မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကောင်းမြင်သဘောထား ဆက်ရှိနေနိုင်ပုံ

အကောင်းမြင်သဘောထား ဆက်ရှိနေနိုင်ပုံ

“လူတစ်ယောက်က နှစ်ပေါင်းများစွာ အသက်ရှင်တယ်ဆိုရင် နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါစေ။”—ဒေ. ၁၁:၈၊ ကဘ။

၁။ ယေဟောဝါပေးတဲ့ ဘယ်ကောင်းချီးတွေက ကျွန်ုပ်တို့ကို ပျော်ရွှင်စေနိုင်သလဲ။

ယေဟောဝါဟာ ကျွန်ုပ်တို့ကို ပျော်ရွှင်စေချင်တယ်၊ ကောင်းချီးတွေလည်း အများကြီး ပေးထားတယ်။ အဲဒါကြောင့် ကျွန်ုပ်တို့ ပျော်ရွှင်သင့်ပါတယ်။ တစ်ခုအနေနဲ့ ကျွန်ုပ်တို့ကို အသက်ပေးထားတယ်။ ဘုရားသခင်က စစ်မှန်တဲ့ဝတ်ပြုရေးမှာရှိနေဖို့ သွေးဆောင်ထားလို့ ကိုယ့်ရဲ့အသက်တာကို သုံးပြီး ကိုယ်တော့်ကို ကျွန်ုပ်တို့ ချီးမွမ်းနိုင်ကြတယ်။ (ဆာ. ၁၄၄:၁၅; ယော. ၆:၄၄) ယေဟောဝါဟာ ကျွန်ုပ်တို့ကို ချစ်တယ်ဆိုတာ စိတ်ချစေတယ်၊ ကိုယ်တော့်အမှုတော်မှာ လက်မလျှော့ဘဲ ဆက်ပါဝင်နိုင်အောင် ကူညီပေးတယ်။ (ယေ. ၃၁:၃; ၂ ကော. ၄:၁၆) ယေဟောဝါဟာ ကျွန်ုပ်တို့ကို နည်းလမ်းများစွာနဲ့ ကာကွယ်ပြီး ဂရုစိုက်စောင့်ရှောက်တယ်။ ငြိမ်သက်မှု၊ စည်းလုံးမှုရှိပြီး မေတ္တာပြည့်ဝတဲ့ ကမ္ဘာချီညီအစ်ကို အသင်းအပင်းကိုသုံးပြီးတော့လည်း ကာကွယ်စောင့်ရှောက်တယ်။ ဒါ့အပြင် ကျွန်ုပ်တို့မှာ ထူးမြတ်တဲ့ အနာဂတ်မျှော်လင့်ချက်လည်း ရှိတယ်။

၂။ ဘုရားသခင်ရဲ့ သစ္စာရှိကျေးကျွန်တချို့ ဘယ်လို ခံစားနေရနိုင်သလဲ။

ပျော်ရွှင်စရာအကြောင်းရင်းတွေ အများကြီးရှိပေမဲ့ ဘုရားသခင်ရဲ့ သစ္စာရှိကျေးကျွန်တချို့ဟာ ကိုယ့်ကိုယ်ကိုနဲ့ပတ်သက်ပြီး အပျက်သဘောထားတွေ ရှိနေကြတယ်။ ဘုရားသခင်က သူတို့ကို ဒါမှမဟုတ် သူတို့ရဲ့အမှုဆောင်လုပ်ငန်းကို တန်ဖိုးမထားဘူးလို့ ခံစားနေရနိုင်တယ်။ အဲဒီလို အပျက်သဘောထားတွေ အမြဲရှိနေသူတွေကတော့ “နှစ်ပေါင်းများစွာ” ပျော်ရွှင်ဖို့ဆိုတာ စိတ်ကူးယဉ်အိပ်မက်ပဲလို့ ယူဆနေနိုင်တယ်။ ဘဝက အမှောင်ဖုံးလွှမ်းနေတဲ့နေ့ရက်တွေကို တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းနေရတာနဲ့တူတယ်လို့ ခံစားမိနိုင်တယ်။—ဒေ. ၁၁:၈ကဘ။

၃။ ဘာတွေကြောင့် အပျက်သဘောထားတွေ ဝင်လာနိုင်သလဲ။

စိတ်ဓာတ်ကျလို့၊ ဖျားနာလို့ ဒါမှမဟုတ် အသက်ကြီးလာလို့ အဲဒီလို အပျက်သဘောထားခံစားချက်တွေ ပေါ်လာတာဖြစ်နိုင်တယ်။ (ဆာ. ၇၁:၉; သု. ၁၃:၁၂; ဒေ. ၇:၇) ဒါ့အပြင် ကျွန်ုပ်တို့ရဲ့နှလုံးက “စဉ်းလဲ” တယ်၊ ဘုရားသခင် ကျွန်ုပ်တို့ကို နှစ်သက်လက်ခံတဲ့ကြားက အပြစ်ရှိတယ်ဆိုတဲ့ခံစားချက် ဝင်လာနိုင်တယ်ဆိုတာ သတိရသင့်တယ်။ (ယေ. ၁၇:၉; ၁ ယော. ၃:၂၀) မာရ်နတ်ဟာ ဘုရားသခင့်ကျေးကျွန်တွေကို မဟုတ်မမှန် စွပ်စွဲနေတယ်။ ကျွန်ုပ်တို့ဟာ ဘုရားသခင်အတွက် တန်ဖိုးမရှိသူတွေဖြစ်တယ်လို့ ပြောဖို့ စာတန်က ဧလိဖတ်ကို လှုံ့ဆော်ခဲ့တယ်။ အဲဒါက ယောဘခေတ်က အလိမ်အညာစကားဖြစ်ခဲ့ပြီး အခုချိန်ထိ ရှိနေတုန်းပဲ။—ယောဘ ၄:၁၈၊ ၁၉

