မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုဝတ်ပြုမှုကို ပိုပျော်စရာကောင်းအောင် လုပ်နိုင်သလား

မိသားစုဝတ်ပြုမှုကို ပိုပျော်စရာကောင်းအောင် လုပ်နိုင်သလား

“မိသားစုဝတ်ပြုမှု ညနေခင်းမှာ ကျွန်တော်တို့ဆွေးနွေးတာတွေက သိပ်စိတ်ဝင်စားစရာကောင်းလို့ ကျွန်တော် စကားမဖြတ်ဘူးဆိုရင် ညဉ့်နက်တဲ့အထိ ရောက်သွားတတ်တယ်” လို့ ဘရာဇီးနိုင်ငံက ဖခင်တစ်ယောက်ကပြောတယ်။ ဂျပန်နိုင်ငံက ဖခင်တစ်ယောက်က သူ့ရဲ့ဆယ်နှစ်သားလေးဟာ အချိန်ကုန်လို့ ကုန်မှန်းမသိဘဲ ဆက်လေ့လာချင်တယ်လို့ ပြောတယ်။ ဘာကြောင့် အဲဒီလိုဖြစ်တာလဲ။ “သူ အရမ်းစိတ်ဝင်စားတယ်၊ အဲဒါက သူ့ကိုပျော်ရွှင်စေတယ်” လို့ သူ့အဖေက ပြောပြတယ်။

ကလေးအားလုံးကတော့ မိသားစုဝတ်ပြုမှုမှာ စိတ်ဝင်တစား ရှိကြမှာမဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် တချို့က မိသားစုဝတ်ပြုမှုမှာ မပျော်ကြဘူး။ ဘာကြောင့်လဲ။ တိုဂိုနိုင်ငံက ဖခင်တစ်ယောက်က “ယေဟောဝါကိုဝတ်ပြုတာဟာ ငြီးငွေ့စရာ မဖြစ်သင့်ဘူး” လို့ သူ့အတွေ့အကြုံအရ ပြောပြတယ်။ မိသားစုဝတ်ပြုမှုက ငြီးငွေ့စရာကောင်းတယ်ဆိုရင် မိသားစုဝတ်ပြုမှု ပြုလုပ်ပုံကို ပြောင်းလဲရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အစ္စရေးလူတချို့ ဥပုသ်နေ့မှာ “ပျော်မွေ့” သလိုပဲ မိသားစုများစွာဟာ မိသားစုဝတ်ပြုမှုမှာ ဘယ်လိုလုပ်ရင် ပျော်ရွှင်နိုင်တယ်ဆိုတာ သိရှိခဲ့ကြတယ်။—ဟေရှာ. ၅၈:၁၃၊ ၁၄

ခရစ်ယာန်ဖခင်တွေဟာ မိသားစုဝတ်ပြုမှုမှာ မိသားစုဝင်တွေ စိတ်သက်သောင့်သက်သာရှိတယ်ဆိုတာ သေချာအောင် ပြုလုပ်သင့်တယ်။ ဖခင်က အဲဒီလိုလုပ်မယ်ဆိုရင် မိသားစုဝင်တွေက မိသားစုဝတ်ပြုမှုမှာ ပိုပျော်လာပါလိမ့်မယ်။ သမီးသုံးယောက်နဲ့ သားတစ်ယောက်ရှိတဲ့ ရာ့ဖ်က သူတို့ရဲ့ မိသားစုဝတ်ပြုမှုဟာ လေ့လာတဲ့ပုံစံနဲ့မတူဘဲ မိသားစုစကားဝိုင်းနဲ့ ပိုတူတယ်လို့ ပြောပြတယ်။ ဘယ်လိုနည်းနဲ့လဲ။ ယောက်တိုင်းက ဆွေးနွေးမှုမှာ ပါဝင်ကြတယ်။ ဒါပေမဲ့ ဆွေးနွေးမှုမှာ ယောက်တိုင်းစိတ်ဝင်တစားနဲ့ ပါဝင်ဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ မိခင်တစ်ယောက်က “မိသားစုဝတ်ပြုမှုကို ပျော်စရာဖြစ်အောင်လုပ်ဖို့ ကျွန်မမှာ အင်အား အမြဲမရှိဘူး” လို့ ဝန်ခံတယ်။ သင့်မိသားစုဝတ်ပြုမှုကို ပိုပျော်စရာကောင်းအောင် လုပ်နိုင်သလား။

