မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ခြင်း

သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ခြင်း

“သားသမီးတို့၊ နှုတ်လျှာအားဖြင့်သာမချစ်ဘဲ စိတ်ရောကိုယ်ပါ အမှန်ချစ်ကြစို့။”—၁ ယော. ၃:၁၈

၁၊ ၂။ (က) မိသားစုများစွာမှာ ဘယ်အခက်အခဲတွေ ပေါ်လာနိုင်သလဲ၊ အဲဒီအခါမှာ ဘယ်မေးခွန်းတွေ ပေါ်လာသလဲ။ (ခ) မိဘနဲ့သားသမီးတွေဟာ ပြောင်းလဲသွားတဲ့အခြေအနေတွေအတွက် ဘယ်လို ကြိုတင်ပြင်ဆင်နိုင်သလဲ။

သန်သန်မာမာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး နေလာတဲ့ မိဘတွေက သူတို့ကိုယ်သူတို့ မစောင့်ရှောက်နိုင်တော့ဘူးလို့ သိရတဲ့အခါ တကယ်စိတ်မကောင်းစရာ ဖြစ်နိုင်တယ်။ အဖေ ဒါမှမဟုတ် အမေ ချော်လဲပြီး တင်ပါးဆုံရိုး ကျိုးသွားတယ်၊ မျက်စိလည်ပြီး လမ်းပျောက်သွားတယ် ဒါမှမဟုတ် အသည်းအသန်ဖျားနေတယ် ဆိုတဲ့သတင်းမျိုး သင် ကြားရနိုင်ပါတယ်။ ဒါပေမဲ့ သက်ကြီးရွယ်အိုတွေဟာ ကျန်းမာရေးအခြေအနေ ဒါမှမဟုတ် တခြားအခြေအနေတွေကြောင့် ကောင်းကောင်း မလှုပ်ရှားနိုင်တော့ဘူးဆိုတာကို လက်ခံဖို့ခက်နိုင်ပါတယ်။ (ယောဘ ၁၄:၁) သူတို့ကို ဘယ်လိုကူညီပေးနိုင်သလဲ။ ဘယ်လို ပြုစုစောင့်ရှောက်နိုင်သလဲ။

သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးအကြောင်း ဆောင်းပါးတစ်ပုဒ်မှာ ဒီလိုဖော်ပြထားတယ်– “အိုမင်းခြင်းနဲ့သက်ဆိုင်တဲ့အကြောင်းတွေကို ဆွေးနွေးရတာမလွယ်ပါဘူး၊ ဒါပေမဲ့ မိသားစုက သူတို့ရဲ့အမြင်တွေကို ဆွေးနွေးမယ်၊ တိုင်ပင်ညှိနှိုင်းပြီး အစီအစဉ်တွေ ဆွဲမယ်ဆိုရင် ဘာပဲဖြစ်လာပါစေ ကိုင်တွယ်ရ ပိုလွယ်ကူပါလိမ့်မယ်။” အသက်ကြီးလို့ ကြုံတွေ့ရတဲ့ပြဿနာတွေကို မရှောင်လွှဲနိုင်ဘူးဆိုတာ သဘောပေါက်ထားရမှာဖြစ်တယ်။ ဒါကြောင့် မိသားစုလိုက် ကြိုတင်ပြင်ဆင်ထားဖို့ အရေးကြီးတယ်။ အဲဒီအခက်အခဲတွေကို ဖြေရှင်းရာမှာ မိသားစုတွေက ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ ဘယ်လိုလုပ်ဆောင်နိုင်တယ်ဆိုတာ လေ့လာကြည့်ကြစို့။

‘ဒုက္ခနေ့ရက်တွေ’ အတွက် ကြိုတင်ပြင်ဆင်ပါ

၃။ အသက်ကြီးတဲ့မိဘတွေ အကူအညီပိုလိုအပ်လာတဲ့အခါ မိသားစုဝင်တွေ ဘာလုပ်နိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

