မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘယ်နေရာမှာပဲရှိနေပါစေ ယေဟောဝါရဲ့အသံကို နားထောင်ပါ

ဘယ်နေရာမှာပဲရှိနေပါစေ ယေဟောဝါရဲ့အသံကို နားထောင်ပါ

“ဤမည်သောလမ်းသည်မှန်၏။ ‘ဤလမ်း၌သွားလော့’ ဟု သင့်နောက်၌ပြောသောစကားသံကို ကိုယ်နားနှင့်ကြားရလိမ့်မည်။”—ဟေရှာ. ၃၀:၂၁

၁၊ ၂။ ယေဟောဝါက မိမိရဲ့ကျေးကျွန်တွေကို ဘယ်လိုဆက်သွယ်သလဲ။

သမိုင်းတစ်လျှောက်မှာ ယေဟောဝါက မိမိရဲ့လူတွေကို လမ်းညွှန်ခဲ့တယ်။ ရှေးခေတ်ကဆိုရင် ရှေ့မှာဖြစ်မယ့်အရာကို ဖော်ပြဖို့ ဒါမှမဟုတ် သတ်သတ်မှတ်မှတ် တာဝန်တွေပေးဖို့ ကောင်းကင်တမန်တွေ၊ ရူပါရုံတွေ၊ အိမ်မက်တွေကို ကိုယ်တော် အသုံးပြုခဲ့တယ်။ (တော. ၇:၈၉; ယေဇ. ၁:၂; ဒံ. ၂:၁၉) တစ်ခါတလေမှာ ဘုရားသခင်က မိမိကို ကိုယ်စားပြုဖို့နဲ့ ကိုယ်တော့်လမ်းညွှန်ချက်ကို ပြောပြဖို့အတွက် လူသားတွေကို ရွေးချယ်တယ်။ ယေဟောဝါရဲ့စကားကို ဘယ်လိုနည်းနဲ့ပဲရရှိပါစေ ကိုယ်တော့်လမ်းညွှန်ချက်အတိုင်း လိုက်နာတဲ့လူတွေဟာ ကောင်းချီးခံစားခဲ့ရတယ်။

အခုချိန်မှာ ယေဟောဝါဟာ သမ္မာကျမ်းစာ၊ ကိုယ်တော့်သန့်ရှင်းသောစွမ်းအားတော်နဲ့ အသင်းတော်ကို သုံးပြီး လမ်းညွှန်တယ်။ (တ. ၉:၃၁; ၁၅:၂၈; ၂ တိ. ၃:၁၆၊ ၁၇) ကိုယ်တော့်လမ်းညွှန်ချက်တွေက ရှင်းလင်းပြတ်သားလွန်းတဲ့အတွက် “ဤမည်သောလမ်းသည်မှန်၏၊ ဤလမ်း၌ သွားလော့” လို့ ပြောတာကို ကြားနေရတာနဲ့တူတယ်။ (ဟေရှာ. ၃၀:၂၁) ယေဟောဝါက သူ့ရဲ့စကားသံကို ကျွန်ုပ်တို့ကြားရဖို့ ယေရှုကိုလည်း သုံးတယ်။ ‘သစ္စာနဲ့သတိပညာရှိကျွန်’ ကတစ်ဆင့် အသင်းတော်ကို ဦးဆောင်ဖို့ ယေရှုကို ကိုယ်တော် ခန့်အပ်ခဲ့တယ်။ (မ. ၂၄:၄၅) ရရှိတဲ့ လမ်းပြမှု၊ ညွှန်ကြားချက်တွေကို အလေးအနက်ထားဖို့လိုတယ်၊ ဘာကြောင့်လဲဆိုတော့ ထာဝရအသက်က ကျွန်ုပ်တို့ရဲ့နာခံမှုအပေါ် မူတည်နေလို့ပဲ။—ဟေဗြဲ ၅:၉

၃။ ယေဟောဝါရဲ့ လမ်းညွှန်ချက်တွေကို အပြည့်အဝ မလိုက်နာဖို့ ဘယ်အရာတွေက အတားအဆီးဖြစ်စေနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

