မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့ဂရုစိုက်မှုကို သင်လေးမြတ်သလား

ယေဟောဝါရဲ့ဂရုစိုက်မှုကို သင်လေးမြတ်သလား

“ယေဟောဝါရဲ့မျက်စိက နေရာတိုင်းကို ကြည့်နေတယ်။ လူဆိုးတွေကိုရော လူကောင်းတွေကိုပါ ကြည့်ရှုနေတယ်။”—သု. ၁၅:၃၊ ကဘ။

၁၊ ၂။ ယာဉ်အသွားအလာတွေကို မှတ်တမ်းတင်ပေးတဲ့ ကင်မရာတွေနဲ့ ယေဟောဝါရဲ့ စောင့်ကြည့်နေပုံ ဘာကွာသလဲ။

နိုင်ငံများစွာမှာ အစိုးရအာဏာပိုင်တွေဟာ ယာဉ်အသွားအလာတွေကို စစ်ဆေးဖို့နဲ့ ယာဉ်တိုက်မှုတွေကို မှတ်တမ်းတင်ဖို့ ကင်မရာတွေတပ်ဆင်ထားကြတယ်။ ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးသွားတဲ့ ကားသမားတွေကိုလည်း ကင်မရာက မှတ်တမ်းတင်ပေးတယ်။ မှတ်တမ်းတွေက အဲဒီလိုကားသမားတွေကို ရှာဖွေပြီး ဖမ်းဆီးရာမှာ အထောက်အကူပြုတယ်။ အဲဒီကင်မရာတွေကြောင့် ပြစ်မှုကျူးလွန်သူတွေ ထွက်ပြေးလွတ်မြောက်ဖို့ ပိုခက်သွားတယ်။

ယေဟောဝါရဲ့မျက်စိက “နေရာတိုင်းကိုကြည့်” နေတယ်လို့ ကျမ်းစာကပြောတယ်။ (သု. ၁၅:၃ကဘ) အဲဒါက ကိုယ်တော့်ပညတ်တွေကို ကျွန်ုပ်တို့ချိုးဖောက်နေသလားဆိုတာ သိဖို့အတွက်ပဲ မပြတ်စောင့်ကြည့်နေတယ်လို့ ဆိုလိုတာလား။ အမှားလုပ်ပြီဆိုတာနဲ့ အပြစ်ပေးဖို့ ကိုယ်တော် စောင့်နေတာလား။ လုံးဝမဟုတ်ပါဘူး။ (ယေ. ၁၆:၁၇; ဟေဗြဲ ၄:၁၃) ယေဟောဝါက ကျွန်ုပ်တို့ကိုချစ်လို့၊ ဘေးအန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်စေချင်လို့ စောင့်ကြည့်နေတာဖြစ်တယ်။—၁ ပေ. ၃:၁၂

၃။ ယေဟောဝါ ကျွန်ုပ်တို့ကို ဂရုစိုက်ကြည့်ရှုတဲ့ နည်းလမ်းငါးခုက ဘာတွေလဲ။

ဘုရားသခင်က ကျွန်ုပ်တို့ကိုချစ်လို့ စောင့်ကြည့်နေတယ်ဆိုတာကို နားလည်ဖို့ ဘာကကူညီပေးမလဲ။ ကျွန်ုပ်တို့ကို ယေဟောဝါဂရုစိုက်ကြည့်ရှုတဲ့ နည်းလမ်းငါးခုကို ဆွေးနွေးကြည့်ကြစို့။ (၁) အမှားမလုပ်ခင် သတိပေးတယ်။ (၂) မှားယွင်းတဲ့လမ်းစဉ်ကို ကျွန်ုပ်တို့ လိုက်မိတဲ့အခါ ဆုံးမတယ်။ (၃) ကျမ်းစာလမ်းညွှန်ချက်တွေနဲ့ လမ်းပြတယ်။ (၄) အခက်အခဲတွေကြုံရတဲ့အခါ ကူညီပေးတယ်။ (၅) ကျွန်ုပ်တို့ မှန်တာကို လုပ်ဆောင်တဲ့အခါ ကိုယ်တော် ဆုချတယ်။

