မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသက်ရှင်တဲ့ ဘုရားသခင့်တရားစကားကို အသုံးပြုပါ

အသက်ရှင်တဲ့ ဘုရားသခင့်တရားစကားကို အသုံးပြုပါ

“ဘုရားသခင့်တရားစကားတော်သည် အသက်ရှင်၍ တန်ခိုးရှိ၏။”—ဟေဗြဲ ၄:၁၂

၁၊ ၂။ မောရှေကို ယေဟောဝါ ဘာလုပ်ခိုင်းခဲ့သလဲ။ ယေဟောဝါ ဘာကတိပေးခဲ့သလဲ။

သင်ဟာ ဘုရားသခင့်လူမျိုးကို ကိုယ်စားပြုပြီး ကမ္ဘာပေါ်မှာ အာဏာအရှိဆုံးအုပ်စိုးရှင်နဲ့ စကားပြောရတယ်လို့ မြင်ယောင်ကြည့်ပါ။ ဘယ်လိုခံစားရမလဲ။ သင် စိုးရိမ်ထိတ်လန့်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေနိုင်တယ်။ ပြောရမယ့်စကားတွေကို ဘယ်လိုပြင်ဆင်မလဲ။ ဘုရားသခင်စေလွှတ်လိုက်သူတစ်ဦးအနေနဲ့ သင် အခွင့်အာဏာရှိရှိ ပြောနိုင်ပါ့မလား။

မောရှေ အဲဒီအခြေအနေနဲ့ ကြုံခဲ့ရတယ်။ သူဟာ အလွန်နှိမ့်ချသူဖြစ်တယ်။ (တော. ၁၂:၃) ဒါပေမဲ့ ယေဟောဝါက မောရှေကို တကယ်ကြမ်းတမ်းခက်ထန်ပြီး မာနကြီးတဲ့ ဖာရောနဲ့ စကားပြောဖို့ စေလွှတ်ခဲ့တယ်။ ဖာရောကို အမိန့်ပေးဖို့ မောရှေကို ယေဟောဝါ ပြောတယ်။ အဲဒီအမိန့်က သန်းနဲ့ချီတဲ့ ဘုရားသခင့်လူတွေကို ကျွန်ဘဝကနေ လွှတ်ပေးဖို့ပဲ။ (ထွ. ၅:၁၊ ၂) မောရှေက ယေဟောဝါကို ‘ဖာရောမင်းဆီသွားပြီး အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာဖို့ ကျွန်တော့်မှာ အစွမ်းအစမရှိဘူး’ လို့ ပြောတာကို နားလည်နိုင်ပါတယ်။ မောရှေက ဖာရောနဲ့ စကားပြောဖို့ သူ့မှာ အရည်အချင်းမရှိဘူးလို့ ယူဆခဲ့ပုံရတယ်။ ဒါပေမဲ့ မောရှေတစ်ယောက်တည်း မဟုတ်ဘူးလို့ ယေဟောဝါကတိပေးခဲ့တယ်။ ယေဟောဝါက ‘မင်းနဲ့အတူ ငါရှိတယ်’ လို့ ပြောခဲ့တယ်။—ထွ. ၃:၉-၁၂ကဘ။

၃၊ ၄။ (က) မောရှေ ဘာကြောင့်ကြောက်တာလဲ။ (ခ) သင်လည်း ဘာကြောင့် မောရှေလိုခံစားရနိုင်သလဲ။

မောရှေ ဘာကြောင့်ကြောက်တာလဲ။ ယေဟောဝါဘုရားသခင် စေလွှတ်လိုက်တဲ့သူကို ဖာရောလက်မခံမှာ၊ ဂရုမစိုက်မှာကို ကြောက်တာဖြစ်တယ်။ အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ဦးဆောင်ပြီး ခေါ်ထုတ်သွားဖို့ သူ့ကို ဘုရားသခင်ရွေးချယ်ထားတယ်ဆိုတာ အစ္စရေးတွေ မယုံမှာကိုလည်း သူ ကြောက်တယ်။ ‘သူတို့ ကျွန်တော့်ကို မယုံဘူး၊ ကျွန်တော့်စကားကိုလည်း နားမထောင်ဘဲ “ခင်ဗျားဆီ ယေဟောဝါဘုရား မရောက်လာပါဘူး” လို့ပြောရင်ကော’ ဆိုပြီး ယေဟောဝါကို မောရှေပြောခဲ့တယ်။—ထွ. ၃:၁၅-၁၈; ၄:၁ကဘ။

သင်ကော။ အာဏာရှိတဲ့အုပ်စိုးရှင်တစ်ယောက်နဲ့ စကားပြောဖူးချင်မှ ပြောဖူးမယ်။ ဒါပေမဲ့ သင့်ဒေသမှာ ယေဟောဝါနဲ့ ကိုယ်တော့်နိုင်ငံတော်အကြောင်း လူတွေကို ပြောပြဖို့ သင် အခက်တွေ့နေတယ်ဆိုရင်ကော။ မောရှေကို ပြောခဲ့တဲ့ ယေဟောဝါရဲ့အမိန့်နဲ့ ရှေ့ဆက်ဖြစ်လာမယ့်အရာတွေက ကျွန်ုပ်တို့ကို အရေးကြီးတဲ့သင်ခန်းစာတစ်ခု သင်ပေးနိုင်ပါတယ်။

