မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

ယေဟောဝါ ကျွန်တော့်ကို တကယ်ကူညီပေးခဲ့တယ်

ယေဟောဝါ ကျွန်တော့်ကို တကယ်ကူညီပေးခဲ့တယ်

ကျွန်တော့်ရဲ့ချစ်ဇနီး အက်ဗ်လင်နဲ့ လက်ထပ်ပြီး သိပ်မကြာခင်မှာ ကျွန်တော်တို့ဟာ ကနေဒါနိုင်ငံ၊ အွန်တဲရီယိုပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ သီးခြားမြို့ငယ်လေးဖြစ်တဲ့ ဟွန်ပဲန်မြို့ကို ရောက်သွားတယ်။ အရမ်းအေးတဲ့ မနက်စောစောမှာ ညီအစ်ကိုတစ်ယောက်က ကျွန်တော်တို့ကို ဘူတာရုံမှာ လာကြိုတယ်။ သူ၊ သူ့မိန်းမ၊ သူ့သားနဲ့အတူ ကျွန်တော်တို့နှစ်ယောက် မနက်စာကို တဝကြီးစားပြီးနောက်မှာ ဆီးနှင်းတွေကြားထဲ တစ်အိမ်တက်ဆင်း ဟောပြောခဲ့ကြတယ်။ ၁၉၅၇ ခုနှစ်ရဲ့ အဲဒီညနေမှာပဲ ကျွန်တော့်ရဲ့ ပထမဆုံးတိုက်နယ် ဟောပြောချက်ကို ပေးခဲ့တယ်။ ဒါပေမဲ့ စည်းဝေးမှာ ကျွန်တော်တို့ငါးယောက်ပဲရှိတယ်။ တခြား ဘယ်သူမှမရှိဘူး။

ကျွန်တော့်ဟောပြောချက်မှာ ပရိသတ်နည်းနည်းပဲရှိလို့ ကျွန်တော် ဘယ်လိုမှမနေဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အရမ်းရှက်တတ်တယ်။ ကျွန်တော် ငယ်ငယ်တုန်းကဆိုရင် အိမ်ကို ဧည့်သည်တွေလာတဲ့အခါ ပုန်းနေတတ်တယ်၊ ကျွန်တော်သိတဲ့ဧည့်သည်ဆိုရင်တောင် အဲဒီလိုလုပ်တယ်။

အဲဒါကြောင့် ယေဟောဝါရဲ့အဖွဲ့အစည်းမှာ ကျွန်တော်ရတဲ့ တာဝန်အများစုက မိတ်ဆွေတွေနဲ့ရော၊ သူစိမ်းတွေနဲ့ပါ ထိတွေ့ဆက်ဆံရတယ်ဆိုတာ ခင်ဗျားတို့သိရလို့ အံ့သြမှာပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုသိပ်မရှိတဲ့ ရှက်တတ်သူတစ်ယောက်က ဘာကြောင့် အဲဒီလိုလုပ်နိုင်တာလဲ။ ကျွန်တော့်ရဲ့ကိုယ်ပိုင်အစွမ်းအစကြောင့် မဟုတ်ပါဘူး။ ကျွန်တော်ရတဲ့တာဝန်တွေကို လုပ်ဆောင်ဖို့ ယေဟောဝါ အမြဲကူညီပေးခဲ့တယ်။ ‘ငါက သင့်ကိုခိုင်ခံ့စေမယ်။ သင့်ကို ကူညီပေးမယ်။ ငါ့ရဲ့ဖြောင့်မတ်တဲ့ညာလက်နဲ့ မြဲမြဲဆုပ်ကိုင်ထားမယ်’ ဆိုတဲ့ ကိုယ်တော့်ကတိ တကယ်တည်တယ်။ (ဟေရှာ. ၄၁:၁၀ကဘ) အဲဒီအကူအညီကို တခြားခရစ်ယာန်တွေဆီကတစ်ဆင့် ရတတ်တယ်။ ကျွန်တော် ကလေးဘဝကစပြီး ကြုံတွေ့ခဲ့ရတဲ့ အဲဒီအတွေ့အကြုံတွေထဲက တချို့ကို ပြောပြပါရစေ။

