မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှုဆောင်လုပ်ငန်းမှာ ရွှေပညတ်ကို လိုက်နာပါ

အမှုဆောင်လုပ်ငန်းမှာ ရွှေပညတ်ကို လိုက်နာပါ

“သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။”—မ. ၇:၁၂

၁။ တခြားသူတွေနဲ့စကားပြောတဲ့အခါ ကျွန်ုပ်တို့ရဲ့ ပြုမူဆက်ဆံပုံက အရေးပါတယ်ဆိုတာ ဥပမာတစ်ခု ပြောပြပါ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

ဖီဂျီမှာ သက်သေခံလင်မယားနှစ်ယောက်ဟာ ခရစ်တော်ရဲ့သေခြင်း အောက်မေ့ရာပွဲအတွက် လူတွေကိုဖိတ်ခေါ်တဲ့ ကင်ပိန်းမှာ ပါဝင်နေတယ်။ သူတို့က အိမ်အပြင်ဘက်မှာ အိမ်ရှင်အမျိုးသမီးနဲ့ စကားပြောနေတုန်း မိုးရွာလာတယ်။ သက်သေခံလင်မယားက သူတို့ရဲ့ထီးတစ်ချောင်းကို အိမ်ရှင်အမျိုးသမီးကို ပေးလိုက်တယ်။ အဲဒါကြောင့် အိမ်ရှင်အမျိုးသမီးရဲ့စိတ်နှလုံး ထိမိသွားပြီး အောက်မေ့ရာပွဲတက်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်းမှာ အဲဒီအမျိုးသမီးက သက်သေခံလင်မယား ပြောသွားတာတွေကို သိပ်မမှတ်မိပေမဲ့ သူ့အပေါ် ပြုမူဆက်ဆံပုံကိုတော့ မှတ်မိတယ်လို့ ပြောပြခဲ့တယ်။ သက်သေခံလင်မယားက ရွှေပညတ်ကို ကျင့်သုံးခဲ့တာဖြစ်တယ်။

၂။ ရွှေပညတ်ဆိုတာ ဘာလဲ၊ အဲဒီပညတ်ကို ဘယ်လို ကျင့်သုံးနိုင်သလဲ။

ရွှေပညတ်ဆိုတာ ဘာလဲ။ “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့” ဆိုတဲ့ ယေရှုရဲ့သွန်သင်ချက်ပဲ။ (မ. ၇:၁၂) အဲဒါကို ဘယ်လိုကျင့်သုံးနိုင်သလဲ။ ပထမဆုံး ‘ငါ ဘယ်လို ပြုမူဆက်ဆံခံချင်သလဲ’ လို့ကိုယ့်ကိုယ်ကိုမေးပါ။ ဒုတိယ၊ ကိုယ်ဆက်ဆံခံချင်တဲ့နည်းအတိုင်း တခြားသူကိုဆက်ဆံဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။—၁ ကော. ၁၀:၂၄

၃၊ ၄။ (က) လူတိုင်းနဲ့ဆက်ဆံတဲ့အခါ ဘာကြောင့် ရွှေပညတ်ကို လိုက်နာသင့်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

ကျွန်ုပ်တို့နဲ့ ယုံကြည်ချက်ချင်းတူတဲ့ ညီအစ်ကိုညီအစ်မတွေနဲ့ ဆက်ဆံတဲ့အခါမှပဲ အဲဒီပညတ်ကို လိုက်နာရမယ်လို့ ယေရှုပြောခဲ့သလား။ မဟုတ်ပါဘူး၊ ရန်သူအပါအဝင် လူတိုင်းကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ သင်ပေးနေတဲ့အချိန်မှာပဲ ယေရှု အဲဒီအချက်ကိုပြောခဲ့တာဖြစ်တယ်။ (လုကာ ၆:၂၇၊ ၂၈၊ ၃၁၊ ၃၅ ကိုဖတ်ပါ။) ဒါကြောင့် လူတွေကို သတင်းကောင်းဟောပြောတဲ့အချိန်မှာလည်း အဲဒီပညတ်ကို လိုက်နာဖို့ သိပ်အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ထဲက များစွာဟာ သတင်းကောင်းကိုလက်ခံပြီး “ထာဝရအသက်” ရမယ့်သူတွေ ဖြစ်နိုင်လို့ပဲ။—တ. ၁၃:၄၈

