်မလား။ သင့်မှာ အရင်တုန်းကလို ကာယခွန်အားတွေ မရှိတော့ဘူးဆိုရင်တောင် လူငယ်တွေကို လေ့ကျင့်ပေးနိုင်တဲ့ အခွင့်အရေးတွေ ရှိပါသေးတယ်။ “လူငယ်တွေရဲ့ ဂုဏ်ကျက်သရေဟာ အစွမ်းခွန်အား၊ သက်ကြီးရွယ်အိုတွေရဲ့ ခမ်းနားမြင့်မြတ်မှုဟာ ဖြူတဲ့ဆံပင်ပဲ” လို့ ကျမ်းစာကဆိုတယ်။—သု. ၂၀:၂၉ကဘ။

ပိုလိုအပ်တဲ့ဒေသတွေမှာ အမှုဆောင်ခြင်း

၈။ တမန်တော်ပေါလု အသက်ကြီးလာတဲ့အခါ ဘာလုပ်ခဲ့သလဲ။

တမန်တော်ပေါလုဟာ အသက်ကြီးတဲ့အချိန်မှာတောင် ယေဟောဝါရဲ့အမှုတော်မှာ အလုပ်များနေခဲ့တယ်။ အဲဒီအချိန်က အေဒီ ၆၁၊ ရောမအကျဉ်းထောင်ကနေ ပေါလု လွတ်လာတဲ့အချိန်ဖြစ်တယ်။ သူဟာ အလုပ်ကို ကြိုးကြိုးစားစား လုပ်ခဲ့ပြီး သာသနာပြုတစ်ယောက်အနေနဲ့ အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသူဖြစ်တယ်။ ရောမမှာပဲဟောပြောပြီး အေးအေးဆေးဆေး သက်သက်သာသာနေဖို့ သူရွေးချယ်နိုင်တယ်။ (၂ ကော. ၁၁:၂၃-၂၇) ရောမက ညီအစ်ကိုတွေကလည်း ရောမမှာ ပေါလုဆက်နေပြီး သူတို့ကို ကူညီပေးစေချင်မှာ သေချာတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေမှာ ဟောပြောဖို့ ပိုလိုအပ်နေတယ်ဆိုတာကို ပေါလု သိမြင်ခဲ့တယ်။ ဒါကြောင့် သူဟာ တိမောသေ၊ တိတုတို့နဲ့အတူ ဧဖက်မြို့၊ အဲဒီနောက် ခရိကျွန်းကို သွားခဲ့တယ်၊ မက်ဆီဒိုးနီးယားကိုတောင် ရောက်ခဲ့တာဖြစ်နိုင်တယ်။ (၁ တိ. ၁:၃; တိ. ၁:၅) သူ စပိန်ကို ရောက်ခဲ့သလားဆိုတာ မသိပေမဲ့ အဲဒီကိုသွားဖို့ သူစီစဉ်ခဲ့တယ်။—ရော. ၁၅:၂၄၊ ၂၈

၉။ ပေတရုဟာ ဟောပြောသူတွေ ပိုလိုအပ်တဲ့ဒေသကို ဘယ်အချိန်မှာ ပြောင်းရွှေ့ခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ပုံကို ကြည့်ပါ။)

