မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ်ကျိုးစွန့်စိတ်ဓာတ် အမြဲရှိနေအောင် လုပ်ဆောင်နိုင်ပုံ

ကိုယ်ကျိုးစွန့်စိတ်ဓာတ် အမြဲရှိနေအောင် လုပ်ဆောင်နိုင်ပုံ

“မည်သူမဆို ငါ့နောက်သို့လိုက်လိုလျှင် ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမည်။”—မ. ၁၆:၂၄

၁။ အကောင်းဆုံး ကိုယ်ကျိုးစွန့်မှုပုံသက်သေကို ယေရှု ဘယ်လိုပြခဲ့သလဲ။

ယေရှု ကမ္ဘာပေါ်မှာရှိတုန်းက အကောင်းဆုံး ကိုယ်ကျိုးစွန့်မှုပုံသက်သေ ပြခဲ့တယ်။ သူ့အလိုဆန္ဒကို ဦးစားထားဖို့၊ သက်သက်သာသာ နေရဖို့ထက် ဘုရားသခင့်အလိုတော်ကို ဦးစားထားခဲ့တယ်။ (ယော. ၅:၃၀) ယေရှုဟာ သစ်တိုင်ပေါ်မှာ သစ္စာရှိရှိ အသေခံခဲ့ခြင်းအားဖြင့် သူ့ရဲ့ကိုယ်ကျိုးစွန့်စိတ်ဓာတ်က အကန့်အသတ်မရှိဘူးဆိုတာ သက်သေပြခဲ့တယ်။—ဖိ. ၂:၈

၂။ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိကြောင်း ဘယ်လိုပြနိုင်သလဲ။ ဘာကြောင့် အဲဒီစိတ်ဓာတ် ရှိသင့်သလဲ။

ယေရှုရဲ့နောက်လိုက်တွေဖြစ်တဲ့ ကျွန်ုပ်တို့လည်း ကိုယ်ကျိုးစွန့်စိတ်ဓာတ် ပြဖို့လိုတယ်။ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ တခြားသူတွေကို ကူညီဖို့အတွက် ကိုယ့်အကျိုးကို လိုလိုလားလား စွန့်လွှတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ အဲဒါက ကိုယ်ကျိုးရှာခြင်းနဲ့ ဆန့်ကျင်ဘက်ပဲ။ (မဿဲ ၁၆:၂၄ ကိုဖတ်ပါ။) ကိုယ်ကျိုးမရှာခြင်းက ကိုယ့်ခံစားချက်၊ ကိုယ့်အကြိုက်ထက် သူတစ်ပါးရဲ့ ခံစားချက်နဲ့အကြိုက်ကို ဦးစားထားဖို့ ကူညီပေးနိုင်တယ်။ (ဖိ. ၂:၃၊ ၄) ကျွန်ုပ်တို့ရဲ့ဝတ်ပြုရေးမှာ ကိုယ်ကျိုးမရှာခြင်းက အဓိကပဲလို့ ယေရှု သင်ပေးခဲ့တယ်။ ဘယ်လိုနည်းနဲ့ အဓိကဖြစ်သလဲ။ ခရစ်ယာန်မေတ္တာက ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိအောင် လှုံ့ဆော်ပေးတယ်။ အဲဒီမေတ္တာက ယေရှုရဲ့တပည့်စစ်တွေဖြစ်ကြောင်း ဖော်ပြတဲ့ အမှတ်အသားဖြစ်တယ်။ (ယော. ၁၃:၃၄၊ ၃၅) ကိုယ်ကျိုးစွန့်စိတ်ဓာတ်တင်ပြတဲ့ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းမှာ ပါဝင်ရလို့ ခံစားရတဲ့ကောင်းချီးတွေကို စဉ်းစားကြည့်ပါ။

