မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရဲစွမ်းသတ္တိရှိပါ—ယေဟောဝါဟာ သင့်ကို ကူညီမစတဲ့အရှင်ဖြစ်တယ်

ရဲစွမ်းသတ္တိရှိပါ—ယေဟောဝါဟာ သင့်ကို ကူညီမစတဲ့အရှင်ဖြစ်တယ်

‘ယေဟောဝါဘုရားသည် ငါ့ကို ကူညီမစသောအရှင်ဖြစ်သည်’ ဟု ရဲရင့်စွာပြောဆိုပါ။—ဟေဗြဲ ၁၃:၆

၁၊ ၂။ နိုင်ငံခြားမှာ အလုပ်သွားလုပ်တဲ့သူတွေ အိမ်ပြန်လာတဲ့အခါ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ရုပ်ပုံကို ကြည့်ပါ။)

အက်ဝါဒိုဟာ မိသားစုနဲ့ခွဲပြီး နိုင်ငံခြားမှာ အလုပ်လုပ်နေတုန်းက အလုပ်ကောင်းကောင်း တစ်ခုရှိပြီး ဝင်ငွေလည်းကောင်းတယ်။ * ဒါပေမဲ့ သူအမှန်တရား သိလာတဲ့အခါ သူ့မိသားစုက ပိုက်ဆံပဲလိုတာမဟုတ်ဘူးဆိုတာ သိလာတယ်။ မိသားစုကို စောင့်ရှောက်ဖို့ သူ အိမ်မှာရှိဖို့လိုတယ်။ ဒါနဲ့ သူအိမ်ပြန်လိုက်တယ်။—ဧ. ၆:၄

အက်ဝါဒိုဟာ ယေဟောဝါ သူ့ကို အိမ်ပြန်စေချင်တယ်ဆိုတာ သိတယ်။ ဒါပေမဲ့ အဲဒါက မလွယ်ဘူး။ သူ့မိန်းမ၊ ကလေးတွေနဲ့ ဆက်ဆံရေးပြန်ကောင်းအောင် လုပ်ရတယ်၊ သူတို့ကိုကျွေးမွေးဖို့ ပိုက်ဆံအလုံအလောက်ရှာရတယ်။ အဲဒါတွေကို သူ ဘယ်လိုလုပ်မလဲ။ အသင်းတော်က သူတို့ကို ကူညီပေးမလား။

ယေဟောဝါနဲ့ဆက်ဆံရေး၊ မိသားစုနဲ့ဆက်ဆံရေး ပြန်ကောင်းအောင်လုပ်ပါ

၃။ မိဘတွေ အဝေးမှာနေတဲ့အခါ ကလေးတွေစိတ်မှာ ဘယ်လိုခံစားရသလဲ။

အက်ဝါဒို ဒီလိုဝန်ခံခဲ့တယ်– “ကျွန်တော့်ရဲ့ သွန်သင်မှုနဲ့ မေတ္တာကို ကလေးတွေ အလိုအပ်ဆုံးအချိန်မှာ သူတို့ကို ကျွန်တော် လျစ်လျူရှုခဲ့တယ်။ ကလေးတွေနဲ့အတူ ကျမ်းစာပုံပြင်တွေဖတ်ဖို့၊ ဆုတောင်းဖို့၊ ကစားဖို့နဲ့ သူတို့ကိုပွေ့ဖက်ဖို့ ကျွန်တော် အိမ်မှာမရှိခဲ့ဘူး။ (တရား. ၆:၇) သူ့ရဲ့အကြီးဆုံးသမီးအန်နာက ဒီလိုပြောတယ်– “အိမ်မှာ အဖေမရှိလို့ မလုံခြုံဘူးလို့ ခံစားရတယ်။ အဖေအိမ်ပြန်လာတဲ့အခါ သူ့ရဲ့ရုပ်နဲ့အသံကြောင့် မှတ်မိတာ။ အဖေ ကျွန်မကို ဖက်တဲ့အခါ စိတ်ထဲမှာ မသက်မသာ ဖြစ်မိတယ်။”

အဖေတစ်ယောက်က အဝေးမှာနေတာ ပိုကြာလေ အိမ်ထောင်ဦးစီးတာဝန်ကျေပွန်ဖို့ ပိုခက်လေပဲ

၄။ အဖေတစ်ယောက်က အဝေးမှာနေတဲ့အခါ အိမ်ထောင်ဦးစီးတာဝန်ကျေပွန်ဖို့ ဘာကြောင့် ခက်ခဲသလဲ။