‘မင်းလက်ထဲမှာ ဘာရှိသလဲ’

၅။ မောရှေလက်ထဲကို ယေဟောဝါ ဘာထည့်ခဲ့သလဲ။ အဲဒါက သူ့ကို ဘယ်လိုနည်းနဲ့ ယုံကြည်စိတ်ချမှုရှိဖို့ ကူညီပေးခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

လူတွေ သူ့ကိုမယုံမှာ ကြောက်တယ်လို့ မောရှေက ယေဟောဝါကို ပြောတဲ့အခါ ဘုရားသခင်က ရှေ့မှာကြုံတွေ့ရမယ့်အရာတွေအတွက် မောရှေကို ပြင်ဆင်ပေးခဲ့တယ်။ ကျမ်းစာမှာ ဒီလိုရေးထားတယ်– ‘ယေဟောဝါဘုရားက [မောရှေကို] “မင်း လက်ထဲမှာ ဘာရှိသလဲ” လို့မေးတော့ “တောင်ဝှေးရှိပါတယ်” လို့ သူပြန်ဖြေတယ်။ ဘုရားသခင်က “တောင်ဝှေးကို မြေပေါ် ပစ်ချလိုက်” လို့ပြောတယ်။ ပြောတဲ့အတိုင်း ပစ်ချလိုက်တော့ တောင်ဝှေးဟာ မြွေဖြစ်သွားတဲ့အတွက် မောရှေ ထွက်ပြေးတယ်။ ယေဟောဝါဘုရားက “မြွေရဲ့အမြီးကို ဖမ်းကိုင်လိုက်ပါ” လို့ပြောတော့ အမြီးကို ဖမ်းကိုင်လိုက်တဲ့အခါ မြွေဟာ တောင်ဝှေးပြန်ဖြစ်သွားတယ်။ ဘုရားသခင်က “အဲဒီလိုလုပ်ပြရင် . . . ယေဟောဝါက မင်းဆီရောက်လာတယ်ဆိုတာ သူတို့ယုံကြလိမ့်မယ်” လို့ ဆက်ပြောတယ်။’ (ထွ. ၄:၂-၅ကဘ) ဘုရားသခင်ရဲ့တန်ခိုးကြောင့် မောရှေလက်ထဲက တောင်ဝှေးဟာ မြွေဖြစ်သွားတယ်။ ဒီအံ့ဖွယ်အမှုက မောရှေဟာ ဘုရားသခင်စေလွှတ်လိုက်သူ ဖြစ်တယ်၊ သူ့မှာ ဘုရားသခင်ပေးတဲ့ အခွင့်အာဏာရှိတယ်ဆိုတဲ့ သက်သေဖြစ်လိမ့်မယ်။ ယေဟောဝါက သူ့ကို ‘ဒီတောင်ဝှေးကို ဆောင်ထားပါ။ ဒီတောင်ဝှေးကိုသုံးပြီး အံ့ဖွယ်အမှုတွေ လုပ်ပြရမယ်’ လို့ပြောတယ်။ (ထွ. ၄:၁၇ကဘ) ဒီသက်သေက မောရှေကို ဖာရောနဲ့ ဘုရားသခင့်လူတွေရှေ့မှာ စကားပြောဖို့ ယုံကြည်စိတ်ချမှု ရှိစေပါလိမ့်မယ်။—ထွ. ၄:၂၉-၃၁; ၇:၈-၁၃

ဒီသက်သေက မောရှေကို ဖာရောနဲ့ ဘုရားသခင့်လူတွေရှေ့မှာ စကားပြောဖို့ ယုံကြည်စိတ်ချမှု ရှိစေပါလိမ့်မယ်

၆။ (က) ဟောပြောတဲ့အခါ ကျွန်ုပ်တို့လက်ထဲမှာ ဘာရှိသင့်သလဲ၊ ဘာကြောင့်လဲ။ (ခ) ‘ဘုရားသခင်ရဲ့တရားစကားတော်’ က ဘယ်လိုနည်းနဲ့ ‘အသက်ရှင်ပြီး တန်ခိုးရှိ’ သလဲ။