၃။ ကိုယ်ကျိုးစွန့်စိတ်ဓာတ် တဖြည်းဖြည်း အားနည်းလာအောင် ဘာက လုပ်နိုင်သလဲ။

ကျွန်ုပ်တို့ရဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို တဖြည်းဖြည်း အားနည်းလာအောင် လုပ်နေတဲ့ ရန်သူရှိတယ်။ အဲဒီရန်သူက ကိုယ်ကျိုးရှာလိုတဲ့ ကျွန်ုပ်တို့ရဲ့စိတ်သဘောထားပဲ။ အာဒံနဲ့ဧဝ ကိုယ်ကျိုးရှာခဲ့ပုံကို စဉ်းစားကြည့်ပါ။ ဧဝက ဘုရားသခင်နဲ့တူချင်တယ်၊ အာဒံက ယေဟောဝါရဲ့အလိုတော်ထက် သူ့မိန်းမရဲ့အလိုဆန္ဒအတိုင်း လုပ်ပေးချင်တယ်။ အဲဒီနည်းတွေနဲ့ သူတို့မှာ ကိုယ်ကျိုးရှာလိုတဲ့သဘောရှိကြောင်း ဖော်ပြခဲ့တယ်။ (က. ၃:၅၊ ၆) မာရ်နတ်ဟာ စစ်မှန်တဲ့ဝတ်ပြုရေးကို အာဒံနဲ့ဧဝ ကျောခိုင်းသွားအောင် လုပ်ပြီးတဲ့နောက် လူတွေမှာ ကိုယ်ကျိုးရှာစိတ်ဝင်လာအောင် ဆက်ပြီးလှည့်ဖြားခဲ့တယ်။ ယေရှုကိုတောင် အဲဒီနည်းနဲ့ သွေးဆောင်ခဲ့တယ်။ (မ. ၄:၁-၉) အခုအချိန်မှာ စာတန်ဟာ လူအများစုကို လမ်းလွဲအောင် သွေးဆောင်ရာမှာ အောင်မြင်နေတယ်၊ ကိုယ်ကျိုးရှာလိုတဲ့သဘောကို နည်းမျိုးစုံနဲ့ပြသဖို့ လူတွေအပေါ် ဩဇာလွှမ်းမိုးထားတယ်။ သတိမထားဘူးဆိုရင် ဒီလောကရဲ့ ကိုယ်ကျိုးရှာလိုတဲ့ သဘောထားက ကျွန်ုပ်တို့အပေါ်လည်း လွှမ်းမိုးလာနိုင်တယ်။—ဧ. ၂:၂

၄။ (က) အခုချိန်မှာ ကိုယ်ကျိုးရှာလိုတဲ့သဘောထားကို ပျောက်သွားအောင် လုပ်နိုင်ပါသလား။ ရှင်းပြပါ။ (ခ) ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

ကိုယ်ကျိုးရှာလိုတဲ့သဘောထားကို သံချေးနဲ့ နှိုင်းယှဉ်နိုင်တယ်။ လေ၊ ရေနဲ့ ထိတွေ့တဲ့ သံထည်ပစ္စည်းတစ်ခုဟာ သံချေးတက်လာနိုင်တယ်။ သံချေးတက်တာကို ဂရုမစိုက်ဘူးဆိုရင် အန္တရာယ်ရှိတယ်၊ ဘာကြောင့်လဲဆိုတော့ သံချေးတွေက တဖြည်းဖြည်းများလာပြီး အဆောက်အအုံတစ်ခုလုံးကို ပြိုလဲသွားစေနိုင်လို့ပဲ။ အဲဒီလိုပဲ အခုချိန်မှာ မစုံလင်မှုနဲ့ ကိုယ်ကျိုးရှာလိုတဲ့သဘောထားကို ပျောက်သွားအောင် မလုပ်နိုင်ပေမဲ့ အဲဒီသဘောထားတွေကို မပြတ် တိုက်လှန်နေရမှာဖြစ်တယ်။ ဂရုမစိုက်ဘူးဆိုရင် ကိုယ်ကျိုးစွန့်စိတ်ဓာတ် ပျောက်သွားနိုင်တယ်။ (၁ ကော. ၉:၂၆၊ ၂၇) ကိုယ့်မှာ ကိုယ်ကျိုးရှာတဲ့သဘောထား ရှိနေတယ်ဆိုတာ ဘယ်လို သိနိုင်သလဲ။ ကိုယ်ကျိုးစွန့်စိတ်ဓာတ် တိုးများလာအောင် ဘယ်လို လုပ်နိုင်သလဲ။

ကိုယ်ကျိုးရှာလိုတဲ့ သဘောထားကို စစ်ဆေးဖို့ ကျမ်းစာသုံးပါ

၅။ (က) ဘယ်လိုနည်းနဲ့ ကျမ်းစာက မှန်နဲ့တူသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) ကိုယ့်ရဲ့ကိုယ်ကျိုးရှာလိုတဲ့ သဘောထားကို စစ်ဆေးတဲ့အခါ ဘယ်လို မလုပ်သင့်သလဲ။

ကိုယ့်ရဲ့ ရုပ်အသွင်အပြင်ကို သိမြင်ဖို့ မှန်ကြည့်သလိုပဲ ကိုယ့်ရဲ့ စိတ်သဘောထားကို သိရှိဖို့နဲ့ အားနည်းချက်တွေကို ပြုပြင်ဖို့ ကျမ်းစာကို အသုံးပြုနိုင်တယ်။ (ယာကုပ် ၁:၂၂–၂၅ ကိုဖတ်ပါ။) ဒါပေမဲ့ မှန်ကို တော်မှန်တဲ့နည်းနဲ့ အသုံးပြုမှ ကိုယ့်ရဲ့အသွင်အပြင်ကို စစ်ဆေးရာမှာ အထောက်အကူပြုမယ်။ ဥပမာ မှန်ကို ဖျတ်ခနဲပဲကြည့်မယ်ဆိုရင် သေးငယ်ပေမဲ့ အရေးကြီးတဲ့ ကိုယ့်ရဲ့အပြစ်အနာအဆာကို မြင်တွေ့ရမှာမဟုတ်ဘူး။ ဒါမှမဟုတ် မှန်ကို ရှေ့ကနေ တည့်တည့်မကြည့်ဘဲ ဘေးတစောင်းကနေ ကြည့်မယ်ဆိုရင် ကိုယ့်ရုပ်ကို ကိုယ်မမြင်ဘဲ တခြားတစ်ယောက်ရဲ့ရုပ်ကိုပဲ မြင်ရမှာဖြစ်တယ်။ အဲဒီလိုပဲ ကိုယ့်ရဲ့ ကိုယ်ကျိုးရှာတဲ့သဘောထားလိုမျိုး အားနည်းချက်တစ်ခုခုကို စစ်ဆေးဖို့ ကျမ်းစာကို အသုံးပြုတဲ့အခါ မြန်မြန်ဆန်ဆန် ဖတ်သွားတာမျိုး ဒါမှမဟုတ် တခြားတစ်ယောက်ရဲ့အားနည်းချက်ကို ထောက်ဖို့ ဖတ်တာမျိုး မလုပ်သင့်ဘူး။