အဖေတစ်ယောက်က အဝေးမှာနေတာ ပိုကြာလေ အိမ်ထောင်ဦးစီးတာဝန်ကျေပွန်ဖို့ ပိုခက်လေပဲ။ အက်ဝါဒိုရဲ့ဇနီး ရူဘီ ဒီလိုရှင်းပြတယ်– “ကျွန်မက အမေတာဝန်ရော အဖေတာဝန်ပါ ယူရတယ်။ မိသားစုကိစ္စအများစုမှာ ကျွန်မကပဲ ဆုံးဖြတ်ရတယ်။ အက်ဝါဒို အိမ်ပြန်လာတဲ့အခါ ခရစ်ယာန်လက်အောက်ခံမှုက ဘာလဲဆိုတာကို ကျွန်မ သင်ယူခဲ့ရတယ်။ အခုအချိန်ထိပါပဲ တစ်ခါတလေမှာ ယောက်ျား အိမ်မှာရှိနေတယ်လို့ ကိုယ့်ကိုယ်ကို ပြန်သတိပေးရတယ်။” (ဧ. ၅:၂၂၊ ၂၃) “သမီးတွေက တစ်ခုခုလုပ်တော့မယ်ဆိုရင် သူတို့အမေဆီမှာပဲ ခွင့်ပြုချက်တောင်းကြတယ်။ ခရစ်ယာန်လမ်းစဉ်နဲ့အညီ ဦးဆောင်တတ်ဖို့ ကျွန်တော် သင်ယူခဲ့ရတယ်” လို့ အက်ဝါဒိုက ပြောတယ်။ မိဘတွေအတူတိုင်ပင်ပြီး ဆုံးဖြတ်တယ်ဆိုတာကို ကလေးတွေ သိမြင်ဖို့လိုတယ်လို့ အက်ဝါဒိုနဲ့ ရူဘီ သိခဲ့ရတယ်။

၅။ အက်ဝါဒို အိမ်ပြန်ရောက်တဲ့အခါ မိသားစုနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် ဘာလုပ်ခဲ့သလဲ။ ဘာအကျိုးရသလဲ။

အက်ဝါဒိုဟာ မိသားစုနဲ့ ဆက်ဆံရေးပြန်ကောင်းအောင် အတတ်နိုင်ဆုံး ကြိုးစားတယ်၊ ယေဟောဝါနဲ့ မိသားစုရဲ့ဆက်ဆံရေးကောင်းဖို့လည်း ကူညီပေးခဲ့တယ်။ ကလေးတွေကို အမှန်တရားအကြောင်း အပြောနဲ့ရော ပုံသက်သေနဲ့ပါ သင်ပေးချင်တယ်။ သူ ယေဟောဝါကို ချစ်တာက အပြောနဲ့ပဲမဟုတ်ဘူးဆိုတာ ပြချင်ခဲ့တယ်။ (၁ ယော. ၃:၁၈) အက်ဝါဒိုရဲ့ကြိုးစားမှုကို ယေဟောဝါ ကောင်းချီးပေးခဲ့သလား။ အန်နာ ဒီလို အဖြေပေးတယ်– “ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့၊ ကျွန်မတို့နဲ့ ရင်းရင်းနှီးနှီးရှိဖို့ အဖေ အတတ်နိုင်ဆုံးကြိုးစားတာကို မြင်ရတဲ့အခါ အခြေအနေ အကြီးအကျယ်ပြောင်းလဲသွားတယ်။ အသင်းတော်မှာ တက်လှမ်းဖို့ အဖေကြိုးစားနေတာ မြင်ရတဲ့အခါ ကျွန်မတို့ ဂုဏ်ယူတယ်။ လောက,က ကျွန်မတို့ကို ယေဟောဝါနဲ့ ဝေးကွာသွားအောင် ဆွဲခေါ်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့မိဘတွေက အမှန်တရားကိုပဲ အာရုံစိုက်တယ်။ ဒါကြောင့် ကျွန်မတို့လည်း အဲဒီအတိုင်းလုပ်ဖို့ ကြိုးစားတယ်။ အဖေက ကျွန်မတို့ကိုထားပြီး နောက်ဘယ်တော့မှ ထွက်မသွားတော့ဘူးလို့ ကတိပေးတယ်။ သူ အဲဒီအတိုင်း လုပ်ခဲ့တယ်။ သူသာ ထွက်သွားခဲ့မယ်ဆိုရင် အခုချိန်မှာ ကျွန်မ အမှန်တရားထဲမှာ ရှိနေမှာမဟုတ်ဘူး။”