ယေဟောဝါရဲ့လမ်းညွှန်ချက်က ကျွန်ုပ်တို့ရဲ့အသက်ကို ကယ်တင်မယ်ဆိုတာ စာတန်သိတယ်။ ဒါကြောင့် ဘုရားသခင့်အသံကို ကျွန်ုပ်တို့ မကြားနိုင်အောင် စာတန် နှောင့်ယှက်တယ်။ ကျွန်ုပ်တို့ရဲ့ မစုံလင်တဲ့နှလုံးကလည်း ယေဟောဝါရဲ့လမ်းညွှန်ချက်တွေကို အပြည့်အဝ မလိုက်နာချင်ဘူး။ (ယေ. ၁၇:၉) ဘုရားသခင့်အသံကို နားထောင်ရာမှာ အတားအဆီးဖြစ်စေတဲ့ အဲဒီအရာတွေကို ဘယ်လိုကျော်လွှားနိုင်တယ်ဆိုတာ ဒီဆောင်းပါးမှာ တွေ့ရပါလိမ့်မယ်။ ဘယ်လိုကိစ္စမျိုးပဲပေါ်လာပါစေ ယေဟောဝါရဲ့စကား နားထောင်တာ၊ ကိုယ်တော်နဲ့ဆုတောင်းစကားပြောတာက ကိုယ်တော်နဲ့ နီးကပ်နေစေဖို့ ဘယ်လိုကူညီပေးတယ်ဆိုတာကိုလည်း သိရပါလိမ့်မယ်။

စာတန်ရဲ့လှည့်စားမှုမခံရအောင် ရှောင်ပါ

၄။ လူတွေရဲ့အတွေးအခေါ်တွေကို လွှမ်းမိုးဖို့ စာတန် ဘယ်လိုလုပ်သလဲ။

စာတန်က မှားယွင်းတဲ့အချက်အလက်နဲ့ ထင်ယောင်ထင်မှားဖြစ်စေတဲ့ ဝါဒဖြန့်မှုတွေသုံးပြီး လူတွေရဲ့အတွေးအခေါ်ကို လွှမ်းမိုးဖို့ ကြိုးစားနေတယ်။ (၁ ယောဟန် ၅:၁၉ ကိုဖတ်ပါ။) သတင်းစာ၊ စာအုပ်၊ မဂ္ဂဇင်း၊ ရေဒီယို၊ တီဗွီနဲ့ အင်တာနက်က ကမ္ဘာတစ်ခုလုံးကို သတင်းအချက်အလက်တွေ ဖြန့်ပေးတယ်။ အဲဒါတွေကနေ အကျိုးရှိတဲ့အချက်အလက်တချို့ ရရှိနိုင်တယ်။ ဒါပေမဲ့ အဲဒါတွေက အများအားဖြင့် ယေဟောဝါရဲ့စံနှုန်းနဲ့ ဆန့်ကျင်တဲ့အရာတွေကို အားပေးအားမြှောက်လုပ်တယ်။ (ယေ. ၂:၁၃) ဥပမာ၊ ယောက်ျားအချင်းချင်း၊ မိန်းမအချင်းချင်း လက်ထပ်တာက မမှားဘူးလို့ ပြောမယ်။ အဲဒါကြောင့် လူတွေက လိင်တူဆက်ဆံတာနဲ့ပတ်သက်ပြီး ကျမ်းစာမှာပြောတာတွေဟာ တင်းကျပ်လွန်းတယ်လို့ ယူဆလာကြတယ်။—၁ ကော. ၆:၉၊ ၁၀

၅။ စာတန်ရဲ့ဝါဒဖြန့်မှု လွှမ်းမိုးမခံရအောင် ဘယ်လိုရှောင်နိုင်သလဲ။

ယေဟောဝါရဲ့စံနှုန်းတွေကို ချစ်မြတ်နိုးတဲ့သူတွေ စာတန့်ဝါဒဖြန့်မှုရဲ့လွှမ်းမိုး မခံရအောင် ဘယ်လိုရှောင်နိုင်သလဲ။ အကောင်းနဲ့အဆိုးကို ဘယ်လိုခွဲခြားနိုင်သလဲ။ ‘ကိုယ်တော့်စကားအတိုင်းလုပ်ဆောင်ဖို့ သတိရှိနေခြင်းအားဖြင့်ဖြစ်တယ်’ လို့ ကျမ်းစာက အဖြေပေးတယ်။ (ဆာ. ၁၁၉:၉ကဘ) ဘယ်အရာက အမှန်တရား၊ ဘယ်အရာက လိမ်ညာမှုဆိုတာကို ခွဲခြားသိမြင်အောင် ကျမ်းစာက ကူညီပေးတယ်။ (သု. ၂၃:၂၃) ယေရှုက ကျမ်းစာကို ကိုးကားပြီး “လူသည် . . . ယေဟောဝါဘုရား မိန့်တော်မူသမျှအားဖြင့် အသက်ရှင်ရမည်” လို့ ပြောခဲ့တယ်။ (မ. ၄:၄) ကျွန်ုပ်တို့ရဲ့ဘဝမှာ ကျမ်းစာမူတွေကို ဘယ်လိုကျင့်သုံးရမယ်ဆိုတာ သင်ယူဖို့လိုတယ်။ ဥပမာ၊ သူတစ်ပါး သားမယားကို မပြစ်မှားရဘူးဆိုတဲ့ပညတ် မပေါ်ခင် နှစ်ပေါင်းများစွာကတည်းက ယောသပ်ဟာ ပေါတိဖာရဲ့မိန်းမနဲ့ လိင်ဆက်ဆံမယ်ဆိုရင် ဘုရားသခင်ကို ပြစ်မှားတာပဲဆိုတာ သိခဲ့တယ်။ ယေဟောဝါရဲ့စကားနားမထောင်ဖို့ ယောသပ် ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး။ (ကမ္ဘာဦး ၃၉:၇–၉ ကိုဖတ်ပါ။) ပေါတိဖာရဲ့မိန်းမက ယောသပ်ကို တစ်ချိန်လုံးဆွဲဆောင်နေပေမဲ့ ယောသပ်က သူ့အသံကိုနားမထောင်ဘဲ ယေဟောဝါရဲ့အသံကို နားထောင်ခဲ့တယ်။ အခုချိန်မှာ ကျွန်ုပ်တို့လည်း အဆက်မပြတ်ဝါဒဖြန့်နေတဲ့ စာတန်ရဲ့အသံကို နားမထောင်ဘဲ ယေဟောဝါရဲ့အသံကို နားထောင်ရမယ်။