သူက ကျမ်းစာနဲ့ အနက်ရောင်စာအုပ်လေးကိုသုံးတယ်

အွန်တဲရီယို အနောက်တောင်ဘက်မှာရှိတဲ့ ကျွန်တော် တို့ရဲ့ခြံထဲမှာ

အချိန်ကတော့ ၁၉၄၀ ခုနှစ်ရဲ့ နေသာတဲ့နေ့တစ်နေ့ဖြစ်တယ်၊ အယ်လ်စီ ဟန်တင်းဖော့ဒ်ဟာ အွန်တဲရီယိုအနောက်တောင်ပိုင်းမှာရှိတဲ့ ကျွန်တော်တို့မိသားစုရဲ့ ခြံထဲ ရောက်လာတယ်။ ကျွန်တော့်အဖေက ကျွန်တော့်လိုပဲ ရှက်တတ်လို့ အမေက တံခါးသွားဖွင့်ပေးတယ်။ အဖေနဲ့ ကျွန်တော်က အိမ်ထဲကနေ နားထောင်နေတယ်။ ညီအစ်မ ဟန်တင်းဖော့ဒ်က တစ်ခုခုရောင်းဖို့လာတာလို့ အဖေက ထင်နေတယ်၊ အဲဒါကို အမေဝယ်လိုက်မှာ စိုးရိမ်နေတယ်။ ဒါနဲ့ အဖေက တံခါးပေါက်နားသွားပြီး ကျွန်တော်တို့ စိတ်မဝင်စားဘူးလို့ ပြောလိုက်တယ်။ ညီအစ်မ ဟန်တင်းဖော့ဒ်က “ရှင်တို့ ကျမ်းစာလေ့လာဖို့ စိတ်မဝင်စားဘူးလား” လို့ မေးလိုက်တယ်။ အဖေက “အဲဒါကိုတော့ စိတ်ဝင်စားတာပေါ့” လို့ ပြန်ပြောတယ်။

ညီအစ်မဟန်တင်းဖော့ဒ် ကျွန်တော်တို့ဆီ လာလည်ပတ်တဲ့အခါ ကျွန်တော့်မိဘတွေက အမှန်တရားကို လက်ခံဖို့ အဆင်သင့်ဖြစ်နေတယ်။ သူတို့က ကနေဒါ ယူနိုက်တက်ချာ့ခ်ျမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ချာ့ခ်ျကနေ နုတ်ထွက်ဖို့ သူတို့ဆုံးဖြတ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဓမ္မဆရာက အလှူငွေထည့်သူတွေရဲ့စာရင်းကို သူတို့ထည့်တဲ့အလှူငွေ ပမာဏအတိုင်း အစဉ်လိုက်ရေးပြီး ချာ့ခ်ျမှာ ကပ်ထားတယ်။ ကျွန်တော့်မိဘတွေရဲ့နာမည်က အောက်ဆုံးနား ရောက်နေတယ်၊ အဲဒါကြောင့် သူတို့ထည့်တဲ့အလှူငွေက တခြားသူတွေထက်နည်းတယ်ဆိုတာ လူတိုင်းသိတယ်။ ကျွန်တော့်မိဘတွေမှာ ပိုက်ဆံများများစားစား မရှိပေမဲ့ ချာ့ခ်ျအကြီးအကဲတွေက သူတို့ကို အလှူငွေပိုထည့်ဖို့ ဖိအားပေးတယ်။ ဓမ္မဆရာနောက်တစ်ယောက်ကလည်း သူ ယုံကြည်တာကို ဟောမယ်ဆိုရင် အလုပ်ပြုတ်သွားလိမ့်မယ်လို့ ဝန်ခံခဲ့တယ်။ အဲဒီအကြောင်းတွေကြောင့် ချာ့ခ်ျကနေ နုတ်ထွက်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ချာ့ခ်ျကနေ နုတ်ထွက်လိုက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဘုရားသခင်ကို ဝတ်ပြုချင်တဲ့စိတ်၊ ဘုရားသခင်အကြောင်း သင်ယူချင်တဲ့စိတ် ရှိနေတုန်းပဲ။

