မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ထံ ယေဟောဝါ ချဉ်းကပ်ပုံ

ကျွန်ုပ်တို့ထံ ယေဟောဝါ ချဉ်းကပ်ပုံ

“ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။”—ယာ. ၄:၈

၁။ လူတွေမှာ ဘာရှိဖို့လိုသလဲ။ အဲဒီလိုအပ်ချက်ကို ဘယ်သူတွေ ဖြည့်ဆည်းပေးနိုင်သလဲ။

လူတိုင်းမှာ တခြားသူတွေနဲ့ ရင်းနှီးတယ်ဆိုတဲ့ ခံစားချက်ရှိဖို့လိုတယ်။ ကျွန်ုပ်တို့ကို တကယ်ချစ်ပြီး တန်ဖိုးထားနားလည်ပေးတဲ့ မိသားစုနဲ့ မိတ်ဆွေတွေရှိတာက ကျွန်ုပ်တို့ကို ပျော်ရွှင်စေတယ်။ ဒါပေမဲ့ ဖန်ဆင်းရှင် ယေဟောဝါနဲ့ အရင်းနှီးဆုံး ဆက်ဆံရေးရှိဖို့လိုတယ်။—ဒေ. ၁၂:၁

၂။ ယေဟောဝါ ဘာကတိပေးထားသလဲ၊ ဒါပေမဲ့ လူတွေက အဲဒီကတိကို ဘာကြောင့် မယုံကြည်ကြတာလဲ။

ယေဟောဝါက ကျွန်ုပ်တို့ကို သူ့ရဲ့မိတ်ဆွေဖြစ်ဖို့ ဖိတ်ခေါ်တယ်။ ကျွန်ုပ်တို့က ကိုယ်တော့်ထံချဉ်းကပ်တယ်ဆိုရင် ကိုယ်တော်ကလည်း ကျွန်ုပ်တို့ထံချဉ်းကပ်မယ်လို့ ကတိပေးထားတယ်။ (ယာ. ၄:၈) ဒီအချက်ကိုသိထားတာက ကျွန်ုပ်တို့ကို ပျော်ရွှင်စေတယ်။ ဒါပေမဲ့ လူများစွာဟာ ဘုရားသခင်က သူတို့နဲ့ရင်းနှီးချင်တယ်ဆိုတဲ့အချက်ကို မဖြစ်နိုင်ဘူးလို့ ယူဆကြတယ်။ သူတို့က ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ မထိုက်တန်ဘူး၊ ဒါမှမဟုတ် ကိုယ်တော့်ကို ချဉ်းကပ်ဖို့ အရမ်းဝေးကွာလွန်းတယ်လို့ ယူဆကြတယ်။ ယေဟောဝါကိုချဉ်းကပ်ဖို့ တကယ်ဖြစ်နိုင်သလား။

၃။ ယေဟောဝါနဲ့ပတ်သက်ပြီး ဘာကိုယုံကြည်စိတ်ချနိုင်သလဲ။

ယေဟောဝါကို သိကျွမ်းနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တော်ဟာ မိမိကိုရှာတဲ့သူ “မည်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်” လို့ပဲ။ (တမန်တော် ၁၇:၂၆၊ ၂၇ နဲ့ ဆာလံ ၁၄၅:၁၈ တို့ကို ဖတ်ပါ။) ကျွန်ုပ်တို့ဟာ မစုံလင်သူတွေဖြစ်ပေမဲ့ ယေဟောဝါက ကျွန်ုပ်တို့ကို သူ့ရဲ့ရင်းနှီးတဲ့မိတ်ဆွေအဖြစ် လက်ခံချင်တယ်၊ လက်ခံဖို့ အသင့်ရှိတယ်။ (ဟေရှာ. ၄၁:၈; ၅၅:၆) ဆာလံဆရာက ယေဟောဝါနဲ့ပတ်သက်ပြီး သူကိုယ်တိုင်တွေ့ကြုံရတာကို ဒီလိုရေးခဲ့တယ်– ‘အို ဆုတောင်းစကားကိုနားထောင်တဲ့အရှင်၊ ကိုယ်တော့်ဆီကို လူအမျိုးမျိုး လာကြပါလိမ့်မယ်။ ကိုယ်တော်ရွေးချယ်ပြီး အနားမှာခေါ်ထားတဲ့သူက ပျော်ရွှင်တယ်။’ (ဆာ. ၆၅:၂၊ကဘ) ယုဒဘုရင်အာသက ဘုရားသခင်ထံ ဘယ်လိုချဉ်းကပ်တယ်၊ ဘုရားသခင်က အာသထံ ဘယ်လိုချဉ်းကပ်တယ်ဆိုတာကို ကျမ်းစာမှာ လေ့လာကြည့်ကြစို့။ *