၆၊ ၇။ စာတန်ရဲ့ ဆိုးညစ်တဲ့အကြံဉာဏ်ကို နားမထောင်မိဖို့ ဘာလုပ်ရမလဲ။

ကမ္ဘာပေါ်မှာ ရှုပ်ထွေးတဲ့ ဘာသာရေးအယူအဆတွေ အများကြီးရှိနေလို့ စစ်မှန်တဲ့ဘာသာကို ရှာတွေ့ဖို့ မဖြစ်နိုင်ဘူးလို့ လူအများက ယူဆကြတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့အသံကို နားထောင်ချင်စိတ်ရှိတယ်ဆိုရင် အမှန်တရားကို အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။ ဘယ်သူ့အသံကို နားထောင်မလဲဆိုတာ ကျွန်ုပ်တို့ ဆုံးဖြတ်ရမယ်။ အသံနှစ်သံကို တစ်ပြိုင်တည်း နားထောင်ဖို့မဖြစ်နိုင်ဘူး။ သိုးတွေက သူတို့ရဲ့သိုးထိန်းအသံကို သိသလိုပဲ ကျွန်ုပ်တို့ကို ထိန်းကျောင်းဖို့ ယေဟောဝါရွေးချယ်ထားတဲ့ ယေရှုရဲ့အသံကို သိပြီး နားထောင်ရမယ်။—ယောဟန် ၁၀:၃–၅ ကိုဖတ်ပါ။

ယေရှုက “သင်တို့သည် ကြားနာရသည့်အရာကို ဂရုပြုကြလော့” လို့ ပြောခဲ့တယ်။ (မာ. ၄:၂၄) ယေဟောဝါရဲ့ညွှန်ကြားချက်တွေက ရှင်းလင်းပြီး မှန်ကန်တယ်။ ဒါပေမဲ့ ကိုယ်တော်ပြောတာတွေကို လက်ခံနိုင်ဖို့အတွက် မှန်ကန်တဲ့သဘောထား ရှိဖို့လိုတယ်။ ဂရုမစိုက်ဘူးဆိုရင် ယေဟောဝါရဲ့မေတ္တာပါ လမ်းညွှန်ချက်အစား စာတန်ရဲ့ ဆိုးညစ်တဲ့အကြံဉာဏ်ကို နားထောင်မိနိုင်တယ်။ လောကမှာရှိတဲ့ တေးဂီတ၊ ဗီဒီယို၊ တီဗီအစီအစဉ်၊ စာပေ၊ အပေါင်းအသင်း၊ ဆရာ ဒါမှမဟုတ် ပညာရှင်လို့ခေါ်သူတွေရဲ့ ထိန်းချုပ်မှုကို ဘယ်တော့မှမခံပါနဲ့။—ကော. ၂:၈

ဂရုမစိုက်ဘူးဆိုရင် ယေဟောဝါရဲ့ မေတ္တာပါလမ်းညွှန်ချက်အစား စာတန်ရဲ့ဆိုးညစ်တဲ့အကြံဉာဏ်ကို နားထောင်မိနိုင်တယ်

၈။ (က) ဘာကြောင့် စာတန်ရဲ့လွှမ်းမိုးမှုကို ကျွန်ုပ်တို့ အလွယ်တကူ ခံရနိုင်သလဲ။ (ခ) သတိပေးချက်တွေကို လျစ်လျူရှုမယ်ဆိုရင် ဘာဖြစ်နိုင်သလဲ။

