မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သင့်ဘုရားသခင် ယေဟောဝါကို ချစ်ပါ’

‘သင့်ဘုရားသခင် ယေဟောဝါကို ချစ်ပါ’

“သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံးချစ်လော့။”—မ. ၂၂:၃၇

၁။ ယေရှုနဲ့ သူ့ဖခင်တို့ နှစ်ဦးကြားမှာရှိတဲ့မေတ္တာ ဘာကြောင့် တိုးများလာသလဲ။

‘ငါက ခမည်းတော်ကိုချစ်တယ်၊’ ‘ခမည်းတော်က သားတော်ကိုချစ်တယ်’ လို့ပြောခဲ့တဲ့ ယေရှုရဲ့စကားတွေက သူတို့နှစ်ဦးရဲ့ ရင်းနှီးမှုကို ဖော်ပြတယ်။ (ယော. ၅:၂၀; ၁၄:၃၁) ယေရှု မြေကြီးကိုမလာခင်မှာ သူတို့ဟာ နှစ်သန်းပေါင်းများစွာ အတူတူ အလုပ်လုပ်ခဲ့ကြတယ်။ (သု. ၈:၃၀) အဲဒီအချိန်အတွင်းမှာ ယေရှုဟာ သူ့ဖခင်ရဲ့အရည်အသွေးတွေကို အများကြီးသင်ယူခဲ့ပြီး သူတို့နှစ်ဦး အချင်းချင်းချစ်တဲ့မေတ္တာလည်း တိုးများလာတယ်။

၂။ (က) တစ်ယောက်ယောက်ကို ချစ်တယ်ဆိုတာ ဘာကိုဆိုလိုသလဲ။ (ခ) ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

သင် တစ်ယောက်ယောက်ကို ချစ်တယ်ဆိုရင် သူ့ကို သင် နှစ်နှစ်ကာကာ နှစ်သက်မြတ်နိုးတယ်။ ဒါဝိဒ်က ‘ကျွန်တော့်အစွမ်းခွန်အားဖြစ်တဲ့ ယေဟောဝါ၊ ကိုယ်တော့်ကို ကျွန်တော်ချစ်မြတ်နိုးတယ်’ လို့သီဆိုခဲ့တယ်။ (ဆာ. ၁၈:၁ကဘ) ကျွန်ုပ်တို့လည်း ဘုရားသခင်နဲ့ပတ်သက်ပြီး အဲဒီလိုခံစားသင့်တယ်။ ကျွန်ုပ်တို့က ကိုယ်တော့်စကားကို နားထောင်မယ်ဆိုရင် ကိုယ်တော် ကျွန်ုပ်တို့ကို မေတ္တာပြမယ်လို့ ကတိပေးထားတယ်။ (တရားဟောရာ ၇:၁၂၊ ၁၃ ကိုဖတ်ပါ။) ဒါပေမဲ့ ဘုရားသခင်ကို မမြင်နိုင်ဘူးဆိုတော့ ကိုယ်တော့်ကို ဘယ်လိုချစ်နိုင်မလဲ။ ယေဟောဝါကိုချစ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ကိုယ်တော့်ကို ဘာကြောင့် ချစ်သင့်သလဲ။ ဘုရားသခင်ကို ချစ်တယ်ဆိုတာ ဘယ်လိုသက်သေပြနိုင်သလဲ။

ဘုရားသခင်ကိုချစ်နိုင်

၃၊ ၄။ ယေဟောဝါကို ဘာကြောင့် ချစ်လို့ရသလဲ။

‘ဘုရားသခင်က နာမ်ဝိညာဉ်ဖြစ်’ လို့ ကိုယ်တော့်ကို မမြင်နိုင်ဘူး။ (ယော. ၄:၂၄) ဒါပေမဲ့ ယေဟောဝါကို ချစ်လို့ရပါတယ်။ ကျမ်းစာမှာလည်း ကိုယ်တော့်ကိုချစ်ဖို့ ကျွန်ုပ်တို့ကို မိန့်မှာထားတယ်။ ဥပမာ၊ မောရှေက အစ္စရေးလူတွေကို ‘ယေဟောဝါဘုရားကို လှိုက်လှိုက်လှဲလှဲ၊ စိတ်ရောကိုယ်ပါ၊ အစွမ်းခွန်အားရှိသမျှ ချစ်ရမယ်’ လို့ပြောခဲ့တယ်။—တရား. ၆:၅ကဘ။

