မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ—ကျွန်ုပ်တို့ရဲ့ အကောင်းဆုံးမိတ်ဆွေ

ယေဟောဝါ—ကျွန်ုပ်တို့ရဲ့ အကောင်းဆုံးမိတ်ဆွေ

“[အာဗြဟံ] သည် ‘ယေဟောဝါဘုရား၏မိတ်ဆွေ’ ဟုလည်း အခေါ်ခံရ၏။”—ယာ. ၂:၂၃

၁။ ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခံထားရလို့ ဘယ်လို အရည်အသွေးတွေရှိသလဲ။

အဖေနဲ့တူတဲ့သားကို လူတွေက “အဖေတူသား” လို့ခေါ်ကြတယ်။ တကယ်တော့ ကလေးတိုင်းမှာ မိဘတွေမှာရှိတဲ့ အရည်အသွေးတွေ ရှိကြတယ်။ ယေဟောဝါဟာ ကျွန်ုပ်တို့ကို အသက်ပေးတဲ့ ကျွန်ုပ်တို့ရဲ့ ကောင်းကင်ဖခင်ဖြစ်တယ်။ (ဆာ. ၃၆:၉) ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ လူသား,သားသမီးတွေဖြစ်လို့ အချက်အတော်များများမှာ ကိုယ်တော်နဲ့ တူတယ်။ ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ “ပုံသဏ္ဌာန်” နဲ့အညီ ဖန်ဆင်းခံထားရလို့ ကိုယ်တော့်လို စဉ်းစားတွေးခေါ်နိုင်တယ်၊ ဆုံးဖြတ်ချက်ချနိုင်တယ်၊ အချင်းချင်းမိတ်ဖွဲ့ပြီး ရင်းနှီးနိုင်တယ်။—က. ၁:၂၆

၂။ ယေဟောဝါက ဘာကြောင့် ကျွန်ုပ်တို့ရဲ့အကောင်းဆုံးမိတ်ဆွေ ဖြစ်နိုင်သလဲ။

ယေဟောဝါဟာ ကျွန်ုပ်တို့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က ကျွန်ုပ်တို့ကိုချစ်တယ်၊ ကျွန်ုပ်တို့က ကိုယ်တော်နဲ့ သားတော်ကို ယုံကြည်တယ်။ ယေရှုက “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ၊ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏” လို့ပြောခဲ့တယ်။ (ယော. ၃:၁၆) ယေဟောဝါနဲ့ ရင်းရင်းနှီးနှီးရှိတဲ့လူတွေ အများကြီးရှိပါတယ်။ အဲဒီအထဲက နှစ်ယောက်အကြောင်းကို လေ့လာကြည့်ကြစို့။

‘ငါ့မိတ်ဆွေ အာဗြဟံ’

၃၊ ၄။ အာဗြဟံနဲ့ ယေဟောဝါရဲ့ရင်းနှီးမှု၊ အစ္စရေးလူတွေနဲ့ ယေဟောဝါရဲ့ရင်းနှီးမှု ဘယ်လိုကွာသလဲ။

ယေဟောဝါက အစ္စရေးလူမျိုးရဲ့ ဘိုးဘေးကို ‘ငါ့မိတ်ဆွေ အာဗြဟံ’ လို့ခေါ်ခဲ့တယ်။ (ဟေရှာ. ၄၁:၈) ရာဇဝင်ချုပ်ဒုတိယစောင် ၂၀:၇ မှာလည်း အာဗြဟံကို ဘုရားသခင့်မိတ်ဆွေလို့ ခေါ်ထားတယ်။ အာဗြဟံဟာ ဘာကြောင့် ဖန်ဆင်းရှင်နဲ့ အဲဒီလိုရင်းနှီးနိုင်တာလဲ။ သူ့ရဲ့ ခိုင်ခံ့တဲ့ယုံကြည်ခြင်းကြောင့်ပါပဲ။—က. ၁၅:၆; ယာကုပ် ၂:၂၁-၂၃ ကိုဖတ်ပါ။

အာဗြဟံကနေ ဆင်းသက်လာတဲ့ ရှေးခေတ်အစ္စရေးလူတွေလည်း ယေဟောဝါကို ဖခင်နဲ့ မိတ်ဆွေအဖြစ် ယူမှတ်ခဲ့ကြပါတယ်။ ဝမ်းနည်းစရာက နှစ်တွေကြာလာတဲ့အခါ ဘုရားသခင်နဲ့ သူတို့ကြားမှာရှိတဲ့ ရင်းနှီးမှု ပြတ်တောက်သွားတယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ ယေဟောဝါရဲ့ကတိတော်တွေကို သူတို့ မယုံကြည်တော့လို့ပဲ။