အမှုဆောင်လုပ်ငန်းမှာ ပါဝင်နေချိန်မှာ သတိရဖို့လိုတဲ့ မေးခွန်းလေးခုကို အခု ဆွေးနွေးကြည့်ကြစို့။ ငါ ဘယ်လိုလူနဲ့ စကားပြောနေသလဲ။ ဘယ်နေရာမှာ ပြောနေသလဲ။ လူတွေနဲ့ စကားပြောဖို့ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ။ ဘယ်လို ပြောသင့်သလဲ။ ဒီမေးခွန်းတွေက လူတွေ ဘယ်လို ပြုမူဆက်ဆံခံချင်တယ်ဆိုတာ သိရှိဖို့ ကျွန်ုပ်တို့ကို ကူညီပေးနိုင်ပါတယ်။ အဲဒီအခါမှာ လူတစ်ဦးစီကို အကောင်းဆုံးနည်းနဲ့ ဘယ်လိုပြောဆိုရမယ်ဆိုတာကို သိရပါလိမ့်မယ်။—၁ ကော. ၉:၁၉-၂၃

ငါ ဘယ်လိုလူနဲ့ စကားပြောနေသလဲ

၅။ ကိုယ့်ကိုယ်ကို ဘယ်မေးခွန်းတွေ မေးနိုင်သလဲ။

အမှုဆောင်လုပ်ငန်းမှာ ကျွန်ုပ်တို့ တွေ့ရတဲ့သူတစ်ယောက်ချင်းစီမှာ နောက်ခံအခြေအနေကိုယ်စီ၊ ပြဿနာကိုယ်စီ ရှိကြတယ်။ (၆ ရာ. ၆:၂၉) သင် တစ်ယောက်ယောက်နဲ့စကားပြောတဲ့အခါ သင့်ကိုသင် ဒီလိုမေးပါ– ‘ငါသာ သူ့နေရာမှာဆိုရင် ဘယ်လို ပြုမူဆက်ဆံခံချင်သလဲ။ ငါ့အကြောင်း ဘာမှမသိသေးဘဲနဲ့ ကြိုတင် ဝေဖန်အကဲဖြတ်လိုက်တာမျိုး ကြိုက်သလား။ ဒါမှမဟုတ် ငါ့အကြောင်းတွေ သူ့ကို သိစေချင်သလား။’ ဒီမေးခွန်းတွေက ရွှေပညတ်ကို လိုက်နာဖို့၊ အိမ်ရှင်တစ်ဦးစီကို သူတို့ရဲ့အခြေအနေနဲ့အညီ ပြုမူဆက်ဆံဖို့ ကျွန်ုပ်တို့ကို ကူညီပေးနိုင်ပါတယ်။

၆၊ ၇။ အမှုဆောင်မှာတွေ့တဲ့သူတစ်ယောက်က ဒေါသထွက်နေတယ် ဒါမှမဟုတ် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတယ်ဆိုရင် ဘာလုပ်သင့်သလဲ။

ဥပမာ၊ ခရစ်ယာန်တွေဟာ လူတွေကို ကြင်ကြင်နာနာ၊ ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါဆိုတဲ့ ကျမ်းစာသွန်သင်ချက်ကို လိုက်နာဖို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ (ကော. ၄:၆) ဒါပေမဲ့ ကျွန်ုပ်တို့က မစုံလင်ကြဘူး။ တစ်ခါတလေ ကျွန်ုပ်တို့ စိတ်မကြည်မလင်ဖြစ်နေတဲ့နေ့မျိုးမှာ နောက်မှ နောင်တရရမယ့်စကားတွေကို ပြောမိနိုင်တယ်။ (ယာ. ၃:၂) အဲဒီအခါမျိုးမှာ ကျွန်ုပ်တို့ကို တခြားသူတွေ နားလည်ပေးဖို့ မျှော်လင့်တတ်ကြတယ်။ ကျွန်ုပ်တို့ကို ရိုင်းစိုင်းတဲ့သူအဖြစ် မသတ်မှတ်စေချင်ဘူး။ အဲဒီအချက်ကို သတိရတာက ကျွန်ုပ်တို့ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံသူတွေလည်း တစ်ချိန်ချိန်မှာ သူတို့ပြောခဲ့တာတွေအတွက် နောင်တရနိုင်တယ်ဆိုတာကို သိရှိဖို့ အကူအညီဖြစ်စေတယ်။

