မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မောရှေရဲ့ယုံကြည်ခြင်းကို တုပပါ

မောရှေရဲ့ယုံကြည်ခြင်းကို တုပပါ

‘မောရှေသည် ကြီးပြင်းလာသောအခါ ဖာရောဘုရင့်သမီး၏ သားတော်ဟု အခေါ်ခံရခြင်းကို ယုံကြည်ခြင်းအားဖြင့် ငြင်းပယ်၏။’ —ဟေဗြဲ ၁၁:၂၄

၁၊ ၂။ (က) မောရှေ အသက် ၄၀ ရောက်တဲ့အခါ ဘယ်ဆုံးဖြတ်ချက်ကို ချခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) အစ္စရေးလူတွေနဲ့အတူ ကျွန်ခံဖို့ မောရှေ ဘာကြောင့် ဆုံးဖြတ်ခဲ့တာလဲ။

အီဂျစ်ပြည်မှာနေရင် ဘယ်လိုအနာဂတ်မျိုးရနိုင်တယ်ဆိုတာ မောရှေသိတယ်။ ခမ်းနားတဲ့ အိမ်ကြီးအိမ်ကောင်းတွေကို သူမြင်ခဲ့ရတယ်။ သူဟာ ဘုရင့်မိသားစုဝင်အဖြစ် မွေးစားခံခဲ့ရတယ်။ “အီဂျစ်အတတ်ပညာအလုံးစုံကို သင်ယူ” ခဲ့ရတယ်၊ အဲဒီထဲမှာ အနုပညာ၊ နက္ခတ်ပညာ၊ သင်္ချာနဲ့ တခြားအတတ်ပညာတွေ ပါဝင်နိုင်တယ်။ (တ. ၇:၂၂) မောရှေဟာ သာမန်အီဂျစ်လူတစ်ယောက် မရနိုင်တဲ့ စည်းစိမ်ချမ်းသာ၊ အာဏာနဲ့ တခြားအခွင့်ထူးတွေကို လွယ်လွယ်လေးနဲ့ ရနိုင်တယ်။

မောရှေဟာ အဲဒီအခွင့်အရေးအားလုံးကို ရနိုင်ပေမဲ့ အသက် ၄၀ ရောက်တဲ့အခါ ဆုံးဖြတ်ချက်တစ်ခု ချခဲ့တယ်။ သူဘာကြောင့် အဲဒီလိုဆုံးဖြတ်တာလဲဆိုတာကို ဖာရောနဲ့ ဖာရောရဲ့မိသားစု နားလည်နိုင်မှာမဟုတ်ဘူး။ အီဂျစ်ပြည်မှာနေရင် ရရှိမယ့်အရာတွေကို စွန့်လွှတ်ဖို့ သူဆုံးဖြတ်ခဲ့တယ်။ သူက သာမန်အီဂျစ်လူတစ်ယောက်လို နေချင်လို့လား။ အဲဒါလောက်ပဲ မဟုတ်ဘူး။ ကျွန်တွေနဲ့အတူ ဆင်းရဲဒုက္ခခံဖို့ သူ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ ဘာကြောင့်လဲ။ မောရှေမှာ ယုံကြည်ခြင်းရှိလို့ပဲ။ (ဟေဗြဲ ၁၁:၂၄–၂၆ ကိုဖတ်ပါ။) မောရှေဟာ သူ့ရဲ့ယုံကြည်ခြင်းကြောင့် ယေဟောဝါကို မြင်နေရသလိုဖြစ်ခဲ့တယ်။ မောရှေဟာ “မမြင်ရသောအရှင်” ကို ယုံကြည်ခဲ့တယ်၊ ကိုယ်တော့်ကတိတော်တွေ ပြည့်စုံလာမယ်ဆိုတာကို ယုံကြည်ခဲ့တယ်။—ဟေဗြဲ ၁၁:၂၇

၃။ ဒီဆောင်းပါးမှာ ဘယ်မေးခွန်းသုံးခုကို ဖြေဆိုပေးမလဲ။

မောရှေလိုပဲ ကျွန်ုပ်တို့လည်း လောကမှာရနိုင်တဲ့အရာတွေထက် ကျော်လွန်ပြီး မြင်ဖို့၊ ယေဟောဝါကို တွေ့မြင်ဖို့ ယုံကြည်ခြင်းမျက်စိလိုတယ်။ ကျွန်ုပ်တို့ဟာ “ယုံကြည်ခြင်းရှိသူများဖြစ်” ရမယ်။ (ဟေဗြဲ ၁၀:၃၈၊ ၃၉) ယုံကြည်ခြင်း ခိုင်ခံ့စေဖို့အတွက် ဟေဗြဲ ၁၁:၂၄-၂၆ မှာရေးထားတဲ့ မောရှေအကြောင်း လေ့လာကြည့်ကြစို့။ လေ့လာတဲ့အခါ အောက်ပါမေးခွန်းတွေရဲ့အဖြေကို ရှာကြည့်ပါ– လူ့အလိုဆန္ဒတွေကို ငြင်းပယ်ဖို့ ယုံကြည်ခြင်းက မောရှေကို ဘယ်လိုကူညီပေးခဲ့သလဲ။ ဆန့်ကျင်မှုတွေကြုံရတဲ့အခါ ယေဟောဝါကို အမှုဆောင်ရတဲ့အခွင့်ထူးကို တန်ဖိုးထားဖို့ ယုံကြည်ခြင်းက သူ့ကို ဘယ်လိုကူညီပေးခဲ့သလဲ။ မောရှေဟာ ဘာကြောင့် “ရရှိမည့်ဆုကျေးဇူးကို စေ့စေ့ကြည့်ရှု” ခဲ့တာလဲ။