အဲဒီအချိန်တုန်းက ကနေဒါမှာ ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ပိတ်ပင်ထားတယ်။ အဲဒါကြောင့် ပွင့်ပွင့်လင်းလင်း ဟောပြောလို့မရဘူး။ အရင်ဆုံး ညီအစ်မ ဟန်တင်းဖော့ဒ်ဟာ ကျမ်းစာ၊ သူ့ရဲ့အနက်ရောင်စာအုပ်လေးမှာ ရေးမှတ်ထားတဲ့ မှတ်စုတချို့ကိုပဲသုံးပြီး ကျွန်တော်တို့ကို ကျမ်းစာသင်ပေးတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ သူ့ကို သစ္စာဖောက်မှာမဟုတ်ဘူးဆိုတာ သိလာတဲ့အခါ တခြားကျမ်းစာစာပေတွေ ပေးတယ်။ လေ့လာမှုပြီးတိုင်း စာပေတွေကို သေသေချာချာ ဝှက်ထားရတယ်။ *

ကျွန်တော့်မိဘတွေက အမှန်တရားကိုလက်ခံပြီး ၁၉၄၈ ခုနှစ်မှာ နှစ်ခြင်းခံခဲ့

ညီအစ်မဟန်တင်းဖော့ဒ်ဟာ ဆန့်ကျင်မှုနဲ့ တခြားအခက်အခဲတွေကြားမှာ ထက်ထက်သန်သန် ဟောပြောခဲ့တယ်။ သူ့ရဲ့ထက်သန်မှုက ကျွန်တော့်အပေါ် အများကြီး အကျိုးသက်ရောက်ခဲ့တယ်၊ ကျွန်တော် ယေဟောဝါရဲ့အမှုတော်မှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်မိဘတွေက ၁၉၄၈ ခုနှစ်မှာ နှစ်ခြင်းခံတယ်။ ကျွန်တော့်အသက် ၁၇ နှစ်ဖြစ်တဲ့ နောက်တစ်နှစ်မှာ တိရစ္ဆာန်တွေကို ရေတိုက်တဲ့ သတ္တုခွက်ကြီးထဲမှာ ကျွန်တော် နှစ်ခြင်းခံလိုက်တယ်။ နှစ်ခြင်းခံပြီးနောက်မှာ ရှေ့ဆောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

သတ္တိရှိဖို့ ယေဟောဝါ ကူညီပေး

ပထမတော့ ကျွန်တော် ချက်ချင်း ရှေ့ဆောင်လုပ်ဖို့ တွန့်ဆုတ်နေတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပိုက်ဆံအရင်ရှာရမယ်လို့ ကျွန်တော်ထင်ခဲ့တယ်။ ဒါနဲ့ ကျွန်တော် အလုပ်နှစ်ခုလုပ်တယ်၊ တစ်ခုက ဘဏ်အလုပ်၊ နောက်တစ်ခုက ရုံးအလုပ်ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်က ငယ်ပြီး အတွေ့အကြုံမရှိတော့ ကျွန်တော်ရှာသမျှပိုက်ဆံအားလုံးကို ချက်ချင်းသုံးပစ်လိုက်တယ်။ တက်ဒ် ဆာဂျင့်လို့ခေါ်တဲ့ ညီအစ်ကိုက ကျွန်တော့်ကို သတ္တိရှိဖို့နဲ့ ယေဟောဝါကိုယုံကြည်ဖို့ အားပေးခဲ့တယ်။ (၅ ရာ. ၂၈:၁၀) အဲဒါကြောင့် ၁၉၅၁ ခုနှစ်မှာ ကျွန်တော် ရှေ့ဆောင်စလုပ်ခဲ့တယ်။ ကျွန်တော့်မှာ ဒေါ်လာ ၄၀၊ စက်ဘီးအဟောင်းတစ်စီးနဲ့ စာအုပ်ထည့်ဖို့ အိတ်အသစ်တစ်လုံးပဲရှိတယ်။ ဒါပေမဲ့ ကျွန်တော်လိုအပ်တာမှန်သမျှ ယေဟောဝါ အမြဲပေးတယ်။ ကျွန်တော့်ကို ရှေ့ဆောင်လုပ်ဖို့အားပေးခဲ့တဲ့ တက်ဒ်ကို ကျေးဇူးတင်တယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့် ကောင်းတာတွေအများကြီး ရခဲ့တယ်။