ယေဟောဝါ ကျွန်ုပ်တို့ကို သတိပေး

၄။ ယေဟောဝါက ကာဣန အပြစ်မလုပ်ခင် ဘာကြောင့် သတိပေးသလဲ။

ဦးဆုံးအနေနဲ့ ကျွန်ုပ်တို့အမှားမလုပ်ခင်မှာ ယေဟောဝါ ဘယ်လိုနည်းတွေနဲ့ သတိပေးတယ်ဆိုတာ ဆွေးနွေးကြည့်ကြစို့။ (၅ ရာ. ၂၈:၉) ဥပမာ၊ ကာဣနက သူ ပူဇော်တာကို ယေဟောဝါ မနှစ်သက်လို့ အရမ်းစိတ်ဆိုးတယ်။ (ကမ္ဘာဦး ၄:၃–၇ ကိုဖတ်ပါ။) ဒါကြောင့် ယေဟောဝါက ကာဣနကို ‘မင်း ကောင်းတာမလုပ်ရင်’ အပြစ်လုပ်မိတော့မယ်လို့ သတိပေးခဲ့တယ်။ အဲဒါက အပြစ်ဟာ ကာဣနကိုဖမ်းဖို့ ‘တံခါးဝနားမှာချောင်း’ နေတာနဲ့တူတယ်။ ယေဟောဝါက ကာဣနကို အပြစ်ကို အနိုင်ယူဖို့ ပြောတယ်၊ ကိုယ်တော့်မျက်နှာသာ ပြန်ရအောင် လုပ်စေချင်တယ်။ အကယ်၍ ကာဣနဟာ သတိပေးတာကို နားထောင်မယ်ဆိုရင် ဘုရားသခင်နဲ့ ကောင်းတဲ့ဆက်ဆံရေး ဆက်ရှိနေမှာဖြစ်တယ်။

၅။ ကျွန်ုပ်တို့ကို ယေဟောဝါ ဘယ်လိုနည်းတွေနဲ့ သတိပေးသလဲ။

အခုချိန်မှာလည်း အဲဒီအတိုင်းပါပဲ။ ကျွန်ုပ်တို့ရဲ့ အတွင်းစိတ်သဘော ဘယ်လိုရှိတယ်ဆိုတာ ယေဟောဝါမြင်တယ်။ ကျွန်ုပ်တို့ရဲ့ အတွေးတွေ၊ ဆန္ဒတွေကို ကိုယ်တော် မမြင်အောင် ဖုံးကွယ်ထားလို့ မရဘူး။ ကိုယ်တော်က ကျွန်ုပ်တို့ကိုချစ်တယ်၊ မှန်တာကို လုပ်စေချင်တယ်။ ဒါပေမဲ့ အတင်းအကျပ်တော့ မတိုက်တွန်းဘူး။ ဒါကြောင့် ကျွန်ုပ်တို့မှာ မကောင်းတာတစ်ခုခု ရှိနေတာကို ကိုယ်တော် မြင်တယ်ဆိုရင် သတိပေးတယ်။ ဘယ်လိုနည်းနဲ့လဲ။ ကျမ်းစာ မှန်မှန်ဖတ်တဲ့အခါ၊ အဖွဲ့အစည်းထုတ်စာပေတွေကို ဖတ်တဲ့အခါ၊ အသင်းတော်စည်းဝေးတွေတက်တဲ့အခါမှာ ဘုရားသခင့်သတိပေးစကားတွေကို ကြားရတယ်။ သင့်မှာရှိနေတဲ့ ယေဟောဝါပဲသိတဲ့ အားနည်းချက်တစ်ခုခုကို ပြုပြင်ဖို့ အကူအညီဖြစ်စေတဲ့ အကြောင်းအရာတစ်ခုကို သင်ဖတ်ရ၊ ကြားရဖူးသလား။ ယေဟောဝါရဲ့ အဲဒီလိုသတိပေးစကားတွေက ကျွန်ုပ်တို့ အမှန်တကယ် လိုအပ်ချိန်မှာ ရောက်လာတယ်။

ကျမ်းစာမှာပါတဲ့ သတိပေးချက်အားလုံးက ကျွန်ုပ်တို့တစ်ယောက်ချင်းစီကို ယေဟောဝါချစ်တယ်ဆိုတာ ဖော်ပြတယ်

၆၊ ၇။ (က) ယေဟောဝါဟာ မိမိရဲ့ကျေးကျွန်တစ်ဦးချင်းစီကို ဂရုစိုက်တယ်ဆိုတာ ဘယ်လိုဖော်ပြသလဲ။ (ခ) တစ်ဦးချင်းစီကို ယေဟောဝါ ဂရုစိုက်ခြင်းကနေ သင် ဘယ်လို အကျိုးရရှိနိုင်သလဲ။

ကျမ်းစာမှာပါတဲ့သတိပေးချက်အားလုံးက ကျွန်ုပ်တို့တစ်ယောက်ချင်းစီကို ယေဟောဝါချစ်တယ်ဆိုတာ ဖော်ပြတယ်။ ကျမ်းစာ၊ အဖွဲ့အစည်းထုတ်စာပေတွေနဲ့ အစည်းအဝေးတွေကနေ သန်းနဲ့ချီတဲ့လူတွေ အကျိုးခံစားနေရတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ယေဟောဝါက ကျမ်းစာမှာပါတဲ့ သတိပေးချက်တွေကို အာရုံစိုက်နားထောင်ဖို့ သင့်ကို တောင်းဆိုတယ်။ အဲဒါမှ သင် မှန်တာကို လုပ်ဆောင်နိုင်မယ်။ အဲဒါက ကိုယ်တော် သင့်ကို ဂရုစိုက်တယ်ဆိုတာ ဖော်ပြတယ်။

ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ ဩတ္တပ္ပစိတ်က အန္တရာယ်တွေကို ရှောင်ဖို့ ကူညီပေးတယ် (အပိုဒ် ၆၊ ၇ ကိုကြည့်ပါ)

ဘုရားသခင့်သတိပေးချက်တွေကနေ ဘယ်လို အကျိုးရယူနိုင်ပါသလဲ။ အရင်ဆုံး ကျွန်ုပ်တို့ကို ကိုယ်တော် တကယ်ဂရုစိုက်တယ်ဆိုတာ ယုံကြည်ရမယ်၊ အဲဒီနောက် ကိုယ်တော်ပြောတဲ့အတိုင်း လိုက်နာရမယ်။ ဒါကြောင့် ကိုယ့်မှာ ဘုရားသခင်မကြိုက်တဲ့ အတွေးတစ်ခုခု ရှိနေတယ်ဆိုရင် ချက်ချင်း ဖျောက်ဖျက်ပစ်ရမယ်။ (ဟေရှာယ ၅၅:၆၊ ၇ ကိုဖတ်ပါ။) သတိပေးချက်တွေကို ချက်ချင်း လိုက်နာတယ်ဆိုရင် ဝမ်းနည်းစရာကိစ္စများစွာကို ရှောင်နိုင်ပါလိမ့်မယ်။ သတိပေးချက်တွေကို မလိုက်နာဘူးဆိုရင်ကော။ ယေဟောဝါ ဆက်ပြီးဂရုစိုက်ဦးမလား။

မေတ္တာရှင်ဖခင် ကျွန်ုပ်တို့ကို ဆုံးမ

၈၊ ၉။ တစ်ယောက်ယောက်က ကျမ်းစာသုံးပြီး ကျွန်ုပ်တို့ကို ဆုံးမတယ်ဆိုရင် အဲဒါက ယေဟောဝါ ဂရုစိုက်တာလို့ ဘာကြောင့် ပြောနိုင်သလဲ။ ဥပမာပေးပါ။

ယေဟောဝါ ကျွန်ုပ်တို့ကို ဂရုစိုက်တဲ့အတွက်ကြောင့် ဆုံးမတယ်ဆိုတာ ကျွန်ုပ်တို့သိကြတယ်။ (ဟေဗြဲ ၁၂:၅၊ ၆ ကိုဖတ်ပါ။) ဆုံးမခံရတာကို ဘယ်သူမှ မကြိုက်ဘူးဆိုတာတော့ အမှန်ပါပဲ။ (ဟေဗြဲ ၁၂:၁၁) ဒါပေမဲ့ တစ်ယောက်ယောက်က ကျွန်ုပ်တို့ကို ကျမ်းစာသုံးပြီး ဆုံးမတယ်ဆိုရင် သူ ဘာကြောင့် အဲဒီလိုလုပ်တယ်ဆိုတာ သိဖို့ အရေးကြီးတယ်။ သူက ကျွန်ုပ်တို့ကို စိတ်ထိခိုက်စေချင်လို့ မဟုတ်ဘဲ ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးမှာ အန္တရာယ်ရှိနေပြီဆိုတာ သိလို့ ဆုံးမတာဖြစ်တယ်။ ယေဟောဝါဆီ ဘယ်လိုနည်းနဲ့ ပြန်လှည့်လာနိုင်တယ်ဆိုတာ ကျမ်းစာနဲ့ထောက်ပြဖို့ သူ အချိန်ယူပြီး ကြိုးစားလုပ်ဆောင်ပေးတယ်။ အဲဒီ ဆုံးမစကားက ယေဟောဝါဆီကလာတယ်ဆိုတာ သိလို့ ကျွန်ုပ်တို့ လေးလေးစားစား လိုက်နာကြတယ်။

ကျမ်းစာအခြေခံတဲ့ ဆုံးမစကားက ယေဟောဝါဆီကလာတယ်ဆိုတာ ကျွန်ုပ်တို့သိလို့ လေးလေးစားစား လိုက်နာကြတယ်