သင် တွေ့တဲ့သူတစ်ယောက်ယောက်က ဒေါသထွက်နေတယ်၊ ဒါမှမဟုတ် သင့်ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတယ် ဆိုရင် သူဘာကြောင့် အဲဒီလိုဖြစ်နေသလဲဆိုတာကို နားလည်ဖို့ သင်ကြိုးစား နိုင်မလား

သင် တွေ့တဲ့သူတစ်ယောက်ယောက်က ဒေါသထွက်နေတယ်၊ ဒါမှမဟုတ် သင့်ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတယ်ဆိုရင် သူဘာကြောင့် အဲဒီလိုဖြစ်နေသလဲဆိုတာကို နားလည်ဖို့ သင်ကြိုးစားနိုင်မလား။ သူ့ရဲ့အလုပ်ခွင်မှာ ဒါမှမဟုတ် ကျောင်းမှာ ဖိစီးမှုရှိလို့လား။ သူ ကျန်းမာရေးမကောင်းလို့လား။ သက်သေခံတွေနဲ့ စတွေ့တဲ့အချိန်မှာ စိတ်ဆိုးတဲ့သူများစွာဟာ သက်သေခံတွေက သူတို့ကို ယဉ်ယဉ်ကျေးကျေး၊ လေးလေးစားစား ဆက်ဆံတဲ့အခါ ကောင်းကောင်း ပြန်တုံ့ပြန်ကြတယ်။—သု. ၁၅:၁; ၁ ပေ. ၃:၁၅

“လူအမျိုးမျိုး” က အမှန်တရားထဲရောက်လာနိုင်ပါတယ်

၈။ “လူအမျိုးမျိုး” ကို ဘာကြောင့် နိုင်ငံတော်သတင်း ဟောသင့်သလဲ။

ကျွန်ုပ်တို့က လူအမျိုးမျိုးကို ဟောပြောကြတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ထုတ်ဝေခဲ့တဲ့ “သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်” ဆိုတဲ့ ကင်းမျှော်စင်ဆောင်းပါးတွေမှာ တွေ့ကြုံမှု ၆၀ ကျော် ဖော်ပြခဲ့တယ်။ အဲဒီဆောင်းပါးတွေမှာ ပါတဲ့လူတွေဟာ သူခိုးတွေ၊ အရက်သမားတွေ၊ လူဆိုးဂိုဏ်းသားတွေ၊ မူးယစ်ဆေးစွဲသူတွေ ဖြစ်ခဲ့ဖူးတယ်။ တချို့ကျတော့ နိုင်ငံရေးသမားတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ အလုပ်ကိုပဲ စိတ်ဝင်စားသူတွေဖြစ်တယ်။ တချို့က တော်တော်လေး အကျင့်ပျက်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့အားလုံးက သတင်းကောင်းကြားပြီး ကျမ်းစာသင်ဖို့ လက်ခံခဲ့ကြတယ်၊ သူတို့ရဲ့ဘဝပုံစံတွေကို ပြောင်းလဲပြီး အမှန်တရားထဲ ရောက်လာကြတယ်။ ဒါကြောင့် အဲဒီလိုလူတွေဟာ နိုင်ငံတော်သတင်းကို ဘယ်တော့မှလက်ခံမှာ မဟုတ်ဘူးလို့ ကျွန်ုပ်တို့ မစဉ်းစားသင့်ဘူး။ (၁ ကောရိန္သု ၆:၉–၁၁ ကိုဖတ်ပါ။) “လူအမျိုးမျိုး” က အမှန်တရားထဲရောက်လာနိုင်ပါတယ်။—၁ ကော. ၉:၂၂

ဘယ်နေရာမှာ ပြောနေသလဲ

၉။ တခြားသူတွေရဲ့အိမ်ကို ဘာကြောင့် လေးစားမှုပြသင့်သလဲ။

ကျွန်ုပ်တို့ဟာ အများအားဖြင့် လူတွေကို သူတို့ရဲ့အိမ်မှာ ဟောပြောတယ်။ (မ. ၁၀:၁၁-၁၃) ကျွန်ုပ်တို့ရဲ့အိမ်က ကျွန်ုပ်တို့အတွက် အရေးပါတယ်၊ ဒါကြောင့် ကျွန်ုပ်တို့ရဲ့အိမ်နဲ့ ပစ္စည်းတွေကို တခြားသူတွေ လေးစားမှုပြတဲ့အခါ နှစ်သက်ကြတယ်။ အဲဒီနေရာကို လုံခြုံတဲ့နေရာ၊ ကျွန်ုပ်တို့အတွက် သီးသန့်နေရာ ဖြစ်စေချင်ကြတယ်။ ဒါကြောင့် တစ်အိမ်တက်ဆင်းသွားတဲ့အခါ လူတွေရဲ့အိမ်ကို လေးစားမှုပြသင့်ပါတယ်။—တ. ၅:၄၂