လူတွေကို ဘုရားသခင့်သတင်းစကား ပြောပြတဲ့အခါ ကျွန်ုပ်တို့လက်ထဲမှာ ဘာရှိသလဲ။ ကျမ်းစာရှိပြီး အဲဒါကိုသုံးချင်ကြတယ်။ တချို့လူတွေက ကျမ်းစာကို သာမန်စာအုပ်ကောင်းတစ်အုပ်ပဲလို့ ယူဆကြတယ်။ ဒါပေမဲ့ ကျမ်းစာက အဲဒီထက်ပိုတယ်။ အဲဒီထဲမှာ ဘုရားသခင့်သတင်းစကား ပါတယ်။ (၂ ပေ. ၁:၂၁) ဘုရားသခင့်ကတိတွေနဲ့ ကိုယ်တော့်နိုင်ငံတော် လုပ်ဆောင်ပေးမယ့်အရာတွေ ပါတယ်။ ပေါလုက “ဘုရားသခင်၏တရားစကားတော်သည် အသက်ရှင်၍ တန်ခိုးရှိ၏” လို့ ရေးခဲ့တယ်။ (ဟေဗြဲ ၄:၁၂ ကိုဖတ်ပါ။) ကျမ်းစာက ဘယ်လိုနည်းနဲ့ အသက်ရှင်သလဲ။ ယေဟောဝါရဲ့ကတိအားလုံးဟာ တဖြည်းဖြည်း ပြည့်စုံနေတယ်၊ အပြီးသတ်ပြည့်စုံသွားပါလိမ့်မယ်။ (ဟေရှာ. ၄၆:၁၀; ၅၅:၁၁) လူတစ်ယောက်က ဘုရားသခင့်စကားတော်နဲ့ပတ်သက်တဲ့ ဒီအချက်တွေကို နားလည်တယ်ဆိုရင် ကျမ်းစာမှာ သူဖတ်သမျှက သူ့ဘဝကို များစွာအကျိုးသက်ရောက်နိုင်ပါတယ်။

ကျွန်ုပ်တို့ရဲ့ပန်းတိုင်က နားထောင်သူတွေရဲ့နှလုံး ထိမိဖို့ဖြစ်တယ်

၇။ ‘အမှန်တရားဆိုင်ရာ တရားစကားတော်’ ကို ဘယ်လိုမှန်ကန်စွာကိုင်တွယ်နိုင်သလဲ။

ယေဟောဝါက ကျွန်ုပ်တို့ကို အသက်ရှင်တဲ့တရားစကားတော် သမ္မာကျမ်းစာပေးထားတယ်။ ကျွန်ုပ်တို့ ပြောတဲ့အရာတွေကို ယုံကြည်နိုင်တယ်၊ ကျွန်ုပ်တို့ ပြောတဲ့အရာတွေက ဘုရားသခင်ဆီကလာတယ်ဆိုတာ ကျမ်းစာကိုသုံးပြီး သက်သေပြနိုင်ပါတယ်။ ဒါကြောင့် ပေါလုက တိမောသေကိုလေ့ကျင့်ပေးတဲ့အခါ ‘အမှန်တရားဆိုင်ရာ တရားစကားတော်ကို မှန်ကန်စွာကိုင်တွယ်’ ဖို့ အားပေးခဲ့တာဖြစ်တယ်။ (၂ တိ. ၂:၁၅) ပေါလုရဲ့အားပေးချက်ကို ကျွန်ုပ်တို့ ဘယ်လိုကျင့်သုံးနိုင်သလဲ။ တခြားသူတွေကို ဖတ်ပြမယ့် ကျမ်းချက်တွေကို သေချာရွေးချယ်ခြင်းအားဖြင့် ဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ပန်းတိုင်က နားထောင်သူတွေရဲ့နှလုံး ထိမိဖို့ဖြစ်တယ်။ ၂၀၁၄ ခုနှစ်မှာရရှိခဲ့တဲ့ ဝေစာတွေကို အဲဒီရည်ရွယ်ချက်နဲ့ ထုတ်ဝေခဲ့ပါတယ်။

သေချာရွေးချယ်ထားတဲ့ ကျမ်းချက်တစ်ချက်ကို ဖတ်ပါ

၈။ ဝေစာတွေနဲ့ပတ်သက်ပြီး လုပ်ငန်းတော်ကြီးကြပ်မှူးတစ်ဦး ဘာပြောခဲ့သလဲ။

ဝေစာအသစ်တွေရဲ့ပုံစံက တစ်မျိုးတည်းပဲ။ ဒါကြောင့် ဝေစာတစ်ခုကို အသုံးပြုတတ်မယ်ဆိုရင် တခြားဝေစာအားလုံးကိုလည်း အသုံးပြုတတ်မှာဖြစ်တယ်။ အမေရိကန်နိုင်ငံ၊ ဟာဝိုင်ယီပြည်နယ်က လုပ်ငန်းတော်ကြီးကြပ်မှူးတစ်ယောက် ဒီလိုရေးခဲ့တယ်– “ဒီဝေစာအသစ်တွေဟာ တစ်အိမ်တက်ဆင်းမှာကော၊ လူထုရှေ့သက်သေခံခြင်းလုပ်ငန်းမှာပါ ဘယ်လောက် ထိရောက်မယ်ဆိုတာ ကျွန်တော်တို့ မသိခဲ့ဘူး။” ဒီဝေစာတွေက ဘာကြောင့် အသုံးပြုရလွယ်ကူသလဲ။ မေးခွန်းနဲ့ ရွေးချယ်နိုင်တဲ့အဖြေတွေကို ရှေ့စာမျက်နှာမှာ တွေ့ရတဲ့အတွက်ကြောင့်လို့ သူ ယူဆတယ်။ အိမ်ရှင်တွေက အဖြေမှားသွားမှာကို စိုးရိမ်နေစရာမလိုဘူး။ ဝေစာရေးသားထားတဲ့ပုံစံကြောင့် လူများစွာက စကားပြောချင်လာကြတယ်၊ အဲဒီကနေ စိတ်ဝင်စားစရာအကြောင်းအရာတွေကို ဆက်ဆွေးနွေးနိုင်တယ်လို့ အဲဒီညီအစ်ကိုက ပြောတယ်။

