မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့”

“လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့”

“ဒုတိယပညတ်ကား ‘လူသားချင်းကို ကိုယ်နှင့်အမျှချစ်လော့’ ဟူ၍ဖြစ်၏။”—မ. ၂၂:၃၉

၁၊ ၂။ (က) ဒုတိယအကြီးမြတ်ဆုံးပညတ်နဲ့ ပတ်သက်ပြီး ယေရှု ဘာပြောခဲ့သလဲ။ (ခ) ဘယ်မေးခွန်းတွေကို လေ့လာကြမလဲ။

ဖာရိရှဲတစ်ယောက်က ယေရှုကို အကြီးမြတ်ဆုံးပညတ်က ဘာလဲလို့မေးတဲ့အခါ ယေရှုက “သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံးချစ်လော့” လို့ ပြောခဲ့တယ်။ ဒီကျမ်းချက်ရဲ့အဓိပ္ပာယ်ကို ပြီးခဲ့တဲ့ဆောင်းပါးမှာ လေ့လာခဲ့ပြီးပြီ။ ယေရှုက ဒုတိယအကြီးမြတ်ဆုံးပညတ်နဲ့ပတ်သက်ပြီး ဒီလိုပြောခဲ့တယ်– “လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့။”—မဿဲ ၂၂:၃၄-၃၉

ကိုယ့်ကိုယ်ကို ချစ်သလို လူသားချင်းကိုချစ်ရမယ်လို့ ယေရှု ပြောခဲ့တယ်။ လူသားချင်းဆိုတာ ဘယ်သူလဲ။ လူသားချင်းကိုချစ်ကြောင်း ဘယ်လိုပြသနိုင်သလဲ။

လူသားချင်းကို ချစ်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ

၃၊ ၄။ (က) လူသားချင်းကိုချစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဘယ်ဥပမာသုံးပြီး ယေရှုသင်ပေးခဲ့သလဲ။ (ခ) ဓားပြတွေက သေလုမြောပါးရိုက်ပြီး လမ်းပေါ်မှာပစ်ထားခဲ့တဲ့ လူတစ်ယောက်ကို ရှမာရိလူက ဘယ်လိုကူညီပေးခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

လူတစ်ယောက်က ယေရှုကို “မည်သူသည် ကျွန်ုပ်ချစ်ရမည့်သူဖြစ်သနည်း” လို့ မေးတဲ့အခါ ယေရှုက ရှမာရိလူပုံဥပမာကိုသုံးပြီး တခြားသူတွေကို ချစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကို ရှင်းပြခဲ့တယ်။ (လုကာ ၁၀:၂၉–၃၇ ကိုဖတ်ပါ။) ဓားပြတွေက ဂျူးတစ်ယောက်ကို သေလုမြောပါးရိုက်ပြီး လမ်းပေါ်မှာပစ်ထားခဲ့တယ်။ လူကောင်းလို့ထင်ရတဲ့ အစ္စရေးယဇ်ပုရောဟိတ်တစ်ယောက်နဲ့ လေဝိလူတစ်ယောက်က သူ့ကိုမြင်ပေမဲ့ မကူညီပေးခဲ့ဘူး။ အဲဒီအစား ရှမာရိလူက သူ့ကို ကူညီပေးခဲ့တယ်။ အဲဒီအချိန်တုန်းက ဂျူးတွေနဲ့ ရှမာရိလူတွေဟာ တစ်ယောက်ကိုတစ်ယောက် မုန်းနေကြတယ်။—ယော. ၄:၉

ရှမာရိလူက အဲဒီလူရဲ့ဒဏ်ရာတွေကို ဆီနဲ့စပျစ်ဝိုင်လိမ်းပြီး ကုသပေးခဲ့တယ်။ ပြီးတော့ ရိပ်သာတစ်ခုကို ခေါ်သွားတယ်၊ ရိပ်သာပိုင်ရှင်ကို ဒေနာရိနှစ်ပြားပေးပြီး လူနာကိုအပ်ခဲ့တယ်။ ဒေနာရိနှစ်ပြားက လူတစ်ယောက်ရဲ့ နှစ်ရက်လုပ်အားခနဲ့ ညီမျှတယ်။ (မ. ၂၀:၂) ဒဏ်ရာရနေတဲ့လူကို ရှမာရိလူ ကူညီပေးခဲ့တာတွေကို စဉ်းစားကြည့်တဲ့အခါ သူ လူသားချင်းကို တကယ်ချစ်တယ်ဆိုတာ သိရတယ်။ ကျွန်ုပ်တို့လည်း လူတွေကို သနားကြင်နာပြီး ချစ်တယ်ဆိုရင် ရှမာရိလူနဲ့ တူမှာဖြစ်တယ်။