ဥပမာ၊ ညီအစ်ကိုတစ်ယောက်ဟာ အမှန်တရားမသိခင်တုန်းက ညစ်ညမ်းရုပ်ပုံစာပေတွေကို စွဲစွဲလမ်းလမ်း ကြည့်ခဲ့ဖူးတယ်။ အမှန်တရားသိလာတဲ့အခါ အဲဒီအကျင့်ကို ဖျောက်လိုက်တယ်။ နောက်ပိုင်း သူ လက်ကိုင်ဖုန်းတစ်လုံးဝယ်လိုက်တယ်၊ အဲဒီအခါ အင်တာနက်ကနေ ညစ်ညမ်းရုပ်ပုံတွေကို ပြန်ကြည့်မိတယ်။ (ယာ. ၁:၁၄၊ ၁၅) သူ့စိတ်ထဲမှာ ညစ်ညမ်းရုပ်ပုံစာပေတွေကို ကြည့်ချင်တဲ့ဆန္ဒက ပြင်းထန်နေပြီး ဖွဲမီးလို တငွေ့ငွေ့လောင်နေတယ်ဆိုတာ ထင်ရှားတယ်။ တစ်နေ့မှာ အကြီးအကဲတစ်ယောက်က သူ့ရဲ့ဖုန်းကို ငှားလိုက်လို့ သူ အဲဒီပုံတွေကြည့်တယ်ဆိုတာ ပေါ်သွားတယ်။ အကြီးအကဲက အဲဒီညီအစ်ကိုကို ချက်ချင်း ဆုံးမတယ်။ ညီအစ်ကိုက ဆုံးမတာကို နားထောင်တယ်၊ နောက်ဆုံးမှာ အဲဒီအကျင့်ဆိုးကို ဖျက်ပစ်လိုက်နိုင်တယ်။ ယေဟောဝါဟာ ကျွန်ုပ်တို့ရဲ့ လျှို့ဝှက်အပြစ်တွေကို မြင်တယ်၊ ကိုယ်တော်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေး မပျက်စီးခင်မှာ ဆုံးမနိုင်တယ်။ ယေဟောဝါ ကျွန်ုပ်တို့ကို အဲဒီလိုဂရုစိုက်လို့ ကျေးဇူးတင်စရာပါပဲ။

ကျွန်တော်တို့ လိုအပ်တာတွေကို ကိုယ်တော် အမြဲကူညီပေးတယ်

ကျမ်းစာလမ်းညွှန်ချက်တွေက လမ်းပြပေးပုံ

၁၀၊ ၁၁။ (က) ဘုရားသခင်ရဲ့လမ်းပြမှုကို ဘယ်လို “မျက်မှောက်ပြု” နိုင်သလဲ။ (ခ) ယေဟောဝါရဲ့လမ်းပြမှုကို လိုက်လျှောက်ခဲ့တဲ့ မိသားစုတစ်စုရဲ့ တွေ့ကြုံမှုကို ပြောပြပါ။

၁၀ “ကိုယ်တော်က ကျွန်တော့်ကို အကြံဉာဏ်ပေးပြီး လမ်းပြတယ်” လို့ ယေဟောဝါနဲ့ပတ်သက်ပြီး ဆာလံဆရာသီဆိုခဲ့တယ်။ (ဆာ. ၇၃:၂၄ကဘ) ကျမ်းစာမှာ ရှာဖွေလေ့လာခြင်းအားဖြင့် ယေဟောဝါရဲ့လမ်းပြမှုကို “မျက်မှောက်ပြု၊” ထည့်စဉ်းစားနိုင်ပါတယ်။ ဒီလိုနည်းအားဖြင့် ယေဟောဝါ ဘယ်လိုစဉ်းစားတယ်ဆိုတာ သိရပြီး ကိုယ်တော့်လမ်းညွှန်ချက်ကို လိုက်လျှောက်နိုင်တယ်၊ ကိုယ်တော်နဲ့ ကျွန်ုပ်တို့ဆက်ဆံရေးကို ဆက်ထိန်းထားနိုင်ပါတယ်။ ယေဟောဝါရဲ့အကြံပြုချက်က ကျွန်ုပ်တို့နဲ့ ကျွန်ုပ်တို့ရဲ့မိသားစုကို ထောက်ပံ့တဲ့ကိစ္စမှာလည်း ကူညီပေးတယ်။—သု. ၃:၆

ယေဟောဝါ ဘယ်လိုစဉ်းစားတယ်၊ ကိုယ်တော့်လမ်းညွှန်ချက်ကို ဘယ်လို လိုက်လျှောက်နိုင်တယ်ဆိုတာ သိနိုင်တယ်၊ ကိုယ်တော်နဲ့ ဆက်ပြီး ဆက်ဆံရေးကောင်းနေနိုင်ပါတယ်