ရပ်ကွက်မှာ ရှိသူတွေရဲ့ အိမ်နဲ့ ပစ္စည်းတွေကို လေးစားမှုပြတယ်ဆိုရင် လူတွေ အမှန်တရားကို စိတ်ဝင်စားလာနိုင်ပါတယ်

၁၀။ ဟောပြောတဲ့အချိန်မှာ တခြားသူတွေ စိတ်အနှောင့်အယှက်မဖြစ်အောင် ဘာတွေကို ရှောင်နိုင်သလဲ။

၁၀ ကျွန်ုပ်တို့ဟာ အကြမ်းဖက်မှုတွေ ပေါများလှတဲ့ကမ္ဘာမှာ အသက်ရှင်နေကြရတယ်။ အိမ်ရှင်များစွာက သူစိမ်းတွေကို မယုံသင်္ကာဖြစ်ကြတယ်။ (၂ တိ. ၃:၁-၅) ဒါကြောင့် ကိုယ့်အပေါ် သံသယဝင်စေနိုင်တဲ့ ဘယ်အရာကိုမှ မလုပ်သင့်ဘူး။ ဥပမာ၊ သင်က တံခါးကိုခေါက်လိုက်တယ် ဒါမှမဟုတ် အိမ်ရှင်ကို ခေါ်လိုက်တယ် ဆိုပါစို့။ ပြန်ထူးတဲ့သူမရှိဘူးဆိုရင် အိမ်ရှင်ကိုရှာဖို့ ပြတင်းပေါက်ကတစ်ဆင့် အထဲကိုချောင်းကြည့်တာ ဒါမှမဟုတ် ခြံဝင်းတံခါးကိုဖွင့်ပြီး အိမ်ထဲဝင်သွားတာ၊ အိမ်ကိုလှည့်ပတ်ကြည့်တာမျိုး လုပ်မိနိုင်တယ်။ သင်က လူများနိုင်သလောက် များများကို ဟောပြောချင်လို့ အဲဒီလိုလုပ်တာ ဖြစ်နိုင်တယ်။ (တ. ၁၀:၄၂) ဘုရားသခင်နဲ့ပတ်သက်တဲ့အမှန်တရားကို လူတွေသိအောင် သင် ကူညီပေးချင်တယ်။ (ရော. ၁:၁၄၊ ၁၅) ဒါပေမဲ့ သင့်ရပ်ကွက်မှာ အဲဒီလိုလုပ်တာက အိမ်ရှင်ကို စိတ်အနှောင့်အယှက် ဖြစ်စေသလား။ သူ့ရဲ့အိမ်နီးချင်းတွေက ဘယ်လို စဉ်းစားမိနိုင်သလဲ။ ကျွန်ုပ်တို့က ချင့်ချိန်တတ်ဖို့လိုတယ်၊ အိမ်ရှင်တွေကို စိတ်ဆိုးစေတဲ့ ဘယ်အရာကိုမှ မလုပ်သင့်ဘူး။ တမန်တော်ပေါလုက “ငါတို့၏အမှုဆောင်ခြင်းကို အပြစ်ရှာမတွေ့နိုင်စေရန် တိုက်မိ၍လဲစရာအကြောင်း တစ်စုံတစ်ခုကိုမျှ ငါတို့မပြု” လို့ရေးခဲ့တယ်။ (၂ ကော. ၆:၃) ကျွန်ုပ်တို့ရပ်ကွက်မှာရှိသူတွေရဲ့ အိမ်နဲ့ ပစ္စည်းတွေကို လေးစားမှုပြတယ်ဆိုရင် ကျွန်ုပ်တို့ရဲ့အမူအကျင့်ကြောင့် တချို့လူတွေ အမှန်တရားကို စိတ်ဝင်စားလာနိုင်ပါတယ်။—၁ ပေတရု ၂:၁၂ ကိုဖတ်ပါ။

