မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါက စည်းစနစ်ရှိတဲ့ ဘုရားသခင်ဖြစ်

ယေဟောဝါက စည်းစနစ်ရှိတဲ့ ဘုရားသခင်ဖြစ်

“ဘုရားသခင်သည် စည်းစနစ်မရှိသော ဘုရားမဟုတ်။ သင့်တင့်ငြိမ်သက်ခြင်းရှိသောဘုရား ဖြစ်တော်မူ၏။”—၁ ကော. ၁၄:၃၃

၁၊ ၂။ (က) ဘုရားသခင်က ဘယ်သူ့ကို အရင်ဆုံးဖန်ဆင်းခဲ့သလဲ။ သူ့ကို ယေဟောဝါ ဘယ်လိုအသုံးပြုသလဲ။ (ခ) ကောင်းကင်တမန်တွေကို စနစ်တကျဖွဲ့စည်းထားတယ်ဆိုတာ ဘယ်လိုသိရသလဲ။

ဖန်ဆင်းရှင် ယေဟောဝါဟာ အရာရာကို စနစ်တကျ ဖွဲ့စည်းလုပ်ဆောင်တယ်။ အရင်ဆုံး၊ သားတော်ယေရှုကို ဖန်ဆင်းတယ်။ ယေရှုက ဘုရားသခင်ရဲ့အရေးပါဆုံး ကိုယ်စားလှယ်ဖြစ်လို့ ကျမ်းစာမှာ သူ့ကို “နှုတ်ကပါဌ်တော်” လို့ခေါ်တယ်။ “အစအဦး၌ နှုတ်ကပါဌ်တော်ရှိ၏။ နှုတ်ကပါဌ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏” လို့ပြောတယ်။ ယေရှုဟာ ကောင်းကင်မှာ ယေဟောဝါရဲ့အမှုတော်ကို နှစ်သန်းပေါင်းများစွာ ထမ်းဆောင်ခဲ့တယ်။ ကျမ်းစာမှာ ယေရှုနဲ့ပတ်သက်ပြီး “နှုတ်ကပါဌ်တော်အားဖြင့် အရာခပ်သိမ်း တည်ရှိလာ၏။ ကိုယ်တော်နှင့်ကင်း၍ တည်ရှိလာသောအရာ တစ်စုံတစ်ခုမျှမရှိ” လို့လည်း ဖော်ပြထားတယ်။ လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ ကျော်က ယေဟောဝါဟာ နှုတ်ကပါဌ်တော်ကို စုံလင်တဲ့လူသား ယေရှုခရစ်အဖြစ် မြေကြီးပေါ် စေလွှတ်လိုက်တယ်။ ယေရှုဟာ သူ့ခမည်းတော် ခိုင်းသမျှကို သစ္စာရှိရှိ လုပ်ဆောင်ခဲ့တယ်။—ယော. ၁:၁-၃၊ ၁၄

ယေရှုဟာ မြေကြီးပေါ်မလာခင်တုန်းက ဘုရားသခင်ရဲ့ “ကျွမ်းကျင်လုပ်သား” အဖြစ် သစ္စာရှိရှိ အမှုဆောင်ခဲ့တယ်။ (သု. ၈:၃၀ကဘ) ယေဟောဝါဟာ ယေရှုကတစ်ဆင့် သန်းပေါင်းများစွာရှိတဲ့ ကောင်းကင်တမန်တွေကို ဖန်ဆင်းခဲ့တယ်။ (ကော. ၁:၁၆) ယေဟောဝါက ကောင်းကင်တမန်တွေကို စနစ်တကျဖွဲ့စည်းထားတယ် ဆိုတဲ့အကြောင်း ကျမ်းစာမှာ ဒီလိုရေးထားတယ်– ‘သန်းနဲ့ချီတဲ့သူတွေက သူ့အတွက် အမှုဆောင်နေကြတယ်။ သန်းရာနဲ့ချီတဲ့သူတွေက သူ့ရှေ့မှာ ရပ်နေကြတယ်။’—ဒံ. ၇:၁၀ကဘ; ဆာ. ၁၀၃:၂၁