၁၁ ဥပမာ၊ ဖိလစ်ပိုင်နိုင်ငံက စိုက်ပျိုးရေးလုပ်တဲ့ ညီအစ်ကိုတစ်ယောက်ဟာ ခြံတစ်ခုကိုငှားပြီး သူ့မိသားစုကြီးနဲ့အတူ နေကြတယ်။ သူနဲ့ သူ့ဇနီးက မှန်မှန်ရှေ့ဆောင်လုပ်တယ်။ တစ်နေ့မှာ ခြံပိုင်ရှင်က အဲဒီညီအစ်ကိုမိသားစုကို ခြံထဲမှာ ဆက်မထားနိုင်တော့ဘူးလို့ အကြောင်းကြားစာပို့တယ်။ အဲဒီမိသားစု ရုတ်တရက် အံ့ဩသွားတယ်၊ တစ်ယောက်ယောက်က သူတို့ကို မရိုးသားဘူးလို့စွပ်စွဲတယ်ဆိုတာ နောက်ပိုင်းမှာ သိသွားတယ်။ ညီအစ်ကိုက သူတို့မိသားစု ဘယ်မှာသွားနေရမလဲလို့ စိတ်ပူသွားတယ်။ ဒါပေမဲ့ ညီအစ်ကိုက ယေဟောဝါကို ယုံကြည်စိတ်ချပြီး “ယေဟောဝါ ကူညီမှာပါ။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ လိုအပ်တာတွေကို ကိုယ်တော် အမြဲကူညီပေးတယ်” လို့ပြောတယ်။ ဒီမိသားစုဟာ စွပ်စွဲခံရပေမဲ့ ကျမ်းစာလမ်းညွှန်ချက်တွေကိုလိုက်ပြီး အေးအေးဆေးဆေးပဲ နေကြတယ်။ ရက်အနည်းငယ် ကြာပြီးနောက်မှာ ခြံပိုင်ရှင်က သူတို့ကို ခြံထဲမှာဆက်နေလို့ရတယ်လို့ ပြောတယ်။ ခြံပိုင်ရှင်က ညီအစ်ကိုမိသားစုရဲ့ တုံ့ပြန်ပုံကို သဘောကျပြီး စိတ်ပြောင်းသွားတာဖြစ်တယ်။ စိုက်ပျိုးဖို့ မြေနေရာတောင် ထပ်တိုးပေးလိုက်သေးတယ်။ (၁ ပေတရု ၂:၁၂ ကိုဖတ်ပါ။) ကျမ်းစာလမ်းညွှန်ချက်တွေကို လိုက်နာတယ်ဆိုရင် ခက်ခဲချိန်တွေမှာ ယေဟောဝါ လမ်းပြမယ်ဆိုတာ သေချာပါတယ်။

အခက်အခဲတွေကို ခံရပ်နိုင်အောင် ကူညီပေးတဲ့မိတ်ဆွေ

၁၂၊ ၁၃။ ဘယ်လိုအချိန်မျိုးမှာ ယေဟောဝါ ကျွန်ုပ်တို့ကို ဂရုစိုက်တယ်ဆိုတာ ယုံကြည်ဖို့ ခက်ခဲနိုင်သလဲ။

၁၂ ယေဟောဝါရဲ့ကျေးကျွန်တွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ အခက်အခဲများစွာ ကြုံတွေ့ရနိုင်ပါတယ်။ ဖျားနာမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မိသားစုဆန့်ကျင်မှု စတဲ့အခက်အခဲတွေကို အချိန်အကြာကြီး ကျွန်ုပ်တို့ခံစားနေရနိုင်တယ်။ သည်းခံရ အခက်ဆုံးအရာတွေထဲက တစ်ခုက အသင်းတော်မှာရှိတဲ့ တစ်ယောက်ယောက်နဲ့ စရိုက်ချင်းမတူတဲ့အတွက် အကြီးအကျယ် သဘောထားကွဲလွဲတာ ဖြစ်တယ်။

၁၃ ဥပမာ၊ ညီအစ်ကိုတစ်ယောက် ပြောလိုက်တဲ့စကားကြောင့် သင် အရမ်းစိတ်ထိခိုက်သွားနိုင်တယ်။ ‘ဘုရားသခင့်အဖွဲ့အစည်းမှာ ဒီလို မဖြစ်သင့်ဘူး’ လို့ သင်စဉ်းစားမိနိုင်ပါတယ်။ အဲဒီအပြင် သင့်ကို စိတ်ထိခိုက်အောင် လုပ်တဲ့ညီအစ်ကိုက အသင်းတော်မှာ အခွင့်ထူးတွေ ရနေတယ်၊ တခြားသူတွေကလည်း သူ့ကို အရမ်းအထင်ကြီးကြတယ်။ အဲဒီအခါ ‘ဒါ ဘယ်လိုဖြစ်တာလဲ။ ယေဟောဝါ မမြင်ဘူးလား။ ကိုယ်တော် ဘာမှ မလုပ်တော့ဘူးလား’ လို့ မေးမိနိုင်ပါတယ်။—ဆာ. ၁၃:၁၊ ၂; ဟဗ. ၁:၂၊ ၃

၁၄။ ကျွန်ုပ်တို့ကို ပြင်းပြင်းထန်ထန် ဆုံးမဖို့ ယေဟောဝါ ဘာကြောင့် ညီအစ်ကိုတွေကို ခွင့်ပြုတာဖြစ်နိုင်သလဲ။

