မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့လူတွေ “မတရားသောအမှုကိုရှောင်ကြ”

ယေဟောဝါရဲ့လူတွေ “မတရားသောအမှုကိုရှောင်ကြ”

“ယေဟောဝါဘုရား၏နာမတော်ကို ခေါ်သောသူတိုင်း မတရားသောအမှုကို ရှောင်ကြစေ။” —၂ တိ. ၂:၁၉

၁။ ကျွန်ုပ်တို့ရဲ့ဝတ်ပြုရေးမှာ ဘယ်အရာက အထူးအရေးပါသလဲ။

ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါဆိုတဲ့နာမည်ကို အဆောက်အဦတွေနဲ့ ပြတိုက်တွေမှာရှိတဲ့ပစ္စည်းတွေမှာ ရေးထွင်းထားတာကို တွေ့နိုင်တယ်။ အဲဒီလိုနေရာတွေမှာ ဒီနာမည်ကို သင်တွေ့ရတဲ့အခါ အံ့သြမှာသေချာတယ်။ ယေဟောဝါသက်သေတွေဖြစ်တဲ့ ကျွန်ုပ်တို့အတွက် ဘုရားသခင့်နာမည်က ဝတ်ပြုရေးမှာ အထူးအရေးပါတယ်။ တခြားဘယ်သူတွေကမှ ဘုရားသခင့်နာမည်ကို ကျွန်ုပ်တို့လို အသုံးမပြုကြဘူး။ ကျွန်ုပ်တို့ဟာ ယေဟောဝါရဲ့သက်သေတွေ ဖြစ်ခွင့်ရထားကြတယ်၊ ဒါကြောင့် ကိုယ်တော့်ကိုဂုဏ်တင်ဖို့ တာဝန်ရထားတယ်။

၂။ ဘုရားသခင့်နာမည်ကို ခံယူခွင့်ရထားတဲ့အတွက်ကြောင့် ကျွန်ုပ်တို့မှာ ဘာတာဝန်ရှိသလဲ။

ဘုရားသခင့်မျက်နှာသာရဖို့အတွက် ကိုယ်တော့်နာမည်ကို သုံးရုံထက်မက လုပ်ဆောင်ဖို့လိုတယ်။ အဲဒီအပြင် ကိုယ်တော်ချမှတ်ထားတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို လိုက်နာပြီး ‘မကောင်းမှုကို ရှောင်’ ရမယ်။ (ဆာ. ၃၄:၁၄ကဘ) “ယေဟောဝါဘုရား၏နာမတော်ကို ခေါ်သောသူတိုင်း မတရားသောအမှုကို ရှောင်ကြစေ” လို့ ပေါလုရေးတဲ့အခါ အဲဒီတာဝန်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။ (၂ တိမောသေ ၂:၁၉ ကိုဖတ်ပါ။) ဒါဆိုရင် ဘုရားသခင့်လူမျိုးဖြစ်တဲ့ကျွန်ုပ်တို့ဟာ ဘယ်လိုနည်းနဲ့ “မတရားသောအမှုကိုရှောင်” နိုင်သလဲ။

ဆိုးညစ်မှုကို ရှောင်ပါ

၃၊ ၄။ တချို့သူတွေအတွက် ဘယ်စကားတွေက နားလည်ရခက်နိုင်သလဲ၊ ဘာကြောင့်လဲ။

၂ တိမောသေ ၂:၁၉ မှာ ပေါလုက “ဘုရားသခင်၏ခိုင်ခံ့သောတိုက်မြစ်” အကြောင်းပြောခဲ့တယ်။ အဲဒီတိုက်မြစ်မှာ အကြောင်းအရာနှစ်ခု ရေးထွင်းထားတယ်။ “ယေဟောဝါဘုရားသည် မိမိ၏လူတို့ကို သိကျွမ်းတော်မူ၏” ဆိုတဲ့ ပထမအကြောင်းအရာကို တောလည်ရာ ၁၆:၅ ကနေ ယူထားတာဖြစ်တယ်။ (ပြီးခဲ့တဲ့ဆောင်းပါးကိုကြည့်ပါ။) ဒါပေမဲ့ “ယေဟောဝါဘုရား၏နာမတော်ကို ခေါ်သောသူတိုင်း မတရားသောအမှုကို ရှောင်ကြစေ” ဆိုတဲ့ ဒုတိယအကြောင်းအရာကို ဘယ်ကယူထားတာလဲ။ တချို့သူတွေအတွက် အဲဒါက နားလည်ရခက်တယ်။ ဘာကြောင့်လဲ။

