မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့ရည်ရွယ်ချက်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ဘာလဲ

ယေဟောဝါရဲ့ရည်ရွယ်ချက်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ဘာလဲ

‘သတင်းကောင်းကြေညာတဲ့ အမျိုးသမီးတွေဟာ အတိုင်းမသိ များပြားတယ်။’—ဆာ. ၆၈:၁၁ကဘ။

၁၊ ၂။ (က) အာဒံကို ဘုရားသခင် ဘာလက်ဆောင်တွေ ပေးခဲ့သလဲ။ (ခ) ဘုရားသခင်က အာဒံကို ဘာကြောင့် မိန်းမတစ်ယောက် ဖန်ဆင်းပေးခဲ့တာလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

ယေဟောဝါမှာ မြေကြီးကို ဖန်ဆင်းရတဲ့ အကြောင်းရင်းတစ်ခု ရှိတယ်။ ကမ္ဘာကြီးကို ‘လူတွေနေထိုင်ဖို့ ဖန်ဆင်း’ ပြီး လူတွေနဲ့ ပြည့်နေစေဖို့ပဲ။ (ဟေရှာ. ၄၅:၁၈ကဘ) ပထမဆုံးလူသားအာဒံဟာ ပြည့်ဝစုံလင်စွာ ဖန်ဆင်းခံခဲ့ရတယ်။ ယေဟောဝါက သူ့ကို အပင်တွေနဲ့ စိတ်ဝင်စားစရာတိရစ္ဆာန်တွေ အများကြီးရှိတဲ့ လှပတဲ့ ဧဒင်ဥယျာဉ်စံအိမ် ပေးထားတယ်။ ဒါပေမဲ့ အဲဒီမှာ တစ်ခုလိုနေတယ်။ အဲဒါကို ယေဟောဝါသိလို့ ဒီလိုပြောခဲ့တယ်– ‘လူဟာ တစ်ယောက်တည်း ဆက်နေဖို့ မသင့်တော်ဘူး။ သူ့ကိုကူညီပေးမယ့်သူ၊ သူနဲ့တွဲဖက်ညီသူတစ်ယောက်ကို ငါလုပ်ပေးမယ်။’ ယေဟောဝါက အာဒံကို အိပ်မောကျစေပြီး သူ့ရဲ့နံရိုးတစ်ချောင်းကို ထုတ်လိုက်တယ်၊ အဲဒီနံရိုးနဲ့ ‘မိန်းမတစ်ယောက် ဖန်ဆင်း’ ပေးလိုက်တယ်။ အာဒံနိုးလာတဲ့အခါ သူ့ရဲ့ဇနီးကို မြင်လိုက်ရလို့ သိပ်ပျော်သွားပြီး ဒီလိုပြောခဲ့တယ်– ‘ငါ့အရိုးထဲက ဖြစ်တည်လာသူ၊ ငါ့အသားထဲက ဖြစ်တည်လာသူကို အခုမှ ရသွားပြီ။ လူထဲက ထုတ်ယူတာမို့ လူမိန်းမလို့ ခေါ်မယ်။’—က. ၂:၁၈-၂၃ကဘ။

လူမိန်းမဟာ အာဒံအတွက် ဘုရားသခင်ပေးတဲ့လက်ဆောင်ပဲ။ သူက အာဒံကို ကူညီပေးမယ့်သူဖြစ်တယ်။ ဒါ့အပြင် သူ့မှာ သားသမီးမွေးဖွားရမယ့် အထူးအခွင့်အရေးလည်း ရထားတယ်။ ကျမ်းစာမှာ ဒီလိုပြောတယ်– ‘အာဒံက သူ့မိန်းမကို ဧဝလို့ နာမည်ပေးတယ်။ ဧဝဟာ အသက်ရှင်သူအားလုံးရဲ့ မိခင်ဖြစ်လာမှာမို့လို့ပဲ။’ (က. ၃:၂၀ကဘ) အာဒံနဲ့ဧဝဟာ အတူတွဲဖက်ပြီး မြေကြီးကို စုံလင်တဲ့လူသားတွေနဲ့ ပြည့်သွားအောင် လုပ်ဆောင်ရမယ်။ ကျွန်ုပ်တို့ရဲ့ ပထမဆုံးမိဘနှစ်ပါးနဲ့ သူတို့ရဲ့ သားသမီးတွေဟာ မြေကြီးတစ်ခုလုံးကို သာယာလှပတဲ့ပရဒိသုဖြစ်အောင်လုပ်ပြီး တခြားသတ္တဝါတွေကို ကြည့်ရှုစောင့်ရှောက်ရမယ့် အခွင့်အရေးရကြမယ်။—က. ၁:၂၇၊ ၂၈