၁၉၅၂ ခုနှစ်မှာ ဗေသလကိုဖိတ်ခေါ်ခံရလို့ ကျွန်တော် အံ့သြခဲ့

၁၉၅၂၊ ဩဂုတ်လ ညနေပိုင်းမှာ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာရှိတဲ့ ဗေသလက ကျွန်တော့်ကို ဖုန်းဆက်တယ်။ အဲဒါကတော့ စက်တင်ဘာလကစပြီး ဗေသလမှာအမှုဆောင်ဖို့ ကျွန်တော့်ကို ဖိတ်ခေါ်တာဖြစ်တယ်။ ကျွန်တော်က ရှက်တတ်ပြီး ဗေသလကိုလည်း တစ်ခါမှမရောက်ဖူးဘူး။ ဒါပေမဲ့ အဲဒီမှာ အလုပ်လုပ်ဖို့ ကျွန်တော် စိတ်စောနေတယ်၊ ဘာကြောင့်လဲဆိုတာ့ ဗေသလနဲ့ပတ်သက်တဲ့အကြောင်းတွေကို အများကြီးကြားဖူးလို့ပဲ။ ကျွန်တော် အဲဒီကိုရောက်ပြီး ချက်ချင်းပဲ ကိုယ့်အိမ်လို ခံစားခဲ့ရတယ်။

“ညီအစ်ကိုတွေကို ခင်ဗျား ဂရုစိုက်တယ်ဆိုတာ သူတို့သိအောင် ပြပါ”

ကျွန်တော် ဗေသလရောက်ပြီး နှစ်နှစ်အကြာမှာ တိုရွန်တိုမြို့ရဲ့ ရှောယူနစ်မှာ အသင်းတော်အမှုထမ်း ဖြစ်လာတယ်။ * အဲဒါက ကျွန်တော့်ထက် ပိုအသက်ကြီးပြီး ပိုအတွေ့အကြုံရှိတဲ့ ဘီလ် ယာကပ်စ်ရဲ့နေရာမှာ အစားထိုးတာဖြစ်တယ်။ ကျွန်တော့်အသက်က ၂၃ နှစ်ဖြစ်ပြီး ဘာမှမသိတဲ့ ခြံလုပ်သားတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုခံစားခဲ့ရတယ်။ ညီအစ်ကို ယာကပ်စ်က ကျွန်တော် ဘာလုပ်ရမယ်ဆိုတာကို ကြင်ကြင်နာနာ နှိမ့်နှိမ့်ချချနဲ့ သင်ပေးတယ်။ ယေဟောဝါ ကျွန်တော့်ကို တကယ်ကူညီပေးခဲ့တယ်။

ညီအစ်ကို ယာကပ်စ်ဟာ ခင်မင်စရာအပြုံးရှိတဲ့ ဝဝဖိုင့်ဖိုင့် ညီအစ်ကိုတစ်ယောက်ဖြစ်တယ်။ သူက လူတွေကို တကယ်ဂရုစိုက်တယ်။ သူက ညီအစ်ကိုညီအစ်မတွေကို ချစ်တယ်၊ ညီအစ်ကိုညီအစ်မတွေကလည်း သူ့ကိုချစ်တယ်။ ညီအစ်ကို ယာကပ်စ်ဟာ ညီအစ်ကိုညီအစ်မတွေ ပြဿနာရှိတဲ့အချိန်မှာမှ မဟုတ်ဘဲ သူတို့ဆီ မှန်မှန်လည်ပတ်တယ်။ ကျွန်တော့်ကိုလည်း အဲဒီလိုလုပ်ဖို့၊ ညီအစ်ကိုညီအစ်မတွေနဲ့အတူ လယ်ကွင်းအမှုဆောင်မှာပါဝင်ဖို့ အားပေးတယ်။ သူက “ကဲန်၊ ညီအစ်ကိုတွေကို ခင်ဗျား ဂရုစိုက်တယ်ဆိုတာ သူတို့သိအောင် ပြပါ” လို့ပြောတယ်။