၅၊ ၆။ (က) ယေဟောဝါက သင့်မိတ်ဆွေ ဘယ်လိုဖြစ်လာသလဲ။ (ခ) ကိုယ့်ကိုယ်ကို ဘယ်မေးခွန်းတွေ မေးသင့်သလဲ။

ယေဟောဝါအကြောင်း ပိုသိလာလေ ကိုယ်တော့်အပေါ် ထားရှိတဲ့ယုံကြည်ခြင်းက ပိုခိုင်ခံ့လာလေဖြစ်ပြီး ကိုယ်တော့်ကို ပိုချစ်လာလေဖြစ်တယ်။ ဘုရားသခင်ဟာ တကယ်ရှိတဲ့ပုဂ္ဂိုလ်တစ်ပါးဖြစ်တယ်၊ ကိုယ်တော်နဲ့ ရင်းနှီးတဲ့မိတ်ဆွေ ဖြစ်နိုင်တယ်ဆိုတာ ပထမဆုံးသိခဲ့ရတဲ့အချိန်ကို ပြန်စဉ်းစားကြည့်ပါ။ ကျွန်ုပ်တို့အားလုံးဟာ အာဒံရဲ့မနာခံမှုကြောင့် အပြစ်ကို အမွေခံခဲ့ရတယ်ဆိုတာ သိခဲ့ရတယ်။ လူသားတွေဟာ ဘုရားသခင်နဲ့ မိတ်ပျက်ခဲ့ရတယ်ဆိုတာကိုလည်း သင်နားလည်ခဲ့ရတယ်။ (ကော. ၁:၂၁) အဲဒီနောက် ကျွန်ုပ်တို့ရဲ့ မေတ္တာရှင် ကောင်းကင်ဖခင်ဟာ လူတွေကို စိတ်မဝင်စားဘဲ သူ့ဘာသာသီးသန့်နေတဲ့ ပုဂ္ဂိုလ်မဟုတ်ဘူးဆိုတာ သိလာတယ်။ ယေဟောဝါက သားတော်ကို ရွေးနုတ်ဖိုးပူဇော်သကာအဖြစ် ပေးခဲ့တယ်ဆိုတာ ကျွန်ုပ်တို့သိရှိပြီး အဲဒီ ရွေးနုတ်ဖိုးပူဇော်သကာကို ယုံကြည်လာတဲ့အခါ ဘုရားသခင်နဲ့ ရင်းနှီးလာတယ်။

ယေဟောဝါကို  ကျွန်ုပ်တို့  သိရှိလာပုံအကြောင်း စဉ်းစားကြည့်တဲ့အခါ ကိုယ့်ကိုယ်ကို ဒီလိုမေးသင့်တယ်– ‘ဘုရားသခင်နဲ့  ပိုရင်းနှီးအောင်  ငါလုပ်နေသလား။ ယေဟောဝါအပေါ်ထားရှိတဲ့ ငါ့ရဲ့ယုံကြည်ခြင်းနဲ့ မေတ္တာ တစ်နေ့ပြီးတစ်နေ့ တိုးများလာသလား။’ ဘုရားသခင့်မိတ်ဆွေ နောက်တစ်ယောက်က ဂိဒေါင်ဖြစ်တယ်။ သူ့ရဲ့စံနမူနာကို လိုက်လျှောက်နိုင်ဖို့အတွက် သူ့အကြောင်း လေ့လာကြည့်ကြစို့။

“ယေဟောဝါဟာ ငြိမ်သက်ခြင်းဖြစ်တယ်”

၇-၉။ (က) ထူးခြားတဲ့ ဘယ်အဖြစ်အပျက်ကို ဂိဒေါင် ကြုံတွေ့ခဲ့ရသလဲ။ သူ ဘာအကျိုးရခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) ကျွန်ုပ်တို့ဟာ ဘုရားသခင့်မိတ်ဆွေ ဘယ်လိုဖြစ်နိုင်သလဲ။