မိဘအများစုဟာ သူတို့ကိုယ်သူတို့ မကြည့်ရှုနိုင်တော့တဲ့အချိန် ရောက်လာတယ်။ ဒါကြောင့် အကူအညီလိုအပ်မှာဖြစ်တယ်။ (ဒေသနာ ၁၂:၁–၇ ကိုဖတ်ပါ။) အဲဒီလိုဖြစ်လာတဲ့အခါ ဘယ်လိုကြည့်ရှုပြုစုတာက အကောင်းဆုံးဖြစ်မလဲ၊ ဘာတွေလုပ်နိုင်သလဲဆိုတာကို အသက်ကြီးတဲ့မိဘတွေနဲ့ သားသမီးတွေက တိုင်ပင်ပြီး ဆုံးဖြတ်သင့်တယ်။ မိဘတွေ ဘယ်လို အကူအညီမျိုးလိုအပ်တယ်၊ အဲဒီအကူအညီကို ဘယ်လိုပေးမယ်၊ လူတိုင်းက ဘယ်လို ပူးပေါင်းလုပ်ဆောင်နိုင်တယ် ဆိုတာတွေကို တိုင်ပင်ဖို့ မိသားစုစည်းဝေးတစ်ခုလုပ်တာက အမြော်အမြင်ရှိရာ ရောက်ပါတယ်။ အားလုံး ပါဝင်ပတ်သက်ပေမဲ့ အထူးသဖြင့် မိဘတွေဟာ ဖြစ်နိုင်တဲ့အချက်တွေနဲ့ မိမိတို့ရဲ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်။ မိဘတွေက သူတို့ရဲ့အိမ်မှာပဲ ဘေးအန္တရာယ်ကင်းကင်းနဲ့ ဆက်နေလို့ရမလား။ * ဒါမှမဟုတ် မိဘတွေကိုပြုစုဖို့ မိသားစုဝင်တစ်ဦးချင်းစီက သူတို့ရဲ့တာဝန်တွေကို ဘယ်လိုလုပ်နိုင်မလဲ ဆိုတဲ့အချက်တွေကို ဆွေးနွေးနိုင်ပါတယ်။ (သု. ၂၄:၆) တချို့က မိဘတွေရဲ့ နေ့စဉ်လိုအပ်ရာတွေကို ကြည့်ရှုပေးခြင်း၊ တချို့ကျတော့ မိဘတွေရဲ့ကျန်းမာရေး ကုန်ကျစရိတ်တွေကို တာဝန်ယူခြင်းအားဖြင့် ကူညီပေးနိုင်ပါတယ်။ မိသားစုဝင်ယောက်တိုင်းမှာ တာဝန်ရှိတယ်ဆိုတာ အားလုံး သိထားသင့်တယ်၊ ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ တာဝန်တွေကို လဲလှယ်ပြီး အလှည့်ကျလုပ်ဆောင်နိုင်ပါတယ်။

စိတ်ငြိမ်သက်မှု ပေးနိုင်တဲ့ ယေဟောဝါကို ရင်ဖွင့်ပြောပြပါ

၄။ မိသားစုဝင်တွေ ဘယ်ကနေ အကူအညီရနိုင်ပါသလဲ။

မိဘတွေကို ကြည့်ရှုရတော့မယ်ဆိုရင် မိဘရဲ့ရောဂါအခြေအနေကို သိရှိဖို့ အတတ်နိုင်ဆုံး လေ့လာပါ။ ရောဂါအခြေအနေက ပိုဆိုးလာဖို့ရှိတယ်ဆိုရင် နောက်ထပ် ဘာတွေကြုံတွေ့ရနိုင်တယ်ဆိုတာ လေ့လာပါ။ (သု. ၁:၅) သင့်ဒေသမှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို ကူညီပေးတဲ့ အစိုးရအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပါ။ မိဘတွေ ပိုကောင်းတဲ့ ကြည့်ရှုစောင့်ရှောက်မှုရဖို့ ဒါမှမဟုတ် ပြုစုရတာပိုလွယ်ကူဖို့ ဘယ်လို အကူအညီတွေ ရရှိနိုင်တယ်ဆိုတာ စုံစမ်းပါ။ အဲဒီလို မိသားစုအခြေအနေ အပြောင်းအလဲတွေကို စဉ်းစားလိုက်တဲ့အခါ ဝမ်းနည်းတာ၊ ထိတ်လန့်တာ၊ စိတ်ရှုပ်ထွေးတာ စတဲ့ခံစားချက်တွေ ဝင်လာနိုင်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေတစ်ယောက်ကို ရင်ဖွင့်နိုင်ပါတယ်။ အရေးကြီးဆုံးကတော့ သင့်စိတ်ထဲမှာရှိတာတွေကို ယေဟောဝါဆီ ရင်ဖွင့်ပြောပြပါ။ ကိုယ်တော်က သင့်ကို ဘယ်အခြေအနေမျိုးကိုမဆို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့စိတ်ငြိမ်သက်မှု ပေးနိုင်ပါတယ်။—ဆာ. ၅၅:၂၂; သု. ၂၄:၁၀; ဖိ. ၄:၆၊ ၇

၅။ ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းတွေကို ကြိုတင်လေ့လာထားတာ ဘာကြောင့်ကောင်းသလဲ။