၃။ စကြဝဠာမှာ ကြယ် ဘယ်လောက်ရှိသလဲ။ ကြယ်နဲ့ဂြိုဟ်တွေကို ဘယ်လိုဖွဲ့စည်းထားသလဲ။

ယေဟောဝါဟာ စကြဝဠာကိုဖန်ဆင်းတဲ့အခါမှာ ကြယ်နဲ့ ဂြိုဟ်အများကြီးကို ဖန်ဆင်းခဲ့တယ်၊ အဲဒါတွေအားလုံးကို ရေတွက်လို့မကုန်နိုင်ဘူး။ ကြယ်ဘယ်နှစ်လုံးရှိသလဲ။ လတ်တလော လေ့လာတွေ့ရှိချက်အရ စကြဝဠာမှာ ကြယ်အလုံးပေါင်း “၃၀၀ ဆက်စတေလျံ” ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆတယ်ဆိုပြီး သတင်းစာတစ်စောင်မှာ ဖော်ပြထားတယ်။ အဲဒီအရေအတွက်က ၃ အနောက်မှာ သုံည ၂၃ လုံးဖြစ်တယ်။ အဲဒီကြယ်တွေနဲ့ ဂြိုဟ်တွေကို စနစ်တကျဖွဲ့စည်းထားသလား။ ဖွဲ့စည်းထားပါတယ်၊ ကြယ်တွေကို ဂလက်ဆီတွေအဖြစ် ဖွဲ့စည်းထားတယ်။ ဂလက်ဆီတစ်ခုစီမှာ ကြယ် သန်းကုဋေပေါင်းများစွာနဲ့ ဂြိုဟ်တွေအများကြီး ပါဝင်တယ်။ ဂလက်ဆီအများစုကိုတော့ ကလပ်စတာတွေအဖြစ် ဖွဲ့စည်းထားတယ်။ အဲဒီကလပ်စတာတွေကို ပိုကြီးတဲ့ စူပါကလပ်စတာတွေအဖြစ် ဖွဲ့စည်းထားတယ်။

ဘုရားသခင့်ကျေးကျွန်တွေကို စနစ်တကျ ဖွဲ့စည်းဖို့လိုတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့မှာ လုပ်စရာ အရေးကြီးတဲ့အလုပ်တွေ အများကြီးရှိတယ်

၄။ ဘုရားသခင်ဟာ မြေကြီးပေါ်မှာရှိတဲ့ မိမိရဲ့ကျေးကျွန်တွေကို စနစ်တကျ ဖွဲ့စည်းထားမယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။

ကောင်းကင်မှာရှိတဲ့ ကောင်းကင်တမန်တွေနဲ့ စကြဝဠာမှာရှိတဲ့ ကြယ်တွေ၊ ဂြိုဟ်တွေကို အံ့ဩစရာကောင်းတဲ့နည်းနဲ့ ဖွဲ့စည်းထားတယ်။ (ဟေရှာ. ၄၀:၂၆) ဒါကြောင့် ဖန်ဆင်းရှင်ဟာ မြေကြီးပေါ်မှာရှိတဲ့ မိမိရဲ့ကျေးကျွန်တွေကိုလည်း စနစ်တကျဖွဲ့စည်းထားမယ်ဆိုတာ သေချာပါတယ်။ သူတို့ကို စနစ်တကျ ဖွဲ့စည်းဖို့လိုတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့မှာ လုပ်စရာ အရေးကြီးတဲ့အလုပ်တွေ အများကြီးရှိတယ်။ နှစ်ထောင်ချီ ကာလတစ်လျှောက်မှာ ယေဟောဝါဟာ မိမိရဲ့လူတွေကို စနစ်တကျ ဖွဲ့စည်းခဲ့တယ်၊ အဲဒါကြောင့် သူတို့ဟာ ကိုယ်တော့်ကို သစ္စာရှိရှိ ဝတ်ပြုနိုင်ခဲ့ကြတယ်။ ကိုယ်တော်ဟာ သူတို့နဲ့အတူရှိတယ်၊ ကိုယ်တော်က ‘စည်းစနစ်မရှိတဲ့ဘုရားမဟုတ်ဘဲ သင့်တင့်ငြိမ်သက်တဲ့ဘုရား ဖြစ်’ တယ်ဆိုတဲ့ အထောက်အထားများစွာရှိတယ်။—၁ ကောရိန္သု ၁၄:၃၃၊ ၄၀ ကိုဖတ်ပါ။

ရှေးခေတ်က ဘုရားသခင့်လူမျိုးကို စနစ်တကျဖွဲ့စည်းခဲ့

၅။ မြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက် ဘာကြောင့် ပျက်ပြားသွားသလဲ။

ပထမဆုံးလူသားနှစ်ဦးကို ယေဟောဝါ ဖန်ဆင်းတုန်းက ဒီလိုပြောခဲ့တယ်– “အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့။” (က. ၁:၂၈) ယေဟောဝါက တစ်ခါတည်းနဲ့ လူအများကြီးကို မဖန်ဆင်းခဲ့ဘူး။ အာဒံနဲ့ဧဝမှာ သားသမီးတွေ ရှိလာမယ်။ သူတို့သားသမီးတွေက ထပ်ပြီး သားသမီးတွေ မွေးကြမယ်။ အဲဒီလိုနဲ့ တစ်ကမ္ဘာလုံးမှာ လူတွေနဲ့ပြည့်သွားတဲ့အထိ မွေးဖွားကြမှာဖြစ်တယ်။ သူတို့က ကမ္ဘာတစ်ခုလုံးကို ပရဒိသုဖြစ်အောင်လုပ်ရမယ်။ အဲဒါက ဘုရားသခင့်ရည်ရွယ်ချက်ပဲ။ ဒါပေမဲ့ အာဒံနဲ့ဧဝ ဘုရားသခင့်စကားကို နားမထောင်တဲ့အခါ ကိုယ်တော်ရဲ့ရည်ရွယ်ချက် တစ်ခဏ ပျက်ပြားသွားတယ်။ (က. ၃:၁-၆) အာဒံနဲ့ဧဝရဲ့ကလေးအများစုက ယေဟောဝါကို ဝတ်မပြုကြဘူး၊ သိပ်မကြာခင်မှာပဲ “မြေကြီးပေါ်မှာ လူတွေ သိပ်ဆိုးသွမ်းနေတာ၊ လူတွေရဲ့စိတ်အကြံအစည်ရှိသမျှဟာ အမြဲဆိုးညစ်နေတာကို ယေဟောဝါ မြင်တယ်။” ဒီဆိုးညစ်မှုတွေကြောင့် ‘မြေကြီးဟာ ပျက်စီးယိုယွင်းနေပြီး အကြမ်းဖက်မှုတွေနဲ့ ပြည့်နေတယ်။’ ဒါကြောင့် ဘုရားသခင်က ကမ္ဘာတစ်ခုလုံးကို ရေလွှမ်းမိုးဘေးကျရောက်စေပြီး လူဆိုးအားလုံးကို ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။—က. ၆:၅၊ ၁၁-၁၃၊ ၁၇ကဘ။