အဲဒီစကားတွေကို ဟေဗြဲကျမ်းစောင်တွေရဲ့ တခြားနေရာကနေ ယူထားတယ်ဆိုတာကို ပေါလုရဲ့စကားတွေက ဖော်ပြတယ်။ ဒါပေမဲ့ အဲဒီစကားနဲ့ဆင်တူတဲ့ ကျမ်းချက်မရှိပုံပေါက်တယ်။ အဲဒါကြောင့် “ယေဟောဝါဘုရား၏နာမတော်ကို ခေါ်သောသူတိုင်း မတရားသောအမှုကို ရှောင်ကြစေ” လို့ တမန်တော်ပေါလုပြောတဲ့အခါ ဘာကိုရည်ညွှန်းနေတာလဲ။ ပေါလုပြောတဲ့ ပထမအကြောင်းအရာက ကောရရဲ့ပုန်ကန်မှုအကြောင်းဖော်ပြထားတဲ့ တောလည်ရာအခန်းကြီး ၁၆ ကနေ ယူထားတာဖြစ်တယ်။ ဒုတိယအကြောင်းအရာကလည်း အဲဒီအဖြစ်အပျက်ကိုပဲ ရည်ညွှန်းတာမဖြစ်နိုင်ဘူးလား။

၅–၇။ ၂ တိမောသေ ၂:၁၉ မှာ ပေါလုက မောရှေအချိန်မှာဖြစ်ပျက်ခဲ့တဲ့ ဘယ်အဖြစ်အပျက်ကို ရည်ညွှန်းနေတာလဲ။ (ဆောင်းပါးအစမှာပါတဲ့ရုပ်ပုံကို ကြည့်ပါ။)

ဒါသန်နဲ့အဘိရံဟာ ကောရ ဦးဆောင်တဲ့ပုန်ကန်မှုမှာ ပူးပေါင်းပါဝင်ခဲ့ကြတယ်။ (တော. ၁၆:၁-၅) သူတို့က မောရှေကို မရိုမသေလုပ်ပြီး ဘုရားသခင်ဆီကရထားတဲ့ မောရှေရဲ့အခွင့်အာဏာကို လက်အောက်မခံပဲ ငြင်းပယ်ခဲ့ကြတယ်။ အဲဒီပုန်ကန်သူတွေက အစ္စရေးလူတွေကြားထဲမှာရှိနေသေးလို့ အန္တရာယ်ရှိတယ်။ ယေဟောဝါက မိမိရဲ့ သစ္စာရှိဝတ်ပြုသူတွေကို မဖော်ထုတ်ခင်မှာ ရိုးရှင်းတဲ့အမိန့်တစ်ခုပေးခဲ့တယ်။

ဘုရားသခင်ကိုသစ္စာရှိသူတွေကတော့ အသက်ရှင်လွတ်မြောက်ခဲ့တယ်

ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘ယေဟောဝါဘုရားက မောရှေကို “ကောရ၊ ဒါသန်၊ အဘိရံတို့ရဲ့တဲအနားမှာ မနေကြနဲ့ဆိုပြီး လူတွေကိုပြောပါ” လို့အမိန့်ပေးတယ်။ အဲဒီနောက် မောရှေက အစ္စရေးအကြီးအကဲတွေနဲ့အတူ ဒါသန်၊ အဘိရံဆီ သွားတယ်။ ပြီးတော့ လူတွေကို “ဒီလူဆိုးတွေရဲ့အပြစ်ကြောင့် ခင်ဗျားတို့ပါ ဖျက်ဆီးမခံရအောင် သူတို့ရဲ့တဲအနားမှာ မနေကြနဲ့။ သူတို့ရဲ့ပစ္စည်းတစ်ခုကိုမှ မထိကြနဲ့” ဆိုပြီး ပြောတယ်။ လူတွေလည်း ကောရ၊ ဒါသန်၊ အဘိရံတို့ရဲ့ တဲအနားကနေ ချက်ချင်းထွက်သွားတယ်။’ (တော. ၁၆:၂၃-၂၇ကဘ) အဲဒီနောက်မှာ ယေဟောဝါက ပုန်ကန်သူအားလုံးကို ဖျက်ဆီးပစ်လိုက်တယ်။ ဘုရားသခင်ကိုသစ္စာရှိသူတွေကတော့ အသက်ရှင်လွတ်မြောက်ခဲ့တယ်။ ဘာကြောင့်လဲ။ သူတို့က ပုန်ကန်သူတွေရဲ့အနားမှာ မနေခြင်းအားဖြင့် “မတရားသောအမှုကိုရှောင်” လို့ပဲ။