အစ္စရေးလူတွေ ကတိထားတဲ့ပြည်ထဲ ဝင်ပြီးနောက် ခက်ခဲချိန်မှာ တရားသူကြီးဂိဒေါင်ဟာ ယေဟောဝါရဲ့အမှုတော်ကို ထမ်းဆောင်ခဲ့တယ်။ မိဒျန်လူတွေဟာ အစ္စရေးလူတွေကို ခြိမ်းခြောက်ပြီး သူတို့ရဲ့ပြည်ကို အကြိမ်ကြိမ် ကျူးကျော်ခဲ့တယ်။ အဲဒါကြောင့် ဂိဒေါင်ဟာ ကွင်းပြင်မှာမဟုတ်ဘဲ စပျစ်သီးနယ်တဲ့ကျင်းထဲမှာ ဂျုံစပါးတွေကို ရိုက်ခြွေခဲ့ရတယ်။ အဲဒါမှ အဖိုးတန်ဂျုံစေ့တွေကို အမြန်ဝှက်နိုင်မှာဖြစ်တယ်။ ယေဟောဝါရဲ့ကောင်းကင်တမန်ဟာ ဩဖရမြို့မှာရှိတဲ့ ဂိဒေါင်ဆီရောက်လာတယ်လို့ တရားသူကြီး အခန်းကြီး ၆ မှာဖော်ပြထားတယ်။ ကောင်းကင်တမန်ပေါ်လာပြီး ဂိဒေါင်ကို ‘ခွန်အားကြီးတဲ့စစ်သူရဲ’ လို့ခေါ်လိုက်တဲ့အခါ သူအံ့ဩသွားတယ်။ ယေဟောဝါက အစ္စရေးလူတွေကို အီဂျစ်ပြည်ကနေ ကယ်ထုတ်လာတာ မှန်ပေမဲ့ ဒီတစ်ကြိမ်မှာကော ကူညီပါ့မလားလို့ ဂိဒေါင် သံသယဝင်နေတယ်။ ဂိဒေါင်ကို ဘုရားသခင် ကူညီမယ်ဆိုတာ ယေဟောဝါကိုယ်စား ကောင်းကင်တမန်က ကတိပေးခဲ့တယ်။

ဂိဒေါင်က သူဘယ်လိုလုပ်ပြီး “အစ္စရေးတွေကို မိဒျန်လူမျိုးလက်ထဲကနေ ကယ်တင်” နိုင်မှာလဲလို့ စဉ်းစားမိတယ်။ ယေဟောဝါက သူ့ကို “သင်နဲ့အတူ ငါရှိမှာဖြစ်လို့ သင်ဟာ လူတစ်ယောက်ကို သတ်သလိုမျိုး မိဒျန်လူမျိုးကို တိုက်သတ်လိမ့်မယ်” လို့ ရှင်းရှင်းလင်းလင်း အဖြေပေးခဲ့တယ်။ (သူကြီး. ၆:၁၁-၁၆ကဘ) အဲဒါဖြစ်နိုင်ပါ့မလားလို့ ဂိဒေါင်စဉ်းစားပြီး ဘုရားသခင့်ဆီက နိမိတ်လက္ခဏာတစ်ခု တောင်းခဲ့တယ်။ ဘုရားသခင်ဟာ တကယ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ် ဆိုတဲ့အချက်ကို ဂိဒေါင် သံသယမဝင်ဘူးဆိုတာ အဲဒီအပြန်အလှန် ပြောဆိုတဲ့စကားမှာ တွေ့ရတယ်။

နောက်ထပ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက ဂိဒေါင်ရဲ့ယုံကြည်ခြင်းကို ပိုခိုင်ခံ့စေပြီး ဘုရားသခင်နဲ့ ပိုရင်းနှီးစေခဲ့တယ်။ ဂိဒေါင်ဟာ စားစရာတွေကို ပြင်ဆင်ပြီး ကောင်းကင်တမန်ကို ဧည့်ခံခဲ့တယ်။ ကောင်းကင်တမန်က သူ့ရဲ့တောင်ဝှေးနဲ့ စားစရာတွေကို တို့လိုက်ပြီး မီးလောင်အောင်လုပ်လိုက်တယ်။ အဲဒီပုဂ္ဂိုလ်က ယေဟောဝါစေလွှတ်လိုက်တဲ့ ကောင်းကင်တမန်ပဲဆိုတာ ဂိဒေါင်သိသွားတဲ့အခါ ထိတ်လန့်သွားတယ်။ ဒါနဲ့ ဂိဒေါင်က “အမယ်လေး၊ အချုပ်အခြာအာဏာရှင် ယေဟောဝါ၊ ကျွန်တော်ကတော့ ယေဟောဝါရဲ့ကောင်းကင်တမန်ကို မျက်နှာချင်းဆိုင် မြင်လိုက်ရပြီ” လို့ အလန့်တကြား ပြောလိုက်တယ်။ (သူကြီး. ၆:၁၇-၂၂ကဘ) အဲဒါက ယေဟောဝါနဲ့ ဂိဒေါင်ရဲ့ ဆက်ဆံရေးကို ထိခိုက်ခဲ့သလား။ လုံးဝ မထိခိုက်ခဲ့ပါဘူး။ ဂိဒေါင်ဟာ ယေဟောဝါကို အဲဒီလိုနည်းနဲ့ သိကျွမ်းပြီး ငြိမ်သက်မှုခံစားခဲ့ရတယ်။ ဒီအချက်ကို ဂိဒေါင်တည်ခဲ့တဲ့ ယဇ်ပလ္လင်ရဲ့နာမည်ကနေ သိရှိရတယ်၊ ယဇ်ပလ္လင်ရဲ့နာမည်က “ယေဟောဝါရှာလုံ” ဖြစ်ပြီး “ယေဟောဝါဟာ ငြိမ်သက်ခြင်းဖြစ်တယ်” လို့အဓိပ္ပာယ်ရတယ်။ (တရားသူကြီး ၆:၂၃၊ ၂၄ ကိုဖတ်ပါ။) ယေဟောဝါ နေ့စဉ် လုပ်ပေးတာတွေကို စဉ်းစားတွေးတောမယ်ဆိုရင် ကိုယ်တော်ဟာ မိတ်ဆွေစစ်ဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့ သိလာပါလိမ့်မယ်။ ယေဟောဝါထံ မှန်မှန်ဆုတောင်းမယ်ဆိုရင် ကျွန်ုပ်တို့မှာ ငြိမ်သက်မှုပိုရှိလာပြီး ကိုယ်တော်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေး ပိုခိုင်မြဲလာမယ်။