တာဝန်ကို လက်ခံပါ

၆။ ဘော်လ်ကန်မှာ စစ်ဖြစ်နေချိန်မှာ မိဘများစွာဟာ ဘာကို သိခဲ့ရသလဲ။

ကလေးတွေက မိဘတွေကို သူတို့အနားမှာ ရှိစေချင်ကြတယ်။ ဥပမာ၊ ဘော်လ်ကန်မှာ စစ်ဖြစ်တဲ့အခါ သက်သေခံမိဘများစွာဟာ အလုပ်သွားလို့ မရဘူး။ အဲဒါကြောင့် အိမ်မှာ ကလေးတွေနဲ့အတူနေဖို့ အချိန်အများကြီးရတယ်။ ကလေးတွေနဲ့ ကစားတယ်၊ စကားပြောတယ်၊ သူတို့ကို ကျမ်းစာသင်ပေးတယ်။ အဲဒါကို ကလေးတွေက ကြိုက်ကြတယ်၊ စစ်အတွင်းမှာ ခက်ခဲပေမဲ့ ကလေးတွေပျော်ရွှင်ကြတယ်။ အဲဒီကနေ ဘာသိရသလဲ။ ကလေးတွေဟာ ပိုက်ဆံ ဒါမှမဟုတ် လက်ဆောင်ထက် မိဘတွေကို ပိုအလိုရှိကြတယ်။ ကျမ်းစာပြောသလိုပဲ မိဘတွေက အချိန်ယူပြီး ကလေးတွေနဲ့အတူနေပေးတယ်၊ ဆုံးမသွန်သင်တယ်ဆိုရင် သူတို့တွေ အကျိုးခံစားရပါလိမ့်မယ်။—သု. ၂၂:၆

၇၊ ၈။ (က) မိဘတွေ မိသားစုဆီပြန်လာတဲ့အခါ ဘာကြောင့် ထိတ်လန့်မိနိုင်သလဲ။ (ခ) မိဘတွေဟာ သားသမီးတွေနဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင် ဘယ်လိုလုပ်နိုင်သလဲ။

တချို့မိဘတွေ မိသားစုနဲ့အတူနေဖို့ ပြန်လာတဲ့အခါ ထိတ်လန့်မိနိုင်တယ်။ မိဘတွေ ပြန်လာတာကို ကလေးတွေက အရေးမစိုက်သလို ဒါမှမဟုတ် မိဘတွေကို မယုံတော့သလို အပြုအမူတွေ ပြနိုင်တယ်။ “မင်းတို့အတွက် ငါအနစ်နာခံပြီး အဲဒီလောက်လုပ်ခဲ့တာတောင် ဘာကြောင့် အခုလိုကျေးဇူးကန်းတာလဲ” လို့ မိဘက ပြောမိနိုင်တယ်။ အမှန်တော့ ကလေးတွေက မိဘနဲ့ခွဲနေရလို့ စိတ်ထိခိုက်နေတာဖြစ်တယ်။ အဲဒီပြဿနာကို မိဘတွေ ဘယ်လို ဖြေရှင်းနိုင်သလဲ။

အရင်ဆုံး မိသားစုဝင်တွေရဲ့ ခံစားချက်ကို နားလည်နိုင်အောင် ကူညီပေးပါလို့ ယေဟောဝါဆီ ဆုတောင်းပါ၊ ပြီးတဲ့နောက် သူတို့ကို ဂရုစိုက်တယ်ဆိုတာ ဖော်ပြပါ။ ဒီကိစ္စအတွက် သင့်မှာလည်း တာဝန်ရှိတယ်ဆိုတာ မိသားစုကိုပြောပြပြီး ဝန်ခံပါ။ စိတ်ရင်းမှန်နဲ့တောင်းပန်တာက အကူအညီဖြစ်နိုင်ပါတယ်။ အခြေအနေတွေ ပြန်ကောင်းလာအောင် သင်ကြိုးစားနေတယ်ဆိုတာ မိသားစုဝင်တွေ မြင်တယ်ဆိုရင် သင့်ရဲ့စိတ်ရင်းမှန်ကို သူတို့သိမြင်လာပါလိမ့်မယ်။ သင်က စိတ်ရှည်ပြီး လက်မလျှော့ဘူးဆိုရင် မိသားစုဝင်တွေက သင့်ကို ပြန်ချစ်လာပြီး လေးစားလာနိုင်ပါတယ်။

မိသားစုကို ထောက်ပံ့ခြင်း

၉။ ဘာကြောင့် ကိုယ့်မှာရှိတာနဲ့ပဲ ရောင့်ရဲသင့်သလဲ။

အသက်ကြီးတဲ့ခရစ်ယာန်တွေက ကိုယ့်ကိုယ်ကို မထောက်ပံ့နိုင်တော့ဘူးဆိုရင် သားသမီးနဲ့ မြေးတွေက ကူညီပေးသင့်တယ်လို့ တမန်တော်ပေါလု ရေးခဲ့တယ်။ ဒါပေမဲ့ ခရစ်ယာန်အားလုံးဟာ ကိုယ့်မှာရှိတဲ့ စားစရာ၊ ဝတ်စရာ၊ နေစရာနဲ့ ကျေနပ်ရောင့်ရဲနေဖို့လည်း ပေါလု တိုက်တွန်းခဲ့တယ်။ (၁ တိမောသေ ၅:၄၊ ၈; ၆:၆–၁၀ ကိုဖတ်ပါ။) ခရစ်ယာန်တစ်ယောက်ဟာ မိသားစုကို ထောက်ပံ့ဖို့အတွက် ပျောက်ကွယ်တော့မယ့်ဒီလောကမှာ ချမ်းသာဖို့ မလိုပါဘူး။ (၁ ယော. ၂:၁၅-၁၇) ပိုက်ဆံက ပြဿနာအားလုံးကို ဖြေရှင်းနိုင်တယ်လို့ မယူဆသင့်ဘူး။ ဘုရားသခင့်ကမ္ဘာသစ်မှာ မိသားစုဝင်တွေရရှိမယ့် “မှန်သောအသက်” ကို ‘ဘဝရဲ့စိုးရိမ်ပူပန်မှု’ တွေကြောင့် မဆုံးၡုံးစေသင့်ဘူး။—လု. ၂၁:၃၄-၃၆; ၁ တိ. ၆:၁၉; မာ. ၄:၁၉

