မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းကို မြင်တွေ့ပါ”

“ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းကို မြင်တွေ့ပါ”

စိတ်ဆင်းရဲစရာအခြေအနေတွေက ကျွန်ုပ်တို့ကို ဆိုးဆိုးဝါးဝါးထိခိုက်နိုင်ပါတယ်။ အဲဒါတွေကိုပဲ တစ်ချိန်လုံး စဉ်းစားနေပြီး ကျွန်ုပ်တို့ရဲ့ ခွန်အားတွေ ကုန်ခန်းသွားနိုင်တယ်၊ ဘဝအပေါ် ကျွန်ုပ်တို့ရဲ့ရှုမြင်ပုံကိုလည်း ထိခိုက်နိုင်တယ်။ ရှေးခေတ် အစ္စရေးဘုရင် ဒါဝိဒ်ဟာ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရတယ်။ အဲဒါတွေကို သူဘယ်လို ဖြေရှင်းခဲ့သလဲ။ ဆာလံကျမ်းမှာ သူ ဒီလိုပြောခဲ့တယ်– “ယေဟောဝါကို ကျွန်တော် အော်ဟစ်အကူအညီတောင်းပါတယ်။ ယေဟောဝါရဲ့မျက်နှာသာရဖို့ အော်ဟစ်အသနားခံပါတယ်။ စိုးရိမ်ပူပန်မှုတွေကို ကိုယ်တော့်ဆီမှာ ရင်ဖွင့်ပြီး ဒုက္ခတွေအကြောင်းကိုလည်း ပြောပြပါတယ်။ စိတ်ပျက်အားလျော့ချိန်မှာ အဲဒီလိုရင်ဖွင့်ပြောပြတဲ့အခါ ကျွန်တော့်လမ်းတွေကို ကိုယ်တော်စောင့်ကြည့်ပေးတယ်။” အမှန်ပါပဲ၊ ဒါဝိဒ်ဟာ ဘုရားသခင့်အကူအညီရဖို့ နှိမ့်ချစွာ ဆုတောင်းခဲ့တယ်။—ဆာ. ၁၄၂:၁-၃ကဘ။

ဒါဝိဒ်ဟာ ဒုက္ခရောက်နေချိန်မှာ အကူအညီရဖို့ ယေဟောဝါကို နှိမ့်ချစွာဆုတောင်းခဲ့

ဆာလံကျမ်းရဲ့ နောက်တစ်နေရာမှာ ဒါဝိဒ်က “ယေဟောဝါဆီမှာ ငါဆုပန်တာ တစ်ခုပဲရှိတယ်။ ငါသိပ်တောင့်တတဲ့ အဲဒီဆုကတော့ ယေဟောဝါရဲ့အိမ်တော်မှာ တစ်သက်လုံးနေထိုင်ခွင့်ရဖို့၊ ယေဟောဝါရဲ့ကောင်းမြတ်ခြင်းကို မြင်တွေ့ခွင့်ရဖို့၊ ကိုယ်တော့်ဗိမာန်တော်ကို တန်ဖိုးထားလေးမြတ်စိတ်နဲ့ ကြည့်ခွင့်ရဖို့ပါပဲ။” (ဆာ. ၂၇:၄ကဘ) ဒါဝိဒ်ဟာ လေဝိသားတစ်ယောက်မဟုတ်ဘူး၊ ဒါပေမဲ့ အဲဒီအချိန်တုန်းက စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ဗဟိုဖြစ်တဲ့ တဲတော်ဝင်းအနားမှာ သူရပ်နေတာကို မြင်ယောင်ကြည့်ပါ။ ဒါဝိဒ်ရဲ့နှလုံးထဲမှာ ကျေးဇူးတင်စိတ်နဲ့ ပြည့်နေတယ်၊ ဒါကြောင့် ကျန်တဲ့သူ့အသက်တာတစ်ခုလုံး အဲဒီနေရာမှာပဲ ကုန်ဆုံးပြီး “ယေဟောဝါရဲ့ကောင်းမြတ်ခြင်းကို မြင်တွေ့ခွင့်ရ” ချင်ခဲ့တယ်။