၃။ (က) အာဒံနဲ့ဧဝဟာ ဘုရားသခင့်နှစ်သက်မှုရဖို့ ဘာလုပ်ရမလဲ၊ ဒါပေမဲ့ ဘာဖြစ်ခဲ့သလဲ။ (ခ) ဘယ်မေးခွန်းတွေကို လေ့လာကြမလဲ။

အာဒံနဲ့ဧဝဟာ ဘုရားသခင့်နှစ်သက်မှုရရှိဖို့ဆိုရင် ယေဟောဝါစကားကို နားထောင်ဖို့၊ ကိုယ်တော့်အခွင့်အာဏာကို လက်အောက်ခံဖို့လိုတယ်။ (က. ၂:၁၅-၁၇) ဘုရားသခင်ကို ဆက်သစ္စာရှိနေမှသာ သူတို့အတွက် ဘုရားသခင် ရည်ရွယ်ထားတာတွေကို ဆက်လုပ်ဆောင်ခွင့်ရမယ်။ ဝမ်းနည်းစရာက အာဒံနဲ့ဧဝဟာ ယေဟောဝါရဲ့စကားကို နားမထောင်ခဲ့ကြဘူး။ အဲဒီအစား စာတန်ရဲ့စကားကိုနားထောင်ပြီး ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့ကြတယ်။ (က. ၃:၁-၆; ဗျာ. ၁၂:၉) အဲဒီ မနာခံမှုလုပ်ရပ်က အမျိုးသမီးတွေကို ဘယ်လို ထိခိုက်ခဲ့သလဲ။ ရှေးခေတ်က သစ္စာရှိအမျိုးသမီးတချို့ ဘာလုပ်ခဲ့ကြသလဲ။ ယနေ့ခေတ် ခရစ်ယာန်အမျိုးသမီးတွေဟာ ‘အတိုင်းမသိများပြားတယ်’ လို့ ဘာကြောင့် ပြောနိုင်သလဲ။—ဆာ. ၆၈:၁၁ကဘ။

မနာခံမှုရဲ့ အကျိုးဆက်

၄။ အာဒံနဲ့ဧဝ လုပ်ခဲ့တဲ့ အပြစ်အတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ။

အာဒံ ဘာကြောင့် မနာခံသလဲဆိုတာရှင်းပြဖို့ ယေဟောဝါတောင်းဆိုခဲ့တယ်။ သူ့ရဲ့မခိုင်လုံတဲ့ အကြောင်းပြချက်က ဘာလဲ။ ‘ကိုယ်တော်ပေးတဲ့မိန်းမက အဲဒီအပင်ရဲ့အသီးကိုကျွေးလို့ ကျွန်တော်စားမိတာပါ’ လို့ သူပြောခဲ့တယ်။ (က. ၃:၁၂ကဘ) အာဒံဟာ သူ့လုပ်ရပ်အတွက် ဝမ်းမနည်းခဲ့ဘူး။ အဲဒီအစား ဧဝအပေါ်အပြစ်ပုံချပြီး သူ့ဇနီးကို ဖန်ဆင်းပေးခဲ့တဲ့ ယေဟောဝါကိုတောင် အပြစ်တင်ဖို့ ကြိုးစားခဲ့တယ်။ အာဒံနဲ့ဧဝ နှစ်ယောက်စလုံး အပြစ်လုပ်ခဲ့ပေမဲ့ ယေဟောဝါက သူတို့ရဲ့ဆုံးဖြတ်ချက်အတွက် အာဒံကို တာဝန်ယူစေခဲ့တယ်။ အဲဒါကြောင့် ကျမ်းစာမှာ “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏” လို့ပြောထားတယ်။—ရော. ၅:၁၂

၅။ လူလူချင်းအုပ်ချုပ်တဲ့အတွက်ကြောင့် ဘာရလဒ် ရခဲ့ပြီလဲ။

ယေဟောဝါကို အုပ်စိုးရှင်အဖြစ် မလိုအပ်ဘူးလို့ အာဒံနဲ့ဧဝ ယုံကြည်အောင် စာတန် လိမ်ညာခဲ့တယ်။ လူတွေကိုအုပ်ချုပ်ပိုင်ခွင့် ဘယ်သူ့မှာ ရှိသလဲဆိုတဲ့မေးခွန်း ပေါ်လာတယ်။ ဒီမေးခွန်းကို ဖြေဖို့အတွက် ယေဟောဝါက လူလူချင်းအုပ်ချုပ်ဖို့ အချိန်အတိုင်းအတာတစ်ခုအထိ ခွင့်ပြုလိုက်တယ်။ ဘာရလဒ်ရခဲ့ပြီလဲ။ လူတွေကြောင့် ဆင်းရဲဒုက္ခတစ်မျိုးပြီးတစ်မျိုး ဖြစ်ပေါ်ခဲ့တယ်။ လွန်ခဲ့တဲ့အနှစ်တစ်ရာကျော်အတွင်းမှာ စစ်ကြောင့် လူပေါင်း သန်းတစ်ရာလောက် သေဆုံးခဲ့ကြတယ်။ ‘လမ်းသွားနေတဲ့လူက ကိုယ့်ခြေလှမ်းကိုတောင် လမ်းညွှန်ပိုင်ခွင့်မရှိဘူး’ လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (ယေ. ၁၀:၂၃ကဘ) ဒါကြောင့် ခရစ်ယာန်စစ်တွေဟာ ယေဟောဝါကို အုပ်စိုးရှင်အဖြစ် လက်ခံကြတယ်။—သုတ္တံ ၃:၅၊ ၆ ကိုဖတ်ပါ။