၆၊ ၇။ (က) ယေဟောဝါက ဘာကြောင့် နောဧကို ကယ်တင်ခဲ့တာလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) နောဧပြောတာကို နားမထောင်တဲ့သူအားလုံး ဘာဖြစ်သွားသလဲ။

ရေလွှမ်းမိုးဘေးမှာ လူတစ်ယောက်မကျန် ဖျက်ဆီးခံရတာ မဟုတ်ပါဘူး။ နောဧဟာ “ယေဟောဝါရှေ့မှာ မျက်နှာသာရသူဖြစ်တယ်။” ဘာကြောင့်လဲဆိုတာ့ သူက “ဖြောင့်မတ်သူ၊” “ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်းသူဖြစ်တယ်။” ယေဟောဝါက နောဧကို သင်္ဘောကြီးတစ်စင်းဆောက်ဖို့ မိန့်မှာပြီး လိုအပ်တဲ့ညွှန်ကြားချက်တွေအားလုံး ပေးခဲ့တယ်။ (က. ၆:၈၊ ၉၊ ၁၄-၁၆) သင်္ဘောကို ရေပေါ်မှာပေါ်နိုင်တဲ့ပုံစံလုပ်ထားလို့ အထဲမှာရှိတဲ့လူတွေနဲ့ တိရစ္ဆာန်တွေ အသက်ရှင်လွတ်မြောက်မှာဖြစ်တယ်။ နောဧနဲ့မိသားစုဟာ ယေဟောဝါ မိန့်မှာတဲ့အတိုင်း အတိအကျလုပ်ခဲ့တယ်။ တိရစ္ဆာန်တွေကို သင်္ဘောထဲသွင်းပြီးနောက်မှာ ယေဟောဝါက သင်္ဘောတံခါးကို ပိတ်လိုက်တယ်။—က. ၇:၅၊ ၁၆

နောဧဟာ လူတွေကို ရေလွှမ်းမိုးဘေးအကြောင်း သတိပေးခဲ့တယ်၊ ဒါပေမဲ့ လူတွေ နားမထောင်ကြဘူး။ (၂ ပေ. ၂:၅) ဘီစီ ၂၃၇၀ မှာ ရေလွှမ်းမိုးဘေး စခဲ့တယ်။ ယေဟောဝါဟာ ‘အသက်ရှင်တဲ့အရာ ရှိသမျှကို’ ဖျက်ဆီးခဲ့တယ်၊ ဒါပေမဲ့ သစ္စာရှိတဲ့ နောဧနဲ့ သားတွေ၊ သူတို့ရဲ့မိန်းမတွေကို ကိုယ်တော် ကယ်တင်ခဲ့တယ်။ (က. ၇:၂၃) အခုချိန်မှာ ကမ္ဘာပေါ်မှာရှိတဲ့လူသားအားလုံးက သစ္စာရှိတဲ့ နောဧမိသားစုကနေ ဆင်းသက်လာတာဖြစ်တယ်။ ဒါပေမဲ့ နောဧရဲ့သတိပေးချက်တွေကို နားမထောင်သူအားလုံး ရေလွှမ်းမိုးဘေးမှာ သေဆုံးသွားခဲ့ကြတယ်။

ကောင်းတဲ့ဖွဲ့စည်းစီစဉ်မှုက လူရှစ်ယောက်ကို ရေလွှမ်းမိုးဘေးကနေ လွတ်မြောက်စေခဲ့ (အပိုဒ် ၆၊ ၇ ကိုကြည့်ပါ)

၈။ ကတိထားရာပြည်ထဲဝင်ဖို့ အစ္စရေးလူတွေကို ဘုရားသခင် အမိန့်ပေးတဲ့အခါ သူတို့ကို ဘယ်လိုဖွဲ့စည်းခဲ့သလဲ။