သက်ကြီးရွယ်အိုတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းတွေကို ကြိုတင်လေ့လာထားသင့်တယ်။ ဥပမာ၊ မိဘတစ်ယောက်က သားသမီးတစ်ယောက်ယောက်နဲ့ အတူနေတာက ပိုကောင်းမလား၊ ဒါမှမဟုတ် ကိုယ့်ဒေသမှာ ရနိုင်တဲ့ တခြားထောက်ပံ့ရေး နည်းလမ်းတစ်ခုခုကို သုံးမလားဆိုတာ လေ့လာထားပါ။ ဒီနည်းအားဖြင့် မိသားစုတွေဟာ သက်ကြီးရွယ်အိုတွေ ကြုံတွေ့ရတဲ့ ‘ဒုက္ခတွေ၊ ဝမ်းနည်းစရာတွေ’ အတွက် ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။ (ဆာ. ၉၀:၁၀) အဲဒီလို ကြိုတင်မပြင်ဆင်ထားတဲ့ မိသားစုတွေဟာ ပြဿနာတွေ ရုတ်တရက်ပေါ်လာတဲ့အခါ အလျင်စလို ဆုံးဖြတ်ချက်ချလိုက်ရတာမျိုး ဖြစ်နိုင်တယ်။ “အဲဒီလိုအချိန်မျိုးက ဆုံးဖြတ်ချက်ချဖို့ မသင့်တော်ဆုံးအချိန်ပဲ” လို့ ပညာရှင်တစ်ယောက်ကပြောတယ်။ ဆုံးဖြတ်ချက် မြန်မြန်ချရတဲ့အခါမှာ မိသားစုဝင်တွေဟာ စိတ်ဖိစီးမှုဖြစ်တာ၊ သဘောထားကွဲလွဲတာတွေ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကြိုတင်စီစဉ်ထားတယ်ဆိုရင် အပြောင်းအလဲတွေလုပ်ဖို့ ပိုလွယ်ကူပါလိမ့်မယ်။—သု. ၂၀:၁၈

လိုအပ်တာတွေကို ဘယ်လိုလုပ်ကြမယ်ဆိုတာကို မိသားစုလိုက် တိုင်ပင်ဆွေးနွေးနိုင်ပါတယ် (အပိုဒ် ၆-၈ ကိုကြည့်ပါ)

၆။ သက်ကြီးရွယ်အိုတွေအတွက် နေရေးထိုင်ရေးအစီအစဉ်တွေကို ကြိုတင်ဆွေးနွေးထားတာက ဘာကြောင့် အထောက်အကူဖြစ်သလဲ။

သင့်မိဘတွေကို သူတို့ရဲ့အိမ်မှာပဲ နေရေးထိုင်ရေးအစီအစဉ် အပြောင်းအလဲလုပ်ဖို့ ဒါမှမဟုတ် တစ်နေ့နေ့မှာ တစ်နေရာရာကို ပြောင်းရွှေ့ဖို့ ပြောရတာ စိတ်မသက်မသာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို ကြိုတင်ပြောဆိုထားတာက နောက်ပိုင်းအတွက် ပိုလွယ်ကူတယ်လို့ လူအများက ပြောကြတယ်။ အကြောင်းကတော့ ပြဿနာတွေ မပေါ်လာခင်မှာ ခက်ခဲတဲ့ကိစ္စတွေ ပြောပြဖို့၊ လေးလေးစားစား နားထောင်ဖို့၊ လက်တွေ့ကျတဲ့အစီအစဉ်တွေ ပြုလုပ်ဖို့ ပိုလွယ်ကူလို့ပဲ။ မိသားစုဝင်တွေဟာ စိတ်သက်သက်သာသာနဲ့ သူတို့ရဲ့အကြိုက်တွေကို လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးတယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီး ချစ်ခင်လာကြမှာဖြစ်တယ်။ သက်ကြီးရွယ်အိုတွေဟာ သူတို့ဘာသာရပ်တည်နိုင်သရွေ့တော့ သတ်သတ်စီ နေချင်ကြမှာဖြစ်တယ်။ မိဘတွေက သူတို့ ဘယ်လိုစောင့်ရှောက်မှုမျိုး လိုချင်တယ်ဆိုတာ သားသမီးတွေကို ပြောပြထားတယ်ဆိုရင် ဆုံးဖြတ်ချက်ချဖို့ လိုအပ်လာတဲ့အခါ အားလုံးအတွက် ပိုလွယ်ကူမယ်။