ကိုယ့်ရဲ့အကျင့်စရိုက်တွေကို စစ်ဆေးဖို့ ကျမ်းစာကို အသုံးပြုနိုင်

၆။ ဘယ်လိုနည်းနဲ့ ‘ပြည့်ဝစုံလင်တဲ့တရားကို စေ့စေ့ကြည့်ရှု’ သလဲ။

ဥပမာ၊ ကျမ်းစာကို နေ့တိုင်းဖတ်နေပေမဲ့ ကိုယ့်ရဲ့အတွင်းစိတ်မှာ ကြီးထွားနေတဲ့ ကိုယ်ကျိုးရှာလိုတဲ့ သဘောထားကို မတွေ့မြင်တာမျိုး ဖြစ်နေနိုင်တယ်။ ဘယ်လိုနည်းနဲ့ အဲဒီလိုဖြစ်နေနိုင်သလဲ။ ဒီအချက်ကို စဉ်းစားကြည့်ပါ– မှန်ထဲမှာ “မိမိမျက်နှာကိုကြည့်” တဲ့လူ ဥပမာမှာ ယာကုပ်က သေချာစစ်ဆေးခြင်းလို့ အဓိပ္ပာယ်ရှိတဲ့ ဂရိစကားလုံးကို အသုံးပြုခဲ့တယ်။ ဒါကြောင့် သူက မှန်ကို သေချာကြည့်တယ်၊ ဒါပေမဲ့ သူ့မှာ ပြဿနာတစ်ခု ရှိနေတယ်။ ယာကုပ်က “[သူသည်] ထွက်သွားသော် မိမိသည် မည်သို့သောသူဖြစ်ကြောင်း ချက်ချင်းမေ့လျော့တတ်၏” လို့ ဆက်ပြောခဲ့တယ်။ မှန်ပါတယ်၊ သူက မှန်ကြည့်ပေမဲ့ သူမြင်တွေ့ခဲ့တဲ့အရာကို ဘာမှမလုပ်ဘဲ ထွက်သွားခဲ့တယ်။ ဒါပေမဲ့ တရားကိုကျင့်သုံးတဲ့သူဟာ ‘ပြည့်ဝစုံလင်တဲ့တရားကို စေ့စေ့ကြည့်ရှု’ တယ်။ ဒါကြောင့် သူဟာ ဘုရားသခင့်တရားစကားတော်ဖြစ်တဲ့ ပြည့်ဝစုံလင်တဲ့တရားကို မေ့လျော့မယ့်အစား အဲဒီတရားရဲ့သွန်သင်ချက်တွေကို စွဲစွဲမြဲမြဲ ကျင့်သုံးတယ်။ ယေရှုက “သင်တို့သည် ငါ၏တရား၌တည်နေလျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏” လို့ပြောတဲ့အခါ အဲဒီအချက်ကို ဖော်ပြခဲ့တယ်။—ယော. ၈:၃၁

၇။ ကိုယ်ကျိုးရှာလိုတဲ့သဘောထားကို စစ်ဆေးဖို့ ကျမ်းစာကို ဘယ်လိုအသုံးပြုနိုင်သလဲ။

ဒါကြောင့် ကိုယ်ကျိုးရှာလိုတဲ့သဘောထားကို တိုက်လှန်ရာမှာ အရင်ဆုံး ကျမ်းစာကို သေသေချာချာ ဖတ်ရမယ်။ အဲဒါက ဘယ်ကဏ္ဍမှာ တိုးတက်ဖို့လိုတယ်ဆိုတာ သိရှိစေနိုင်တယ်။ ဒါပေမဲ့ အဲဒါထက်မက လုပ်ဖို့လိုသေးတယ်။ ရှာဖွေလေ့လာပါ။ ကျမ်းစာမှတ်တမ်းတစ်ခုကို ဖတ်တဲ့အခါ ကိုယ်ကိုယ်တိုင် အဲဒီမှာ ပါဝင်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ အောက်ပါမေးခွန်းတွေ မေးပါ– ‘အဲဒီလိုအခြေအနေမျိုးမှာ ငါ ဘာလုပ်မိမလဲ။ မှန်ကန်တဲ့နည်းအတိုင်း လုပ်မလား။’ အရေးကြီးဆုံးကတော့ ဖတ်တဲ့အရာကို တွေးတောဆင်ခြင်ပြီးနောက်မှာ ကျင့်သုံးဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ (မ. ၇:၂၄၊ ၂၅) ကိုယ်ကျိုးစွန့်စိတ်ဓာတ် အမြဲရှိနေဖို့အတွက် ဘုရင်ရှောလုနဲ့ တမန်တော်ပေတရုရဲ့ အဖြစ်အပျက်က ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ လေ့လာကြည့်ကြစို့။