အိမ်ရှင်ရဲ့ပစ္စည်းတွေနဲ့ အေးအေးဆေးဆေးနေချင်တဲ့ သူတို့ရဲ့ဆန္ဒကို လေးစားကြောင်း အမြဲတင်ပြကြစို့ (အပိုဒ် ၁၀ ကိုကြည့်ပါ)

လူတွေနဲ့ စကားပြောဖို့ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ

၁၁။ တခြားသူတွေက ကျွန်ုပ်တို့ရဲ့အချိန်ကို လေးစားတယ်ဆိုရင် ဘာကြောင့် သဘောကျသလဲ။

၁၁ ကျွန်ုပ်တို့အများစုက သိပ်အလုပ်များကြတယ်။ လုပ်စရာတွေကို ပြီးအောင်လုပ်ဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့နဲ့ သေချာ အချိန်ဇယားဆွဲဖို့လိုတယ်။ (ဧ. ၅:၁၆; ဖိ. ၁:၁၀) တစ်ခါတလေ အကြောင်းတစ်ခုခုကြောင့် အချိန်ဇယားအတိုင်း မလုပ်နိုင်တဲ့အခါမှာ စိတ်ပျက်မိနိုင်တယ်။ ဒါကြောင့် တခြားသူတွေက ကျွန်ုပ်တို့ရဲ့အချိန်ကို လေးစားတယ်၊ သူတို့အတွက် အချိန်အများကြီး မပေးနိုင်တာကို နားလည်ပေးတယ်ဆိုရင် ကျွန်ုပ်တို့ သဘောကျကြတယ်။ တခြားသူတွေရဲ့အချိန်ကို လေးစားမှုပြရာမှာ ရွှေပညတ်က ဘယ်လိုကူညီပေးနိုင်သလဲ။

၁၂။ ကျွန်ုပ်တို့ရဲ့ရပ်ကွက်မှာ လူတွေနဲ့စကားပြောဖို့ အကောင်းဆုံးအချိန်ကို ဘယ်လို ဆုံးဖြတ်နိုင်သလဲ။

၁၂ လူတွေနဲ့စကားပြောဖို့ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ။ သင့်ကိုယ်သင် ဒီလိုမေးပါ– ‘ငါ့ရဲ့ရပ်ကွက်မှာ လူတွေ ဘယ်အချိန် အိမ်မှာရှိတတ်သလဲ။ ဘယ်အချိန်မှာ သတင်းကောင်းနားထောင်ဖို့ အချိန်ရမလဲ။’ အဲဒီလိုအချိန်တွေမှာ လူတွေကိုဟောပြောဖို့ ကျွန်ုပ်တို့ရဲ့အချိန်ဇယားကို ပြုပြင်တာ ကောင်းပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် ညနေစောစောပိုင်းမှာ တစ်အိမ်တက်ဆင်း ဟောပြောဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်။ သင့်ဒေသမှာလည်း အဲဒီလိုပဲဆိုရင် အဲဒီအချိန်မှာ တစ်အိမ်တက်ဆင်းသွားဖို့ စီစဉ်နိုင်မလား။ (၁ ကောရိန္သု ၁၀:၂၄ ကိုဖတ်ပါ။) လူတွေကို အသင့်တော်ဆုံးအချိန်မှာ ဟောပြောနိုင်ဖို့ ကျွန်ုပ်တို့ရဲ့ ကိုယ်ကျိုးစွန့်မှုတိုင်းကို ယေဟောဝါ ကောင်းချီးပေးပါလိမ့်မယ်။