ယေဟောဝါရဲ့ကျေးကျွန်တွေက လူတွေကို ချက်ချင်းကူညီပေး (အပိုဒ် ၅ ကိုကြည့်ပါ)

၅။ စန်ဒီဟာရီကိန်းမုန်တိုင်း တိုက်ခတ်ပြီးနောက်မှာ ယေဟောဝါသက်သေတွေက လူသားချင်းကိုချစ်တဲ့မေတ္တာ ဘယ်လိုပြခဲ့ကြသလဲ။

သနားကြင်နာမှုမရှိသူတွေ အများဆုံးရှိတဲ့ “နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်ုပ်တို့ အသက်ရှင်နေရတယ်။ လူများစွာက ရက်စက်တယ်၊ အကြမ်းဖက်မှုကို နှစ်သက်တယ်၊ လူသားချင်းကို မချစ်ဘူး။ (၂ တိ. ၃:၁-၃) ဥပမာအနေနဲ့ ၂၀၁၂၊ အောက်တိုဘာလမှာ နယူးယောက်မြို့ကို စန်ဒီဟာရီကိန်းမုန်တိုင်းတိုက်ခတ်သွားလို့ တော်တော်ပျက်စီးသွားတယ်။ လျှပ်စစ်မီး၊ အပူပေးစနစ်နဲ့ တခြားလိုအပ်တာတွေ ပြတ်တောက်သွားတယ်။ ဝမ်းနည်းစရာက သူခိုးတွေဟာ ဒုက္ခရောက်နေသူတွေရဲ့ပစ္စည်းတွေကို ခိုးကြတယ်။ ယေဟောဝါသက်သေတွေကတော့ အဲဒီလိုမဟုတ်ဘူး။ လူသားချင်းကို ချစ်တဲ့အတွက်ကြောင့် ညီအစ်ကိုညီအစ်မတွေနဲ့ တခြားသူတွေကို ကူညီပေးဖို့ စီစဉ်ခဲ့ကြတယ်။ လူသားချင်းတွေကို ချစ်ကြောင်းပြနိုင်တဲ့ နောက်နည်းလမ်းတချို့က ဘာတွေလဲ။

လူသားချင်းကိုချစ်ကြောင်းပြနိုင်တဲ့ နည်းလမ်းများ

၆။ လူတွေကို ကျမ်းစာသုံးပြီး ဘယ်လိုကူညီပေးနိုင်သလဲ။

ကျမ်းစာသုံးပြီး ကူညီပေးပါ။ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်ုပ်တို့က လူသားချင်းကို ‘ကျမ်းစာနဲ့နှစ်သိမ့်ပေး’ ကြတယ်။ (ရော. ၁၅:၄) ကျမ်းစာသုံးပြီး ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ပြောပြတာက လူတွေကို မေတ္တာပြတာဖြစ်တယ်။ (မ. ၂၄:၁၄) လူတွေကို ယေဟောဝါဘုရားသခင်ဆီက မျှော်လင့်ချက်သတင်း ပြောပြရတာဟာ အခွင့်ထူးတစ်ခုပါပဲ။—ရော. ၁၅:၁၃