ယေဟောဝါရဲ့ တဲတော်မှာ ဘယ်သူတည်းခိုရမလဲ

၁၀။ ဆာလံ ၁၅:၃၊ မှာ ယေဟောဝါရဲ့မိတ်ဆွေဖြစ်ချင်သူတွေဆီကနေ ဘယ်အချက်တွေ တောင်းဆိုထားသလဲ။

၁၀ ယေဟောဝါရဲ့မိတ်ဆွေဖြစ်ချင်သူတွေဆီကနေ ကိုယ်တော် တိတိကျကျ တောင်းဆိုထားတာတွေရှိတယ်။ ယေဟောဝါရဲ့တဲတော်မှာ တည်းခိုချင်တဲ့သူ၊ နောက်တစ်မျိုးပြောရင် ဘုရားသခင့်မိတ်ဆွေဖြစ်ချင်သူတွေ လုပ်ဆောင်ရမယ့်အချက်တွေကို ဆာလံ ၁၅ မှာ ဖော်ပြထားတယ်။ (ဆာ. ၁၅:၁) အဲဒီအချက်တွေထဲက သူတစ်ပါးကို အသရေပျက်အောင် မပြောခြင်းနဲ့ ပေါင်းသင်းဆက်ဆံရာမှာ ရိုးသားခြင်းဆိုတဲ့ အချက်နှစ်ချက်ကို အာရုံစိုက်ကြစို့။ ယေဟောဝါရဲ့မိတ်ဆွေအဖြစ် ကိုယ်တော် လက်ခံသူတွေနဲ့ပတ်သက်ပြီး ဒါဝိဒ်က “သူ့လျှာက အသရေပျက်အောင် မပြောဘူး။ . . . အပြစ်မဲ့သူကိုဒုက္ခပေးဖို့ သူ့ကို လာဘ်ထိုးလို့မရဘူး” လို့ပြောတယ်။—ဆာ. ၁၅:၃၊ကဘ။

၁၁။ အသရေပျက်အောင် ပြောဆိုတာကို ဘာကြောင့် ရှောင်ဖို့လိုသလဲ။

၁၁ ဆာလံကျမ်းနောက်တစ်ချက်မှာ ဒါဝိဒ်က “ကိုယ့်လျှာကို မကောင်းသောအရာနှင့် ကင်းစေလော့” လို့ သတိပေးထားတယ်။ (ဆာ. ၃၄:၁၃) အဲဒီသတိပေးချက်ကို လျစ်လျူရှုတယ်ဆိုရင် ကောင်းကင်ဖခင် ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေး ထိခိုက်သွားပါလိမ့်မယ်။ တကယ်တော့ အသရေပျက်အောင်ပြောတယ်ဆိုတာက ယေဟောဝါရဲ့ရန်သူ စာတန်မာရ်နတ်ရဲ့ ပေါ်လွင်ထင်ရှားတဲ့အကျင့်စရိုက်ပဲ။ “မာရ်နတ်” ဆိုတဲ့အသုံးအနှုန်းက “အသရေပျက်အောင်ပြောဆိုသူ” လို့အဓိပ္ပာယ်ရှိတဲ့ ဂရိစကားက ဆင်းသက်လာတာဖြစ်တယ်။ ကျွန်ုပ်တို့ တခြားသူတွေနဲ့စကားပြောတဲ့အခါ၊ တခြားသူတွေအကြောင်း ပြောတဲ့အခါ သေချာဂရုစိုက် ပြောဆိုတယ်ဆိုရင် ယေဟောဝါနဲ့ဆက်ပြီး ရင်းနှီးနေဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ အထူးသဖြင့် အသင်းတော်မှာ ဦးဆောင်နေတဲ့ ညီအစ်ကိုတွေအပေါ်ထားတဲ့ ကျွန်ုပ်တို့ရဲ့သဘောထားကို ဂရုစိုက်သင့်တယ်။ဟေဗြဲ ၁၃:၁၇ နဲ့ ယုဒ ၈ တို့ကိုဖတ်ပါ။