ဘုရားသခင်ကို ဘာကြောင့် ချစ်လို့ရသလဲ။ ကိုယ်တော့်ကိုဝတ်ပြုဖို့ လိုအပ်ချက်ထည့်ပြီး ကျွန်ုပ်တို့ကို ကိုယ်တော် ဖန်ဆင်းခဲ့တယ်၊ မေတ္တာပြနိုင်တဲ့အစွမ်းလည်း ပေးထားတယ်။ ယေဟောဝါကို ကျွန်ုပ်တို့သိလာတဲ့အခါ ကိုယ်တော့်ကိုချစ်တဲ့မေတ္တာ တိုးများလာတယ်၊ အဲဒါက ကျွန်ုပ်တို့ကို ပျော်ရွှင်စေတယ်။ ဒီအချက်က “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏” လို့ ယေရှုပြောခဲ့တဲ့စကားရဲ့အဓိပ္ပာယ်ပါပဲ။ (မ. ၅:၃) စာအုပ်တစ်အုပ် (Man Does Not Stand Alone) မှာ အေ စီ မောရစ်စန်က လူတွေဟာ အမြဲပဲ ဘုရားကို ရှာဖွေနေတယ်၊ ဘုရားကိုဝတ်ပြုချင်တယ်ဆိုတာ သိရတာ အံ့ဩစရာပဲလို့ပြောခဲ့တယ်။ အဲဒီစာရေးဆရာလိုပဲ လူသားတွေဟာ ဘုရားသခင်ကိုသိဖို့လိုအပ်ချက်နဲ့ မွေးဖွားလာတယ်ဆိုတာကို လူအများက သဘောပေါက်ကြတယ်။

၅။ ဘုရားသခင်ကို ရှာတွေ့နိုင်တယ်ဆိုတာ ဘယ်လိုသိရသလဲ။

ဘုရားသခင်ကို ရှာတွေ့နိုင်ပါသလား။ ရှာတွေ့နိုင်ပါတယ်၊ ကိုယ်တော်က ကျွန်ုပ်တို့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိချင်တယ်။ ရှေးအချိန်က အေသင်မြို့သားတွေကို တမန်တော်ပေါလု ပြောခဲ့တဲ့စကားမှာ ဒီအချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။ အဲဒီလူတွေက အသီနာဘုရားမကို ဝတ်ပြုဖို့ ဘုရားကျောင်းဆောင်တွေကို သွားရမယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ ပေါလုက ‘လောကနဲ့ လောကမှာရှိသမျှကို ဖန်ဆင်း’ တဲ့ စစ်မှန်တဲ့ဘုရားသခင်ကို ရှာတွေ့နိုင်တယ်လို့ ပြောခဲ့တယ်။ ဘုရားသခင်က ဘုရားကျောင်းဆောင်တွေမှာ မနေဘူးလို့ ပေါလုရှင်းပြခဲ့တယ်။ လူတွေ ဘယ်နေရာမှာပဲနေနေ ဘုရားသခင်ကို ရှာတွေ့နိုင်တယ်။ အဲဒီနောက်မှာ ပေါလုက “ဘုရားသခင်သည် ငါတို့တွင် မည်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်” လို့ ပြောခဲ့တယ်။ (တ. ၁၇:၂၄-၂၇) လူတွေ ဘုရားသခင်ကို ရှာတွေ့နိုင်ပါတယ်။ ခုနစ်သန်းခွဲကျော်ရှိတဲ့ ယေဟောဝါသက်သေတွေဟာ ကိုယ်တော့်ကို ရှာတွေ့ခဲ့ကြပြီး ကိုယ်တော့်ကို အမှန်တကယ်ချစ်ကြတယ်။

ဘုရားသခင်ကိုချစ်တယ်ဆိုတဲ့အဓိပ္ပာယ်

၆။ “အကြီးမြတ်ဆုံးနှင့် ပထမဆုံးပညတ်” က ဘာလဲ။

ယေဟောဝါကိုချစ်တဲ့ ကျွန်ုပ်တို့ရဲ့မေတ္တာ ဘယ်လောက် ခိုင်မြဲသင့်သလဲ။ ဖာရိရှဲတစ်ယောက်က ယေရှုကို “ဆရာ၊ ပညတ်ကျမ်းတွင် အဘယ်ပညတ်သည် အကြီးမြတ်ဆုံးဖြစ်သနည်း” လို့မေးတဲ့အခါ ယေရှုက “‘သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံးချစ်လော့။’ ဤပညတ်သည် အကြီးမြတ်ဆုံးနှင့် ပထမဆုံးပညတ်ဖြစ်၏” လို့ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။—မ. ၂၂:၃၄-၃၈

ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှနဲ့ တစ်သက်တာလုံး ချစ်ရမယ်လို့ ယေရှုပြောခဲ့

၇။ ဘုရားသခင်ကို (က) “စိတ်နှလုံးအကြွင်းမဲ့၊” (ခ) “ဉာဏ်စွမ်းရှိသမျှ၊” (ဂ) “တစ်သက်တာလုံး” ချစ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။