၁၄ ယေဟောဝါက ကျွန်ုပ်တို့ မြင်တာထက် ပိုမြင်တယ်။ အရေးကြီးတဲ့အကြောင်းရင်းတွေကြောင့် အခြေအနေတစ်ခုကို ကိုယ်တော် ခွင့်ပြုထားတာဖြစ်နိုင်တယ်။ ဥပမာ၊ ကျွန်ုပ်တို့ဟာ မလိုအပ်ဘဲ သွန်သင်ချက်ပေး ခံနေရတယ်လို့ ယူဆပြီး စိတ်ထိခိုက်နေနိုင်တယ်။ ဒါပေမဲ့ ဘုရားသခင်က အဲဒီအခြေအနေကို နောက်တစ်မျိုးနဲ့ ရှုမြင်နေတာဖြစ်နိုင်တယ်။ တကယ်ဆိုရင် အဲဒီသွန်သင်ချက်ကို ကျွန်ုပ်တို့ လိုအပ်နေတာ ဖြစ်နိုင်တယ်။ ညီအစ်ကို ကားလ် ကလိန်းက သူ့ကို ညီအစ်ကို ရပ်သဖော့ဒ် ပြင်းပြင်းထန်ထန် ဆုံးမဖူးတယ်လို့ သူ့ရဲ့ ဘဝအတ္ထုပ္ပတ္တိမှာ ပြောခဲ့တယ်။ အဲဒီနောက်ပိုင်း ညီအစ်ကို ရပ်သဖော့ဒ်က သူ့ကို ရင်းရင်းနှီးနှီး နှုတ်ဆက်တဲ့အခါ သူက စိတ်မပါ့တပါပဲ ပြန်နှုတ်ဆက်ခဲ့တယ်။ ညီအစ်ကို ကားလ် ကလိန်း ဆုံးမခံရလို့ စိတ်ဆိုးနေတယ်ဆိုတာ ညီအစ်ကို ရပ်သဖော့ဒ် သတိထားမိတယ်။ ဒါနဲ့ ညီအစ်ကို ရပ်သဖော့ဒ်က “သတိထားပါ။ ခင်ဗျားနောက်မှာ မာရ်နတ် ရောက်နေတယ်” လို့ ညီအစ်ကို ကားလ် ကလိန်းကို သတိပေးခဲ့တယ်။ ဒီအကြံပြုချက်က ညီအစ်ကိုကလိန်းအတွက် တကယ် အကူအညီဖြစ်စေခဲ့တယ်။ ညီအစ်ကို ကားလ် ကလိန်း အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်လာတဲ့အခါ ဒီလိုပြောခဲ့တယ်– “ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေမှာ ကျွန်တော်တို့ကို ဆုံးမပိုင်ခွင့်ရှိတယ်။ အဲဒါကို လက်မခံဘူးဆိုရင် မာရ်နတ်လက်ထဲ ရောက်သွားလိမ့်မယ်။” *

စိတ်ရှည်တတ်အောင် သင်ယူဖို့ အရေးကြီးတယ်

၁၅။ အခက်အခဲတွေ ကြုံရတဲ့အခါ ဘာကိုသတိရသင့်သလဲ။

၁၅ ကျွန်ုပ်တို့က အခက်အခဲတွေကို မြန်မြန် အဆုံးတိုင်စေချင်တယ်။ ဒါပေမဲ့ စိတ်ရှည်တတ်အောင် သင်ယူဖို့ အရေးကြီးတယ်။ သင်က ယာဉ်ကြောပိတ်နေတဲ့လမ်းမကြီးမှာ ကားမောင်းနေတယ်ဆိုပါစို့။ ယာဉ်ကြောရှင်းဖို့ ဘယ်လောက်ကြာကြာ စောင့်ရမလဲဆိုတာ မသိဘူး။ သင်က စိတ်မရှည်တော့ဘဲ နောက်လမ်းကြောတစ်ခုကို ရှာဖို့ကြိုးစားတယ်။ ဒါပေမဲ့ လမ်းပျောက်ပြီး သင် သွားမယ့်နေရာကို နောက်ကျမှရောက်သွားတယ်။ တကယ်လို့ သင်က စိတ်ရှည်ရှည်နဲ့ နဂိုလမ်းကြောပေါ်မှာပဲ ဆက်စောင့်နေမယ်ဆိုရင် သွားမယ့်နေရာကို အချိန်မီရောက်သွားနိုင်တယ်။ အခက်အခဲတွေကြုံရတဲ့အခါမှာလည်း အလားတူပါပဲ။ ကျွန်ုပ်တို့က စိတ်ရှည်မယ်၊ ကျမ်းစာလမ်းညွှန်ချက်တွေကို လိုက်လျှောက်မယ်ဆိုရင် ခံနိုင်ရည်ရှိအောင် ယေဟောဝါ ကူညီပေးပါလိမ့်မယ်။