၆။ တချို့ဒေသတွေမှာ အမျိုးသမီးတွေကို ဘယ်လိုဆက်ဆံကြသလဲ။

စာတန်အုပ်ချုပ်တဲ့ ဒီလောကမှာ အမျိုးသားနဲ့ အမျိုးသမီးတွေ ဆင်းရဲဒုက္ခ ခံစားကြရတယ်။ (ဒေ. ၈:၉; ၁ ယော. ၅:၁၉) အမျိုးသမီးတွေဟာ အဆိုးဝါးဆုံးရာဇဝတ်မှုတွေရဲ့ သားကောင်တွေဖြစ်ကြရတယ်။ ဥပမာ၊ ကမ္ဘာတစ်ဝန်းမှာ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်ဟာ သူတို့ရဲ့လင်ယောက်ျား ဒါမှမဟုတ် ရည်းစားတွေရဲ့ အနိုင်ကျင့်တာကို ခံကြရတယ်။ အဲဒီအပြင် တချို့ယဉ်ကျေးမှုတွေမှာ ယောက်ျားလေးတွေကို ပိုမျက်နှာသာပေးကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကြီးလာတဲ့အခါ မိဘတွေကို ပြုစုစောင့်ရှောက်နိုင်ပြီး မိသားစုရဲ့မျိုးရိုးနာမည် မပျောက်အောင် ဆက်ထိန်းသိမ်းနိုင်ကြလို့ပဲ။ တချို့ဒေသတွေမှာ မိန်းကလေးတွေကို တန်ဖိုးမရှိသူတွေလို့ ယူဆပြီး မိဘတွေက သူတို့ကို မမွေးခင်ကတည်းက ဖျက်ချပစ်လိုက်တယ်။

အမျိုးသမီးတွေကို မတော်မတရားဆက်ဆံတာကို ယေဟောဝါ မနှစ်သက်ဘူးဆိုတာ သေချာတယ်

၇။ အမျိုးသား၊ အမျိုးသမီးတွေကို ဘုရားသခင် ဘယ်လို အစပြုပေးခဲ့သလဲ။

အမျိုးသမီးတွေကို မတော်မတရားဆက်ဆံတာကို ယေဟောဝါ မနှစ်သက်ဘူးဆိုတာ သေချာတယ်။ ကိုယ်တော်က အမျိုးသမီးတွေကို မျှမျှတတ၊ လေးလေးစားစား ဆက်ဆံတယ်။ ဧဝကို ယေဟောဝါဖန်ဆင်းတုန်းက အာဒံရဲ့ကျွန်အနေနဲ့ ဖန်ဆင်းခဲ့တာမဟုတ်ဘူး။ သူက စုံလင်သူဖြစ်တယ်၊ သူ့ယောက်ျားအတွက် အလွန်ကောင်းတဲ့ တွဲဖက်ဖြစ်ဖို့ သူ့မှာ အရည်အချင်းတွေအများကြီးရှိတယ်။ အဲဒါကြောင့် ဘုရားသခင်က မိမိရဲ့ဖန်ဆင်းခြင်းအလုပ် ပြီးစီးသွားတဲ့အခါ ‘ဖန်ဆင်းထားတဲ့အရာအားလုံး သိပ်ကောင်းတာကိုမြင်တယ်’ လို့ကျမ်းစာက ပြောတယ်။ (က. ၁:၃၁ကဘ) အမျိုးသား၊ အမျိုးသမီးတွေဟာ တကယ်အစကောင်းခဲ့တာ သေချာတယ်။

ယေဟောဝါရဲ့ထောက်မမှု ရခဲ့တဲ့ အမျိုးသမီးတွေ

၈။ (က) လူအများစုဟာ ဘယ်လိုပြုမူကြသလဲ။ (ခ) သမိုင်းတစ်လျှောက်မှာ ဘယ်သူတွေကို ယေဟောဝါ ကူညီ ထောက်မပေးခဲ့သလဲ။

