မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူ့အားနည်းချက်ကို ယေဟောဝါရှုမြင်သလို သင်ရှုမြင်သလား

လူ့အားနည်းချက်ကို ယေဟောဝါရှုမြင်သလို သင်ရှုမြင်သလား

“အားနည်းဟန်ရှိသော အင်္ဂါများသည်လည်း အမှန်အားဖြင့် မရှိမဖြစ်သောအင်္ဂါများ ဖြစ်ကြ၏။”—၁ ကော. ၁၂:၂၂

၁၊ ၂။ အားနည်းသူတွေကို ပေါလု ဘာကြောင့် စာနာပေးနိုင်ခဲ့သလဲ။

ကျွန်ုပ်တို့အားလုံး အားနည်းတယ်လို့ ခံစားကြရတဲ့အချိန်တွေ ရှိပါတယ်။ နေမကောင်းတဲ့နေ့တွေမှာဆိုရင် အားမရှိသလိုခံစားရပြီး လုပ်စရာအလုပ်တွေကို မလုပ်နိုင်တာမျိုး ဖြစ်တတ်တယ်။ ဒါပေမဲ့ ကိုယ်က အဲဒီလို အကြာကြီးဖြစ်နေတယ်လို့ စဉ်းစားကြည့်ပါ။ ကိုယ့်ကို ဘယ်လိုဆက်ဆံစေချင်ပါသလဲ။ ကျွန်ုပ်တို့ရဲ့ခံစားချက်ကို နားလည်ပေးပြီး စာနာမှုပြတာကို လိုချင်မှာဖြစ်တယ်။

တမန်တော်ပေါလုဟာ အသင်းတော်အတွင်းအပြင်ကလာတဲ့ ဖိအားတွေကြောင့် အားနည်းတယ်လို့ တစ်ခါတလေ ခံစားခဲ့ရတယ်။ ဆက်ပြီးမခံရပ်နိုင်တော့ဘူးလို့ တစ်ကြိမ်ထက်မက ခံစားခဲ့ဖူးတယ်။ (၂ ကော. ၁:၈; ၇:၅) သူကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရလို့ အားနည်းတယ်ဆိုတဲ့ခံစားချက်ကို နားလည်ပေးနိုင်တယ်။ သူက “မည်သူသည် အားနည်း၍ ငါမူကား အားမနည်းဘဲ နေရသနည်း” လို့ပြောခဲ့တယ်။ (၂ ကော. ၁၁:၂၉) ခရစ်ယာန်အသင်းသားတွေကို လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ နှိုင်းယှဉ်ပြီး အားနည်းဟန်ရှိသူတွေဟာ “မရှိမဖြစ်” တဲ့သူတွေဖြစ်တယ်လို့ ပြောခဲ့တယ်။ (၁ ကော. ၁၂:၂၂) အဲဒါက ဘာကိုဆိုလိုတာလဲ။ အားနည်းဟန်ရှိသူတွေကို ယေဟောဝါ ဘယ်လိုရှုမြင်ပါသလဲ။ ညီအစ်ကိုညီအစ်မတွေကို ယေဟောဝါရှုမြင်သလို ရှုမြင်ဖို့ ဘယ်လိုသင်ယူနိုင်သလဲ။ အဲဒါက ကျွန်ုပ်တို့ကို ဘယ်လိုအကျိုးရရှိစေသလဲ။

အားနည်းချက်အပေါ် ယေဟောဝါရဲ့အမြင်

၃။ ညီအစ်ကိုညီအစ်မတွေအပေါ် ဘာကြောင့် အပျက်သဘော မြင်လာနိုင်သလဲ။

ယနေ့လောကမှာ လူအများက သူတို့ကိုယ်ကျိုးအတွက် အားနည်းတဲ့သူတွေအပေါ် အမြတ်ထုတ်တတ်ကြတယ်။ အောင်မြင်ဖို့ဆိုရင် ငယ်ရွယ်ရမယ်၊ သန်မာရမယ်လို့ ယူဆကြတယ်။ လောကရဲ့အဲဒီသဘောထားက ကျွန်ုပ်တို့ကိုလည်း လွှမ်းမိုးနိုင်တယ်။ အကူအညီ အမြဲလိုအပ်နေတတ်တဲ့ ညီအစ်ကိုညီအစ်မတွေအပေါ် အပျက်သဘော မြင်လာနိုင်တယ်။ အသင်းတော်မှာရှိသူတစ်ဦးစီကို ယေဟောဝါရှုမြင်သလို ကျွန်ုပ်တို့ ဘယ်လိုရှုမြင်နိုင်သလဲ။