“ကောင်းမြတ်ခြင်း” ဆိုတဲ့စကားလုံးက ဘုရားသခင်ရဲ့ဘုန်းအသရေနဲ့ ကြီးမြတ်မှုကို ရည်ညွှန်းတယ်။ အဲဒီအကြောင်းတွေကို တွေးတောဆင်ခြင်ရတာကို ဒါဝိဒ်နှစ်သက်တယ်။ ဒါဝိဒ်ဟာ ဝတ်ပြုရေးနဲ့ပတ်သက်တဲ့ ဘုရားသခင့်အစီအစဉ်ကို တန်ဖိုးထားလေးမြတ်တဲ့စိတ်နဲ့ အမြဲကြည့်ခဲ့တယ်။ ကျွန်ုပ်တို့လည်း ‘ငါ့မှာ ဒါဝိဒ်လို ခံစားချက်မျိုးရှိသလား’ လို့ ကိုယ့်ကိုယ်ကို မေးသင့်တယ်။

ဘုရားသခင့်အစီအစဉ်ကို “တန်ဖိုးထားလေးမြတ်စိတ်နဲ့ ကြည့်” ပါ

အခုချိန်မှာ ယေဟောဝါနဲ့ရင်းနှီးစေတဲ့ ကိုယ်တော့်အစီအစဉ်ဟာ အဆောက်အဦတစ်ခုအပေါ်မှာ အခြေမခံတော့ဘူး။ အဲဒီအစား စစ်မှန်တဲ့ဝတ်ပြုရေးအတွက် မြင့်မြတ်တဲ့အစီအစဉ်ပေါ် အခြေခံတယ်။ * အဲဒီအစီအစဉ်ကို “တန်ဖိုးထားလေးမြတ်စိတ်နဲ့ကြည့်”တယ်ဆိုရင် ကျွန်ုပ်တို့လည်း “ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းကို မြင်တွေ့ခွင့်ရ” နိုင်ပါတယ်။

ရှေးတုန်းက တဲတော်ဝင်ပေါက်ရှေ့မှာ တည်ရှိတဲ့ မီးရှို့ရာယဇ်ပူဇော်ရတဲ့ ကြေးဝါယဇ်ပလ္လင်ကို မြင်ယောင်ကြည့်ပါ။ (ထွ. ၃၈:၁၊ ၂; ၄၀:၆) အဲဒီယဇ်ပလ္လင်က ယေရှုရဲ့လူသားအသက်ကို ယဇ်အဖြစ်ပူဇော်တာကို ဘုရားသခင် လိုလိုလားလား လက်ခံတယ်ဆိုတာ တင်စားတယ်။ (ဟေဗြဲ ၁၀:၅-၁၀) အဲဒါက ကျွန်ုပ်တို့အတွက် ဘာအဓိပ္ပာယ်လဲဆိုတာ စဉ်းစားကြည့်ပါ။ တမန်တော်ပေါလုက “ငါတို့သည် ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်လာ” တယ်လို့ ရေးခဲ့တယ်။ (ရော. ၅:၁၀) ယေရှုသွန်းလောင်းခဲ့တဲ့ အသွေးကို ယုံကြည်ကြောင်း တင်ပြခြင်းအားဖြင့် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်ပြီး “ကိုယ်တော်နဲ့ ခင်မင်ရင်းနှီးခွင့်ရ” ရှိနိုင်တယ်။ (ဆာ. ၂၅:၁၄ကဘ) အကျိုးကျေးဇူးအနေနဲ့ ကိုယ်တော့်မျက်နှာသာနဲ့ ယုံကြည်စိတ်ချမှုကိုလည်း ရရှိနိုင်တယ်။

ကျွန်ုပ်တို့ဟာ ‘အပြစ်တွေ ပယ်ဖျက်ခံရ’ တဲ့အတွက်ကြောင့် ‘ယေဟောဝါဘုရားထံက လန်းဆန်းစေတဲ့အချိန်ကာလ’ ကို ခံစားကြရတယ်။ (တ. ၃:၁၉) ကျွန်ုပ်တို့ရဲ့အခြေအနေက အရင်က လုပ်ခဲ့တဲ့လုပ်ရပ်တွေအတွက် နောင်တရ၊ ပြုပြင်ပြောင်းလဲပြီး သေဒဏ်စီရင်ခံရဖို့ စောင့်နေတဲ့ အကျဉ်းသားတစ်ယောက်နဲ့တူနေတယ်။ ဒါကို စိတ်ကောင်းရှိတဲ့ တရားသူကြီးတစ်ယောက်ကမြင်ပြီး အဲဒီအကျဉ်းသားရဲ့ ပြစ်မှုမှတ်တမ်းကို ပယ်ဖျက်ပေးလိုက်တယ်၊ သူ့ကို သေဒဏ်ကနေ လွတ်ပေးလိုက်တယ်။ အဲဒီအကျဉ်းသားဟာ တကယ့်ကိုစိတ်သက်သာရာရပြီး ပျော်ရွှင်သွားမှာပဲ။ ယေဟောဝါဟာ အဲဒီတရားသူကြီးလိုပဲ နောင်တရတဲ့လူသားတွေကို မျက်နှာသာပေးပြီး သူတို့ခံရမယ့်သေဒဏ်ကို ဖယ်ရှားပေးလိုက်တယ်။