၄။ ဒီဆောင်းပါးမှာ ဘယ်အကြောင်း ဆွေးနွေးမလဲ။

ယေဟောဝါဟာ အပျက်သဘောထားတွေကို တိုက်လှန်နေရသူတွေနဲ့ အတူရှိမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာ. ၂၃:၄) ကိုယ်တော် ကျွန်ုပ်တို့နဲ့အတူရှိနေတဲ့ နည်းတစ်နည်းက ကိုယ်တော့်စကားတော် သမ္မာကျမ်းစာအားဖြင့် ဖြစ်တယ်။ ကျမ်းစာဟာ ‘ဘုရားသခင့်တန်ခိုးနဲ့ ပြည့်စုံပြီး အခိုင်အမာအမြစ်စွဲနေတဲ့ အရာတွေကို ဖြိုဖျက်နိုင်’ တယ်။ ဆိုလိုတာက ကျမ်းစာဟာ ကိုယ့်ကိုယ်ကို မကောင်းမြင်တဲ့သဘောထားတွေကို ပြောင်းလဲပေးနိုင်တယ်။ (၂ ကော. ၁၀:၄၊ ၅) ဒါကြောင့် ကိုယ့်ကိုယ်ကို အကောင်းမြင်သဘောထား ရှိလာပြီး အဲဒီသဘောထား ဆက်ရှိနေဖို့ ကျမ်းစာက ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ ဆွေးနွေးကြည့်ကြစို့။ အဲဒီကနေ သင်ကိုယ်တိုင် အကျိုးခံစားရနိုင်ပြီး တခြားသူတွေကို အားပေးဖို့ နည်းလမ်းတွေလည်း ရရှိနိုင်ပါလိမ့်မယ်။

အကောင်းမြင်သဘောထားရှိလာအောင် ကျမ်းစာ အသုံးပြုပါ

၅။ ဘယ်ဆန်းစစ်မှုက အကောင်းမြင်သဘောထားရှိလာအောင် ကူညီပေးနိုင်သလဲ။

ကျွန်ုပ်တို့မှာ အကောင်းမြင်သဘောထားရှိလာစေနိုင်တဲ့ အချက်တချို့ကို တမန်တော်ပေါလု ဖော်ပြခဲ့တယ်။ သူက ကောရိန္သုအသင်းတော်ကို “သင်တို့သည် ယုံကြည်ခြင်း၌တည်မတည် ဆန်းစစ်လျက်နေကြလော့” လို့ အကြံပေးခဲ့တယ်။ (၂ ကော. ၁၃:၅) “ယုံကြည်ခြင်း” ဆိုတာ ကျမ်းစာမှာပါတဲ့ ခရစ်ယာန်ယုံကြည်ချက်အားလုံးကို ဆိုလိုတယ်။ ကျွန်ုပ်တို့ရဲ့အပြောအဆိုနဲ့ လုပ်ရပ်တွေက ကျမ်းစာသွန်သင်ချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် ကျွန်ုပ်တို့ဟာ ဆန်းစစ်မှုမှာ အောင်မြင်ပြီး “ယုံကြည်ခြင်း” မှာ တည်နေတယ်ဆိုတာ ဖော်ပြတာဖြစ်တယ်။ ဒါပေမဲ့ ဘယ်ယုံကြည်ချက်တွေကိုပဲ လိုက်လျှောက်မယ်ဆိုပြီး ရွေးချယ်လို့မရဘူး။ ကျမ်းစာမှာပါတဲ့ ခရစ်ယာန်သွန်သင်ချက် အားလုံးကို နာခံလိုက်လျှောက်ရမယ်။—ယာ. ၂:၁၀၊ ၁၁

ကိုယ့်ကိုယ်ကိုမြင်တဲ့ရှုမြင်ချက်ထက် ယေဟောဝါရဲ့ ရှုမြင်ချက်က ပိုအရေးကြီး

၆။ ဘာကြောင့် ကိုယ့်ကိုယ်ကို “ယုံကြည်ခြင်း၌တည်မတည်” စစ်ဆေးသင့်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

