မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ယေရှုက ဇဒ္ဒုကဲတွေကို ရှင်ပြန်ထမြောက်လာတဲ့သူတွေဟာ “ထိမ်းမြားပေးစားခြင်းကို ပြုကြမည်မဟုတ်” လို့ ပြောခဲ့တယ်။ (လု. ၂၀:၃၄-၃၆) မြေကြီးပေါ် ရှင်ပြန်ထမြောက်ခြင်းအကြောင်း ယေရှု ပြောနေတာလား။

ဒီမေးခွန်းက အရေးကြီးတယ်၊ အထူးသဖြင့် အိမ်ထောင်ဖက်ဆုံးပါးသွားသူတွေအတွက် ပိုအရေးကြီးတယ်။ အဲဒီသူတွေဟာ ကမ္ဘာသစ်မှာ ရှင်ပြန်ထမြောက်လာတဲ့ သူတို့ရဲ့အိမ်ထောင်ဖက်တွေနဲ့ ပြန်ပေါင်းစည်းချင်တဲ့ဆန္ဒ ရှိကြမှာပဲ။ ညီအစ်ကိုတစ်ယောက်က ဒီလိုပြောတယ်– “ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဟာ အိမ်ထောင်ရေးကို အဆုံးသတ်ဖို့ ဘယ်တော့မှ မစဉ်းစားခဲ့ဘူး။ ဝတ်ပြုရေးမှာ ထာဝစဉ်အတူတူ ပါဝင်သွားဖို့ဆိုတာက ကျွန်တော်တို့ရဲ့ဆန္ဒပဲ။ ကျွန်တော့်ရဲ့အဲဒီဆန္ဒက တစ်ခါမှ မပြောင်းလဲခဲ့ဘူး။” မြေကြီးပေါ် ရှင်ပြန်ထမြောက်လာမယ့်သူတွေ လက်ထပ်ထိမ်းမြားနိုင်တယ်လို့ ယူဆစရာအကြောင်း ရှိပါသလား။ အတိအကျ မပြောနိုင်ပါဘူး။

ရှင်ပြန်ထမြောက်ခြင်း၊ လက်ထပ်ထိမ်းမြားခြင်းနဲ့ဆိုင်တဲ့ ယေရှုရဲ့ အဲဒီစကားတွေက မြေကြီးပေါ်မှာထမြောက်လာမယ့်သူတွေကို ရည်ညွှန်းတာလို့ ကျွန်ုပ်တို့ရဲ့စာပေတွေမှာ နှစ်ပေါင်းများစွာ ဖော်ပြခဲ့တယ်။ ဒါ့အပြင် ကမ္ဘာသစ်မှာ ထမြောက်လာမယ့်သူတွေဟာ ထိမ်းမြားမှာ မဟုတ်ဘူးလို့လည်း ဖော်ပြခဲ့တယ်။ * (မ. ၂၂:၂၉၊ ၃၀; မာ. ၁၂:၂၄၊ ၂၅; လု. ၂၀:၃၄-၃၆) ဒါပေမဲ့ ယေရှုရဲ့အဲဒီစကားတွေက ကောင်းကင်ကို ထမြောက်သွားမယ့်သူတွေကို ရည်ညွှန်းတာကော မဖြစ်နိုင်ဘူးလား။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျ မပြောဘဲ ယေရှုရဲ့စကားတွေကို လေ့လာကြည့်ကြစို့။

ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်တဲ့ အဲဒီစကားတွေကို ယေရှု ဘယ်သူတွေကို ပြောခဲ့တာလဲ။ (လုကာ ၂၀:၂၇–၃၃ ကိုဖတ်ပါ။) ဇဒ္ဒုကဲတွေကို ပြောခဲ့တာဖြစ်တယ်။ ဇဒ္ဒုကဲတွေက ရှင်ပြန်ထမြောက်ခြင်းကို မယုံကြဘူး။ သူတို့က ရှင်ပြန်ထမြောက်ခြင်း၊ မရီးမတ်ယူအစီအစဉ်နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုမေးပြီး ယေရှုကို ထောင်ချောက်ဆင်ဖို့ ကြိုးစားခဲ့တယ်။ * ယေရှုက သူတို့ကို ဒီလိုပြောခဲ့တယ်– “ဤလောကသားတို့သည် ထိမ်းမြားပေးစားခြင်းကို ပြုတတ်ကြ၏။ သို့သော် လာမည့်ကာလတွင် သေခြင်းမှထမြောက်ခြင်းကို ရထိုက်သူတို့သည် ထိမ်းမြားပေးစားခြင်းကို ပြုကြမည်မဟုတ်။ သူတို့သည် သေရတော့မည်မဟုတ်။ ကောင်းကင်တမန်များကဲ့သို့ ဖြစ်ကြလိမ့်မည်။ ရှင်ပြန်ထမြောက်လာသောကြောင့် ဘုရားသခင်၏သားသမီးများ ဖြစ်ကြလိမ့်မည်။”—လု. ၂၀:၃၄-၃၆

ယေရှုရဲ့အဲဒီစကားတွေက မြေကြီးပေါ်ရှင်ပြန်ထမြောက်ခြင်းအကြောင်း ပြောတာဖြစ်နိုင်တယ်လို့ ကျွန်ုပ်တို့ရဲ့စာပေတွေမှာ ဘာကြောင့် ဖော်ပြခဲ့တာလဲ။ အဓိကအကြောင်းရင်းနှစ်ခု ရှိပါတယ်။ ပထမတစ်ခုက ဇဒ္ဒုကဲတွေဟာ ယေရှုနဲ့စကားပြောတဲ့အခါ မြေကြီးပေါ်ရှင်ပြန်ထမြောက်ခြင်းအကြောင်း ပြောနေပုံရတယ်။ အဲဒါကြောင့် ယေရှုဟာ မြေကြီးပေါ် ရှင်ပြန်ထမြောက်ခြင်းအကြောင်းပြောပြီး အဖြေပေးခဲ့တာ ဖြစ်မယ်လို့ ကောက်ချက်ချကြတယ်။ ဒုတိယတစ်ခုက ယေရှုဟာ သူ့ရဲ့အဖြေကို အာဗြဟံ၊ ဣဇာက်နဲ့ ယာကုပ်တို့အကြောင်းပြောပြီး နိဂုံးချုပ်ခဲ့တယ်။ အဲဒီသစ္စာရှိသူတွေဟာ မြေကြီးပေါ် ရှင်ပြန်ထမြောက်လာမယ့်သူတွေ ဖြစ်တယ်။—လု. ၂၀:၃၇၊ ၃၈

ဒါပေမဲ့ ကောင်းကင်ကို ရှင်ပြန်ထမြောက်သွားခြင်းအကြောင်း ယေရှု ပြောနေတာလည်း ဖြစ်နိုင်တယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်တာလဲ။ ဇဒ္ဒုကဲတွေကို ယေရှုပြန်ဖြေတဲ့အဖြေမှာပါတဲ့ အချက်နှစ်ချက်ကို လေ့လာကြည့်ကြစို့။

“သေခြင်းမှထမြောက်ခြင်းကို ရထိုက်သူတို့။” သစ္စာရှိဘိသိက်ခံတွေဟာ “ဘုရားသခင့်နိုင်ငံတော်နှင့် ထိုက်တန်သူများ” ဖြစ်တယ်။ (၂ သက်. ၁:၅၊ ၁၁) ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးပူဇော်သကာကြောင့် ဘုရားသခင်က ဘိသိက်ခံတွေကို ဖြောင့်မတ်သူတွေလို့ ရှုမြင်တယ်။ သူတို့သေဆုံးသွားပြီဆိုရင် အပြစ်တရားကနေ လွတ်မြောက်ပြီလို့ ဘုရားသခင် ရှုမြင်တယ်။ (ရော. ၅:၁၊ ၁၈; ၈:၁) ဘိသိက်ခံတွေဟာ ‘ပျော်ရွှင်၊ သန့်ရှင်း’ သူတွေလို့ အခေါ်ခံရပြီး ကောင်းကင်ကို ထမြောက်ခြင်းရထိုက်သူတွေအဖြစ် ရှုမြင်ခံရတယ်။ (ဗျာ. ၂၀:၅၊ ၆) မြေကြီးပေါ်အသက်ရှင်ဖို့ ထမြောက်လာတဲ့သူတွေကို အဲဒီလိုပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ မြေကြီးပေါ်ထမြောက်လာမယ့်သူတွေထဲမှာ “မဖြောင့်မတ်သောသူ” တွေလည်း ပါနေလို့ပဲ။ (တ. ၂၄:၁၅) “မဖြောင့်မတ်သောသူ” တွေကို ထမြောက်ခြင်းနဲ့ “ထိုက်တန်” သူတွေလို့ ခေါ်နိုင်ပါ့မလား။

