သင့်စကားက “‘ဟုတ်တယ်၊’ တစ်ချိန်တည်းမှာ ‘မဟုတ်’”
ဒီအဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ– ဆေးရုံဆက်သွယ်ရေးကော်မတီဝင် အကြီးအကဲ တစ်ယောက်ဟာ လူငယ်ညီအစ်ကိုတစ်ယောက်နဲ့ တနင်္ဂနွေနေ့မနက် လယ်ကွင်းလုပ်ငန်းမှာ အတူပါဝင်ဖို့ အစီအစဉ်လုပ်ထားတယ်။ ဒါပေမဲ့ အဲဒီမနက်မှာ အကြီးအကဲညီအစ်ကိုဆီကို အရေးကြီးတဲ့ဖုန်းတစ်ခု ဝင်လာတယ်။ ညီအစ်ကိုတစ်ယောက်ရဲ့မိန်းမက ကားမတော်တဆမှုဖြစ်ပြီး အရေးပေါ် ဆေးရုံတင်လိုက် ရတယ်။ အဲဒီညီအစ်ကိုက သွေးမသွင်းဘဲကုသပေးမယ့် ဆရာဝန်တစ်ယောက်ရှာပေးဖို့ အကြီးအကဲကို အကူအညီတောင်းတယ်။ အရေးပေါ်ဖြစ်နေတဲ့ မိသားစုကို မေတ္တာပြဖို့၊ ကူညီပေးနိုင်ဖို့အတွက် အကြီးအကဲက လူငယ်ညီအစ်ကိုနဲ့အတူ အမှုဆောင်သွားမယ့် အစီအစဉ်ကို ဖျက်လိုက်ရတယ်။
အခု ဒီအဖြစ်အပျက်ကို စဉ်းစားကြည့်ပါ– အသင်းတော်တစ်ခုမှာ လင်မယားနှစ်ယောက်ဟာ ကြင်ဖော်မဲ့မိခင်တစ်ယောက်ကို သူ့ကလေးနှစ်ယောက်နဲ့အတူ ညနေခင်းတစ်ခုမှာ သူတို့ဆီလာလည်ဖို့ ဖိတ်ခေါ်ထားတယ်။ ကြင်ဖော်မဲ့မိခင်က ကလေးတွေကို အဲဒီအကြောင်း ပြောပြတော့ ကလေးတွေက အရမ်းပျော်နေတယ်။ ကလေးတွေက အဲဒီနေ့ကို မြန်မြန်ရောက်ချင်နေပြီ။ ဒါပေမဲ့ အဲဒီမတိုင်ခင်တစ်နေ့မှာ သူတို့ကို ဖိတ်ထားတဲ့လင်မယားက ကိစ္စတစ်ခုပေါ်လာလို့ ဖိတ်ခေါ်တဲ့အစီအစဉ်ကို ဖျက်လိုက်ပြီလို့ အမေဖြစ်သူကို ဖုန်းဆက်တယ်။ ဘာကြောင့် အစီအစဉ်ကိုဖျက်လိုက်သလဲဆိုတာ နောက်ပိုင်းမှာ သူ သိလိုက်ရတယ်။ သူတို့သားအမိတွေကို ဖိတ်ပြီးနောက်မှာ အဲဒီလင်မယားရဲ့မိတ်ဆွေတွေက အဲဒီလင်မယားကို အလည်လာဖို့ဖိတ်ခေါ်တယ်၊ အဲဒါကို သူတို့က လက်ခံလိုက်တာဖြစ်တယ်။
ခရစ်ယာန်တွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ ကတိတည်သင့်တယ်။ “ဟုတ်သည်၊ တစ်ချိန်တည်းတွင် မဟုတ်” ဆိုတဲ့စကားမျိုး ဘယ်တော့မှ မပြောသင့်ဘူး၊ ဆိုလိုတာက လုပ်မယ်လို့သဘောတူပြီးမှ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ စိတ်ပြောင်းတာမျိုး ဘယ်တော့မှ မလုပ်သင့်ဘူး။ (၂ ကော. ၁:၁၈) ဒါပေမဲ့ အထက်မှာဖော်ပြထားတဲ့ ဥပမာနှစ်ခုအတိုင်း အခြေအနေအားလုံးကတော့ တစ်ပုံစံတည်း ဖြစ်မှာမဟုတ်ပါဘူး။ ဘယ်လိုမှမတတ်နိုင်လို့ သဘောတူထားတဲ့ အစီအစဉ်တစ်ခုကို ဖျက်လိုက်ရတဲ့အခါမျိုး ရှိနိုင်ပါတယ်။ တမန်တော်ပေါလုတောင် အဲဒီလိုအခြေအနေမျိုး တစ်ခါ ဖြစ်ခဲ့ဖူးတယ်။