၁၂၊ ၁၃။ (က) ကျွန်ုပ်တို့ ဘာကြောင့် အရာရာမှာ ရိုးသားသင့်သလဲ။ (ခ) ရိုးသားခြင်းက ဘာအကျိုး ရရှိစေသလဲ။

၁၂ ယေဟောဝါရဲ့ကျေးကျွန်တွေဟာ ရိုးသားတယ်လို့ လူတွေက သိကြတယ်။ တမန်တော်ပေါလုက “ငါတို့အတွက် ဆက်၍ဆုတောင်းပေးနေကြလော့။ အကြောင်းမူကား ငါတို့သည် အရာရာ၌ ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံလိုသဖြင့် ဩတ္တပ္ပစိတ် ကြည်လင်ကြောင်း ယုံကြည်စိတ်ချကြ၏” လို့ရေးခဲ့တယ်။ (ဟေဗြဲ ၁၃:၁၈) ကျွန်ုပ်တို့ဟာ ‘အရာရာမှာရိုးသားဖြောင့်မတ်စွာ ကျင့်ကြံ’ ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အတွက်ကြောင့် ညီအစ်ကိုညီအစ်မတွေကို လိမ်လည်လှည့်စားတာမျိုး မလုပ်ဘူး။ ဥပမာ၊ ကျွန်ုပ်တို့က ညီအစ်ကိုတွေရဲ့ အလုပ်ရှင်ဖြစ်တယ်ဆိုရင် ညီအစ်ကိုတွေကို မျှမျှတတဆက်ဆံပြီး ပေးမယ်လို့သဘောတူထားတဲ့လုပ်ခကို ပေးရမှာဖြစ်တယ်။ ခရစ်ယာန်ဖြစ်တဲ့ ကျွန်ုပ်တို့ဟာ အလုပ်သမားတွေနဲ့ တခြားသူတွေအားလုံးအပေါ် ရိုးသားကြတယ်။ ကျွန်ုပ်တို့က ညီအစ်ကိုတစ်ယောက်ဆီမှာ အလုပ်လုပ်တယ်ဆိုရင် အခွင့်အရေးယူတာမျိုး၊ အထူးအခွင့်အရေးပေးဖို့ မျှော်လင့်တာမျိုး မလုပ်သင့်ဘူး။

၁၃ လောက,က လူတွေက ယေဟောဝါသက်သေတွေရဲ့ ရိုးသားမှုကို ချီးမွမ်းလေ့ရှိတယ်။ ဥပမာ၊ ကုမ္ပဏီကြီးတစ်ခုရဲ့ ဒါရိုက်တာက ယေဟောဝါသက်သေတွေ ကတိတည်တာကို သတိထားမိပြီး “ခင်ဗျားတို့က ကတိအတိုင်း အမြဲလုပ်တယ်” လို့ပြောခဲ့တယ်။ (ဆာ. ၁၅:၄) ဒီရိုးသားမှုက ကျွန်ုပ်တို့ကို ယေဟောဝါရဲ့မိတ်ဆွေ ဆက်ဖြစ်နေစေပြီး မေတ္တာရှိတဲ့ ကောင်းကင်ဖခင်ကို ချီးမွမ်းမှုဖြစ်စေတယ်။

ယေဟောဝါရဲ့မိတ်ဆွေဖြစ်လာအောင် တခြားသူတွေကို ကူညီပါ

တခြားသူတွေ ယေဟောဝါရဲ့မိတ်ဆွေဖြစ်လာအောင် ကျွန်ုပ်တို့ ကူညီပေး (အပိုဒ် ၁၄၊ ၁၅ ကိုကြည့်ပါ)

၁၄၊ ၁၅။ အမှုဆောင်လုပ်ငန်းမှာ တခြားသူတွေ ယေဟောဝါရဲ့မိတ်ဆွေဖြစ်လာအောင် ကျွန်ုပ်တို့ ဘယ်လိုကူညီပေးနိုင်သလဲ။