ပိုက်ဆံက ယေဟောဝါပေးတဲ့ ဉာဏ်ပညာလို ကျွန်ုပ်တို့ကို မကူညီ၊ မကာကွယ် ပေးနိုင်ပါဘူး

၁၀။ အကြွေးမတင်တာ ဘာကြောင့်ကောင်းသလဲ။

၁၀ ကျွန်ုပ်တို့မှာ ပိုက်ဆံ အနည်းငယ်ရှိဖို့လိုတယ်ဆိုတာ ယေဟောဝါသိတယ်။ ဒါပေမဲ့ ပိုက်ဆံက ယေဟောဝါပေးတဲ့ဉာဏ်ပညာလို ကျွန်ုပ်တို့ကို မကူညီ၊ မကာကွယ်ပေးနိုင်ပါဘူး။ (ဒေ. ၇:၁၂; လု. ၁၂:၁၅) နိုင်ငံခြားသွားပြီး အလုပ်လုပ်တာက ဘယ်လောက်အထိ ထိခိုက်နစ်နာစေနိုင်တယ်ဆိုတာကို များသောအားဖြင့် လူတွေ မသိကြဘူး။ နိုင်ငံခြားမှာ အလုပ်သွားလုပ်တိုင်း ပိုက်ဆံရမယ်လို့လည်း သေချာမပြောနိုင်ပါဘူး။ တကယ်တော့ အဲဒီလို သွားတာက အန္တရာယ်ရှိတယ်။ အများစုက အကြွေးတွေတင်ပြီး အိမ်ပြန်လာကြတယ်။ ဘုရားသခင့်အမှုတော်မှာ ပိုပါဝင်နိုင်မယ့်အစား အကြွေးပြန်ဆပ်နိုင်ဖို့အတွက် လူတွေရဲ့ကျွန် ဖြစ်နေကြရတယ်။ (သုတ္တံ ၂၂:၇ ကိုဖတ်ပါ။) အစကတည်းက အကြွေးမတင်တာ ကောင်းပါတယ်။

‘ယေဟောဝါရဲ့လက်တော်က မတိုဘူး’

၁၁။ ဘတ်ဂျက်တစ်ခုထားတာက မိသားစုအတွက် ဘယ်လိုအကူအညီဖြစ်စေနိုင်သလဲ။

၁၁ အက်ဝါဒိုဟာ အိမ်ပြန်ရောက်လာတဲ့အခါ မိသားစုကို ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်ဖို့အတွက် ပိုက်ဆံကို စနစ်တကျ သုံးရမယ်ဆိုတာ သိလာတယ်။ သူနဲ့ သူ့မိန်းမက သူတို့ အမှန်တကယ်လိုအပ်တာတွေအပေါ် အခြေခံပြီး တွက်ချက်ထားတဲ့ ဘတ်ဂျက်တစ်ခု ဆွဲထားတယ်။ * အဲဒီဘတ်ဂျက်အတိုင်း လိုက်ဖို့အတွက် သူတို့ပိုက်ဆံရှိတုန်းက သုံးခဲ့သလောက် အခု မသုံးနိုင်တော့ဘူး။ ဒါပေမဲ့ မိသားစုဝင်အားလုံး ပူးပေါင်းလုပ်ဆောင်ကြတယ်၊ မလိုအပ်တဲ့အရာတွေအတွက် ပိုက်ဆံအကုန်မခံကြဘူး။ အက်ဝါဒိုက “ဥပမာအနေနဲ့ သားသမီးတွေကို ပုဂ္ဂလိကကျောင်းကနေထုတ်ပြီး အစိုးရကျောင်းမှာ ထားလိုက်တယ်” လို့ပြောတယ်။ သူနဲ့ သူ့မိသားစုဝင်တွေက မိသားစုရဲ့ဝတ်ပြုရေးအစီအစဉ်တွေကို မထိခိုက်စေမယ့် အလုပ်တစ်ခုရဖို့ ဝိုင်းဆုတောင်းကြတယ်။ သူတို့ရဲ့ဆုတောင်းချက်ကို ယေဟောဝါ ဘယ်လို အဖြေပေးသလဲ။