ရေလွှမ်းမိုးပြီးလို့ အနှစ် ၈၀၀ ကျော်ကြာတဲ့အခါ ဘုရားသခင်ဟာ အစ္စရေးလူတွေကို လူမျိုးတစ်မျိုးအဖြစ် ဖွဲ့စည်းခဲ့တယ်။ သူတို့ရဲ့ဘဝကဏ္ဍတိုင်းကို ကိုယ်တော် စီစဉ်ညွှန်ကြားခဲ့တယ်၊ အထူးသဖြင့် ဝတ်ပြုရေးမှာဖြစ်တယ်။ ဥပမာ၊ သူတို့ထဲက တချို့ကို ယဇ်ပုရောဟိတ်တွေ၊ လေဝိသားတွေအဖြစ် တာဝန်ပေးခဲ့တယ်။ ‘တွေ့ဆုံရာ တဲတော်ဝင်ပေါက်မှာ အမှုဆောင်ဖို့’ အမျိုးသမီးတွေကိုလည်း စီစဉ်ဖွဲ့စည်းခဲ့တယ်။ (ထွ. ၃၈:၈ကဘ) နောက်ပိုင်းမှာ ယေဟောဝါက အစ္စရေးလူမျိုးကို ခါနာန်ပြည်ကိုသွားပြီး အဲဒီမှာနေဖို့ အမိန့်ပေးခဲ့တယ်။ ဒါပေမဲ့ အစ္စရေးလူအများစုက ကြောက်ပြီး ခါနာန်ပြည်ကိုသွားဖို့ ငြင်းဆန်ခဲ့ကြတယ်။ ဒါကြောင့် ဘုရားသခင်က သူတို့ကို ဒီလိုပြောခဲ့တယ်– ‘မင်းတို့ကို နေခွင့်ပေးမယ်လို့ ငါကျိန်ဆိုခဲ့တဲ့ပြည်ထဲ ယေဖုန်နာရဲ့သား ကာလက်နဲ့ နုန်ရဲ့သား ယောရှုကလွဲလို့ ဘယ်သူမှ မဝင်ရဘူး။’ ဘာကြောင့်လဲဆိုတော့ ကတိထားရာပြည်ကို စုံစမ်းထောက်လှမ်းပြီး ပြန်လာတဲ့သူတွေထဲမှာ ယောရှုနဲ့ ကာလက်ပဲ သတင်းကောင်း ပြန်ပြောခဲ့တယ်။ (တော. ၁၄:၃၀ကဘ၊ တော. ၁၄: ၃၇၊ ၃၈) နောက်ပိုင်းမှာ ယေဟောဝါက အစ္စရေးလူတွေကိုဦးဆောင်ဖို့ ယောရှုကို တာဝန်ပေးခဲ့တယ်။ (တော. ၂၇:၁၈-၂၃) ယောရှု အစ္စရေးလူတွေကို ဦးဆောင်ပြီး ခါနာန်ပြည်ထဲမဝင်ခင်လေးမှာ ယေဟောဝါ သူ့ကို ဒီလိုပြောခဲ့တယ်– ‘သတ္တိရှိပြီး စိတ်ဓာတ်ကြံ့ခိုင်ပါ။ မင်း ဘယ်ကိုပဲသွားသွား မင်းရဲ့ဘုရားယေဟောဝါက အတူရှိတဲ့အတွက် မထိတ်လန့်နဲ့၊ မကြောက်နဲ့။’—ယောရှု ၁:၉ကဘ။