ကျွန်ုပ်တို့က အပြစ်သားတွေဖြစ်တယ်ဆိုတာ စာတန်သိတယ်။ ကျွန်ုပ်တို့ရဲ့ အားနည်းချက်တွေကို အလျှော့ပေးလိုက်လျောဖို့ စာတန်ကြိုးစားတဲ့အခါ ယေဟောဝါကို ဆက်သစ္စာရှိဖို့ အလွန်ခက်ခဲနိုင်တယ်။ (ယော. ၈:၄၄-၄၇) ဥပမာ၊ ကျွန်ုပ်တို့က ဆုမတောင်းတော့တာ၊ အမှုဆောင်လုပ်ငန်းမှာ သိပ်မပါဝင်တော့တာ၊ အစည်းအဝေးမတက်တော့တာ ဖြစ်နိုင်တယ်။ အဲဒါတွေက ကျွန်ုပ်တို့အတွက် သတိပေးချက်တွေဖြစ်တယ်၊ အဲဒီသတိပေးချက်တွေကို လျစ်လျူရှုတယ်ဆိုရင် အန္တရာယ်တွေ့နိုင်တယ်။ သတိမထားဘူးဆိုရင် တဖြည်းဖြည်းနဲ့ ယေဟောဝါရဲ့အသံတော်ကို ကြားရတော့မှာ မဟုတ်ဘူး။ နောက်ဆုံးမှာ ကျွန်ုပ်တို့ရဲ့အလိုဆန္ဒအတိုင်း လုပ်မိနိုင်တယ်၊ ကျွန်ုပ်တို့ ဘယ်တော့မှလုပ်မှာမဟုတ်ဘူးလို့ ထင်ထားတဲ့ အမှားတစ်ခုခုကို လုပ်မိနိုင်တယ်။ (ရော. ၇:၁၅) ဒါပေမဲ့ သတိပေးချက်တွေကို ဂရုပြုပြီး ချက်ချင်းပြုပြင်ပြောင်းလဲမယ်ဆိုရင် ကြီးလေးတဲ့အမှားတွေကို ရှောင်နိုင်ပါတယ်။ ယေဟောဝါရဲ့အသံကို ဂရုစိုက်နားထောင်မယ်ဆိုရင် ဘယ်အယူဖောက်ပြန်မှုကိုမဆို နားထောင်တော့မှာမဟုတ်ဘူး။—သု. ၁၁:၉

၉။ ကျွန်ုပ်တို့ရဲ့ အပြစ်ပြုလိုတဲ့သဘောထားတွေကို စောနိုင်သမျှစောစောသိဖို့ ဘာကြောင့်အရေးကြီးသလဲ။

လူတစ်ယောက် အသည်းအသန်ဖျားနာတဲ့အခါ ရောဂါကိုစောစောသိတာက ပျောက်ကင်းဖို့ အခွင့်အလမ်းပိုများတယ်။ အဲဒီလိုပဲ ကျွန်ုပ်တို့မှာ အပြစ်လုပ်ချင်တဲ့သဘော ရှိနေတယ်ဆိုတာ သတိထားမိရင် “[စာတန်] ၏အလိုကိုလိုက်စေရန် ဖမ်းချုပ်” မခံရခင် ချက်ချင်း အရေးယူလုပ်ဆောင်ရမယ်။ (၂ တိ. ၂:၂၆) ကျွန်ုပ်တို့ရဲ့အတွေးအခေါ်နဲ့ အလိုဆန္ဒတွေက ယေဟောဝါတောင်းဆိုတာတွေနဲ့ ဆန့်ကျင်နေတယ်ဆိုတာသိရင် ဘာလုပ်သင့်သလဲ။ ကိုယ်တော့်ထံချက်ချင်းပြန်လှည့်လာ၊ ကိုယ်တော့်လမ်းညွှန်မှုကို ရှာပြီး အဲဒီအတိုင်းလိုက်လျှောက်ရမယ်။ (ဟေရှာ. ၄၄:၂၂) ဒါပေမဲ့ ယေဟောဝါထံ ပြန်လှည့်လာပြီးနောက်မှာတောင် တချို့အမှားတွေရဲ့ အကျိုးဆက်တွေက လူတစ်ယောက်ကို အများကြီး ထိခိုက်နေနိုင်တယ်။ ဒါကြောင့် အစကတည်းက ယေဟောဝါကို ကျောမခိုင်းတာက ပိုကောင်းပါတယ်။

ဝတ်ပြုရေးမှာ ပုံမှန်ပါဝင်တာက စာတန်ရဲ့လှည့်စားမှု မခံရအောင် ဘယ်လိုကာကွယ်ပေးနိုင်သလဲ (အပိုဒ် ၄-၉ ကိုကြည့်ပါ)

မာနနဲ့ တပ်မက်မှုကို ရှောင်ပါ

၁၀၊ ၁၁။ (က) မာနစိတ်ဝင်နေပြီဆိုတာ ဘာက ဖော်ပြသလဲ။ (ခ) ကောရ၊ ဒါသန်၊ အဘိရံတို့ရဲ့ပုန်ကန်မှုကနေ ဘာသင်ခန်းစာရရှိသလဲ။