တမန်တော်ပေတရုလည်း ဟောပြောသူတွေ ပိုလိုအပ်တဲ့ဒေသတွေကို ပြောင်းရွှေ့သွားတုန်းက အသက် ၅၀ ကျော်ရှိနေပြီ ဖြစ်နိုင်တယ်။ ဘယ်လိုသိရသလဲ။ ပေတရုသာ ယေရှုနဲ့ အသက်တူတယ်၊ ဒါမှမဟုတ် ယေရှုထက် အသက် နည်းနည်းပိုကြီးတယ်ဆိုရင် သူ ဂျေရုဆလင်မှာရှိတဲ့ တခြားတမန်တော်တွေနဲ့ တွေ့ဆုံခဲ့တဲ့ အေဒီ ၄၉ မှာ သူ့အသက် ၅၀ လောက်ရှိနေပြီ။ (တ. ၁၅:၇) အဲဒီလို တွေ့ဆုံစည်းဝေးပြီးတဲ့နောက် တစ်ချိန်ချိန်မှာ ပေတရုဟာ ဗာဗုလုန်မှာနေထိုင်ပြီး အဲဒီမှာရှိတဲ့ဂျူးတွေကို ဟောပြောခဲ့ပုံရတယ်။ (ဂလ. ၂:၉) ပေတရုဟာ အေဒီ ၆၂ လောက်မှာ သူ့ရဲ့ပထမစာကို ဗာဗုလုန်မှာနေပြီး ရေးခဲ့တာဖြစ်တယ်။ (၁ ပေ. ၅:၁၃) ဟောပြောသူတွေ ပိုလိုအပ်တဲ့ဒေသတွေကို ပြောင်းရွှေ့နေထိုင်တာက အခက်အခဲတွေ ကြုံရနိုင်ပါတယ်။ ဒါပေမဲ့ ပေတရုဟာ အသက်အရွယ်ကြီးလာလို့ အမှုမဆောင်ဘဲ မနေခဲ့ဘူး၊ ယေဟောဝါရဲ့ အမှုတော်ကို အပြည့်အဝလုပ်ဆောင်ခဲ့လို့ သူ ရွှင်လန်းမှုခံစားခဲ့ရတယ်။

၁၀၊ ၁၁။ ရောဘတ်နဲ့ သူ့ဇနီး အသက်ကြီးလာတဲ့အခါ ဘာလုပ်ခဲ့ကြသလဲ။

၁၀ ယနေ့အချိန်မှာရှိတဲ့ အသက် ၅၀ ကျော် ခရစ်ယာန်များစွာဟာ သူတို့ရဲ့အခြေအနေတွေ ပြောင်းလဲသွားတာ၊ ယေဟောဝါကို နည်းလမ်းအသစ်နဲ့ အမှုဆောင်နိုင်တယ်ဆိုတာကို သိလာကြတယ်။ တချို့သူတွေက ဟောပြောသူတွေ ပိုလိုအပ်တဲ့ဒေသကို ပြောင်းရွှေ့ခဲ့ကြတယ်။ ရောဘတ်နဲ့ သူ့ဇနီး အဲဒီအတိုင်း လုပ်ဆောင်ခဲ့တယ်။ သူတို့အသက် ၅၅ နှစ်မှာ ယေဟောဝါရဲ့အမှုတော်မှာ ပါဝင်ဖို့ အခွင့်အရေးတွေ အများကြီးရှိတယ်ဆိုတာ သိလာတယ်။ သူတို့ရဲ့တစ်ဦးတည်းသောသားက အိမ်မှာ မနေတော့ဘူး၊ မိဘတွေကလည်း ဆုံးပါးသွားလို့ ပြုစုစရာ မလိုတော့ဘူး။ မိဘတွေဆီက သူတို့ အမွေနည်းနည်းရထားတယ်။ သူတို့ရဲ့အိမ်ကို ရောင်းလိုက်ရင် အကြွေးတွေဆပ်နိုင်ပြီး ရောဘတ် ပင်စင်လစာရတဲ့အချိန်အထိသုံးဖို့ ငွေ အလုံအလောက်ရှိတယ်ဆိုတာ သိလာတယ်။ ဘိုလီးဗီးယားမှာ ကျမ်းစာသင်အံမှုလက်ခံတဲ့သူတွေ အများကြီးရှိပြီး အဲဒီမှာနေတာ စရိတ်သိပ်မကုန်ဘူးလို့ သူတို့ ကြားတယ်။ ဒါကြောင့် သူတို့ အဲဒီကိုပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တယ်။ “နေရာသစ်မှာ နေသားကျဖို့ဆိုတာ မလွယ်ဘူး။ ကျွန်တော်တို့နေခဲ့တဲ့ အမေရိကန်နဲ့ ဘာမဆို အရမ်းကွာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုကနေ အကျိုးအများကြီး ခံစားခဲ့ရတယ်” လို့ ရောဘတ်က ပြောပြတယ်။