ဧဒင်မှာပုန်ကန်မှုဖြစ်ပြီးနောက်ပိုင်းမှာ လူတွေဟာ ဆက်ပြီး ယေဟောဝါစကား နားမထောင်ခဲ့ကြဘူး။ မကြာသေးခင်နှစ်တွေမှာ လူတွေရဲ့အမူအကျင့်တွေက ပိုပိုဆိုးလာတယ်။ ကျမ်းစာမှာကြိုပြောထားသလိုပဲ အခုချိန်ဟာ “ခက်ခဲကျပ်တည်းသောကာလ” ဆိုတာ သေချာတယ်။ (၂ တိ. ၃:၁-၅) ဆိုးသွမ်းမှုတွေရှိပေမဲ့ ဘုရားသခင့်ပညတ်တွေကို နာခံပြီး ကိုယ်တော့်ကို အုပ်စိုးရှင်အဖြစ်လက်ခံတဲ့ အမျိုးသား၊ အမျိုးသမီးတွေ အမြဲရှိခဲ့တယ်။ သူတို့က ယေဟောဝါကို ယုံကြည်အားကိုးကြတယ်၊ ကိုယ်တော်က သူတို့ကို ကူညီပြီး ထောက်မပေးတယ်။—ဆာလံ ၇၁:၅ ကိုဖတ်ပါ။

အသက်ရှင်လွတ်မြောက်ခဲ့တဲ့ အမျိုးသမီးအရေအတွက်က အမျိုးသားအရေအတွက်နဲ့ အတူတူပဲ

၉။ ရေလွှမ်းမိုးဘေးမှာ လူဘယ်နှစ်ယောက် ကယ်တင်ခံခဲ့ရသလဲ၊ ဘာကြောင့်လဲ။

နောဧအချိန်တုန်းက ယေဟောဝါဟာ လူဆိုးတွေကို ရေလွှမ်းမိုးဘေးနဲ့ ဖျက်ဆီးခဲ့တယ်၊ လူနည်းနည်းပဲ အသက်ရှင်လွတ်မြောက်ခဲ့တယ်။ အဲဒီအချိန်တုန်းက နောဧရဲ့ ညီအစ်ကိုမောင်နှမတွေ အသက်ရှင်ခဲ့တယ်ဆိုရင် သူတို့တွေလည်း ရေလွှမ်းမိုးဘေးမှာ သေဆုံးခဲ့မှာပဲ။ (က. ၅:၃၀) အသက်ရှင်လွတ်မြောက်ခဲ့တဲ့ အမျိုးသမီးအရေအတွက်က အမျိုးသားအရေအတွက်နဲ့ အတူတူပဲ။ သူတို့တွေက နောဧနဲ့ သူ့ဇနီး၊ နောဧသားသုံးယောက်နဲ့ သူတို့ရဲ့ဇနီးတွေဖြစ်တယ်။ သူတို့ဟာ ယေဟောဝါစကားနားထောင်ပြီး ကိုယ်တော့်အလိုတော်ကို လုပ်ဆောင်ခဲ့ကြလို့ ကယ်တင်ခံခဲ့ကြရတယ်။ အခုချိန်မှာ အသက်ရှင်နေသူအားလုံးဟာ ဘုရားသခင် ကူညီ၊ ကာကွယ်ပေးခဲ့တဲ့ အဲဒီလူရှစ်ယောက်ကနေ ဆင်းသက်လာသူတွေဖြစ်တယ်။—က. ၇:၇; ၁ ပေ. ၃:၂၀

၁၀။ သစ္စာရှိအမျိုးသားတွေရဲ့ ဇနီးတွေကို ယေဟောဝါ ဘာကြောင့် ကူညီ၊ ကာကွယ်ပေးခဲ့တာလဲ။

၁၀ နောက်ပိုင်းမှာ ရှေးခေတ်သစ္စာရှိဘိုးဘေးတွေရဲ့ ဇနီးတွေလည်း ဘုရားသခင့်အကူအညီနဲ့ အကာအကွယ် ရရှိခဲ့ကြတယ်။ သူတို့တွေဟာ သူတို့ရဲ့ဘဝအခြေအနေကို အပြစ်မတင်ခဲ့ကြဘူး။ (ယု. ၁၆) အဲဒီအမျိုးသမီးတွေထဲက တစ်ယောက်ကတော့ စာရာပဲ။ အေးအေးဆေးဆေးနေလို့ရတဲ့ ဥရမြို့မှာရှိတဲ့အိမ်ကနေ ထွက်ပြီး တဲနဲ့နေဖို့ တောင်းဆိုခံရတဲ့အခါ သူ မညည်းညူခဲ့ဘူး။ အဲဒီအစား “အာဗြဟံကို သခင်ဟုခေါ်၍ နာခံခဲ့” တယ်။ (၁ ပေ. ၃:၆) ဣဇာက်ရဲ့မိန်းမ ရေဗက္ကကိုလည်း စဉ်းစားကြည့်ပါ။ သူက ယေဟောဝါပေးတဲ့ တကယ်ကောင်းတဲ့ လက်ဆောင်ပဲ။ ဣဇာက်ဟာ ‘ရေဗက္ကကို သိပ်ချစ်သွားတဲ့အတွက် အမေသေဆုံးလို့ ဝမ်းနည်းနေတာတွေ သက်သာလာတယ်’ လို့ကျမ်းစာမှာ ရေးထားတယ်။ (က. ၂၄:၆၇ကဘ) အခုချိန်မှာလည်း စာရာနဲ့ ရေဗက္ကလို သစ္စာရှိတဲ့အမျိုးသမီးများစွာ ရှိနေတာဟာ ဝမ်းသာစရာပါပဲ။