အခြေအနေအလိုက် အပြောင်းအလဲလုပ်ပါ၊ အမျိုးစုံလုပ်ပါ

ဂျာမနီနိုင်ငံက ကလေးနှစ်ယောက်ဖခင်က “အခြေအနေအရ အပြောင်းအလဲလုပ်ပေးရတယ်” လို့ပြောတယ်။ ကလေးနှစ်ယောက်မိခင် နာတာလီယာက “ကျွန်မတို့မိသားစုအတွက် အရေးကြီးဆုံးက လေ့လာတဲ့ပုံစံကို အမျိုးစုံလုပ်ဖို့ပဲ” လို့ပြောပြတယ်။ မိသားစုများစွာက သူတို့ရဲ့မိသားစုဝတ်ပြုမှုကို အပိုင်းပိုင်း ခွဲလုပ်တယ်။ “အဲဒီလိုလုပ်တာက လေ့လာမှုကို ပိုစိတ်ဝင်စားစရာဖြစ်စေပြီး မိသားစုဝင်အားလုံးကို ပါဝင်စေတယ်” လို့ ဘရားဇီးနိုင်ငံက ဆယ်ကျော်သက်ကလေးနှစ်ယောက်ရဲ့ဖခင် ကလေတန်က ပြောပြတယ်။ ကလေးတွေရဲ့အသက်အရွယ်က သိပ်ကွာနေတယ်ဆိုရင် လေ့လာချိန်တွေကို ခွဲထားခြင်းအားဖြင့် ကလေးတစ်ယောက်စီရဲ့ လိုအပ်ရာကို ဂရုစိုက်ပေးနိုင်ပါတယ်။ မိသားစုဝတ်ပြုမှုမှာ ဘယ်စာပေတွေကို လေ့လာမယ်၊ ဘယ်လိုလေ့လာမယ်ဆိုတာ ဆုံးဖြတ်တဲ့အခါ အခြေအနေအလိုက် အပြောင်းအလဲ လုပ်နိုင်ပါတယ်။

လေ့လာမှုကိုပုံစံအမျိုးစုံဖြစ်စေဖို့ မိသားစုတချို့ ဘယ်လိုလုပ်ကြသလဲ။ တချို့က မိသားစုဝတ်ပြုမှုကို ယေဟောဝါကို ချီးမွမ်းသီချင်းဆိုပြီး အစပြုကြတယ်။ “အဲဒါက ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးပြီး လေ့လာတော့မယ့်အကြောင်းအရာအတွက် စိတ်ပိုင်းအရ ပြင်ဆင်ပေးတယ်” လို့ မက္ကဆီကိုနိုင်ငံက ကွမ်ကပြောတယ်။ သူတို့မိသားစုဟာ အဲဒီညနေမှာ ဆွေးနွေးမယ့်အကြောင်းအရာနဲ့ လိုက်ဖက်တဲ့ သီချင်းတွေကို ရွေးကြတယ်။

သီရိလင်္ကာ

မိသားစုများစွာက ကျမ်းစာအပိုင်းတစ်ပိုင်းကို အတူဖတ်ကြတယ်။ ပုံစံအမျိုးစုံဖြစ်စေဖို့အတွက် မိသားစုဝင်တွေက အဲဒီအပိုင်းမှာပါတဲ့ ဇာတ်ကောင်တွေနေရာကနေ ဖတ်ကြတယ်။ အစပိုင်းမှာတော့ “အဲဒီလိုဖတ်တာက သိပ်အဆင်မပြေဘူး” လို့ဂျပန်နိုင်ငံက ဖခင်တစ်ယောက်က ပြောတယ်။ ဒါပေမဲ့ သားနှစ်ယောက်က မိဘတွေ မိသားစုဝတ်ပြုမှုမှာ သူတို့နဲ့အတူ ပျော်ရွှင်စွာပါဝင်နေတာကို မြင်တွေ့ရလို့ ပျော်နေကြတယ်။ တချို့မိသားစုတွေဆိုရင် ကျမ်းစာဇာတ်လမ်းတွေကို သရုပ်ဆောင်ကြတယ်။ တောင်အာဖရိကနိုင်ငံက သားနှစ်ယောက်အဖေ ရော်ဂျာက “တစ်ခါတလေ မိဘတွေဖြစ်တဲ့ကျွန်တော်တို့ ကျမ်းစာမှတ်တမ်းမှာ သတိမထားမိတဲ့အချက်တွေကို ကလေးတွေက မြင်တယ်” လို့ပြောပြတယ်။