၁၁ ရောဘတ် ဒီလိုဆက်ပြောတယ်– “အခုဆိုရင် ကျွန်တော်တို့ရဲ့အသက်တာတစ်ခုလုံးဟာ အသင်းတော်လုပ်ဆောင်မှုတွေနဲ့ပဲ ပြည့်နေတယ်။ ကျွန်တော်တို့နဲ့ ကျမ်းစာလေ့လာခဲ့သူတချို့ နှစ်ခြင်းခံပြီးကြပြီ။ ကျွန်တော်တို့နဲ့ ကျမ်းစာလေ့လာတဲ့မိသားစုတစ်စုဟာ ဆင်းရဲပြီး အသင်းတော်နဲ့ တော်တော်ဝေးတဲ့ ရွာမှာ နေထိုင်တယ်။ ဒါပေမဲ့ အဲဒီမိသားစုဟာ အပတ်တိုင်းပဲ ခက်ခက်ခဲခဲနဲ့ မြို့မှာ အစည်းအဝေးတွေ လာတက်ကြတယ်။ ဒီမိသားစု တိုးတက်လာတာ၊ သူတို့ရဲ့အကြီးဆုံးသားက ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်လာတာကို မြင်တွေ့ရလို့ ကျွန်တော်တို့ ဘယ်လောက်ပျော်မလဲဆိုတာ မြင်ယောင်ကြည့်ပါ။”

ဘာသာခြားစကားပြောလယ်ကွင်းမှာ လိုအပ်

၁၂၊ ၁၃။ ဘရိုင်ယန် အငြိမ်းစားယူပြီးနောက်မှာ သူနဲ့ သူ့ဇနီး ဘာလုပ်ခဲ့သလဲ။

၁၂ ဘာသာခြားစကားပြောတဲ့ အသင်းတော်တွေနဲ့ အုပ်စုတွေဟာ အသက်ကြီးတဲ့ညီအစ်ကိုညီအစ်မတွေရဲ့ ပုံသက်သေကနေ အကျိုးအများကြီး ရနိုင်ပါတယ်။ အဲဒီနယ်မြေတွေမှာ အမှုဆောင်ရတာ တကယ်ပျော်ဖို့ ကောင်းပါတယ်။ ဥပမာ၊ ဗြိတိန်နိုင်ငံက ဘရိုင်ယန်ဟာ အသက် ၆၅ နှစ်မှာ အငြိမ်းစားယူပြီးတဲ့နောက် သူနဲ့သူ့ဇနီးရဲ့ဘဝဟာ ပျင်းရိငြီးငွေ့စရာကောင်းတယ်လို့ ပြောခဲ့တယ်။ သူ ဒီလိုပြောတယ်– “ကျွန်တော်တို့ရဲ့ကလေးတွေ အိမ်ကနေ ထွက်သွားကြပြီ။ ကျမ်းစာသင်ပေးနိုင်တဲ့ စိတ်ဝင်စားသူတွေလည်း မရှိသလောက်ပဲ။ အဲဒီအချိန်မှာ တက္ကသိုလ်မှာ သုတေသနလုပ်နေတဲ့ တရုတ်လူငယ်တစ်ယောက်နဲ့ ကျွန်တော်တွေ့တယ်။ အသင်းတော်စည်းဝေးတက်ဖို့ ဖိတ်ခေါ်တာကို သူ လက်ခံခဲ့တယ်၊ ကျွန်တော် သူ့ကို စပြီး ကျမ်းစာသင်ပေးတယ်။ သီတင်းပတ်အနည်းငယ်ကြာပြီးနောက်မှာ သူက သုတေသနလုပ်နေတဲ့ တရုတ်လူမျိုးတစ်ယောက်ကို အစည်းအဝေးခေါ်လာတယ်။ နောက်နှစ်ပတ်ကြာတဲ့အခါ တတိယမြောက်၊ အဲဒီနောက် စတုတ္ထမြောက် တစ်ယောက်ပြီးတစ်ယောက် ခေါ်လာတယ်။