သင် မအောင်မြင်နိုင်ဘူးလို့ထင်တဲ့ ဆန်းစစ်မှုကိုတော့ သင် လုပ်ချင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုမြင်တဲ့ ရှုမြင်ချက်ထက် ယေဟောဝါရဲ့ ရှုမြင်ချက်က ပိုအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တော်က ကျွန်ုပ်တို့ထက် ပိုသိလို့ပဲ။ (ဟေရှာ. ၅၅:၈၊ ၉) ကိုယ်တော်က မိမိကိုဝတ်ပြုသူတွေကို စစ်ဆေးတယ်၊ စစ်ဆေးတာက အပြစ်ရှာဖို့မဟုတ်ဘဲ သူတို့မှာရှိတဲ့အရည်အသွေးကောင်းတွေကို တွေ့မြင်ဖို့၊ ကူညီပေးဖို့ဖြစ်တယ်။ ဘုရားသခင့်စကားတော်ကိုသုံးပြီး သင့်ကိုယ်သင် “ယုံကြည်ခြင်း၌တည်မတည်” သိရှိဖို့ စစ်ဆေးတဲ့အခါ သင့်ကို ဘုရားသခင် ဘယ်လိုရှုမြင်တယ်ဆိုတာ သိရှိလာပါလိမ့်မယ်။ အဲဒီအခါ သင်ဟာ တန်ဖိုးမရှိသူဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်အစား ဘုရားသခင့်အမြင်မှာ တန်ဖိုးရှိသူဖြစ်တယ်ဆိုတဲ့အမြင် ရှိလာပါလိမ့်မယ်။ အဲဒါက မှောင်နေတဲ့အခန်းထဲ နေရောင်ခြည်အလင်း ဝင်လာအောင် ခန်းဆီးကိုဖယ်လိုက်တာနဲ့ တူပါလိမ့်မယ်။

၇။ ကျမ်းစာမှာပါတဲ့ သစ္စာရှိသူတွေရဲ့ပုံနမူနာက သင့်ကို ဘယ်လိုကူညီပေးနိုင်သလဲ။

ကိုယ့်ကိုယ်ကို စစ်ဆေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုက ကျမ်းစာမှာပါတဲ့ သစ္စာရှိသူတွေရဲ့ ပုံနမူနာကို တွေးတောဆင်ခြင်ခြင်းဖြစ်တယ်။ သူတို့ရဲ့အခြေအနေတွေ၊ ခံစားချက်တွေကို သင့်အခြေအနေ၊ သင့်ခံစားချက်တွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။ သူတို့ရဲ့အခြေအနေမှာသာဆိုရင် သင်ဘာလုပ်မိမလဲဆိုတာ စဉ်းစားကြည့်ပါ။ သင် “ယုံကြည်ခြင်း၌ တည်” နေတယ်ဆိုတာ စစ်ဆေး အတည်ပြုဖို့ ကျမ်းစာကိုအသုံးပြုနိုင်ပုံ နမူနာသုံးခုကို ကြည့်ကြပါစို့။ အဲဒါက သင့်ကိုယ်သင် အကောင်းမြင်ဖို့ ကူညီပေးပါလိမ့်မယ်။

ဆင်းရဲတဲ့မုဆိုးမ

၈၊ ၉။ (က) ဆင်းရဲတဲ့မုဆိုးမရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ (ခ) မုဆိုးမမှာ ဘယ်လို အပျက်သဘောထားတွေ ရှိနေနိုင်သလဲ။

ဂျေရုဆလင်ဗိမာန်တော်မှာ ယေရှုဟာ ဆင်းရဲတဲ့မုဆိုးမတစ်ယောက်ကို ကြည့်နေတယ်။ ကိုယ်လုပ်ချင်သလောက် မလုပ်နိုင်ဘူးဆိုရင်တောင် အကောင်းမြင်သဘောထား ဆက်ရှိနိုင်အောင် အဲဒီမုဆိုးမရဲ့ပုံနမူနာက ကူညီပေးနိုင်ပါတယ်။ (လုကာ ၂၁:၁–၄ ကိုဖတ်ပါ။) သူ့ရဲ့အခြေအနေကို စဉ်းစားကြည့်ပါ။ သူဟာ ခင်ပွန်းသေဆုံးသွားလို့ ဝမ်းနည်းကြေကွဲခဲ့ရတယ်။ တစ်ချိန်တည်းမှာ ဘာသာရေးခေါင်းဆောင်တွေက လောဘကြီးပြီး သူ့လိုမုဆိုးမတွေကို ကူညီပေးမယ့်အစား ခေါင်းပုံဖြတ်အမြတ်ထုတ်နေကြတယ်။ (လု. ၂၀:၄၇) မုဆိုးမဟာ ဆင်းရဲလွန်းလို့ ဗိမာန်တော်မှာထည့်နိုင်တဲ့ သူ့ရဲ့အလှူငွေပမာဏက အလုပ်သမားတစ်ယောက်ရဲ့ မိနစ်ပိုင်း လုပ်အားခလောက်ပဲရှိတယ်။