၁၀ ယေဟောဝါနဲ့ဝေးကွာသွားအောင် ကျွန်ုပ်တို့ရဲ့စိတ်နှလုံးက လုပ်နိုင်တယ်ဆိုတာ အသိအမှတ်ပြုရမယ်။ ဥပမာ၊ ကျွန်ုပ်တို့ဟာ မာနကြီးလာနိုင်တယ်၊ တပ်မက်စိတ်ဝင်လာနိုင်တယ်။ အဲဒီသဘောထားတွေက ကြီးလေးတဲ့အမှားတွေ လုပ်မိစေနိုင်တယ်။ မာနကြီးတဲ့သူက သူ့ကိုယ်သူအထင်ကြီးပြီး သူဖြစ်ချင်တာမှန်သမျှ ဘာမဆိုလုပ်လို့ရတယ်လို့ ယူဆနိုင်တယ်။ ယုံကြည်သူချင်းတွေ၊ အကြီးအကဲတွေ ဒါမှမဟုတ် အဖွဲ့အစည်းအပါအဝင် ဘယ်သူကမှ သူ့ကို ဘယ်လိုလုပ်ပါဆိုပြီး ပြောစရာမလိုဘူးလို့ ယူဆနိုင်တယ်။ သူဟာ ယေဟောဝါနဲ့ဝေးကွာသွားပြီး ကိုယ်တော့်အသံကို မကြားတော့တဲ့အထိ ဖြစ်သွားနိုင်တယ်။

၁၁ ယေဟောဝါက တောကန္တာရမှာ အစ္စရေးလူတွေကို ဦးဆောင်ဖို့ မောရှေနဲ့အာရုန်ကို ခန့်အပ်ခဲ့တယ်။ ဒါပေမဲ့ ကောရ၊ ဒါသန်၊ အဘိရံတို့က ပုန်ကန်ခဲ့ကြတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့က မာနကြီးလာပြီး ယေဟောဝါကို သူတို့နည်းသူတို့ဟန်နဲ့ ဝတ်ပြုချင်လာတယ်။ ယေဟောဝါ ဘယ်လိုအရေးယူလုပ်ဆောင်ခဲ့သလဲ။ ပုန်ကန်သူတွေအားလုံးကို ကိုယ်တော် ဖျက်ဆီးပစ်လိုက်တယ်။ (တော. ၂၆:၈-၁၀) ဒီအဖြစ်အပျက်ကနေ အရေးကြီးတဲ့သင်ခန်းစာတစ်ခု ရရှိပါတယ်။ ယေဟောဝါကို ပုန်ကန်တာက ဘေးဒုက္ခရောက်စေတယ်။ ‘မာနစိတ်ရဲ့နောက်မှာ ပျက်စီးခြင်းလိုက်လာတယ်’ လို့ ကျမ်းစာက ပြောတယ်။—သု. ၁၆:၁၈ကဘ; ဟေရှာ. ၁၃:၁၁

၁၂၊ ၁၃။ (က) တပ်မက်မှုက ဘေးဆိုးကျရောက်စေတယ်ဆိုတာ ဥပမာတစ်ခုပေးပါ။ (ခ) တပ်မက်စိတ်ကို မထိန်းချုပ်ဘူးဆိုရင် ဘယ်လိုနည်းနဲ့ ချက်ချင်းကြီးထွားလာနိုင်တယ်ဆိုတာ ရှင်းပြပါ။

၁၂ တပ်မက်မှုကလည်း အန္တရာယ်ရှိတယ်။ တပ်မက်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ယေဟောဝါရဲ့လမ်းညွှန်ချက်က သူနဲ့မသက်ဆိုင်ဘူးလို့ ယူဆလေ့ရှိတယ်။ သူမပိုင်တဲ့ပစ္စည်းကို ယူလို့ရတယ်လို့ ထင်နေနိုင်တယ်။ ရှုရိစစ်ဗိုလ်ချုပ်နေမန်မှာ နူနာရောဂါစွဲနေလို့ ဘုရားသခင့်ပရောဖက် ဧလိရှဲက ရောဂါပျောက်အောင် ကုသပေးခဲ့တယ်။ နေမန်က ကျေးဇူးတင်လွန်းလို့ လက်ဆောင်အဖြစ် ငွေနဲ့ အဝတ်အစားတွေပေးတယ်၊ ဧလိရှဲက မယူဘူး။ ဒါပေမဲ့ ဧလိရှဲရဲ့ကျွန် ဂေဟာဇိက အဲဒီလက်ဆောင်တွေကို လိုချင်တယ်။ ဂေဟာဇိမှာ တပ်မက်စိတ် ဝင်လာတယ်။ ဒါနဲ့ ဂေဟာဇိက ဧလိရှဲကို ဘာမှမပြောဘဲ နေမန်နောက် ပြေးလိုက်သွားပြီး လိမ်ပြောခဲ့တယ်၊ အဲဒါနဲ့ လက်ဆောင်တွေရသွားတယ်။ တပ်မက်စိတ်ဝင်ခဲ့တဲ့ ဂေဟာဇိ ဘာဖြစ်သွားသလဲ။ အနူရောဂါစွဲသွားတယ်။—၄ ရာ. ၅:၂၀-၂၇