“သူတို့သည် သေရတော့မည် မဟုတ်။” ယေရှုက “သူတို့ သေလိမ့်မည် မဟုတ်” ဆိုပြီး မပြောခဲ့ဘူး။ အဲဒီအစား “သူတို့သည် သေရတော့မည် မဟုတ်၊” နောက်တစ်မျိုးပြောရရင် သူတို့ နောက်ထပ်မသေနိုင်တော့ဘူးလို့ ပြောခဲ့တယ်။ တခြားဘာသာပြန်ကျမ်းတွေမှာ အဲဒီစကားစုကို “သူတို့က သေခြင်းတရားအောက်မှာ ရှိတော့မှာမဟုတ်၊” “သေခြင်းက သူတို့အပေါ် ထိန်းချုပ်နိုင်တော့မှာမဟုတ်” လို့ ဘာသာပြန်တယ်။ သစ္စာရှိတဲ့ ဘိသိက်ခံတွေဟာ ကောင်းကင်ကို ထမြောက်သွားကြတယ်။ သူတို့ဟာ ကောင်းကင်ရောက်သွားရင် မသေနိုင်တော့ဘူး။ ဆိုလိုတာက သူတို့ မသေနိုင်ဘူး၊ သူတို့ရဲ့အသက်ကို ဖျက်ဆီးလို့မရဘူး။ (၁ ကော. ၁၅:၅၃၊ ၅၄) သေခြင်းက ကောင်းကင်ကို ထမြောက်သွားမယ့်သူတွေအပေါ် မအုပ်စိုးနိုင်ဘူး။ *

ကျွန်ုပ်တို့ ဆွေးနွေးခဲ့တဲ့အချက်တွေပေါ်မူတည်ပြီး ဘယ်လိုကောက်ချက်ချနိုင်သလဲ။ ကောင်းကင်ကို ထမြောက်ခြင်းအကြောင်း ယေရှု ပြောနေတာဖြစ်မယ်လို့ ကျွန်ုပ်တို့ သိရတယ်။ အဲဒီလိုဆိုရင် ကောင်းကင်ကို ထမြောက်သွားမယ့် သူတွေနဲ့ပတ်သက်ပြီး အောက်ပါအချက်သုံးချက်ကို သိနိုင်တယ်– (၁) သူတို့ လက်ထပ်ထိမ်းမြားခြင်း မပြုဘူး၊ (၂) သူတို့က မသေနိုင်ဘူး၊ (၃) သူတို့တွေဟာ ကောင်းကင်မှာရှိတဲ့ ကောင်းကင်တမန်တွေနဲ့ တူတာတွေရှိတယ်။ ဒါပေမဲ့ ကောင်းကင်ကိုထမြောက်တဲ့အကြောင်း ယေရှု ပြောခဲ့တာဆိုရင် အောက်ပါမေးခွန်းတွေကို ဖြေဖို့ လိုပါလိမ့်မယ်။