၇။ ရွှေပညတ်က ဘာလဲ၊ အဲဒါကိုလိုက်နာရင် ဘာဖြစ်မလဲ။

ရွှေပညတ်ကို လိုက်နာပါ။ ရွှေပညတ်နဲ့ပတ်သက်ပြီး ယေရှု ဒီလိုပြောခဲ့တယ်– “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။ ဤပညတ်ကား ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းတို့၏ အနှစ်ချုပ်ဖြစ်၏။” (မ. ၇:၁၂) “ပညတ်ကျမ်း” ဆိုတာ ကမ္ဘာဦးကျမ်းကနေ တရားဟောရာကျမ်းအထိဖြစ်ပြီး “ပရောဖက်ကျမ်း” (အနာဂတ္တိကျမ်း) ကတော့ ဟေဗြဲကျမ်းစောင်တွေမှာပါတဲ့ ပရောဖက်ပြုကျမ်းတွေ ဖြစ်တယ်။ ယေဟောဝါက သူ့လူမျိုးကို “ပညတ်ကျမ်း” နဲ့ “ပရောဖက်ကျမ်း” တွေပေးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တော်က သူတို့ကို ချစ်တယ်၊ သူတို့အချင်းချင်းကိုလည်း ချစ်စေချင်တဲ့အတွက်ကြောင့်ပဲ။ ဒီနေ့အချိန်မှာလည်း ကျွန်ုပ်တို့ လူသားချင်းကိုချစ်ဖို့ ယေဟောဝါ မျှော်လင့်တယ်။ ဟေရှာယကျမ်းမှာ ယေဟောဝါဒီလိုပြောခဲ့တယ်– ‘တရားမျှတမှုကို စောင့်ထိန်းကြပါ။ ဖြောင့်မတ်ရာကို လုပ်ဆောင်ကြပါ။ အဲဒီလိုလုပ်တဲ့သူဟာ ပျော်ရွှင်တယ်။’ (ဟေရှာ. ၅၆:၁၊ ၂ကဘ) ကျွန်ုပ်တို့က လူသားချင်းကိုချစ်ပြီး ရွှေပညတ်ကိုလိုက်နာတယ်ဆိုရင် ပျော်ရွှင်မှာဖြစ်တယ်။

ခရစ်ယာန်တွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ ရန်သူတွေကို မေတ္တာပြမယ်ဆိုရင် ကျွန်ုပ်တို့အပေါ်မှာထားတဲ့ သူတို့ရဲ့သဘောထား ပြောင်းလဲလာနိုင်တယ်

၈။ ရန်သူတွေကို ဘာကြောင့်ချစ်သင့်တာလဲ၊ အဲဒီလိုချစ်တယ်ဆိုရင် ဘာဖြစ်လာနိုင်သလဲ။

ရန်သူတွေကို ချစ်ပါ။ ရန်သူတွေကိုချစ်ဖို့ ကျွန်ုပ်တို့ကို ယေဟောဝါ အမြဲသင်ပေးတယ်။ ယေရှုအချိန်တုန်းက တချို့လူတွေဟာ ရန်သူကိုမုန်းရမယ်လို့ သင်ပေးကြတယ်။ ဒါပေမဲ့ ယေရှုက “သင်တို့၏ရန်သူကို ချစ်မြဲချစ်ကြလော့။ သင်တို့ကို ညှဉ်းဆဲသူတို့အတွက် ဆက်၍ ဆုတောင်းပေးကြလော့” လို့ သင်ပေးခဲ့တယ်။ (မ. ၅:၄၃-၄၅) ပေါလုကလည်း “သင်၏ရန်သူသည် ဆာမွတ်လျှင် ကျွေးမွေးလော့။ ရေငတ်လျှင် သောက်စရာပေးလော့” ဆိုပြီး သင်ပေးခဲ့တယ်။ (ရော. ၁၂:၂၀; သု. ၂၅:၂၁) ရှေးအစ္စရေးအချိန်က ယေဟောဝါဟာ မိမိရဲ့လူမျိုးကို ရန်သူတွေနဲ့ ရန်သူတွေရဲ့တိရစ္ဆာန်တွေကိုတောင် ကူညီပေးဖို့ ပညတ်တွေပေးခဲ့တယ်။ (ထွ. ၂၃:၅) ဒီလမ်းညွှန်ချက်တွေကို လိုက်နာမယ်ဆိုရင် အရင်က တစ်ယောက်နဲ့တစ်ယောက် မုန်းနေတဲ့သူတွေတောင် မိတ်ဆွေကောင်းတွေ ဖြစ်လာနိုင်တယ်။ ခရစ်ယာန်တွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ ရန်သူတွေကို မေတ္တာပြမယ်ဆိုရင် ကျွန်ုပ်တို့အပေါ်မှာထားတဲ့ သူတို့ရဲ့သဘောထား ပြောင်းလဲလာနိုင်တယ်။ သူတို့ထဲက တချို့ဟာ ယေဟောဝါရဲ့ကျေးကျွန်တွေတောင် ဖြစ်လာနိုင်တယ်။