၁၄ အမှုဆောင်လုပ်ငန်းမှာ ကျွန်ုပ်တို့တွေ့ဆုံတဲ့သူတွေဟာ ဘုရားရှိတယ်ဆိုတာကို ယုံကြည်ကောင်း ယုံကြည်ကြပါလိမ့်မယ်။ ဒါပေမဲ့ လူများစွာက ဘုရားသခင်ကို သူတို့ရဲ့အကောင်းဆုံးမိတ်ဆွေအဖြစ် မယူမှတ်ကြဘူး။ သူတို့ကို ဘယ်လိုကူညီပေးနိုင်သလဲ။ ဟောပြောဖို့ စေလွှတ်ခံရတဲ့ တပည့် ၇၀ ကို ယေရှု ဘယ်လို ညွှန်ကြားခဲ့တယ်ဆိုတာ သတိပြုပါ– “မည်သည့်အိမ်သို့မဆို ဝင်လျှင် ‘ဤအိမ်၌ ငြိမ်သက်ခြင်းရှိပါစေ’ ဟုဦးစွာပြောကြလော့။ ထိုအိမ်၌ ငြိမ်သက်ခြင်းကို လိုလားသူရှိလျှင် သင်တို့မြွက်သော ငြိမ်သက်ခြင်းသည် သူ့အပေါ် တည်လိမ့်မည်။ ထိုသို့မဟုတ်လျှင် သင်တို့ထံ ပြန်လာလိမ့်မည်။” (လု. ၁၀:၅၊ ၆) ကျွန်ုပ်တို့က လူတွေကို ခင်ခင်မင်မင် ဆက်ဆံတယ်ဆိုရင် လူတွေက အမှန်တရားအကြောင်း ပိုသိချင်လာနိုင်တယ်။ ဒေါသတကြီးပြောဆိုတဲ့သူတွေကို ကျွန်ုပ်တို့က ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံတယ်ဆိုရင် သူတို့ရဲ့စိတ် ပျော့ပျောင်းသွားနိုင်ပြီး နောက်တစ်ကြိမ်မှာ အမှန်တရားအကြောင်း နားထောင်လိုစိတ် ရှိလာနိုင်တယ်။

၁၅ ဘာသာတရား အလွန်ကိုင်းရှိုင်းသူ ဒါမှမဟုတ် အယူမှားဘာသာရဲ့ ဓလေ့ထုံးစံတွေကို လိုက်စားသူတွေနဲ့ တွေ့တဲ့အခါ ကျွန်ုပ်တို့က သူတို့ကို ခင်ခင်မင်မင်၊ အေးအေးဆေးဆေး ဆက်ဆံတယ်။ လောကမှာဖြစ်ပျက်နေတာတွေကြောင့် စိတ်မချမ်းမသာဖြစ်နေသူတွေ၊ ကျွန်ုပ်တို့ကိုးကွယ်တဲ့ ဘုရားသခင်အကြောင်း ပိုသိချင်သူတွေကို ကျွန်ုပ်တို့က အစည်းအဝေးတွေမှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ “သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်” ဆိုတဲ့ ဆောင်းပါးတွေမှာ အဲဒီလိုလူတွေရဲ့ တွေ့ကြုံမှုကောင်းတွေ တွေ့ရတယ်။

အကောင်းဆုံးမိတ်ဆွေနဲ့ အတူတူလုပ်ဆောင်ပါ

၁၆။ ကျွန်ုပ်တို့ဟာ ဘယ်လိုနည်းနဲ့ ယေဟောဝါရဲ့မိတ်ဆွေအဖြစ်သာ မကဘဲ “လုပ်ဖော်ဆောင်ဖက်” လည်းဖြစ်နိုင်သလဲ။

၁၆ အတူတူအလုပ်လုပ်တဲ့သူတွေက ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်သွားတတ်ကြတယ်။ ယေဟောဝါထံ ဆက်ကပ်အပ်နှံထားသူအားလုံးဟာ ကိုယ်တော့်မိတ်ဆွေအဖြစ်သာမကဘဲ ကိုယ်တော့် “လုပ်ဖော်ဆောင်ဖက်” လည်းဖြစ်တယ်။ (၁ ကောရိန္သု ၃:၉ ကိုဖတ်ပါ။) ကျွန်ုပ်တို့က ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပါဝင်တဲ့အခါ ကောင်းကင်ဖခင်ရဲ့ ကောင်းမြတ်တဲ့ အရည်အသွေးတွေအကြောင်း ပိုသိရှိလာတယ်။ သတင်းကောင်းဟောပြောရာမှာ ကိုယ်တော့်သန့်ရှင်းသောစွမ်းအားတော်က ကျွန်ုပ်တို့ကို ဘယ်လိုကူညီပေးတယ်ဆိုတာ မြင်တွေ့ရတယ်။