“ယေဟောဝါဘုရားသည် မိမိ၏လူတို့ကိုသိကျွမ်းတော်မူ၏” လို့ ပေါလုရေးတဲ့အခါမှာ တောလည်ရာ ၁၆:၅ ကို ကိုးကားနေတာဖြစ်တယ်။ ပြီးတဲ့နောက် “ယေဟောဝါဘုရား၏နာမတော်ကို ခေါ်သောသူတိုင်း မတရားသောအမှုကိုရှောင်ကြစေ” လို့ရေးတဲ့အခါ တောလည်ရာ ၁၆:၅၊ ၂၃-၂၇ မှာပါတဲ့ အဖြစ်အပျက်ကို ရည်ညွှန်းတာဖြစ်နိုင်တယ်။ အဲဒါကြောင့် ၂ တိမောသေ ၂:၁၉ မှာပါတဲ့ အကြောင်းအရာနှစ်ခုစလုံးက အဖြစ်အပျက်တစ်ခုတည်းကိုပဲ ရည်ညွှန်းနေတာလို့ ကောက်ချက်ချနိုင်တယ်။ အဲဒီအကြောင်းအရာတွေကနေ ကျွန်ုပ်တို့ ဘာသိရှိရသလဲ။ ယေဟောဝါက လူတွေရဲ့နှလုံးကို မြင်တယ်။ ဘယ်သူက မိမိရဲ့သစ္စာရှိကျေးကျွန်ဖြစ်တယ်ဆိုတာ ကိုယ်တော်သိတယ်၊ သူတို့တွေကို ဆိုးညစ်သူတွေနဲ့ ဝေးဝေးနေစေချင်တယ်။

သစ္စာရှိသူတွေဟာ ဆိုးညစ်သူတွေနဲ့ ကင်းကင်းရှင်းရှင်းနေရမယ်

‘မိုက်မဲပြီး အဓိပ္ပာယ်မဲ့တဲ့ မေးခွန်းတွေမေးခြင်းကို ရှောင်ပါ’

၈။ ဘုရားသခင့်နာမည်ကိုအသုံးပြုပြီး အသင်းတော်ထဲမှာရှိနေတာအပြင် နောက်ထပ်ဘာလုပ်ဖို့ လိုသေးသလဲ။

ပေါလုဟာ မောရှေခေတ်က အဖြစ်အပျက်ကို ပြန်ပြောပြပြီး တိမောသေကို ယေဟောဝါနဲ့ သူ့ရဲ့ဆက်ဆံရေးကို ကာကွယ်ဖို့ သတိပေးခဲ့တယ်။ ခရစ်ယာန်တွေဟာ အသင်းတော်ထဲမှာရှိနေရုံနဲ့ မလုံလောက်ဘူး၊ မောရှေခေတ်က ဘုရားသခင့်သစ္စာရှိကျေးကျွန်တွေလိုပဲ ယေဟောဝါရဲ့နာမည်ကို အသုံးပြုရုံထက်မက လုပ်ဆောင်ဖို့လိုတယ်။ ဘုရားသခင့် သစ္စာရှိကျေးကျွန်အားလုံးဟာ “မတရားသောအမှုကို ရှောင်” ရမှာဖြစ်တယ်။ အဲဒါက တိမောသေအတွက် ဘာအဓိပ္ပာယ်ရှိသလဲ။ ပေါလုရဲ့အကြံပေးချက်ကနေ ကျွန်ုပ်တို့ ဘာသိရှိနိုင်သလဲ။

၉။ ‘မိုက်မဲပြီးအဓိပ္ပာယ်မဲ့တဲ့ မေးခွန်းတွေမေးခြင်း’ က အစောပိုင်းခရစ်ယာန်အသင်းတော်ကို ဘယ်လိုထိခိုက်ခဲ့သလဲ။

တိမောသေကိုရေးခဲ့တဲ့ ပေါလုရဲ့စာမှာ မတရားမှုကို ဘယ်လိုရှောင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး အကြံပေးခဲ့တယ်။ ဥပမာ၊ ပေါလုက တိမောသေကို ‘စကားလုံးတွေနဲ့ပတ်သက်ပြီး မငြင်းခုံ’ ဖို့နဲ့ “အချည်းနှီးသောစကားကို ရှောင်” ဖို့ပြောခဲ့တယ်။ (၂ တိမောသေ ၂:၁၄၊ ၁၆၊ ၂၃ ကိုဖတ်ပါ။) အဲဒီစကားတွေက ဘာကိုဆိုလိုသလဲ။ အသင်းတော်မှာရှိသူ တချို့က ဖောက်ပြန်တဲ့အယူဝါဒတွေ သင်ပေးနေတယ်။ တချို့ကျတော့ အငြင်းပွားမှုဖြစ်စေတဲ့ အယူအဆတွေကို လိုက်ဖြန့်နေကြတယ်။ အဲဒီသွန်သင်ချက်တွေထဲက တချို့ဟာ ကျမ်းစာသွန်သင်ချက်တွေနဲ့ တိုက်ရိုက်မဆန့်ကျင်ပေမဲ့ အသင်းတော်ရဲ့စည်းလုံးမှုကို အန္တရာယ်ပြုနေတယ်။ အဲဒါကြောင့် ပေါလုက တိမောသေကို ‘မိုက်မဲပြီးအဓိပ္ပာယ်မဲ့တဲ့ မေးခွန်းတွေမေးခြင်းကို ရှောင်ပါ’ လို့ တိုက်တွန်းခဲ့တယ်။