ကျွန်တော့်ဇနီးက ယေဟောဝါနဲ့ ကျွန်တော့်အပေါ် သစ္စာရှိ

ယေဟောဝါဟာ ၁၉၅၇၊ ဇန်နဝါရီလကစပြီး ကျွန်တော့်ကို အထူးနည်းလမ်းတစ်ခုနဲ့ ကူညီပေးခဲ့တယ်။ အဲဒီလမှာ ကျွန်တော် အက်ဗ်လင်နဲ့ လက်ထပ်ခဲ့တယ်၊ သူက ၁၄ ကြိမ်မြောက် ဂိလဒ်ကျောင်းဆင်းဖြစ်တယ်။ ကျွန်တော်တို့ လက်မထပ်ခင်က သူဟာ ပြင်သစ်စကားပြောတဲ့ ကွီဘက်ပြည်နယ်မှာ အမှုဆောင်ခဲ့တယ်။ အဲဒီဒေသမှာ ရိုမန်ကက်သလစ်တွေ ကြီးစိုးနေလို့ ဟောပြောဖို့ ခက်တယ်။ ဒါပေမဲ့ သူက ယေဟောဝါကို သစ္စာရှိတယ်၊ မဟောဘဲ မနေခဲ့ဘူး။

၁၉၅၇ ခုနှစ်မှာ အက်ဗ်လင်နဲ့ ကျွန်တော် လက်ထပ်ခဲ့

အက်ဗ်လင်က ကျွန်တော့်ကိုလည်း သစ္စာရှိရှိ ထောက်မတယ်။ (ဧ. ၅:၃၁) တစ်ခါတလေမှာ အဲဒီလိုလုပ်ဖို့ ခက်တယ်။ ဥပမာ၊ ကျွန်တော်တို့လက်ထပ်ပြီး နောက်တစ်နေ့မှာပဲ ဌာနခွဲက တစ်ပတ်ကြာစည်းဝေးအတွက် ကနေဒါဗေသလကိုသွားဖို့ ကျွန်တော့်ကိုပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါကို ဟန်းနီးမွန်းထွက်ဖို့ စီစဉ်ထားတယ်။ အက်ဗ်လင်နဲ့ ကျွန်တော်ဟာ ယေဟောဝါခိုင်းတာ ဘာမဆိုလုပ်ချင်လို့ ကျွန်တော်တို့ရဲ့အစီအစဉ်ကို ပြောင်းလိုက်တယ်။ အဲဒီအပတ်အတွင်းမှာ အက်ဗ်လင်က ဌာနခွဲအနီးတစ်ဝိုက်မှာ ဟောပြောတယ်။ အဲဒီနေရာက ကွီဘက်နဲ့ အရမ်းကွာပေမဲ့ သူ အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့တယ်။

အဲဒီသီတင်းပတ်အကုန်မှာ မမျှော်လင့်တာတစ်ခု ဖြစ်ပျက်ခဲ့တယ်။ ကျွန်တော်က အွန်တဲရီယိုမြောက်ပိုင်းမှာ တိုက်နယ်ကြီးကြပ်မှူးလုပ်ဖို့ တာဝန်ရတယ်။ ကျွန်တော်က လက်ထပ်ပြီးခါစ၊ အသက်က ၂၅ နှစ်ပဲရှိသေးတယ်၊ အတွေ့အကြုံလည်း မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို ယေဟောဝါ ကူညီမယ်ဆိုတာ ယုံကြည်တယ်။ ကျွန်တော်တို့ဟာ ကနေဒါနိုင်ငံရဲ့ ချမ်းအေးလှတဲ့ ဆောင်းတွင်းကြီးမှာ ညရထားစီးခဲ့ကြတယ်။ အတွေ့အကြုံရှိတဲ့ နယ်လှည့်ကြီးကြပ်မှူးများစွာဟာ သူတို့ တာဝန်ကျတဲ့နေရာကိုပြန်ဖို့ အဲဒီရထားကိုပဲ စီးကြတယ်။ သူတို့က ကျွန်တော်တို့ကို အများကြီး အားပေးခဲ့တယ်။ ညီအစ်ကိုတစ်ယောက်က ကျွန်တော်တို့ကို သက်သောင့်သက်သာမရှိတဲ့ခုံမှာ တစ်ညလုံးမထိုင်စေချင်ဘူး။ ဒါကြောင့် အိပ်စင်ပါတဲ့ သူ့အခန်းမှာနေဖို့ ကျွန်တော်တို့ကို အတင်းခေါ်တယ်။ နိဒါန်းမှာပြောခဲ့တဲ့အတိုင်း နောက်တစ်နေ့မနက်မှာပဲ ကျွန်တော်တို့ဟာ ဟွန်ပဲန်မြို့မှာရှိတဲ့ အုပ်စုလေးကို လည်ပတ်ခဲ့ကြတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ ပထမဆုံးတာဝန်ပဲ၊ ကျွန်တော်တို့ လက်ထပ်တာ ၁၅ ရက်ပဲရှိသေးတယ်။