၇၊ ၈။ မိသားစုတွေ ဘာအကြောင်း ဆွေးနွေးထားသင့်သလဲ၊ ဘာကြောင့်လဲ။

မိဘတို့၊ အဲဒီလိုဆွေးနွေးတဲ့အချိန်မှာ သင်တို့ရဲ့ဆန္ဒဘယ်လိုရှိတယ်၊ သင်တို့ ငွေဘယ်လောက်သုံးနိုင်တယ်၊ ဘယ်လိုအစီအစဉ်ကို ပိုကြိုက်တယ်ဆိုတာ မိသားစုကို ပြောပြပါ။ အဲဒီလို ပြောပြထားတယ်ဆိုရင် နောက်ပိုင်း သင်တို့ဘာသာဆုံးဖြတ်ချက် မချနိုင်တော့တဲ့အချိန်မှာ သင်တို့ဖြစ်စေချင်တဲ့အတိုင်း သူတို့က ဆုံးဖြတ်ပေးနိုင်ပါတယ်။ သူတို့က သင်တို့ရဲ့ဆန္ဒကို လေးစားပြီး အတတ်နိုင်ဆုံး လုပ်ပေးပါလိမ့်မယ်၊ အဲဒီအခါ သင်တို့ဘာသာ ဆက်ပြီး ရပ်တည်နိုင်မှာဖြစ်တယ်။ (ဧ. ၆:၂-၄) ဥပမာ၊ သင်တို့ရဲ့သားသမီး တစ်ယောက်ယောက်က သူတို့နဲ့အတူနေဖို့ သင့်ကိုခေါ်မယ်လို့ မျှော်လင့်သလား။ ဒါမှမဟုတ် တခြားနည်းလမ်း တစ်ခုကို သင်မျှော်လင့်သလား။ အားလုံးက သင့်လို စဉ်းစားကြမှာမဟုတ်ဘူးဆိုတာ သိထားပါ။ သူတို့ရဲ့အတွေးအခေါ်ကို ပြုပြင်ပြောင်းလဲဖို့ အချိန်လိုတယ်။

အစီအစဉ်တွေကြိုတင်ဆွဲပြီး သေချာပြောဆိုထားတယ်ဆိုရင် ပြဿနာများစွာကို ရှောင်နိုင်

အစီအစဉ်ကြိုတင်ဆွဲပြီး သေချာပြောဆိုထားတယ်ဆိုရင် ပြဿနာများစွာကို ရှောင်နိုင်ပါတယ်။ (သု. ၁၅:၂၂) ကျန်းမာရေးစောင့်ရှောက်မှုပုံစံနဲ့ သင့်သဘောထားကို မိသားစုကို ပြောပြထားပါ။ အဲဒီအကြောင်းပြောတဲ့အခါမှာ ယေဟောဝါသက်သေတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်လွှဲစာ (သွေးကတ်) မှာပါတဲ့ အချက်အလက်တွေကို အသုံးပြုသင့်ပါတယ်။ ရရှိနိုင်တဲ့ ဆေးကုသနည်းတွေအကြောင်း လူတိုင်းသိထားသင့်ပြီး ကုသနည်းတစ်ခုခုကို လက်ခံမလား၊ ငြင်းပယ်မလားဆိုတာ ကိုယ်တိုင် ရွေးချယ်ခွင့်ရှိတယ်။ ကိုယ်စားလှယ်လွှဲစာ (သွေးကတ်) က လူတစ်ယောက်ရဲ့ဆန္ဒတွေကို ဖော်ပြပါလိမ့်မယ်။ လိုအပ်လာတဲ့အခါ သင့်အတွက် သင့်တော်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ယုံကြည်စိတ်ချရသူတစ်ယောက်ကို ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ရွေးထားနိုင်ပါတယ်။ လိုအပ်တဲ့အခါ အသုံးပြုနိုင်ဖို့ သက်ကြီးရွယ်အိုတွေ၊ ပြုစုစောင့်ရှောက်သူတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကိုယ်စားလှယ်တွေက အဲဒီကတ်ရဲ့ မိတ္တူတွေကို ရယူထားသင့်ပါတယ်။ တချို့ သက်ကြီးရွယ်အိုတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်လွှဲစာကို သူတို့ရဲ့သေတမ်းစာ၊ အာမခံစာရွက်စာတမ်း၊ ငွေစုစာအုပ်၊ အစိုးရရုံးတွေနဲ့ဆက်နွှယ်တဲ့ စာရွက်စာတမ်းစတဲ့ အရေးကြီးတဲ့စာရွက်စာတမ်းတွေနဲ့အတူ ထားကြတယ်။

ပြောင်းလဲသွားတဲ့အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းခြင်း

၉၊ ၁၀။ ဘယ်အချိန်မှာ မိဘတွေက သားသမီးတွေရဲ့အကူအညီ ပိုလိုအပ်နိုင်သလဲ။

အများအားဖြင့်တော့ မိသားစုဝင်အားလုံးက အသက်ကြီးသူတွေကို ကိုယ့်အားကိုယ်ကိုးပြီး နေစေချင်ကြတယ်။ မိဘတွေ ချက်ပြုတ်နိုင်၊ သန့်ရှင်းရေးလုပ်နိုင်၊ ကိုယ့်ဘာသာ ဆေးယူသောက်နိုင်၊ ကောင်းကောင်း ပြောဆိုဆက်သွယ်နိုင်သရွေ့ သားသမီးတွေက မိဘတွေကို နေရာတကာမှာ လိုက်ကြည့်ပေးဖို့ လိုမှာမဟုတ်ဘူး။ ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ မိဘတွေဟာ လမ်းလျှောက်ဖို့၊ ဈေးထွက်ဝယ်ဖို့ ခက်လာမယ် ဒါမှမဟုတ် မေ့တတ်လာမယ်ဆိုရင်တော့ သားသမီးတွေက အပြောင်းအလဲတွေ လုပ်ပေးဖို့ လိုအပ်လာမှာဖြစ်တယ်။