ဘုရားသခင်ကို “စိတ်နှလုံးအကြွင်းမဲ့၊” “ဉာဏ်စွမ်းရှိသမျှ၊” “တစ်သက်တာလုံး” ချစ်ရမယ်လို့ပြောတဲ့အခါ ယေရှု ဘာကိုဆိုလိုတာလဲ။ “စိတ်နှလုံးအကြွင်းမဲ့” ဆိုတာ ကျွန်ုပ်တို့ရဲ့ မှန်ကန်တဲ့ စိတ်လှုပ်ရှားမှု၊ အလိုဆန္ဒနဲ့ ခံစားချက်တွေကို ဆိုလိုတယ်။ “ဉာဏ်စွမ်းရှိသမျှ” ဆိုတာက ကျွန်ုပ်တို့စဉ်းစားတဲ့အရာတွေနဲ့ စဉ်းစားပုံကို ဆိုလိုတယ်။ “တစ်သက်တာလုံး” ဆိုတာက ကျွန်ုပ်တို့ရဲ့တစ်ဘဝလုံးနဲ့ ဘဝမှာလုပ်ဆောင်တာမှန်သမျှကို ဆိုလိုတယ်။ ဒီနည်းအားဖြင့် ကျွန်ုပ်တို့ဟာ ယေဟောဝါကို ခြွင်းချက်မရှိ အပြည့်အဝချစ်ရမယ်လို့ ယေရှုပြောခဲ့တယ်။

ယေဟောဝါကို ခြွင်းချက်မရှိ အပြည့်အဝချစ်ရမယ်

၈။ ဘုရားသခင်ကိုချစ်ကြောင်း ကျွန်ုပ်တို့ ဘယ်လိုတင်ပြကြသလဲ။

ကျမ်းစာမှန်မှန်လေ့လာတာ၊ ဘုရားတောင်းဆိုတာမှန်သမျှကို သေသေချာချာလုပ်ဆောင်တာ၊ တခြားသူတွေကို နိုင်ငံတော်အကြောင်း ထက်ထက်သန်သန် ဟောပြောတာက ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ တစ်သက်တာလုံးချစ်ကြောင်း ဖော်ပြတာဖြစ်တယ်။ (မ. ၂၄:၁၄; ရော. ၁၂:၁၊ ၂) အဲဒီအချက်တွေကို လုပ်ဆောင်တဲ့အခါ ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးက ပိုခိုင်မြဲလာမယ်။ (ယာ. ၄:၈) ဘုရားသခင်ကို ချစ်သင့်တဲ့အကြောင်းရင်းတွေကို စာရင်းပြုစုလို့ ကုန်နိုင်မှာမဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒီအထဲက တချို့ကို လေ့လာကြည့်ကြစို့။

ယေဟောဝါကို ဘာကြောင့်ချစ်သင့်

၉။ ယေဟောဝါကို ကျွန်ုပ်တို့ ဘာကြောင့် ချစ်တာလဲ။

ယေဟောဝါက ဖန်ဆင်းရှင်ဖြစ်တယ်၊ ကျွန်ုပ်တို့ လိုအပ်တာမှန်သမျှကို ပေးထားတယ်။ ပေါလုက “ငါတို့သည် ကိုယ်တော်ကြောင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်တည်လျက်ရှိကြ၏” လို့ပြောခဲ့တယ်။ (တ. ၁၇:၂၈) ယေဟောဝါက ကျွန်ုပ်တို့နေထိုင်ဖို့ လှပတဲ့ကမ္ဘာမြေကြီး ပေးထားတယ်။ (ဆာ. ၁၁၅:၁၆) အသက်ဆက်ရှင်သန်နိုင်ဖို့ စားစရာတွေနဲ့ တခြားအရာတွေလည်း ပေးထားတယ်။ ဒါကြောင့် ပေါလုက လုတ္တရမြို့ကလူတွေကို ရုပ်တုတွေ ကိုးကွယ်မယ့်အစား ‘အသက်ရှင်တဲ့ဘုရားသခင်’ ယေဟောဝါကို ကိုးကွယ်သင့်တယ်လို့ ပြောခဲ့တယ်။ ဘုရားသခင်နဲ့ပတ်သက်ပြီး ပေါလု ဒီလိုပြောခဲ့တယ်– “သင်တို့အပေါ် ကောင်းမှုပြုလျက် အစားအစာကို အလျှံပယ်ပေး၍ သင်တို့၏စိတ်နှလုံးကို ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံစေရန် မိုးကောင်းကင်မှ မိုးရွာစေ၍ အသီးအနှံတို့ကို သီးစေတတ်သောဥတုကို ပေးတော်မူ” တယ်။ (တ. ၁၄:၁၅-၁၇) ယေဟောဝါက ကျွန်ုပ်တို့လိုအပ်တာမှန်သမျှကို မေတ္တာနဲ့ ထောက်ပံ့ပေးထားတယ်။ ဒါက ကျွန်ုပ်တို့ရဲ့ ကြီးမြတ်တဲ့ဖန်ဆင်းရှင်ကို ချစ်ရတဲ့အကြောင်းရင်းတစ်ခုပါပဲ။—ဒေ. ၁၂:၁