၉၊ ၁၀။ (က) ဝေစာတွေက ကျမ်းစာကို အသုံးပြုဖို့ ဘယ်လိုအထောက်အကူပြုသလဲ။ (ခ) ဘယ်ဝေစာတွေကို အသုံးပြုရာမှာ သင် အောင်မြင်ခဲ့သလဲ၊ ဘာကြောင့်လဲ။

ဝေစာတစ်ခုစီမှာ အိမ်ရှင်ကိုဖတ်ပြဖို့ သေချာရွေးချယ်ထားတဲ့ ကျမ်းချက်တစ်ချက် ပါတယ်။ ဥပမာ၊ ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မှာလားဆိုတဲ့ဝေစာကို ကြည့်ပါ။ ရှေ့စာမျက်နှာမှာပါတဲ့ မေးခွန်းကို အိမ်ရှင်ကိုမေးပါ။ အိမ်ရှင်က “အဆုံးတိုင်မယ်၊” “အဆုံးတိုင်မှာ မဟုတ်ဘူး၊” “အဆုံးတိုင်ကောင်းတိုင်မယ်” ဆိုတဲ့ အဖြေတွေထဲက တစ်ခုကို ရွေးချယ်နိုင်တယ်။ သူဘယ်လိုပဲဖြေပါစေ ဝေစာကိုဖွင့်ပြီး “ကျမ်းစာမှာ ဒီလိုပြောထားတယ်” ဆိုပြီး ဗျာဒိတ် ၂၁:၃၊ ၄ ကိုဖတ်ပြပါ။

၁၀ သမ္မာကျမ်းစာကို သင်ဘယ်လိုရှုမြင်ပါသလဲဆိုတဲ့ဝေစာကို သုံးတဲ့အခါ အိမ်ရှင်က အဖြေသုံးခုထဲက ဘယ်အဖြေကိုပဲ ရွေးချယ်ပါစေ ဝေစာကိုဖွင့်ပြီး “‘ကျမ်းဂန်ရှိသမျှသည် ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးသားထား’ တယ်လို့ ကျမ်းစာမှာပြောတယ်။ ကျမ်းချက်ထဲမှာ အဲဒီထက်မက ဖော်ပြထားတယ်” လို့ ပြောပါ။ အဲဒီနောက် ကျမ်းစာကိုဖွင့်ပြီး ၂ တိမောသေ ၃:၁၆၊ ၁၇ ကိုဖတ်ပြပါ။

၁၁၊ ၁၂။ (က) အမှုဆောင်လုပ်ငန်းမှာ ပိုပျော်ရွှင်နိုင်ဖို့ ဝေစာတွေကို ဘယ်လိုအသုံးပြုနိုင်သလဲ။ (ခ) ပြန်လည်ပတ်မှုအတွက် ပြင်ဆင်ရာမှာ ဝေစာတွေက ဘယ်လိုအထောက်အကူ ပြုနိုင်သလဲ။

၁၁ ဝေစာထဲမှာပါတဲ့ အကြောင်းအရာတွေကို ထပ်ဖတ်ပြဖို့၊ ဆက်ဆွေးနွေးဖို့ ဆုံးဖြတ်နိုင်ပါတယ်။ ဒါက အိမ်ရှင်ရဲ့တုံ့ပြန်မှုပေါ် မူတည်ပါလိမ့်မယ်။ ဒါပေမဲ့ လူတွေ ဘယ်လိုပဲတုံ့ပြန်ပါစေ ဝေစာမှာပါတဲ့အကြောင်းအရာတွေကို သူတို့ရရှိသွားပါလိမ့်မယ်၊ သင်က သူတို့ကို ကျမ်းချက်တချို့ ဖတ်ပြနိုင်ပါလိမ့်မယ်။ ပထမဆုံးအကြိမ် သူတို့ဆီသွားလည်ပတ်တဲ့အချိန်မှာ ကျမ်းချက်တစ်ချက်နှစ်ချက်ပဲ ဖတ်ပြတယ်ဆိုရင်တောင် နောက်ပိုင်းမှာပြန်လည်ပတ်ပြီး ဆက်ဆွေးနွေးနိုင်ပါလိမ့်မယ်။