ဘုရင်ရှောလုရဲ့ သတိပေးပုံနမူနာ

၈။ ရှောလု ဘုရင်အဖြစ် စတင်အုပ်စိုးချိန်မှာ ဘယ်စိတ်သဘောထားမျိုး ရှိခဲ့သလဲ။ အဲဒီစိတ်သဘောထားကို သူဘယ်လို ဖော်ပြခဲ့သလဲ။

ကိုယ်ကျိုးရှာလိုတဲ့သဘောထားက ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို ပျက်စီးစေနိုင်တယ်ဆိုတာ ဘုရင်ရှောလုရဲ့ပုံနမူနာက သတိပေးတယ်။ ရှောလုဟာ ဘုရင်အဖြစ် စတင်အုပ်စိုးချိန်မှာ နှိမ့်ချကျိုးနွံတဲ့စိတ်သဘောရှိခဲ့တယ်။ (၁ ရာ. ၉:၂၁) သူ ဘုရင်အဖြစ်အုပ်ချုပ်မှာကို အစ္စရေးလူတချို့က မလိုလားကြဘူး၊ သူ့ကို ဘုရားပေးထားတဲ့အခွင့်အာဏာကိုတောင် အန်တုခဲ့ကြတယ်။ ရှောလုဟာ အဲဒီလူတွေကို အပြစ်မပေးခြင်းအားဖြင့် နှိမ့်ချမှုပြခဲ့တယ်။ (၁ ရာ. ၁၀:၂၇) ဘုရင်ရှောလုဟာ အမ္မုန်လူတွေအပေါ် အောင်ပွဲဆင်ခဲ့တဲ့ တိုက်ပွဲမှာ အစ္စရေးလူတွေကို ဦးဆောင်ခြင်းအားဖြင့် ဘုရားသခင့်စွမ်းအားတော် လမ်းပြမှုကို ခံယူခဲ့တယ်။ အဲဒီနောက်မှာ သူဟာ အောင်မြင်မှုအတွက် ယေဟောဝါကို ဂုဏ်တင်ခြင်းအားဖြင့် နှိမ့်ချမှုပြခဲ့တယ်။—၁ ရာ. ၁၁:၆၊ ၁၁-၁၃

၉။ ရှောလုမှာ ကိုယ်ကျိုးရှာစိတ် ဘယ်လို စတင်ဝင်လာသလဲ။

နောက်ပိုင်းမှာ ရှောလုဟာ ကိုယ်ကျိုးရှာတဲ့သဘောထားနဲ့ မာနကို ကြီးထွားခွင့်ပြုခဲ့တယ်၊ အဲဒါက သံမှာ သံချေးတွေတက်လာတာနဲ့ တူတယ်။ ရှောလု တိုက်ပွဲမှာ အာမလက်လူတွေကို အနိုင်ရတဲ့အခါ ယေဟောဝါစကား နားထောင်ဖို့ထက် သူ့ရဲ့အလိုဆန္ဒကို ဦးစားပေးခဲ့တယ်။ ဘုရားသခင့်အမိန့်အတိုင်း အာမလက်လူတွေရဲ့ပစ္စည်းတွေကို ဖျက်ဆီးပစ်မယ့်အစား လောဘကြီးပြီး သိမ်းထားလိုက်တယ်။ အဲဒီအပြင် ရှောလုဟာ မာနထောင်လွှားပြီး သူ့အတွက် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခဲ့တယ်။ (၁ ရာ. ၁၅:၃၊ ၉၊ ၁၂) သူ့ရဲ့လုပ်ရပ်ကို ယေဟောဝါမကြိုက်ဘူးလို့ ပရောဖက်ရှမွေလက ပြောတဲ့အခါ ရှောလုဟာ ဆင်ခြေတွေပေးပြီး သူ နာခံတဲ့အပိုင်းကိုပဲ အလေးပေးပြောခဲ့တယ်။ သူ့အမှားအတွက် တခြားသူတွေကိုတောင် အပြစ်တင်ခဲ့တယ်။ (၁ ရာ. ၁၅:၁၆-၂၁) ရှောလုဟာ မာနကြောင့် ဘုရားသခင့်စိတ်တော်နဲ့တွေ့ဖို့ထက် သူ့ရဲ့ဂုဏ်သိက္ခာကို ပိုအလေးထားခဲ့တယ်။ (၁ ရာ. ၁၅:၃၀) ကျွန်ုပ်တို့မှာ ကိုယ်ကျိုးစွန့်စိတ်ဓာတ် အမြဲရှိနေစေဖို့အတွက် ရှောလုရဲ့ပုံနမူနာကို မှန်အဖြစ် ဘယ်လိုအသုံးပြုနိုင်သလဲ။