၁၇။ ယေဟောဝါဟာ ကျွန်ုပ်တို့ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်တယ်ဆိုတာ စည်းဝေးပွဲတွေနဲ့ စည်းဝေးကြီးတွေက ဘယ်လို ဖော်ပြသလဲ။

၁၇ ဟောပြောခြင်းလုပ်ငန်းမှာ များများပါဝင်လေ ယေဟောဝါနဲ့ ပိုရင်းနှီးလေပဲ။ ဟောပြောခြင်းလုပ်ငန်း ရပ်တန့်သွားအောင် ဆန့်ကျင်သူတွေကို ယေဟောဝါ ဘယ်လိုတားဆီးတယ်ဆိုတာ ကျွန်ုပ်တို့ မြင်တွေ့ရတယ်။ ကိုယ်တော် ကျွန်ုပ်တို့ကို လမ်းညွှန်ပေးတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်တွေ့ရတယ်။ အစည်းအဝေးတွေ၊ အဖွဲ့အစည်းထုတ် စာပေတွေကနေတစ်ဆင့် ကိုယ်တော် သွန်သင်ပေးနေတဲ့နည်းကို မြင်တွေ့ရတယ်။ စည်းဝေးကြီးနဲ့ စည်းဝေးပွဲအစီအစဉ်တွေက ကျွန်ုပ်တို့ရဲ့ ပြဿနာတွေနဲ့ လိုအပ်ရာတွေကို ယေဟောဝါ သိတယ်ဆိုတာ သိရှိစေတယ်။ စည်းဝေးကြီးတစ်ခုပြီးတဲ့နောက်မှာ မိသားစုတစ်စုက “စည်းဝေးအစီအစဉ်က ကျွန်တော်တို့ရဲ့စိတ်နှလုံးကို တကယ်ထိမိတယ်။ ယေဟောဝါက ကျွန်တော်တို့တစ်ယောက်ချင်းစီကို ဘယ်လောက်ချစ်တယ်၊ ဘယ်လောက် အောင်မြင်စေချင်တယ်ဆိုတာကို သိမြင်ခံစားရတယ်” လို့ရေးခဲ့တယ်။ အိုင်ယာလန်မှာကျင်းပတဲ့ အထူးစည်းဝေးကြီးကို တက်ရောက်ခဲ့တဲ့ ဂျာမနီကဇနီးမောင်နှံက သူတို့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုပြီး ဂရုစိုက်ကြည့်ရှုပေးတာကို ကျေးဇူးတင်ကြောင်း ပြောပြခဲ့တယ်။ ဒီလိုလည်း ဆက်ပြောတယ်– “ယေဟောဝါနဲ့ ဘုရင်ယေရှုခရစ်ကို ကျွန်တော်တို့ တကယ်ကျေးဇူးတင်တယ်။ သူတို့က ကျွန်တော်တို့ကို တကယ်စည်းလုံးတဲ့လူမျိုးအဝင်ဖြစ်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ ကျွန်တော်တို့က စည်းလုံးမှုအကြောင်းကို ပြောနေရုံလောက်ပဲ မဟုတ်ဘူး၊ အဲဒါကို နေ့တိုင်း တွေ့မြင်ခံစားနေရတယ်။ ဒပ်ဘလင်မှာတက်ခဲ့တဲ့ အထူးစည်းဝေးကြီးမှာ တွေ့ကြုံခဲ့ရတာတွေက သင်တို့အားလုံးနဲ့အတူ ကြီးမြတ်တဲ့ဘုရားသခင်ရဲ့ အမှုတော်ဆောင်ရတဲ့ အထူးအခွင့်အရေးကို အမြဲသတိရနေစေမှာဖြစ်တယ်။”

မိတ်ဆွေတွေက အပြန်အလှန်ဆက်သွယ်

၁၈။ ယေဟောဝါနဲ့ ကျွန်ုပ်တို့ ဆက်သွယ်တာနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ဘယ်လို မေးသင့်သလဲ။

၁၈ မိတ်ဆွေတွေဟာ အပြန်အလှန် ပြောဆိုဆက်သွယ်တဲ့အခါ ပိုရင်းနှီးလာကြတယ်။ အခုအချိန်မှာ လူတွေဟာ အင်တာနက်သုံးတာ၊ စာတိုပို့တာတွေကို ပိုပြီးအသုံးပြုလာကြတယ်။ အဲဒါနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့အကောင်းဆုံးမိတ်ဆွေ ယေဟောဝါနဲ့ ဆက်သွယ်တာက ဘယ်လိုအခြေအနေရှိသလဲ။ ကိုယ်တော်က “ဆုတောင်းစကားကို နားထောင်တဲ့အရှင်” ဖြစ်တယ်။ (ဆာ. ၆၅:၂ကဘ) ကိုယ်တော်နဲ့စကားပြောဖို့ ကျွန်ုပ်တို့ အချိန် ဘယ်လောက်ပေးသလဲ။