ကတိဖျက်သူအဖြစ် ပေါလုစွပ်စွဲခံခဲ့ရ
အေဒီ ၅၅ တုန်းက ပေါလုဟာ သူ့ရဲ့တတိယသာသနာပြုခရီးစဉ်မှာ ဧဖက်မြို့ကို သွားခဲ့တယ်။ အဲဒီကနေ အေဂျီယန်ပင်လယ်ကို သင်္ဘောနဲ့ဖြတ်ပြီး ကောရိန္သုမြို့ကိုသွားမယ်၊ ကောရိန္သုမြို့ကနေ မက်ဆီဒိုးနီးယားကိုသွားမယ်လို့ အစီအစဉ်ဆွဲထားတယ်။ ဂျေရုဆလင်ကို ပြန်တဲ့ခရီးမှာလည်း ဂျေရုဆလင်က ညီအစ်ကိုတွေအတွက်ပေးလိုက်မယ့် ပစ္စည်းတွေကိုယူဖို့ ကောရိန္သုအသင်းတော်ကို ဒုတိယအကြိမ် ဝင်မယ်လို့ စီစဉ်ထားတယ်။ (၁ ကော. ၁၆:၃) အဲဒီအကြောင်းကို ၂ ကောရိန္သု ၁:၁၅၊ ၁၆ အရ သိရတယ်။ အဲဒီမှာ ဒီလိုဖော်ပြထားတယ်– “ထိုသို့ယုံကြည်စိတ်ချသည့်အတိုင်း သင်တို့သည် ဒုတိယအကြိမ် ဝမ်းမြောက်ရမည်အကြောင်း သင်တို့ထံ ငါလာမည်ဟု ရည်ရွယ်ထား၏။ မက်ဆီဒိုးနီးယားပြည်သို့ အသွားတွင်လည်းကောင်း၊ မက်ဆီဒိုးနီးယားပြည်မှ အပြန်တွင်လည်းကောင်း သင်တို့ထံ ဝင်၍ သင်တို့သည် ယုဒပြည်သို့ ငါ့ကိုပို့ဆောင်ပေးကြမည်ဟု မျှော်လင့်ပါ၏။”
၁ ကော. ၅:၉) ပထမစာကိုရေးပြီး သိပ်မကြာခင်မှာပဲ ပေါလုဟာ ကောရိန္သုအသင်းတော်မှာ အကြီးအကျယ် စိတ်ဝမ်းကွဲနေကြတယ်ဆိုတာ ခလောအိအိမ်သားတွေကတစ်ဆင့် ကြားသိရတယ်။ (၁ ကော. ၁:၁၀၊ ၁၁) အဲဒါကြောင့် ပေါလုက သူ့ရဲ့ မူလအစီအစဉ်ကိုဖျက်ဖို့ ဆုံးဖြတ်လိုက်ပြီး စာတစ်စောင် ရေးလိုက်တယ်၊ အဲဒီစာက ကောရိန္သုပထမစောင်လို့ ကျွန်ုပ်တို့သိထားတဲ့စာဖြစ်တယ်။ အဲဒီစာထဲမှာ ပေါလုက မေတ္တာနဲ့ သွန်သင် တည့်မတ်ပေးခဲ့တယ်။ သူ့ရဲ့ခရီးစဉ်ကို ပြောင်းလိုက်တဲ့အကြောင်း၊ သူ မက်ဆီဒိုးနီးယားကို အရင်သွားမယ်၊ ပြီးမှ ကောရိန္သုမြို့ကိုလာမယ်ဆိုတဲ့အကြောင်းလည်း ရေးခဲ့တယ်။—၁ ကော. ၁၆:၅၊ ၆။ *