၁၀၊ ၁၁။ (က) ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို ထိန်းသိမ်းရာမှာ ရှောလုရဲ့ပုံနမူနာက ဘာသင်ခန်းစာတွေ သင်ပေးသလဲ။ (ခ) ရှောလုရဲ့မကောင်းတဲ့ပုံနမူနာကို မလိုက်မိအောင် ဘယ်လိုရှောင်နိုင်သလဲ။

၁၀ ပထမအချက်အနေနဲ့ ရှောလုရဲ့ပုံနမူနာက ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု မလွန်ကဲဖို့ သင်ပေးတယ်။ ကိုယ်ကျိုးစွန့်စိတ်ဓာတ်က အလိုလို ရှိလာတာမဟုတ်ဘူး၊ ဒါကြောင့် အဲဒီစိတ်ဓာတ်ကို မပြတ်တင်ပြနေရမှာဖြစ်တယ်။ (၁ တိ. ၄:၁၀) ရှောလုဟာ အစပိုင်းမှာ ကောင်းခဲ့ပြီး ဘုရားသခင်နှစ်သက်တာကိုပဲ လုပ်ဆောင်ခဲ့တယ်၊ ဒါပေမဲ့ ကိုယ်ကျိုးရှာလိုတဲ့သဘောထား စတင်ဝင်လာတာကို ဖယ်ရှားဖို့ မကြိုးစားခဲ့ဘူး။ နောက်ဆုံးမှာတော့ ရှောလုဟာ မနာခံမှုကြောင့် ယေဟောဝါရဲ့ ငြင်းပယ်မှုကို ခံခဲ့ရတယ်။

၁၁ ဒုတိယအချက်အနေနဲ့ ကိုယ်ရဲ့ကောင်းကွက်တွေကိုပဲ အာရုံစိုက်ပြီး ပြုပြင်ရမယ့်အပိုင်းကို လျစ်လျူရှုတာမျိုး မလုပ်သင့်ဘူးဆိုတာ သင်ပေးတယ်။ အဲဒါက မှန်ကြည့်ပြီး ကိုယ်ဝတ်ထားတဲ့ အဝတ်အစားအသစ်ကို သဘောကျနေပေမဲ့ မျက်နှာမှာ ပေနေတာကိုတော့ မတွေ့တာနဲ့တူတယ်။ ကျွန်ုပ်တို့မှာ ရှောလုလို ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုလွန်ကဲတာ၊ မာနကြီးတာမျိုး မရှိရင်တောင် သူ့ရဲ့ မကောင်းတဲ့လမ်းစဉ်ကို လိုက်မိစေနိုင်တဲ့ ဘယ်သဘောထားကိုမဆို ရှောင်သင့်တယ်။ ဆုံးမခံရတဲ့အခါ ရှောလုလို အကြောင်းပြချက်တွေပေးတာ ဒါမှမဟုတ် တခြားတစ်ယောက်ကို အပြစ်ပုံချတာမျိုး မလုပ်သင့်ဘူး။ အဲဒီအစား အကြံပြုချက်ကို တလိုတလား လက်ခံတာက ပိုကောင်းပါတယ်။ဆာလံ ၁၄၁:၅ ကိုဖတ်ပါ။

ကိုယ်ရဲ့ကောင်းကွက်တွေကိုပဲ အာရုံစိုက်ပြီး ပြုပြင်ရမယ့်အပိုင်းကို လျစ်လျူရှုတာမျိုး မလုပ်သင့်ဘူး

၁၂။ အပြစ်ကြီးတစ်ခုကို ကျူးလွန်ထားတယ်ဆိုရင် ကိုယ်ကျိုးစွန့်စိတ်ဓာတ်က ဘယ်လို ကူညီပေးနိုင်သလဲ။