၁၂ ဝေစာတွေရဲ့နောက်ကျောမှာ “စဉ်းစားကြည့်ပါ” ဆိုတဲ့ ခေါင်းစဉ်ငယ် ပါတယ်။ အဲဒီခေါင်းစဉ်ငယ်အောက်မှာ ပြန်လည်ပတ်မှုသွားတဲ့အခါ ဆွေးနွေးနိုင်တဲ့ ကျမ်းချက်တွေနဲ့ မေးခွန်းတစ်ခုပါတယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်လို့ သင်ထင်သလဲ ဝေစာမှာ “ကမ္ဘာ့အခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင် ဘုရားသခင် ဘယ်လို ပြုပြင်ပြောင်းလဲပေးမှာလဲ” ဆိုတဲ့ မေးခွန်းပါတယ်။ မဿဲ ၆:၉၊ ၁၀ နဲ့ ဒံယေလ ၂:၄၄ ကို ဖတ်ပြဖို့ ညွှန်းထားတယ်။ သေလွန်သူတွေ အသက်ပြန်ရှင်လာနိုင်မလား ဝေစာမှာ “ကျွန်ုပ်တို့ ဘာကြောင့် အိုမင်းလာပြီး သေဆုံးရတာလဲ” ဆိုတဲ့ မေးခွန်းပါတယ်။ ကမ္ဘာဦး ၃:၁၇-၁၉ နဲ့ ရောမ ၅:၁၂ ကိုဖတ်ပြဖို့ ညွှန်းထားတယ်။

ဒီဝေစာတွေက ကျမ်းစာသင်အံမှုစတင်နိုင်ဖို့အတွက် ထုတ်ဝေထားတာဖြစ်တယ်

၁၃။ ကျမ်းစာသင်အံမှုစတင်နိုင်ဖို့ ဝေစာတွေကို ဘယ်လိုသုံးနိုင်သလဲဆိုတာ ရှင်းပြပါ။

၁၃ ဒီဝေစာတွေက ကျမ်းစာသင်အံမှုစတင်နိုင်ဖို့အတွက် ထုတ်ဝေထားတာဖြစ်တယ်။ ဝေစာနောက်မှာပါတဲ့ QR သင်္ကေတ *ကို စကင် (Scan) ဆွဲလိုက်ရင် အဖွဲ့အစည်းရဲ့ဝက်ဘ်ဆိုက်ထဲကို ဝင်သွားပါလိမ့်မယ်။ အဲဒီမှာ ကျမ်းစာလေ့လာဖို့ ဖိတ်ခေါ်ထားတယ်။ အဲဒီဝေစာတွေထဲမှာ လူမျိုးအားလုံးအတွက် သတင်းကောင်း ဘရိုရှာကိုလည်း ညွှန်းထားတယ်။ ဝေစာတစ်ခုစီက အဲဒီဘရိုရှာမှာပါတဲ့ အခန်းတစ်ခန်းစီကို ညွှန်းထားတယ်။ ဥပမာ၊ ဒီကမ္ဘာကို အမှန်တကယ်အုပ်ချုပ်နေသူက ဘယ်သူလဲ ဆိုတဲ့ဝေစာမှာ ဘရိုရှာရဲ့အခန်း ၅ ကို ညွှန်းထားတယ်။ သာယာချမ်းမြေ့တဲ့ မိသားစုဘဝကို ဘယ်လိုရရှိနိုင်သလဲဝေစာမှာ အခန်း ၉ ကိုညွှန်းထားတယ်။ ဒီဝေစာတွေက ဦးဆုံးလည်ပတ်ချိန်နဲ့ ပြန်လည်ပတ်မှုလုပ်တဲ့အချိန်မှာ ကျမ်းစာကို အသုံးပြုနိုင်ဖို့ အထောက်အကူဖြစ်စေတယ်။ ဒီလိုနည်းနဲ့ ကျမ်းစာသင်အံမှုများများ စနိုင်ပါလိမ့်မယ်။ ကျမ်းစာကို ထိထိရောက်ရောက် အသုံးပြုနိုင်တဲ့ နောက်ထပ်နည်းလမ်းတွေ ရှိသေးသလား။

လူတွေစိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုကို ဆွေးနွေးပါ

၁၄၊ ၁၅။ အမှုဆောင်လုပ်ငန်းမှာ ပေါလုရဲ့ပုံနမူနာကို ဘယ်လိုတုပနိုင်သလဲ။

၁၄ ပေါလုဟာ သူ့ရဲ့အမှုဆောင်လုပ်ငန်းမှာ လူအများ စဉ်းစားနေတဲ့အကြောင်းအရာတွေကို စိတ်ဝင်စားခဲ့တယ်။ (၁ ကောရိန္သု ၉:၁၉–၂၃ ကိုဖတ်ပါ။) ဘာကြောင့်လဲ။ ပေါလုက ဂျူးနဲ့ တခြားလူမျိုးတွေဖြစ်တဲ့ “လူအမျိုးမျိုး” ကို အမှန်တရားအကြောင်းသိအောင် ကူညီပေးချင်တယ်၊ ဒါမှ သူတို့တွေ ကယ်တင်ခံရမယ်။ (တ. ၂၀:၂၁) အမှုဆောင်လုပ်ငန်းမှာ “လူအမျိုးမျိုး” ကို ဟောပြောဖို့ ပြင်ဆင်ရာမှာ ပေါလုရဲ့ပုံသက်သေကို ဘယ်လိုတုပနိုင်သလဲ။—၁ တိ. ၂:၃၊ ၄