ပေါလုက သူ့ရဲ့ပထမစာမှာ ကောရိန္သုအသင်းတော်က ညီအစ်ကိုတွေကို သူ့ရဲ့အစီအစဉ်တွေအကြောင်း အသိပေးထားပုံရတယ်။ (ကောရိန္သုမြို့ကညီအစ်ကိုတွေ ပေါလုရဲ့စာကိုရတဲ့အခါ တချို့က ပေါလုကို ကတိမတည်ဘူးလို့ စွပ်စွဲခဲ့ပုံရတယ်။ သူတို့ကိုယ်သူတို့ ပေါလုထက် သာတယ်လို့ ယူဆကြတယ်။ အဲဒီလူတွေကို ပေါလုက “ထူးချွန်တမန်တော်ကြီးများ” လို့ခေါ်တယ်။ ပေါလုက သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် “ထိုသို့ ငါကြံရွယ်သော် ပေါ့ပေါ့တန်တန် သဘောထားခဲ့သလော။ ငါရည်ရွယ်ထားရာများသည် လူ့ဇာတိအလိုအတိုင်း ရည်ရွယ်ခြင်းလော။ ငါသည် ‘အဟုတ်ကိုအဟုတ်၊ မဟုတ်ကိုမဟုတ်’ ဖြစ်စေသင့်သည် မဟုတ်လော” လို့မေးခဲ့တယ်။—၂ ကော. ၁:၁၇; ၁၁:၅။
ဒီကိစ္စကို ပေါလု တကယ်ပဲ “ပေါ့ပေါ့တန်တန် သဘောထားခဲ့” သလားလို့ ကျွန်ုပ်တို့ မေးနိုင်တယ်။ ပေါလု ပေါ့ပေါ့တန်တန် သဘောမထားခဲ့ပါဘူး။ “ပေါ့ပေါ့တန်တန်” လို့ပြန်ဆိုတဲ့ စကားလုံးကို စိတ်မချရတဲ့သူ၊ ကတိမတည်တဲ့သူအတွက် အသုံးပြုနိုင်တယ်။ “ငါ ရည်ရွယ်ထားရာများသည် လူ့ဇာတိအလိုအတိုင်း ရည်ရွယ်ခြင်းလော” ဆိုတဲ့ မေးခွန်းကို ပေါလုမေးခဲ့တယ်။ အဲဒီမေးခွန်းကနေ ကောရိန္သုအသင်းတော်ကလူတွေ အချက်တစ်ချက် သိသင့်တယ်။ အဲဒီအချက်ကတော့ အစီအစဉ်ပြောင်းဖို့ ဆုံးဖြတ်လိုက်တဲ့အတွက်ကြောင့် ပေါလုဟာ စိတ်မချရသူ ဖြစ်မသွားဘူးဆိုတာပဲ။
“သို့သော် ဘုရားသခင်ကို ယုံကြည်အားထားနိုင်သကဲ့သို့ သင်တို့ကို ငါတို့ပြောသောစကားသည် ‘ဟုတ်သည်၊’ တစ်ချိန်တည်းတွင် ‘မဟုတ်’ ဟူသော စကားမျိုးမဟုတ်” လို့ပြန်ပြောခြင်းအားဖြင့် ပေါလုက သူတို့ရဲ့ စွပ်စွဲချက်ကို ပြန်ချေပခဲ့တယ်။ (၂ ကော. ၁:၁၈) ကောရိန္သုအသင်းတော်က ညီအစ်ကိုညီအစ်မတွေ အကောင်းဆုံးအကျိုးရဖို့အတွက် သူ့ရဲ့အစီအစဉ်ကို ပြောင်းလိုက်တာဖြစ်တယ်။ ၂ ကောရိန္သု ၁:၂၃ မှာ “ငါသည် သင်တို့ကိုငဲ့ညှာသောကြောင့် ကောရိန္သုမြို့သို့ မလာသေး” ဆိုတဲ့ ပေါလုရဲ့စကားတွေကို ဖတ်ရတယ်။ ပေါလု သူ့ရဲ့အစီအစဉ်ကို ပြောင်းလိုက်တာက သူမလည်ပတ်ခင်မှာ သူ့ရဲ့သွန်သင်ချက်တွေကို ညီအစ်ကိုညီအစ်မတွေ လိုက်နာဖို့ အချိန်ရအောင် အခွင့်အရေးပေးလိုက်တာဖြစ်တယ်။ ပေါလု မျှော်လင့်တဲ့အတိုင်း သူတို့ လုပ်ခဲ့ကြတယ်။ ပေါလု မက်ဆီဒိုးနီးယားရောက်နေတဲ့အချိန်မှာ ကောရိန္သုအသင်းတော်က ညီအစ်ကိုညီအစ်မတွေဟာ ပေါလုရဲ့စာကြောင့် သူတို့ရဲ့အမှားတွေကိုသိပြီး နောင်တရခဲ့ကြတယ်ဆိုတဲ့အကြောင်း တိတုဆီက ကြားရတယ်။ အဲဒါကြောင့် ပေါလု သိပ်ဝမ်းသာခဲ့တယ်။—၂ ကော. ၆:၁၁; ၇:၅-၇။