တပ်မက်မှုက သေးငယ်တဲ့အရာကနေ စနိုင်တယ်၊ အဲဒါကို မချိုးနှိမ်ဘူးဆိုရင် ချက်ချင်းကြီးထွားလာပြီး လူတစ်ယောက်ရဲ့ဘဝကို ပျက်စီးစေနိုင်တယ်

၁၃ တပ်မက်မှုက သေးငယ်တဲ့အရာကနေ စတာဖြစ်နိုင်တယ်၊ အဲဒါကို မချိုးနှိမ်ဘူးဆိုရင် ချက်ချင်းကြီးထွားလာပြီး လူတစ်ယောက်ရဲ့ဘဝကို ပျက်စီးစေနိုင်တယ်။ ဒီအချက်ကို အာခန်အကြောင်း ကျမ်းစာမှတ်တမ်းမှာ တွေ့ရတယ်။ ‘တိုက်ရာပါပစ္စည်းတွေထဲမှာ ရှိနာပြည်က လှပတဲ့ ဝတ်လုံတစ်ထည်၊ ငွေရှယ်ကယ် ၂၀၀၊ ရှယ်ကယ် ၅၀ အလေးချိန်ရှိတဲ့ ရွှေချောင်းတစ်ချောင်းကို တွေ့တော့ လိုချင်တာနဲ့ ယူထားမိပါပြီ’ လို့ အာခန်ကပြောတယ်။ အာခန်ဟာ သူ့ရဲ့မှားယွင်းတဲ့ဆန္ဒကို ချိုးနှိမ်သင့်တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်မယ့်အစား ပစ္စည်းတွေကိုခိုးပြီး တဲထဲမှာ ဝှက်ထားလိုက်တယ်။ ယေဟောဝါက အာခန်ရဲ့အပြစ်ကို လူသိရှင်ကြားဖော်ထုတ်ခဲ့တယ်၊ အဲဒီနေ့မှာပဲ သူခိုးနဲ့ သူ့ရဲ့မိသားစုဟာ ကျောက်ခဲနဲ့ပေါက်သတ်ခံခဲ့ရတယ်။ (ယောရှု ၇:၁၁၊ ၂၁ကဘ၊ ၂၄၊ ၂၅) ကျွန်ုပ်တို့ထဲက ဘယ်သူမဆို အာခန်လို တပ်မက်စိတ်ဝင်လာနိုင်တယ်။ ဒါကြောင့် “ခပ်သိမ်းသောတပ်မက်မှုကို သတိထားလျက် ကြဉ်ရှောင်” ရမယ်။ (လု. ၁၂:၁၅) အကျင့်ပျက်မှုကလည်း တပ်မက်မှုပုံစံတစ်မျိုးဖြစ်တယ်။ တစ်ခါတလေ ကျွန်ုပ်တို့မှာ မကောင်းတဲ့အတွေးအခေါ်တွေ ဝင်လာနိုင်တယ်။ ဒါပေမဲ့ အရေးကြီးတာက ကိုယ့်စိတ်ကို ထိန်းချုပ်ဖို့ပဲ၊ အဲဒီလိုလုပ်မယ်ဆိုရင် မကောင်းတဲ့ဆန္ဒတွေက အပြစ်ကျူးလွန်တဲ့အထိ မဖြစ်နိုင်တော့ဘူး။—ယာကုပ် ၁:၁၄၊ ၁၅ ကိုဖတ်ပါ။

၁၄။ မာနနဲ့ တပ်မက်မှုကြောင့် အမှားတစ်ခုခုလုပ်ဖို့ သွေးဆောင်ခံရတယ်ဆိုရင် ဘာလုပ်သင့်သလဲ။