၁၃ “ငါးယောက်မြောက် တရုတ်လူမျိုး သုတေသနလုပ်နေသူက ကျမ်းစာသင်ပေးဖို့ တောင်းဆိုလာတဲ့အခါ ကျွန်တော်က ‘အသက် ၆၅ နှစ်ရှိလို့ ယေဟောဝါရဲ့အမှုဆောင်ခြင်းကနေ အငြိမ်းစားယူသင့်တယ်ဆိုတာ မဟုတ်သေးဘူး’ လို့ စဉ်းစားမိတယ်။ ဒါနဲ့ ကျွန်တော်ဟာ ကျွန်တော့်ထက် နှစ်နှစ်ငယ်တဲ့ ကျွန်တော့်ဇနီးကို တရုတ်စကားလေ့လာချင်သလားလို့ မေးလိုက်တယ်။ ကျွန်တော်တို့ ကက်ဆက်တိပ်ခွေသုံးပြီး ဘာသာစကား လေ့လာခဲ့ကြတယ်။ အဲဒါက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကဖြစ်တယ်။ ဘာသာခြားစကားပြော လယ်ကွင်းမှာ ဟောပြောတာက ကျွန်တော်တို့ကို ပြန်နုပျိုစေတယ်လို့ ခံစားရတယ်။ အခုထိဆိုရင် ကျွန်တော်တို့ဟာ တရုတ်လူမျိုး ၁၁၂ ယောက်နဲ့ ကျမ်းစာလေ့လာခဲ့ကြတယ်။ သူတို့ထဲက အများစုဟာ အစည်းအဝေးတွေ တက်နေပြီ။ အဲဒီထဲကတစ်ယောက်ဆိုရင် အခု ကျွန်တော်တို့နဲ့အတူ ရှေ့ဆောင်လုပ်နေတယ်။”

သင့်ရဲ့အမှုဆောင်လုပ်ငန်းကို တိုးချဲ့ဖို့ သင် အသက်မကြီးလွန်းသေးပါဘူး (အပိုဒ် ၁၂၊ ၁၃ ကိုကြည့်ပါ)

သင်လုပ်နိုင်တာတွေအတွက် ဝမ်းမြောက်ပါ

၁၄။ အသက်ကြီးတဲ့ခရစ်ယာန်တွေ ဘာကို မမေ့သင့်သလဲ။ ပေါလုရဲ့ပုံသက်သေက သူတို့အတွက် ဘယ်လို အားပေးမှုဖြစ်စေသလဲ။

၁၄ အသက် ၅၀ ကျော်ခရစ်ယာန်တိုင်းက ယေဟောဝါရဲ့အမှုတော်မှာ နည်းလမ်းအသစ်နဲ့ အမှုဆောင်ဖို့ အခွင့်အလမ်းရှိတာတော့ မဟုတ်ပါဘူး။ တချို့က ကျန်းမာရေးမကောင်းဘူး၊ တချို့ကျတော့ သားသမီးတွေ၊ မိဘတွေကို ကြည့်ရှုပြုစုရတယ်။ ဒါပေမဲ့ ယေဟောဝါက မိမိရဲ့အမှုတော်မှာ သင်လုပ်ဆောင်သမျှကို တန်ဖိုးထားတယ်ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် သင်မလုပ်နိုင်တာတွေအတွက် စိတ်ဓာတ်ကျနေမယ့်အစား သင်လုပ်နိုင်တာတွေအတွက် ဝမ်းမြောက်ပါ။ တမန်တော်ပေါလုကို စဉ်းစားကြည့်ပါ။ သူက အကျဉ်းသားတစ်ယောက်အနေနဲ့ နှစ်နဲ့ချီ နေခဲ့ရလို့ သူ့ရဲ့သာသနာပြုခရီးကို ဆက်မသွားနိုင်ခဲ့ဘူး။ ဒါပေမဲ့ သူ့ဆီလာလည်တဲ့သူတွေကို ကျမ်းစာအကြောင်းပြောပြတယ်၊ ဘုရားသခင့်အမှုတော်ကို ဆက်သစ္စာရှိလုပ်ဆောင်ဖို့ ကူညီပေးခဲ့တယ်။—တ. ၂၈:၁၆၊ ၃၀၊ ၃၁