၁၀။ ရွေးနုတ်ဖိုးနဲ့ပတ်သက်ပြီး သင်ဘယ်လိုခံစားရသလဲ။

၁၀ အာဒံဆီက အမွေရခဲ့တဲ့ အပြစ်နဲ့သေခြင်းကို ဘုရားသခင် ဖယ်ရှားပေးမယ်။ (ရော. ၅:၁၂) “ငါတို့သည် အပြစ်သားဖြစ်နေသေးစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူခြင်းဖြင့် ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူကြောင်း ပြတော်မူ၏” လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (ရော. ၅:၈) စစ်မှန်တဲ့နောင်တရပြီး ရွေးနုတ်ဖိုးကိုယုံကြည်ကြောင်း တင်ပြတယ်ဆိုရင် ဘုရားသခင်က ကျွန်ုပ်တို့ရဲ့အပြစ်တွေကို ခွင့်လွှတ်မှာဖြစ်တယ်။ ယေဟောဝါက ကျွန်ုပ်တို့ကိုချစ်လို့ သားတော်ကိုစေလွှတ်ပြီး အသေခံစေခဲ့တဲ့အတွက် ကိုယ်တော့်ကို တကယ်ကျေးဇူးတင်ကြပါတယ်။—ယော. ၃:၁၆

၁၁၊ ၁၂။ ယေဟောဝါက ကျွန်ုပ်တို့ကို ဘယ်မျှော်လင့်ချက်တွေ ပေးထားသလဲ။

၁၁ ယေဟောဝါက ကျွန်ုပ်တို့ကို ထာဝရအသက် မျှော်လင့်ချက်ပေးထားတယ်။ (ရော. ၁၅:၁၃) အဲဒီမျှော်လင့်ချက်က ယုံကြည်ခြင်းစမ်းသပ်မှုတွေ ကြုံရတဲ့အခါ ခံနိုင်ရည်ရှိစေတယ်။ သစ္စာရှိဘိသိက်ခံတွေက ကောင်းကင်မှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိကြတယ်။ (ဗျာ. ၂:၁၀) ကျန်တဲ့သစ္စာရှိသူတွေကတော့ မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ကြတယ်။ (လု. ၂၃:၄၃) ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်နဲ့ပတ်သက်ပြီး ဘယ်လိုခံစားရသလဲ။ အဲဒါက ကျွန်ုပ်တို့ကို ပျော်ရွှင်မှု၊ ငြိမ်သက်မှုခံစားရစေပြီး “ကောင်းမြတ်သော ဆုကျေးဇူး၊ ပြည့်ဝစုံလင်သောလက်ဆောင်ရှိသမျှ” ကိုပေးတဲ့ ဘုရားသခင်ကို ချစ်မြတ်နိုးစေတယ်။—ယာ. ၁:၁၇

ယေဟောဝါက သေသွားတဲ့သူတွေကို ပြန်ရှင်အောင် လုပ်ပေးဖို့ ကြံရွယ်ခဲ့တယ်၊ အဲဒီလို လုပ်ပေးမယ်လို့လည်း ကတိပေးထားတယ်၊ တကယ်ဖြစ်အောင်လုပ်ပေးပါလိမ့်မယ်

၁၂ ယေဟောဝါက ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ပေးထားတယ်။ (တ. ၂၄:၁၅) ကျွန်ုပ်တို့ ချစ်ရတဲ့သူတစ်ယောက်ယောက် ဆုံးပါးသွားတယ်ဆိုရင် အရမ်းဝမ်းနည်းကြတယ်။ ဒါပေမဲ့ ‘မျှော်လင့်ချက်မရှိတဲ့ တခြားသူတွေလို’ ဝမ်းမနည်းကြဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သေသွားတဲ့သူတွေကို အသက်ပြန်ရှင်အောင် လုပ်ပေးမယ်လို့ ယေဟောဝါ ကတိပေးထားလို့ပဲ။ (၁ သက်. ၄:၁၃) ယေဟောဝါဘုရားက ကျွန်ုပ်တို့ထက်ပိုပြီး အဲဒီအချိန်ကို စိတ်အားထက်သန်စွာ မျှော်လင့်နေပါတယ်။ ကိုယ်တော်က သန်းနဲ့ချီတဲ့သူတွေကို တကယ် အသက်ပြန်ရှင်စေချင်တယ်၊ အထူးသဖြင့် သစ္စာရှိသူတွေကို အသက်ပြန်ရှင်စေချင်တယ်။ (ယောဘ ၁၄:၁၅) ကလေးတွေ သူတို့မိဘတွေနဲ့အတူ ပြန်တွေ့ဆုံတာ၊ ရင်းနှီးတဲ့မိတ်ဆွေတွေ အချင်းချင်း ပြန်တွေ့ဆုံတာကို မြင်ရတဲ့အခါ ဘယ်လိုခံစားရမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ယေဟောဝါက သေသွားတဲ့သူတွေကို ပြန်ရှင်အောင် လုပ်ပေးဖို့ ကြံရွယ်ခဲ့တယ်၊ အဲဒီလိုလုပ်ပေးမယ်လို့လည်း ကတိပေးထားတယ်၊ တကယ်ဖြစ်အောင်လုပ်ပေးပါလိမ့်မယ်။ အံ့ဩစရာကောင်းတဲ့ ဒီမျှော်လင့်ချက်ကြောင့် ယေဟောဝါကို ကျွန်ုပ်တို့ အရမ်းချစ်ကြတယ်။