၁၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု လထုတ်တိုင်းမှာ သတင်းကောင်းတင်ဆက်နိုင်တဲ့ အကြံပြုချက်တွေပါတယ်။ အဲဒါတွေကို အသုံးပြုကြည့်ပါ။ ဒါပေမဲ့ သင့်ရပ်ကွက်မှာရှိတဲ့လူတွေက တခြားအကြောင်းအရာတွေကို စိတ်ဝင်စားတယ်ဆိုရင်ကော။ သူတို့စိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုကို ပြောဖို့ ပြင်ဆင်ပါ။ သင့်ပတ်ဝန်းကျင်ကလူတွေ ဘာကို စိုးရိမ်ပူပန်နေသလဲ။ အဲဒီအကြောင်းအရာနဲ့ သက်ဆိုင်တဲ့ကျမ်းချက်တစ်ချက် ရွေးပါ။ တိုက်နယ်ကြီးကြပ်မှူးတစ်ဦးနဲ့ သူ့ဇနီးက ကျမ်းစာကို သူတို့ ပိုအသုံးပြုနိုင်ခဲ့တဲ့နည်းလမ်းကို ပြောပြတယ်– “ကျွန်တော်တို့က တိုတိုနဲ့လိုရင်းပဲပြောတယ်ဆိုရင် အိမ်ရှင်အများစုက ကျမ်းချက်တစ်ချက်ဖတ်ပြတာကို လက်ခံတယ်။ ကျွန်တော်တို့လက်ထဲမှာ ကျမ်းစာအုပ်ကို အသင့်ကိုင်ထားပြီး အိမ်ရှင်ကို နှုတ်ဆက်တယ်၊ အဲဒီနောက် ကျမ်းချက်တစ်ချက် ဖတ်ပြတယ်။” နောက်အပိုဒ်တွေမှာ အမှုဆောင်လုပ်ငန်းမှာ အောင်မြင်မှုရခဲ့တဲ့ အကြောင်းအရာ၊ မေးခွန်းနဲ့ ကျမ်းချက်တချို့ကို ဆွေးနွေးပါမယ်။ သင့်ရပ်ကွက်မှာ အဲဒီထဲက တချို့ကို စမ်းသုံးကြည့်ပါ။

အမှုဆောင်လုပ်ငန်းမှာ ကျမ်းစာနဲ့ဝေစာတွေကို ထိထိရောက်ရောက် အသုံးပြုနေသလား (အပိုဒ် ၈-၁၃ ကိုကြည့်ပါ)

၁၆။ အမှုဆောင်လုပ်ငန်းမှာ ဟေရှာယ ၁၄:၇ ကို ဘယ်လိုအသုံးပြုနိုင်တယ်ဆိုတာ ရှင်းပြပါ။

၁၆ သင်က ရာဇဝတ်မှု၊ အကြမ်းဖက်မှု ပေါများတဲ့နေရာမှာ နေထိုင်တယ်ဆိုရင် လူတစ်ယောက်ကို ဒီလိုပြောနိုင်တယ်– “သတင်းစာရဲ့ ရှေ့စာမျက်နှာမှာ ‘အခု ကမ္ဘာတစ်ခုလုံး အေးချမ်းငြိမ်သက်သွားပြီ၊ ပြဿနာတွေ မရှိတော့ဘူး။ လူတွေ ဝမ်းသာပျော်ရွှင်နေတယ်’ ဆိုတဲ့သတင်း ပါလာတယ်လို့ မြင်ယောင်ကြည့်ပါ။ ဟေရှာယ ၁၄:၇ မှာ အဲဒီအတိုင်းရေးထားတယ်။ ကျမ်းစာထဲမှာ မကြာခင် ငြိမ်သက်အေးချမ်းတော့မယ်ဆိုတဲ့ ဘုရားသခင့်ကတိတွေ အများကြီးပါတယ်။” အဲဒီနောက် ကျမ်းစာမှာပါတဲ့ ဘုရားပေးကတိတွေထဲက တစ်ခုကို ဖတ်ပြပါ။