စစ်မှန်တဲ့ဝတ်ပြုရေးမှာ ပျော်မွေ့ပါ

ယေဟောဝါရဲ့အိမ်တော်မှာ ဒါဝိဒ်မြင်တွေ့နိုင်တဲ့ စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ အသွင်အပြင်တွေမှာ အစ္စရေးလူတွေ စုရုံးလာတာ၊ ယဇ်ပုရောဟိတ်တွေနဲ့ လေဝိသားတွေက လူအများရှေ့မှာ ပညတ်တရားကိုဖတ်ပြီး ရှင်းပြတာ၊ နံ့သာပေါင်းတွေ မီးရှို့နေတာ၊ မြင့်မြတ်တဲ့အမှုတော်ကို ထမ်းဆောင်နေတာတွေပါတယ်။ (ထွ. ၃၀:၃၄-၃၈; တော. ၃:၅-၈; တရား. ၃၁:၉-၁၂) ရှေးခေတ်အစ္စရေးလူတွေရဲ့ စစ်မှန်တဲ့၀တ်ပြုမှုပုံစံနဲ့ မျက်မှောက်ခေတ် ၀တ်ပြုမှုပုံစံမှာ ဆင်တူချက်တွေ ရှိပါတယ်။

ရှေးအချိန်တုန်းကလိုပဲ အခုအချိန်မှာလည်း “ညီအစ်ကိုတွေ စည်းစည်းလုံးလုံး အတူနေထိုင်ကြတာ ကောင်းလိုက်တာ။ ကြည်နူးစရာကောင်းလိုက်တာ” လို့ ပြောနိုင်ပါတယ်။ (ဆာ. ၁၃၃:၁ကဘ) ကမ္ဘာတစ်ဝန်းမှာရှိတဲ့ “ညီအစ်ကိုအသင်းအပင်း” ဟာ အံ့ဩစရာကောင်းလောက်အောင် တိုးများလာတယ်။ (၁ ပေ. ၂:၁၇) အစည်းအဝေးတွေမှာ ကျမ်းစာဖတ်ပြီး ရှင်းပြတယ်။ ယေဟောဝါဟာ မိမိရဲ့အဖွဲ့အစည်းကတစ်ဆင့် ညွှန်ကြားချက်တွေ ပေးနေတယ်။ ဒါ့အပြင် ကိုယ်ပိုင်လေ့လာမှုနဲ့ မိသားစုလေ့လာမှုတွေမှာ လေ့လာနိုင်တဲ့စာပေတွေ အများကြီးလည်းရှိတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကိုတစ်ယောက်က “ယေဟောဝါရဲ့တရားစကားကို စဉ်းစားတွေးတောတာ၊ အဓိပ္ပာယ်ကို ပြန်စဉ်းစားတာ၊ ထိုးထွင်းသိမြင်ဖို့နဲ့ သိနားလည်ဖို့ ရှာဖွေတာတွေက ကျွန်တော်နိုးနေတဲ့အချိန်တွေကို ကျမ်းစာအသိပညာနဲ့ ကြွယ်ဝစေပြီး ကျေနပ်စေတယ်” လို့ပြောခဲ့တယ်။ အမှန်ပါပဲ ကျွန်ုပ်တို့ဟာ “အသိပညာကို နှစ်သက်” လာနိုင်ပါတယ်။—သု. ၂:၁၀ကဘ။