၉။ ညီအစ်ကိုချင်း သင့်မြတ်အောင်လုပ်တာနဲ့ပတ်သက်ပြီး ယေရှု ဘာပြောခဲ့သလဲ။

‘လူအပေါင်းနဲ့ သင့်မြတ်အောင်နေပါ။’ (ဟေဗြဲ ၁၂:၁၄) ကျွန်ုပ်တို့က လူအားလုံးနဲ့ သင့်မြတ်အောင်နေရမယ်ဆိုတော့ ညီအစ်ကိုတွေနဲ့လည်း သင့်မြတ်အောင်နေရမယ်။ ယေရှု ဒီလိုပြောခဲ့တယ်– “သင်သည် ယဇ်ပလ္လင်သို့ ယဇ်ကိုယူဆောင်လာခဲ့ပြီးမှ သင့်ညီအစ်ကိုက သင့်ကို မကျေမနပ်ဖြစ်နေသည်ဟု ခံစားမိလျှင်၊ သင်၏ယဇ်ကို ပလ္လင်ရှေ့၌ချထား၍ သွားဦးလော့။ သင်၏ညီအစ်ကိုနှင့် သင့်မြတ်အောင် ဦးစွာပြုလော့။ သို့ပြီးမှ ပြန်လာ၍ သင်၏ယဇ်ကို ပူဇော်လော့။” (မ. ၅:၂၃၊ ၂၄) ညီအစ်ကိုတစ်ယောက်ယောက်နဲ့ ပြဿနာဖြစ်တဲ့အခါ သင့်မြတ်အောင် ချက်ချင်းလုပ်ဆောင်ခြင်းအားဖြင့် သူ့ကို ချစ်ကြောင်းပြသနိုင်တယ်။ အဲဒီလိုလုပ်တာကို ယေဟောဝါ ကောင်းချီးပေးမှာဖြစ်တယ်။

၁၀။ တခြားသူတွေကို ဘာကြောင့်မစီရင်သင့်သလဲ။

၁၀ တခြားသူတွေကို မစီရင်ပါနဲ့။ “သင်တို့သည် စီရင်ခြင်းမခံရမည်အကြောင်း စီရင်ခြင်းကို မပြုကြနှင့်တော့။” တခြားသူတွေ အမှားလုပ်တဲ့အခါ မစီရင်ဖို့ ယေရှု သင်ပေးခဲ့တယ်။ သူ ဒီလိုလည်းပြောခဲ့တယ်– “သင်၏မျက်စိရှိ တံကျင်ကို မဆင်ခြင်ဘဲ သင့်ညီအစ်ကိုမျက်စိရှိ အမှိုက်စကို အဘယ်ကြောင့် ကြည့်ရှုနေရသနည်း။ ကိုယ့်မျက်စိ၌ တံကျင်ရှိလျက်နှင့် ညီအစ်ကိုအား ‘သင်၏မျက်စိမှ အမှိုက်စကို ထုတ်ပါရစေ’ ဟု အဘယ်ကြောင့်ဆိုသနည်း။ အချင်းကြောင်သူတော်၊ ကိုယ်မျက်စိရှိ တံကျင်ကို ဦးစွာထုတ်ပစ်လော့။ ထို့နောက်မှ ညီအစ်ကို၏မျက်စိ၌ရှိသော အမှိုက်စကိုထုတ်ရန် ရှင်းလင်းစွာ မြင်ရလိမ့်မည်။” (မ. ၇:၁-၅) သင်ခန်းစာကတော့ တခြားသူတွေ အမှားလုပ်တဲ့အခါ ကျွန်ုပ်တို့အနေနဲ့ ပြစ်တင်ဝေဖန်တာမျိုး မလုပ်သင့်ဘူး၊ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ကိုယ်တိုင်လည်း အမှားတွေ အများကြီးလုပ်မိနိုင်လို့ပဲ။

မေတ္တာပြနိုင်တဲ့ အကောင်းဆုံးနည်း

၁၁၊ ၁၂။ လူသားချင်းကို မေတ္တာပြရာမှာ အရေးပါတဲ့နည်းလမ်းတစ်ခုက ဘာလဲ။

၁၁ လူသားချင်းကို မေတ္တာပြနိုင်တဲ့နည်းတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အကောင်းဆုံးနည်းကတော့ နိုင်ငံတော်သတင်းကောင်းဟောပြောခြင်း ဖြစ်တယ်လို့ ယေရှုသင်ပေးခဲ့တယ်။ (လု. ၈:၁) သူ့ရဲ့နောက်လိုက်တွေကို “လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေ” ပါဆိုပြီး ပြောခဲ့တယ်။ (မ. ၂၈:၁၉၊ ၂၀) ယေရှုရဲ့စကားအတိုင်း ကျွန်ုပ်တို့ လိုက်လျှောက်တဲ့အခါ ပျက်စီးခြင်းရောက်စေတဲ့ လမ်းကျယ်ကိုစွန့်ပြီး အသက်ရစေတဲ့လမ်းကျဉ်းမှာ ဘယ်လိုလျှောက်ရမယ်ဆိုတာ သိအောင် လူတွေကို ကူညီပေးနိုင်ပါတယ်။ (မ. ၇:၁၃၊ ၁၄) ကျွန်ုပ်တို့ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ သေချာတယ်။