အချိန်အကြာကြီး မဟောသင့်ဘူး

၁၃။ အိမ်ရှင်ကိုလေးစားကြောင်း ဘယ်လိုပြနိုင်သလဲ။

၁၃ အိမ်ရှင်ကိုလေးစားကြောင်း ဘယ်လိုပြနိုင်သေးသလဲ။ သတင်းကောင်းကို နားထောင်ချင်တဲ့သူတွေကို တွေ့တယ်ဆိုရင် သေသေချာချာ ဟောသင့်တယ်၊ ဒါပေမဲ့ အကြာကြီးတော့ မဟောသင့်ဘူး။ အိမ်ရှင်မှာ လုပ်စရာ တခြားအရေးကြီးတဲ့အလုပ်တစ်ခုခု ရှိနေနိုင်တယ်။ အိမ်ရှင်က အလုပ်များနေတယ်လို့ပြောရင် အချိန်အများကြီးမယူပါဘူးလို့ ပြောနိုင်တယ်။ ပြီးတဲ့နောက် ကိုယ်ပြောထားတဲ့အတိုင်း သတင်းကောင်းကို အတိုချုပ်ပဲပြောပြသင့်တယ်။ (မ. ၅:၃၇) ပြောပြီးသွားတဲ့အခါ ဘယ်အချိန်မှာ ပြန်လာရင် စကားပြောဖို့အချိန်ရမလဲလို့ မေးကြည့်နိုင်ပါတယ်။ တချို့ကြေညာသူတွေက “နောက်တစ်ခါ ပြန်လာလည်ချင်ပါတယ်၊ ကျွန်တော်မလာခင် အရင် ဖုန်းဆက်လို့ရမလား၊ ဒါမှမဟုတ် ဖုန်းနဲ့စာပို့လို့ရမလား” လို့ပြောကြတယ်။ လူတွေအလုပ်များနေတယ်၊ သူတို့မှာ ကိုယ်ပိုင်အစီအစဉ်တွေရှိတယ်ဆိုတာကို ကျွန်ုပ်တို့က နားလည်ပေးတယ်ဆိုရင် အဲဒါက ပေါလုရဲ့စံနမူနာကို လိုက်လျှောက်နေတာဖြစ်တယ်။ ပေါလုဟာ ‘လူတွေ ကယ်တင်ခြင်းရဖို့ သူ့အကျိုးကိုမရှာဘဲ လူအပေါင်းတို့ရဲ့အကျိုးကိုရှာ’ ခဲ့တယ်။—၁ ကော. ၁၀:၃၃

ဘယ်လို ပြောသင့်သလဲ

၁၄–၁၆။ (က) ကျွန်ုပ်တို့လာရတဲ့အကြောင်းရင်းကို ဘာကြောင့် အိမ်ရှင်တွေကို ရှင်းရှင်းလင်းလင်း ပြောပြသင့်သလဲ။ ဥပမာတစ်ခုပေးပါ။ (ခ) နည်လှည့်ကြီးကြပ်မှူးတစ်ယောက်ဟာ ဘယ်ထိရောက်တဲ့နည်းကို အသုံးပြုခဲ့သလဲ။

၁၄ သင်မသိတဲ့သူတစ်ယောက်က သင့်ကို ဖုန်းဆက်ပြီး သင် ဘယ်လိုအစားအစာ ကြိုက်သလဲလို့မေးတယ် ဆိုပါစို့။ ဖုန်းဆက်တဲ့သူက ဘယ်သူလဲ၊ သူ ဘာကြောင့် အဲဒီလိုလုပ်တာလဲလို့ သင်စဉ်းစားမှာပဲ။ သင်က မရိုင်းပျချင်လို့ သူနဲ့စကားနည်းနည်းပဲပြောပြီး စကားဖြတ်လိုက်မှာဖြစ်တယ်။ အခု ဒီဥပမာကို စဉ်းစားကြည့်ပါ– သင့်ဆီကို အဲဒီလိုဖုန်းမျိုးပဲ ထပ်လာတယ်၊ ဒါပေမဲ့ ဖုန်းဆက်တဲ့သူက သူ ဘယ်သူလဲဆိုတာ ပြောပြတယ်။ သူ့ရဲ့အလုပ်က လူတွေ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက် စားဖို့ ကူညီပေးတဲ့အလုပ်ဖြစ်တယ်လို့ ပြောပြတယ်။ သင့်အတွက် အကျိုးရှိမယ့်အချက်အလက်တချို့ ပြောပြချင်တယ်လို့ ယဉ်ယဉ်ကျေးကျေး ပြောတယ်။ သူပြောတာကို သင် နားထောင်ချင်မှာဖြစ်တယ်။ အမှန်အတိုင်းပြောရရင် ကိုယ်နဲ့စကားပြောတဲ့သူက သူ့ကိုယ်သူ လျှို့ဝှက်မထားတာကို ကျွန်ုပ်တို့ ကြိုက်ကြတယ်။ ကျွန်ုပ်တို့နဲ့တွေ့တဲ့သူတွေကို အဲဒီလိုလေးစားမှုမျိုး ဘယ်လို ပြနိုင်သလဲ။