၁၃။ ကျွန်ုပ်တို့ကို ဘုရားသခင် တကယ်ဂရုစိုက်တယ်ဆိုတာ ဘယ်လိုသိရသလဲ။

၁၃ ယေဟောဝါ ကျွန်ုပ်တို့ကို တကယ်ဂရုစိုက်တယ်။ (ဆာလံ ၃၄:၆၊ ၁၈၊ ၁၉ နဲ့ ၁ ပေတရု ၅:၆၊ ၇ တို့ကိုဖတ်ပါ။) ယေဟောဝါက မိမိအပေါ် သစ္စာရှိသူတွေကိုကူညီဖို့ အမြဲအသင့်ရှိနေတယ်ဆိုတာ သိရလို့ အခုချိန်မှာတောင် လုံခြုံတယ်လို့ ခံစားရနိုင်ပါတယ်။ (ဆာ. ၇၉:၁၃) ဒါပေမဲ့ အနာဂတ်မှာ ဘုရားသခင် ဘယ်လောက် လုပ်ပေးမလဲဆိုတာ စဉ်းစားကြည့်ပါ။ ယေရှုက ဘုရားသခင့်နိုင်ငံတော်ရဲ့ ဘုရင်ဖြစ်တယ်၊ သူက မြေကြီးပေါ်မှာရှိတဲ့ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနဲ့ ဆိုးသွမ်းမှုတွေကို ဖယ်ရှားပစ်ပါလိမ့်မယ်။ အဲဒီနောက်မှာ ဘုရားသခင်က နာခံတဲ့လူသားအားလုံးကို ငြိမ်သက်မှုနဲ့ ဘဝမှာပျော်မွေ့ဖို့ လိုအပ်တာမှန်သမျှ ပေးပါလိမ့်မယ်။ (ဆာ. ၇၂:၇၊ ၁၂-၁၄၊ ၁၆) အဲဒီကတိတွေကို စဉ်းစားတွေးတောတဲ့အခါ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှနဲ့ တစ်သက်တာလုံးချစ်ဖို့ လှုံ့ဆော်ခံရပါတယ်။—လု. ၁၀:၂၇

ယေဟောဝါက မိမိအပေါ် သစ္စာရှိသူတွေကိုကူညီဖို့ အမြဲအသင့်ရှိနေတယ်ဆိုတာ သိရလို့ လုံခြုံတယ်လို့ ခံစားရနိုင်

၁၄။ ယေဟောဝါက ကျွန်ုပ်တို့ကို ဘယ်အခွင့်ထူးပေးထားသလဲ။

၁၄ ယေဟောဝါက ကျွန်ုပ်တို့ကို ကိုယ်တော့်သက်သေဖြစ်ဖို့ အခွင့်ထူးပေးထားတယ်။ (ဟေရှာ. ၄၃:၁၀-၁၂) ဘုရားသခင့်နိုင်ငံတော်ကို ထောက်ခံဖို့နဲ့ ဆင်းရဲခက်ခဲတဲ့လူတွေကို ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်အကြောင်း ပြောပြဖို့ အခွင့်အရေးပေးထားလို့ ယေဟောဝါကို ကျွန်ုပ်တို့ ချစ်ကြတယ်။ လူတွေကို သတင်းကောင်းဟောပြောဖို့ ကျွန်ုပ်တို့မှာ ယုံကြည်ခြင်းနဲ့ ယုံကြည်စိတ်ချမှုရှိတယ်။ ဘာကြောင့် ယုံကြည်စိတ်ချမှုရှိတာလဲ။ ကျွန်ုပ်တို့ဟောပြောတဲ့သတင်းက ဘုရားသခင့်စကားတော် သမ္မာကျမ်းစာထဲကဖြစ်ပြီး ကိုယ်တော့်ကတိတွေက အမြဲပြည့်စုံလို့ပဲ။ (ယောရှု ၂၁:၄၅; ၂၃:၁၄ ကိုဖတ်ပါ။) ယေဟောဝါကို ချစ်ရတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကိုယ်တော့်ကိုချစ်ကြောင်း ဘယ်လို သက်သေပြနိုင်သလဲ။