ရှေးခေတ်ပုံနမူနာတစ်ခုကနေ သင်ယူပါ

၄။ အာသဟာ ယုဒလူတွေအတွက် ဘယ်ပုံသက်သေပြခဲ့သလဲ။

အာသဟာ စစ်မှန်တဲ့ဝတ်ပြုရေးမှာ ထက်သန်တဲ့သူဖြစ်တယ်။ ဗိမာန်တော်ပြည့်တန်ဆာနဲ့ ရုပ်တုကိုးကွယ်မှုကို လူအများစု လိုက်စားနေချိန်မှာ သူ ဘုရင်ဖြစ်လာတယ်။ အဲဒီမကောင်းမှုတွေကို ဖယ်ရှားပစ်ခြင်းအားဖြင့် ယေဟောဝါကို သူ နာခံမှုပြခဲ့တယ်။ (၃ ရာ. ၁၅:၉-၁၃) အာသကိုယ်တိုင်က ယေဟောဝါထံချဉ်းကပ်ပြီး ကိုယ်တော့်ပညတ်တွေကို လိုက်နာခဲ့တယ်။ အဲဒါကြောင့် လူတွေကို ‘ဘိုးဘေးတွေရဲ့ ဘုရားသခင်ယေဟောဝါကို ရှာဖို့၊ ကိုယ်တော့်ဥပဒေနဲ့ ပညတ်ချက်ကို လိုက်နာဖို့’ ပြောနိုင်ခဲ့တယ်။ ယေဟောဝါက အာသအုပ်စိုးချိန် ပထမဆယ်နှစ်အတွင်းမှာ တကယ်ငြိမ်သက်အေးချမ်းအောင် လုပ်ပေးခဲ့တယ်။ ဒီငြိမ်သက်အေးချမ်းမှုက ယေဟောဝါဆီက လာတယ်ဆိုတာ အာသသိတယ်။ ‘ကိုယ်တော့်ကိုရှာတဲ့အတွက် ကိုယ်တော်က အရပ်ရပ်မှာ ငြိမ်သက်အေးချမ်းစေပြီ’ လို့ သူပြောခဲ့တယ်။ (၆ ရာ. ၁၄:၁-၇ကဘ) နောက်ပိုင်းမှာ ဘာဆက်ဖြစ်ခဲ့သလဲ။

၅။ ဘယ်အခြေအနေမှာ အာသက ယေဟောဝါကို ယုံကြည်အားကိုးကြောင်း ဖော်ပြခဲ့သလဲ၊ ဘာရလဒ်ရခဲ့သလဲ။

သင့်ကိုယ်သင် ဘုရင်အာသလို့ မြင်ယောင်ကြည့်ပါ။ အီသီယိုးပီးယားဘုရင်ဇေရဟာ စစ်သားတစ်သန်းနဲ့ စစ်မြင်းရထား ၃၀၀ ကို ဦးဆောင်ပြီး သင့်နိုင်ငံကိုတိုက်ခိုက်ဖို့ လာနေပြီ။ (၆ ရာ. ၁၄:၈-၁၀) သူ့ရဲ့စစ်သားက သင့်စစ်သားထက် နှစ်ဆနီးနီး ပိုများတယ်။ သင် ဘယ်လိုလုပ်မလဲ။ ဒီကျူးကျော်တိုက်ခိုက်မှုကို ဘုရားသခင် ဘာကြောင့်မတားဆီးပေးတာလဲလို့ မေးမလား။ သင့်ရဲ့ဉာဏ်ပညာကို အားကိုးမလား။ ဒါမှမဟုတ် ကာကွယ်စောင့်ရှောက်ပေးဖို့ ယေဟောဝါကို အားကိုးမလား။ အာသဟာ ယေဟောဝါနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ကိုယ်တော့်ကို ယုံကြည်အားကိုးတယ်ဆိုတာ ထင်ရှားဖော်ပြခဲ့တယ်။ အာသက ‘ကျွန်တော်တို့ရဲ့ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော့်ကိုအားကိုးတဲ့အတွက် ကျွန်တော်တို့ကို ကူညီပေးပါ’ လို့ ပြောခဲ့တယ်။ ယေဟောဝါ ဘယ်လိုအဖြေပေးခဲ့သလဲ။ ‘ယေဟောဝါက အီသီယိုးပီးယားလူတွေကို ၡုံးနိမ့်စေ’ ခဲ့တယ်။ ရန်သူတွေ တစ်ယောက်မကျန် သေကုန်တယ်။—၆ ရာ. ၁၄:၁၁-၁၃ကဘ။

ကိုယ်တော့်ကို စိတ်နှလုံးအပြည့်နဲ့ အမှုဆောင်ဖို့လိုတယ်၊ ဒါမှ ကိုယ်တော်နဲ့ ရင်းနှီးနိုင်မယ်