၁၄ မာနနဲ့ တပ်မက်မှုက ဘေးဒုက္ခရောက်စေတယ်ဆိုတာ အမှန်ပါပဲ။ မကောင်းတာလုပ်လို့ ခံစားရမယ့်အကျိုးဆက်တွေကို စဉ်းစားတာက ယေဟောဝါရဲ့အသံကို ဆက်နားထောင်ဖို့ ကူညီပေးပါလိမ့်မယ်။ (တရား. ၃၂:၂၉) မှန်တာကိုလုပ်လို့ ခံစားရတဲ့ကောင်းကျိုးနဲ့ မှားတာကိုလုပ်လို့ ခံစားရတဲ့ဆိုးကျိုးတွေကို ကျမ်းစာထဲမှာ ဖော်ပြထားတယ်။ မာနနဲ့ တပ်မက်မှုကြောင့် အမှားတစ်ခုခုလုပ်ဖို့ သွေးဆောင်ခံရတယ်ဆိုရင် အဲဒါက ကိုယ်နဲ့ ကိုယ်ချစ်ရသူတွေကို ဘယ်လိုထိခိုက်စေနိုင်တယ်၊ ယေဟောဝါနဲ့ကိုယ့်ရဲ့ဆက်ဆံရေးကို ဘယ်လိုထိခိုက်စေနိုင်တယ်ဆိုတာ စဉ်းစားတာက ပညာရှိရာကျပါတယ်။

ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ဆက်ထိန်းသိမ်းထားပါ

၁၅။ ယေရှုရဲ့ပုံနမူနာကနေ ဘာသင်ယူနိုင်သလဲ။

၁၅ ယေဟောဝါက ကျွန်ုပ်တို့ကို အကောင်းဆုံးအသက်တာ ရရှိစေချင်တယ်။ (ဆာ. ၁:၁-၃) ကိုယ်တော်က သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့လမ်းညွှန်ချက် ပေးတယ်။ (ဟေဗြဲ ၄:၁၆ ကိုဖတ်ပါ။) ယေရှုက စုံလင်သူဖြစ်ပေမဲ့ ယေဟောဝါနဲ့ မှန်မှန်ဆက်သွယ်တယ်၊ မပြတ်ဆုတောင်းတယ်။ ယေဟောဝါက ယေရှုကို အံ့ဖွယ်နည်းတွေနဲ့ ထောက်မ၊ လမ်းညွှန်ပေးတယ်။ ယေရှုကိုပြုစုဖို့ ကောင်းကင်တမန်တွေ စေလွှတ်ပေးတယ်၊ သန့်ရှင်းသောစွမ်းအားတော်ပေးတယ်၊ တမန်တော် ၁၂ ပါးရွေးချယ်ရာမှာ လမ်းညွှန်ပေးခဲ့တယ်။ ယေဟောဝါက ယေရှုကို ထောက်မနေတယ်၊ မျက်နှာသာပေးတယ်ဆိုတာကို ကောင်းကင်ကနေ ထုတ်ဖော်ပြောဆိုခဲ့တယ်။ (မ. ၃:၁၇; ၁၇:၅; မာ. ၁:၁၂၊ ၁၃; လု. ၆:၁၂၊ ၁၃; ယော. ၁၂:၂၈) ယေရှုလိုပဲ ကျွန်ုပ်တို့လည်း စိတ်နှလုံးပါပါ မပြတ်ဆုတောင်းဖို့ လိုတယ်။ (ဆာ. ၆၂:၇၊ ၈; ဟေဗြဲ ၅:၇) ယေဟောဝါနဲ့ ဆက်နီးကပ်နေဖို့၊ ကိုယ်တော့်ကို ဂုဏ်တင်တဲ့နည်းနဲ့ အသက်ရှင်ဖို့ ဆုတောင်းခြင်းက ကူညီပေးတယ်။