၁၂ ကိုယ်က အပြစ်ကြီးတစ်ခုကို ကျူးလွန်ထားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ရှောလုက သူနာမည်ပျက်မှာကို စိုးရိမ်ခဲ့လို့ ယေဟောဝါနဲ့ဆက်ဆံရေး ပြန်ကောင်းအောင် မလုပ်ဆောင်ခဲ့ဘူး။ ဒါပေမဲ့ အရှက်ရမှာကိုမစိုးရိမ်ဘဲ လိုအပ်တဲ့အကူအညီရယူဖို့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်က လှုံ့ဆော်ပေးနိုင်တယ်။ (သု. ၂၈:၁၃; ယာ. ၅:၁၄-၁၆) ဥပမာ၊ ညီအစ်ကိုတစ်ယောက်ဟာ အသက် ၁၂ နှစ်ကတည်းက ညစ်ညမ်းရုပ်ပုံစာပေတွေကို ကြည့်ခဲ့တယ်၊ နောက်ထပ်ဆယ်နှစ်ကျော်ကြာတဲ့အထိ အဲဒါတွေကို တိတ်တဆိတ် ကြည့်ခဲ့တယ်။ သူ ဒီလိုပြောခဲ့တယ်– “ကျွန်တော့်ဇနီးနဲ့ အကြီးအကဲတွေရှေ့မှာ ကျွန်တော်လုပ်နေတာကို ဝန်ခံဖို့ အရမ်းခက်တယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော် ဝန်ခံလိုက်လို့ ပခုံးပေါ်မှာတင်နေတဲ့ ဝန်ထုပ်ကြီးတစ်ခုကို ဖယ်လိုက်သလို ခံစားရတယ်။ ကျွန်တော် အသင်းတော်အမှုထမ်းအဖြစ်ကနေ ဖယ်ရှားခံလိုက်ရလို့ မိတ်ဆွေတချို့က စိတ်ပျက်ခဲ့ကြတယ်၊ ကျွန်တော် သူတို့ကို စိတ်ပျက်အောင်လုပ်မိသလို ဖြစ်သွားတယ်။ ဒါပေမဲ့ ကျွန်တော် ညစ်ညမ်းရုပ်ပုံစာပေတွေ ကြည့်တဲ့အချိန်ကထက် အခု ကျွန်တော့်အမှုဆောင်လုပ်ငန်းကို ယေဟောဝါ ပိုနှစ်သက်တယ်ဆိုတာ ကျွန်တော်သိတယ်၊ ကိုယ်တော့်အမြင်ကသာ တကယ်အရေးကြီးတာပါ။”

ပေတရုရဲ့ အားရှိစရာပုံနမူနာ

၁၃၊ ၁၄။ ကိုယ်ကျိုးရှာလိုတဲ့သဘောထားတွေကို ပေတရု ဘယ်လိုတင်ပြခဲ့သလဲ။

၁၃ တမန်တော်ပေတရုဟာ ယေရှုရဲ့ လေ့ကျင့်ပေးမှုကို ခံယူခဲ့တုန်းက ကိုယ်ကျိုးစွန့်စိတ်ဓာတ် ပြသခဲ့တယ်။ (လု. ၅:၃-၁၁) ဒါပေမဲ့ သူဟာ ကိုယ်ကျိုးရှာလိုတဲ့သဘောထားကို တိုက်လှန်နေရတုန်းပဲ။ ဥပမာ၊ ယာကုပ်နဲ့ ယောဟန်က ဘုရားသခင့်နိုင်ငံတော်မှာ အရေးပါတဲ့ရာထူးရဖို့ တောင်းဆိုခဲ့တုန်းက ပေတရု ဒေါသထွက်ခဲ့တယ်။ ယေရှုက ပေတရုကို အခွင့်ထူးတစ်ခုရမယ်လို့ ပြောထားလို့ အရေးပါတဲ့ရာထူးတစ်နေရာကို သူလည်းရသင့်တယ်လို့ ယူဆခဲ့တာဖြစ်နိုင်တယ်။ (မ. ၁၆:၁၈၊ ၁၉) ယေရှုက ယာကုပ်၊ ယောဟန်၊ ပေတရုနဲ့ ကျန်တဲ့တမန်တော်တွေကို ကိုယ်ကျိုးမရှာဖို့ ဒါမှမဟုတ် တခြားသူတွေထက် ပိုသာသလို မပြုမူဖို့ သတိပေးခဲ့တယ်။—မာ. ၁၀:၃၅-၄၅

၁၄ ပေတရုရဲ့စဉ်းစားတွေးခေါ်ပုံကို ယေရှု ပြုပြင်တည့်မတ်ပေးပြီးနောက်မှာတောင် ပေတရုမှာ ကိုယ်ကျိုးရှာလိုတဲ့သဘောထားတွေ ရှိနေတုန်းပဲ။ ယေရှုက တပည့်တွေ သူ့ကိုခဏတာ စွန့်ခွာပြီး ထွက်ပြေးကြမယ်လို့ ပြောတဲ့အခါ ပေတရုက သူသာလျှင် ဆက်သစ္စာရှိမယ့်သူဖြစ်တယ်လို့ ပြောခြင်းအားဖြင့် တခြားသူတွေအပေါ် အဆိုးမြင်အောင် လုပ်ခဲ့တယ်။ (မ. ၂၆:၃၁-၃၃) ပေတရုဟာ သူ့ကိုယ်သူ အဲဒီလို စိတ်မချသင့်ဘူး၊ ဘာကြောင့်လဲဆိုတော့ အဲဒီညမှာပဲ သူဟာ ကိုယ်ကျိုးစွန့်စိတ်ဓာတ် တင်ပြဖို့ ပျက်ကွက်ခဲ့တယ်။ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် ယေရှုကို မသိဘူးလို့ သုံးကြိမ် ငြင်းခဲ့တယ်။—မ. ၂၆:၆၉-၇၅

