မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကွာရှင်းထားတဲ့ ညီအစ်ကိုညီအစ်မတွေကို ကူညီပါ—ဘယ်လိုနည်းနဲ့လဲ

ကွာရှင်းထားတဲ့ ညီအစ်ကိုညီအစ်မတွေကို ကူညီပါ—ဘယ်လိုနည်းနဲ့လဲ

ကွာရှင်းထားတဲ့သူတစ်ယောက်ယောက်ကို သင်သိပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကွာရှင်းတာက မထူးဆန်းတော့တဲ့အရာ ဖြစ်နေလို့ပဲ။ ကွာရှင်းထားတဲ့သူတွေဟာ စိတ်ဆင်းရဲစရာတွေကို ကြုံတွေ့ခံစားကြရတယ်။ ဒေါသထွက်တာ၊ ဝမ်းနည်းတာ၊ စိတ်ပျက်တာ၊ အရှက်ရတာတွေကို ခံစားရနိုင်ပါတယ်။ ညီအစ်ကိုတစ်ယောက် ဒီလိုပြောတယ်– “ကျွန်တော်တို့ကွာရှင်းပြီးတဲ့အခါ သူက ကျွန်တော့်ကို သမီးလေးနှစ်ယောက်နဲ့ တွေ့ခွင့်မပေးဘူး။ အဲဒါကြောင့် ကျွန်တော့်ကို ဘယ်သူမှ အရေးမစိုက်ဘူး၊ ယေဟောဝါကတောင် ကျွန်တော့်ကို စွန့်သွားပြီလို့ ခံစားရတယ်။ အသက်ရှင်ချင်စိတ်လည်း မရှိတော့ဘူး။ ကျွန်တော့်အတွေးက ဘယ်လောက်တောင် လွဲမှားခဲ့တယ်ဆိုတာ နောက်ပိုင်းမှာ သဘောပေါက်လာတယ်။”

ကွာရှင်းပြီးတဲ့အခါ တချို့က အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေက သူတို့ကိုဂရုမစိုက်တော့ဘူး ဒါမှမဟုတ် သူတို့ရဲ့ခံစားချက်ကို နားမလည်ပေးဘူးလို့ ခံစားရနိုင်ပါတယ်။ သူတို့ကို ပြစ်တင်ဝေဖန်တယ်၊ ရှောင်ဖယ်ရှောင်ဖယ်လုပ်တယ်လို့လည်း စဉ်းစားမိနိုင်တယ်။ ဒါပေမဲ့ ကွာရှင်းထားသူတွေဟာ နောက်ပိုင်း နေသားကျလာတဲ့အခါ တခြားသူတွေက သူတို့ကို တကယ်ချစ်တယ်၊ နားလည်ပေးတယ်ဆိုတာ သဘောပေါက်လာတယ်။

အထီးကျန်တယ်၊ အပယ်ခံရတယ်လို့ ခံစားရ

ကွာရှင်းထားတဲ့ညီအစ်ကိုညီအစ်မတွေကို ကျွန်ုပ်တို့ အတတ်နိုင်ဆုံး ကူညီပေးနေတဲ့ကြားက သူတို့ဟာ တစ်ခါတလေမှာ အထီးကျန်တယ်၊ အပယ်ခံရတယ်လို့ ခံစားနေရနိုင်တယ်။ ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “ကျွန်မကွာရှင်းထားတာ ရှစ်နှစ်တောင်ရှိနေပြီ။ ဒါပေမဲ့ တစ်ခါတလေမှာ အချစ်မခံရဘူးလို့ ခံစားရပြီး ဝမ်းနည်းနေတုန်းပဲ။ အဲဒီလိုအချိန်မျိုးမှာ တစ်ယောက်တည်းပဲနေပြီး ငိုချင်နေတယ်။”

ကွာရှင်းထားသူတွေဟာ တစ်ယောက်တည်း သီးသန့်မနေဖို့ အရေးကြီးတယ်။ (သု. ၁၈:၁) တစ်ကြိမ်တည်းမှာ နှစ်သိမ့်မှုရဖို့ ဆန့်ကျင်ဘက်လိင်ရှင်တစ်ဦးဦးကို အားမကိုးမိဖို့လည်း ဂရုစိုက်ရမယ်။ အဲဒီလိုလုပ်တာက မသင့်တော်တဲ့ ချစ်စိတ်တွေ ပေါ်လာစေနိုင်တယ်။

ကွာရှင်းထားတဲ့ညီအစ်ကိုညီအစ်မတွေဟာ အထီးကျန်၊ အပယ်ခံရတယ်လို့ ခံစားရပြီး ရှေ့ရေးအတွက် စိုးရိမ်စိတ်တွေ ဝင်လာတဲ့အခါ ကျွန်ုပ်တို့က သူတို့ရဲ့ခံစားချက်တွေကို နားလည်ပေးချင်ကြတယ်၊ ယေဟောဝါကိုတုပပြီး သူတို့ကို အတတ်နိုင်ဆုံး ကူညီပေးချင်ကြတယ်။ (ဆာ. ၅၅:၂၂; ၁ ပေ. ၅:၆၊ ၇) မိတ်ဆွေစစ်တွေအနေနဲ့ ကျွန်ုပ်တို့ကူညီပေးတာတွေကို သူတို့ ကျေးဇူးတင်ကြမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—သု. ၁၇:၁၇; ၁၈:၂၄