၁၂၊ ၁၃။ အက်ဝါဒိုဟာ မိသားစုကို ထောက်ပံ့ဖို့ ဘာလုပ်ခဲ့သလဲ။ ဘဝကို ရိုးရိုးရှင်းရှင်းထားမယ်ဆိုတဲ့ သူရဲ့ဆုံးဖြတ်ချက်ကို ယေဟောဝါ ဘယ်လိုကောင်းချီးပေးခဲ့သလဲ။

၁၂ ပထမနှစ်နှစ်မှာတော့ အက်ဝါဒိုဟာ မိသားစုစားဝတ်နေရေးအတွက် လောက်ငအောင် မရှာနိုင်ခဲ့ဘူး။ သူတို့စုထားတဲ့ပိုက်ဆံတွေကို ထုတ်သုံးရတယ်၊ သူလည်း အရမ်းပင်ပန်းခဲ့တယ်။ ဒါပေမဲ့ အက်ဝါဒိုက “ကျွန်တော်တို့ စည်းဝေးအားလုံးတက်နိုင်ပြီး အတူအမှုဆောင်ထွက်နိုင်တယ်” လို့ပြောတယ်။ မိသားစုနဲ့ဝေးတဲ့နေရာမှာ အလုပ်သွားလုပ်ဖို့ မစဉ်းစားတော့ဘူးလို့ သူဆုံးဖြတ်ထားတယ်။ “အဲဒီအစား အလုပ်မျိုးစုံ လုပ်တတ်ဖို့ ကျွန်တော် သင်ထားတယ်၊ အဲဒါကြောင့် အလုပ်တစ်ခု အဆင်မပြေရင် နောက်အလုပ်တစ်ခု လုပ်လို့ရတယ်” လို့ သူ ပြောတယ်။

မိသားစုကိုထောက်ပံ့ဖို့ အလုပ်မျိုးစုံလုပ်တတ်အောင် သင်ထားနိုင်မလား (အပိုဒ် ၁၂ ကိုကြည့်ပါ)

၁၃ အက်ဝါဒိုဟာ အကြွေးတွေကို နည်းနည်းချင်းဆပ်နေရလို့ အချိန်ကြာသွားပြီး အတိုးအများကြီး ပေးရတယ်။ ဒါပေမဲ့ အက်ဝါဒို အဲဒီလိုလုပ်ချင်ခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုလုပ်လို့ မိသားစုလိုက် ယေဟောဝါကို ဝတ်ပြုနိုင်ကြတယ်။ “အခု ကျွန်တော့်ဝင်ငွေက နိုင်ငံခြားမှာ အလုပ်လုပ်တုန်းက ရတဲ့ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းတောင် မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ မငတ်ပါဘူး။ ‘ယေဟောဝါရဲ့လက်တော်က မတိုဘူး။’ ကျွန်တော်တို့ ရှေ့ဆောင်လုပ်ဖို့တောင် ဆုံးဖြတ်ထားတယ်” လို့အက်ဝါဒိုက ပြောတယ်။ သိပ်မကြာခင်မှာ စီးပွားရေးအခြေအနေ ပြန်ကောင်းလာလို့ သူ မိသားစုကို ကျွေးမွေးစောင့်ရှောက်ရတာ ပိုလွယ်ကူလာတယ်။—ဟေရှာ. ၅၉:၁

ဆွေမျိုးတွေရဲ့ဖိအား

၁၄၊ ၁၅။ ဝတ်ပြုရေးထက် ပိုက်ဆံကို ဦးစားထားဖို့ ဆွေမျိုးတွေက ဖိအားပေးလာရင် မိသားစုတွေ ဘာလုပ်နိုင်သလဲ။ ပုံသက်သေကောင်းပြတယ်ဆိုရင် ဘာဖြစ်လာနိုင်သလဲ။

၁၄ တချို့နိုင်ငံကလူတွေဟာ ဆွေမျိုးနဲ့ မိတ်ဆွေတွေကို ပိုက်ဆံနဲ့ လက်ဆောင်တွေပေးရမယ့်တာဝန် ရှိတယ်လို့ ခံစားရတယ်။ အက်ဝါဒို အခုလို ပြောပြတယ်– “ကျွန်တော်တို့ရဲ့ ထုံးစံက ပေးကမ်းရတာကို သဘောကျတယ်။ ဒါပေမဲ့ အကန့်အသတ်တော့ ထားတယ်။ ကျွန်တော်က ဆွေမျိုးတွေကို တတ်နိုင်သလောက်ပဲ ပေးမယ်၊ ကျွန်တော့်မိသားစုရဲ့ စားဝတ်နေရေးနဲ့ ဝတ်ပြုရေးကို မထိခိုက်စေချင်ဘူးဆိုတာ လိမ္မာပါးနပ်စွာရှင်းပြတယ်။”