လူ့အလိုဆန္ဒတွေကို သူငြင်းပယ်ခဲ့

၄။ မောရှေဟာ ‘အပြစ်နဲ့ဆိုင်တဲ့ ပျော်မွေ့ခြင်း’ အကြောင်း ဘာသိခဲ့သလဲ။

‘အပြစ်နဲ့ဆိုင်တဲ့ ပျော်မွေ့မှု’ ဟာ ရေရှည်မခံဘူးဆိုတာကို ယုံကြည်ခြင်းမျက်စိနဲ့ မောရှေ သိမြင်နိုင်ခဲ့တယ်။ တခြားသူတွေကတော့ အဲဒီလိုမြင်မှာမဟုတ်ဘူး။ ရုပ်တုကိုးကွယ်မှုနဲ့ နတ်ဆိုးပညာလိုက်စားတဲ့ အီဂျစ်ပြည်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာပြီး ယေဟောဝါရဲ့လူတွေကတော့ ကျွန်ခံနေရတယ်လို့ ရှုမြင်ခဲ့ကြတယ်။ ဒါပေမဲ့ ယေဟောဝါက အခြေအနေကို ပြောင်းလဲပစ်နိုင်တယ်ဆိုတာ မောရှေသိတယ်။ ကိုယ့်အလိုဆန္ဒကို ဖြည့်ဆည်းဖို့ ကြိုးစားနေသူတွေဟာ ကောင်းစားနေပုံပေါက်ပေမဲ့ အဲဒီဆိုးညစ်သူတွေ ဖျက်ဆီးခံရမယ်ဆိုတာကို မောရှေ ယုံကြည်ခဲ့တယ်။ ဒါကြောင့် သူဟာ ‘အပြစ်နဲ့ဆိုင်တဲ့ ပျော်မွေ့ခြင်းကို ခဏခံစား’ ဖို့သွေးဆောင်တာကို မခံခဲ့ဘူး။

၅။ ‘အပြစ်နဲ့ဆိုင်တဲ့ ပျော်မွေ့ခြင်းကို ခဏခံစား’ ဖို့သွေးဆောင်တာကို တွန်းလှန်ရာမှာ ဘာက ကူညီပေးမလဲ။

‘အပြစ်နဲ့ဆိုင်တဲ့ ပျော်မွေ့ခြင်းကို ခဏခံစား’ ဖို့သွေးဆောင်တာကို ဘယ်လို တွန်းလှန်နိုင်သလဲ။ အပြစ်ရှိတဲ့ပျော်မွေ့ခြင်းဟာ ခဏပဲခံတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ “လောကနဲ့ လောကတပ်မက်ခြင်းတို့သည် ရွေ့သွားကွယ်ပျောက်ဆဲရှိ၏” ဆိုတာကို သိမြင်ဖို့ ယုံကြည်ခြင်းက ကူညီပေးပါလိမ့်မယ်။ (၁ ယော. ၂:၁၅-၁၇) နောင်တမရတဲ့အပြစ်သားတွေရဲ့ အနာဂတ်ကို စဉ်းစားကြည့်ပါ။ သူတို့တွေဟာ ‘ချော်တဲ့နေရာမှာရှိနေပြီး ကြောက်မက်ဖွယ်ဇာတ်သိမ်းသွားကြ’ တယ်။ (ဆာ. ၇၃:၁၈၊ ၁၉) အပြစ်လုပ်ဖို့ သွေးဆောင်ခံရတဲ့အခါမှာ ‘ငါ ဘယ်လိုအနာဂတ်မျိုး လိုချင်သလဲ’ လို့ ကိုယ့်ကိုယ်ကို မေးပါ။

၆။ (က) မောရှေဟာ ဖာရောဘုရင့်သမီးရဲ့ သားတော်လို့ အခေါ်ခံရတာကို ဘာကြောင့် ငြင်းပယ်ခဲ့တာလဲ။ (ခ) မောရှေ မှန်ကန်တဲ့ဆုံးဖြတ်ချက် ချခဲ့တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

မောရှေရဲ့ယုံကြည်ခြင်းက မှန်ကန်တဲ့အလုပ်အကိုင်ကို ရွေးချယ်ဖို့လည်း လမ်းညွှန်ပေးတယ်။ မောရှေဟာ ကြီးပြင်းလာတဲ့အခါ ဖာရောဘုရင့်သမီးရဲ့ သားတော်လို့ အခေါ်ခံရတာကို ယုံကြည်ခြင်းအားဖြင့် ငြင်းပယ်ခဲ့တယ်။ (ဟေဗြဲ ၁၁:၂၄) မောရှေဟာ ဘုရင်ရဲ့ မိသားစုဝင်တစ်ယောက်အနေနဲ့ နန်းတော်မှာနေပြီး ဘုရားသခင့်အမှုဆောင်နိုင်တယ်၊ ကိုယ့်ရဲ့ ရာထူးနဲ့စည်းစိမ်ကို အသုံးပြုပြီး အစ္စရေးလူမျိုးကို ကူညီပေးနိုင်တယ်လို့ မစဉ်းစားခဲ့ဘူး။ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းခွန်အားရှိသမျှနဲ့ ချစ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ (တရား. ၆:၅) မောရှေရဲ့ဆုံးဖြတ်ချက်ကြောင့် ဆင်းရဲဒုက္ခများစွာကို ရှောင်နိုင်ခဲ့တယ်။ နောက်ဆုံးမှာ အစ္စရေးလူမျိုးဟာ အီဂျစ်ပြည်ရဲ့ ရွှေ၊ ငွေ၊ ဥစ္စာပစ္စည်းများစွာကို ယူသွားခဲ့ကြတယ်။ (ထွ. ၁၂:၃၅၊ ၃၆) ဖာရောဟာ အရှက်ခွဲခံရပြီး ပင်လယ်နီမှာ နှစ်မြှုပ်သေဆုံးခဲ့တယ်။ (ဆာ. ၁၃၆:၁၅) မောရှေကတော့ အဲဒီလိုမဟုတ်ဘူး။ အသက်ဘေးကနေ လွတ်မြောက်ပြီး အစ္စရေးလူမျိုးကို ဘေးလွတ်အောင် ဦးဆောင်ခေါ်သွားဖို့ ဘုရားသခင်အသုံးပြုတာကို ခံခဲ့ရတယ်။ မောရှေရဲ့ဘဝက တကယ်အဓိပ္ပာယ်ရှိခဲ့ပါတယ်။