အခုချိန်မှာလည်း စာရာနဲ့ ရေဗက္ကာလို သစ္စာရှိတဲ့အမျိုးသမီးများစွာ ရှိနေတာဟာ ဝမ်းသာစရာပါပဲ

၁၁။ အစ္စရေးဝမ်းဆွဲနှစ်ယောက်ဟာ ရဲစွမ်းသတ္တိရှိတယ်ဆိုတာ ဘယ်လိုပြသခဲ့သလဲ။

၁၁ အီဂျစ်ပြည်မှာ ကျွန်ဘဝနဲ့နေရချိန်အတွင်းမှာ အစ္စရေးလူတွေဟာ တိုးများလာပြီး လူမျိုးကြီးဖြစ်လာတယ်။ ဖာရောက မွေးလာတဲ့ အစ္စရေးယောက်ျားလေးအားလုံးကို သတ်ပစ်ဖို့ အမိန့်ထုတ်ခဲ့တယ်။ အဲဒီမှာ ဝမ်းဆွဲတွေထဲမှာ တာဝန်ရှိသူတွေဖြစ်ပုံရတဲ့ အစ္စရေးအမျိုးသမီးနှစ်ယောက်ရှိတယ်။ သူတို့ရဲ့နာမည်တွေက ရှိဖရနဲ့ ပုအာလို့ခေါ်တယ်။ အဲဒီဝမ်းဆွဲတွေဟာ ဖာရောထက် ယေဟောဝါကို ပိုကြောက်ရွံ့တဲ့အတွက်ကြောင့် ရဲစွမ်းသတ္တိရှိပြီး သားယောက်ျားတွေကို သတ်ပစ်ပါဆိုတဲ့ ဖာရောရဲ့အမိန့်ကို နားမထောင်ခဲ့ကြဘူး။ နောက်ပိုင်းမှာ ယေဟောဝါက သူတို့ကို ကိုယ်ပိုင်မိသားစု ရှိစေခြင်းအားဖြင့် ကောင်းချီးပေးခဲ့တယ်။—ထွ. ၁:၁၅-၂၁

၁၂။ ဒေဗောရနဲ့ ယေလအကြောင်း ဘာမှတ်သားစရာရှိသလဲ။

၁၂ တရားသူကြီးတွေခေတ်မှာ ဘုရားသခင်ဟာ ဒေဗောရလို့ခေါ်တဲ့ အမျိုးသမီးကို ပရောဖက်မအဖြစ် ခန့်အပ်ခဲ့တယ်။ ဒေဗောရဟာ တရားသူကြီးဗာရက်ကို အားပေးပြီး အစ္စရေးလူတွေ ရန်သူလက်ကနေ လွတ်မြောက်ဖို့ ကူညီခဲ့တယ်။ ခါနာန်လူတွေကိုအနိုင်ရလို့ ဂုဏ်ပြုခံရမှာက ဗာရက်မဟုတ်ဘဲ အမျိုးသမီးတစ်ယောက်ဖြစ်မယ်လို့ ဒေဗောရက ကြိုဟောခဲ့တယ်။ အစ္စရေးလူမျိုးမဟုတ်တဲ့ ယေလဆိုတဲ့အမျိုးသမီးက ခါနာန်စစ်ဗိုလ်ချုပ် သိသရကို သတ်လိုက်တဲ့အခါ ရန်သူတွေ ၡုံးနိမ့်သွားတယ်။—သူကြီး. ၄:၄-၉၊ ၁၇-၂၂