ဒ င်္ဂါးပြားလေးနှစ်ပြားကို လက်မှာကိုင်ပြီး ဗိမာန်တော်ဝင်းထဲ ဝင်သွားတဲ့အချိန်မှာ အဲဒီမုဆိုးမ ဘယ်လိုခံစားရမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ သူ့ခင်ပွန်းအသက်ရှင်တုန်းက သူထည့်ခဲ့တဲ့ အလှူငွေပမာဏနဲ့ နှိုင်းယှဉ်လိုက်ရင် အခုထည့်မယ့်အလှူငွေက နည်းတယ်လို့ ခံစားနေရမလား။ တခြားသူတွေထည့်တဲ့ အလှူငွေအများကြီးကို မြင်တဲ့အခါ အားငယ်ပြီး သူ့အလှူငွေက တန်ဖိုးမရှိဘူးလို့ ခံစားနေရမလား။ သူ့မှာ အဲဒီလိုခံစားချက်တွေ ရှိခဲ့ရင်တောင် စစ်မှန်တဲ့ဝတ်ပြုရေးကို ထောက်ပံ့ဖို့ သူ့မှာရှိတာကို ဆက်ပေးနေတုန်းပဲ။

၁၀။ မုဆိုးမကို ဘုရားသခင် တန်ဖိုးထားတယ်ဆိုတာ ယေရှု ဘယ်လို ဖော်ပြခဲ့သလဲ။

၁၀ မုဆိုးမနဲ့ သူ့ရဲ့အလှူငွေက ယေဟောဝါအတွက် တန်ဖိုးရှိတယ်လို့ ယေရှုပြောခဲ့တယ်။ ချမ်းသာသူတွေထက် မုဆိုးမက ပိုထည့်တယ်လို့လည်း ပြောခဲ့တယ်။ မုဆိုးမရဲ့အလှူငွေက တခြားသူတွေရဲ့အလှူငွေနဲ့ ရောသွားမှာဖြစ်တယ်။ ဒါပေမဲ့ ယေရှုက သူ့ကို ချီးမွမ်းခဲ့တယ်။ ဗိမာန်တော်အလှူငွေတွေကို ရေတွက်သူတွေဟာ အဲဒီဒ င်္ဂါးနှစ်ပြားက ယေဟောဝါအတွက် ဘယ်လောက်အရေးပါတယ်၊ ဒါမှမဟုတ် အလှူငွေထည့်တဲ့မုဆိုးမကို ယေဟောဝါ ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ သိမှာမဟုတ်ဘူး။ ဒါပေမဲ့ ဘုရားသခင့်အမြင်ကသာ တကယ်အရေးကြီးတာပါ၊ တခြားသူတွေရဲ့အတွေး၊ ဒါမှမဟုတ် မုဆိုးမက သူ့ကိုယ်သူမြင်တဲ့အမြင်က အရေးမကြီးပါဘူး။ သင် “ယုံကြည်ခြင်း၌တည်မတည်” ဆန်းစစ်ဖို့ ဒီမှတ်တမ်းကို အသုံးပြုနိုင်မလား။

ဆင်းရဲတဲ့မုဆိုးမ ပုံနမူနာကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ (အပိုဒ် ၈-၁၀ ကိုကြည့်ပါ)

၁၁။ မုဆိုးမအကြောင်း မှတ်တမ်းကနေ သင် ဘာသင်ယူနိုင်သလဲ။

၁၁ သင့်အခြေအနေတွေက သင် ယေဟောဝါကို ပေးနိုင်တဲ့ပမာဏအပေါ် အကျိုးသက်ရောက်နိုင်ပါတယ်။ တချို့သူတွေဟာ အသက်အရွယ် ဒါမှမဟုတ် ကျန်းမာရေးကြောင့် ဟောပြောခြင်းလုပ်ငန်းမှာ သူတို့လုပ်ချင်သလောက် မလုပ်နိုင်ဘူး။ အမှုဆောင်လုပ်ငန်းမှာ သူတို့ပါဝင်တဲ့အချိန်ကို မှတ်တမ်းသွင်းဖို့ မသင့်လျော်ဘူးလို့ ခံစားရသင့်သလား။ သင်က အသက်ငယ်ရွယ်တယ်၊ ဒါမှမဟုတ် ကျန်းမာရေးကောင်းတယ်ဆိုရင်တောင် သင့်ရဲ့ ကြိုးစားအားထုတ်မှုက ဘုရားသခင့်လူတွေ နှစ်စဉ် ဝတ်ပြုရေးမှာအသုံးပြုတဲ့အချိန်နဲ့ နှိုင်းယှဉ်လိုက်ရင် သိပ်နည်းတယ်လို့ ခံစားရနိုင်ပါတယ်။ မုဆိုးမအကြောင်းမှတ်တမ်းက ယေဟောဝါဟာ ကိုယ်တော့်အတွက် ကျွန်ုပ်တို့လုပ်ဆောင်တဲ့ သေးငယ်တဲ့အရာတိုင်းကို သတိပြုမိပြီး တန်ဖိုးထားတယ်၊ အထူးသဖြင့် ခက်ခဲတဲ့အခြေအနေမှာ လုပ်ဆောင်တဲ့အရာတွေကို တန်ဖိုးထားတယ်ဆိုတာ သင်ပေးတယ်။ လွန်ခဲ့တဲ့နှစ်က ယေဟောဝါရဲ့ဝတ်ပြုရေးမှာ သင်လုပ်ဆောင်ခဲ့တာကို ပြန်စဉ်းစားကြည့်ပါ။ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့အထဲက အချိန်တစ်နာရီက သင် အကြီးအကျယ်ကိုယ်ကျိုးစွန့်ပြီး လုပ်ဆောင်ခဲ့ရတာလား။ ဟုတ်တယ်ဆိုရင် အဲဒီတစ်နာရီအတွင်း သင်လုပ်ဆောင်ခဲ့တာကို ကိုယ်တော် တန်ဖိုးထားတယ်ဆိုတာ စိတ်ချပါ။ သင်ဟာ ဆင်းရဲတဲ့မုဆိုးမကို တုပပြီး ယေဟောဝါအတွက် အတတ်နိုင်ဆုံး လုပ်ဆောင်တဲ့အခါ “ယုံကြည်ခြင်း၌တည်” နေတယ်ဆိုတာ သက်သေပြတာဖြစ်တယ်။