ဘုရားသခင်ကိုချစ်ကြောင်း ဘယ်လိုသက်သေပြနိုင်သလဲ

၁၅။ ကျမ်းစာကိုလေ့လာပြီး လက်တွေ့ကျင့်သုံးတာက ဘယ်လို အကူအညီဖြစ်စေနိုင်သလဲ။

၁၅ ကျမ်းစာကို မှန်မှန်လေ့လာပြီး လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ဖြစ်တယ်။ အဲဒီလိုလုပ်တာက ယေဟောဝါကိုချစ်တယ်၊ ကိုယ်တော့်လမ်းပြမှု ခံယူလိုတယ်ဆိုတာ ဖော်ပြတာဖြစ်တယ်။ (ဆာ. ၁၁၉:၁၀၅) ဆင်းရဲဒုက္ခတွေကြုံတွေ့ရတဲ့အခါ ‘ကိုယ်တော်ဟာ ကျိုးပဲ့ကြေမွတဲ့စိတ်နှလုံးကို ပစ်ပယ်မှာမဟုတ်ဘူး။’ ‘ကိုယ်တော်ရဲ့ခိုင်မြဲတဲ့မေတ္တာက အမြဲထောက်မပေးတယ်။ ကျွန်တော့်ကို စိုးရိမ်စိတ်တွေ ဖိစီးနေတဲ့အခါ ကိုယ်တော်က နှစ်သိမ့်ပေးပြီး စိတ်သက်သာရာရစေတယ်’ ဆိုတဲ့ကတိတွေကနေ နှစ်သိမ့်မှု ခံစားရနိုင်ပါတယ်။ (ဆာ. ၅၁:၁၇ကဘ; ၉၄:၁၈၊ ၁၉၊ ကဘ) ယေဟောဝါနဲ့ယေရှုဟာ ဆင်းရဲဒုက္ခခံစားနေရသူအားလုံးအပေါ် ကရုဏာပြတယ်။ (ဟေရှာ. ၄၉:၁၃; မ. ၁၅:၃၂) ကျမ်းစာကိုလေ့လာတဲ့အခါ ကျွန်ုပ်တို့အပေါ်ထားတဲ့ ယေဟောဝါရဲ့မေတ္တာကို သိမြင်နိုင်ပါတယ်။ အဲဒါက ကိုယ်တော့်ကို ပိုပြီးချစ်မြတ်နိုးစေတယ်။

၁၆။ မှန်မှန်ဆုတောင်းတာက ကိုယ်တော့်ကိုပိုချစ်လာဖို့ ဘယ်လို အထောက်အကူပြုနိုင်သလဲ။

၁၆ ဘုရားသခင်ထံ မှန်မှန်ဆုတောင်းပါ။ ကျွန်ုပ်တို့က ဘုရားသခင်ဆီဆုတောင်းပြီး ဆုတောင်းချက်တွေကို ကိုယ်တော် ဖြေကြားပေးတယ်ဆိုတာ မြင်တွေ့ရတဲ့အခါ ကိုယ်တော့်ကို ပိုချစ်လာတယ်။ (ဆာ. ၆၅:၂) ဥပမာအနေနဲ့ ကျွန်ုပ်တို့မခံနိုင်တဲ့ သွေးဆောင်မှုတွေကိုခံဖို့ ကိုယ်တော် ခွင့်မပြုဘူးဆိုတာ ကြုံတွေ့ခံစားဖူးမှာပါ။ (၁ ကော. ၁၀:၁၃) ကျွန်ုပ်တို့မှာ စိုးရိမ်ပူပန်စရာတွေရှိပြီး အကူအညီရဖို့ ကိုယ်တော့်ထံ ထက်ထက်သန်သန် ဆုတောင်းတယ်ဆိုရင် “ဘုရားသခင်၏ငြိမ်သက်ခြင်း” ကို ခံစားရမှာဖြစ်တယ်။ အဲဒါက ယေဟောဝါပဲ ပေးနိုင်တဲ့ စိတ်ငြိမ်သက်မှုဖြစ်တယ်။ (ဖိ. ၄:၆၊ ၇) တစ်ခါတလေ ကျွန်ုပ်တို့လည်း နေဟမိလိုပဲ အသံတိတ်ဆုတောင်းနိုင်တယ်၊ အဲဒီဆုတောင်းချက်ကို ယေဟောဝါ အဖြေပေးတယ်ဆိုတာ နောက်ပိုင်းမှာ သိလာရတယ်။ (နေ. ၂:၁-၆) မှန်မှန်ဆုတောင်းပြီး ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေကြားပေးတယ်ဆိုတာ သိလာတဲ့အခါ ကိုယ်တော့်ကို ကျွန်ုပ်တို့ ပိုချစ်လာတယ်။ ယုံကြည်ခြင်း စမ်းသပ်ခံရတဲ့အခါ ဆက်ခံရပ်နိုင်ဖို့ ယေဟောဝါ ကူညီပေးမယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်စိတ်ချတယ်။—ရော. ၁၂:၁၂