၆။ အာသကို ဘယ်လိုတုပသင့်သလဲ။

အာသဟာ ဘုရားသခင် သူ့ကိုကာကွယ်လမ်းပြမယ်လို့ ဘာကြောင့် အပြည့်အဝ ယုံကြည်စိတ်ချနိုင်တာလဲ။ ‘အာသဟာ ယေဟောဝါရဲ့အမြင်မှာ မှန်ကန်ရာကိုလုပ်တယ်။ ယေဟောဝါကို နှလုံးအပြည့်အဝနဲ့ ဝတ်ပြုခဲ့တယ်’ လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၃ ရာ. ၁၅:၁၁၊ ၁၄ကဘ) ကျွန်ုပ်တို့လည်း ကိုယ်တော့်ကို စိတ်နှလုံးအပြည့်နဲ့ အမှုဆောင်ဖို့လိုတယ်၊ ဒါမှ အခုကော အနာဂတ်မှာပါ ကိုယ်တော်နဲ့ ရင်းနှီးနိုင်မယ်။ ယေဟောဝါက သူ့ထံ ကျွန်ုပ်တို့ချဉ်းကပ်နိုင်ဖို့ အစပြုလုပ်ဆောင်ခဲ့တာ၊ ကိုယ်တော်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ ကူညီပေးတာတွေအတွက် ကျွန်ုပ်တို့ ကျေးဇူးတင်ကြတယ်။ ကိုယ်တော် အဲဒီလိုလုပ်ဆောင်ခဲ့တဲ့ နည်းနှစ်နည်းကို လေ့လာကြည့်ကြစို့။

ယေဟောဝါက သူ့ထံ ကျွန်ုပ်တို့ချဉ်းကပ်နိုင်စေဖို့ ရွေးနုတ်ဖိုးကိုအသုံးပြု

၇။ (က) ယေဟောဝါထံချဉ်းကပ်နိုင်ဖို့ ကိုယ်တော် ဘာလုပ်ပေးသလဲ။ (ခ) မိမိထံချဉ်းကပ်ဖို့ ဘုရားသခင်ဆွဲဆောင်တဲ့ အကြီးမြတ်ဆုံးနည်းက ဘာလဲ။

ယေဟောဝါက လူသားတွေအတွက် သာယာလှပတဲ့ကမ္ဘာမြေကြီးကို ဖန်ဆင်းပေးခြင်းအားဖြင့် လူသားတွေကို ချစ်တယ်ဆိုတာ ပြသခဲ့တယ်။ ကျွန်ုပ်တို့ကို နေ့စဉ် ဆက်အသက်ရှင်စေခြင်းအားဖြင့် ကိုယ်တော့်မေတ္တာကို ဆက်ပြသနေတယ်။ (တ. ၁၇:၂၈; ဗျာ. ၄:၁၁) ဝတ်ပြုရေးနဲ့ဆိုင်တဲ့လိုအပ်ရာတွေကို ပြင်ဆင်ပေးခြင်းအားဖြင့် သာ၍ကြီးမြတ်တဲ့နည်းနဲ့ မေတ္တာပြတယ်။ (လု. ၁၂:၄၂) ကိုယ်တော့်ဆီ ကျွန်ုပ်တို့ ဆုတောင်းတဲ့အခါ ကိုယ်တိုင်နားထောင်တယ်။ (၁ ယော. ၅:၁၄) ဒါပေမဲ့ ကိုယ်တော့်ထံချဉ်းကပ်ဖို့ ကျွန်ုပ်တို့ကို ဆွဲဆောင်တဲ့၊ မေတ္တာပြသတဲ့ အကြီးမြတ်ဆုံးနည်းကတော့ ရွေးနုတ်ဖိုး ပြင်ဆင်ပေးခြင်းဖြစ်တယ်။ (၁ ယောဟန် ၄:၉၊ ၁၀၊ ၁၉ ကိုဖတ်ပါ။) ယေဟောဝါက မိမိရဲ့တစ်ပါးတည်းသောသားတော်ကို စေလွှတ်ပြီး ကျွန်ုပ်တို့အတွက် အသက်စွန့်စေခဲ့တယ်။ ဒီပူဇော်သကာကပဲ ကျွန်ုပ်တို့ကို စုံလင်တဲ့လူသားတွေအနေနဲ့ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိစေနိုင်တယ်။—ယော. ၃:၁၆