နှစ်အနည်းငယ်ကြာပြီးနောက်မှာ ကျွန်တော်တို့ရဲ့အသက်တာ ပြောင်းလဲသွားပြန်တယ်။ ကျွန်တော် ခရိုင်ကြီးကြပ်မှူးအဖြစ် အမှုဆောင်နေတဲ့ ၁၉၆၀ ကုန်ခါနီးမှာ ၃၆ ကြိမ်မြောက် ဂိလဒ်ကျောင်းတက်ဖို့ ဖိတ်ခေါ်ခံရတယ်။ အဲဒီသင်တန်းက ၁၉၆၁၊ ဖေဖော်ဝါရီလမှာ စတယ်။ ကျွန်တော်ဟာ ဆယ်လကြာ ကျမ်းစာလေ့လာရမယ့်အခွင့်အရေးအတွက် စိတ်လှုပ်ရှားနေတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက အယ်ဗ်လင်ဟာ တခြားသူတွေရဲ့ဇနီးတွေလိုပဲ ဂိလဒ်ကျောင်းတက်ဖို့ ဖိတ်ခေါ်မခံရဘူး။ ကျွန်တော် သင်တန်းတက်နေချိန်မှာ သူက ကနေဒါမှာပဲနေဖို့ လိုလိုလားလားရှိတယ်ဆိုတဲ့အကြောင်း နယူးယောက်၊ ဘရွတ်ကလင်ကို စာရေးရတယ်။ ကျွန်တော်နဲ့ အကြာကြီးခွဲရမယ်ဆိုတာသိလို့ သူငိုပေမဲ့ ကျွန်တော် ဂိလဒ်ကျောင်း တက်သင့်တယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီ အဖိုးတန်လေ့ကျင့်မှုကို ကျွန်တော် ရမှာဖြစ်လို့ အက်ဗ်လင် ပျော်တယ်။

ကျွန်တော် ဘရွတ်ကလင်မှာရှိနေတုန်း အက်ဗ်လင်က ကနေဒါဗေသလမှာ အမှုဆောင်တယ်။ အဲဒီမှာ မာဂရက် လာဗဲလ်လို့ခေါ်တဲ့ ဘိသိက်ခံညီအစ်မတစ်ယောက်နဲ့ တစ်ခန်းထဲမှာ အတူနေရတယ်။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် အရမ်းလွမ်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့တာဝန်တွေမှာ နေသားတကျဖြစ်ဖို့ ယေဟောဝါ ကူညီပေးခဲ့တယ်။ အက်ဗ်လင်ဟာ ယေဟောဝါအတွက် ကိုယ်ကျိုးစွန့်ဖို့ အသင့်ရှိခဲ့တယ်၊ အဲဒါက ကျွန်တော့်စိတ်ကို တကယ်ထိမိခဲ့တယ်။

ကျွန်တော် ဂိလဒ်ကျောင်းကိုရောက်တာ သုံးလလောက်ပဲရှိသေးတယ် ညီအစ်ကို နေသန်နောဆီက စာတစ်စောင်ရတယ်။ အဲဒီအချိန်တုန်းက ညီအစ်ကိုနောက ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်နေသူဖြစ်တယ်။ သူက နိုင်ငံတော်ဓမ္မအမှုကျောင်းမှာ သင်တန်းပို့ချဖို့ ကျွန်တော့်ကို ကနေဒါပြန်ခိုင်းတယ်။ ကနေဒါမှာ သင်တန်းပို့ချပြီးသွားတဲ့အခါ ဂိလဒ်ကျောင်းပြန်တက်ဖို့ ကျွန်တော် ဖိတ်ခေါ်ခံရမှာမဟုတ်ဘူးလို့ သူကပြောတယ်။ အဲဒီတာဝန်ကို ကျွန်တော်လက်မခံလည်းရတယ်လို့ ညီအစ်ကိုနောက ရှင်းပြတယ်။ အဲဒီအစား ဂိလဒ်ကျောင်းကိုပြီးအောင်တက်ပြီး တိုင်းတစ်ပါးမှာ သာသနာပြုတစ်ယောက်အဖြစ် တာဝန်ခန့်အပ်ခံရနိုင်တယ်။ ကျွန်တော့်ဇနီးနဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်ပါလို့လည်း ပြောတယ်။