၁၆။ ယေဟောဝါ ဘာကြောင့် ကျွန်ုပ်တို့ဒုက္ခခံဖို့ ခွင့်ပြုတာ ဖြစ်နိုင်သလဲ။

၁၆ ယေဟောဝါက ကျွန်ုပ်တို့ကို အခက်အခဲတွေနဲ့ လေ့ကျင့်ပေးချင်လို့ အခက်အခဲတွေကို ခွင့်ပြုတာဖြစ်နိုင်တယ်။ (၁ ပေတရု ၅:၆–၁၀ ကိုဖတ်ပါ။) အခက်အခဲတွေကို ဘုရားသခင် ဖြစ်ပေါ်စေတယ်လို့ ဘယ်တော့မှ မစဉ်းစားသင့်ဘူး။ (ယာ. ၁:၁၃) ဆင်းရဲဒုက္ခအများစုကို ဖြစ်စေတဲ့သူက ‘သင်တို့ရဲ့ရန်သူ မာရ်နတ်’ ပဲ။ ဒါပေမဲ့ ကျွန်ုပ်တို့ ဆင်းရဲဒုက္ခခံနေရတာကို ယေဟောဝါ မြင်တယ်၊ ကိုယ်တော် ကျွန်ုပ်တို့ကို ချစ်တယ်ဆိုတာ သိထားဖို့အရေးကြီးတယ်။ ကိုယ်တော်ဟာ အခက်အခဲတွေကို ထာဝစဉ်တည်ရှိဖို့ ခွင့်ပြုမှာမဟုတ်ပါဘူး။ အဲဒါတွေက “တစ်ခဏ” ပဲရှိမှာဖြစ်တယ်။ ယေဟောဝါ သင့်ကို ဂရုစိုက်တယ်၊ သင် အဆုံးထိ ခံရပ်နိုင်အောင် ခွန်အားပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါ။—၂ ကော. ၄:၇-၉

ယေဟောဝါ ဆုချမယ်

၁၇။ ယေဟောဝါက ဘာကြောင့် လူအားလုံးရဲ့စိတ်နှလုံးကို စစ်ဆေးတာလဲ။

၁၇ ယေဟောဝါဟာ သူ့ကို တကယ်ချစ်တဲ့သူတွေကို ရှာဖွေဖို့ လူအားလုံးရဲ့စိတ်နှလုံးကို စစ်ဆေးတယ်။ ပရောဖက်ဟာနန်က ဘုရင်အာသကို ဒီလိုပြောတယ်– ‘ယေဟောဝါက သူ့ကို နှလုံးအပြည့်အဝနဲ့ ဝတ်ပြုသူတွေအကျိုးအတွက် သူ့ရဲ့အစွမ်းခွန်အားကိုပြဖို့ ကိုယ်တော့်မျက်လုံးတွေဟာ မြေကြီးတစ်ခွင်လုံးကို လှည့်လည်ကြည့်ရှုနေတယ်။’ (၆ ရာ. ၁၆:၉ကဘ) ယေဟောဝါက သင့်အတွက် သူ့ရဲ့ “အစွမ်းခွန်အားကိုပြ” ပါလိမ့်မယ်၊ ဆိုလိုတာက ကိုယ်တော် သင့်ကို ကာကွယ်မယ်၊ ဆုချမယ်။

ယေဟောဝါက ကျွန်ုပ်တို့လုပ်တဲ့ လုပ်ရပ်ကောင်းအားလုံးကို တွေ့မြင်တယ်

၁၈။ ကျွန်ုပ်တို့ ကောင်းတာလုပ်တယ်ဆိုရင် ယေဟောဝါ ဆုချမယ်လို့ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၈ ယေဟောဝါဟာ ကျွန်ုပ်တို့ကို “မျက်နှာသာပေး” ချင်တယ်။ ဆိုလိုတာက ကိုယ်တော်က ကျွန်ုပ်တို့ကို ဆုချချင်တယ်။ ကိုယ်တော့်ဆီက ကောင်းချီးလိုချင်တယ်ဆိုရင် “ကောင်းမှုကိုရှာ၊” “ကောင်းမှုကိုချစ်” ပြီး “အကောင်းကိုပြုလုပ်” ရမယ်။ (အာ. ၅:၁၄၊ ၁၅ကဘ; ၁ ပေ. ၃:၁၁၊ ၁၂) ယေဟောဝါက ဖြောင့်မတ်သူတွေကို မြင်တယ်၊ သူတို့ကို ဆုချတယ်။ (ဆာ. ၃၄:၁၅) အဲဒီအချက်ကို ဟေဗြဲ ဝမ်းဆွဲတွေဖြစ်တဲ့ ရှိဖရနဲ့ ပုအာရဲ့အဖြစ်အပျက်ကနေ သိနိုင်တယ်။ ဖာရောက မွေးလာတဲ့ အစ္စရေးယောက်ျားလေးအားလုံးကို သတ်ပစ်ရမယ်လို့ အမိန့်ထုတ်ထားတယ်။ အဲဒီဝမ်းဆွဲနှစ်ယောက်က ဖာရောရဲ့စကားထက် ဘုရားသခင့်စကားကို နားထောင်ပြီး ကလေးတွေကို ကယ်တင်ခဲ့တယ်။ ယေဟောဝါဟာ ရှိဖရနဲ့ ပုအာရဲ့ ကောင်းတဲ့လုပ်ရပ်ကို တွေ့မြင်ခဲ့တယ်။ သူတို့ကို သားသမီးတွေ မွေးဖွားစေခြင်းအားဖြင့် ဆုချခဲ့တယ်။ (ထွ. ၁:၁၅-၁၇၊ ၂၀၊ ၂၁) ကျွန်ုပ်တို့ ကောင်းတာလုပ်တာကို ဘယ်သူမှ မမြင်ဘူးလို့ တစ်ခါတလေ စဉ်းစားမိမယ်။ ဒါပေမဲ့ ယေဟောဝါက ကျွန်ုပ်တို့လုပ်တဲ့ လုပ်ရပ်ကောင်းအားလုံးကို တွေ့မြင်တယ်။ ကျွန်ုပ်တို့ကို ကိုယ်တော် ဆုချပါလိမ့်မယ်။—မ. ၆:၄၊ ၆; ၁ တိ. ၅:၂၅; ဟေဗြဲ ၆:၁၀