ပြန်လည်ပတ်မှုနဲ့ ကျမ်းစာသင်အံမှုတွေအတွက် သေချာပြင်ဆင်တာက လူတွေကိုချစ်ကြောင်း ပြတာဖြစ်တယ်

၁၂ လူတွေ ယေဟောဝါကိုလိုအပ်တယ်ဆိုတာ သိအောင် ယေရှု ကူညီပေးခဲ့တယ်။ (မ. ၅:၃) လူတွေကို ‘ဘုရားသခင်ရဲ့သတင်းကောင်း’ ပြောပြတာက ယေရှုကိုတုပနေတာဖြစ်တယ်။ (ရော. ၁:၁) ယေရှုရဲ့ပူဇော်သကာက ယေဟောဝါရဲ့နှစ်သက်မှုရရှိစေပြီး ကိုယ်တော်နဲ့ရင်းနှီးမှုရရှိစေနိုင်တယ်ဆိုတာ လူတွေသိလာအောင် ကျွန်ုပ်တို့ သင်ပေးကြတယ်။ (၂ ကော. ၅:၁၈၊ ၁၉) လူသားချင်းကိုမေတ္တာပြရာမှာ သတင်းကောင်းဟောပြောတာက အရေးပါတဲ့နည်းလမ်းဖြစ်တယ်ဆိုတာ အမှန်ပါပဲ။

၁၃။ လူတွေကို ယေဟောဝါအကြောင်းသင်ပေးရတာကို သင် ဘယ်လိုခံစားရသလဲ။

၁၃ ပြန်လည်ပတ်မှုနဲ့ ကျမ်းစာသင်အံမှုတွေအတွက် သေချာပြင်ဆင်မယ်ဆိုရင် လူတွေ ယေဟောဝါကိုနာခံလာအောင် ကျွန်ုပ်တို့ သင်ပေးနိုင်မယ်။ တချို့က သူတို့အသက်တာမှာ ပြောင်းလဲမှုတွေအများကြီး လုပ်ဖို့လိုမှာဖြစ်တယ်။ (၁ ကော. ၆:၉-၁၁) နှိမ့်ချတဲ့သူတွေ ပြောင်းလဲတိုးတက်ပြီး မိမိရဲ့မိတ်ဆွေတွေဖြစ်လာအောင် ယေဟောဝါ ကူညီပေးတာကို မြင်တွေ့ရတဲ့အခါ ကျွန်ုပ်တို့အရမ်းပျော်တယ်။ (တ. ၁၃:၄၈) ကျမ်းစာလေ့လာတဲ့အခါ မျှော်လင့်ချက်မဲ့နေသူတွေ ပျော်ရွှင်လာတယ်။ စိုးရိမ်ကြောင့်ကြနေမယ့်အစား ယေဟောဝါကို ယုံကြည်အားကိုးလာတယ်။ ဒီအထူးလုပ်ငန်းအားဖြင့် လူတွေကို မေတ္တာပြခွင့်ရတာက အခွင့်ထူးပါပဲ။

မေတ္တာရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်

၁၄။ ၁ ကောရိန္သု ၁၃:၄-၈ မှာ မေတ္တာအကြောင်း ပေါလု ဘယ်လိုဖော်ပြခဲ့သလဲ။

၁၄ ပေါလုပြောတဲ့နည်းအတိုင်း လူတွေကို မေတ္တာပြမယ်ဆိုရင် ယေဟောဝါ ကောင်းချီးပေးမယ်၊ ပြဿနာတွေ လျော့နည်းသွားပြီး ပျော်ရွှင်လာမယ်။ ၁ ကောရိန္သု ၁၃:၄–၈ (ဖတ်ပါ။) မှာ ပေါလုရေးခဲ့တာတွေက ကိုယ့်ကိုယ်ကိုချစ်သလို လူတွေကို ချစ်နိုင်တဲ့ တခြားနည်းလမ်းတွေကို သိရှိစေတယ်။