ယေဟောဝါအတွက် အတတ်နိုင်ဆုံး လုပ်ဆောင်တဲ့အခါ သင် “ယုံကြည်ခြင်း၌တည်” နေတယ် ဆိုတာ သက်သေပြတာဖြစ်

“ကျွန်တော့်အသက်ကို နုတ်ယူလိုက်ပါတော့”

၁၂–၁၄။ (က) ဧလိယမှာ ဘယ်လို အပျက်သဘောထားတွေ ရှိခဲ့သလဲ။ (ခ) ဧလိယ ဘာကြောင့် အဲဒီလိုခံစားခဲ့ရတာ ဖြစ်နိုင်သလဲ။

၁၂ ပရောဖက်ဧလိယဟာ ယေဟောဝါအပေါ် သစ္စာရှိပြီး ခိုင်ခံ့တဲ့ယုံကြည်ခြင်းရှိသူဖြစ်တယ်။ ဒါပေမဲ့ တစ်ချိန်မှာတော့ သူဟာ တကယ့်ကို စိတ်ဓာတ်ကျပြီး “အို ယေဟောဝါ၊ တော်လောက်ပါပြီ။ အခု ကျွန်တော့်အသက်ကို နုတ်ယူလိုက်ပါတော့” လို့ ဆုတောင်းခဲ့တယ်။ (၃ ရာ. ၁၉:၄ကဘ) အဲဒီလိုစိတ်ဓာတ်မကျဖူးသူတွေဟာ ဧလိယရဲ့ဆုတောင်းချက်ကို “မဆင်မခြင်” ပြောတဲ့စကားလို့ ယူဆမိနိုင်ပါတယ်။ (ယောဘ ၆:၃ကဘ) ဒါပေမဲ့ ဧလိယက တကယ်ခံစားနေရတာ ဖြစ်တယ်။ ယေဟောဝါက ဧလိယကို ဒေါသထွက်မယ့်အစား ကူညီပေးခဲ့တယ်ဆိုတာ သတိရပါ။

၁၃ ဧလိယ ဘာကြောင့် အဲဒီလို ခံစားခဲ့ရတာလဲ။ အဲဒီမတိုင်ခင်လေးမှာ ဧလိယဟာ အံ့ဖွယ်အမှုတစ်ခုပြုလုပ်ပြီး ယေဟောဝါက စစ်မှန်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာကို သက်သေပြခဲ့တယ်။ အဲဒီအံ့ဖွယ်အမှုပြီးတဲ့နောက်မှာ ဗာလပရောဖက် ၄၅၀ အသတ်ခံခဲ့ရတယ်။ (၃ ရာ. ၁၈:၃၇-၄၀) အခု ဘုရားသခင့်လူတွေ စစ်မှန်တဲ့ဝတ်ပြုရေးဘက် ပြန်လှည့်လာမယ်လို့ ဧလိယ မျှော်လင်ခဲ့ပုံရတယ်၊ ဒါပေမဲ့ သူထင်သလို မဖြစ်ခဲ့ဘူး။ မိဖုရားဆိုး ယေဇဗေလက ဧလိယဆီလူလွှတ်ပြီး သူ့ကိုသတ်မယ်လို့ ပြောခိုင်းလိုက်တယ်။ ဧလိယဟာ အသတ်ခံရမှာစိုးလို့ ယုဒနယ်ကိုဖြတ်ပြီး အစ္စရေးရဲ့တောင်ဘက်မှာရှိတဲ့ တောကန္တာရကို ထွက်ပြေးခဲ့တယ်။—၃ ရာ. ၁၉:၂-၄

၁၄ ဧလိယဟာ တောကန္တာရမှာ တစ်ယောက်တည်းရှိနေတဲ့အခါ သူပရောဖက်အဖြစ် အမှုဆောင်ခဲ့တာ အလကားပဲလို့ စပြီး တွေးမိခဲ့တယ်။ “ကျွန်တော်ဟာ ဘိုးဘေးတွေထက် ပိုကောင်းတဲ့သူ မဟုတ်ပါဘူး” လို့ ယေဟောဝါကို ဧလိယ ပြောခဲ့တယ်။ သူဟာ သေဆုံးသွားတဲ့ဘိုးဘေးတွေရဲ့ ရုပ်အလောင်းလို၊ အရိုးတွေလိုပဲ အသုံးမကျဘူးလို့ ခံစားခဲ့ရတယ်။ ဧလိယဟာ သူ့ကိုယ်သူ ၡုံးနိမ့်သူဖြစ်တယ်၊ ယေဟောဝါအတွက်ရော တခြားသူတွေအတွက်ပါ တန်ဖိုးမရှိသူ ဖြစ်တယ်လို့ ထင်မြင်ခဲ့တယ်။