၁၇။ ဘုရားသခင်ကိုချစ်တယ်ဆိုရင် စည်းဝေးတွေတက်တာကို ဘယ်လိုသဘောထားမလဲ။

၁၇ ပတ်စဉ်စည်းဝေးတွေ၊ အထူးနဲ့တိုက်နယ်စည်းဝေးတွေ၊ ခရိုင်စည်းဝေးတွေကို မှန်မှန်တက်ပါ။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အစ္စရေးလူတွေဟာ ယေဟောဝါအကြောင်း နားထောင်ပြီး သင်ယူဖို့ မှန်မှန်စုဝေးခဲ့ကြတယ်၊ အဲဒါမှ ကိုယ်တော့်ကို ကြည်ညိုလေးမြတ်မှုနဲ့ ဝတ်ပြုကိုးကွယ်ပြီး ကိုယ်တော့်ပညတ်တွေကို လိုက်နာနိုင်မှာဖြစ်တယ်။ (တရား. ၃၁:၁၂) ကျွန်ုပ်တို့က ယေဟောဝါကို တကယ်ချစ်တယ်ဆိုရင် စည်းဝေးတွေကို မှန်မှန်တက်မှာဖြစ်တယ်။ (၁ ယောဟန် ၅:၃ ကိုဖတ်ပါ။) ဘယ်အရာကြောင့်မှ စည်းဝေးတက်တာကို ပေါ့ပေါ့တန်တန် သဘောမထားမိပါစေနဲ့။ အမှန်တရားကို စလေ့လာတုန်းက ယေဟောဝါအပေါ်ထားရှိခဲ့တဲ့ မေတ္တာကို ကျွန်ုပ်တို့ ဘယ်တော့မှ မပျောက်ဆုံးစေသင့်ဘူး။—ဗျာ. ၂:၄

၁၈။ ဘုရားသခင်ကိုချစ်တဲ့မေတ္တာက ကျွန်ုပ်တို့ကို ဘာလုပ်ဖို့ လှုံ့ဆော်ပေးသလဲ။

၁၈ တခြားသူတွေကို အမှန်တရားအကြောင်း ထက်ထက်သန်သန် ပြောပြပါ။ (ဂလ. ၂:၅) ဘုရားသခင်ကိုချစ်တဲ့မေတ္တာက တခြားသူတွေကို ဘုရားသခင့်နိုင်ငံတော်အကြောင်း ပြောဖို့ လှုံ့ဆော်ပေးပါတယ်။ ဘုရားသခင့်နိုင်ငံတော်ဘုရင် ယေရှုဟာ အာမဂေဒုန်မှာ ယေဟောဝါရဲ့အုပ်ချုပ်ပိုင်ခွင့်အတွက် တိုက်ခိုက်ပါလိမ့်မယ်။ (ဆာ. ၄၅:၄; ဗျာ. ၁၆:၁၄၊ ၁၆) ဘုရားသခင့်မေတ္တာ၊ ကမ္ဘာသစ်နဲ့ပတ်သက်တဲ့ ကိုယ်တော့်ကတိတော်အကြောင်း တခြားသူတွေသိအောင် သင်ပေးရတာက ကျွန်ုပ်တို့ကို ပျော်ရွှင်စေပါတယ်။—မ. ၂၈:၁၉၊ ၂၀

၁၉။ အသင်းတော်အကြီးအကဲတွေကို ဘာကြောင့် လေးမြတ်သင့်သလဲ။

၁၉ အသင်းတော်အကြီးအကဲတွေကို လေးမြတ်ကြောင်း တင်ပြပါ။ (တ. ၂၀:၂၈) ယေဟောဝါက ကျွန်ုပ်တို့ရဲ့အကောင်းဆုံးအကျိုးကို အမြဲလိုလားတယ်၊ အဲဒါကြောင့် ခရစ်ယာန်အကြီးအကဲတွေကို ခန့်အပ်ပေးထားတယ်။ အကြီးအကဲတွေက ‘လေကွယ်ရာအရပ်လို၊ မိုးသက်မုန်တိုင်းကနေ ပုန်းခိုရာအရပ်လို၊ ရေမရှိတဲ့ပြည်မှာစီးဆင်းတဲ့ စမ်းချောင်းတွေလို၊ ခြောက်သွေ့တဲ့ပြည်မှာရှိတဲ့ ကျောက်ဆောင်ကြီးရဲ့အရိပ်လို’ ပါပဲ။ (ဟေရှာ. ၃၂:၁၊ ၂ကဘ) လေပြင်းတိုက်နေချိန် ဒါမှမဟုတ် မိုးသက်မုန်တိုင်းကျနေချိန်၊ နေပူတဲ့အချိန်မှာ ခိုနားစရာနေရာတစ်ခု ရှာတွေ့တယ်ဆိုရင် ဘယ်လိုခံစားရတယ်ဆိုတာ စဉ်းစားကြည့်ပါ။ အဲဒီလိုပဲ ဘဝပြဿနာတွေကြားမှာ ယေဟောဝါကို ဆက်အမှုဆောင်နိုင်ဖို့ ကျွန်ုပ်တို့ လိုအပ်တဲ့အကူအညီနဲ့ အားပေးမှုတွေကို အကြီးအကဲတွေက ပေးတယ်။ အကြီးအကဲတွေကို ကျွန်ုပ်တို့ ဘာကြောင့် နာခံကြသလဲ။ အကြောင်းကတော့ အဲဒီ “လူ့အသွင်ဆု” တွေကိုလေးမြတ်ကြပြီး ယေဟောဝါနဲ့ အသင်းတော်ရဲ့ဦးခေါင်း ခရစ်တော်ကို ချစ်လို့ပါပဲ။—ဧ. ၄:၈; ၅:၂၃; ဟေဗြဲ ၁၃:၁၇