ကိုယ်တော့်ဆီ ဆုတောင်းတဲ့အခါ ကိုယ်တိုင်နားထောင်တယ်

၈၊ ၉။ ယေဟောဝါရဲ့ရည်ရွယ်ချက်မှာ ယေရှုရဲ့အခန်းကဏ္ဍက ဘာလဲ။

ရွေးနုတ်ဖိုးကနေ လူသားအားလုံး အကျိုးခံစားရဖို့ ယေဟောဝါ ရည်ရွယ်တယ်။ အကျိုးခံစားရတဲ့လူတွေထဲမှာ ရွေးနုတ်ဖိုးမပေးခင်က အသက်ရှင်ခဲ့တဲ့လူတွေလည်း ပါတယ်။ ဘယ်လိုဖြစ်နိုင်ခဲ့သလဲ။ ကယ်တင်ရှင်နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်ကို ပြောတဲ့အခါ ယေဟောဝါက ရွေးနုတ်ဖိုးပေးပြီးတဲ့အလား သတ်မှတ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ လူသားတွေနဲ့ပတ်သက်တဲ့ ဒီရည်ရွယ်ချက် မပျက်မကွက်ပြည့်စုံလာမယ်ဆိုတာ ကိုယ်တော်သိလို့ပဲ။ (က. ၃:၁၅) နှစ်ရာနဲ့ချီကြာပြီးတဲ့နောက်မှာ တမန်တော်ပေါလုက “ခရစ်တော်ယေရှု၏ ရွေးနုတ်ဖိုးအားဖြင့်” အပြစ်ဖြေလွှတ်ခြင်းခံရလို့ ယေဟောဝါကို ကျေးဇူးတင်ခဲ့တယ်။ ဘုရားသခင်က “အတိတ်မှအပြစ်များကို ခွင့်လွှတ်” တယ်လို့ ပေါလုရှင်းပြခဲ့တယ်။ (ရော. ၃:၂၁-၂၆) ဒါကြောင့် ယေရှုမပါဘဲ ယေဟောဝါထံချဉ်းကပ်လို့ မရဘူး။

ယေဟောဝါ ရွေးနုတ်ဖိုးပြင်ဆင်ပေးတာက ကျွန်ုပ်တို့ ရသင့်ရထိုက်လို့မဟုတ်ဘူး၊ ယေဟောဝါနဲ့ ယေရှုက ကျွန်ုပ်တို့ကို ချစ်လို့ပဲ

ယေဟောဝါဟာ ယေရှုကတစ်ဆင့်သာ နှိမ့်ချတဲ့သူတွေ မိမိနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ ခွင့်ပြုတယ်။ ကျမ်းစာမှာ “ငါတို့သည် အပြစ်သားဖြစ်နေသေးစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူခြင်းဖြင့် ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူကြောင်း ပြတော်မူ၏” လို့ဖော်ပြထားတယ်။ (ရော. ၅:၆-၈) ယေဟောဝါ ရွေးနုတ်ဖိုးပြင်ဆင်ပေးတာက ကျွန်ုပ်တို့ ရသင့်ရထိုက်လို့မဟုတ်ဘူး၊ ယေဟောဝါနဲ့ ယေရှုက ကျွန်ုပ်တို့ကို ချစ်လို့ပဲ။ ယေရှုက “ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင် မည်သူမျှ ငါ့ထံသို့မလာနိုင်” လို့ပြောခဲ့တယ်။ “ငါ့ကိုအမှီမပြုဘဲ အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” လို့လည်း ပြောခဲ့တယ်။ (ယော. ၆:၄၄; ၁၄:၆) ယေဟောဝါက သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ယေရှုကတစ်ဆင့် လူတွေကို မိမိထံ ဆွဲဆောင်တယ်။ မိမိနဲ့ ကောင်းတဲ့ဆက်ဆံရေးရှိဖို့ လူတွေကို ကူညီတယ်၊ ဒီနည်းအားဖြင့် လူတွေဟာ ထာဝစဉ်အသက်ရှင်နိုင်မှာ ဖြစ်တယ်။ (ယုဒ ၂၀၊ ၂၁ ကိုဖတ်ပါ။) ကျွန်ုပ်တို့ ယေဟောဝါထံချဉ်းကပ်နိုင်ဖို့ ကိုယ်တော်အသုံးပြုတဲ့ ဒုတိယနည်းကို လေ့လာကြည့်ကြစို့။