ကျွန်ုပ်တို့နဲ့စကားပြောတဲ့အခါ လူတွေကို သက်သောင့်သက်သာ ရှိစေသင့်တယ်

၁၅ ကျွန်ုပ်တို့လာရတဲ့အကြောင်းရင်းကို အိမ်ရှင်တွေကို ရှင်းရှင်းလင်းလင်း ပြောပြသင့်တယ်။ ကျွန်ုပ်တို့မှာ အိမ်ရှင်တွေကြားဖို့လိုတဲ့ အဖိုးတန်အချက်အလက်တွေရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကိုယ်က ဘယ်သူလဲ၊ ဘာကြောင့်လာသလဲဆိုတာကို မပြောပြဘဲ အိမ်ရှင်ကို တွေ့တာနဲ့ “ကမ္ဘာပေါ်မှာရှိတဲ့ ပြဿနာတိုင်းကို ခင်ဗျား ဖြေရှင်းနိုင်မယ်ဆိုရင် ဘယ်ပြဿနာကို ခင်ဗျား ဖြေရှင်းပေးမလဲ” လို့ မေးလိုက်တယ်ဆိုပါစို့။ ကျွန်ုပ်တို့က အိမ်ရှင်စိတ်ထဲမှာ ဘာရှိသလဲဆိုတာသိချင်လို့ မေးခွန်းမေးလိုက်တာဖြစ်တယ်။ ဒါမှ ကျမ်းစာမှာပါတဲ့အကြောင်း ပြောပြနိုင်မယ်။ ဒါပေမဲ့ အိမ်ရှင်က ‘ဒီလူက ဘယ်သူလဲ။ ဘာဖြစ်လို့ ငါ့ကို ဒီမေးခွန်းမေးတာလဲ။ ဘာအတွက်လဲ’ လို့ စဉ်းစားမိနိုင်တယ်။ ဒါကြောင့် ကျွန်ုပ်တို့နဲ့စကားပြောတဲ့အခါ အိမ်ရှင်ကို သက်သောင့်သက်သာ ရှိစေသင့်ပါတယ်။ (ဖိ. ၂:၃၊ ၄) ဘယ်လိုလုပ်နိုင်ပါသလဲ။

သတင်းကောင်းကို လူတွေနားထောင်ချင်လာအောင် ကျွန်ုပ်တို့ရဲ့တင်ဆက်နည်းကို ပြုပြင်ပြောင်းလဲဖို့ အရေးကြီးတယ် ဆိုတာ နားလည်ဖို့လို

၁၆ နယ်လှည့်ကြီးကြပ်မှူးတစ်ယောက် ဒီလိုလုပ်တယ်– အိမ်ရှင်ကို နှုတ်ဆက်ပြီးတဲ့အခါ အမှန်တရားကို သင်သိလိုပါသလော ဝေစာပေးရင်း “ဒီနေ့ ဒီရပ်ကွက်မှာ လူတိုင်းကို ဒီဝေစာတစ်စောင်စီ လိုက်ပေးနေပါတယ်။ ဒီထဲမှာ လူတွေမေးနေကျ မေးခွန်းခြောက်ခုကို ဆွေးနွေးထားတယ်။ ဒါကတော့ ခင်ဗျားအတွက်ပါ။” ညီအစ်ကိုက သူဘာကြောင့်လာတယ်ဆိုတာ အိမ်ရှင်တွေသိသွားတဲ့အခါမှာ အများစုက သက်သောင့်သက်သာ ဖြစ်သွားပြီး စကားဆက်ပြောဖို့ လွယ်ကူသွားတယ်လို့ ပြောပြတယ်။ အဲဒီနောက် ညီအစ်ကိုက အိမ်ရှင်ကို “ခင်ဗျားကော ဒီထဲကမေးခွန်းတစ်ခုခုကို မေးဖူးသလား” လို့ မေးလိုက်တယ်။ အိမ်ရှင်က မေးခွန်းတစ်ခုကို ပြောတယ်ဆိုရင် ညီအစ်ကိုက ဝေစာကိုဖွင့်တယ်၊ အဲဒီနောက် အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လိုပြောထားသလဲဆိုတာကို ဆွေးနွေးတယ်။ အိမ်ရှင်က ဘယ်မေးခွန်းကိုမှ မပြောဘူးဆိုရင် ညီအစ်ကိုက မေးခွန်းတစ်ခုကိုရွေးပြီး အိမ်ရှင်ကို ကသိကအောက် မဖြစ်စေဘဲ စကားဆက်ပြောတယ်။ စကားစမြည်စပြောနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ တချို့ဒေသတွေမှာဆိုရင် ကျွန်ုပ်တို့လာရတဲ့အကြောင်းကို မပြောပြခင် လူတွေကိုနှုတ်ဆက်တဲ့အခါ လိုက်နာရတဲ့ ဓလေ့ထုံးစံတချို့ရှိတယ်။ သတင်းကောင်းကို လူတွေနားထောင်ချင်လာအောင် ကျွန်ုပ်တို့ရဲ့တင်ဆက်နည်းကို ပြုပြင်ပြောင်းလဲဖို့ အရေးကြီးတယ်ဆိုတာ နားလည်ဖို့လိုတယ်။