၇။ (က) မဿဲ ၆:၁၉-၂၁ အရ ဘာကြောင့် ထာဝစဉ်တည်မြဲတဲ့ အနာဂတ်အတွက် ကြိုတင်စီစဉ်သင့်သလဲ။ (ခ) ခဏတာအတွက် ကြိုတင်စီစဉ်တာနဲ့ ထာဝစဉ်တည်မြဲတဲ့ အနာဂတ်အတွက် ကြိုတင်စီစဉ်တာ ကွာခြားတယ်ဆိုတာကို ဘယ်တွေ့ကြုံမှုက ဖော်ပြသလဲ။

သင်ဟာ ယေဟောဝါရဲ့ ငယ်ရွယ်တဲ့ကျေးကျွန်တစ်ယောက်ဆိုရင် အလုပ်အကိုင်ရွေးချယ်ရာမှာ ယုံကြည်ခြင်းက သင့်ကို ဘယ်လိုကူညီပေးနိုင်သလဲ။ အနာဂတ်အတွက် ကြိုတင်စီစဉ်ပါ။ ဘုရားသခင့်ကတိတော်တွေကို ယုံကြည်ပါ၊ ခဏတာအတွက်မဟုတ်ဘဲ ထာဝစဉ်တည်မြဲတဲ့ အနာဂတ်အတွက် “စုဆောင်း” ပါ၊ နောက်တစ်မျိုးပြောရရင် ကြိုတင်စီစဉ်ပါ။ (မဿဲ ၆:၁၉–၂၁ ကိုဖတ်ပါ။) ဘဲလေးအကပညာရှင်တစ်ယောက်ဖြစ်တဲ့ ဆိုဖီ အဲဒီအတိုင်း လုပ်ခဲ့တယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့ ဘဲလေးအက ကုမ္ပဏီတွေက ဆိုဖီကို ပညာသင်ဆုတွေ၊ တကယ်ကောင်းတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပေးမယ်လို့ ကမ်းလှမ်းကြတယ်။ “အဲဒါတွေက တကယ်မက်မောစရာပဲ” လို့ သူပြောခဲ့တယ်။ သူ့ကိုယ်သူ တခြားအကပညာရှင်တွေထက် ပိုတော်တယ်လို့ ယူဆခဲ့တယ်လို့လည်း ဝန်ခံတယ်။ ဒါပေမဲ့ သူ မပျော်ဘူး။ ဒါနဲ့ ဆိုဖီဟာ လူငယ်များအမေး—ငါ့အသက်တာကို ဘယ်လိုအသုံးပြုမလဲ ဆိုတဲ့ ဗီဒီယိုကို ကြည့်ခဲ့တယ်။ “လောကပေးတဲ့ အောင်မြင်ကျော်ကြားမှု၊ လူတွေရဲ့ အထင်ကြီးလေးစားမှု ရဖို့အတွက် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ အမှုဆောင်ခြင်းနဲ့ လဲရမယ်ဆိုတာ ကျွန်မသိရှိခဲ့တယ်။ ကျွန်မ ယေဟောဝါကို ထက်ထက်သန်သန် ဆုတောင်းတယ်၊ ပြီးတဲ့နောက် ကတဲ့အလုပ်ကို စွန့်လွှတ်လိုက်တယ်” လို့ သူပြောတယ်။ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဘယ်လို ခံစားခဲ့ရသလဲ။ “ကျွန်မရဲ့ အရင်အခြေအနေကို ပြန်မတမ်းတဘူး။ အခုချိန်မှာ ကျွန်မ ရာနှုန်းပြည့် ပျော်ရွှင်နေပြီ။ ကျွန်မရဲ့ခင်ပွန်းနဲ့အတူ ရှေ့ဆောင်လုပ်တယ်။ ကျွန်မတို့ နာမည်မကြီးဘူး၊ ပစ္စည်းဥစ္စာ များများစားစားမရှိဘူး။ ဒါပေမဲ့ ကျွန်မတို့မှာ ယေဟောဝါရှိတယ်၊ ကျမ်းစာသင်သားတွေနဲ့ ဘုရားရေးရာပန်းတိုင်တွေရှိတယ်။ ကျွန်မ နည်းနည်းမှ နောင်တမရဘူး” လို့ ဆိုဖီက ပြောတယ်။

၈။ ကိုယ့်ရဲ့အသက်တာကို ဘယ်လိုအသုံးပြုမလဲဆိုတာ ဆုံးဖြတ်ရာမှာ လူငယ်တစ်ယောက်ကို ဘယ်ကျမ်းစာအကြံပြုချက်က ကူညီပေးနိုင်သလဲ။