၁၅။ ဘုရားသခင်က ဧလိယကို တန်ဖိုးထားတုန်းပဲဆိုတာကို ဘယ်လို ဖော်ပြခဲ့သလဲ။

၁၅ ဒါပေမဲ့ ဘုရားသခင်ကတော့ ဧလိယအပေါ် တခြားအမြင်တစ်မျိုးနဲ့ ရှုမြင်ခဲ့တယ်။ ယေဟောဝါအမြင်မှာ ဧလိယဟာ တန်ဖိုးရှိနေတုန်းပဲ၊ အဲဒါကို ဧလိယသိအောင် ကိုယ်တော် လုပ်ဆောင်ခဲ့တယ်။ ဘုရားသခင်က ဧလိယကိုအားပေးဖို့ ကောင်းကင်တမန်တစ်ပါး စေလွှတ်လိုက်တယ်။ တောင်ပိုင်း ဟောရပ်တောင်ကို သွားရမယ့် ရက် ၄၀ ခရီးအတွက် အားရှိအောင် ဧလိယကို အစာနဲ့ရေလည်း ပေးခဲ့တယ်။ အစ္စရေးလူတွေထဲမှာ ယေဟောဝါအပေါ် ဆက်သစ္စာရှိတဲ့သူ တစ်ယောက်မှမရှိတော့ဘူးလို့ ဧလိယ ထင်မှတ်ခဲ့တယ်၊ ဘုရားသခင်က ဧလိယရဲ့ အထင်မှားမှုကို ကြင်နာစွာ တည့်မတ်ပေးခဲ့တယ်။ ဒါ့အပြင် ယေဟောဝါက ဧလိယကို တာဝန်အသစ်တွေလည်း ပေးခဲ့တယ်၊ အဲဒါတွေကို ဧလိယ လက်ခံခဲ့တယ်။ ဧလိယဟာ ယေဟောဝါရဲ့ကူညီပေးမှုကို ရရှိခဲ့တယ်၊ ရလဒ်အနေနဲ့ ဧလိယမှာ ခွန်အားအသစ်တွေရှိလာပြီး သူ့ရဲ့ပရောဖက်တာဝန်ကို ပြန်လုပ်ဆောင်နိုင်ခဲ့တယ်။—၃ ရာ. ၁၉:၅-၈၊ ၁၅-၁၉

၁၆။ ယေဟောဝါ သင့်ကို ဘယ်လိုနည်းနဲ့ ခွန်အားပေးသလဲ။

၁၆ သင်ဟာ “ယုံကြည်ခြင်း၌တည်” နေတယ်ဆိုတာ စစ်ဆေး အတည်ပြုဖို့နဲ့ အပြုသဘောထားဆက်ရှိနေဖို့အတွက် ဧလိယရဲ့အတွေ့အကြုံက ကူညီပေးနိုင်ပါတယ်။ ပထမတစ်ချက်အနေနဲ့ ယေဟောဝါ သင့်ကို ကူညီထောက်မနေတဲ့နည်းလမ်းတွေကို စဉ်းစားပါ။ သင်လိုအပ်နေတဲ့အချိန်မှာ အကြီးအကဲတစ်ယောက် ဒါမှမဟုတ် ရင့်ကျက်တဲ့ခရစ်ယာန်တစ်ယောက်က ကူညီပေးသလား။ (ဂလ. ၆:၂) ကျမ်းစာ၊ အဖွဲ့အစည်းထုတ်စာပေတွေနဲ့ အသင်းတော်အစည်းအဝေးတွေက သင့်ကို ယေဟောဝါဂရုစိုက်နေတယ်ဆိုတာ ခံစားရစေသလား။ ဒီနည်းလမ်းတွေထဲက တစ်ခုခုနဲ့ နောက်တစ်ကြိမ် သင်အကူအညီရတဲ့အခါမှာ ဒီအကူအညီက တကယ်တမ်း ဘယ်ကလာတယ်ဆိုတာ ပြန်စဉ်းစားပါ။ အဲဒီအတွက် ယေဟောဝါကို ကျေးဇူးတင်ကြောင်း ဆုတောင်းပြီးပြောပြဖို့ သတိရပါ။—ဆာ. ၁၂၁:၁၊ ၂

ယေဟောဝါ ကျွန်ုပ်တို့ကို တန်ဖိုးထားတာက ကိုယ်တော့်အတွက် ကျွန်ုပ်တို့ ဘယ်လောက်လုပ်ပေးနိုင်တယ် ဆိုတဲ့အပေါ် မမူတည်ဘူး