၁၅ မိသားစုနဲ့အတူနေဖို့ ဒါမှမဟုတ် မိသားစုဆီ ပြန်လာဖို့ ဆုံးဖြတ်တဲ့သူအပေါ် တချို့ဆွေမျိုးတွေက စိတ်ပျက်နိုင်ပါတယ်။ အဲဒီလိုလူကို မေတ္တာမရှိတဲ့လူ၊ တစ်ကိုယ်ကောင်းဆန်တဲ့လူလို့တောင် ခေါ်ကြမယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဆွေမျိုးတွေက ပိုက်ဆံရဖို့ မျှော်လင့်နေကြလို့ပဲ။ (သု. ၁၉:၆၊ ၇) အယ်ဝါဒိုရဲ့သမီး အန်နာက သူတို့မိသားစုဟာ ပိုက်ဆံကိုမကြည့်ဘဲ ယေဟောဝါကို ဝတ်ပြုဖို့ ရွေးချယ်တယ်ဆိုရင် ယေဟောဝါက ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာ ဆွေမျိုးတွေသိလာမယ်။ အဲဒီလို မရွေးချယ်ဘူးဆိုရင် ဆွေမျိုးတွေ ဘယ်တော့မှ သိမှာမဟုတ်ဘူးလို့ ပြောတယ်။—၁ ပေတရု ၃:၁၊ ၂ နဲ့နှိုင်းယှဉ်ပါ။

ဘုရားသခင်ကို ယုံကြည်ကြောင်း ပြပါ

၁၆။ (က) လူတစ်ယောက်မှာ ဘယ်လို မှားယွင်းတဲ့အတွေးအခေါ် ရှိနေနိုင်သလဲ။ (ယာ. ၁:၂၂) (ခ) ဘယ်ဆုံးဖြတ်ချက်တွေကို ယေဟောဝါ ကောင်းချီးပေးသလဲ။

၁၆ မိသားစုနဲ့ခွဲပြီး နိုင်ငံခြားမှာ အလုပ်လုပ်တဲ့ ညီအစ်မတစ်ယောက်က အကြီးအကဲတွေကို ခုလို ပြောပြတယ်– “ကျွန်မ ဒီကိုလာဖို့အတွက် မိသားစုဝင်တွေ အများကြီးအနစ်နာခံခဲ့ရတယ်။ ကျွန်မယောက်ျားဆိုရင် အကြီးအကဲတာဝန်ကနေတောင် ရပ်နားလိုက်ရတယ်။ ဒါကြောင့် ကျွန်မ ဒီကိုလာတာကို ယေဟောဝါကောင်းချီးပေးဖို့ တကယ်မျှော်လင့်တယ်။” ကျွန်ုပ်တို့မှာ ယုံကြည်ခြင်းရှိပြီး ယေဟောဝါရဲ့အလိုတော်နဲ့အညီ ဆုံးဖြတ်ချက်တွေချတယ်ဆိုရင် ကိုယ်တော် ကောင်းချီးပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ အလိုတော်နဲ့မညီတဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်တော် ကောင်းချီးပေးမှာမဟုတ်ဘူး။ လွဲမှားတဲ့အကြောင်းရင်းတွေကြောင့် လုပ်ငန်းတော်အခွင့်ထူးတစ်ခုကို စွန့်လွှတ်လိုက်တယ်ဆိုရင် ကိုယ်တော် နှစ်သက်မှာမဟုတ်ဘူး။ဟေဗြဲ ၁၁:၆; ၁ ယောဟန် ၅:၁၃–၁၅ တို့ကိုဖတ်ပါ။

၁၇။ ဆုံးဖြတ်ချက်တွေ မချခင်မှာ ဘာကြောင့် ယေဟောဝါရဲ့လမ်းညွှန်ချက်ကို အရင်ရှာသင့်သလဲ။ အဲဒါကို ဘယ်လို လုပ်နိုင်သလဲ။

၁၇ ဆုံးဖြတ်ချက်မချခင်မှာ ယေဟောဝါရဲ့လမ်းညွှန်ချက်ကို အရင်ရှာပါ၊ အဲဒါမှ နောက်ပိုင်းမှာ နောင်တမရမှာဖြစ်တယ်။ သန့်ရှင်းသောစွမ်းအားတော်၊ ဉာဏ်ပညာနဲ့ လမ်းညွှန်မှုရဖို့ ဆုတောင်းပါ။ (၂ တိ. ၁:၇) ကိုယ့်ကိုယ်ကို ဒီလိုမေးပါ– ‘ယေဟောဝါရဲ့အမှုဆောင်ဖို့ ငါ ဘယ်လောက် ကိုယ်ကျိုးစွန့်လိုစိတ် ရှိသလဲ။ လူနေမှုအဆင့်အတန်း နိမ့်ကျသွားမယ်ဆိုရင်တောင် မိသားစုနဲ့အတူ နေပါဆိုတဲ့ ကိုယ်တော့်လမ်းညွှန်ချက်ကို လိုက်နာမလား။’ (လု. ၁၄:၃၃) အကြီးအကဲတွေဆီမှာ အကူအညီတောင်းပါ၊ သူတို့ပေးတဲ့ ကျမ်းစာပေါ်အခြေခံတဲ့ အကြံပြုချက်တွေကို လိုက်နာပါ။ အဲဒီလိုလုပ်မယ်ဆိုရင် သင့်ကို ကူညီမယ်ဆိုတဲ့ ယေဟောဝါရဲ့ကတိကို ယုံကြည်တယ်ဆိုတာ သင်ပြသနေတာဖြစ်တယ်။ အကြီးအကဲတွေက သင့်ကို ဘယ်လိုလုပ်ပါလို့ ပြောမှာမဟုတ်ဘူး၊ ဒါပေမဲ့ သင့်ဘဝကို ပျော်ရွှင်စေမယ့် မှန်ကန်တဲ့ရွေးချယ်မှုတွေပြုလုပ်ဖို့ ကူညီပေးမှာဖြစ်တယ်။—၂ ကော. ၁:၂၄