သင့်အတွက် ဘာက အကောင်းဆုံးလဲဆိုတာ ယေဟောဝါသိတယ်။ “ယေဟောဝါဘုရားက ခင်ဗျားတို့ကို ဘာတွေတောင်းဆိုသလဲ။ ယေဟောဝါဘုရားကို ကြောက်ရွံ့ဖို့၊ ယေဟောဝါဘုရားကို လှိုက်လှိုက်လှဲလှဲနဲ့ စိတ်ရောကိုယ်ပါ ဝတ်ပြုဖို့၊ ကိုယ်တော့်လမ်းစဉ်အတိုင်း လျှောက်လှမ်းဖို့၊ ကိုယ်တော့်ကိုချစ်ဖို့၊ ခင်ဗျားတို့ကောင်းကျိုးအတွက် အခု ကျွန်တော်မှာကြားနေတဲ့ ယေဟောဝါရဲ့ပညတ်ချက်တွေ၊ ဥပဒေတွေကို လိုက်နာဖို့ပဲ တောင်းဆိုတာပါ” လို့ မောရှေ ပြောခဲ့တယ်။ (တရား. ၁၀:၁၂၊ ၁၃ကဘ) ငယ်ရွယ်စဉ်မှာ ယေဟောဝါကို “လှိုက်လှိုက်လှဲလှဲနဲ့ စိတ်ရောကိုယ်ပါ” ချစ်ပြီး အမှုဆောင်နိုင်တဲ့ အလုပ်အကိုင်တစ်ခုကို ရွေးချယ်ပါ။ အဲဒီရွေးချယ်မှုက “သင့်ကောင်းကျိုးအတွက်” ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။

လုပ်ငန်းတော်အခွင့်အရေးတွေကို သူ တန်ဖိုးထား

၉။ မောရှေရတဲ့တာဝန်က ခက်ခဲမယ်လို့ ဘာကြောင့်ပြောနိုင်သလဲ၊ ရှင်းပြပါ။

မောရှေဟာ ‘ဘိသိက်ပေးခံရသူအဖြစ် ကဲ့ရဲ့ရှုတ်ချခံရခြင်းကို အီဂျစ်ပြည်ရဲ့ဘဏ္ဍာထက် သာ၍မြတ်သောဘဏ္ဍာအဖြစ် ယူမှတ်’ ခဲ့တယ်။ (ဟေဗြဲ ၁၁:၂၆) ဒီကျမ်းချက်မှာ မောရှေကို “ဘိသိက်ပေးခံရသူ” လို့ခေါ်ဆိုထားတယ်။ ဆိုလိုတာက အစ္စရေးလူတွေကို အီဂျစ်ပြည်ကနေခေါ်ထုတ်ရာမှာ ဦးဆောင်ဖို့ မောရှေကို ယေဟောဝါ ရွေးချယ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲဒီတာဝန်ကို လုပ်ဆောင်ဖို့ ခက်ခဲမယ်ဆိုတာ မောရှေသိတယ်။ သူ “ကဲ့ရဲ့ရှုတ်ချခံရ” မယ်၊ တစ်နည်းအားဖြင့် ဆန့်ကျင်မှုကိုတောင် ကြုံရမယ်။ အစောပိုင်းတုန်းက အစ္စရေးလူတစ်ယောက်ဟာ မောရှေကို “အဘယ်သူသည် သင့်ကို ငါတို့အပေါ်မှာ အကဲအမှူး တရားသူကြီးအရာ၌ ခန့်ထားသနည်း” လို့ ပြောပြီး မထီမဲ့မြင်လုပ်ခဲ့တယ်။ (ထွ. ၂:၁၃၊ ၁၄) နောက်ပိုင်းမှာ မောရှေကိုယ်တိုင် “အကျွန်ုပ်၏စကားကို ဖာရောမင်းသည် အဘယ်သို့ နားထောင်ပါမည်နည်း” လို့ ယေဟောဝါကိုမေးခဲ့တယ်။ (ထွ. ၆:၁၂) မောရှေဟာ ရင်ဆိုင်ရမယ့်ဆန့်ကျင်မှုတွေအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သူ့ရဲ့စိုးရိမ်ပူပန်မှုတွေကို ယေဟောဝါကို ဆုတောင်းပြောပြခဲ့တယ်။ အဲဒီခက်ခဲတဲ့တာဝန်ကို မောရှေ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ဖို့ ယေဟောဝါ ဘယ်လို ကူညီပေးခဲ့သလဲ။