၁၀ သက်ကြီးရွယ်အိုတွေဟာ စိတ်ရှုပ်ထွေးလာတာ၊ စိတ်ဓာတ်ကျလာတာ၊ ဆီးဝမ်းမထိန်းနိုင်တာ၊ နားလေးလာတာ၊ မျက်စိမှုန်လာတာ၊ မှတ်ဉာဏ်ချို့ယွင်းလာတာတွေ ဖြစ်နိုင်တယ်။ အဲဒီလိုလက္ခဏာတစ်ခုခု ပေါ်လာပြီဆိုရင် ဆေးကုသဖို့ လိုအပ်နိုင်တယ်။ အဲဒါတွေ စဖြစ်တာနဲ့ ချက်ချင်း ဆရာဝန်ဆီသွားပါ။ သားသမီးတွေဟာ ဆရာဝန်ဆီသွားဖို့ စီစဉ်ရာမှာ၊ တခြားကိစ္စတွေမှာ ဦးဆောင်ဖို့လိုအပ်လာနိုင်တယ်။ မိဘတွေကို အတတ်နိုင်ဆုံး စောင့်ရှောက်ဖို့အတွက် သားသမီးတွေက သူတို့ကိုယ်စား ပြောဆိုပေးဖို့၊ စာရွက်စာတမ်းကိစ္စတွေလုပ်ဖို့၊ ဆရာဝန်ဆီခေါ်သွားပေးဖို့ စတာတွေကို လုပ်ပေးရနိုင်တယ်။—သု. ၃:၂၇

၁၁။ မိဘတွေအပြောင်းအလဲလုပ်ဖို့ ပိုလွယ်ကူအောင် ဘာတွေလုပ်နိုင်သလဲ။

၁၁ မိဘတွေရဲ့ ကျန်းမာရေးပြဿနာက ကြာရှည်ဆက်ရှိနေမယ်ဆိုရင် သူတို့ကို ပြုစုစောင့်ရှောက်တဲ့ပုံစံ ဒါမှမဟုတ် သူတို့နေတဲ့အိမ်မှာ နေရေးထိုင်ရေးအစီအစဉ် အပြောင်းအလဲလုပ်ပေးဖို့ လိုအပ်နိုင်တယ်။ အနည်းအကျဉ်းပဲ အပြောင်းအလဲလုပ်မယ်ဆိုရင် သူတို့လည်း အလိုက်သင့်ပြောင်းလဲဖို့ ပိုလွယ်ကူပါလိမ့်မယ်။ သင်က မိဘတွေနဲ့ အလှမ်းဝေးတဲ့နေရာမှာနေတယ်ဆိုရင် သက်သေခံတစ်ယောက် ဒါမှမဟုတ် အိမ်နီးချင်းတစ်ယောက်ကို မှန်မှန် သွားကြည့်ခိုင်းပြီး သူတို့ဘယ်လိုနေတယ်ဆိုတာ သင့်ကို အသိပေးဖို့ပြောရုံနဲ့ လုံလောက်ကောင်း လုံလောက်နိုင်ပါတယ်။ ချက်ပြုတ်ပေးဖို့၊ သန့်ရှင်းရေးလုပ်ပေးဖို့ပဲ လိုသလား။ အိမ်ထဲမှာ နည်းနည်းပါးပါး အပြောင်းအလဲလုပ်ရုံနဲ့ သူတို့တွေ သွားလာဖို့၊ ရေချိုးဖို့နဲ့ တခြားအရာတွေလုပ်ဖို့ ပိုလွယ်ကူသွားမလား။ မိဘတွေ သူတို့ဘာသာ သီးသန့်နေနိုင်ဖို့ အိမ်အကူတစ်ယောက်ရဲ့ အကူအညီ လိုအပ်တာဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့ချည်းပဲနေတာ အန္တရာယ်ရှိတယ်ဆိုရင် အမြဲကြည့်ပေးဖို့ ပိုလိုအပ်ပါလိမ့်မယ်။ မိသားစုဝင်၊ ဒါမှမဟုတ် ဆွေမျိုးထဲကတစ်ယောက်ယောက်က သူတို့နဲ့အတူနေပေးတာမျိုး ဖြစ်နိုင်တယ်။ အခြေအနေက ဘယ်လိုပဲရှိပါစေ မိသားစုဝင်တွေက ရရှိနိုင်တဲ့အကူအညီတိုင်းကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ *သုတ္တံ ၂၁:၅ ကိုဖတ်ပါ။