တောင်အာဖရိက

တစ်ခါတလေမှာ မိသားစုတွေဟာ နောဧသင်္ဘောဆောက်တာ ဒါမှမဟုတ် ရှောလမုန်ဗိမာန်တော်ဆောက်တာ စတဲ့လုပ်ဆောင်မှုတစ်ခုခုကို အတူလုပ်နိုင်တယ်။ အဲဒီလိုလုပ်ဖို့ ရှာဖွေလေ့လာရတာက ပျော်စရာကောင်းပါတယ်။ ဥပမာ၊ အာရှက မိသားစုတစ်စုကို ကြည့်ပါ။ ငါးနှစ်သမီးလေးက သူ့မိဘ၊ အဘွားနဲ့အတူ သူတို့ရဲ့ဧည့်ခန်းမှာ ပေါလုရဲ့သာသနာပြုခရီးစဉ် လမ်းကြောင်းကို ကတ်ထူပြားတစ်ခုပေါ်မှာ ဆွဲကြတယ်။ ပြီးတဲ့နောက် သူတို့ကိုယ်တိုင် အဲဒီခရီးစဉ်အတိုင်း သွားတဲ့ပုံစံမျိုး ကစားကြတယ်။ တချို့မိသားစုတွေက ထွက်မြောက်ရာကျမ်းမှာ ဖော်ပြထားတဲ့အတိုင်း အစ္စရေးလူတွေ တောကန္တာရမှာ လှည့်လည်တဲ့လမ်းကြောင်းကို ပုံဆွဲပြီး ကစားကြတယ်။ အမျိုးစုံလုပ်တာက “ကျွန်တော်တို့ရဲ့ မိသားစုဝတ်ပြုမှုကို စိတ်ဝင်စားစရာဖြစ်စေပြီး အကျိုးအများကြီး ရရှိစေတယ်” လို့ တိုဂိုနိုင်ငံက အသက် ၁၉ နှစ်အရွယ် ဒေါ်နယ်လ်က ပြောပြတယ်။ သင့်မိသားစုဝတ်ပြုမှုကို ပိုပျော်ရွှင်စေတဲ့ အရာတစ်ခုခုကို စဉ်းစားနိုင်သလား။

အမေရိကန်ပြည်ထောင်စု

ကြိုတင်ပြင်ဆင်ဖို့လို

ပုံစံအမျိုးစုံနဲ့ အခြေအနေအလိုက် အပြောင်းအလဲလုပ်တာက မိသားစုဝတ်ပြုမှုကို စိတ်ဝင်စားစရာ ဖြစ်စေပေမဲ့ အားလုံးအကျိုးခံစားရဖို့ နောက်ထပ်အချက်တစ်ချက် ရှိပါသေးတယ်။ ယောက်တိုင်းက ကြိုတင်ပြင်ဆင်ဖို့လိုတယ်။ အကြာကြီးထိုင်ပြီး လေ့လာရတာက ကလေးတွေအတွက် ခက်ခဲနိုင်ပါတယ်၊ ဒါကြောင့် အဖေဖြစ်သူက ကလေးတွေစိတ်ဝင်စားမယ့် အချက်အလက်တွေကို သေချာ ရွေးချယ်ဖို့လိုတယ်။ ပြီးတဲ့နောက် အချိန်ယူပြီး ကြိုတင်ပြင်ဆင်ရမယ်။ ဖခင်တစ်ယောက်က “ကျွန်တော် ကြိုတင်ပြင်ဆင်ထားတယ်ဆိုရင် ယောက်တိုင်းက လေ့လာမှုအပိုင်းမှာ ပိုအဓိပ္ပာယ်ရှိရှိ ပါဝင်နိုင်တယ်” လို့ပြောတယ်။ ဂျာမနီနိုင်ငံက ဖခင်တစ်ယောက်က လာမယ့်လ မိသားစုဝတ်ပြုမှုမှာ ဘယ်အကြောင်းတွေ လေ့လာမယ်ဆိုတာ မိသားစုကို ကြိုပြောထားတယ်။ ဘီနင်နိုင်ငံက ကလေးခြောက်ယောက်ရှိတဲ့ မိသားစုဟာ မိသားစုဝတ်ပြုမှုမှာ တစ်ခါတလေ အဖွဲ့အစည်းထုတ် ဒီဗီဒီတွေကို ကြည့်တယ်။ မိသားစုက ဘယ်လို ကြိုတင်ပြင်ဆင်သလဲ။ အဖေဖြစ်သူက မေးခွန်းတွေကို ကြိုတင်ပေးထားတယ်။ ကြိုတင်ပြင်ဆင်တာက မိသားစု၀တ်ပြုမှု အရည်အသွေးကို ပိုတိုးတက်စေပါတယ်။