ပထမ၊ ဇဒ္ဒုကဲတွေဟာ မြေကြီးပေါ် ထမြောက်ခြင်းအကြောင်း မေးနေတာဖြစ်နိုင်တယ်။ ဒါဆိုရင် ယေရှုက ဘာဖြစ်လို့ ကောင်းကင်ကို ထမြောက်သွားခြင်းအကြောင်း ဖြေရတာလဲ။ ယေရှုက မေးခွန်းမေးသူတွေရဲ့ စဉ်းစားပုံနဲ့အညီ အမြဲအဖြေမပေးဘူး။ ဥပမာ၊ ဂျူးတချို့ ယေရှုကို အံ့ဖွယ်အမှုတစ်ခုလုပ်ပြဖို့ တောင်းဆိုတဲ့အခါ ယေရှုက “ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်တည်းနဲ့ ငါတည်ဆောက်မည်” လို့ ပြန်ဖြေတယ်။ မေးခွန်းမေးတဲ့သူတွေက ဗိမာန်တော်အဆောက်အအုံကို စဉ်းစားနေမယ်ဆိုတာ ယေရှုသိပုံရတယ်၊ ဒါပေမဲ့ ယေရှုက “မိမိ၏ခန္ဓာကိုယ်တည်းဟူသော ဗိမာန်တော်ကို” ရည်ညွှန်းပြီး ပြောခဲ့တယ်။ (ယော. ၂:၁၈-၂၁) သူတော်ကောင်းယောင်ဆောင်တဲ့ ဇဒ္ဒုကဲတွေ မေးတာကို ပြန်ဖြေရမယ်လို့ ယေရှု မယူဆခဲ့တာ ဖြစ်နိုင်တယ်။ ဒါ့အပြင် ဇဒ္ဒုကဲတွေဟာ ရှင်ပြန်ထမြောက်ခြင်းနဲ့ ကောင်းကင်တမန်တွေ ရှိတယ်ဆိုတာကို မယုံကြည်ကြဘူး။ (သု. ၂၃:၉; မ. ၇:၆; တ. ၂၃:၈) ယေရှုက သူ့ရဲ့တပည့်တွေကို ကောင်းကင်ကို ထမြောက်သွားခြင်းအကြောင်း အသေးစိတ်အချက်အလက်တွေ ပြောပြချင်လို့ ဖြစ်နိုင်တယ်။ တပည့်တွေက ကောင်းကင်ကို ထမြောက်ဖို့မျှော်လင့်ချက်ရှိတဲ့ စိတ်နှလုံးရိုးဖြောင့်သူတွေ ဖြစ်တယ်။

ဒုတိယ၊ ယေရှုက ဘာကြောင့် သူ့ရဲ့စကားကို အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့အကြောင်းပြောပြီး နိဂုံးချုပ်ရတာလဲ။ သူတို့ဟာ မြေကြီးပေါ်မှာ အသက်ရှင်ဖို့ ရှင်ပြန်ထမြောက်လာမယ့်သူတွေ ဖြစ်တယ်။ (မဿဲ ၂၂:၃၁၊ ၃၂ ကိုဖတ်ပါ။) ဒီသစ္စာရှိသူတွေအကြောင်းမပြောခင် ယေရှုက သူ့ရဲ့စကားကို “လူသေတို့၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်း” ဆိုတဲ့ စကားစုနဲ့ အစပြုခဲ့တယ်။ ဒီစကားစုက ကောင်းကင်ပေါ် ထမြောက်ခြင်းအကြောင်း ပြောရာကနေ မြေကြီးပေါ် ထမြောက်ခြင်းအကြောင်း ပြောတော့မယ်ဆိုတာကို သိရှိစေတယ်။ ဇဒ္ဒုကဲတွေက မောရှေရေးခဲ့တာတွေကို လက်ခံတယ်ဆိုတာ ယေရှုသိတယ်၊ ဒါကြောင့် ယေရှုက မီးလောင်နေတဲ့ချုံပုတ်အနားမှာ မောရှေကို ဘုရားသခင် ပြောခဲ့တဲ့စကားတွေကို ကိုးကားခဲ့တယ်။ မြေကြီးပေါ်ရှင်ပြန်ထမြောက်ခြင်းဆိုတာက ဘုရားသခင့်ရည်ရွယ်ချက်တစ်ခု ဖြစ်တယ်ဆိုတာ ဇဒ္ဒုကဲတွေကို ယေရှု သက်သေပြချင်ခဲ့တယ်။—ထွ. ၃:၁-၆