၁၃။ အဘိဂဲလအကြောင်း ကျမ်းစာမှာ ဘာပြောထားသလဲ။

၁၃ ဘီစီ ၁,၁၀၀ လောက်တုန်းက အသက်ရှင်ခဲ့တဲ့ သစ္စာရှိအမျိုးသမီး အဘိဂဲလအကြောင်းကိုလည်း သုံးသပ်ကြည့်ပါ။ အဘိဂဲလက စဉ်းစားဆင်ခြင်ဉာဏ်ရှိတယ်၊ ဒါပေမဲ့ သူ့ယောက်ျားကတော့ ခက်ထန်တယ်၊ အသုံးမကျဘူး၊ အသိဉာဏ်မရှိဘူးလို့ ကျမ်းစာကပြောတယ်။ (၁ ရာ. ၂၅:၂၊ ၃၊ ၂၅) ဒါဝိဒ်က နာဗလရဲ့လူတွေကို ကာကွယ်ပေးခဲ့ဖူးတယ်၊ အဲဒါကြောင့် နောက်ပိုင်းမှာ ဒါဝိဒ်က သူ့ရဲ့လူတွေကိုလွှတ်ပြီး အစားအစာနဲ့ လိုအပ်တာတချို့ပေးဖို့ တောင်းလိုက်တယ်။ ဒါပေမဲ့ နာဗလက သူတို့ကို ‘ရိုင်းရိုင်းစိုင်းစိုင်း အော်ထုတ်’ ပြီး ဘာမှမပေးလိုက်ဘူး။ အဲဒါကြောင့် ဒါဝိဒ် အရမ်းဒေါသထွက်ပြီး နာဗလနဲ့သူ့လူတွေကို သတ်ပစ်ဖို့ စီစဉ်တယ်။ ဒါပေမဲ့ နာဗလရဲ့လုပ်ရပ်ကို အဘိဂဲလကြားတဲ့အခါ ဒါဝိဒ်ဆီကို စားစရာနဲ့ တခြားလက်ဆောင်တွေ ယူသွားပေးတယ်။ အဘိဂဲလရဲ့ ပညာရှိတဲ့လုပ်ရပ်ကြောင့် ဒါဝိဒ်က နာဗလကို မသတ်ခဲ့ဘူး။ (၁ ရာ. ၂၅:၈-၁၈) နောက်ပိုင်းမှာ ဒါဝိဒ်က ‘ဒီနေ့ ငါနဲ့တွေ့ဖို့ မင်းကိုစေလွှတ်လိုက်တဲ့အရှင်၊ အစ္စရေးတို့ရဲ့ဘုရားသခင် ယေဟောဝါကို ချီးမွမ်းပါတယ်’ လို့ပြောခဲ့တယ်။ (၁ ရာ. ၂၅:၃၂ကဘ) နာဗလ သေသွားတဲ့အခါ ဒါဝိဒ်က အဘိဂဲလကိုယူလိုက်တယ်။—၁ ရာ. ၂၅:၃၇-၄၂

ကမ္ဘာတစ်ဝန်းက ဆောက်လုပ်ရေးစီမံကိန်းတွေမှာ ခရစ်ယာန်အမျိုးသမီးတွေ ပါဝင်လုပ်ဆောင်နေကြ

၁၄။ ရှလ္လုံရဲ့သမီးတွေဟာ ဘယ်အလုပ်မှာ ပါဝင်ကူညီခဲ့ကြသလဲ။ ယနေ့အချိန်မှာ ခရစ်ယာန်အမျိုးသမီးတွေဟာ အဲဒီအလုပ်မျိုးမှာ ဘယ်လို ပါဝင်လုပ်ဆောင်နေကြသလဲ။

၁၄ ဘီစီ ၆၀၇ မှာ ဗာဗုလုန်လူတွေက ဂျေရုဆလင်မြို့နဲ့ ဗိမာန်တော်ကို ဖျက်ဆီးလိုက်တဲ့အခါ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေ အများကြီး သေဆုံးခဲ့ရတယ်။ ဘီစီ ၄၅၅ မှာ နေဟမိရဲ့ညွှန်ကြားချက်နဲ့ ဂျေရုဆလင်မြို့ရိုးကို ပြန်ဆောက်ခဲ့ကြတယ်။ ဆောက်လုပ်ရေးလုပ်ငန်းမှာ ရှလ္လုံရဲ့သမီးတွေလည်း ပါဝင်ကူညီခဲ့တယ်။ သူတို့ရဲ့အဖေက ‘ဂျေရုဆလင်မြို့နယ်တစ်ပိုင်းကို အုပ်ချုပ်သူ’ ပဲ။ (နေ. ၃:၁၂) ဒါပေမဲ့ ရှလ္လုံရဲ့သမီးတွေဟာ နိမ့်ကျတဲ့အလုပ်မှာ တလိုတလား ပါဝင်ကူညီခဲ့ကြတယ်။ ဒါက ယနေ့ ကမ္ဘာတစ်ဝန်းက ဆောက်လုပ်ရေးစီမံကိန်းတွေမှာ ခရစ်ယာန်အမျိုးသမီးတွေ ပျော်ပျော်ရွှင်ရွှင် ပါဝင်လုပ်ဆောင်နေတာကို သတိရစေတယ်။