ယေဟောဝါက သူ့ထံ ကျွန်ုပ်တို့ချဉ်းကပ်နိုင်စေဖို့ သမ္မာကျမ်းစာကိုအသုံးပြု

၁၀။ ဘုရားသခင်ထံချဉ်းကပ်ဖို့ သမ္မာကျမ်းစာက ဘယ်လိုကူညီပေးသလဲ။

၁၀ ဒီဆောင်းပါးမှာ ကျမ်းစောင် ၁၄ စောင်ထဲက ကျမ်းချက်တွေကို ကျွန်ုပ်တို့ ဖတ်ခဲ့ကြတယ်။ ယေဟောဝါက သန့်ရှင်းသောစွမ်းအားတော် လမ်းညွှန်မှုနဲ့ရေးသားထားတဲ့ ကျမ်းစာကိုသုံးပြီး သူ့ထံချဉ်းကပ်ဖို့ ကျွန်ုပ်တို့ကို ဆွဲဆောင်တယ်။ ကျမ်းစာမရှိဘူးဆိုရင် ဖန်ဆင်းရှင်ထံ ချဉ်းကပ်နိုင်တယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။ ကျမ်းစာမရှိဘူးဆိုရင် ရွေးနုတ်ဖိုးအကြောင်း၊ ယေဟောဝါထံချဉ်းကပ်ဖို့ ယေရှု ကူညီပေးတဲ့နည်းတွေအကြောင်း ကျွန်ုပ်တို့ ဘယ်လိုသိနိုင်မလဲ။ ယေဟောဝါရဲ့ နှစ်သက်စရာကောင်းတဲ့ အရည်အသွေးနဲ့ လူသားတွေနဲ့ပတ်သက်တဲ့ ကိုယ်တော့်ရည်ရွယ်ချက်ကို ကျမ်းစာကနေ သိရတယ်။ ဥပမာ၊ ထွက်မြောက်ရာ ၃၄:၆၊ ၇ (ကဘ) မှာ ယေဟောဝါက မိမိအကြောင်း ဒီလိုဖော်ပြခဲ့တယ်– ‘ကရုဏာရှိပြီး သနားစာနာတတ်တဲ့ဘုရား၊ ယေဟောဝါဟာ ဒေါသထွက်နှေးပြီး ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာတရားကြီးမားတဲ့ဘုရား၊ လူထောင်ပေါင်းများစွာကို ခိုင်မြဲတဲ့မေတ္တာပြတဲ့ဘုရား၊ အမှားတွေ၊ ကျူးလွန်မှုတွေ၊ အပြစ်တွေကို ခွင့်လွှတ်ပေးတဲ့ ဘုရားပဲ။’ အဲဒီလိုပုဂ္ဂိုလ်မျိုးထံ မချဉ်းကပ်ချင်တဲ့လူ ဘယ်သူရှိမလဲ။ ယေဟောဝါအကြောင်း ပိုလေ့လာသိရှိတဲ့အခါ ကိုယ်တော်ဟာ ကျွန်ုပ်တို့အတွက် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်လာမယ်၊ ကိုယ်တော်နဲ့ပိုရင်းနှီးလာမယ်ဆိုတာ ကိုယ်တော်သိတယ်။

သမ္မာကျမ်းစာကို ကျွန်ုပ်တို့ နားလည်နိုင်တဲ့နည်းနဲ့ ယေဟောဝါ ရေးသားစေခဲ့

၁၁။ ယေဟောဝါအကြောင်းလေ့လာဖို့ ဘာကြောင့်အရေးကြီးသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၁ ဘုရားသခင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေး ရှိနိုင်တယ်ဆိုတဲ့အကြောင်းကို ယေဟောဝါထံ ချဉ်းကပ်လော့ စာအုပ်နိဒါန်းမှာ ဒီလိုဖော်ပြထားတယ်– “မည်သူနှင့်မဆို မိတ်ဖွဲ့ရာတွင် ခင်မင်မှုနှောင်ကြိုးသည် ပုဂ္ဂိုလ်တစ်ဦးအား သိကျွမ်းခြင်း၊ သူ၏ထူးခြားသော စရိုက်လက္ခဏာများကို နှစ်သက်တန်ဖိုးထားခြင်းအပေါ် အခြေခံသည်။ သို့ဖြစ်၍ သမ္မာကျမ်းစာတွင် ဖော်ပြထားသော ဘုရားသခင့်အရည်အသွေးများနှင့် နည်းလမ်းတော်များကို လေ့လာခြင်းသည် ပဓာနကျသော ကိစ္စဖြစ်၏။” သမ္မာကျမ်းစာကို ကျွန်ုပ်တို့ နားလည်နိုင်တဲ့နည်းနဲ့ ယေဟောဝါ ရေးသားစေတဲ့အတွက် ကျေးဇူးတင်စရာပါပဲ။