မိသားစုဝင်တွေက မိသားစုဝတ်ပြုမှုမှာ ဘယ်အကြောင်းလေ့လာမယ်ဆိုတာ ကြိုသိထားတယ်ဆိုရင် သီတင်းပတ်အတွင်းမှာ အဲဒီအကြောင်းကို ပြောဆိုနိုင်တယ်။ ပြီးတော့ လေ့လာမှုကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြမှာဖြစ်တယ်။ မိသားစုဝင်တိုင်းက တာဝန်ရထားတယ်ဆိုရင် အားလုံးက မိသားစုဝတ်ပြုမှုကို ကိုယ့်ရဲ့ မိသားစုဝတ်ပြုမှုလို့ ယူမှတ်လာမှာဖြစ်တယ်။

မှန်မှန်လေ့လာပါ

မိသားစုများစွာဟာ မိသားစုဝတ်ပြုမှုမှန်မှန်လုပ်ဖို့ အခက်တွေ့ကြတယ်။ ဘာကြောင့်လဲ။

တချို့မိဘတွေဟာ မိသားစု စားဝတ်နေရေးအတွက် နာရီပေါင်းများစွာ အလုပ်လုပ်ကြရတယ်။ ဥပမာ၊ မက္ကဆီကိုနိုင်ငံက ဖခင်တစ်ယောက်ဟာ အိမ်ကနေ မနက်ခြောက်နာရီမှာထွက်သွားပြီး ညရှစ်နာရီအထိ အိမ်ပြန်မရောက်သေးဘူး။ ဒါမှမဟုတ် တချို့ကျတော့ တိုက်နယ်အပတ် ဒါမှမဟုတ် ခရိုင်စည်းဝေး စတာတွေကြောင့် မိသားစုဝတ်ပြုမှုလုပ်မယ့်နေ့ကို ရွှေ့လိုက်ရတယ်။

အခက်အခဲတွေရှိပေမဲ့ မိသားစုဝတ်ပြုမှု ပုံမှန်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားဖို့လိုတယ်။ တိုဂိုနိုင်ငံက အသက်ဆယ့်တစ်နှစ်အရွယ် လောအိစ်က သူတို့မိသားစုအတွက် အဲဒီလိုစိတ်ပိုင်းဖြတ်ထားဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ရှင်းပြတယ်။ “တစ်ခါတလေ မိသားစုဝတ်ပြုမှု လုပ်မယ့်နေ့မှာ ကိစ္စပေါ်လာလို့ မိသားစုဝတ်ပြုမှုကို နောက်ကျမှလုပ်ရတယ်၊ ဒါပေမဲ့ မိသားစုဝတ်ပြုမှု အမြဲလုပ်တယ်” လို့ သူကပြောတယ်။ ဒါကြောင့် မိသားစုဝတ်ပြုမှုကို သီတင်းပတ်ရဲ့ အစောပိုင်းနေ့တွေမှာလုပ်ဖို့ ဇယားဆွဲထားတာ ကောင်းပါတယ်။ အကြောင်းကတော့ မမျှော်လင့်တဲ့အကြောင်း တစ်ခုခုပေါ်လာရင် မိသားစုဝတ်ပြုမှုကို အဲဒီအပတ်ရဲ့ တခြားနေ့တစ်နေ့နေ့ကို ရွှေ့လိုက်လို့ရတယ်။

ဘာကြောင့် မိသားစုဝတ်ပြုမှုလို့ ခေါ်တာလဲ။ အကြောင်းကတော့ အဲဒါက ယေဟောဝါကို ဝတ်ပြုခြင်းရဲ့ အပိုင်းတစ်ပိုင်းဖြစ်လို့ပဲ။ မိသားစုလိုက်အတူတကွ “နွားသငယ်တို့ကို” ပူဇော်နိုင်ကြတယ်၊ ဆိုလိုတာက မိသားစုလိုက် ယေဟောဝါကို ချီးမွမ်းနိုင်ကြတယ်။ (ဟော. ၁၄:၂) မိသားစုဝင်တွေအားလုံး မိသားစုဝတ်ပြုမှုမှာ ပျော်ရွှင်ကြပါစေ၊ အကြောင်းကတော့ “ယေဟောဝါပေးတဲ့ ဝမ်းမြောက်ခြင်းက ခင်ဗျားတို့ရဲ့ရဲတိုက်ဖြစ်လို့ပဲ။”—နေ. ၈:၉၊ ၁၀ကဘ။