ယေရှုအချိန်တုန်းက ဘုရားသခင်ကို ကြောက်ရွံ့ခဲ့တဲ့ အမျိုးသမီးတွေ

၁၅။ မာရိကို ယေဟောဝါ ဘယ်အခွင့်ထူးပေးခဲ့သလဲ။

၁၅ ယေဟောဝါဟာ မိမိရဲ့အမှုတော်မှာ အမျိုးသမီးတွေကို အထူးအခွင့်အရေးတွေ ပေးခဲ့တယ်။ အဲဒီအမျိုးသမီးတွေထဲက တစ်ယောက်က အပျိုကညာ မာရိပဲ။ မာရိဟာ ယောသပ်နဲ့ စေ့စပ်ထားချိန်မှာပဲ ယေဟောဝါရဲ့ သန့်ရှင်းသောစွမ်းအားတော်ကြောင့် ကိုယ်ဝန်ရှိလာတယ်။ ဘုရားသခင်က ဘာကြောင့် မာရိကို ယေရှုရဲ့မိခင်အဖြစ် ရွေးချယ်ခဲ့တာလဲ။ စုံလင်တဲ့သားကို ပြုစုစောင့်ရှောက်ဖို့ မာရိမှာ အရည်အချင်းကောင်းတွေရှိလို့ပဲ။ ကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံးလူသားရဲ့ မိခင်ဖြစ်ခွင့်ရတာဟာ တကယ့်အခွင့်ထူးပဲ။—မ. ၁:၁၈-၂၅

၁၆။ အမျိုးသမီးတွေကို ယေရှု ဘယ်လိုဆက်ဆံခဲ့သလဲ။ ဥပမာတစ်ခုပြောပြပါ။

၁၆ ယေရှုဟာ အမျိုးသမီးတွေအပေါ် ထောက်ထားစာနာမှုနဲ့ ဆက်ဆံခဲ့တယ်။ ဥပမာ၊ “ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်နာစွဲ” နေတဲ့အမျိုးသမီးအကြောင်း စဉ်းစားကြည့်ပါ။ သူက ယေရှုအနားသွားပြီး အဝတ်ကိုထိလိုက်တာနဲ့ ရောဂါပျောက်သွားတယ်။ ယေရှု သူ့အပေါ် ဒေါသထွက်ခဲ့သလား။ မထွက်ခဲ့ဘူး။ ယေရှုဟာ ကြင်ကြင်နာနာနဲ့ “ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ စိတ်ချမ်းသာစွာသွားလော့။ ရောဂါနှိပ်စက်ခြင်းကင်း၍ ကျန်းမာပါစေ” လို့ပြောခဲ့တယ်။—မာ. ၅:၂၅-၃၄

၁၇။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ဘာဖြစ်ခဲ့သလဲ။

၁၇ ယေရှုနဲ့တမန်တော်တွေ ခရီးသွားတဲ့အခါ နောက်ကလိုက်ပြီး လိုအပ်တာတွေ လုပ်ပေးခဲ့တဲ့ အမျိုးသမီးတချို့ရှိတယ်။ (လု. ၈:၁-၃) အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ အမျိုးသား အမျိုးသမီး ၁၂၀ လောက်ဟာ ဘုရားသခင့်သန့်ရှင်းတဲ့စွမ်းအားတော်ကို အထူးနည်းလမ်းနဲ့ ရရှိခဲ့ကြတယ်။ (တမန်တော် ၂:၁–၄ ကိုဖတ်ပါ။) အဲဒီအချိန်မတိုင်ခင်တုန်းက ယေဟောဝါ ဒီလိုပြောခဲ့တယ်– ‘ငါ့စွမ်းအားတော်ကို လူအမျိုးမျိုးပေါ် ငါသွန်းလောင်းမယ်။ သင်တို့ရဲ့သားသမီးတွေက ပရောဖက်ပြုကြလိမ့်မယ်။ အဲဒီအချိန်မှာ ငါ့ကျွန်ယောက်ျားနဲ့ ကျွန်မိန်းမတွေပေါ်ကိုတောင် ငါ့စွမ်းအားတော်ကို သွန်းလောင်းမယ်။’ (ယောလ ၂:၂၈၊ ၂၉ကဘ) ပင်တေကုတ္တေပွဲနေ့မှာပြခဲ့တဲ့ အံ့ဖွယ်အမှုက “ဘုရားသခင်၏အစ္စရေးလူမျိုး” အဝင်ဖြစ်လာတဲ့ အဲဒီအမျိုးသား အမျိုးသမီးတွေအပေါ် ယေဟောဝါမျက်နှာသာပြတယ်ဆိုတာ ဖော်ပြတယ်။ (ဂလ. ၃:၂၈; ၆:၁၅၊ ၁၆) ပထမရာစု သတင်းကောင်းဟောပြောသူတွေထဲမှာ ဧဝံဂေလိတရားဟောပြောသူ ဖိလိပ္ပုရဲ့ သမီးလေးယောက်လည်း ပါတယ်။—တ. ၂၁:၈၊ ၉