၁၅။ (က) ကျွန်ုပ်တို့ ဘာကြောင့် စိတ်ရှည်မှု၊ ကြင်နာမှုပြသင့်သလဲ။ (ခ) ကျွန်ုပ်တို့ ဘာကြောင့် မနာလိုတာ၊ မောက်မာတာမျိုး မရှိသင့်သလဲ။

၁၅ “မေတ္တာသည် စိတ်ရှည်တတ်၏။ ကြင်နာတတ်၏။” လူသားအားလုံးဟာ မစုံလင်ကြပေမဲ့ ယေဟောဝါက သူတို့အပေါ် စိတ်ရှည်တယ်၊ ကြင်နာတယ်။ ဒါကြောင့် တခြားသူတွေ အမှားလုပ်တဲ့အခါ ဒါမှမဟုတ် ကျွန်ုပ်တို့အပေါ် မညှာမတာ၊ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတဲ့အခါမှာတောင် ကျွန်ုပ်တို့ စိတ်ရှည်ဖို့၊ ကြင်နာမှုပြဖို့ လိုအပ်တယ်။ ကျမ်းစာမှာ “မေတ္တာသည် မနာလိုခြင်းမရှိ” လို့ ဖော်ပြထားတယ်။ တချို့ညီအစ်ကိုတွေက အသင်းတော်မှာ အခွင့်ထူးတွေရနိုင်တယ်၊ ဒါမှမဟုတ် ကျွန်ုပ်တို့မှာ မရှိတဲ့အရာတွေကို ပိုင်ဆိုင်နိုင်တယ်။ ဒါပေမဲ့ ညီအစ်ကိုတွေကို တကယ်ချစ်တယ်ဆိုရင် သူတို့ကို မနာလိုဖြစ်မှာမဟုတ်ဘူး။ ဒါ့အပြင် မောက်မာတာ၊ ဝါကြွားတာတွေကို မလုပ်သင့်ဘူး။ ယေဟောဝါက ‘မောက်မာတဲ့မျက်စိနဲ့ ထောင်လွှားတဲ့စိတ်နှလုံး’ ရှိသူတွေကို မုန်းတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—သု. ၂၁:၄ကဘ။

၁၆၊ ၁၇။ ၁ ကောရိန္သု ၁၃:၅၊ ၆ မှာ လူတွေကို မေတ္တာပြနိုင်တဲ့ ဘယ်နည်းတွေကို ဖော်ပြထားသလဲ။

၁၆ မေတ္တာဟာ “မလျောက်ပတ်စွာ မကျင့်တတ်” ဘူး။ လူတွေကို ကျွန်ုပ်တို့ ချစ်တယ်ဆိုရင် လိမ်လည်တာ၊ ခိုးတာ ဒါမှမဟုတ် ယေဟောဝါ မနှစ်သက်တာတွေကို တစ်ခုမှလုပ်မှာမဟုတ်ဘူး။ ဒါ့အပြင် တစ်ကိုယ်ကောင်းစိတ်လည်း ရှိမှာမဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ မေတ္တာက “ကိုယ့်အကျိုးကို မရှာတတ်” လို့ပဲ။ ဒါကြောင့် လူတွေအတွက် အကောင်းဆုံးအရာတွေကိုပဲ အမြဲလုပ်မှာဖြစ်တယ်။—ဖိ. ၂:၄

လူတစ်ယောက် ကျွန်ုပ်တို့ကို ထိခိုက်နစ်နာအောင်လုပ်တဲ့ အကြိမ်တိုင်းကို မှတ်မထားသင့်ဘူး

၁၇ မေတ္တာက ‘အမျက်မထွက်တတ်ဘူး။ ထိခိုက်နစ်နာမှုကို မှတ်မထားတတ်’ ဘူး။ တစ်ယောက်ယောက်က ကိုယ့်အပေါ် မစာမနာပြုမူတယ်ဆိုရင် ချက်ချင်း ဒေါသထွက်မှာ မဟုတ်ဘူး။ လူတစ်ယောက် ကျွန်ုပ်တို့ကို ထိခိုက်နစ်နာအောင်လုပ်တဲ့အကြိမ်တိုင်းကို မှတ်မထားသင့်ဘူး။ (၁ သက်. ၅:၁၅) ကျွန်ုပ်တို့က အငြိုးထားမယ်ဆိုရင် ဒေါသပေါက်ကွဲပြီး ကိုယ့်ကိုယ်ကိုကော တခြားသူတွေကိုပါ ထိခိုက်စေနိုင်တယ်။ (ဝတ်. ၁၉:၁၈) အဲဒီအစား ခွင့်လွှတ်ပြီး မေ့ပစ်လိုက်သင့်တယ်။ မေတ္တာက ‘မတရားတဲ့အမှုမှာ ဝမ်းမြောက်ခြင်းမရှိ’ ဘူး။ ကျွန်ုပ်တို့ကို မုန်းတဲ့သူတစ်ယောက်ယောက် ဒုက္ခရောက်တဲ့အခါ ကျွန်ုပ်တို့ ဝမ်းသာမှာမဟုတ်ဘူး။—သုတ္တံ ၂၄:၁၇၊ ၁၈ ကိုဖတ်ပါ။