ကျွန်တော် အက်ဗ်လင်နဲ့ တိုင်ပင်စရာမလိုပါဘူး၊ ဘာကြောင့်လဲဆိုတော့ သူ့သဘောကို ကျွန်တော်သိပြီးသားဖြစ်တယ်။ ယေဟောဝါရဲ့အဖွဲ့အစည်းက ကျွန်တော်တို့ကို သွားခိုင်းတဲ့ ဘယ်နေရာကိုမဆို သွားမယ်၊ ကျွန်တော်တို့ကြိုက်တဲ့တာဝန် မဟုတ်ရင်လည်း လက်ခံမယ်လို့ အမြဲစဉ်းစားထားတယ်။ ဒါနဲ့ ချက်ချင်းပဲ ညီအစ်ကိုနောကို “ယေဟောဝါရဲ့အဖွဲ့အစည်းက ကျွန်တော်တို့ကို ဘာပဲခိုင်းခိုင်း ကျွန်တော်တို့လုပ်ချင်ပါတယ်” လို့ ပြောလိုက်တယ်။

၁၉၆၁၊ ဧပြီလမှာ နိုင်ငံတော်ဓမ္မအမှုကျောင်းမှာ သင်တန်းပို့ချဖို့ ကျွန်တော် ကနေဒါကိုပြန်လာတယ်။ နောက်ပိုင်း အက်ဗ်လင်နဲ့ ကျွန်တော်ဟာ ကနေဒါဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ အဲဒီနောက် အကြိမ် ၄၀ မြောက် ဂိလဒ်ကျောင်းတက်ဖို့ ကျွန်တော်ဖိတ်ခေါ်ခံရလို့ အရမ်းအံ့သြသွားတယ်၊ အဲဒီသင်တန်းက ၁၉၆၅ ခုနှစ်မှာစတယ်။ ကျွန်တော်သင်တန်းတက်နေတုန်း အက်ဗ်လင်က ကနေဒါမှာပဲ ဆက်နေချင်ပါတယ်ဆိုတဲ့အကြောင်း စာထပ်ရေးရပြန်တယ်။ ဒါပေမဲ့ ကျွန်တော် ဖိတ်ခေါ်စာရပြီး အပတ်အနည်းငယ်အကြာမှာပဲ အက်ဗ်လင်လည်း ဂိလဒ်ကျောင်းတက်ဖို့ ဖိတ်ခေါ်ခံရတယ်။ ကျွန်တော်တို့ သိပ်ပျော်သွားတယ်။

ကျွန်တော်တို့ ဂိလဒ်ရောက်ပြီးနောက်မှာ ညီအစ်ကိုနောက ပြင်သစ်စကားနဲ့ပို့ချတဲ့ ဂိလဒ်ကျောင်းတက်တဲ့ တခြားသင်တန်းသားအားလုံးနဲ့အတူ ကျွန်တော်တို့ကို အာဖရိက ပို့မယ်လို့ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကနေဒါမှာ ပြန်တာဝန်ကျလို့ အံ့ဩသွားတယ်။ ကျွန်တော့်အသက်က ၃၄ နှစ်ပဲရှိသေးတယ်၊ ဌာနခွဲကြီးကြပ်မှူးအဖြစ် တာဝန်ခန့်အပ်ခံခဲ့ရတယ်။ ကျွန်တော်က ငယ်သေးတယ်လို့ ညီအစ်ကိုနောကို ပြောပြတော့ သူက ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုရှိလာအောင် ကျွန်တော့်ကို ကူညီပေးခဲ့တယ်။ ကျွန်တော်ဟာ ကြီးလေးတဲ့ဆုံးဖြတ်ချက်တွေ မချခင်မှာ ဗေသလမှာရှိတဲ့ အသက်ကြီးပြီး အတွေ့အကြုံရှိတဲ့သူတွေနဲ တိုင်ပင်တယ်။