၁၀။ အယူဖောက်ပြန်မှုနဲ့ ကြုံတွေ့ရတဲ့အခါ ကျွန်ုပ်တို့ ဘာလုပ်သင့်သလဲ။

၁၀ အခုချိန်မှာတော့ အသင်းတော်မှာ အယူဖောက်ပြန်သူတွေကို သိပ်မတွေ့ရဘူး။ ဒါပေမဲ့ ကျမ်းစာသွန်သင်ချက်နဲ့ဆန့်ကျင်တဲ့ သွန်သင်ချက်တွေနဲ့ ကြုံတွေ့ရနိုင်တယ်။ အဲဒီသွန်သင်ချက်တွေက ဘယ်နေရာကပဲလာပါစေ ပြတ်ပြတ်သားသား ငြင်းပယ်ရမယ်။ အယူဖောက်ပြန်သူတွေနဲ့ လူချင်းဖြစ်စေ၊ အင်တာနက်ကတစ်ဆင့်ဖြစ်စေ ဒါမှမဟုတ် တခြားတစ်နည်းနည်းနဲ့ အဆက်အသွယ်လုပ်တာက ပညာမဲ့ရာကျပါတယ်။ အဲဒီလိုလူတွေကို ကူညီပေးချင်လို့ အဆက်အသွယ်လုပ်တယ်ဆိုရင်တောင် အဲဒါက ဘုရားသခင့်စကားကို နားမထောင်တာပဲ။ ကိုယ်တော်က အယူဖောက်ပြန်သူတွေကို ငြင်းပယ်ဖို့၊ လုံးဝအဆက်အသွယ်မလုပ်ဖို့ အမိန့်ပေးထားတယ်။

အယူဖောက်ပြန်တဲ့ သွန်သင်ချက်တွေက ဘယ်နေရာကပဲလာပါစေ အဲဒါတွေကို ပြတ်ပြတ်သားသား ငြင်းပယ်ရမယ်

အယူဖောက်ပြန်သူတွေနဲ့ အဆက်အသွယ်မလုပ်ပါနဲ့ (အပိုဒ် ၁၀ ကိုကြည့်ပါ)

၁၁။ ဘယ်အရာက အသင်းတော်ကို ပြိုကွဲစေနိုင်သလဲ။ ခရစ်ယာန်အကြီးအကဲတွေ ဘယ်လိုနည်းနဲ့ ပုံနမူနာကောင်း ပြသနိုင်သလဲ။

၁၁ အယူဖောက်ပြန်မှုအပြင် အသင်းတော်ရဲ့ငြိမ်သက်မှုကို ပျက်ပြားစေနိုင်တဲ့အရာတွေ ရှိသေးတယ်။ ဥပမာ၊ ခရစ်ယာန်တစ်ယောက်အတွက် ဘယ်ဖျော်ဖြေရေးက သင့်တော်တယ်ဆိုတာနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိနိုင်တယ်။ အဲဒီအမြင်တွေကို တခြားသူတွေလက်ခံအောင် အတင်းအကျပ်လုပ်တာက ‘မိုက်မဲပြီး အဓိပ္ပာယ်မဲ့တဲ့’ အငြင်းအခုံတွေဖြစ်စေနိုင်တယ်။ ဒါပေမဲ့ အသင်းတော်မှာရှိတဲ့သူ တစ်ယောက်ယောက်က ဘုရားသခင်ချမှတ်ထားတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေနဲ့ ဆန့်ကျင်တဲ့ ဖျော်ဖြေရေးတွေကို လက်ခံဖို့ အားပေးနေတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အကြီးအကဲတွေက အငြင်းအခုံမလုပ်ချင်တာနဲ့ပဲ သည်းခံခွင့်ပြုနေမှာတော့မဟုတ်ဘူး။ (ဆာ. ၁၁:၅; ဧ. ၅:၃-၅) ဒါပေမဲ့ အကြီးအကဲတွေက မိမိတို့ရဲ့ကိုယ်ပိုင်အယူအဆတွေကို လက်ခံဖို့ အတင်းအကျပ် ဖိအားမပေးမိဖို့ သတိထားရမယ်။ သူတို့က ဒီကျမ်းစာသွန်သင်ချက်ကို လိုက်လျှောက်ကြတယ်– “သင်တို့စောင့်ရှောက်နေသော ဘုရားသခင်၏သိုးတော်စုကို၊ . . . ဘုရားသခင်၏ပိုင်ဆိုင်ရာကို အစိုးတရမပြုဘဲ သိုးတော်စုအတွက် ပုံနမူနာဖြစ်ကြလော့။”—၁ ပေ. ၅:၂၊ ၃; ၂ ကောရိန္သု ၁:၂၄ ကိုဖတ်ပါ။