ယေဟောဝါဟာ အသင်းတော်မှာရှိသူ တစ်ယောက်စီကို အရေးပါသူအဖြစ် ရှုမြင်တယ်

၄၊ ၅။ (က) လူ့ခန္ဓာကိုယ်ပုံဥပမာက ကျွန်ုပ်တို့တစ်ယောက်စီအပေါ် ယေဟောဝါရဲ့ရှုမြင်ပုံနဲ့ပတ်သက်ပြီး ဘာသင်ပေးသလဲ။ (ခ) အားနည်းသူကို ကူညီပေးတာက ကျွန်ုပ်တို့ကို ဘာအကျိုးတွေ ရရှိစေနိုင်သလဲ။

ယေဟောဝါဟာ အသင်းတော်မှာရှိသူ တစ်ယောက်ချင်းစီကို အရေးပါသူအဖြစ် ရှုမြင်တယ်။ ကောရိန္သုပထမစောင် အခန်းကြီး ၁၂ မှာ လူ့ခန္ဓာကိုယ်ရဲ့ အားအနည်းဆုံးအင်္ဂါတောင် မရှိမဖြစ်လိုအပ်တယ်လို့ ပေါလု ပြောခဲ့တယ်။ (၁ ကောရိန္သု ၁၂:၁၂၊ ၁၈၊ ၂၁–၂၃ ကိုဖတ်ပါ။) ဆင့်ကဲအယူကို ယုံကြည်သူတချို့က ခန္ဓာကိုယ်ရဲ့တချို့အစိတ်အပိုင်းတွေဟာ မလိုအပ်ဘူးလို့ ယူဆကြတယ်။ * ဥပမာ၊ ခြေသန်းက အသုံးမဝင်ဘူးလို့ ယူဆခဲ့ကြတယ်။ ဒါပေမဲ့ ဟန်ချက်ညီညီ မတ်တတ်ရပ်နိုင်ဖို့ ခြေသန်းက ကူညီပေးတယ်လို့ ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြတယ်။

လူ့ခန္ဓာကိုယ်အကြောင်း ပေါလုရဲ့ပုံဥပမာက အသင်းတော်မှာရှိသူတစ်ယောက်စီဟာ မရှိမဖြစ်လိုအပ်သူဖြစ်တယ်ဆိုတာ ဖော်ပြတယ်။ စာတန်က ကျွန်ုပ်တို့ကို အသုံးမဝင်သူတွေဖြစ်တယ်လို့ ခံစားရစေချင်တယ်။ ဒါပေမဲ့ ယေဟောဝါက အားနည်းဟန်ရှိသူတွေအပါအဝင် မိမိရဲ့ကျေးကျွန်အားလုံးကို “မရှိမဖြစ်” တဲ့သူတွေအဖြစ် ရှုမြင်တယ်။ (ယောဘ ၄:၁၈၊ ၁၉) ကျွန်ုပ်တို့က အသင်းတော်မှာ၊ ဘုရားသခင့်လူမျိုးအလယ်မှာ မရှိမဖြစ်လိုအပ်သူတွေဖြစ်တယ်ဆိုတာ သိရလို့ ပျော်ရွှင်နိုင်ပါတယ်။ ဥပမာ၊ အသက်ကြီးသူတစ်ယောက်ကို သင်ကူညီပေးခဲ့တဲ့အချိန်ကို ပြန်စဉ်းစားကြည့်ပါ။ သူအကျိုးရသလို သင်လည်း အကျိုးခံစားရတယ်မဟုတ်လား။ မှန်ပါတယ်၊ ကျွန်ုပ်တို့ဟာ တခြားသူတွေကို ကူညီပေးလို့ ပျော်ရွှင်မှုခံစားရတယ်၊ ပိုစိတ်ရှည်လာတယ်၊ ညီအစ်ကိုညီအစ်မတွေကို ပိုချစ်ခင်လာပြီး ပိုရင့်ကျက်တဲ့ခရစ်ယာန်တွေ ဖြစ်လာတယ်။ (ဧ. ၄:၁၅၊ ၁၆) ယေဟောဝါက အားနည်းဟန်ရှိတဲ့ ညီအစ်ကိုညီအစ်မတွေကိုတောင် အရေးပါသူတွေအဖြစ် ကျွန်ုပ်တို့ကို ရှုမြင်စေချင်တယ်။ ကျွန်ုပ်တို့မှာ အဲဒီလိုအမြင်ရှိတယ်ဆိုရင် သူတို့ဆီကနေ အများကြီးမျှော်လင့်မှာ မဟုတ်တော့ဘူး၊ အသင်းတော်မှာလည်း ပိုပြီးချစ်ချစ်ခင်ခင် ရှိလာပါလိမ့်မယ်။