ဗေသလက သင်ယူရ၊ သင်ပေးရတဲ့နေရာတစ်ခုဖြစ်

ဗေသလမှာ ယေဟောဝါရဲ့အမှုတော်ဆောင်တဲ့အခါ တခြားသူတွေဆီကနေ သင်ယူဖို့ တကယ်ကောင်းတဲ့အခွင့်အရေး ရခဲ့တယ်။ တခြား ဌာနခွဲကော်မတီဝင်တွေကို ကျွန်တော် လေးစားတယ်။ ဌာနခွဲနဲ့ ကျွန်တော်တို့အမှုဆောင်တဲ့ အသင်းတော်တွေမှာတွေ့ရတဲ့ ရာနဲ့ချီတဲ့ တခြားညီအစ်ကိုညီအစ်မ ကြီးကြီးငယ်ငယ်တွေဆီကနေလည်း ကျွန်တော် သင်ယူတယ်။

ကနေဒါ ဗေသလမိသားစုအတွက် နံနက်ဝတ်ပြုမှုကိုင်နေ

ဗေသလမှာ တခြားသူတွေရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေဖို့ သင်ပေးရ၊ ကူညီပေးရတဲ့ အခွင့်အရေးကိုလည်း ကျွန်တော်ရရှိခဲ့တယ်။ တမန်တော်ပေါလုက တိမောသေကို ‘သင်ယူခဲ့တဲ့အရာတွေမှာ တည်မြဲတည်နေပါ’ လို့ ပြောခဲ့တယ်။ သူ ဒီလိုလည်း ပြောခဲ့တယ်– “သက်သေအများရှေ့ ငါ့ထံမှ ကြားနာရသောအရာများကို သစ္စာရှိအမျိုးသားများအား လွှဲအပ်လော့။ သို့ဖြင့် သူတို့သည် အခြားသူများကို အရည်အချင်းပြည့်မီစွာ သွန်သင်ပေးနိုင်လိမ့်မည်။” (၂ တိ. ၂:၂; ၃:၁၄) အခုဆိုရင် ကျွန်တော် ဗေသလရောက်တာ ၅၇ နှစ်ရှိနေပြီ။ တချို့သူတွေက ကျွန်တော် ဘာတွေ သင်ယူခဲ့ရသလဲလို့ မေးတယ်။ ကျွန်တော့်အဖြေက ရိုးရိုးလေးပါ– ယေဟောဝါရဲ့အဖွဲ့အစည်းက လုပ်စေချင်တာကို လိုလိုလားလားနဲ့ ချက်ချင်းလုပ်ပါ။ ယေဟောဝါ ကူညီမယ်ဆိုတာ ယုံကြည်စိတ်ချပါ။

ကျွန်တော်ဗေသလရောက်တဲ့အချိန်ကို ကောင်းကောင်းမှတ်မိနေသေးတယ်။ ကျွန်တော်က ရှက်တတ်ပြီး အတွေ့အကြုံမရှိတဲ့ လူငယ်တစ်ယောက်ဖြစ်တယ်။ အဲဒီနှစ်တွေတစ်လျှောက်မှာ ယေဟောဝါ ကျွန်တော့်ကို ကူညီပေးခဲ့တယ်။ ကျွန်တော်အလိုအပ်ဆုံးအချိန်မှာ ကိုယ်တော်က ချစ်စရာကောင်းတဲ့ ညီအစ်ကိုညီအစ်မတွေကိုသုံးပြီး ကျွန်တော့်ကို ကူညီပေးတယ်။ အဲဒီနည်းနဲ့ ယေဟောဝါက ကျွန်တော့်ကို “မကြောက်နဲ့၊ သင့်ကို ငါကူညီမယ်” လို့ ပြောနေတယ်။—ဟေရှာ. ၄၁:၁၃ကဘ။

^ အပိုဒ််၊ 10 ၁၉၄၅၊ မေ ၂၂ ရက်နေ့မှာ ကနေဒါအစိုးရက ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ပြန်ခွင့်ပြုခဲ့တယ်။

^ အပိုဒ််၊ 16 အဲဒီအချိန်တုန်းက အသင်းတော်ကိုကြီးကြပ်ရတဲ့ညီအစ်ကိုကို အသင်းတော်အမှုထမ်းလို့ခေါ်တယ်။ မြို့တစ်မြို့ထဲမှာပဲ အသင်းတော်တစ်ခုထက်မက ရှိတယ်ဆိုရင် အသင်းတော်တစ်ခုစီကို ယူနစ်တစ်ခုလို့ခေါ်တယ်။