၁၈။ မိသားစုကို ထောက်ပံ့ဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ သူတို့ကို ကျွန်ုပ်တို့ ဘယ်လို ကူညီပေးနိုင်သလဲ။

၁၈ အိမ်ထောင်ဦးစီးတွေ မိသားစုကို နေ့စဉ်ထောက်ပံ့ဖို့ ယေဟောဝါ မျှော်လင့်တယ်။ ဖိအားပေးမှုတွေ၊ တိုက်တွန်းမှုတွေ ခံရပေမဲ့ မိသားစုနဲ့ခွဲပြီး အဝေးမှာ အလုပ်သွားမလုပ်တဲ့ အိမ်ထောင်ဦးစီးတွေကို ချီးမွမ်းပြီး သူတို့အတွက် ဆုတောင်းပေးသင့်ပါတယ်။ သဘာဝဘေးဒဏ် ကျရောက်တဲ့အခါ ဒါမှမဟုတ် အရေးပေါ်ဆေးကုသမှုလိုအပ်တဲ့အခါမှာ ဒီသစ္စာရှိညီအစ်ကိုတွေအတွက် ဆုတောင်းပေးတဲ့အပြင် သူတို့ကိုမေတ္တာပြဖို့ ကျွန်ုပ်တို့ အခွင့်အရေးရရှိထားပါတယ်။ (ဂလ. ၆:၂၊ ၅; ၁ ပေ. ၃:၈) သူတို့အတွက် အနီးအနားမှာအလုပ်ရဖို့ ကူညီပေးနိုင်မလား၊ ဒါမှမဟုတ် သူတို့အရေးပေါ်လိုအပ်တဲ့ ပိုက်ဆံ၊ အစားအစာ စတာတွေကို ပေးနိုင်မလား။ အဲဒီလိုကူညီပေးမယ်ဆိုရင် သူတို့က မိသားစုနဲ့ခွဲပြီး တခြားနေရာမှာ အလုပ်လုပ်ဖို့ လိုမှာမဟုတ်ဘူး။—သု. ၃:၂၇၊ ၂၈; ၁ ယော. ၃:၁၇

ယေဟောဝါဟာ သင့်ကို ကူညီတဲ့အရှင် ဖြစ်တယ်ဆိုတာ သတိရပါ

၁၉၊ ၂၀။ ခရစ်ယာန်တွေဟာ ယေဟောဝါ ကူညီမယ်ဆိုတာကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

၁၉ ယေဟောဝါ ဒီလိုအာမခံထားတယ်– “သင်တို့၏ဘဝပုံစံတွင် ငွေတပ်မက်ခြင်းကင်း၍ ရှိသမျှနှင့် ရောင့်ရဲလော့။ အကြောင်းမူကား [ဘုရားသခင်] က ‘ငါသည် သင့်ကို အလျှင်းမစွန့်၊ အလျှင်းပစ်၍မထား’ ဟုမိန့်တော်မူ၏။ ထို့ကြောင့် ‘ယေဟောဝါဘုရားသည် ငါ့ကို ကူညီမစသောအရှင်ဖြစ်၍ ငါမကြောက်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း’ ဟုငါတို့ရဲရင့်စွာ ပြောဆိုနိုင်ကြ၏။” (ဟေဗြဲ ၁၃:၅၊ ၆) အဲဒါကို လက်တွေ့ ဘယ်လိုလုပ်မလဲ။

ယေဟောဝါရဲ့ပညတ်တွေကို လိုက်နာတာက ကိုယ်တော့်ကိုချစ်တယ်၊ ယုံကြည်အားကိုးတယ်ဆိုတာကို ဖော်ပြတာဖြစ်တယ်