၆။ ပေါလုက ‘အားရှိ’ နဲ့ “အားနည်း” ဆိုတဲ့စကားလုံးကို ဘယ်လိုသဘောနဲ့ အသုံးပြုခဲ့တာလဲ။

ပေါလုက အသင်းတော်မှာရှိသူတချို့အကြောင်း ပြောတဲ့အခါ “အားနည်း” ဆိုတဲ့စကားလုံးကို သုံးခဲ့တာ မှန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မယုံကြည်သူတချို့က ခရစ်ယာန်တွေကို အဲဒီလိုပဲ ရှုမြင်ခဲ့ကြတယ်။ ဒါပေမဲ့ အသင်းတော်ထဲမှာရှိတဲ့ တချို့သူတွေက ပိုသာတယ်လို့ ပေါလု မပြောခဲ့ဘူး။ သူ့ကိုယ်သူလည်း အားနည်းတယ်လို့ ပြောခဲ့တဲ့အခါတွေရှိတယ်။ (၁ ကော. ၁:၂၆၊ ၂၇; ၂:၃) ပေါလုက ‘အားရှိ’ တဲ့ခရစ်ယာန်တချို့ အကြောင်းပြောတဲ့အခါ သူတို့က ပိုသာတယ်လို့ ပြောနေတာမဟုတ်ဘူး။ (ရော. ၁၅:၁) အတွေ့အကြုံများတဲ့သူက အတွေ့အကြုံနည်းတဲ့သူကို စိတ်ရှည်သင့်တယ်လို့ ပြောနေတာဖြစ်တယ်။

ကျွန်ုပ်တို့ရဲ့အမြင်ကို ပြောင်းလဲဖို့လိုနေသလား

၇။ လိုအပ်နေသူတွေကို ကူညီပေးဖို့ ဘာကြောင့် မလွယ်ကူသလဲ။

ယေဟောဝါက အားနည်းသူတွေကို ကူညီပေးတယ်၊ ကျွန်ုပ်တို့လည်း အဲဒီလိုလုပ်တယ်ဆိုရင် ကိုယ်တော်ပျော်တယ်။ (ဆာ. ၄၁:၁; ဧ. ၅:၁) ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ အမြဲမလွယ်ဘူး။ ဘာကြောင့်လဲ။ ညီအစ်ကိုညီအစ်မတွေ လုပ်ခဲ့တဲ့ပြဿနာအတွက် သူတို့ကိုယ်တိုင်ကိုပဲ တာဝန်ယူစေချင်လို့ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဘာပြောရမှန်းမသိလို့ သူတို့ကို ရှောင်နေတာလည်း ဖြစ်နိုင်တယ်။ ဥပမာ၊ စင်သီယာလို့ခေါ်တဲ့ ညီအစ်မတစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ * သူ့ခင်ပွန်းက သူ့ကိုထားခဲ့တဲ့အခါ သူအကူအညီ လိုအပ်ခဲ့တယ်။ သူ ဒီလိုပြောတယ်– “ညီအစ်ကိုညီအစ်မတွေက ကိုယ့်ကို ရှောင်နေမယ်၊ ရင်းနှီးတဲ့မိတ်ဆွေတွေကလည်း ကိုယ်မျှော်လင့်ထားတဲ့အတိုင်း ကိုယ့်ကိုမဆက်ဆံဖူးဆိုရင် စိတ်ထိခိုက်နိုင်တယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ညီအစ်ကိုညီအစ်မတွေ အနားမှာရှိဖို့လိုတယ်။” ဘုရင်ဒါဝိဒ်လည်း သူ့မိတ်ဆွေတွေ သူ့ကိုရှောင်ဖယ်သွားတဲ့အခါ အဲဒီလိုခံစားခဲ့ရတယ်။—ဆာ. ၃၁:၁၂

ယေဟောဝါက အားနည်းသူတွေကို ကူညီပေးတယ်၊ ကျွန်ုပ်တို့လည်း အဲဒီလိုလုပ်တယ်ဆိုရင် ကိုယ်တော်ပျော်တယ်