ကျွန်ုပ်တို့ပြောတာတွေကိုနားထောင်ပေးပြီး ဂရုစိုက်တဲ့ အကြီးအကဲတွေကို ယေဟောဝါပေးထား (အပိုဒ် ၁၉ ကိုကြည့်ပါ)

ဘုရားသခင်ကိုချစ်တဲ့မေတ္တာ တိုးပွားစေပါ

၂၀။ ဘုရားသခင်ကို ချစ်တယ်ဆိုရင် သင် ဘာလုပ်မလဲ။

၂၀ ယေဟောဝါက ကျွန်ုပ်တို့ကို ‘ပြည့်ဝစုံလင်တဲ့တရား’ ပေးထားတယ်၊ အဲဒါက ကျွန်ုပ်တို့လုပ်ရမယ့်အရာမှန်သမျှကို ပြောပြပေးတယ်။ (ယာကုပ် ၁:၂၂–၂၅ ကိုဖတ်ပါ။) ယေဟောဝါနဲ့ သင့်ရဲ့ဆက်ဆံရေးကို ခိုင်ခံ့စေချင်တယ်ဆိုရင် တရားစကားကို နားထောင်ရုံထက်မက လိုတယ်။ (ဆာ. ၁၉:၇-၁၁) သင်ယူခဲ့တာတွေကို လက်တွေ့ကျင့်သုံးဖို့လိုတယ်။ ဥပမာ၊ သင်က ဘုရားသခင်ကိုချစ်တဲ့အတွက်ကြောင့် တခြားသူတွေကို ကိုယ်တော့်အကြောင်းပြောပြမယ်၊ စည်းဝေးတွေမှာ ပါဝင်ဖြေဆိုမှာဖြစ်တယ်။

ယေဟောဝါနဲ့ သင့်ရဲ့ဆက်ဆံရေးကို ခိုင်ခံ့စေချင်တယ်ဆိုရင် သင်ယူခဲ့တာတွေကို လက်တွေ့ ကျင့်သုံးဖို့လိုတယ်

၂၁။ ထက်ထက်သန်သန်တောင်းတဲ့ ဆုတောင်းချက်တွေကို ဘာနဲ့နှိုင်းယှဉ်နိုင်သလဲ။

၂၁ ယေဟောဝါကို ကျွန်ုပ်တို့ချစ်တဲ့အတွက်ကြောင့် အမြဲတမ်း ဆုတောင်းကြတယ်။ ရှေးအစ္စရေးအချိန်တုန်းက ယဇ်ပုရောဟိတ်တွေဟာ နေ့တိုင်း နံ့သာပေါင်း မီးရှို့ပူဇော်ရတယ်။ ဘုရင်ဒါဝိဒ်ဟာ သူ့ရဲ့ဆုတောင်းချက်တွေကို နံ့သာပေါင်းနဲ့နှိုင်းယှဉ်ပြီး ဒီလို သီဆိုခဲ့တယ်– ‘ကျွန်တော့်ဆုတောင်းချက်တွေက ကိုယ်တော့် [ယေဟောဝါ] ရှေ့မှာ ပြင်ဆင်ထားတဲ့ အမွှေးနံ့သာလိုဖြစ်ပါစေ။ ကျွန်တော် လက်ဖြန့်ဆုတောင်းတာက ညနေပိုင်းကောက်နှံပူဇော်သကာလို ဖြစ်ပါစေ။’ (ဆာ. ၁၄၁:၂ကဘ; ထွ. ၃၀:၇၊ ၈) ဒါဝိဒ်ရဲ့ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်ခဲ့တယ်။ ကျွန်ုပ်တို့က နှိမ့်ချမှု၊ စိတ်ထက်သန်မှု၊ ကျေးဇူးတင်လေးမြတ်မှုနဲ့ ဆုတောင်းတယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကလည်း နံ့သာပေါင်းနဲ့တူပြီး ယေဟောဝါ နှစ်သက်ပါလိမ့်မယ်။—ဗျာ. ၅:၈

၂၂။ နောက်ဆောင်းပါးမှာ ဘာအကြောင်း လေ့လာမလဲ။

၂၂ ဘုရားသခင်ကို ချစ်ရမှာဖြစ်သလို လူသားချင်းကိုလည်း ချစ်ရမယ်လို့ ယေရှုပြောခဲ့တယ်။ (မ. ၂၂:၃၇-၃၉) ယေဟောဝါနဲ့ ကိုယ်တော့်လမ်းညွှန်ချက်တွေကို ချစ်မြတ်နိုးတယ်ဆိုရင် လူသားချင်းကိုချစ်ဖို့ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ အဲဒါက ဘာကိုဆိုလိုသလဲဆိုတာ နောက်ဆောင်းပါးမှာ လေ့လာပါမယ်။