၁၅။ အသက်အရွယ်အိုမင်းနေတဲ့ခရစ်ယာန်တွေ ဘာကြောင့် တန်ဖိုးထားခံရသလဲ။

၁၅ ယေဟောဝါဟာ အသက်အရွယ်အိုမင်းနေသူတွေ တတ်နိုင်သလောက် အမှုဆောင်တာကိုလည်း တန်ဖိုးထားပါတယ်။ အသက်ကြီးပြီး အိုမင်းချိန်ဖြစ်တဲ့ “ဆိုးသောကာလ” ဟာ မလွယ်ဘူးဆိုတာကို ရှောလမုန် အသိအမှတ်ပြုတယ်။ ဒါပေမဲ့ ယေဟောဝါဟာ အသက်အရွယ်အိုမင်းနေတဲ့ခရစ်ယာန်တွေ ကိုယ်တော့်ကို ချီးမွမ်းဖို့ လုပ်ဆောင်တာကို သတိပြုမိတယ်လို့ ကျမ်းစာက သတိရစေတယ်။ (လု. ၂၁:၂-၄) အသင်းတော်တွေကလည်း အဲဒီညီအစ်ကိုညီအစ်မတွေ ပြသတဲ့ ယုံကြည်ခြင်းနဲ့ ခံနိုင်ရည်ပုံသက်သေကို တန်ဖိုးထားကြတယ်။

၁၆။ အန္နဟာ ဘယ်လိုအခွင့်အရေးတွေကို မရခဲ့တာ ဖြစ်နိုင်သလဲ။ ဒါပေမဲ့ ဘုရားကိုဝတ်ပြုဖို့ သူ ဘာလုပ်နိုင်ခဲ့သလဲ။

၁၆ ကျမ်းစာမှာ သစ္စာရှိ သက်ကြီးရွယ်အိုအမျိုးသမီး အန္နအကြောင်း ဖတ်ရတယ်။ သူက ယေရှုမွေးဖွားချိန်မှာ အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ မုဆိုးမတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့အသက်အရွယ်ကြောင့် တခြားသူတွေလို ဘုရားအမှုမဆောင်နိုင်ဘူး။ သူဟာ ယေရှုရဲ့တပည့် ဖြစ်တဲ့အထိ၊ သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘိသိက်ခံရတဲ့အချိန်အထိ အသက်မရှည်တာ၊ ဟောပြောခြင်းလုပ်ငန်းမှာ မပါဝင်နိုင်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူဟာ တခြားနည်းလမ်းတွေနဲ့ ယေဟောဝါကို ဝတ်ပြုခဲ့တယ်။ ဥပမာ၊ သူဟာ မနက်နဲ့ ညနေတိုင်း ဗိမာန်တော်ဝင်းထဲသွားပြီး ယဇ်ပုရောဟိတ် နံ့သာပေါင်းပူဇော်တဲ့အချိန်မှာ နာရီဝက်ကြာအောင် တိတ်တိတ်လေး ဆုတောင်းတယ်။ သူဟာ “နေ့ညမပြတ် ဘုရားဝတ်ကိုပြုလျက် ဗိမာန်တော်နှင့် မခွာဘဲနေ” တယ်လို့ ကျမ်းစာကပြောတယ်။ (လု. ၂:၃၆၊ ၃၇) အဲဒီလိုသွားတဲ့တစ်နေ့မှာ သူငယ်လေး ယေရှုကို မြင်တွေ့ခဲ့ရတယ်။ အဲဒီအခါ အန္နက ယေရှုဟာ မေရှိယဖြစ်လာမယ်၊ ဂျေရုဆလင်မြို့ကို ကယ်လွှတ်မယ်လို့ လူတိုင်းကို ပြောပြခဲ့တယ်။—လု. ၂:၃၈

၁၇။ အသက်အရွယ်အိုမင်းနေတဲ့၊ ဖျားနာနေတဲ့ ညီအစ်ကိုညီအစ်မတွေ စစ်မှန်တဲ့ဝတ်ပြုရေးမှာ ပါဝင်နိုင်ဖို့ အသင်းတော်က ဘယ်လိုကူညီပေးနိုင်သလဲ။