သစ္စာရှိတဲ့ရာခပ်ဟာ ယေဟောဝါနဲ့ ကိုယ်တော့်အဖွဲ့အစည်းကို တကယ်လေးစားခဲ့တယ်

၉။ ယေဟောဝါနဲ့ ကိုယ်တော့်လူမျိုးအပေါ် ရာခပ် ဘယ်လိုသဘောထားခဲ့သလဲ။

ယောရှုသွားတဲ့နေရာတိုင်းမှာ ယေဟောဝါ သူနဲ့အတူရှိခဲ့တယ်။ ဥပမာ၊ ဘီစီ ၁၄၇၃ မှာ အစ္စရေးလူတွေဟာ ခါနာန်ပြည်ရဲ့ မြို့တစ်မြို့ဖြစ်တဲ့ ယေရိခေါမြို့အနားမှာ စခန်းချနေကြတယ်။ ယောရှုဟာ ယေရိခေါမြို့ကို စုံစမ်းဖို့ သူလျှိုနှစ်ယောက်ကို လွှတ်လိုက်တယ်၊ သူလျှိုနှစ်ယောက်ဟာ အဲဒီမှာ ပြည့်တန်ဆာရာခပ်နဲ့ တွေ့တယ်။ မြို့ထဲကယောက်ျားတွေက သူလျှိုနှစ်ယောက်ကိုဖမ်းဖို့ ရှာနေတယ်၊ ဒါပေမဲ့ ရာခပ်က သူတို့ကို အိမ်အမိုးပေါ်မှာ ဝှက်ထားလိုက်တယ်။ အစ္စရေးသူလျှိုနှစ်ယောက်ကို ရာခပ် ဒီလိုပြောတယ်– ‘ယေဟောဝါက ရှင်တို့ကို ဒီပြည် ပေးမယ်ဆိုတာ ကျွန်မသိတယ်။ ပင်လယ်နီရေကို ယေဟောဝါ ဘယ်လိုခန်းခြောက်စေခဲ့တယ်၊ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းက အာမောရိဘုရင်တွေကို ဘယ်လို အစတုံးဖျက်ဆီးခဲ့တယ်ဆိုတာ ကျွန်မတို့ ကြားထားတယ်။ ရှင်တို့ရဲ့ဘုရား ယေဟောဝါဟာ အထက်ကောင်းကင်မှာရော အောက်အရပ်မြေကြီးမှာပါ အကြီးမြတ်ဆုံးဘုရားပါ။’ (ယောရှု ၂:၉-၁၁ကဘ) ရာခပ်နဲ့ သူ့မိသားစုဟာ ယေဟောဝါ ရွေးချယ်ထားတဲ့လူမျိုးကို ကူညီပေးခဲ့ကြတယ်။ နောက်ပိုင်း အစ္စရေးလူတွေ ယေရိခေါမြို့ကို သိမ်းပိုက်တဲ့အခါ ယေဟောဝါဟာ ရာခပ်နဲ့ သူ့မိသားစုကို ကယ်တင်ခဲ့တယ်။ (ယောရှု ၆:၂၅) သစ္စာရှိတဲ့ရာခပ်ဟာ ယေဟောဝါနဲ့ ကိုယ်တော့်အဖွဲ့အစည်းကို တကယ်လေးစားခဲ့တယ်။

ကနဦးခရစ်ယာန်တွေကို စနစ်တကျဖွဲ့စည်းခဲ့

၁၀။ ဂျူးဘာသာရေးခေါင်းဆောင်တွေကို ယေရှု ဘာပြောခဲ့သလဲ၊ ဘာကြောင့် အဲဒီလိုပြောတာလဲ။

၁၀ သစ္စာရှိယောရှု ဦးဆောင်တဲ့အချိန်မှာ အစ္စရေးလူတွေဟာ ခါနာန်ပြည်ကို တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်နိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း အနှစ် ၁,၅၀၀ အတွင်းမှာ အစ္စရေးလူတွေဟာ အကြိမ်ကြိမ် သစ္စာမဲ့ခဲ့ကြတယ်။ ယေရှု မြေကြီးပေါ်ရောက်လာတဲ့အချိန်မှာ အစ္စရေးလူမျိုးဟာ ယေဟောဝါနဲ့ ကိုယ်တော့်ပရောဖက်တွေရဲ့စကားကို နားမထောင်ကြဘူး။ အဲဒါကြောင့် ယေရှုက အစ္စရေးလူတွေနေတဲ့ ဂျေရုဆလင်မြို့ကို “ပရောဖက်များကို သတ်သည့်မြို့” လို့ခေါ်ခဲ့တယ်။ (မဿဲ ၂၃:၃၇၊ ၃၈ ကိုဖတ်ပါ။) ယေဟောဝါဟာ စကားနားမထောင်တဲ့ ဂျူးဘာသာရေးခေါင်းဆောင်တွေကို ငြင်းပယ်ခဲ့တယ်။ ယေရှုက သူတို့ကို “ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့ထံမှနုတ်ယူ၍ အသီးသီးမည့်လူမျိုးအား ပေးရလိမ့်မည်” လို့ ပြောခဲ့တယ်။—မ. ၂၁:၄၃

၁၁၊ ၁၂။ (က) ယေဟောဝါဟာ အစ္စရေးလူမျိုးအစား အဖွဲ့အစည်းသစ်တစ်ခုကို မျက်နှာသာပေးခဲ့တယ်ဆိုတာ ဘယ်အချက်က ဖော်ပြသလဲ။ (ခ) အဲဒီအဖွဲ့အစည်းသစ်မှာ ဘယ်သူတွေ ပါဝင်လာသလဲ။