၁၂၊ ၁၃။ (က) ယေဟောဝါသက်သေတွေက ဖျော်ဖြေရေးကို ဘယ်လိုရွေးချယ်ကြသလဲ။ ဘယ်ကျမ်းစာလမ်းညွှန်ချက်ကို လိုက်နာကြသလဲ။ (ခ) အပိုဒ် ၁၂ မှာဆွေးနွေးထားတဲ့ လမ်းညွှန်ချက်တွေက ကိုယ်ရေးကိုယ်တာကိစ္စအမျိုးမျိုးနဲ့ ဘယ်လိုသက်ဆိုင်သလဲ။

၁၂ ကျွန်ုပ်တို့ရဲ့အဖွဲ့အစည်းက ရုပ်ရှင်တွေ၊ ဗီဒီယိုဂိမ်းတွေ၊ စာအုပ်တွေ၊ သီချင်းတွေကို ဆန်းစစ်လေ့လာပြီး ဘယ်အရာကိုတော့ ရှောင်သင့်တယ်လို့ ဆုံးဖြတ်ပေးမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ လူတိုင်းက “အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်” ဖို့ ကိုယ့်ရဲ့သြတ္တပ္ပစိတ်ကို လေ့ကျင့်ထားရမယ်လို့ ကျမ်းစာမှာဖော်ပြထားလို့ပဲ။ (ဟေဗြဲ ၅:၁၄) ဖျော်ဖြေရေးနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချဖို့ ကျမ်းစာလမ်းညွှန်ချက်တွေက ကျွန်ုပ်တို့ကို ကူညီပေးနိုင်တယ်။ ဆုံးဖြတ်ချက်တွေချတဲ့အခါတိုင်းမှာ “သခင်လက်ခံနိုင်ဖွယ်သောအရာသည် အဘယ်အရာဖြစ်ကြောင်းကို ဆန်းစစ်လျက်နေ” ဖို့လိုတယ်။ (ဧ. ၅:၁၀) အိမ်ထောင်ဦးစီးတွေမှာ အခွင့်အာဏာရှိတယ်၊ ဒါကြောင့် မိသားစုမှာ ဘယ်ဖျော်ဖြေရေးမျိုးကို လက်မခံဘူးဆိုတာ သူဆုံးဖြတ်နိုင်တယ်လို့လည်း ကျမ်းစာမှာသွန်သင်ထားတယ်။ *၁ ကော. ၁၁:၃; ဧ. ၆:၁-၄

၁၃ အထက်မှာဖော်ပြထားတဲ့ ကျမ်းစာလမ်းညွှန်ချက်တွေက ဘဝရဲ့တခြားကဏ္ဍတွေမှာလည်း မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ဥပမာ၊ ဝတ်စားဖြီးလိမ်းပုံ၊ ကျန်းမာရေးနဲ့ အာဟာရ၊ တခြားကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ အယူအဆအမျိုးမျိုးရှိကြတယ်။ တချို့သူတွေဟာ အဲဒီကိစ္စတွေနဲ့ပတ်သက်တဲ့ မိမိတို့ရဲ့အမြင်ကို တခြားသူတွေလက်ခံအောင် အတင်းအကျပ် လုပ်ချင်ကြတယ်၊ အဲဒါက အငြင်းပွားမှုတွေ ဖြစ်စေနိုင်တယ်။ ဒါပေမဲ့ ကျမ်းစာလမ်းညွှန်ချက်တွေကို ချိုးဖောက်တာမဟုတ်ဘူးဆိုရင် ခရစ်ယာန်တစ်ယောက်စီအနေနဲ့ ဘာလုပ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး အငြင်းအခုံ မလုပ်သင့်ဘူး။ “သခင်၏ကျွန်သည် ခိုက်ရန်မဖြစ်ဘဲ လူခပ်သိမ်းနှင့်ဆက်ဆံရာတွင် သိမ်မွေ့သောသူ” ဖြစ်ရမယ်လို့ ကျမ်းစာမှာပြောထားတယ်။—၂ တိ. ၂:၂၄