၁၇။ ယေဟောဝါဟာ မိမိကျေးကျွန်တွေနဲ့ပတ်သက်ပြီး ဘာကိုတန်ဖိုးထားသလဲ။

၁၇ ဒုတိယအချက်အနေနဲ့ အပျက်သဘောထားက ကျွန်ုပ်တို့ကို လမ်းလွဲသွားစေနိုင်တယ်ဆိုတာ သတိရပါ။ ကျွန်ုပ်တို့အပေါ်ထားရှိတဲ့ ဘုရားသခင့်သဘောထားကသာ တကယ်အရေးကြီးတာပါ။ (ရောမ ၁၄:၄ ကိုဖတ်ပါ။) ကျွန်ုပ်တို့ရဲ့ ဆည်းကပ်ဝတ်ပြုမှုနဲ့ သစ္စာရှိမှုကို ယေဟောဝါ တန်ဖိုးထားတယ်။ ယေဟောဝါ ကျွန်ုပ်တို့ကို တန်ဖိုးထားတာက ကိုယ်တော့်အတွက် ကျွန်ုပ်တို့ ဘယ်လောက်လုပ်ပေးနိုင်တယ်ဆိုတဲ့အပေါ် မမူတည်ဘူး။ ဧလိယလိုပဲ သင်ဟာ သင်ထင်တာထက်ပိုပြီး ယေဟောဝါရဲ့အမှုတော်မှာ လုပ်ဆောင်နေတာဖြစ်နိုင်တယ်။ သင်ဟာ အသင်းတော်မှာရှိတဲ့ တခြားသူတွေကို ကူညီပေးနေတယ်ဆိုတာ သင်ကိုယ်တိုင် မသိတာဖြစ်နိုင်တယ်။ သင့်ရပ်ကွက်မှာရှိတဲ့လူတွေဟာ သင့်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် အမှန်တရားကို ကြားရတာဖြစ်နိုင်တယ်။

၁၈။ သင်ရထားတဲ့တာဝန်က ဘာရဲ့သက်သေဖြစ်သလဲ။

၁၈ နောက်ဆုံးတစ်ချက်အနေနဲ့ သင်ရထားတဲ့တာဝန်တစ်ခုစီကို ယေဟောဝါ သင်နဲ့အတူရှိတယ်ဆိုတဲ့ သက်သေအဖြစ်ရှုမြင်ပါ။ (ယေ. ၂၀:၁၁) သင်လည်း သင့်အမှုဆောင်လုပ်ငန်းက မအောင်မြင်ပုံပေါက်တဲ့အခါ ဒါမှမဟုတ် အမှုဆောင်လုပ်ငန်းအတွက် သင်ချမှတ်ထားတဲ့ပန်းတိုင်တွေကို မပြည့်မီပုံပေါက်တဲ့အခါ ဧလိယလိုပဲ စိတ်ဓာတ်ကျနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့အားလုံး ရရှိနိုင်တဲ့ အခွင့်ထူးတစ်ခုကို သင်ရရှိထားတုန်းပါပဲ။ အဲဒီအခွင့်ထူးကတော့ သတင်းကောင်းဟောပြောခွင့်နဲ့ ယေဟောဝါသက်သေတစ်ယောက်အဖြစ် အခေါ်ခံခွင့်ရထားခြင်းပါပဲ။ ဒါကြောင့် ယေဟောဝါကို ဆက်သစ္စာရှိပါ။ အဲဒီအခါမှာ ယေရှုပြောခဲ့သလိုပဲ သင်ဟာ “သင်၏သခင်နှင့်အတူ ဝမ်းမြောက်” နိုင်ပါလိမ့်မယ်။—မ. ၂၅:၂၃

“အဖိနှိပ်ခံတစ်ယောက်ရဲ့ ဆုတောင်းချက်”

၁၉။ ဆာလံ ၁၀၂ ကိုရေးတဲ့သူဟာ ဘယ်လိုခံစားခဲ့ရသလဲ။

၁၉ ဆာလံ ၁၀၂ ကိုရေးတဲ့သူဟာ စိတ်ပျက်လက်ပျက် ဖြစ်နေတယ်။ သူ “ဖိနှိပ်ခံ” နေရတယ်၊ ဆိုလိုတာက သူဟာ ကိုယ်ခန္ဓာအရ ဒါမှမဟုတ် စိတ်ပိုင်းအရ အကြီးအကျယ် ဆင်းရဲဒုက္ခခံနေရတယ်။ သူ့ရဲ့ ပြဿနာတွေကို ဆက်ခံရပ်နိုင်ဖို့ ခွန်အားမရှိတော့ဘူး။ (ဆာလံ ၁၀၂၊ ထိပ်စီး၊ ကဘ) သူ ဝေဒနာခံစားနေရတာ၊ စိတ်အားငယ်နေတာနဲ့ သူ့ရဲ့ခံစားချက်တွေကိုပဲ စဉ်းစားနိုင်တော့တယ်။ (ဆာ. ၁၀၂:၃၊ ၄၊ ၆၊ ၁၁) ယေဟောဝါ သူ့ကို စွန့်ပစ်ချင်ပြီလို့ သူထင်နေတယ်။—ဆာ. ၁၀၂:၁၀

၂၀။ အပျက်သဘောထားတွေနဲ့ တိုက်လှန်နေရသူတစ်ဦးကို ဆုတောင်းခြင်းက ဘယ်လိုကူညီပေးနိုင်သလဲ။