ယေရှုက အာမခံဖြစ်
“ထူးချွန်တမန်တော်ကြီး” တွေက ပေါလုကို ကတိမတည်ဘူးလို့ စွပ်စွဲတာက ပေါလုဟာ ဟောပြောခြင်းလုပ်ငန်းမှာလည်း စိတ်မချရဘူးလို့ ပြောလိုက်တာနဲ့အတူတူပဲ။ ဒါပေမဲ့ ပေါလုက မိမိဟာ ကောရိန္သုမြို့သားတွေကို ယေရှုခရစ်အကြောင်း ဟောပြောခဲ့တယ်ဆိုတာ သတိပေးခဲ့တယ်။ “သိလွာနု၊ တိမောသေနှင့် ငါတို့ဟောပြောသော ဘုရားသခင်၏သား ခရစ်တော်ယေရှုနှင့်ပတ်သက်၍ ‘ဟုတ်သည်၊’ တစ်ချိန်တည်းတွင် ‘မဟုတ်’ ဟူ၍ မဖြစ်ခဲ့ဘဲ ‘ဟုတ်သည်’ ကား ‘ဟုတ်သည်’ ဟူ၍သာ ဖြစ်၏။” (၂ ကော. ၁:၁၉) ဒါဆိုရင် ယေရှုခရစ်ဟာ စိတ်မချရသူလား။ မဟုတ်ပါဘူး။ ယေရှုဟာ သူ့ရဲ့အမှုဆောင်လုပ်ငန်းနဲ့ ဘဝတစ်လျှောက်မှာ အမှန်တရားကို အမြဲပြောတယ်။ (ယော. ၁၄:၆; ၁၈:၃၇) ယေရှုက မှန်ကန်ပြီး စိတ်ချရတဲ့အရာတွေကိုပဲ ဟောပြောတယ်၊ ပေါလုလည်း အဲဒီသတင်းကိုပဲ ဟောပြောခဲ့တယ်၊ ဒါကြောင့် ပေါလုဟောပြောတာတွေကလည်း ယုံကြည်စိတ်ချရတယ်။
ယေဟောဝါက “အမှန်တရားရဲ့ဘုရားသခင်” ဖြစ်တယ်။ (ဆာ. ၃၁:၅၊ ကဘ) အဲဒီအချက်ကို ပေါလုဆက်ပြောတဲ့စကားမှာ တွေ့ရတယ်– “ဘုရားသခင်၏ကတိတော်သည် မည်မျှပင်များပါစေ ခရစ်တော်အားဖြင့် ဟုတ်မှန်ရာ ဖြစ်လာကြ၏။” ယေရှုဟာ မြေကြီးပေါ်မှာ အသက်ရှင်စဉ်က သစ္စာသမာဓိ စောင့်ထိန်းခဲ့တယ်၊ ဒါကြောင့် ယေဟောဝါရဲ့ကတိတော်တွေက စိတ်ချရတယ်ဆိုတာ သေချာပါတယ်။ ပေါလုက “ထို့ကြောင့် ကိုယ်တော် [ယေရှု] အားဖြင့်လည်း ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေရန် ‘အာမင်’ ဟူ၍ ငါတို့ဆိုကြ၏။” (၂ ကော. ၁:၂၀) ယေရှုက “အာမင်” ဖြစ်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ယေဟောဝါရဲ့ကတိတွေ အားလုံးပြည့်စုံလာမယ်ဆိုတာကို ယေရှု အာမခံတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။
၂ ကော. ၁:၁၉) ပေါလုဟာ ယုံကြည်စိတ်ချရသူဖြစ်တယ်၊ “လူ့ဇာတိအလိုအတိုင်း” ကတိပေးတဲ့သူ မဟုတ်ဘူး။ (၂ ကော. ၁:၁၇) ပေါလုဟာ ဘုရားသခင့်စွမ်းအားတော်ရဲ့ လမ်းညွှန်မှုကို ခံယူတယ်။ (ဂလ. ၅:၁၆) ပေါလုဟာ ညီအစ်ကိုညီအစ်မတွေရဲ့အကျိုးကို လိုလားတယ်ဆိုတာ သူလုပ်ကိုင်သမျှက သက်သေပြတယ်။ ပေါလု ပြောတာတွေက ဟုတ်မှန်တာတွေဖြစ်တယ်။