၁၁ အေဒီပထမရာစုမှာ ယေဟောဝါဟာ သစ္စာမဲ့တဲ့ အစ္စရေးလူမျိုးကို ငြင်းပယ်လိုက်တယ်။ ဒါပေမဲ့ မြေကြီးပေါ်မှာ ယေရှုခရစ်နဲ့ သူ့ရဲ့သွန်သင်ချက်တွေကို နားထောင်တဲ့ သစ္စာရှိကျေးကျွန်တွေပါဝင်တဲ့ အဖွဲ့အစည်းတစ်ခု ရှိနေဦးမှာဖြစ်တယ်။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ယေဟောဝါဟာ အစ္စရေးလူမျိုးအစား အဖွဲ့အစည်းသစ်တစ်ခုကို စတင် မျက်နှာသာပေးခဲ့တယ်။ ယေရှုရဲ့တပည့် ၁၂၀ လောက် စုရုံးနေချိန်မှာ ခုလိုဖြစ်ပျက်ခဲ့တယ်– “လေပြင်းတိုက်သံနှင့်တူသော အသံသည် ကောင်းကင်မှ ရုတ်တရက် ပေါ်လာ၍ ထိုသူတို့ထိုင်နေသော အိမ်တစ်အိမ်လုံး၌ ပြည့်လေ၏။ ထိုအခါ မီးလျှာကဲ့သို့သောအရာများ ထင်ရှားလာပြီး အဖြာဖြာကွဲပြားလျက် ထိုသူအသီးသီးတို့အပေါ်တွင် တည်နေ၏။ ထိုသူအပေါင်းတို့သည် သန့်ရှင်းသော စွမ်းအားတော်နှင့်ပြည့်လျက် စွမ်းအားတော်က မြွက်ဆိုခွင့်ပေးသည့်အတိုင်း အမျိုးမျိုးသော ဘာသာစကားများဖြင့် ပြောဆိုကြလေ၏။” (တ. ၂:၁-၄) အဲဒီအံ့သြဖွယ်အဖြစ်အပျက်က ခရစ်တော်ရဲ့တပည့်တွေပါဝင်တဲ့ အဖွဲ့အစည်းအသစ်ကို ယေဟောဝါ ထောက်မကူညီနေတယ်ဆိုတာ မငြင်းနိုင်တဲ့အထောက်အထားဖြစ်တယ်။

၁၂ အဲဒီနေ့မှာပဲ လူ ၃,၀၀၀ လောက်ဟာ ယေဟောဝါရဲ့ အဖွဲ့အစည်းသစ်နဲ့ ပူးပေါင်းခဲ့ကြတယ်။ ကျမ်းစာမှာ “ယေဟောဝါဘုရားသည်လည်း ကယ်တင်ခံရမည့်သူများကို နေ့စဉ်မပြတ် ခေါ်သွင်းလျက်ရှိ၏” လို့ဖော်ပြထားတယ်။ (တ. ၂:၄၁၊ ၄၇) ယေရှုနောက်လိုက်တွေရဲ့ ဟောပြောခြင်းလုပ်ငန်းဟာ အောင်မြင်ခဲ့တယ်၊ အဲဒီအကြောင်း ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “ဘုရားသခင်၏တရားစကားတော်သည် ထွန်းကားသဖြင့် ဂျေရုဆလင်မြို့၌ တပည့်တော်အရေအတွက် အလွန်တိုးများလျက်ရှိ၏။ ယဇ်ပုရောဟိတ် အမြောက်အမြားတို့သည်လည်း သက်ဝင်ယုံကြည်လာကြ၏။” (တ. ၆:၇) နောက်ပိုင်း ခရစ်ယာန်အသင်းတော်ထဲ ဂျူးမဟုတ်သူတွေကို ယေဟောဝါ ခေါ်သွင်းလာတဲ့အခါ အဲဒါက အဖွဲ့အစည်းသစ်ကို ယေဟောဝါ ထောက်မကူညီတယ်ဆိုတဲ့ နောက်ထပ်အထောက်အထားဖြစ်တယ်။—တမန်တော် ၁၀:၄၄၊ ၄၅ ကိုဖတ်ပါ။

ပထမရာစုအချိန်ကတည်းက ဘုရားသခင့်အဖွဲ့အစည်းဟာ လူတွေကို ကယ်တင်ဖို့ ယေဟောဝါ လုပ်ဆောင်တဲ့အရာတွေအကြောင်း တခြားသူတွေကို ပြောပြခဲ့တယ်

၁၃။ ဘုရားသခင့်အဖွဲ့အစည်းသစ်ဟာ ဘယ်အလုပ်တာဝန် ရခဲ့သလဲ။

၁၃ ဘုရားသခင်ဟာ ခရစ်တော်ရဲ့နောက်လိုက်တွေကို လုပ်စရာအလုပ်ပေးခဲ့တယ်ဆိုတာ သေချာတယ်။ ယေရှု မြေကြီးပေါ်မှာရှိတုန်းက သူတို့အတွက် ပုံသက်သေပြခဲ့တယ်။ ယေရှုဟာ နှစ်ခြင်းခံပြီး သိပ်မကြာခင်မှာ “ကောင်းကင်နိုင်ငံတော်” အကြောင်း စဟောခဲ့တယ်။ (မ. ၄:၁၇) ယေရှုက တပည့်တွေကို အဲဒီအလုပ်ကိုပဲလုပ်ဖို့ သင်ပေးခဲ့တယ်။ ယေရှုက တပည့်တွေဟာ “ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင်” သူ့အကြောင်း သက်သေခံသူတွေ ဖြစ်ကြလိမ့်မယ်လို့လည်း ပြောခဲ့တယ်။ (တ. ၁:၈) ဘာလုပ်ရမယ်ဆိုတာကို ယေရှုရဲ့တပည့်တွေ သိခဲ့သလား။ သိပါတယ်။ တစ်ခါတုန်းက ပေါလုနဲ့ ဗာနဗဟာ ဆန့်ကျင်သူဂျူးတွေကို သတ္တိရှိရှိနဲ့ ဒီလို ပြောခဲ့တယ်– “‘ဘုရားသခင်၏တရားစကားတော်ကို သင်တို့အား ရှေးဦးစွာ ဟောပြောရ၏။ သင်တို့သည် ထိုတရားကိုပယ်၍ မိမိတို့ကိုယ်ကို ထာဝရအသက်နှင့် မထိုက်တန်ဟု စီရင်ကြသောကြောင့် ငါတို့သည် လူမျိုးခြားတို့ထံသို့ သွားကြ၏။ မြေကြီးစွန်းတိုင်အောင် ကယ်တင်ရာအကြောင်းဖြစ်စေရန် လူမျိုးခြားတို့၏အလင်းအဖြစ် သင့်ကို ငါခန့်ထား၏’ ဟု ယေဟောဝါဘုရားသည် ငါတို့အား မိန့်တော်မူပြီ။” (တ. ၁၃:၁၄၊ ၄၅-၄၇) ပထမရာစုကတည်းက ဘုရားသခင့်အဖွဲ့အစည်းဟာ လူတွေကို ကယ်တင်ဖို့ ယေဟောဝါ လုပ်ဆောင်တဲ့အရာတွေအကြောင်း တခြားသူတွေကို ပြောပြခဲ့တယ်။