၁၇။ မဿဲ ၅:၃ ကို ဘယ်လိုအသုံးပြုနိုင်သလဲ။

၁၇ သင့်ရပ်ကွက်မှာရှိတဲ့ လူအများစုက သူတို့ရဲ့မိသားစုတွေကို ထောက်ပံ့ဖို့ ခက်ခဲနေသလား။ အဲဒီလိုဖြစ်နေတယ်ဆိုရင် “လူတစ်ယောက်ဟာ သူ့မိသားစု ဖူဖူလုံလုံရှိဖို့ ဝင်ငွေဘယ်လောက်ရှိရမလဲ” လို့မေးပြီး စကားစနိုင်ပါတယ်။ အိမ်ရှင်အဖြေပေးပြီးတဲ့နောက်မှာ ဒီလိုဆက်ပြောနိုင်တယ်– “အမျိုးသားအများစုမှာ အဲဒီထက်မက ဝင်ငွေရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့မိသားစုတွေ မပျော်ကြဘူး။ ဒါဆိုရင် တကယ်လိုအပ်နေတာက ဘာဖြစ်မလဲ။” အဲဒီနောက် မဿဲ ၅:၃ ကိုဖတ်ပြီး ကျမ်းစာသင်အံမှု ကမ်းလှမ်းပါ။

၁၈။ တခြားသူတွေကို နှစ်သိမ့်ပေးဖို့ ယေရမိ ၂၉:၁၁ ကို ဘယ်လိုအသုံးပြုနိုင်သလဲ။

၁၈ သင့်ဒေသကလူတွေ မကြာသေးခင်က ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရသလား။ ကြုံခဲ့တယ်ဆိုရင် “ခင်ဗျားကို နှစ်သိမ့်ပေးဖို့ ကျွန်တော်ရောက်လာတာပါ” လို့ စကားစပြောနိုင်တယ်။ (ယေရမိ ၂၉:၁၁ ကိုဖတ်ပါ။) “ကျွန်တော်တို့အတွက် ဘုရားသခင်လုပ်ပေးချင်တဲ့အရာကို တွေ့သလား။ ဒီကျမ်းချက်မှာ ‘ငြိမ်သက်ခြင်း’ နဲ့ ‘မျှော်လင့်ခြင်း’ အကြောင်း ပြောထားတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ကောင်းမွန်တဲ့အသက်တာ ရရှိစေချင်တယ်ဆိုတာ သိရလို့ ဝမ်းသာစရာပဲ။ ဒါပေမဲ့ အဲဒါ ဘယ်လိုဖြစ်လာနိုင်မလဲ။” အဲဒီနောက် သတင်းကောင်းဘရိုရှာထဲက သင့်တော်တဲ့အခန်းကို ပြပါ။

၁၉။ ဘာသာရေးကို စိတ်ဝင်စားတဲ့သူတွေနဲ့ စကားပြောတဲ့အခါ ဗျာဒိတ် ၁၄:၆၊ ၇ ကို ဘယ်လိုသုံးနိုင်သလဲဆိုတာ ရှင်းပြပါ။

၁၉ သင့်ဒေသမှာရှိတဲ့ လူတွေက ဘာသာရေးကို စိတ်ဝင်စားကြသလား။ စိတ်ဝင်စားတယ်ဆိုရင် ဒီလိုပြောနိုင်ပါတယ်– “ကောင်းကင်တမန်တစ်ပါးက ခင်ဗျားကို စကားလာပြောတယ်ဆိုရင် သူပြောတာကို နားထောင်မယ်မဟုတ်လား။ (ဗျာဒိတ် ၁၄:၆၊ ၇ ကိုဖတ်ပါ။) အဲဒီကောင်းကင်တမန်က ‘ဘုရားသခင်ကို ကြောက်ရွံ့’ ဖို့ ပြောတယ်၊ ဘယ်ဘုရားကို ပြောတာလဲ။ ‘ကောင်းကင်မြေကြီးကို ပြုလုပ်တဲ့’ ဘုရားကိုပြောနေတာ။ အဲဒီဘုရားက ဘယ်သူလဲ။” အဲဒီနောက် ယေရမိ ၃၃:၂ ကိုဖတ်ပြီး “ဤအမှုကို ဖန်ဆင်းစီရင်သောဘုရားရဲ့နာမည်က ယေဟောဝါလို့ ခေါ်တယ်” ဆိုပြီး ပြောပါ။ အဲဒီနောက် ယေဟောဝါဘုရားအကြောင်း ထပ်ဆင့်ရှင်းပြမယ်လို့ ပြောပါ။

၂၀။ (က) လူတစ်ယောက်ကို ဘုရားသခင့်နာမည်အကြောင်း ပြောပြတဲ့အခါ သုတ္တံ ၃၀:၄ ကို ဘယ်လိုအသုံးပြုနိုင်သလဲ။ (ခ) သင် အမှုဆောင်လုပ်ငန်းမှာ ဘယ်ကျမ်းချက်ကိုသုံးပြီး အောင်မြင်မှုရခဲ့သလဲ။