၁၂။ ယေဟောဝါက ဘာကြောင့် ကျမ်းစာရေးဖို့ လူသားတွေကို အသုံးပြုတာလဲ။

၁၂ ယေဟောဝါက သမ္မာကျမ်းစာရေးဖို့ ကောင်းကင်တမန်တွေကို အသုံးပြုလို့ရတယ်။ ကောင်းကင်တမန်တွေက ကျွန်ုပ်တို့နဲ့ ကျွန်ုပ်တို့လုပ်ဆောင်တာတွေကို သိပ်စိတ်ဝင်စားတယ်။ (၁ ပေ. ၁:၁၂) သူတို့တွေက ယေဟောဝါရဲ့သတင်းတရားကို အကောင်းဆုံးနည်းနဲ့ ရေးသားနိုင်ပါတယ်။ ဒါပေမဲ့ ကောင်းကင်တမန်တွေက လူတွေနဲ့မတူဘူး။ သူတို့မှာ ကျွန်ုပ်တို့လို ခံစားချက်တွေ၊ လိုအပ်ရာတွေ၊ အားနည်းချက်တွေ မရှိဘူး။ ဒီအချက်ကို ယေဟောဝါသိတယ်၊ ဒါကြောင့် ကိုယ်တော်က ကျမ်းစာရေးသားဖို့ လူသားတွေကို ရွေးချယ်ခဲ့တယ်။ ကျမ်းစာထဲမှာ ကျမ်းရေးသူတွေနဲ့ တခြားသူတွေရဲ့ စိတ်ပျက်အားငယ်မှု၊ သံသယ၊ စိုးရိမ်ထိတ်လန့်မှုနဲ့ အမှားတွေကို ကျွန်ုပ်တို့ ဖတ်ရတဲ့အခါ သူတို့လိုပဲ ကျွန်ုပ်တို့လည်း ခံစားရတယ်။ သူတို့ရဲ့ ပျော်ရွှင်မှုအကြောင်းဖတ်ရတဲ့အခါ ကျွန်ုပ်တို့လည်း ပျော်ရွှင်ကြတယ်။ ပရောဖက်ဧလိယလိုပဲ ကျမ်းရေးသူအားလုံးဟာ “ငါတို့ကဲ့သို့ပင် ခံစားချက်ရှိသောသူ” တွေဖြစ်တယ်။—ယာ. ၅:၁၇

ယောနနဲ့ ပေတရုကို ယေဟောဝါဆက်ဆံပုံက ဘာကြောင့် သင့်ကို ယေဟောဝါထံ ဆွဲဆောင်သလဲ (အပိုဒ် ၁၃၊ ၁၅ ကိုကြည့်ပါ)

၁၃။ ယောနရဲ့ဆုတောင်းချက်က သင့်ကို ဘယ်လိုခံစားရစေသလဲ။

၁၃ ဥပမာ၊ ယေဟောဝါက ယောနကို တာဝန်တစ်ခုပေးတယ်၊ ဒါပေမဲ့ ယောန ထွက်ပြေးခဲ့တယ်။ ကောင်းကင်တမန်တစ်ပါးက ဒီအကြောင်းကို ရေးမယ်ဆိုရင် ယောနရဲ့ခံစားချက်ကို သူအပြည့်အဝ ဖော်ပြနိုင်မှာမဟုတ်ဘူး။ ပင်လယ်ထဲကနေပြီး ဘုရားသခင်ထံ ဆုတောင်းတာအပါအဝင် ယောနရဲ့အကြောင်း ရေးဖို့ ယောနကိုယ်တိုင်ကို ယေဟောဝါ ရွေးချယ်ခဲ့တာက ပိုကောင်းတယ်။ ယောနက ‘အသက်ယဲ့ယဲ့လေးပဲကျန်ချိန်မှာ ကျွန်တော်သတိရမိသူဟာ ယေဟောဝါပဲ’ လို့ ပြောခဲ့တယ်။—ယောန ၁:၃၊ ၁၀; ၂:၁-၉ကဘ။

၁၄။ ဟေရှာယ သူ့အကြောင်းရေးတာကို သင် ဘာကြောင့်နားလည်နိုင်သလဲ။

၁၄ ဟေရှာယကိုလည်း ကြည့်နိုင်ပါတယ်။ သူက ယေဟောဝါရဲ့ဘုန်းတော်အကြောင်း ရူပါရုံမြင်ရတဲ့အခါ သူဘယ်လောက်အပြစ်ကြီးတယ်ဆိုတာကို သိပြီး ဒီလိုပြောခဲ့တယ်– ‘ငါအဖြစ်ဆိုးကြုံရတော့မယ်။ ငါဟာ ညစ်ညူးတဲ့နှုတ်ခမ်းရှိပြီး ညစ်ညူးတဲ့နှုတ်ခမ်းရှိသူတွေကြားမှာ နေထိုင်ပေမဲ့ ဗိုလ်ခြေတို့ရဲ့အရှင်၊ ဘုရင်ယေဟောဝါကို မျက်စိနဲ့တပ်အပ်မြင်ရပြီဖြစ်လို့ သေရတော့မှာပဲ။’ (ဟေရှာ. ၆:၅ကဘ) ကောင်းကင်တမန်ဆိုရင် သူ့အကြောင်း ဒီလိုဘယ်တော့မှရေးနိုင်မှာ မဟုတ်ဘူး။ ဟေရှာယကတော့ ရေးနိုင်ခဲ့တယ်။ ကျွန်ုပ်တို့လည်း ဟေရှာယလို မစုံလင်သူတွေဖြစ်လို့ သူဘယ်လိုခံစားခဲ့ရတယ်ဆိုတာ ခန့်မှန်းကြည့်နိုင်တယ်။