၂၀ ဒါပေမဲ့ ဆာလံဆရာဟာ ယေဟောဝါကို ဆက်ချီးမွမ်းနိုင်ခဲ့တယ်။ (ဆာလံ ၁၀၂:၁၉–၂၁ ကိုဖတ်ပါ။) “ယုံကြည်ခြင်း၌တည်” နေသူတွေတောင်မှ ဝေဒနာခံစားနေရပြီး တခြားဘာကိုမှ မစဉ်းစားနိုင်တော့တာမျိုး ဖြစ်နိုင်တယ်ဆိုတာ ဆာလံ ၁၀၂ က ဖော်ပြတယ်။ ဆာလံဆရာဟာ ‘အိမ်မိုးပေါ်မှာ တစ်ကောင်တည်းနေရတဲ့ငှက်လို’ စိတ်အားငယ်နေရှာတယ်၊ သူ့မှာ ပြဿနာတွေဝိုင်းနေသလို ဖြစ်နေတယ်။ (ဆာ. ၁၀၂:၇) သင် အဲဒီလိုခံစားနေရတယ်ဆိုရင် ဆာလံဆရာလိုပဲ ယေဟောဝါရှေ့မှာ သင့်စိတ်နှလုံးကို ဖွင့်ချလိုက်ပါ။ သင့်ဆုတောင်းချက်တွေက အပျက်သဘောထားတွေကို တိုက်လှန်ဖို့ ကူညီပေးနိုင်ပါတယ်။ ယေဟောဝါက “မွဲတေနေသူတွေရဲ့ဆုတောင်းချက်ကို အာရုံစိုက်နားထောင်လိမ့်မယ်။ သူတို့ရဲ့ဆုတောင်းချက်ကို အထင်သေးမှာမဟုတ်ဘူး” လို့ ကတိပေးထားတယ်။ (ဆာ. ၁၀၂:၁၇ကဘ) ကိုယ်တော့်ကတိကို ယုံကြည်စိတ်ချပါ။

၂၁။ စိတ်ဓာတ်ကျလာပြီဆိုရင် အကောင်းမြင်သဘောထားတွေ ပိုရှိလာအောင် ဘယ်လိုလုပ်ဆောင်နိုင်သလဲ။

၂၁ ဆာလံ ၁၀၂ က အကောင်းမြင်သဘောထားတွေ ပိုရှိလာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်း သိရှိစေပါတယ်။ ဆာလံဆရာဟာ အဲဒီအတိုင်းလုပ်ခဲ့ပြီး သူနဲ့ ယေဟောဝါရဲ့ဆက်ဆံရေးကိုပဲ အဓိက အာရုံစိုက်ခဲ့တယ်။ (ဆာ. ၁၀၂:၁၂၊ ၂၇) ယေဟောဝါဟာ မိမိရဲ့လူတွေ ဆင်းရဲဒုက္ခတွေကို ဆက်ခံရပ်နိုင်အောင် ကူညီပေးဖို့ အသင့်ရှိနေတယ်ဆိုတာသိရလို့ သူ စိတ်သက်သာမှုရခဲ့တယ်။ ဒါကြောင့် သင်က စိတ်ဓာတ်ကျပြီး ဘုရားသခင့်အမှုတော်မှာ ဆန္ဒရှိသလောက် မပါဝင်တော့ဘူးဆိုရင် အဲဒါနဲ့ပတ်သက်ပြီး ဆုတောင်းပါ။ သင့်ပြဿနာတွေ ပြေလည်သွားဖို့အတွက်သာ မဟုတ်ဘဲ “ယေဟောဝါရဲ့နာမည်ကို ကြေညာ” နိုင်ဖို့အတွက် သင့်ဆုတောင်းချက်ကို နားထောင်ပေးပါလို့ ဘုရားသခင်ထံတောင်းခံပါ။—ဆာ. ၁၀၂:၂၀၊ ၂၁ကဘ။

၂၂။ ကျွန်ုပ်တို့တစ်ယောက်ချင်းစီဟာ ယေဟောဝါရဲ့နှစ်သက်မှုကို ဘယ်လို ရရှိနိုင်သလဲ။

၂၂ ကျွန်ုပ်တို့ဟာ “ယုံကြည်ခြင်း၌တည်” နေပြီး ယေဟောဝါအတွက် အဖိုးတန်သူတွေဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို သက်သေပြဖို့ ကျမ်းစာကို အသုံးပြုနိုင်ပါတယ်။ စာတန့်လောကမှာတော့ အပျက်သဘောထားအားလုံး ဒါမှမဟုတ် စိတ်ပျက်စရာအားလုံးကို ဖယ်ရှားပစ်နိုင်မှာ မဟုတ်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တိုအားလုံးဟာ ကိုယ်တော့်အမှုတော်မှာ သစ္စာရှိရှိ ဆက်လုပ်ဆောင်နေတယ်ဆိုရင် ယေဟောဝါရဲ့နှစ်သက်မှုနဲ့ ထာဝရအသက် ရရှိနိုင်ပါတယ်။—မ. ၂၄:၁၃