တချို့သူတွေ အခက်အခဲဖြေရှင်းပုံ

၁၂၊ ၁၃။ မိဘတွေနဲ့ အဝေးမှာနေတဲ့ တချို့သူတွေဟာ မိဘတွေကို ကြည့်ရှုဖို့ ဘယ်လိုလုပ်ကြသလဲ။

၁၂ ကျွန်ုပ်တို့က မိဘတွေကို ချစ်တဲ့အတွက်ကြောင့် သူတို့တွေကို ဘေးကင်းကင်းနဲ့ သက်သောင့်သက်သာ ရှိစေချင်ကြတယ်။ မိဘတွေ ပြုစုစောင့်ရှောက်ခံရတယ်ဆိုတာ သိရတာက ကျွန်ုပ်တို့ကို အတိုင်းအတာတစ်ခုအထိ စိတ်ငြိမ်သက်မှု ခံစားရစေတယ်။ ဒါပေမဲ့ အရွယ်ရောက်နေတဲ့သားသမီး များစွာဟာ မိဘတွေရဲ့ အနီးအနားမှာ မနေကြဘူး။ အဲဒီလိုသားသမီးတွေထဲက တချို့ဟာ ခွင့်ယူပြီး မိဘတွေဆီသွားတယ်၊ သူတို့ကို ပြုစုပေးပြီး သူတို့မလုပ်နိုင်တော့တဲ့ အိမ်မှုကိစ္စတွေကို လုပ်ပေးကြတယ်။ သားသမီးတွေဟာ မိဘတွေဆီ ပုံမှန် ဒါမှမဟုတ် နေ့တိုင်း တယ်လီဖုန်းဆက်ခြင်း၊ စာရေးခြင်း၊ အီးမေးလ်ပို့ခြင်းအားဖြင့် သူတို့ကိုချစ်တယ်ဆိုတာ ပြသနိုင်တယ်။—သု. ၂၃:၂၄၊ ၂၅

၁၃ သားသမီးတွေဟာ မိဘတွေနဲ့ သီးခြားနေပေမဲ့ မိဘတွေ နေ့စဉ် ဘာလိုအပ်တယ်ဆိုတာသိအောင် လုပ်ရမှာဖြစ်တယ်။ သင့်မိဘတွေက သက်သေခံတွေဖြစ်ပြီး သင်က သူတို့အနီးအနားမှာ မနေဘူးဆိုရင် မိဘတွေရဲ့အသင်းတော်က အကြီးအကဲတွေဆီကနေ အကြံဉာဏ်တောင်းခံနိုင်ပါတယ်။ မိဘတွေအတွက် ယေဟောဝါဆီမှာ ဆုတောင်းဖို့လည်း မမေ့ပါနဲ့။ (သုတ္တံ ၁၁:၁၄ ကိုဖတ်ပါ။) သင့်မိဘတွေက သက်သေခံမဟုတ်ဘူးဆိုရင်တောင် သူတို့ကို “ရိုသေ” ပါ။ (ထွ. ၂၀:၁၂; သု. ၂၃:၂၂) ဆုံးဖြတ်ချက်ချတဲ့အခါ မိသားစုတစ်စုနဲ့တစ်စုတော့ တူကြမှာမဟုတ်ဘူး။ တချို့က မိဘတွေကို သူတို့နဲ့အတူထားဖို့၊ ဒါမှမဟုတ် သူတို့နဲ့နီးတဲ့နေရာကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ကြတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့တော့ အမြဲတမ်းမဖြစ်နိုင်ဘူး။ တချို့မိဘတွေက သားသမီးတွေနဲ့အတူ မနေချင်ကြဘူး။ သူတို့ဘာသာသီးသန့် နေချင်ကြတယ်၊ သားသမီးတွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ကြဘူး။ တချို့ကျတော့ သူတို့အိမ်မှာပဲနေပြီး သူတို့ကိုကူညီပေးမယ့် အိမ်အကူတွေ ခေါ်ထားဖို့ ငွေကြေးတတ်နိုင်ကြတယ်။—ဒေ. ၇:၁၂