၁၉။ ဆုတောင်းတဲ့အခါ ခံစားချက်တွေကို ထုတ်ပြောဖို့ အခက်တွေ့နေတယ်ဆိုရင် ဘာ အကူအညီရှိသလဲ။

၁၉ ဘုရားသခင့်ကျေးကျွန်တချို့ဟာ သူတို့စိတ်ထဲမှာရှိတဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြောပြဖို့ အခက်တွေ့ကြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ ဆုတောင်းတဲ့အခါ ယေဟောဝါက အဲဒါတွေကို ထုတ်ပြောစေချင်တယ်။ (ဆာ. ၁၁၉:၁၄၅; မြည်တမ်း. ၃:၄၁) ကျွန်ုပ်တို့ရဲ့ စိတ်ခံစားချက်တွေကို စကားလုံးတွေနဲ့ ပြောပြဖို့ ခက်နေတယ်ဆိုရင် အကူအညီရှိပါတယ်။ ရောမမှာရှိတဲ့ခရစ်ယာန်တွေကို ပေါလု ဒီလိုစာရေးခဲ့တယ်– “ငါတို့သည် အဘယ်အရာကို ဆုတောင်းသင့်ကြောင်း မသိကြ။ သို့ရာတွင် နှုတ်မမြွက်နိုင်သော ညည်းတွားရာများကို စွမ်းအားတော်ကိုယ်တိုင် အသနားခံပေး၏။ စိတ်နှလုံးကို စစ်တော်မူသောအရှင်သည် စွမ်းအားတော်၏သဘောကို သိတော်မူ၏။ အကြောင်းမူကား ထိုစွမ်းအားတော်သည် ဘုရားသခင့် သဘောတော်အတိုင်း သန့်ရှင်းသူတို့အတွက် အသနားခံပေး၏။” (ရော. ၈:၂၆၊ ၂၇) ယောဘ၊ ဆာလံ၊ သုတ္တံကျမ်းတွေမှာပါတဲ့ စကားတွေကို စဉ်းစားတွေးတောတဲ့အခါ ကျွန်ုပ်တို့ရဲ့ခံစားချက်တွေကို ယေဟောဝါကို ဘယ်လိုပြောပြရမယ်ဆိုတာ သိလာပါလိမ့်မယ်။

၂၀၊ ၂၁။ ဖိလိပ္ပိ ၄:၆၊ ၇ မှာပါတဲ့ ပေါလုရဲ့စကားတွေက ကျွန်ုပ်တို့ကို ဘယ်လိုနှစ်သိမ့်မှုပေးသလဲ။

၂၀ ပြဿနာတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဖိလိပ္ပိအသင်းတော်ကို ပေါလုပြောခဲ့တဲ့ ဒီအကြံပြုချက်ကို လိုက်နာကြစို့– “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။” ကျွန်ုပ်တို့ အဲဒီလို ဆုတောင်းတယ်ဆိုရင် နှစ်သိမ့်မှု ခံစားရမှာဖြစ်တယ်။ “ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်” လို့ ပေါလု ဆက်ပြောတယ်။ (ဖိ. ၄:၆၊ ၇) ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးကို စောင့်ရှောက်တဲ့ ထူးခြားလှတဲ့ “ဘုရားသခင်၏ငြိမ်သက်ခြင်း” အတွက် အမြဲ ကျေးဇူးတင်သင့်ပါတယ်။

ဆုတောင်းခြင်းက ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ဘယ်လိုခိုင်မြဲစေသလဲ (အပိုဒ် ၂၁ ကိုကြည့်ပါ)

၂၁ ဆုတောင်းချက်က ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ရင်းနှီးမှုကို တည်ဆောက်ရာမှာ အထောက်အကူပြုပါတယ်။ ဒါကြောင့် “မခြားမလပ်ဆုတောင်း” ကြစို့။ (၁ သက်. ၅:၁၇) ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ဆက်ခိုင်မြဲနေအောင် လုပ်ဆောင်သင့်တယ်၊ ကျွန်ုပ်တို့ထံကနေ ဘုရားသခင် တောင်းဆိုထားတာတွေကို ဆက်လုပ်ဆောင်သင့်တယ်။ ယေဟောဝါဟာ ကျွန်ုပ်တို့ရဲ့ဖခင်၊ ဘုရားသခင်၊ မိတ်ဆွေဖြစ်တဲ့အတွက်ကြောင့် ခံစားရတဲ့ကောင်းချီးတွေကို အချိန်ယူပြီး စဉ်းစားကြည့်ကြစို့။