၂၀ လူငယ်တစ်ယောက်နဲ့တွေ့တဲ့အခါမှာ ဒီလိုစပြောနိုင်တယ်– “သိပ်အရေးကြီးတဲ့မေးခွန်းတစ်ခု မေးထားတဲ့ ကျမ်းချက်တစ်ချက် ဖတ်ပြချင်တယ်။ (သုတ္တံ ၃၀:၄ ကိုဖတ်ပါ။) ဘယ်လူသားတစ်ယောက်မှ ဒီအရာတွေကို မလုပ်နိုင်ဘူး။ ဒါကြောင့် ဒီကျမ်းချက်က ဖန်ဆင်းရှင်ကိုပြောတာ ဖြစ်ရမယ်။ * သူ့နာမည်ကို ဘယ်လိုသိနိုင်သလဲ။ ခင်ဗျားကို ကျမ်းစာထဲကနေ ဖတ်ပြချင်တယ်။”

အမှုဆောင်လုပ်ငန်းမှာ တန်ခိုးရှိတဲ့ ဘုရားသခင့်တရားစကားတော်ကို အသုံးပြုပါ

၂၁၊ ၂၂။ (က) သေချာရွေးချယ်ထားတဲ့ ကျမ်းချက်တစ်ချက်က လူတစ်ယောက်ရဲ့အသက်တာကို ဘယ်လိုပြောင်းလဲနိုင်သလဲ။ (ခ) သင် အမှုဆောင်လုပ်ငန်းမှာ ဘာကိုအသုံးပြုဖို့ ဆုံးဖြတ်ထားသလဲ။

၂၁ သေချာရွေးချယ်ထားတဲ့ ကျမ်းချက်တစ်ချက်ကို လူတွေ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ မသိနိုင်ဘူး။ ဥပမာ၊ ဩစတြေးလျနိုင်ငံက သက်သေခံနှစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်ရဲ့အိမ်တံခါးကို သွားခေါက်တယ်။ သက်သေခံတစ်ယောက်က အမျိုးသမီးကို “ဘုရားသခင့်နာမည် သိလား” လို့ မေးပြီး ဆာလံ ၈၃:၁၈ ကိုဖတ်ပြတယ်။ အဲဒီအိမ်ရှင်အမျိုးသမီး ဒီလိုပြောပြတယ်– “ကျွန်မ အံ့ဩပြီး ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားတယ်။ သူတို့ထွက်သွားတော့ ကျွန်မက ၃၅ မိုင် (၅၆ ကီလိုမီတာ) လောက်ဝေးတဲ့ စာအုပ်ဆိုင်ကိုသွားပြီး တခြားဘာသာပြန်ကျမ်းတွေကို ဖတ်ကြည့်တယ်၊ အဘိဓာန်မှာ အဲဒီနာမည်ကို ရှာကြည့်တယ်။ ဘုရားသခင့်နာမည်ဟာ ယေဟောဝါဆိုတာ ကျွန်မ သေချာသိလိုက်တဲ့အခါ ငါမသိသေးတာ နောက်ထပ်ဘာများရှိသေးသလဲလို့ စဉ်းစားမိတယ်။” မကြာခင် သူကိုယ်တိုင်ရော သူနဲ့စေ့စပ်ထားတဲ့အမျိုးသားပါ ကျမ်းစာစလေ့လာပြီး နောက်ပိုင်းမှာ နှစ်ခြင်းခံခဲ့ကြတယ်။

သေချာရွေးချယ်ထားတဲ့ ကျမ်းချက်တစ်ချက်ကို လူတွေ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ မသိနိုင်ဘူး

၂၂ ဘုရားသခင့်တရားစကားတော်မှာ လူတွေရဲ့အသက်တာကို ပြောင်းလဲနိုင်တဲ့တန်ခိုး ရှိတယ်။ လူတစ်ယောက် ကျမ်းစာကိုဖတ်တဲ့အခါ ဘုရားသခင်ရဲ့ကတိတော်တွေကို သူ ပိုယုံကြည်လာနိုင်တယ်။ အဲဒီယုံကြည်ခြင်းက သူ သိရှိလာတာတွေကို လက်တွေ့ကျင့်သုံးဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။ (၁ သက်သာလောနိတ် ၂:၁၃ ကိုဖတ်ပါ။) ကျမ်းစာသတင်းစကားက ကျွန်ုပ်တို့ပြောနိုင်တဲ့ ဘယ်စကားထက်မဆို ပိုပြီးတန်ခိုးရှိတယ်။ ဒါကြောင့် အမှုဆောင်လုပ်ငန်းမှာ ဘုရားသခင့်တရားစကားတော်ကို အတတ်နိုင်ဆုံး အသုံးပြုကြစို့။ ဘုရားသခင့်တရားစကားတော်က အသက်ရှင်တယ်။

^ စာပိုဒ်၊ 13 QR သင်္ကေတဆိုတာ ဒန်ဆိုဝေ့ဖ် (Denso Wave) ကုမ္ပဏီရဲ့ မူပိုင်အမှတ်တံဆိပ်ဖြစ်တယ်။

^ စာပိုဒ်၊ 20 ကင်းမျှော်စင်၊ ဇူလိုင် ၁၅၊ ၁၉၈၇၊ စာမျက်နှာ ၃၁ [အင်္ဂလိပ်] မှာပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုကြည့်ပါ။