မကောင်းတဲ့အပေါင်းအသင်းတွေကို ရှောင်ပါ

၁၄။ မကောင်းတဲ့အပေါင်းအသင်းတွေကို ရှောင်ဖို့လိုတယ်ဆိုတာ ပေါလု ဘယ်ဥပမာပေးပြီး ဖော်ပြခဲ့သလဲ။

၁၄ ဘုရားသခင့်ကျေးကျွန်တွေဟာ တခြားဘယ်နည်းတွေနဲ့ “မတရားသောအမှုကိုရှောင်” နိုင်သလဲ။ မကောင်းတဲ့အပေါင်းအသင်းတွေကို ရှောင်ခြင်းအားဖြင့် ဖြစ်တယ်။ အဲဒါကို ပေါလု ဘယ်လို ဥပမာပေးခဲ့သလဲ။ “ဘုရားသခင်၏ခိုင်ခံ့သောတိုက်မြစ်” အကြောင်း ပြောပြီးနောက်မှာ သူက “ကြီးမားသောအိမ်” အကြောင်း ရေးခဲ့တယ်။ အဲဒီအိမ်ကြီးထဲမှာ ‘ရွှေအိုး၊ ငွေအိုးများသာမက သစ်သားအိုး၊ မြေအိုးများလည်းရှိတယ်။ အိုးအချို့ကို အသရေရှိသောနေရာမှာ၊ အချို့ကို အသရေမရှိသောနေရာမှာ အသုံးပြုတယ်။’ (၂ တိ. ၂:၂၀၊ ၂၁) အဲဒီနောက်မှာ ပေါလုက ခရစ်ယာန်တွေကို ‘အသရေမရှိတဲ့အိုးတွေနဲ့ ကင်းရှင်းစွာနေ’ ဖို့ တိုက်တွန်းခဲ့တယ်။

၁၅၊ ၁၆။ “ကြီးမားသောအိမ်” ဥပမာကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

၁၅ ပေါလုရဲ့ဥပမာက ဘာအဓိပ္ပာယ်ရှိသလဲ။ “ကြီးမားသောအိမ်” ကို ခရစ်ယာန်အသင်းတော်နဲ့ နှိုင်းယှဉ်နိုင်တယ်။ အိမ်ထဲမှာရှိတဲ့ “အိုး” တွေကို အသင်းတော်သားတွေနဲ့ နှိုင်းယှဉ်နိုင်တယ်။ အိမ်ထဲမှာရှိတဲ့အသုံးအဆောင်တချို့က ညစ်ပတ်တယ်ဆိုရင် အန္တရာယ်ရှိနိုင်တယ်။ အဲဒီလိုဖြစ်တယ်ဆိုရင် အိမ်ရှင်က မသန့်ရှင်းတဲ့ပစ္စည်းတွေကို သန့်ရှင်းတဲ့ပစ္စည်းတွေနဲ့ သီးသန့်ခွဲထားမှာပဲ။ ဥပမာအနေနဲ့ ချက်ပြုတ်ရာမှာသုံးတဲ့ ပစ္စည်းတွေဖြစ်တယ်။

၁၆ ယနေ့အချိန်မှာရှိတဲ့ ဘုရားသခင့်ကျေးကျွန်တွေလည်း အဲဒီအတိုင်းပဲ။ ကျွန်ုပ်တို့ရဲ့ဘဝကဏ္ဍတိုင်းမှာ သန့်ရှင်းချင်တယ်ဆိုရင် အသင်းတော်ထဲမှာရှိနေပြီး ယေဟောဝါရဲ့လမ်းညွှန်ချက်တွေကို လိုက်နာဖို့ အမြဲလိုလို ငြင်းဆန်နေသူတွေနဲ့ သီးခြားနေရမယ်။ (၁ ကောရိန္သု ၁၅:၃၃ ကိုဖတ်ပါ။) အသင်းတော်အထဲမှာရှိတဲ့ ဘုရားသခင့်စကားနားမထောင်သူတွေကို ရှောင်ရမယ်ဆိုရင် အသင်းတော် အပြင်မှာရှိတဲ့သူတွေနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းတာကိုလည်း ရှောင်ရမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အသင်းတော်အပြင်မှာရှိသူတွေဟာ ငွေကိုတပ်မက်တယ်၊ မိဘစကားနားမထောင်ဘူး၊ သစ္စာမရှိဘူး၊ လိမ်ညာတယ်၊ အကြမ်းဖက်တယ်၊ မကောင်းတာကို နှစ်သက်တယ်၊ သစ္စာဖောက်တယ်၊ ဘုရားသခင်ထက် အပျော်အပါးကို ပိုနှစ်သက်ကြတယ်။—၂ တိ. ၃:၁-၅