၈။ ညီအစ်ကိုညီအစ်မတွေကို စာနာနားလည်ပေးဖို့ ဘာက ကျွန်ုပ်တို့ကို ကူညီပေးမလဲ။

အကူအညီလိုအပ်တဲ့ ညီအစ်ကိုညီအစ်မတွေကို ပိုပြီး စာနာနားလည်ပေးဖို့ ဘာက ကျွန်ုပ်တို့ကို ကူညီပေးမလဲ။ သူတို့ထဲကတချို့ဟာ ဖျားနာမှု၊ စိတ်ဓာတ်ကျစရာ ဒါမှမဟုတ် ယုံကြည်ချင်းမတူတဲ့ မိသားစုဝင်တွေကြောင့် စိတ်ဆင်းရဲနေတယ်ဆိုတာ သတိရပါ။ ကျွန်ုပ်တို့မှာလည်း အဲဒီလိုပြဿနာတွေရှိမယ်ဆိုရင် တခြားသူတွေ စာနာနားလည်ပေးတာကို လိုချင်မှာပဲ။ အစ္စရေးလူတွေအကြောင်း စဉ်းစားကြည့်ပါ။ သူတို့တွေက အီဂျစ်ပြည်မှာ ဆင်းရဲဒုက္ခအများကြီး ခံစားခဲ့ရပေမဲ့ ကတိထားရာပြည်ထဲမဝင်ခင် ယေဟောဝါက သူတို့ကို အကြင်နာမမဲ့ဖို့ သတိပေးခဲ့တယ်။ ဆင်းရဲတဲ့၊ အားနည်းနေတဲ့ သူတို့ရဲ့ညီအစ်ကိုတွေကို ကူညီပေးဖို့ ယေဟောဝါ မျှော်လင့်တယ်။—ဝတ်. ၂၅:၃၅-၃၈; တရား. ၁၅:၇၊ ၁၁

၉။ ညီအစ်ကိုညီအစ်မတစ်ယောက်ယောက် အားနည်းနေတဲ့အခါ သူတကယ်လိုအပ်တာက ဘာဖြစ်မလဲ။ ဥပမာပေးပါ။

ညီအစ်ကိုညီအစ်မတွေ ကြုံတွေ့နေရတဲ့ပြဿနာတွေကြောင့် သူတို့ကို ချက်ချင်း အပြစ်မတင်သင့်ဘူး၊ ကိုယ်က သူတို့ထက်ပိုသာတယ်လို့လည်း မထင်သင့်ဘူး။ ညီအစ်ကိုညီအစ်မတွေ အားနည်းနေတဲ့အချိန်မှာ ကျွန်ုပ်တို့ ကူညီပေးချင်ကြတယ်။ (ယောဘ ၃၃:၆၊ ၇; မ. ၇:၁) ဥပမာ၊ တစ်ယောက်ယောက်က မော်တော်ဆိုင်ကယ် မတော်တဆမှုဖြစ်ပြီး ဆေးရုံရောက်သွားတယ်ဆိုပါစို့။ သူဆေးရုံရောက်သွားတဲ့အခါ ဆရာဝန်တွေနဲ့ သူနာပြုတွေက ဒီလိုဖြစ်တာ ဘယ်သူ့ကြောင့်လဲဆိုတာကို အချိန်ကုန်ခံပြီး ဆွေးနွေးနေမလား။ အဲဒီလိုလုပ်မှာမဟုတ်ဘူး။ သူ့ကို ချက်ချင်း ဆေးကုသပေးမှာဖြစ်တယ်။ ကျွန်ုပ်တို့လည်း အဲဒီလိုပါပဲ။ ညီအစ်ကိုညီအစ်မတစ်ယောက်ယောက် အားနည်းနေတဲ့အခါ သူ တကယ်လိုအပ်နေတဲ့အကူအညီကို ပေးမှာဖြစ်တယ်။၁ သက်သာလောနိတ် ၅:၁၄ ကိုဖတ်ပါ။

ညီအစ်ကိုညီအစ်မတစ်ယောက်ယောက် အားနည်းနေတဲ့အခါ သူ တကယ်လိုအပ်နေတာက ကျွန်ုပ်တို့ရဲ့အကူအညီပဲ

၁၀။ တချို့သူတွေက အားနည်းနေပုံပေါက်ပေမဲ့ ဘယ်လိုနည်းနဲ့ ‘ယုံကြည်ခြင်းမှာကြွယ်ဝ’ နေနိုင်သလဲ။