၁၀။ မောရှေရရှိတဲ့တာဝန်တွေကို လုပ်ဆောင်နိုင်ဖို့ ယေဟောဝါ ဘယ်လို ကူညီပေးခဲ့သလဲ။

၁၀ ဦးဆုံး ယေဟောဝါက မောရှေကို “ငါသည် သင့်ဘက်၌ ရှိလိမ့်မည်” လို့ ကတိပေးခဲ့တယ်။ (ထွ. ၃:၁၂) ဒုတိယ၊ ယေဟောဝါဟာ မိမိနာမည်ရဲ့အဓိပ္ပာယ်ကို ပြောပြခြင်းအားဖြင့် မောရှေကို ယုံကြည်စိတ်ချမှု ရှိစေခဲ့တယ်။ ယေဟောဝါဆိုတဲ့နာမည်ရဲ့ အဓိပ္ပာယ်က ‘ငါဖြစ်ချင်တာမှန်သမျှ ငါဖြစ်လာမယ်’ ဖြစ်တယ်။ * (ထွ. ၃:၁၄ကဘ) တတိယ၊ ယေဟောဝါဟာ မောရှေကို အံ့ဖွယ်အမှုတွေလုပ်နိုင်တဲ့ တန်ခိုးပေးခဲ့တယ်၊ အဲဒါက မောရှေကို ဘုရားသခင် စေလွှတ်တယ်ဆိုတဲ့ သက်သေပဲ။ (ထွ. ၄:၂-၅) စတုတ္ထ၊ ယေဟောဝါဟာ မောရှေ တာဝန်ထမ်းဆောင်ရာမှာ ကူညီပေးဖို့ မောရှေကိုယ်စား စကားပြောမယ့်သူအဖြစ် အာရုန်ကို ရွေးချယ်ခဲ့တယ်။ (ထွ. ၄:၁၄-၁၆) ယေဟောဝါဟာ မိမိရဲ့ကျေးကျွန်တွေကို တာဝန်ပေးတဲ့အခါ အဲဒီတာဝန်ကို လုပ်ဆောင်နိုင်ဖို့ ကူညီပေးတယ်ဆိုတာ မောရှေ လုံးဝယုံကြည်စိတ်ချခဲ့တယ်။ မောရှေဟာ ယေဟောဝါအပေါ် အပြည့်အဝယုံကြည်စိတ်ချလို့ ယောရှုကို ဒီလိုပြောနိုင်ခဲ့တယ်– ‘ယေဟောဝါဘုရားက ရှေ့ကနေ ချီတက်လိမ့်မယ်။ ခင်ဗျားနဲ့အတူ အမြဲရှိနေလိမ့်မယ်။ ခင်ဗျားကို ပစ်ထားမှာမဟုတ်ဘူး။ စွန့်ခွာမှာမဟုတ်ဘူး။ ဒါကြောင့် မကြောက်နဲ့။ မထိတ်လန့်နဲ့။’—တရား. ၃၁:၈ကဘ။

၁၁။ မောရှေဟာ ဘာကြောင့် သူ့ရဲ့တာဝန်ကို တန်ဖိုးထားခဲ့သလဲ။

၁၁ ယေဟောဝါရဲ့ ထောက်မမှုကြောင့် မောရှေဟာ ခက်ခဲတဲ့တာဝန်ကို ‘အီဂျစ်ပြည်ရဲ့ ဘဏ္ဍာထက်’ ပိုတန်ဖိုးထားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုတော်ထမ်းဆောင်တာကို တခြား ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး။ အစ္စရေးလူမျိုးကို ဦးဆောင်ဖို့ ယေဟောဝါရဲ့ရွေးချယ်ခြင်း ခံရတာနဲ့ နှိုင်းယှဉ်လိုက်ရင် အီဂျစ်ပြည်ရဲ့မင်းသားဖြစ်ရတာက ဘာတန်ဖိုးရှိတော့မှာလဲ။ မောရှေဟာ မှန်ကန်တဲ့သဘောထားရှိလို့ ဆုချခံခဲ့ရတယ်။ မောရှေဟာ အစ္စရေးလူမျိုးကို ကတိထားရာပြည်ထဲ ခေါ်ဆောင်သွားဖို့ သူ့ကို တန်ခိုးပေးခဲ့တဲ့ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတာကို နှစ်သက်ခဲ့တယ်။—တရား. ၃၄:၁၀-၁၂

၁၂။ ကျွန်ုပ်တို့ကို ယေဟောဝါ ဘာတာဝန်တွေ ပေးထားသလဲ။

၁၂ ကျွန်ုပ်တို့မှာလည်း တာဝန်တစ်ခုရှိပါတယ်။ ယေဟောဝါဟာ တမန်တော်ပေါလုနဲ့ တခြားသူတွေကို တာဝန်ပေးခဲ့သလိုပဲ ကျွန်ုပ်တို့ကိုလည်း “အမှုတော်ဆောင်” တာဝန် ပေးထားတယ်။ (၁ တိမောသေ ၁:၁၂–၁၄ ကိုဖတ်ပါ။) ကျွန်ုပ်တို့အားလုံးမှာ သတင်းကောင်းဟောပြောဖို့ အခွင့်ထူးရရှိထားတယ်။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) တချို့သူတွေက အချိန်ပြည့်အမှုဆောင်တွေ ဖြစ်ကြတယ်။ ရင့်ကျက်တဲ့ညီအစ်ကိုတွေက အသင်းတော်မှာ အမှုထမ်းနဲ့ အကြီးအကဲတွေအဖြစ် အမှုဆောင်ကြတယ်။ ဒါပေမဲ့ မယုံကြည်တဲ့ မိသားစုဝင်တွေနဲ့ တခြားသူတွေက သင့်အမှုဆောင်လုပ်ငန်းရဲ့ တန်ဖိုးကို သံသယဝင်ကြမှာဖြစ်တယ်။ သင့်ရဲ့ကိုယ်ကျိုးစွန့်မှုကို ပြစ်တင်ဝေဖန်တာမျိုးတောင် လုပ်နိုင်တယ်။ (မ. ၁၀:၃၄-၃၇) သူတို့ကြောင့် စိတ်ဓာတ်ကျလာတယ်ဆိုရင် အခုလိုကိုယ်ကျိုးစွန့်တာက အကျိုးရှိရဲ့လား၊ ဒါမှမဟုတ် ကိုယ့်ရဲ့တာဝန်ကို တကယ်ထမ်းဆောင်နိုင်ရဲ့လားလို့ စပြီး အတွေးဝင်လာနိုင်တယ်။ သင် အဲဒီလိုဖြစ်တယ်ဆိုရင် ခံနိုင်ရည်ရှိအောင် ယုံကြည်ခြင်းက ဘယ်လို ကူညီပေးမလဲ။

၁၃။ ယေဟောဝါ ပေးအပ်ထားတဲ့တာဝန်တွေကို လုပ်ဆောင်နိုင်ဖို့ ကိုယ်တော် ဘယ်လိုကူညီပေးသလဲ။