၁၈။ ၁ ကောရိန္သု ၁၃:၇၊ ၈ မှာ မေတ္တာအကြောင်း ဘာသင်ယူသိရှိရသလဲ။

၁၈ မေတ္တာဟာ “အရာရာကို သည်းခံတတ်” တယ်လို့ ပေါလု ရေးခဲ့တယ်။ လူတွေကိုချစ်တယ်ဆိုရင် တစ်ယောက်ယောက်က ကျွန်ုပ်တို့ကို စိတ်ထိခိုက်အောင်လုပ်တဲ့အခါ ခွင့်လွှတ်မှာဖြစ်တယ်။ မေတ္တာက “အရာရာကို ယုံတတ်” တယ်လို့လည်း ပေါလုပြောခဲ့တယ်။ ကျမ်းစာမှာပါတဲ့အရာတွေကို ကျွန်ုပ်တို့ ယုံကြည်တယ်၊ ပြီးတော့ ယေဟောဝါရဲ့အဖွဲ့အစည်းက သင်ပေးတဲ့အရာတွေအတွက် ကျေးဇူးတင်ကြတယ်။ မေတ္တာက “အရာရာကို မျှော်လင့်တတ်” တယ်။ ကျွန်ုပ်တို့မှာ မျှော်လင့်ချက်ရှိတယ်၊ ဘာကြောင့်လဲဆိုတော့ ယေဟောဝါ ကတိပေးထားတဲ့အရာအားလုံးကို ယုံကြည်စိတ်ချလို့ပဲ။ ပြီးတော့ လူတွေကို ချစ်တဲ့အတွက်ကြောင့် ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်အကြောင်း ပြောပြဖို့ အတတ်နိုင်ဆုံးကြိုးစားမှာဖြစ်တယ်။ (၁ ပေ. ၃:၁၅) အရမ်းခက်ခဲတဲ့အခြေအနေတွေနဲ့ ကြုံတွေ့ရတဲ့အခါ ကျွန်ုပ်တို့ ဆုတောင်းပြီး အကောင်းဆုံးဖြစ်လာဖို့ မျှော်လင့်ကြတယ်။ တစ်စုံတစ်ယောက်က ကျွန်ုပ်တို့အပေါ် အမှားလုပ်တဲ့အခါ ဒါမှမဟုတ် နှိပ်စက်ညှဉ်းပန်းတဲ့အခါ ကျွန်ုပ်တို့ ခံရပ်နိုင်ကြတယ်။ ပေါလုပြောခဲ့သလို မေတ္တာဟာ “အရာရာကို ခံရပ်နိုင်” တယ်။ “မေတ္တာသည် အစဉ်တည်” တယ်လို့လည်း ဆက်ပြောခဲ့တယ်။ ယေဟောဝါရဲ့စကား နားထောင်သူတွေဟာ လူတွေအပေါ် အမြဲမေတ္တာပြမှာဖြစ်တယ်။