၁၀ တချို့ညီအစ်ကိုညီအစ်မတွေဟာ အားနည်းပုံပေါက်နေနိုင်တယ်။ ဒါပေမဲ့ သူတို့ရဲ့အခြေအနေကို စဉ်းစားလိုက်တဲ့အခါ သူတို့ကို အားနည်းသူတွေလို့ မမြင်တော့ဘူး။ မယုံကြည်သူ လင်ယောက်ျားရှိတဲ့ ညီအစ်မတစ်ယောက် ဘယ်လောက်ခက်ခဲမလဲဆိုတာ စဉ်းစားကြည့်ပါ။ လင်သားမရှိဘဲ သားသမီးတွေကို ရှာဖွေကျွေးမွေးပြီး အစည်းအဝေးတွေကို မှန်မှန်တက်နေတဲ့ ကြင်ဖော်မဲ့မိခင်တစ်ယောက်ကော။ ဒါမှမဟုတ် ကျောင်းမှာ အမှန်တရားကိုစွန့်ဖို့ နေ့တိုင်းဖိအားပေးခံနေရတဲ့ ဆယ်ကျော်သက်တွေအကြောင်း စဉ်းစားကြည့်ပါ။ သူတို့အားလုံးက ယေဟောဝါကိုချစ်ပြီး ကိုယ်တော့်ကိုသစ္စာရှိဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်၊ ယေဟောဝါရဲ့အမှုတော်မှာ ပါဝင်လုပ်ဆောင်နေကြတယ်။ အဲဒီလိုစဉ်းစားတာက အားနည်းပုံပေါက်နေတဲ့သူတွေကို ‘ယုံကြည်ခြင်းမှာကြွယ်ဝ’ သူတွေလို့ ရှုမြင်ဖို့ အကူအညီဖြစ်စေတယ်။—ယာ. ၂:၅

ယေဟောဝါ ရှုမြင်တဲ့အတိုင်း ရှုမြင်ပါ

၁၁၊ ၁၂။ (က) ညီအစ်ကိုညီအစ်မတွေ အမှားလုပ်မိတဲ့အခါမှာ သူတို့ကို ယေဟောဝါရှုမြင်သလို ရှုမြင်ဖို့ ကျွန်ုပ်တို့ကို ဘာကကူညီပေးမလဲ။ (ခ) ယေဟောဝါ ဘာကြောင့် အာရုန်ကို ခွင့်လွှတ်ခဲ့တာလဲ။ အဲဒီကနေ ဘာသိရှိရသလဲ။

၁၁ ညီအစ်ကိုညီအစ်မတွေ အမှားတွေလုပ်မိတဲ့အခါမှာ သူတို့ကို ယေဟောဝါ ရှုမြင်သလို ရှုမြင်ဖို့လိုတယ်။ မိမိရဲ့ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လိုရှုမြင်သလဲဆိုတာ ကျမ်းစာပုံနမူနာတွေကနေ သိနိုင်ပါတယ်။ (ဆာလံ ၁၃၀:၃ ကိုဖတ်ပါ။) ဥပမာ၊ သင် မောရှေနဲ့အတူ ရှိနေတယ်လို့ မြင်ယောင်ကြည့်ပါ။ အာရုန်က သူဘာကြောင့် ရွှေနွားရုပ်လုပ်တယ်ဆိုတာကို အကြောင်းပြချက်အမျိုးမျိုးပေးပြီး မောရှေကို ရှင်းပြနေတယ်။ အာရုန်ကို သင် ဘယ်လိုရှုမြင်မလဲ။ (ထွ. ၃၂:၂၁-၂၄) အာရုန်က မိရိအံပြောတာကို နားထောင်ပြီး တိုင်းတစ်ပါးအမျိုးသမီးတစ်ယောက်နဲ့ မောရှေ လက်ထပ်ထားတာကို အပြစ်တင်တာနဲ့ပတ်သက်ပြီး သင်ဘယ်လို ယူဆမလဲ။ (တော. ၁၂:၁၊ ၂) ကျောက်ထဲကနေ ရေထွက်အောင် ယေဟောဝါလုပ်ပေးတာကို အာရုန်နဲ့မောရှေ ဂုဏ်မတင်ခဲ့တာကိုရော သင်ဘယ်လို ရှုမြင်မလဲ။—တော. ၂၀:၁၀-၁၃

ညီအစ်ကိုညီအစ်မတွေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်ဖို့လိုတယ်