၁၃ ယေဟောဝါရဲ့ ထောက်မမှုရဖို့ ယုံကြည်ခြင်းနဲ့ဆုတောင်းပါ။ သင့်ရဲ့စိုးရိမ်ပူပန်မှုတွေအကြောင်း ကိုယ်တော့်ကို ပြောပြပါ။ သင့်ကို တာဝန်ပေးတဲ့သူက ယေဟောဝါကိုယ်တော်တိုင် ဖြစ်တဲ့အတွက်ကြောင့် အောင်မြင်ဖို့ ကိုယ်တော် ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ မောရှေကို ကူညီပေးခဲ့တဲ့နည်းတွေနဲ့ပါပဲ။ ဦးဆုံး၊ ယေဟောဝါ ဒီလို ကတိပေးထားတယ်– “ငါသည် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ယာလက်ဖြင့် ထောက်ပင့်မည်။” (ဟေရှာ. ၄၁:၁၀) ဒုတိယ၊ ကိုယ်တော့်ကတိတွေကို ယုံကြည်စိတ်ချနိုင်တယ်ဆိုတာ ဒီလို သတိပေးတယ်– “ငါသည် နှုတ်ထွက်အတိုင်းပြုမည်။ ကြံသည်အတိုင်း စီရင်မည်။” (ဟေရှာ. ၄၆:၁၁) တတိယ၊ သင့်တာဝန်ကို လုပ်ဆောင်နိုင်ဖို့ ယေဟောဝါက “သာမန်ထက်ထူးကဲသောတန်ခိုးတော်” ပေးတယ်။ (၂ ကော. ၄:၇) စတုတ္ထ၊ သင့်တာဝန်ကို ဆက်လုပ်ဆောင်နိုင်ဖို့အတွက် ဂရုစိုက်တဲ့ဖခင် ယေဟောဝါက ကမ္ဘာချီညီအစ်ကိုအသင်းအပင်းတစ်ခု ပေးထားတယ်၊ သူတို့က ‘အချင်းချင်းနှစ်သိမ့်ပြီး တည်ဆောက်ပေး’ ကြတယ်။ (၁ သက်. ၅:၁၁) တာဝန်တွေကို ဆက်လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့အကူအညီတွေကို ယေဟောဝါပေးတဲ့အခါ ကိုယ်တော့်အပေါ် သင့်ယုံကြည်ခြင်း ပိုခိုင်ခံ့လာတယ်။ ရလဒ်အနေနဲ့ လောကမှာရနိုင်တဲ့ ဘယ်အခွင့်အရေးတွေထက်မဆို သင်ရရှိထားတဲ့ လုပ်ငန်းတော်တာဝန်တွေကို ပိုတန်ဖိုးထားလာပါလိမ့်မယ်။

“ရရှိမည့်ဆုကျေးဇူးကို စေ့စေ့ကြည့်ရှု”

၁၄။ မောရှေက သူဆုချခံရမယ်လို့ ဘာကြောင့် ယုံကြည်စိတ်ချခဲ့သလဲ။

၁၄ မောရှေဟာ “ရရှိမည့်ဆုကျေးဇူးကို စေ့စေ့ကြည့်ရှု” ခဲ့တယ်။ (ဟေဗြဲ ၁၁:၂၆) မောရှေဟာ အနာဂတ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များစွာကို မသိခဲ့ရဘူး၊ ဒါပေမဲ့ သိရတဲ့အချက်အလက် အနည်းငယ်က သူ ဆုံးဖြတ်ချက်ချရာမှာ အထောက်အကူဖြစ်ခဲ့တယ်။ မောရှေလည်း သူ့ရဲ့ဘိုးဘေး အာဗြဟံလိုပဲ လူသေတွေကို ယေဟောဝါ ပြန်အသက်ရှင်စေနိုင်တယ်ဆိုတာ အခိုင်အမာ ယုံကြည်ခဲ့တယ်။ (လု. ၂၀:၃၇၊ ၃၈; ဟေဗြဲ ၁၁:၁၇-၁၉) မောရှေဟာ ဘုရားသခင့်ကတိတော်တွေကို အခိုင်အမာ ယုံကြည်စိတ်ချခဲ့တယ်၊ ဒါကြောင့် ထွက်ပြေးနေရတဲ့ အနှစ် ၄၀ နဲ့ တောကန္တာရမှာနေခဲ့ရတဲ့ အနှစ် ၄၀ ကို အချိန်ဖြုန်းတာလို့ မခံစားခဲ့ရဘူး။ ယေဟောဝါရဲ့ကတိတွေ ဘယ်လိုပြည့်စုံလာမယ်ဆိုတာကို မောရှေ အတိအကျ မသိရပေမဲ့ သူ့ရဲ့ယုံကြည်ခြင်းကြောင့် အနာဂတ်မှာရမယ့်ဆုကို မြင်တွေ့နေရသလို ဖြစ်ခဲ့တယ်။

၁၅၊ ၁၆။ (က) ရမယ့်ဆုကို အာရုံစိုက်နေဖို့ ဘာကြောင့် အရေးကြီးသလဲ။ (ခ) ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ ဘယ်ကောင်းချီးတွေ ခံစားရဖို့ သင်မျှော်လင့်နေသလဲ။