၁၅။ ပေတရုရဲ့ပုံနမူနာက ကျွန်ုပ်တို့အတွက် ဘာကြောင့် အားပေးမှုဖြစ်စေသလဲ။

၁၅ ပေတရုဟာ ခက်ခက်ခဲခဲတိုက်လှန်ခဲ့ရတဲ့ အချိန်တွေ၊ ကျၡုံးခဲ့တဲ့အချိန်တွေ ရှိပေမဲ့ သူ့ရဲပုံနမူနာက ကျွန်ုပ်တို့အတွက် အားပေးမှုဖြစ်တယ်။ ပေတရုဟာ သူကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဘုရားသခင့်စွမ်းအားတော်ရဲ့ ကူညီထောက်မမှုကြောင့် ကိုယ်ကျိုးရှာလိုတဲ့ သဘောထားတွေကို အနိုင်ရခဲ့တယ်။ နောက်ပိုင်းမှာ သူဟာ ချုပ်တည်းမှုနဲ့ ကိုယ်ကျိုးစွန့်မေတ္တာ ပြသခဲ့တယ်။ (ဂလ. ၅:၂၂၊ ၂၃) သူ အရင်က မခံရပ်နိုင်ခဲ့တဲ့စမ်းသပ်မှု များစွာကို ခံရပ်နိုင်ခဲ့တယ်။ ဥပမာ၊ ပေါလုက လူအများရှေ့မှာ သူ့ကို ပြင်းပြင်းထန်ထန် ဆုံးမတဲ့အခါ နှိမ့်ချမှုပြခဲ့တယ်။ (ဂလ. ၂:၁၁-၁၄) အဲဒီလိုဆုံးမခံရလို့ သူ အငြိုးမထားခဲ့ဘူး၊ သူ့ကို အရှက်ခွဲတယ်လို့ မခံစားခဲ့ရဘူး။ ပေါလုကို “ငါတို့ချစ်ရသောညီအစ်ကို” လို့ ဆက်ခေါ်ခဲ့တယ်။ (၂ ပေ. ၃:၁၅) ပေတရုရဲ့ပုံနမူနာက ကျွန်ုပ်တို့ရဲ့ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို တိုးတက်အောင်လုပ်ဖို့ ကူညီပေးတယ်။

ဆုံးမခံရတဲ့အခါ ပေတရု ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ ကျွန်ုပ်တို့ကော အဲဒီလို တုံ့ပြန်ကြမလား (အပိုဒ် ၁၅ ကိုကြည့်ပါ)

၁၆။ ခက်ခဲတဲ့အခြေအနေတွေမှာ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို ဘယ်လိုပြသနိုင်သလဲ။

၁၆ ခက်ခဲတဲ့အခြေအနေတွေမှာ သင် ဘယ်လို တုံ့ပြန်သလဲဆိုတာ စဉ်းစားကြည့်ပါ။ ပေတရုနဲ့ တမန်တော်တွေဟာ ဟောပြောခြင်းလုပ်ငန်းကြောင့် ထောင်ချခံရပြီး အရိုက်ခံခဲ့ရတယ်။ သူတို့ဟာ ယေရှုရဲ့နောက်လိုက်အဖြစ် ‘အရှက်ခွဲခံရ’ တာကို ပျော်ရွှင်ခဲ့ကြတယ်။ (တ. ၅:၄၁) သင်လည်း နှိပ်စက်ညှဉ်းပန်းမှုခံရတဲ့အခါ ပေတရုနဲ့ ယေရှုကိုတုပပြီး ကိုယ်ကျိုးစွန့်စိတ်ဓာတ်တင်ပြဖို့ အခွင့်အရေးအဖြစ် ရှုမြင်နိုင်ပါတယ်။ (၁ ပေတရု ၂:၂၀၊ ၂၁ ကိုဖတ်ပါ။) အကြီးအကဲတွေရဲ့ ဆုံးမပဲ့ပြင်မှု ခံရတဲ့အခါမှာလည်း အဲဒီသဘောထားက အကူအညီဖြစ်စေနိုင်ပါတယ်။ အဲဒီအခါမျိုးမှာ စိတ်ဆိုးမယ့်အစား ပေတရုရဲ့ ပုံနမူနာကို တုပပါ။—ဒေ. ၇:၉

သင်လည်း နှိပ်စက်ညှဉ်းပန်းမှုခံရတဲ့ အခါ ပေတရုနဲ့ ယေရှုကိုတုပပြီး ကိုယ်ကျိုးစွန့်စိတ်ဓာတ်တင်ပြဖို့ အခွင့်အရေးအဖြစ် ရှုမြင်နိုင်ပါတယ်

၁၇၊ ၁၈။ (က) ပန်းတိုင်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ဘယ်မေးခွန်းတွေ မေးနိုင်သလဲ။ (ခ) ကိုယ့်ဆီမှာ ကိုယ်ကျိုးရှာလိုတဲ့သဘောထား ရှိနေတယ်ဆိုတာ သတိပြုမိရင် ဘာလုပ်နိုင်သလဲ။