ဒါကြောင့် ပေါလုက “ဟုတ်” တယ်လို့ပြောတဲ့အရာဟာ အမှန်တကယ် “ဟုတ်” တဲ့အရာဖြစ်တယ်။ ယေရှုခရစ်နဲ့ ယေဟောဝါဘုရားလိုပဲ ပေါလုဟာ ဟုတ်မှန်ရာကိုပဲပြောတယ်။ (ပြောတဲ့အတိုင်း လုပ်သလား
ယနေ့ခေတ်လူများစွာဟာ ကတိတွေပေးပြီး ကတိဖျက်ကြတယ်၊ ပြဿနာအသေးအမွှားလေးတွေကြောင့်၊ ဒါမှမဟုတ် သူတို့လုပ်ချင်တဲ့ နောက်အရာတစ်ခုကြောင့် ကတိဖျက်ကြတယ်။ စီးပွားရေးကိစ္စတွေမှာ အမြဲပဲ “အဟုတ်” ကို “အဟုတ်” အတိုင်း မလုပ်ကြဘူး၊ သဘောတူညီကြောင်း လက်မှတ်ထိုးထားရင်တောင် ကတိမတည်ကြဘူး။ လူများစွာဟာ လက်ထပ်ကတိသစ္စာကို ရာသက်ပန်အဖြစ် သဘောမထားကြတော့ဘူး။ ကွာရှင်းမှုအရေအတွက်တွေ တိုးများလာတာက လူများစွာဟာ လက်ထပ်သစ္စာကတိကို အလွယ်တကူ ချိုးဖောက်လို့ရတဲ့ အရေးမကြီးတဲ့ကတိလို သဘောထားတယ်ဆိုတာ ဖော်ပြတယ်။—၂ တိ. ၃:၁၊ ၂။
သင်ကော ဘယ်လိုလဲ။ ပြောတဲ့အတိုင်းလုပ်သလား။ ဒီဆောင်းပါးအစမှာ ဖတ်ခဲ့ရသလိုပဲ သင်ဟာ စိတ်မချရသူဖြစ်လို့ မဟုတ်ဘဲ မရှောင်လွှဲနိုင်တဲ့ကိစ္စကြောင့် ချိန်းဆိုထားတာကို ဖျက်လိုက်ရတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ သင်ကတိပေးထားပြီဆိုရင် ကတိတည်ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်သင့်ပါတယ်။ (ဆာ. ၁၅:၄; မ. ၅:၃၇) အဲဒီလိုလုပ်တယ်ဆိုရင် သင်ဟာ စိတ်ချရသူဖြစ်တယ်၊ မှန်တာကိုပဲ အမြဲပြောသူဖြစ်တယ်ဆိုတာ လူတွေသိလာမယ်။ (ဧ. ၄:၁၅၊ ၂၅; ယာ. ၅:၁၂) နေ့စဉ်ကိစ္စတွေမှာ သင်ဟာ ယုံကြည်စိတ်ချရသူဖြစ်တယ်လို့ လူတွေ သိထားတယ်ဆိုရင် သင် ဟောပြောတဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်းကို သူတို့ ပိုပြီးနားထောင်ချင်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ဟုတ်မှန်တာကိုပဲ အမြဲပြောပြီး ပြောတဲ့အတိုင်းလုပ်သင့်တယ်။
^ စာပိုဒ်၊ 7 ကောရိန္သုပထမစောင်ကို ရေးပြီး သိပ်မကြာခင်မှာ ပေါလုဟာ တရောမြို့ကနေတစ်ဆင့် မက်ဆီဒိုးနီးယားကို သွားလိုက်တယ်။ အဲဒီမှာ ကောရိန္သုဒုတိယစောင်ကို ရေးခဲ့တယ်။ (၂ ကော. ၂:၁၂; ၇:၅) နောက်ပိုင်းမှာ ကောရိန္သုကိုသွားခဲ့တယ်။