၁၂ အဲဒီအမှားတွေကြောင့် အာရုန်ကို ယေဟောဝါ ချက်ချင်း အပြစ်ပေးနိုင်ပါတယ်။ အာရုန်က တချို့အချိန်တွေမှာ အားနည်းခဲ့တာမှန်ပေမဲ့ လူဆိုးတစ်ယောက်မဟုတ်ဘူးဆိုတာ ယေဟောဝါသိတယ်။ ခက်ခဲတဲ့အခြေအနေတွေကြောင့်၊ မကောင်းတဲ့လူတွေကြောင့် အာရုန် အမှားလုပ်မိခဲ့တယ်။ ဒါပေမဲ့ အာရုန်ဟာ သူ့ရဲ့အမှားတွေကို ဝန်ခံလိုစိတ်ရှိခဲ့တယ်၊ ယေဟောဝါဆုံးမတာကို လက်ခံခဲ့တယ်။ (ထွ. ၃၂:၂၆; တော. ၁၂:၁၁; ၂၀:၂၃-၂၇) အာရုန်ဟာ ယေဟောဝါကိုချစ်တယ်၊ သူနောင်တယူခဲ့တယ်။ ကိုယ်တော် သူ့ကို ခွင့်လွှတ်ခဲ့တယ်။ အဲဒါကြောင့် လူတွေက နှစ်ပေါင်းများစွာကြာတဲ့အထိ အာရုန်နဲ့ သူ့မိသားစုကို ယေဟောဝါရဲ့သစ္စာရှိကျေးကျွန်တွေအဖြစ် အမှတ်ရနေကြတုန်းပဲ။—ဆာ. ၁၁၅:၁၀-၁၂; ၁၃၅:၁၉၊ ၂၀

၁၃။ ကျွန်ုပ်တို့ရဲ့ရှုမြင်ပုံကို ဘယ်လို ပြောင်းလဲနိုင်သလဲ။ ဥပမာပေးပါ။

၁၃ အာရုန်လိုပဲ ညီအစ်ကိုညီအစ်မတွေလည်း အမှားလုပ်မိနိုင်ပါတယ်။ အဲဒီအခါ သူတို့ကို သင်ဘယ်လို ရှုမြင်သလဲ။ သင့်ရဲ့ရှုမြင်ပုံကို ပြောင်းလဲဖို့လိုသလား။ (၁ ရာ. ၁၆:၇) ဥပမာ၊ ဂရုမစိုက်တတ်တဲ့သဘောထားရှိတဲ့ ဆယ်ကျော်သက်တစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ သူက ဖျော်ဖြေရေးကို ဂရုတစိုက်မရွေးချယ်တာ ဖြစ်နိုင်တယ်။ အဲဒါကြောင့် သူ့ကို မကောင်းတဲ့လူအဖြစ် ချက်ချင်း မသတ်မှတ်လိုက်ပါနဲ့။ အဲဒီအစား သူ့ကို ဘယ်လိုကူညီပေးရမလဲဆိုတာ စဉ်းစားပါ။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ဘယ်လိုချရတယ်ဆိုတာ အချိန်ယူ သင်ပေးပါ။ ညီအစ်ကိုညီအစ်မတွေကို အဲဒီလိုကူညီပေးတယ်ဆိုရင် သင် ပိုစိတ်ရှည်လာပြီး သူတို့ကို ပိုချစ်ခင်လာမယ်။

၁၄၊ ၁၅။ (က) ဧလိယ ကြောက်နေတဲ့အခါ ယေဟောဝါ ဘယ်လိုရှုမြင်ခဲ့သလဲ။ (ခ) ဧလိယကို ယေဟောဝါ ကူညီပေးခဲ့ပုံကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

၁၄ စိတ်ဓာတ်ကျနေသူတွေကို ယေဟောဝါ ဘယ်လိုရှုမြင်သလဲ။ အဲဒီလိုစိတ်ဓာတ်ကျနေတဲ့ ကျေးကျွန်တစ်ယောက်ကို ကိုယ်တော် ဘယ်လိုကူညီပေးခဲ့တယ်ဆိုတာ လေ့လာကြည့်ပါ။ ဧလိယဟာ ဗာလဘုရားရဲ့ပရောဖက် ၄၅၀ ကို သတ္တိရှိရှိ ရင်ဆိုင်ခဲ့တဲ့ ယေဟောဝါရဲ့ပရောဖက်တစ်ယောက်ပဲ။ ဒါပေမဲ့ မိဖုရားယေဇဗေလက သူ့ကိုသတ်ချင်နေတယ်လို့ သတင်းကြားတဲ့အခါ သူအရမ်းကြောက်ပြီး ကီလိုမီတာ ၁၅၀ (၉၅ မိုင်) ဝေးတဲ့ ဗေရရှေဘမြို့၊ အဲဒီကနေ တောကန္တာရထဲ ထွက်ပြေးခဲ့တယ်။ သူအရမ်းမောပန်းပြီး စိတ်ဓာတ်ကျနေလို့ သေချင်နေပြီ။—၃ ရာ. ၁၈:၁၉; ၁၉:၁-၄