ဘုရားသခင့်ကျေးကျွန်တွေ ကယ်တင်ခံရ

၁၄။ ပထမရာစုတုန်းက ဂျေရုဆလင်မှာ ဘာဖြစ်ခဲ့သလဲ၊ ဘယ်သူတွေ ကယ်တင်ခံခဲ့ရသလဲ။

၁၄ ဂျူးလူမျိုးအများစုဟာ ယေရှုနဲ့ပတ်သက်တဲ့သတင်းကောင်းကို လက်မခံခဲ့ကြဘူး၊ ဂျေရုဆလင်မြို့ပေါ်ကျရောက်မယ့် ဘေးဆိုးတစ်ခုအကြောင်း ယေရှုပြောတဲ့အခါမှာလည်း နားမထောင်ခဲ့ကြဘူး။ ယေရှုက တပည့်တွေကို ဒီလိုသတိပေးခဲ့တယ်– “ဂျေရုဆလင်မြို့ကို စစ်တပ်ဝိုင်းရံလျက်ရှိကြောင်း သင်တို့မြင်သောအခါ ထိုမြို့သည် ပျက်စီးခြင်းသို့ ရောက်လုနီးပြီဟု သိမှတ်ကြလော့။ ထိုအခါ ယုဒနယ်၌ရှိသောသူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ ထွက်ကြစေ။ တောရွာမှာရှိသောသူတို့သည် မြို့ထဲသို့ မဝင်ကြစေနှင့်။” (လု. ၂၁:၂၀၊ ၂၁) ယေရှု ကြိုပြောခဲ့တဲ့အတိုင်း ဂျေရုဆလင်မြို့ ဖျက်ဆီးခံခဲ့ရတယ်။ ဂျူးတွေက ရောမတွေကို ပြန်ခုခံတိုက်ခိုက်ခဲ့တယ်၊ အေဒီ ၆၆ မှာ ရောမစစ်တပ်က ဂျေရုဆလင်မြို့ကို ဖျက်ဆီးဖို့အတွက် ဝိုင်းရံပိတ်ဆို့လိုက်တယ်။ ဒါပေမဲ့ ရောမစစ်တပ်ဟာ ရုတ်တရက် ဆုတ်ခွာသွားခဲ့တယ်၊ အဲဒါက ယေရှုရဲ့နောက်လိုက်တွေ ဂျေရုဆလင်မြို့နဲ့ ယုဒပြည်ကနေ ထွက်ပြေးဖို့ အခွင့်အရေးရစေခဲ့တယ်။ သူတို့တွေဟာ ဂျော်ဒန်မြစ်ကိုဖြတ်ပြီး တောင်ပေါ်ဒေသတွေကို ထွက်ပြေးခဲ့ကြတယ်။ အေဒီ ၇၀ မှာ ရောမစစ်တပ်တွေ ပြန်ရောက်လာပြီး ဂျေရုဆလင်မြို့ကို ဖျက်ဆီးပစ်လိုက်တယ်။ ခရစ်ယာန်တွေ ဘာဖြစ်ခဲ့သလဲ။ သူတို့တွေ ယေရှုရဲ့သတိပေးချက်ကို နားထောင်ခဲ့လို့ ကယ်တင်ခံခဲ့ရတယ်။