၁၅ သင်ဟာ “ရရှိမယ့်ဆုကျေးဇူးကို စေ့စေ့ကြည့်ရှု” သလား။ ကျွန်ုပ်တို့လည်း မောရှေလိုပဲ ဘုရားသခင့်ကတိတွေ ဘယ်လိုပြည့်စုံလာမယ်ဆိုတာ အတိအကျမသိဘူး။ ဥပမာအနေနဲ့ ကြီးစွာသောဒုက္ခ ရောက်လာမယ့် ‘အချိန်ကို မသိ’ ရဘူး။ (မာ. ၁၃:၃၂၊ ၃၃) ကိစ္စရပ်တိုင်းကို ကျွန်ုပ်တို့ မသိရပေမဲ့ အနာဂတ်ပရဒိသုအကြောင်းကိုတော့ မောရှေထက် အများကြီးပိုသိရတယ်။ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်မှာ ဘယ်လို အသက်တာမျိုးရရှိမယ်ဆိုတာနဲ့ပတ်သက်ပြီး လုံလောက်တဲ့ကတိတွေ ရရှိထားတယ်။ အဲဒါတွေကို “စေ့စေ့ကြည့်ရှု” နိုင်ကြတယ်၊ ဆိုလိုတာက ကမ္ဘာသစ်မှာ ဘယ်လိုနေရမယ်ဆိုတာကို ကျွန်ုပ်တို့ရဲ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိမြင်နိုင်တယ်။ စိတ်ထဲမှာ အဲဒီလို ရှင်းရှင်းလင်းလင်း မြင်နေတယ်ဆိုရင် ဘုရားသခင့်နိုင်ငံတော်ကို အရင်ရှာချင်လာမယ်။ ဘာကြောင့် အဲဒီလိုရှာချင်တာလဲ။ ဒီအချက်ကို စဉ်းစားကြည့်ပါ– သင်က အိမ်တစ်လုံးဝယ်တော့မယ်ဆိုရင် အဲဒီအိမ်အကြောင်း ကောင်းကောင်းမသိဘဲနဲ့ ဝယ်မလား။ ဝယ်မှာမဟုတ်ဘူး။ အဲဒီလိုပဲ ကျွန်ုပ်တို့အတွက် တကယ်မရှိတဲ့မျှော်လင့်ချက်အတွက် ဘဝရဲ့အချိန်တွေကို အကုန်ခံမှာမဟုတ်ဘူး။ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းက ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်မှာ ရရှိမယ့်အသက်တာကိုပဲ ရှင်းရှင်းလင်းလင်း မြင်နေဖို့ အကူအညီဖြစ်စေသင့်တယ်။

မောရှေလို သစ္စာရှိတဲ့ကျေးကျွန်တွေနဲ့ စကားပြောရတာက စိတ်လှုပ်ရှားစရာဖြစ်ပါလိမ့်မယ် (အပိုဒ် ၁၆ ကိုကြည့်ပါ)

၁၆ စိတ်ထဲမှာ ဘုရားသခင့်နိုင်ငံတော်ရဲ့ ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်ယောင်နေဖို့ “စေ့စေ့ကြည့်ရှု” ပါ၊ ဆိုလိုတာက ပရဒိသုမှာ သင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ဥပမာ၊ ပရဒိသုမှာ ရှင်ပြန်ထမြောက်လာမယ့် ကျမ်းစာထဲကလူတွေအကြောင်း လေ့လာတဲ့အခါ သူတို့ထမြောက်လာရင် သူတို့ကို ဘာတွေမေးမလဲဆိုတာ စဉ်းစားကြည့်ပါ။ နောက်ဆုံးသောနေ့ရက်တွေမှာ အသက်ရှင်ခဲ့တဲ့ သင့်ကို သူတို့ ဘာတွေမေးမလဲဆိုတာ စဉ်းစားကြည့်ပါ။ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက အသက်ရှင်ခဲ့တဲ့ ဆွေမျိုးတွေကို ပြန်တွေ့ပြီး သူတို့အတွက် ဘုရားသခင်လုပ်ပေးခဲ့တာတွေကို ပြန်သင်ပေးတဲ့အခါ ဘယ်လောက်စိတ်လှုပ်ရှားစရာ ကောင်းမလဲဆိုတာ စဉ်းစားကြည့်ပါ။ ငြိမ်သက်အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ သွားလာနေတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ကြည့်ပြီး အဲဒီတိရစ္ဆာန်လေးတွေအကြောင်း လေ့လာသိရှိရတဲ့အခါ ဘယ်လောက် ပျော်စရာကောင်းမလဲဆိုတာ စဉ်းစားကြည့်ပါ။ တဖြည်းဖြည်း စုံလင်လာတာနဲ့အမျှ ယေဟောဝါနဲ့ သင် ဘယ်လောက် ပိုရင်းနှီးလာမလဲဆိုတာ စဉ်းစားကြည့်ပါ။

၁၇။ အနာဂတ်မှာရမယ့်ဆုကို ရှင်းရှင်းလင်းလင်း မြင်ယောင်နေတာက ဘယ်လို အကူအညီဖြစ်စေသလဲ။