ကိုယ့်ကိုယ်ကိုချစ်သလို လူတွေကို ဆက်ချစ်နေပါ

၁၉၊ ၂၀။ လူသားချင်းကို ဆက်ချစ်နေဖို့ ဘယ်ကျမ်းချက်တွေက သင်ပေးသလဲ။

၁၉ ကျမ်းစာသွန်သင်ချက်တွေကို လိုက်နာမယ်ဆိုရင် ကိုယ့်ကိုယ်ကိုချစ်သလို လူတွေကို အမြဲချစ်နေမှာဖြစ်တယ်။ (မ. ၂၂:၃၉) အဲဒီလိုချစ်နေဖို့ ယေဟောဝါနဲ့ယေရှု မျှော်လင့်တယ်။ ဘယ်နောက်ခံ၊ ယဉ်ကျေးမှုပဲဖြစ်နေပါစေ လူအားလုံးကို ကျွန်ုပ်တို့ ချစ်ရမယ်။ လူတွေကိုချစ်ဖို့ အခက်တွေ့နေတယ်ဆိုရင် ယေဟောဝါဆီဆုတောင်းပြီး သန့်ရှင်းသောစွမ်းအားတော် တောင်းခံနိုင်ပါတယ်။ အဲဒီလိုဆိုရင် ယေဟောဝါ ကျွန်ုပ်တို့ကို ကောင်းချီးပေးမယ်၊ အကူအညီပေးမယ်။—ရော. ၈:၂၆၊ ၂၇

ဘယ်နောက်ခံ၊ ယဉ်ကျေးမှုပဲဖြစ်နေပါစေ လူအားလုံးကို ကျွန်ုပ်တို့ ချစ်ရမယ်

၂၀ လူသားချင်းကိုချစ်ပါဆိုတဲ့ပညတ်ဟာ သိပ်အရေးကြီးတဲ့အတွက် အဲဒါကို “တော်ဝင်ပညတ်” လို့ ခေါ်တယ်။ (ယာ. ၂:၈) မောရှေပညတ်မှာ ယေဟောဝါက မိမိလူမျိုးကို လူသားချင်းချစ်ဖို့သင်ပေးတဲ့ ပညတ်တွေအများကြီး ပေးထားတယ်။ နောက်ပိုင်းမှာ ‘“လူသားချင်းကို ကိုယ်နှင့်အမျှချစ်လော့” ဟူသော ပညတ်သည် အခြားသောပညတ်ရှိသမျှ၏ အချုပ်ဖြစ်၏’ လို့ ပြောဖို့ ပေါလုကို ယေဟောဝါ လှုံ့ဆော်ခဲ့တယ်။—ရော. ၁၃:၈-၁၀

၂၁၊ ၂၂။ ဘုရားသခင်နဲ့ လူသားချင်းကို ဘာကြောင့်ချစ်သင့်တာလဲ။

၂၁ ကျွန်ုပ်တို့ချစ်ရမယ့်သူက ဘယ်သူလဲဆိုတာကို ပိုနားလည်နိုင်ဖို့ ယေရှုကူညီပေးခဲ့တယ်၊ သူ့ဖခင်က “လူဆိုး၊ လူကောင်းတို့အပေါ် နေကို ထွက်စေ၍ ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူတို့အပေါ် မိုးရွာစေ” တယ်လို့ ယေရှု ပြောခဲ့တယ်။ (မ. ၅:၄၃-၄၅) ဖြောင့်မတ်သူဖြစ်စေ၊ မဖြောင့်မတ်သူဖြစ်စေ လူအားလုံးအပေါ် မေတ္တာပြသင့်တယ်လို့ ယေရှု သွန်သင်ပေးခဲ့တယ်။ အစမှာဖော်ပြခဲ့တဲ့အတိုင်း လူတွေကိုမေတ္တာပြရာမှာ အရေးပါတဲ့နည်းလမ်းတစ်ခုက သူတို့ကို ယေဟောဝါနဲ့ ကိုယ်တော့်နိုင်ငံတော်အကြောင်း သင်ပေးတာဖြစ်တယ်။ လူတွေက ကျမ်းစာမှာ သူတို့လေ့လာခဲ့တာတွေကို ကျင့်သုံးတယ်ဆိုရင် ဘုရားသခင့်မိတ်ဆွေဖြစ်ခွင့်ရလို့ ပျော်ရွှင်မှာဖြစ်တယ်။

၂၂ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှနဲ့ တစ်သက်တာလုံး ဘာကြောင့်ချစ်သင့်တယ်ဆိုတာ လေ့လာခဲ့ပြီးပြီ။ လူသားချင်းကို ဘယ်လိုချစ်ရမယ်ဆိုတာကိုလည်း လေ့လာခဲ့ကြတယ်။ ယေဟောဝါနဲ့ လူသားချင်းကို ချစ်တယ်ဆိုရင် အကြီးမြတ်ဆုံးပညတ်နှစ်ခုကို ကျွန်ုပ်တို့ လိုက်နာနေတာပဲ။ အဲဒါက ကျွန်ုပ်တို့ရဲ့ ကောင်းကင်ဖခင်ယေဟောဝါကိုလည်း ပျော်ရွှင်စေတယ်။