၁၇ အသက်အရွယ်အိုမင်းနေတဲ့၊ ဖျားနာနေတဲ့ ညီအစ်ကိုညီအစ်မတွေကို ကူညီပေးဖို့ ကျွန်ုပ်တို့ နည်းလမ်းရှာသင့်တယ်။ ပတ်စဉ်စည်းဝေးတွေ၊ စည်းဝေးပွဲတွေ တက်ချင်ပေမဲ့ မတက်နိုင်တဲ့ အသက်ကြီးသူတွေ အများကြီးရှိတယ်။ သူတို့ကို အသင်းတော်က ဘယ်လို ကူညီပေးနိုင်သလဲ။ တချို့နေရာတွေမှာ အစည်းအဝေးတွေကို တယ်လီဖုန်းနဲ့နားထောင်နိုင်ဖို့ စီစဉ်ပေးကြတယ်။ တချို့နေရာတွေမှာတော့ အဲဒီလို လုပ်နိုင်မှာမဟုတ်ဘူး။ အသက်ကြီးသူတွေဟာ အစည်းအဝေးတွေ မတက်နိုင်ပေမဲ့ စစ်မှန်တဲ့ဝတ်ပြုရေးကို ထောက်မပေးနိုင်ပါတယ်။ ဥပမာ၊ သူတို့ဟာ အသင်းတော်လုပ်ဆောင်မှုတွေ အောင်မြင်ဖို့အတွက် ဆုတောင်းပေးနိုင်တယ်။ဆာလံ ၉၂:၁၃၊ ၁၄ ကိုဖတ်ပါ။

၁၈၊ ၁၉။ (က) သက်ကြီးရွယ်အိုခရစ်ယာန်တွေဟာ တခြားသူတွေအတွက် ဘယ်လို အားပေးမှုဖြစ်စေနိုင်သလဲ။ (ခ) “သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့” ပါဆိုတဲ့ အကြံပြုချက်ကို ဘယ်သူတွေ လိုက်နာကျင့်သုံးနိုင်သလဲ။

၁၈ အသက်အရွယ်အိုမင်းနေတဲ့ခရစ်ယာန်တွေဟာ တခြားသူတွေကို ဘယ်လောက်အားပေးနိုင်တယ်ဆိုတာ သူတို့ကိုယ်တိုင် သိချင်မှသိမယ်။ နှစ်ပေါင်းများစွာ သစ္စာရှိရှိ ဗိမာန်တော်ကိုသွားခဲ့တဲ့ အန္နအကြောင်း စဉ်းစားကြည့်ပါ။ သူ့ရဲ့ပုံသက်သေနဲ့ ယေဟောဝါကို ချစ်တဲ့မေတ္တာက ကျမ်းစာထဲမှာ မှတ်တမ်းတင်ခံရပြီး ယနေ့ ကျွန်ုပ်တို့အတွက် အားပေးမှုဖြစ်နေဆဲပဲဆိုတာ သူ သိမှာမဟုတ်ဘူး။ အဲဒီလိုပဲ ယေဟောဝါကိုချစ်တဲ့ သင့်ရဲ့မေတ္တာကို ညီအစ်ကိုညီအစ်မတွေ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ “ဖြောင့်မတ်တဲ့လမ်းစဉ်ပေါ်မှာ ရှိနေမယ်ဆိုရင် ဖြူတဲ့ဆံပင်ဟာ အလှသရဖူပဲ” လို့ ကျမ်းစာပြောတာကို မအံ့သြသင့်ဘူး။—သု. ၁၆:၃၁ကဘ။

၁၉ ကျွန်ုပ်တို့အားလုံး ယေဟောဝါရဲ့အမှုတော်ဆောင်ရာမှာ အကန့်အသတ်ကိုယ်စီ ရှိကြပါတယ်။ ဒါပေမဲ့ သင် ခွန်အားအတော်အတန် ရှိနေချိန်မှာ “ဆိုးသောကာလမရောက်မီ . . . သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့” ဖို့ စိတ်ပိုင်းဖြတ်ထားပါ။—ဒေ. ၁၂:၁