၁၅၊ ၁၆။ (က) တခြားသူတွေရဲ့ခံစားချက်ကို ကျွန်ုပ်တို့ ဘာကြောင့် နားလည်နိုင်ပါသလဲ။ ဥပမာပေးပါ။ (ခ) ယေဟောဝါထံချဉ်းကပ်ဖို့ ဘာက ကူညီပေးမလဲ။

၁၅ ယာကုပ်က သူ့ကိုယ်သူ ဘုရားရဲ့ကရုဏာကို “မခံထိုက်” သူလို့ပြောတယ်၊ ပေတရုက သူ့ကိုယ်သူ “အပြစ်များသောသူ” လို့ပြောတယ်၊ ကောင်းကင်တမန်တွေက သူတို့ကိုယ်သူတို့ အဲဒီလို မပြောနိုင်ဘူး။ (က. ၃၂:၁၀; လု. ၅:၈) ယေရှုရဲ့တပည့်တွေ တစ်ခါတလေ “ကြောက်လန့်” သလို ကောင်းကင်တမန်တွေ မကြောက်လန့်ဘူး။ ကောင်းကင်တမန်တွေဟာ ပေါလုနဲ့ တခြားသူတွေလို နှိပ်စက်ခံရတဲ့အခါ သတင်းကောင်းဟောဖို့ ရဲစွမ်းသတ္တိပေးပါလို့ တောင်းခံစရာမလိုဘူး။ (ယော. ၆:၁၉; ၁ သက်. ၂:၂) ဘာကြောင့်လဲဆိုတော့ ကောင်းကင်တမန်တွေဟာ အဘက်ဘက်မှာ စုံလင်ပြည့်ဝပြီး လူတွေထက် ပိုခွန်အားရှိလို့ပဲ။ ယေဟောဝါက ကျွန်ုပ်တို့လို မစုံလင်တဲ့သူတွေကို ကျမ်းစာရေးဖို့ အသုံးပြုခဲ့တဲ့အတွက်ကြောင့် သူတို့ရဲ့ခံစားချက်တွေကို ကျွန်ုပ်တို့ နားလည်နိုင်တယ်။ သူတို့ရေးထားတာတွေကို ဖတ်လိုက်တဲ့အခါ ‘ဝမ်းမြောက်သောသူတို့နဲ့အတူ ဝမ်းမြောက်ပြီး ငိုကြွေးသောသူတို့နဲ့အတူ ငိုကြွေး’ နိုင်ကြတယ်။—ရော. ၁၂:၁၅

၁၆ ရှေးခေတ်က သစ္စာရှိကျေးကျွန်တွေကို ယေဟောဝါဆက်ဆံခဲ့ပုံကို တွေးတောခြင်းအားဖြင့် ယေဟောဝါနဲ့ပတ်သက်တဲ့ အကြောင်းအရာများစွာ သိရှိရပါလိမ့်မယ်။ မစုံလင်တဲ့လူသားတွေကို ကိုယ်တော် စိတ်ရှည်ရှည်၊ မေတ္တာပါပါ ဘယ်လိုချဉ်းကပ်တယ်ဆိုတာ မြင်တွေ့ရပါလိမ့်မယ်။ အဲဒီအခါ ယေဟောဝါကို ကောင်းကောင်းသိပြီး အလွန်ချစ်လာမယ်။ ရလဒ်အနေနဲ့ ကိုယ်တော့်ထံ ချဉ်းကပ်လာပါလိမ့်မယ်။—ဆာလံ ၂၅:၁၄ ကိုဖတ်ပါ။

ရှေးခေတ်က သစ္စာရှိကျေးကျွန်တွေကို ယေဟောဝါဆက်ဆံခဲ့ပုံကို တွေးတောခြင်း အားဖြင့် ယေဟောဝါနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သိရှိရပါလိမ့်မယ်

မပြတ်တောက်နိုင်တဲ့ နှောင်ကြိုးဖွဲ့ပါ

၁၇။ (က) အာဇရိက အာသကို ဘယ်ပညာရှိစကား ပြောခဲ့သလဲ။ (ခ) အာသဟာ အာဇရိရဲ့စကားကို ဘယ်လိုလျစ်လျူရှုခဲ့သလဲ၊ ဘာအကျိုးဆက် ရခဲ့သလဲ။