၁၄။ အဓိကကြည့်ရှုပြုစုပေးသူတွေမှာ ဘာပြဿနာတွေ ပေါ်လာနိုင်သလဲ။

၁၄ မိသားစုများစွာမှာ မိဘတွေနဲ့အနီးဆုံးမှာနေတဲ့ သား ဒါမှမဟုတ် သမီးက မိဘတွေကို ပိုကြည့်ပေးရတယ်။ ဒါပေမဲ့ အဲဒီလိုကြည့်ရှုပေးသူတွေဟာ မိဘတွေရဲ့လိုအပ်ရာတွေနဲ့ သူတို့မိသားစုရဲ့ လိုအပ်ရာတွေကို ကြည့်ရှုရာမှာ မျှမျှတတ ဖြစ်ဖို့လိုတယ်။ လူတစ်ယောက်ရဲ့ အချိန်နဲ့ခွန်အားက အကန့်အသတ်ရှိတယ်။ ကြည့်ရှုပြုစုပေးသူရဲ့ အခြေအနေက ပြောင်းလဲသွားတယ်ဆိုရင် မိသားစုက လက်ရှိအခြေအနေကို ပြန်သုံးသပ်ဖို့ လိုပါလိမ့်မယ်။ မိသားစုဝင်တစ်ယောက်ကပဲ တာဝန်တွေအများကြီး ယူထားရသလား။ အလှည့်ကျပြုစုခြင်းအားဖြင့် တခြားသားသမီးတွေက နည်းနည်းပိုလုပ်ပေးနိုင်မလား။

၁၅။ ကြည့်ရှုပြုစုပေးနေသူ လက်ပန်းကျသွားတာမျိုးမဖြစ်အောင် ဘယ်လို လုပ်ဆောင်နိုင်သလဲ။

၁၅ အသက်ကြီးတဲ့မိဘတွေကို အချိန်ပြည့်ပြုစုပေးရတယ်ဆိုရင် အချိန်ပြည့်ပြုစုပေးနေရသူဟာ လက်ပန်းကျလာပါလိမ့်မယ်။ (ဒေ. ၄:၆) မိဘကိုချစ်တဲ့သားသမီးတွေက မိဘတွေအတွက် အတတ်နိုင်ဆုံး လုပ်ပေးချင်ကြတယ်၊ ဒါပေမဲ့ မိဘတွေကို တစ်ချိန်လုံး ကြည့်နေရတယ်ဆိုရင် ဖိစီးမှုဖြစ်လာနိုင်တယ်။ အဲဒီလိုကြည့်ရှုပြုစုနေသူတွေဟာ အရှိကိုအရှိအတိုင်း လက်ခံပြီး အကူအညီတောင်းဖို့ လိုအပ်လာနိုင်တယ်။ ကြည့်ရှုပြုစုပေးနေသူ လက်ပန်းကျသွားတာမျိုးမဖြစ်အောင် တခြားသူတွေက အခါအားလျော်စွာ ကူညီပေးနိုင်ပါတယ်။

 

သင့်အိမ်ထောင်ဖက် ဒါမှမဟုတ် တခြားမိသားစုဝင်တစ်ယောက်ယောက်၊ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ တစ်ယောက်ယောက်နဲ့ စကားပြောပါ

၁၆၊ ၁၇။ အသက်ကြီးတဲ့မိဘတွေကို ပြုစုရတဲ့သားသမီးတွေမှာ ဘယ်လိုခံစားချက်တွေ ရှိနိုင်သလဲ။ သူတို့ရဲ့ခံစားချက်ကို နားလည်ပြီး ဟန်ချက်ညီညီလုပ်ဆောင်ဖို့ ဘာက ကူညီပေးနိုင်မလဲ။ ( “ကျေးဇူးတင်လေးမြတ်စိတ်နဲ့ ပြုစုစောင့်ရှောက်” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၁၆ မိဘတွေ အသက်ကြီးလာလို့ နာကျင်မှုဝေဒနာတွေ ခံစားနေရတာကို မြင်တွေ့ရတာက စိတ်မကောင်းစရာပါပဲ။ ပြုစုစောင့်ရှောက်ရသူတွေဟာ တစ်ခါတလေ စိတ်မကောင်းတာ၊ စိတ်ပူတာ၊ စိတ်ရှုပ်တာ၊ ဒေါသထွက်တာ၊ အပြစ်ရှိတယ်လို့ ခံစားရတာ ဒါမှမဟုတ် စိတ်အလိုမကျတာတွေ ဖြစ်လာတတ်တယ်။ တစ်ခါတလေ အသက်ကြီးတဲ့မိဘတွေက မစာနာတဲ့စကား၊ ကျေးဇူးတင်လေးမြတ်မှုမရှိတဲ့စကားတွေ ပြောမိနိုင်တယ်။ သင် အဲဒီလိုကြုံတွေ့နေရတယ်ဆိုရင် စိတ်မဆိုးပါနဲ့။ စိတ်ကျန်းမာရေးပညာရှင်တစ်ယောက်က “ဘယ်ခံစားချက်ကိုမဆို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အကောင်းဆုံးနည်းက ကိုယ့်မှာ အဲဒီခံစားချက်ရှိနေတယ်ဆိုတာ အသိအမှတ်ပြုရမယ်။ အဲဒီခံစားချက်ရှိနေတာကို အသိအမှတ်မပြုတာမျိုး၊ အဲဒီခံစားချက် ရှိနေတဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်တာမျိုး မလုပ်သင့်ဘူး” လို့ပြောတယ်။ သင့်အိမ်ထောင်ဖက် ဒါမှမဟုတ် တခြားမိသားစုဝင်တစ်ယောက်ယောက်၊ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေတစ်ယောက်ယောက်နဲ့ စကားပြောပါ။ အဲဒီလိုစကားပြောတာက သင့်ရဲ့ခံစားချက်တွေကို နားလည်ဖို့၊ ဆက်ပြီး ဟန်ချက်ညီနေဖို့ အကူအညီဖြစ်စေနိုင်ပါတယ်။