၁၅။ လူတွေ ဘာကြောင့် ခရစ်ယာန်အသင်းတော်နဲ့ ပူးပေါင်းခဲ့ကြတာလဲ။

၁၅ ပထမရာစုတုန်းက ခရစ်ယာန်တွေဟာ နှိပ်စက်ညှဉ်းပန်းခံရပြီး ယုံကြည်ခြင်း စမ်းသပ်ခံခဲ့ရတယ်။ အဲဒီကြားထဲမှာ လူများစွာဟာ ခရစ်ယာန်တွေဖြစ်လာကြတယ်။ (တ. ၁၁:၁၉-၂၁; ၁၉:၁၊ ၁၉၊ ၂၀) ဘာကြောင့် အဲဒီလိုဖြစ်လာတာလဲ။ အကြောင်းကတော့ ခရစ်ယာန်အသင်းတော်ဟာ ဘုရားသခင့်မျက်နှာသာရလို့ပဲ။—သု. ၁၀:၂၂

ကျွန်ုပ်တို့အချိန်မှာရှိတဲ့ ဝတ်ပြုမှုပုံစံနဲ့ ပထမရာစုခရစ်ယာန်တွေရဲ့ ၀တ်ပြုမှုပုံစံ တူညီတာကို တွေ့ရတာက အံ့ဩစရာပါပဲ

၁၆။ ခရစ်ယာန်အားလုံးဟာ မိမိတို့ရဲ့ယုံကြည်ခြင်း ဆက်ခိုင်ခံ့နေစေဖို့ ဘာလုပ်ခဲ့ရသလဲ။

၁၆ ခရစ်ယာန်အားလုံးဟာ ယုံကြည်ခြင်း ဆက်ခိုင်ခံ့နေဖို့နဲ့ စည်းလုံးနေဖို့ ကိုယ်တိုင်ကြိုးစားအားထုတ်ခဲ့ကြရတယ်။ သူတို့ဟာ ကျမ်းစာကို လုံ့လစိုက်ထုတ် လေ့လာရတယ်၊ အစည်းအဝေးတွေ မှန်မှန်တက်ရတယ်၊ အမှုဆောင်လုပ်ငန်းမှာ ထက်ထက်သန်သန် ပါဝင်ရတယ်။ အဲဒီအချိန်တုန်းက အသင်းတော်တွေကို စနစ်တကျ ဖွဲ့စည်းထားတယ်။ အသင်းတော်တွေမှာ သူတို့ကို ကူညီပေးချင်တဲ့ အကြီးအကဲတွေ၊ အမှုထမ်းတွေရှိတယ်။ အသင်းတော်တွေဟာ အဲဒီညီအစ်ကိုတွေရဲ့ ကြိုးစားမှုကနေ အကျိုးခံစားကြရတယ်။ (ဖိ. ၁:၁; ၁ ပေ. ၅:၁-၄) ဒါ့အပြင် အသင်းတော်တွေဟာ ပေါလုလို နယ်လှည့်ကြီးကြပ်မှူးတွေရဲ့ လည်ပတ်မှုတွေကနေလည်း ပျော်ရွှင်မှုခံစားခဲ့ကြရတယ်။ (တ. ၁၅:၃၆၊ ၄၀၊ ၄၁) ကျွန်ုပ်တို့အချိန်မှာရှိတဲ့ ဝတ်ပြုမှုပုံစံနဲ့ ပထမရာစုခရစ်ယာန်တွေရဲ့ ၀တ်ပြုမှုပုံစံ တူညီတာကို တွေ့ရတာက အံ့ဩစရာပါပဲ။ ယေဟောဝါဟာ မိမိရဲ့ကျေးကျွန်တွေကို အမြဲပဲ စနစ်တကျဖွဲ့စည်းပေးတဲ့အတွက် ကျေးဇူးတင်စရာပါပဲ။ *

၁၇။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။

၁၇ ကျွန်ုပ်တို့ဟာ နောက်ဆုံးကာလမှာ အသက်ရှင်နေကြတယ်၊ စာတန့်လောကဟာ မကြာခင် ဖျက်ဆီးခံရပါတော့မယ်။ ဒါပေမဲ့ ဘုရားသခင့်အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းဟာ တစ်ခါနဲ့မှမတူအောင် ရှေ့ကို အလျင်အမြန် တိုးတက်နေပါတယ်။ ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့အတူ သင် ရှေ့ကို တိုးတက်နေသလား။ သင် ဘယ်လိုတိုးတက်နိုင်တယ်ဆိုတာ နောက်ဆောင်းပါးမှာ ဆွေးနွေးပါလိမ့်မယ်။

^ အပိုဒ််၊ 16 ဇူလိုင် ၁၅၊ ၂၀၀၂ ကင်းမျှော်စင်မှာပါတဲ့ “ခရစ်ယာန်များသည် ဝိညာဉ်နှင့် အမှန်တရားဖြင့် ဝတ်ပြုကိုးကွယ်ကြ” နဲ့ “သူတို့သည် အမှန်တရား၌ ဆက်လျှောက်လှမ်းနေကြ” ဆိုတဲ့ဆောင်းပါးတွေကို ကြည့်ပါ။ မျက်မှောက်ခေတ် ဘုရားသခင့်အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းအကြောင်း အသေးစိတ်အချက်အလက်ကို ယေဟောဝါသက်သေများ—နိုင်ငံတော်ကြွေးကြော်သူများ (အင်္ဂလိပ်) စာအုပ်မှာကြည့်ပါ။