ဧလိယကြောက်နေတာကို ယေဟောဝါတွေ့တဲ့အခါ သူ့ကို ကူညီဖို့ ကောင်းကင်တမန်တစ်ပါး စေလွှတ်ပေးခဲ့တယ် (အပိုဒ် ၁၄၊ ၁၅ ကိုကြည့်ပါ)

၁၅ ဧလိယ ကြောက်ပြီး စိတ်ဓာတ်ကျနေတာကို ယေဟောဝါ ဘယ်လိုရှုမြင်ခဲ့သလဲ။ ဧလိယကို ဒီအတိုင်း ပစ်ထားသလား။ မပစ်ထားပါဘူး။ ယေဟောဝါက ကောင်းကင်တမန်တစ်ပါးစေလွှတ်ပြီး ဧလိယကို ကူညီပေးခဲ့တယ်။ ဧလိယ ခရီးဆက်နိုင်ဖို့ ကောင်းကင်တမန်က သူ့ကို စားစရာ နှစ်ခါကျွေးခဲ့တယ်။ (၃ ဓမ္မရာဇဝင် ၁၉:၅–၈ ကိုဖတ်ပါ။) ယေဟောဝါက ဧလိယကို ညွှန်ကြားချက်တွေ မပေးခင်မှာ ဧလိယပြောတာကို နားထောင်ပေးပြီး လိုအပ်တဲ့အကူအညီပေးခဲ့တယ်။

၁၆၊ ၁၇။ ယေဟောဝါလိုပဲ ကျွန်ုပ်တို့လည်း ညီအစ်ကိုညီအစ်မတွေကို ဘယ်လိုကူညီပေးနိုင်သလဲ။

၁၆ ယေဟောဝါက ဧလိယကို ကူညီပေးခဲ့သလို ကျွန်ုပ်တို့လည်း ညီအစ်ကိုတစ်ယောက်ကို ဘယ်လိုကူညီပေးနိုင်သလဲ။ သူဘာလုပ်သင့်တယ်ဆိုတာ ချက်ချင်းမပြောပါနဲ့။ (သု. ၁၈:၁၃) သူ စိတ်ဓာတ်ကျပြီး အသုံးမကျဘူးလို့ ခံစားနေရတယ်ဆိုရင် သူပြောတာကို အရင်နားထောင်ပေးဖို့၊ သူ့ကို သင် ဂရုစိုက်တယ်ဆိုတာ ပြသဖို့လိုတယ်။ (၁ ကော. ၁၂:၂၃) အဲဒီအခါ သင်က သူတကယ်လိုအပ်တာကို သိပြီး ကူညီပေးနိုင်မယ်။

၁၇ စင်သီယာရဲ့အဖြစ်အပျက်ကို သတိရပါ။ သူ့ယောက်ျားက သူ့ကို ထားခဲ့တဲ့အခါ သူနဲ့ သူ့သမီးနှစ်ယောက်ဟာ စွန့်ပစ်ခံရတယ်လို့ ခံစားခဲ့ရတယ်။ ညီအစ်ကိုညီအစ်မတချို့ ဘယ်လိုကူညီပေးခဲ့ကြသလဲ။ စင်သီယာ ဒီလိုပြောတယ်– “သတင်းကြားကြားချင်း ၄၅ မိနစ်အတွင်းမှာပဲ ကျွန်မတို့အိမ်ကို သူတို့ရောက်လာကြတယ်။ သူတို့လည်း မျက်ရည်ကျတယ်။ ကျွန်မတို့ကို သူတို့ ဒီအတိုင်းပစ်မထားဘူး၊ အစပိုင်း နှစ်ရက်သုံးရက်လောက်မှာ ကျွန်မတို့နဲ့အတူ နေပေးကြတယ်။” စင်သီယာတို့သားအမိတွေဟာ စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေကြတယ်။ အသင်းတော်က ညီအစ်ကိုညီအစ်မတွေဟာ သူတို့ကို အိမ်မှာခေါ်ထားတယ်၊ စားစရာတွေ ပြင်ဆင်ပေးတယ်။ အဲဒီတွေ့ကြုံမှုက ယာကုပ်ကျမ်းမှာပါတဲ့ ဒီစကားတွေကို သတိရစေတယ်– “ညီအစ်ကို၊ ညီအစ်မတစ်ဦးဦးသည် အဝတ်အစားမရှိ၊ နေ့စဉ် စားစရာလည်း အလုံအလောက်မရှိလျှင်၊ သင်တို့တွင် တစ်စုံတစ်ဦးက ‘အေးဆေးစွာသွားကြလော့။ နွေးထွေးစွာနေ၍ ဝစွာစားကြလော့’ ဟုပြောလျက် သူတို့ခန္ဓာကိုယ် လိုအပ်ရာများကို မပေးဘဲနေလျှင် မည်သည့်အကျိုးရှိမည်နည်း။ ထို့ကြောင့် ယုံကြည်ခြင်းသည်လည်း အကျင့်မရှိလျှင် အသေဖြစ်၏။” (ယာ. ၂:၁၅-၁၇) ညီအစ်ကိုညီအစ်မတွေပေးတဲ့ အကူအညီက စင်သီယာတို့သားအမိတွေ တကယ်လိုအပ်နေတဲ့အကူအညီပဲ။ ခြောက်လကြာပြီးနောက်မှာ စင်သီယာတို့သားအမိတွေဟာ အရန်ရှေ့ဆောင်လုပ်နိုင်တဲ့အထိ အင်အားတွေရှိလာတယ်။—၂ ကော. ၁၂:၁၀