၁၇ ဘုရင်အာသဆီကနေ နောက်ထပ်သင်ယူနိုင်ပါသေးတယ်။ အီသီယိုးပီးယားစစ်တပ်ကို သူ အနိုင်ရပြီးတဲ့နောက်မှာ ပရောဖက်အာဇရိက သူ့ကို ဒီပညာရှိစကားတွေ ပြောခဲ့တယ်– ‘ကိုယ်တော့်ဘက်မှာ ခင်ဗျားတို့ရှိနေသရွေ့ ယေဟောဝါလည်း ခင်ဗျားတို့နဲ့အတူရှိလိမ့်မယ်။ ကိုယ်တော့်ကို ရှာဖွေမယ်ဆိုရင် အတွေ့ခံလိမ့်မယ်။ ကိုယ်တော့်ကို စွန့်သွားမယ်ဆိုရင်တော့ ကိုယ်တော်ကလည်း ခင်ဗျားတို့ကို စွန့်ပစ်လိမ့်မယ်။’ (၆ ရာ. ၁၅:၁၊ ၂ကဘ) ဒါပေမဲ့ နောက်ပိုင်းမှာ အာသဟာ ဒီပညာရှိစကားကို နားမထောင်ခဲ့ဘူး။ မြောက်ပိုင်းအစ္စရေးနိုင်ငံက ယုဒကို လာတိုက်တဲ့အခါ အာသက ယေဟောဝါဆီ အကူအညီမတောင်းဘဲ အယူမှားဘုရားတွေကို ကိုးကွယ်တဲ့ ဆီးရီးယားနဲ့ မဟာမိတ်ဖွဲ့ခဲ့တယ်။ ယေဟောဝါက သူ့ကို ပရောဖက်ဟာနန်ကတစ်ဆင့် ‘အခုကိစ္စမှာ မင်းကြီးက မိုက်မိုက်မဲမဲပြုမူခဲ့ပြီ။ ဒါကြောင့် အခုချိန်ကစပြီး စစ်မှုတွေရှိလာလိမ့်မယ်’ လို့ ပြောခဲ့တယ်။ (၆ ရာ. ၁၆:၁-၉ကဘ) ကျွန်ုပ်တို့အတွက် ဘာသင်ခန်းစာရှိသလဲ။

၁၈၊ ၁၉။ (က) ကျွန်ုပ်တို့က ယေဟောဝါထံ ချဉ်းကပ်မနေတော့ဘူးဆိုရင် ဘာလုပ်သင့်သလဲ။ (ခ) ယေဟောဝါထံ ဘယ်လိုဆက်ပြီး ချဉ်းကပ်နိုင်သလဲ။

၁၈ ကျွန်ုပ်တို့ဟာ ဘယ်တော့မှ ယေဟောဝါနဲ့ ဝေးဝေးမနေသင့်ဘူး။ အကယ်၍ ကျွန်ုပ်တို့က ယေဟောဝါထံ ချဉ်းကပ်မနေတော့ဘူးဆိုရင် ဟောရှေ ၁၂:၆ မှာပါတဲ့အတိုင်း ချက်ချင်းလုပ်ဆောင်ကြစို့။ အဲဒီကျမ်းချက်မှာ ဒီလိုပြောတယ်– “သင်၏ဘုရားသခင့်ထံတော်သို့ ပြန်လာလော့။ ကရုဏာတရား၊ ဖြောင့်မတ်ခြင်းတရားကို စောင့်ရှောက်၍ သင်၏ဘုရားသခင်ကို အစဉ်မပြတ်မျှော်လင့်လော့။” ရွေးနုတ်ဖိုးအကြောင်း စဉ်းစားတွေးတောပြီး ကျမ်းစာကို သေချာလေ့လာတယ်ဆိုရင် ယေဟောဝါနဲ့ နီးကပ်သည်ထက် ပိုနီးကပ်နိုင်ပါတယ်။—တရားဟောရာ ၁၃:၄ ကိုဖတ်ပါ။

၁၉ “အကျွန်ုပ်မူကား ဘုရားသခင့်ထံတော်သို့ချဉ်းကပ်၍ အကျိုးရှိပါ၏” ဆိုပြီး ဆာလံဆရာ ရေးခဲ့တယ်။ (ဆာ. ၇၃:၂၈) ကျွန်ုပ်တို့အတွက်လည်း အကျိုးရှိပါတယ်။ ယေဟောဝါနဲ့ပတ်သက်တဲ့ အကြောင်းအရာအသစ်တွေကို ဆက်လေ့လာဖို့ ပန်းတိုင်ထားကြစို့။ အဲဒီလိုလုပ်မယ်ဆိုရင် ကိုယ်တော့်ကို ပိုပိုပြီးချစ်လာပါလိမ့်မယ်။ ကျွန်ုပ်တို့ ယေဟောဝါထံချဉ်းကပ်တယ်ဆိုရင် ကိုယ်တော်ကလည်း အခုနဲ့ ထာဝစဉ် ကျွန်ုပ်တို့ထံချဉ်းကပ်ပါလိမ့်မယ်။

^ စာပိုဒ်၊ 3 သြဂုတ် ၁၅၊ ၂၀၁၂ ကင်းမျှော်စင်မှာပါတဲ့ “သင်တို့ကျင့်သည်အတိုင်း အကျိုးကို ခံရကြမည်” ဆိုတဲ့ အာသအကြောင်း ဆောင်းပါးကိုဖတ်ပါ။