၁၉။ ညီအစ်မတစ်ယောက် ဘယ်လို တွေ့ကြုံခဲ့ရသလဲ။

၁၉ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်ုပ်တို့ ကြိုးစားလုပ်နေတာတွေကို ယေဟောဝါ မမြင်ဘူးလို့ တစ်ခါတလေ ခံစားမိနိုင်တယ်၊ ဒါပေမဲ့ ကိုယ်တော် မြင်ပါတယ်။ ဩစတြီးယားနိုင်ငံက ဟန်ဂေရီလူမျိုး ညီအစ်မတစ်ယောက်က ဟန်ဂေရီစကားပြောတဲ့ အမျိုးသမီးတစ်ယောက်ရဲ့လိပ်စာ ရထားတယ်။ ညီအစ်မက ချက်ချင်းပဲ လိပ်စာအတိုင်းသွားရှာတယ်၊ ဒါပေမဲ့ အိမ်မှာ ဘယ်သူမှ မရှိဘူး။ ညီအစ်မက တစ်နှစ်ခွဲကြာတဲ့အထိ ခဏခဏ ပြန်သွားပြီး သူ့ရဲ့တယ်လီဖုန်းနံပါတ်နဲ့ စာပေတွေ၊ စာတွေထားခဲ့တယ်။ တစ်ခါတလေ အိမ်ထဲမှာ လူရှိတယ်လို့ ထင်ရပေမဲ့ တံခါးမဖွင့်ပေးဘူး။ တစ်နေ့ သူ အဲဒီအိမ်ကိုသွားတဲ့အခါ ဖော်ရွေတဲ့ အမျိုးသမီးတစ်ယောက်က တံခါးလာဖွင့်ပေးပြီး ဒီလိုပြောတယ်– “အိမ်ထဲဝင်ပါ။ ရှင်ပေးခဲ့တာတွေ အားလုံးကို ကျွန်မဖတ်တယ်၊ ပြီးတော့ ရှင့်ကို စောင့်နေတာ။” အဲဒီအမျိုးသမီးက ဆေးကုသမှုခံယူနေရတယ်၊ လူတွေနဲ့လည်း သိပ်စကားမပြောချင်ဘူး။ သူက ကျမ်းစာသင်ဖို့ လက်ခံလိုက်တယ်။ ညီအစ်မက သူ့ရဲ့ ကြိုးစားမှုကို ယေဟောဝါ မြင်တယ်၊ သူ့ကို ဆုချတယ်လို့ ခံစားခဲ့ရတယ်။

၂၀။ ယေဟောဝါ သင့်ကို ဂရုစိုက်တယ်ဆိုတာနဲ့ပတ်သက်ပြီး သင် ဘယ်လိုခံစားရသလဲ။

၂၀ ဒီဆောင်းပါးမှာ လေ့လာခဲ့တဲ့အတိုင်း ယေဟောဝါက ကျွန်ုပ်တို့လုပ်သမျှကို မြင်တယ်၊ လူတိုင်းရဲ့စိတ်နှလုံးကို စစ်ဆေးတယ်။ ကျွန်ုပ်တို့ရဲ့အမှားတွေကို ကိုယ်တော် ရှာဖွေပြီး မှတ်ထားတယ်လို့ ကျွန်ုပ်တို့မခံစားရဘူး။ အဲဒီအစား ယေဟောဝါက ကျွန်ုပ်တို့ကို ဂရုစိုက်တယ်၊ တကယ်ကူညီပေးချင်တယ်၊ ကျွန်ုပ်တို့လုပ်တဲ့ ကောင်းမှုတွေအတွက် ဆုချချင်တယ်ဆိုတာသိလို့ ကိုယ်တော်နဲ့ ပိုရင်းနှီးတယ်လို့ ခံစားရပါတယ်။

^ စာပိုဒ်၊ 14 ညီအစ်ကို ကားလ် ကလိန်းရဲ့အကြောင်းကို အောက်တိုဘာ ၁၊ ၁၉၈၄ [အင်္ဂလိပ်] ကင်းမျှော်စင် မှာ ဖော်ပြထားတယ်။