၁၇ ကိုယ်ချစ်ရတဲ့သူတစ်ဦးကို အိမ်မှာပဲ ဆက်ပြုစုပေးလို့မရတော့တဲ့အချိန် ရောက်လာနိုင်ပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် မိသားစုက ကိုယ်ချစ်ရသူတစ်ဦးကို ပြုစုစောင့်ရှောက်ရေးဂေဟာမှာ ထားမှဖြစ်မယ်လို့ ဆုံးဖြတ်နိုင်ပါတယ်။ ညီအစ်မတစ်ယောက်ဆိုရင် ပြုစုစောင့်ရှောက်ရေးဂေဟာမှာရှိတဲ့ သူ့အမေဆီကို နေ့တိုင်းလိုလို သွားတယ်။ သူက “အမေလိုအပ်တဲ့ အကူအညီကို ကျွန်မတို့ အချိန်ပြည့်မလုပ်ပေးနိုင်ဘူး။ သူ့ကို ပြုစုစောင့်ရှောက်ရေးဂေဟာပို့ဖို့ ကျွန်မတို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတယ်။ အရမ်း အရမ်းကို စိတ်ထိခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက သူ့ရဲ့နောက်ဆုံးလတွေအတွက် အကောင်းဆုံးဖြေရှင်းနည်းဖြစ်တယ်၊ ဒါကို အမေလက်ခံခဲ့တယ်” လို့ပြောပြတယ်။

၁၈။ ပြုစုစောင့်ရှောက်ပေးသူတွေ ဘာကို စိတ်ချနိုင်သလဲ။

၁၈ အသက်ကြီးတဲ့မိဘတွေကို ပြုစုရတဲ့တာဝန်က ခက်ခဲပြီး စိတ်ပင်ပန်းစေနိုင်တယ်။ သက်ကြီးရွယ်အိုတွေကို ပြုစုရာမှာ လူတိုင်းအတွက် အသုံးတည့်မယ့် ဖြေရှင်းနည်းတစ်မျိုးတည်းတော့ ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ သေချာစီစဉ်ထားမယ်၊ မိသားစုနဲ့ ပူးပေါင်းဆောင်ရွက်မယ်၊ ကောင်းကောင်းမွန်မွန် ပြောဆိုဆက်သွယ်မယ်၊ အဲဒါတွေထက် ယေဟောဝါထံ ဆုတောင်းမယ်ဆိုရင် သင့်ချစ်ရသူတွေကို လေးစားရမယ့်တာဝန် ကျေပွန်အောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ သင် အဲဒီလိုလုပ်နေတယ်ဆိုရင် ဂုဏ်ယူနိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သင်က သက်ကြီးရွယ်အိုတွေ လိုအပ်တဲ့အကူအညီနဲ့ ဂရုစိုက်မှုကို ပေးနေလို့ပဲ။ (၁ ကောရိန္သု ၁၃:၄–၈ ကိုဖတ်ပါ။) အရေးကြီးဆုံးက သင်ဟာ စိတ်ငြိမ်သက်မှုနဲ့ ယေဟောဝါရဲ့ကောင်းချီး ခံစားရမှာဖြစ်တယ်။—ဖိ. ၄:၇

^ စာပိုဒ်၊ 3 တချို့ယဉ်ကျေးမှုတွေမှာ မိဘတွေက အရွယ်ရောက်နေပြီဖြစ်တဲ့ သားသမီးတွေနဲ့ အတူနေကြတယ်၊ အဲဒီလိုနေရတာကို ပိုနှစ်သက်တာဖြစ်နိုင်တယ်။

^ စာပိုဒ်၊ 11 သင့်မိဘတွေက သူတို့အိမ်မှာပဲနေတယ်ဆိုရင် အရေးပေါ်အခြေအနေမှာ အိမ်ထဲဝင်နိုင်ဖို့အတွက် ယုံကြည်စိတ်ချရတဲ့ ကြည့်ရှုပြုစုပေးသူတွေကို သော့ပေးထားပါ။