အသင်းတော်အထဲမှာရှိတဲ့ ဘုရားသခင့်စကားနားမထောင်သူတွေကို ရှောင်ရမယ်ဆိုရင် အသင်းတော် အပြင်မှာရှိတဲ့သူတွေနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းတာကိုလည်း ရှောင်ရမှာဖြစ်တယ်

ကျွန်ုပ်တို့ရဲ့သစ္စာရှိမှုကို ယေဟောဝါကောင်းချီးပေး

၁၇။ “မတရားသောအမှုကိုရှောင်” ဖို့ သစ္စာရှိအစ္စရေးလူတွေ ဘယ်လိုလုပ်ခဲ့ကြသလဲ။

၁၇ ‘ကောရ၊ ဒါသန်၊ အဘိရံတို့ရဲ့တဲအနားမှာ မနေကြနဲ့’ လို့ ယေဟောဝါအမိန့်ပေးတဲ့အခါ သစ္စာရှိတဲ့အစ္စရေးလူတွေဟာ ‘ချက်ချင်းထွက်သွား’ ကြတယ်။ (တော. ၁၆:၂၄၊ ၂၇ကဘ) ပုန်ကန်သူတွေအနားကနေ ထွက်သွားဖို့ နှောင့်နှေးနေတာမျိုး၊ ဘာလုပ်ရမှန်းမသိဘဲ တွေဝေနေတာမျိုး မဖြစ်ခဲ့ကြဘူး။ သူတို့ ‘ချက်ချင်း ထွက်သွားကြတယ်။’ သစ္စာရှိသူတွေဟာ စိတ်နှလုံးအပြည့်အဝနဲ့နာခံဖို့ အသင့်ရှိခဲ့ကြတယ်။ ယေဟောဝါကိုထောက်ခံပြီး မတရားမှုကို ဆန့်ကျင်ကြောင်း သူတို့ ပြတ်ပြတ်သားသား ဖော်ပြခဲ့ကြတယ်။ ဒီအဖြစ်အပျက်ကနေ ကျွန်ုပ်တို့ ဘာသိရှိရသလဲ။

၁၈။ “လူငယ်များတွင်ဖြစ်ပေါ်တတ်သော အလိုဆန္ဒများကို ရှောင်ကြဉ်လော့” လို့ ပေါလုပြောတဲ့အခါ ဘာကိုဆိုလိုတာလဲ။

၁၈ ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးက တန်ဖိုးရှိတယ်။ အဲဒါကိုကာကွယ်ဖို့ ချက်ချင်းလုပ်ဆောင်ရမယ်။ အဲဒါက တိမောသေကို ပေါလုပြောတဲ့ “လူငယ်များတွင်ဖြစ်ပေါ်တတ်သော အလိုဆန္ဒများကို ရှောင်ကြဉ်လော့” ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ပဲ။ (၂ တိ. ၂:၂၂) တိမောသေရဲ့အသက်က ၃၀ ကျော်ဖြစ်နိုင်တယ်။ ဒါပေမဲ့ အရွယ်ရောက်ပြီးတဲ့လူကြီးတွေမှာတောင် “လူငယ်များတွင်ဖြစ်ပေါ်တတ်သော အလိုဆန္ဒများ” ရှိနိုင်တယ်။ အဲဒီလိုအလိုဆန္ဒတွေပေါ်လာတဲ့အခါ တိမောသေဟာ အဲဒီအရာတွေကို “ရှောင်ကြဉ်” ရမှာဖြစ်တယ်၊ နောက်တစ်မျိုးပြောရရင် “မတရားသောအမှုများကိုရှောင်” ရမယ်။ “သင်၏မျက်စိသည်လည်း သင့်ကိုတိုက်မိ၍လဲစေလျှင် ထုတ်၍လွှင့်ပစ်လော့” လို့ယေရှုပြောတဲ့အခါမှာလည်း အဲဒီအဓိပ္ပာယ်နဲ့ဆင်တူတယ်။ (မ. ၁၈:၉) ဒီအကြံပြုချက်ကိုလိုက်နာပြီး ဘုရားသခင်နဲ့ကိုယ့်ရဲ့ဆက်ဆံရေးကို ကာကွယ်ချင်တဲ့ခရစ်ယာန်တွေဟာ စိတ်ပိုင်းဖြတ်ပြီး ချက်ချင်း ပြတ်ပြတ်သားသား လုပ်ဆောင်ရမှာဖြစ်တယ်။