ဟောပြောတဲ့အခါ ရွှေပညတ်ကို လိုက်နာပါ

၁၇။ ဟောပြောတဲ့အခါ ရွှေပညတ်ကိုလိုက်နိုင်တဲ့နည်းတချို့က ဘာတွေလဲ။

၁၇ ဟောပြောတဲ့အခါ ရွှေပညတ်ကိုလိုက်နိုင်တဲ့နည်းတချို့က ဘာတွေလဲ။ ကျွန်ုပ်တို့ဟာ အိမ်ရှင်တစ်ဦးစီကို သူတို့ရဲ့အခြေအနေနဲ့အညီ ပြုမူဆက်ဆံတယ်။ အိမ်ရှင်ရဲ့အိမ်နဲ့ ပစ္စည်းတွေကို လေးစားတယ်။ လူတွေ အိမ်မှာရှိတဲ့အချိန်၊ လူတွေနားထောင်နိုင်မယ့်အချိန်မှာ ဟောပြောဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်ကြတယ်။ ကျွန်ုပ်တို့ဒေသမှာရှိတဲ့လူတွေ နားထောင်ချင်တဲ့နည်းလမ်းနဲ့ သတင်းကောင်းကို မိတ်ဆက်တယ်။

၁၈။ အမှုဆောင်လုပ်ငန်းမှာ ကျွန်ုပ်တို့ ဆက်ဆံခံချင်တဲ့နည်းအတိုင်း တခြားသူကို ဆက်ဆံတာက ဘာကြောင့်ကောင်းသလဲ။

၁၈ ကျွန်ုပ်တို့ဒေသမှာရှိတဲ့သူတွေကို ကြင်ကြင်နာနာ ဆက်ဆံတာ၊ သူတို့ရဲ့ခံစားချက်ကို ထည့်စဉ်းစားပေးတာက ကျမ်းစာလမ်းညွှန်ချက်တွေကို လိုက်နာတာဖြစ်တယ်။ အဲဒါက ကျွန်ုပ်တို့ရဲ့ကောင်းကင်ဖခင်ကို ဂုဏ်တင်မှုဖြစ်စေတယ်။ (မ. ၅:၁၆) လူတွေကို လေးလေးစားစား ဆက်ဆံတယ်ဆိုရင် သူတို့က အမှန်တရားအကြောင်း ပိုသိချင်လာနိုင်တယ်။ (၁ တိ. ၄:၁၆) နိုင်ငံတော်သတင်းကို လူတွေ ဘယ်လိုပဲတုံ့ပြန်ပါစေ အမှုဆောင်လုပ်ငန်းမှာ ကျွန်ုပ်တို့ အတတ်နိုင်ဆုံးပါဝင်နေတယ်ဆိုတာ သိရခြင်းက ကျေနပ်မှု ခံစားရစေပါတယ်။ (၂ တိ. ၄:၅) ပေါလုကို တုပကြစို့၊ သူဒီလိုရေးခဲ့တယ်– “သတင်းကောင်းကို အခြားသူများနှင့်အတူ မျှဝေခံစားနိုင်မည်အကြောင်း ထိုသတင်းတရားအတွက် အရာခပ်သိမ်းကို ငါပြု၏။” (၁ ကော. ၉:၂၃) တခြားသူတွေနဲ့စကားပြောတဲ့အခါ ရွှေပညတ်ကို အမြဲတမ်းလိုက်နာကြပါစို့။