၁၇ အနာဂတ်မှာရမယ့်ဆုကို စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း မြင်ယောင်နေတာက ဆက်ပြီး ခံနိုင်ရည်ရှိဖို့၊ ရွှင်လန်းဖို့၊ သေချာတဲ့ထာဝရအနာဂတ်ကို အခြေခံတဲ့ဆုံးဖြတ်ချက်တွေချဖို့ အကူအညီဖြစ်စေပါတယ်။ ပေါလုက ဘိသိက်ခံခရစ်ယာန်တွေကို “ငါတို့သည် မတွေ့မြင်သောအရာကို မျှော်လင့်လျှင် ထိုအရာကို ခံနိုင်ရည်ဖြင့် စောင့်မျှော်လျက်နေကြ၏” လို့ စာရေးခဲ့တယ်။ (ရော. ၈:၂၅) ဒါပေမဲ့ အဲဒီအချက်က ဘိသိက်ခံတွေနဲ့ပဲ ဆိုင်တာမဟုတ်ဘူး။ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိသူ ခရစ်ယာန်အားလုံးနဲ့ ဆိုင်တယ်။ အခုချိန်မှာ ဆုမရသေးပေမဲ့ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းက အလွန်ခိုင်ခံ့တဲ့အတွက်ကြောင့် ‘ရရှိမယ့်ဆုကျေးဇူး’ ကို စိတ်ရှည်စွာ စောင့်မျှော်နေကြတယ်။ ကျွန်ုပ်တို့လည်း မောရှေလိုပဲ ယေဟောဝါရဲ့အမှုတော်မှာ ပါဝင်ခဲ့တဲ့အချိန်တွေက အလကားပဲလို့ မခံစားရဘူး။ အဲဒီအစား “မြင်ရသောအရာများသည် တစ်ခဏသာတည်၍ မမြင်ရသောအရာများမူကား ထာဝစဉ်တည်၏” ဆိုတဲ့အချက်ကို ယုံကြည်စိတ်ချကြတယ်။၂ ကောရိန္သု ၄:၁၆–၁၈ ကိုဖတ်ပါ။

၁၈၊ ၁၉။ (က) ယုံကြည်ခြင်း ဆက်ခိုင်ခံ့နေစေဖို့ ဘာကြောင့် တိုက်လှန်နေရမလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘယ်အကြောင်း ဆွေးနွေးကြမလဲ။

၁၈ ယုံကြည်ခြင်းက ပကတိမျက်စိနဲ့ ‘မမြင်ရတဲ့ အမှန်တည်ရှိတဲ့အရာတွေ’ ကို မြင်တွေ့စေတယ်။ (ဟေဗြဲ ၁၁:၁) လူ့အလိုဆန္ဒအတိုင်း စဉ်းစားတဲ့သူမှာ ယုံကြည်ခြင်းမျက်စိ မရှိဘူး၊ ဒါကြောင့် ယေဟောဝါအတွက် အမှုဆောင်တဲ့တန်ဖိုးကို သူမသိဘူး။ အဲဒီလိုလူအတွက်ကတော့ အဲဒီအခွင့်ထူးက ‘မိုက်မဲတဲ့အရာတွေ’ ဖြစ်တယ်။ (၁ ကော. ၂:၁၄) ထာဝစဉ်အသက်ရှင်ဖို့၊ လူသေတွေ ရှင်ပြန်ထမြောက်လာဖို့ ကျွန်ုပ်တို့ မျှော်လင့်ကြတယ်၊ လောကမှာရှိတဲ့လူတွေကတော့ အဲဒါတွေကို စိတ်ကူးကြည့်လို့တောင် မရနိုင်ဘူး။ ပေါလုအချိန်က လူတချို့ဟာ ပေါလုကို အသိဉာဏ်မရှိတဲ့ “စကားအိုး” လို့ခေါ်ခဲ့ကြတယ်၊ အဲဒီလူတွေလိုပဲ ယနေ့အချိန်မှာရှိတဲ့ လူအများစုဟာလည်း ကျွန်ုပ်တို့ဟောပြောနေတဲ့ မျှော်လင့်ချက်သတင်းက လုံးဝအဓိပ္ပာယ်မရှိဘူးလို့ ယူဆကြတယ်။—တ. ၁၇:၁၈

၁၉ ယုံကြည်ခြင်းမရှိတဲ့လောကအလယ်မှာ အသက်ရှင်နေရတဲ့အတွက်ကြောင့် ယုံကြည်ခြင်းခိုင်ခံ့နေစေဖို့ တိုက်လှန်ရမှာဖြစ်တယ်။ သင့်ရဲ့ “ယုံကြည်ခြင်း အားမနည်းစေ” ဖို့ ယေဟောဝါထံ အသနားခံပါ။ (လု. ၂၂:၃၂) မောရှေလိုပဲ အပြစ်ရဲ့အကျိုးဆက်တွေကို ရှင်းရှင်းလင်းလင်း သိမြင်ပါ၊ ယေဟောဝါရဲ့အမှုတော်မှာ ပါဝင်ရခြင်းရဲ့တန်ဖိုးနဲ့ ထာဝရအသက် မျှော်လင့်ချက်ကို ရှင်းရှင်းလင်းလင်း မြင်ယောင်နေပါ။ မောရှေရဲ့ပုံနမူနာကနေ သင်ယူနိုင်တာက အဲဒီအချက်တွေပဲလား။ မဟုတ်ပါဘူး။ ယုံကြည်ခြင်းက “မမြင်ရသောအရှင်ကို မြင်” ရဖို့ မောရှေကို ဘယ်လိုကူညီပေးခဲ့သလဲဆိုတာ နောက်ဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။—ဟေဗြဲ ၁၁:၂၇

^ စာပိုဒ်၊ 10 ထွက်မြောက်ရာ ၃:၁၄ မှာပါတဲ့စကားတွေနဲ့ပတ်သက်ပြီး ကျမ်းပညာရှင်တစ်ယောက်က ဒီလိုရေးခဲ့တယ်– “ယေဟောဝါရဲ့အလိုတော်ကို ပြည့်စုံစေရာမှာ ဘာကမှ မတားဆီးနိုင်ဘူး။ . . . [ယေဟောဝါ] ဆိုတဲ့နာမည်က အစ္စရေးလူမျိုးအတွက် ခံတပ်ဖြစ်ပြီး မျှော်လင့်ချက်နဲ့ နှစ်သိမ့်မှုပေးတဲ့အရာဖြစ်တယ်။”