ကျွန်ုပ်တို့အားလုံးက ယေဟောဝါနဲ့ ကိုယ့်ရဲ့ဆက်ဆံရေးကို ဂရုစိုက်သင့်တယ်၊ ကာကွယ်သင့်တယ်

၁၉။ တချို့သူတွေ ယေဟောဝါနဲ့ မိမိတို့ရဲ့ဆက်ဆံရေးကို ဘယ်လိုကာကွယ်ခဲ့ကြသလဲ။

၁၉ ခရစ်ယာန်တချို့ဟာ ယေဟောဝါနဲ့ မိမိတို့ရဲ့ဆက်ဆံရေးကို ဘယ်လိုကာကွယ်ခဲ့ကြသလဲ။ တစ်ချိန်တုန်းက အရက်သောက်တာနဲ့ပတ်သက်ပြီး ပြဿနာရှိခဲ့သူတချို့ဟာ လုံးဝမသောက်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ကြတယ်။ တချို့သူတွေကျတော့ မှားယွင်းတဲ့ဆန္ဒတွေ ဖြစ်ပေါ်စေနိုင်တဲ့ ဖျော်ဖြေရေးပုံစံမှန်သမျှကို ရှောင်ကြတယ်။ (ဆာ. ၁၀၁:၃) ဥပမာ၊ ညီအစ်ကိုတစ်ယောက်ဟာ သက်သေခံမဖြစ်ခင်တုန်းက ပါတီပွဲတွေမှာ အကျင့်ပျက်သူတွေနဲ့ တွဲကရတာကို သဘောကျတယ်။ အမှန်တရားသိပြီးနောက်မှာတော့ လုံးဝမကတော့ဖို့၊ သက်သေခံတွေနဲ့ စုဆုံပေါင်းသင်းတဲ့အချိန်မှာတောင် မကတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ မသင့်တော်တဲ့အတွေးတွေ၊ ဆန္ဒတွေကို သူ ပြန်မပေါ်စေချင်ဘူး။ အဲဒီလိုပြောလို့ ခရစ်ယာန်အားလုံးက အရက်မသောက်ရဘူး၊ မကရဘူး၊ မမှားတဲ့ တခြားအရာတွေကို မလုပ်ရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့အားလုံးက ယေဟောဝါနဲ့ ကိုယ့်ရဲ့ဆက်ဆံရေးကို ဂရုစိုက်သင့်တယ်၊ ကာကွယ်သင့်တယ်။

၂၀။ “မတရားသောအမှုကို ရှောင်” ဖို့ အမြဲမလွယ်ပေမဲ့ ဘာက ကျွန်ုပ်တို့ကို စိတ်ချမ်းသာစေသလဲ။

၂၀ ယေဟောဝါသက်သေလို့ အခေါ်ခံရတာက အခွင့်ထူးတစ်ခုဖြစ်တယ်။ ဒီအခွင့်ထူးနဲ့အတူ တာဝန်လည်းလိုက်ပါလာတယ်။ ကျွန်ုပ်တို့က “မတရားသောအမှုကို ရှောင်” ရမယ်၊ ‘မကောင်းမှုကိုရှောင်’ ရမယ်။ (ဆာ. ၃၄:၁၄ကဘ) အဲဒီလိုလုပ်ဖို့ အမြဲမလွယ်ပါဘူး။ ဒါပေမဲ့ ယေဟောဝါက ကိုယ်တော့်စကားနားထောင်တဲ့ ‘မိမိရဲ့လူတွေကို’ အမြဲချစ်တယ်ဆိုတာသိရလို့ စိတ်ချမ်းသာစရာပါပဲ။—၂ တိ. ၂:၁၉; ၂ ရာဇဝင်ချုပ် ၁၆:၉က ကိုဖတ်ပါ။

^ စာပိုဒ်၊ 12 http://www.pr418.com/mya မှာရှိတဲ့ ကျွန်ုပ်တို့အကြောင်း > မေးတတ်တဲ့မေးခွန်းများ အောက်က “သင်တို့ဟာ တချို့သောရုပ်ရှင်၊ စာအုပ်နဲ့ သီချင်းတွေကို တားမြစ်ထားတာမျိုးရှိသလား” ဆိုတဲ့ဆောင်းပါးကို ကြည့်ပါ။