၂၀ ဆင်းရဲတဲ့နိုင်ငံက အကြီးအကဲတစ်ယောက် ဒီလိုပြောတယ်– “လူတွေဟာ ယေဟောဝါသက်သေတွေ ဘယ်လောက်ပျော်တယ်ဆိုတာကို ပြောဆိုကြတယ်။ ဆင်းရဲတဲ့သက်သေခံတွေတောင်မှ သပ်သပ်ရပ်ရပ် ဝတ်စားတာ၊ သူတို့မှာ လိုအပ်တာမှန်သမျှ ရှိတာကို သူတို့သတိထားမိကြတယ်။” အဲဒါက ယေရှုကတိပေးခဲ့တဲ့အတိုင်း ပြည့်စုံတာဖြစ်တယ်။ (မ. ၆:၂၈-၃၀) ယေဟောဝါက ကျွန်ုပ်တို့ကိုချစ်တယ်၊ ကျွန်ုပ်တို့အတွက် အကောင်းဆုံးအရာကို လုပ်ဆောင်ပေးတယ်။ ကိုယ်တော်ဟာ မိမိရဲ့ကျေးကျွန်အားလုံးကို အလွန်စိတ်ဝင်စားတယ်၊ သူတို့ကိုကူညီဖို့အတွက် “အစွမ်းခွန်အားကိုပြဖို့” အမြဲအသင့်ရှိတယ်။ (၆ ရာ. ၁၆:၉ကဘ) ဒါကြောင့် မိသားစုဘဝ၊ ကျွန်ုပ်တို့ရဲ့ နေ့စဉ်လိုအပ်ရာတွေနဲ့ပတ်သက်တဲ့ ပညတ်တွေကို ပေးထားတယ်။ အဲဒီပညတ်တွေကို လိုက်နာတာက ယေဟောဝါကိုချစ်တယ်၊ ယုံကြည်အားကိုးတယ်ဆိုတာကို ဖော်ပြတာဖြစ်တယ်။ “ဘုရားသခင်ကို ချစ်ခြင်းဟူသည် ကိုယ်တော်၏ပညတ်များကို လိုက်နာခြင်းဖြစ်၏။ ကိုယ်တော်၏ပညတ်များသည် ဝန်ထုပ်ဝန်ပိုးဖြစ်သည်မဟုတ်။”—၁ ယော. ၅:၃

၂၁၊ ၂၂။ သင် ဘာကြောင့် ယေဟောဝါကို ယုံကြည်အားကိုးဖို့ ဆုံးဖြတ်ထားသလဲ။

၂၁ အက်ဝါဒို ဒီလိုပြောတယ်– “ကျွန်တော့်မိန်းမ၊ ကလေးတွေနဲ့ ခွဲနေခဲ့ရတဲ့အချိန်တွေကို ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးဆိုတာ သိတယ်။ ဒါပေမဲ့ နောင်တရစရာတွေကို ပြန်တွေးမနေဘူး။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် အတော်များများဟာ ချမ်းသာပေမဲ့ မပျော်ကြဘူး။ သူတို့ရဲ့မိသားစုမှာ ကြီးမားတဲ့ပြဿနာတွေရှိနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့မိသားစုကတော့ သိပ်ပျော်စရာကောင်းတယ်။ ပြီးတော့ ဒီနိုင်ငံမှာရှိတဲ့ တခြားညီအစ်ကိုတွေဟာ ဆင်းရဲပေမဲ့ သူတို့ရဲ့ဘဝမှာ ဝတ်ပြုရေးကို အဓိကထားကြလို့ သူတို့ကို ကျွန်တော် အထင်ကြီးလေးစားတယ်။ ကျွန်တော်တို့အားလုံးဟာ ယေရှုရဲ့စကား မှန်ကန်တယ်ဆိုတာကို လက်တွေ့ခံစားနေကြရတယ်။”မဿဲ ၆:၃၃ ကိုဖတ်ပါ။

ရဲစွမ်းသတ္တိရှိပါ။ ယေဟောဝါစကားကို နားထောင်ဖို့ ဆုံးဖြတ်ထားပါ

၂၂ ရဲစွမ်းသတ္တိရှိပါ။ ယေဟောဝါစကားကို နားထောင်ပြီး ကိုယ်တော့်ကို ယုံကြည်အားကိုးဖို့ ဆုံးဖြတ်ထားပါ။ သင်ဟာ ယေဟောဝါ၊ သင့်အိမ်ထောင်ဖက်နဲ့ ကလေးတွေကို ချစ်တယ်ဆိုရင် အိမ်ထောင်ဦးစီးကောင်း ဖြစ်နိုင်ပါတယ်။ ယေဟောဝါ သင့်ကိုကူညီနေတယ်ဆိုတာကို ခံစားရပါလိမ့်မယ်။

^ စာပိုဒ်၊ 1 နာမည်တွေကိုပြောင်းထား။

^ စာပိုဒ်၊ 11 စက်တင်ဘာ ၂၀၁၁၊ နိုးလော့!မှာပါတဲ့ “ငွေကြေးကို စီမံကိုင်တွယ်နိုင်ပုံ” ဆောင်းပါးတွေကို ကြည့်ပါ။