၁၇ ဝတ်ပြုရေးမှာ ပန်းတိုင်တွေချဖို့အတွက်လည်း ပေတရုရဲ့ ပုံနမူနာက သင့်ကို ကူညီပေးနိုင်ပါတယ်။ အဲဒီပန်းတိုင်တွေ ပြည့်မီအောင် ကိုယ်ကျိုးစွန့်စိတ်ဓာတ်နဲ့ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ ထင်ပေါ်ကျော်ကြားချင်လို့ ပန်းတိုင်တွေချတာမျိုး မဖြစ်ဖို့ သတိထားပါ။ ကိုယ့်ကိုယ်ကို ဒီလိုမေးပါ– ‘ယေဟောဝါရဲ့အမှုတော်ကို ငါ ဘာကြောင့် ပိုလုပ်ဆောင်ချင်တာလဲ။ တခြားသူတွေ ချီးမွမ်းတာခံချင်လို့လား ဒါမှမဟုတ် ယာကုပ်နဲ့ ယောဟန်လို အခွင့်အာဏာ ပိုရချင်လို့လား။’

၁၈ သင့်နှလုံးထဲမှာ ကိုယ်ကျိုးရှာလိုတဲ့သဘောထား ကြီးထွားနေတယ်ဆိုတာ သတိပြုမိရင် သင့်အတွေးအခေါ်နဲ့ ခံစားချက်တွေကို ပြုပြင်တည့်မတ်ပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ ပြီးတဲ့နောက် သင့်ကိုယ်ကျိုးအတွက်မဟုတ်ဘဲ ယေဟောဝါရဲ့ဘုန်းတော်အတွက် ပိုကြိုးစားလုပ်ဆောင်ပါ။ (ဆာ. ၈၆:၁၁) လူအများရဲ့အာရုံစိုက်မှုခံရမှာမဟုတ်တဲ့ ပန်းတိုင်တွေလည်း ထားနိုင်ပါတယ်။ ဥပမာ၊ သင် ပြသဖို့ခက်ခဲတဲ့ စွမ်းအားတော်အရည်အသွေးတစ်ခုကို မွေးမြူဖို့ ကြိုးစားနိုင်ပါတယ်။ ဒါမှမဟုတ် သင်ဟာ အစည်းအဝေးတွေအတွက် သေချာပြင်ဆင်ပေမဲ့ နိုင်ငံတော်ခန်းမ သန့်ရှင်းရေးကျတော့ မလုပ်ချင်တာမျိုးဖြစ်နေရင် ရောမ ၁၂:၁၆ (ဖတ်ပါ။) မှာပါတဲ့အကြံပြုချက်ကို လိုက်နာဖို့ ပန်းတိုင်ထားနိုင်ပါတယ်။

ကျွန်ုပ်တို့အားလုံးက မစုံလင်ဘူးဆိုတာ သတိရပါ

၁၉။ ဘုရားသခင့်စကားတော် မှန်မှာ မြင်တွေ့ရတဲ့အရာကြောင့် စိတ်ဓာတ်မကျမိဖို့ ဘာလုပ်နိုင်သလဲ။

၁၉ ဘုရားသခင့်စကားတော် မှန်မှာ ကိုယ့်ကိုယ်ကိုကြည့်လိုက်တဲ့အခါ အပြစ်အနာအဆာတွေ၊ ဒါမှမဟုတ် ကိုယ်ကျိုးရှာလိုတဲ့သဘောထားတွေ ရှိနေတာကို သတိပြုမိရင် စိတ်ဓာတ်ကျမိနိုင်တယ်။ သင် အဲဒီလိုဖြစ်နေတယ်ဆိုရင် ယာကုပ်ရဲ့ဥပမာထဲကလူကို ပြန်သတိရပါ။ အဲဒီသူဟာ သူ့ပြဿနာတွေကို ဘယ်လောက် မြန်မြန်ဆန်ဆန် ပြုပြင်တယ်၊ ဒါမှမဟုတ် အပြစ်အနာအဆာ အားလုံးကို ပြုပြင်နိုင်ခဲ့တယ်လို့ ယာကုပ်မပြောခဲ့ဘူး။ ‘ပြည့်ဝစုံလင်တဲ့တရားကို စေ့စေ့ကြည့်ရှု’ တယ်လို့ပဲ ယာကုပ်ပြောခဲ့တယ်။ (ယာ. ၁:၂၅) အဲဒီသူဟာ မှန်ထဲမှာ မြင်တွေ့ခဲ့တဲ့အရာကို မှတ်ထားပြီး တိုးတက်ဖို့ ဆက်လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဆက်ပြီး အကောင်းမြင်ပါ၊ ကျွန်ုပ်တို့အားလုံးက မစုံလင်ဘူးဆိုတာကို သတိရပါ။ (ဒေသနာ ၇:၂၀ ကိုဖတ်ပါ။) ယေဟောဝါက တခြားညီအစ်ကိုညီအစ်မများစွာကို ကူညီပေးခဲ့သလိုပဲ သင့်ကိုလည်း လိုလိုလားလား ကူညီပေးချင်ပါတယ်။ သင်ဟာ ကျမ်းစာမှာပါတဲ့ သွန်သင်ချက်တွေကို လိုက်နာပြီး ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို ဆက်တင်ပြတယ်ဆိုရင် ဘုရားသခင့်နှစ်သက်လက်ခံမှုနဲ့ ကောင်းချီးတွေကို ခံစားရပါလိမ့်မယ်။