တတိယ၊ ယေရှုရဲ့စကားတွေက ကောင်းကင်ကို ထမြောက်သွားခြင်းအကြောင်း ဖြစ်တယ်ဆိုရင် မြေကြီးပေါ်ထမြောက်လာမယ့်သူတွေက လက်ထပ်ထိမ်းမြားလို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်လား။ ဒီမေးခွန်းကို ကျမ်းစာမှာ တိတိကျကျ အဖြေမပေးထားဘူး။ ကောင်းကင်ကို ထမြောက်သွားခြင်းအကြောင်း ယေရှု ပြောနေတယ်ဆိုရင်တောင် မြေကြီးပေါ်ထမြောက်လာမယ့်သူတွေဟာ ကမ္ဘာသစ်မှာ လက်ထပ်ထိမ်းမြားနိုင်မလား၊ မထိမ်းမြားနိုင်ဘူးလား ဆိုတာနဲ့ပတ်သက်ပြီး သူ့ရဲ့စကားမှာ ဘာမှမဖော်ပြဘူး။

သေခြင်းက အိမ်ထောင်နှောင်ကြိုးကို ပြတ်တောက်စေတယ်လို့ ကျမ်းစာထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ဒါကြောင့် အိမ်ထောင်ဖက်ဆုံးပါးသွားလို့ အိမ်ထောင်ထပ်ပြုဖို့ ဆုံးဖြတ်တယ်ဆိုရင် အပြစ်ရှိတယ်လို့ ခံစားစရာမလိုဘူး။ ဒါက ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ။ အိမ်ထောင်ဖက်ဆုံးပါးသွားလို့ နောက်ထပ်အိမ်ထောင်ပြုချင်တဲ့သူကို ဘယ်သူမှ အပြစ်မတင်သင့်ဘူး။—ရော. ၇:၂၊ ၃; ၁ ကော. ၇:၃၉

ကမ္ဘာသစ်မှာ ဘယ်လိုအသက်ရှင်နေထိုင်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့မှာ မေးခွန်းတွေ အများကြီးရှိနိုင်တယ်။ အဲဒီမေးခွန်းတွေရဲ့အဖြေကို မှန်းဆနေမယ့်အစား စောင့်ကြည့်နေဖို့ဖြစ်တယ်။ သေချာတာတစ်ခုကတော့ ဘုရားသခင့်စကားနားထောင်တဲ့သူတွေဟာ ပျော်ရွှင်ရပါလိမ့်မယ်၊ ဘာကြောင့်လဲဆိုတော့ ယေဟောဝါက သူတို့ရဲ့လိုအပ်ရာတွေနဲ့ ဆန္ဒတွေအားလုံးကို အကောင်းဆုံးနည်းနဲ့ ဖြည့်ဆည်းပေးမှာ ဖြစ်လို့ပဲ။—ဆာ. ၁၄၅:၁၆

^ စာပိုဒ်၊ 4 ကင်းမျှော်စင်၊ ဇွန် ၁၊ ၁၉၈၇၊ စာမျက်နှာ ၃၀-၃၁ [အင်္ဂလိပ်] ကိုကြည့်ပါ။

^ စာပိုဒ်၊ 5 မရီးမတ်ယူအစီအစဉ်က ရှေးခေတ် ထုံးစံတစ်ခုဖြစ်တယ်။ လူတစ်ယောက် သားမရှိပဲသေသွားမယ်ဆိုရင် ကျန်ရစ်တဲ့သူ့မိန်းမက သူ့ရဲ့ညီကိုယူရတယ်။ အဲဒီလိုလုပ်တာက သားတစ်ယောက်မွေးပြီး သူ့အစ်ကိုရဲ့ မိသားစုမျိုးရိုးနာမည်ကို ဆက်ထိန်းသိမ်းခွင့် ရရှိစေတယ်။—က. ၃၈:၈; တရား. ၂၅:၅၊ ၆

^ စာပိုဒ်၊ 9 မြေကြီးပေါ် ထမြောက်လာမယ့်သူတွေဟာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိမယ်၊ ဒါပေမဲ့ သူတို့ရဲ့အသက်က မသေနိုင်တဲ့အသက်တော့ မဟုတ်ဘူး။ အဲဒီမျှော်လင့်ချက်နှစ်ခုရဲ့ ကွာခြားချက်အကြောင်း ပိုသိချင်တယ်ဆိုရင် ကင်းမျှော်စင်၊ ဧပြီ ၁၊ ၁၉၈၄၊ စာမျက်နှာ ၃၀-၃၁ [အင်္ဂလိပ်] ကိုကြည့်ပါ။