ယနေ့အချိန်မှာ ဘုရားသခင့်ကျေးကျွန်တွေဟာ နေ့စဉ် ယေဟောဝါနှစ်သက်လက်ခံတဲ့ ဆုတောင်းချက်တွေကို တောင်းကြတယ်။ ဒီဆုတောင်းချက်တွေက ယေဟောဝါအတွက် မွှေးကြိုင်တဲ့အနံ့နဲ့တူတယ်။ (ဆာ. ၁၄၁:၂) နှိမ့်ချတဲ့ဆုတောင်းချက်တွေနဲ့ ယေဟောဝါဘုရားထံ ချဉ်းကပ်တာကို ကိုယ်တော် နှစ်သက်လက်ခံတယ်ဆိုတာ သိရခြင်းက ကျွန်ုပ်တို့အတွက် ဘယ်လောက်တောင် စိတ်ကျေနပ်စရာ ကောင်းလိုက်သလဲ။

မောရှေက “ကျွန်တော်တို့ဘုရားသခင် ယေဟောဝါရဲ့မျက်နှာသာက ကျွန်တော်တို့အပေါ် သက်ရောက်ပါစေ။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေ ကြီးပွားတိုးတက်ပါစေ” လို့ဆုတောင်းခဲ့တယ်။ (ဆာ. ၉၀:၁၇ကဘ) ကျွန်ုပ်တို့ရဲ့အမှုဆောင်လုပ်ငန်းကို ထက်ထက်သန်သန် လုပ်ဆောင်တဲ့အခါ ယေဟောဝါ ကောင်းချီးပေးတယ်။ (သု. ၁၀:၂၂) အမှန်တရားသိလာအောင် တချို့သူတွေကို ကျွန်ုပ်တို့ ကူညီပေးခဲ့တာ ဖြစ်နိုင်တယ်။ အရေးမစိုက်မှု၊ ဖျားနာမှု၊ စိတ်ဓာတ်ကျဆင်းမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြားမှာ နှစ်ပေါင်းများစွာ ခံနိုင်ရည်ရှိရှိ အမှုဆောင်ခဲ့တာဖြစ်နိုင်တယ်။ (၁ သက်. ၂:၂) ဒါပေမဲ့ “ယေဟောဝါရဲ့ကောင်းမြတ်ခြင်း” ကို တွေ့မြင်ပါသလား၊ ကျွန်ုပ်တို့ရဲ့ ကြိုးစားအားထုတ်မှုကို ကောင်းကင်ဖခင် အလွန်နှစ်သက်တယ်ဆိုတာ သိရှိပါသလား။

ဒါဝိဒ်က “ယေဟောဝါဟာ ကျွန်တော်ရတဲ့ဝေစု၊ ကျွန်တော်ရတဲ့ခွဲတမ်း၊ ကျွန်တော်သောက်ရမယ့်ခွက်ပဲ။ ကိုယ်တော်က ကျွန်တော့်အမွေကို ကာကွယ်စောင့်ရှောက်ပေးတယ်။ ကျွန်တော့်အတွက် သာယာတဲ့နေရာတွေကို သတ်မှတ်ပေးတယ်” လို့ သီဆိုခဲ့တယ်။ (ဆာ. ၁၆:၅၊ ၆ကဘ) ဒါဝိဒ်ဟာ သူရတဲ့ “ဝေစု” အတွက် ကျေးဇူးတင်ခဲ့တယ်၊ အဲဒီဝေစုက ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတာ၊ ကိုယ်တော့်အမှုတော်ကို ထမ်းဆောင်ခွင့်ရတာဖြစ်တယ်။ ဒါဝိဒ်လိုပဲ ကျွန်ုပ်တို့လည်း အခက်အခဲတွေ ကြုံတွေ့ခံစားနေရမှာဖြစ်ပေမဲ့ ကောင်းချီးများစွာ ခံစားနေရပါတယ်။ ဒါကြောင့် စစ်မှန်တဲ့ဝတ်ပြုရေးမှာ ဆက်ပျော်မွေ့ပြီး ဝတ်ပြုရေးနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့အစီအစဉ်ကို အမြဲ “တန်ဖိုးထားလေးမြတ်စိတ်နဲ့ကြည့်” ကြစို့။

^ အပိုဒ််၊ 6 ဇူလိုင် ၁၊ ၁၉၉၆၊ ကင်းမျှော်စင် စာမျက်နှာ ၁၄-၂၄ ကိုကြည့်ပါ။