အားလုံး အကျိုးကျေးဇူးခံစားရ

၁၈၊ ၁၉။ (က) အားနည်းသူတွေကို ဘယ်လိုကူညီပေးနိုင်သလဲ။ (ခ) အားနည်းသူတွေကို ကျွန်ုပ်တို့ ကူညီပေးတဲ့အခါ ဘယ်သူတွေ အကျိုးခံစားရသလဲ။

၁၈ အချိန်အကြာကြီးဖျားနေတယ်ဆိုရင် ပြန်နေကောင်းလာဖို့ အချိန်လိုတယ်။ ညီအစ်ကိုညီအစ်မတစ်ယောက်ယောက် အမှားလုပ်မိတဲ့အခါ၊ ပြဿနာတစ်ခု ကြုံရတဲ့အခါမှာလည်း အခြေအနေပြန်ကောင်းလာဖို့ အချိန်လိုတယ်။ သူ ပြန်အားရှိလာဖို့ ကျမ်းစာလေ့လာရမယ်၊ ဆုတောင်းရမယ်၊ အစည်းအဝေးတွေ တက်ရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ အကူအညီလည်း လိုအပ်တယ်။ အဲဒီအချိန်အတွင်းမှာ သူ့ကို စိတ်ရှည်ဖို့လိုတယ်။ ကျွန်ုပ်တို့က သူ့ကို ချစ်တယ်၊ အသင်းတော်က သူ့ကိုလိုအပ်တယ်ဆိုတာ ဆက်ပြသဖို့လိုတယ်။—၂ ကော. ၈:၈

မေတ္တာရှိတဲ့ ကောင်းကင်ဖခင်က တစ်ယောက်စီကို တန်ဖိုးရှိသူအဖြစ် ရှုမြင်တယ်

၁၉ တခြားသူတွေကို ကူညီပေးတာက ကျွန်ုပ်တို့ကို ပျော်ရွှင်စေတယ်။ ကျွန်ုပ်တို့ကိုယ်တိုင် စာနာတတ်၊ စိတ်ရှည်တတ်လာတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ပဲ အကျိုးခံစားရတာ မဟုတ်ပါဘူး။ အသင်းတော်တစ်ခုလုံးလည်း ပိုပြီး ချစ်ချစ်ခင်ခင်ရှိလာမယ်။ အရေးကြီးဆုံးက ‘အားနည်းသူတွေကိုကူညီ’ တာဟာ ယေဟောဝါကိုတုပတာပဲ။ မေတ္တာရှိတဲ့ ကောင်းကင်ဖခင်က တစ်ယောက်စီကို တန်ဖိုးရှိသူအဖြစ် ရှုမြင်တယ်။—တ. ၂၀:၃၅

^ စာပိုဒ်၊ 4 စာအုပ်တစ်အုပ် (The Descent of Man) မှာ လူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအတော်များများဟာ မလိုအပ်ဘူးလို့ ချားလ်စ်ဒါဝင်က ပြောခဲ့တယ်။ ဆင့်ကဲဝါဒီနောက်တစ်ယောက်က အူအတက်နဲ့ သိုင်းမတ်စ်စတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း အတော်များများက မလိုအပ်တဲ့အရာတွေလို့ ပြောခဲ့တယ်။

^ စာပိုဒ်၊ 7 နာမည်ပြောင်းထား။