ယေရှုက စုံလင်သူဖြစ်ပေမဲ့ ယေဟောဝါထံ မပြတ်ဆုတောင်းတယ်

၁၆။ ယေဟောဝါရဲ့အသံကို ကြားရဖို့ ကိုယ်တော် ဘယ်လိုကူညီပေးသလဲ။

၁၆ ယေဟောဝါက မိမိရဲ့လမ်းညွှန်ချက်ကို လိုက်လျှောက်ဖို့ ကျွန်ုပ်တို့ကို အတင်းဖိအားမပေးဘူး၊ ဒါပေမဲ့ ကျွန်ုပ်တို့ လိုက်နာချင်တယ်ဆိုရင် အလွယ်တကူရှာတွေ့နိုင်အောင် ပြုလုပ်ပေးထားတယ်။ ကျွန်ုပ်တို့ကိုလမ်းညွှန်ဖို့ ကိုယ်တော့်သန့်ရှင်းသောစွမ်းအားတော်ကို တောင်းခံရမယ်။ ကိုယ်တော်က ရက်ရက်ရောရော ပေးပါလိမ့်မယ်။ (လုကာ ၁၁:၁၀–၁၃ ကိုဖတ်ပါ။) “သင်တို့သည် မည်သို့ကြားနာသည်ကို သတိပြုကြလော့” လို့ ကျမ်းစာကပြောတယ်။ (လု. ၈:၁၈) ဥပမာ၊ ကျွန်ုပ်တို့က ကိုယ်ကျင့်တရားပျက်ပြားမှုကို ရှောင်နိုင်ဖို့ ကူညီပေးပါလို့ ယေဟောဝါဆီဆုတောင်းတယ်၊ ဒါပေမဲ့ ညစ်ညမ်းရုပ်ပုံစာပေ၊ အကျင့်ပျက်ရုပ်ရှင်တွေကို ဆက်ကြည့်နေတယ်ဆိုရင် ကိုယ်တော့်အကူအညီကို တကယ်မလိုချင်ဘူးဆိုတာ ဖော်ပြရာရောက်တယ်။ ကိုယ်တော့်အကူအညီရဖို့အတွက် ယေဟောဝါရဲ့စွမ်းအားတော်ရှိတဲ့နေရာ ဒါမှမဟုတ် စွမ်းအားတော်ရှိတဲ့ အခြေအနေဖြစ်တဲ့ အသင်းတော်အစည်းအဝေးတွေမှာ ရောက်ရှိနေဖို့ လိုတယ်။ ယေဟောဝါရဲ့ကျေးကျွန်များစွာဟာ အစည်းအဝေးတွေမှာကြားရတဲ့ ယေဟောဝါရဲ့အသံကို နားထောင်ခြင်းအားဖြင့် ဘေးဆိုးတွေကို ရှောင်နိုင်ခဲ့ကြတယ်။ သူတို့မှာ မှားယွင်းတဲ့ဆန္ဒ ဝင်လာပြီဆိုတာ သတိပြုမိတဲ့အခါ ပြုပြင်ပြောင်းလဲခဲ့ကြတယ်။—ဆာ. ၇၃:၁၂-၁၇; ၁၄၃:၁၀

ယေဟောဝါရဲ့အသံကို ဂရုတစိုက် ဆက်နားထောင်ပါ

၁၇။ ကိုယ့်ကိုယ်ကိုယ်အားကိုးတာက ဘာကြောင့် အန္တရာယ်ရှိသလဲ။

၁၇ ရှေးခေတ်အစ္စရေးဘုရင် ဒါဝိဒ်ဆီကနေ အရေးကြီးတဲ့ သင်ခန်းစာတစ်ခု သင်ယူနိုင်ပါတယ်။ သူ ယေဟောဝါကို မှီခိုအားကိုးနေတဲ့အချိန်မှာ ကြီးကျယ်တဲ့အလုပ်တွေကို လုပ်နိုင်ခဲ့တယ်။ သူငယ်ငယ်တုန်းက လူထွားကြီးဂေါလျက်ကို သတ်နိုင်ခဲ့တယ်။ နောက်ပိုင်းမှာ ဒါဝိဒ်ဟာ စစ်သားဖြစ်လာပြီး ဘုရင်ဖြစ်လာတယ်။ သူ့ရဲ့အလုပ်က အစ္စရေးနိုင်ငံကို ကာကွယ်ပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ဖြစ်တယ်။ ဒါပေမဲ့ သူ့ကိုယ်သူ စပြီး အားကိုးလာတဲ့အခါ သူ့နှလုံးရဲ့လှည့်စားမှုကို ခံလိုက်ရတယ်။ ဗာသရှေဘနဲ့ ပြစ်မှားပြီး သူ့ယောက်ျားကိုတောင် သတ်ပစ်လိုက်တယ်။ ဒါပေမဲ့ ယေဟောဝါ သူ့ကို ဆုံးမတဲ့အခါ နှိမ့်ချစွာ နားထောင်ပြီး အမှားတွေကိုဝန်ခံခဲ့တယ်၊ အဲဒီနောက် ယေဟောဝါရဲ့မိတ်ဆွေ ပြန်ဖြစ်လာတယ်။—ဆာ. ၅၁:၄၊ ၆၊ ၁၀၊ ၁၁

၁၈။ ယေဟောဝါရဲ့အသံကို ဆက်နားထောင်နိုင်ဖို့ ဘာက ကူညီပေးနိုင်သလဲ။

၁၈ ၁ ကောရိန္သု ၁၀:၁၂ မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချလွန်းတာမျိုးမဖြစ်ဖို့ သတိပေးထားတယ်။ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် လမ်းမညွှန်နိုင်ဘူးလို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ရေးထားတယ်၊ ဒါကြောင့် ကျွန်ုပ်တို့ဟာ ယေဟောဝါရဲ့အသံ ဒါမှမဟုတ် စာတန်ရဲ့အသံ တစ်ခုခုကို နားထောင်ရမှာဖြစ်တယ်။ (ယေ. ၁၀:၂၃) မပြတ်ဆုတောင်းပြီး သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းညွှန်မှုကို လိုက်လျှောက်ဖို့ အရေးကြီးတယ်။ ယေဟောဝါရဲ့အသံကို အမြဲဂရုတစိုက် နားထောင်ကြပါစို့။