‘အတိုင်းမသိများပြားတဲ့’ အမျိုးသမီးများ

၁၈၊ ၁၉။ (က) အမျိုးသမီးနဲ့ အမျိုးသားတွေကို ယေဟောဝါ ဘယ်အခွင့်ထူးပေးထားသလဲ။ (ခ) သတင်းကောင်းကြေညာတဲ့ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ဆာလံဆရာ ဘယ်လိုပြောခဲ့သလဲ။

၁၈ ၁၈၇၅ ခုနှစ်လောက်ကစပြီး အမျိုးသား အမျိုးသမီးအနည်းငယ်ဟာ ကျမ်းစာအမှန်တရားကို အထူးစိတ်ဝင်စားခဲ့ကြတယ်။ သူတို့ဟာ အခုချိန်မှာ ယေရှုရဲ့ ပရောဖက်ပြုချက်စကားတွေကို ပြည့်စုံအောင် လုပ်နေသူတွေအတွက် လမ်းစဖွင့်ပေးခဲ့တယ်။ ယေရှု ဒီလိုကြိုပြောခဲ့တယ်– “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်။”—မ. ၂၄:၁၄

အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေသူအများစုဟာ အမျိုးသမီးတွေဖြစ်

၁၉ ကျမ်းစာကျောင်းသားအုပ်စုငယ်လေးဟာ အခုချိန်မှာ ၈,၀၀၀,၀၀၀ နီးပါးရှိတဲ့ ယေဟောဝါရဲ့သက်သေတွေဖြစ်လာပြီ။ သူတို့အပြင် ယေရှုရဲ့သေခြင်းအောက်မေ့ရာပွဲကို တက်ရောက်သူ ၁၁,၀၀၀,၀၀၀ ကျော်ရှိတယ်။ အများစုက အမျိုးသမီးတွေပဲ။ သက်သေခံ ၁,၀၀၀,၀၀၀ ကျော်ဟာ အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ ပါဝင်နေကြတယ်။ နိုင်ငံများစွာမှာ သူတို့ထဲကအများစုဟာ အမျိုးသမီးတွေဖြစ်တယ်။ ယေဟောဝါဟာ မိမိကိုကိုယ်စားပြုရတဲ့အခွင့်ထူးကို အမျိုးသမီးတွေကို ပေးထားတယ်။ ‘ယေဟောဝါက အမိန့်ပေးတယ်။ သတင်းကောင်းကြေညာတဲ့ အမျိုးသမီးတွေဟာ အတိုင်းမသိများပြားတယ်’ ဆိုတဲ့ ဆာလံဆရာရဲ့စကား တကယ်ပဲပြည့်စုံနေပါတယ်။—ဆာ. ၆၈:၁၁ကဘ။

သတင်းကောင်းဟောပြောနေတဲ့ အမျိုးသမီးတွေဟာ ‘အတိုင်းမသိများပြား’ (အပိုဒ် ၁၈၊ ၁၉ ကိုကြည့်ပါ)

ဘုရားသခင်ကိုကြောက်ရွံ့တဲ့ အမျိုးသမီးတွေရမယ့်ဆု

၂၀။ မိသားစုဝတ်ပြုမှုနဲ့ ကိုယ်ပိုင်လေ့လာမှုမှာ ဘယ်အကြောင်းအရာကောင်းတွေကို လေ့လာနိုင်သလဲ။

၂၀ ကျမ်းစာမှာပါတဲ့ သစ္စာရှိအမျိုးသမီးအားလုံးအကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူတို့အကြောင်းကို ကျမ်းစာနဲ့ အဖွဲ့အစည်းထုတ်စာပေတွေမှာ ဖတ်နိုင်ပါတယ်။ ရုသနဲ့ သူ့ရဲ့သစ္စာတည်ကြည်မှုကို တွေးတောဆင်ခြင်နိုင်တယ်။ (ရု. ၁:၁၆၊ ၁၇) မိဖုရားဧသတာအကြောင်းကိုလည်း တွေးတောဆင်ခြင်ပြီး အကျိုးရယူနိုင်ပါတယ်။ မိသားစုဝတ်ပြုမှုမှာ အဲဒီအမျိုးသမီးတွေနဲ့ တခြားအမျိုးသမီးတွေအကြောင်း လေ့လာနိုင်ပါတယ်။ တစ်ယောက်တည်းသမားဆိုရင် ကိုယ်ပိုင်လေ့လာမှုမှာ အဲဒီအမျိုးသမီးတွေနဲ့ တခြားအမျိုးသမီးတွေအကြောင်း လေ့လာနိုင်ပါတယ်။

၂၁။ သစ္စာရှိအမျိုးသမီးတွေဟာ ယေဟောဝါအပေါ် တည်ကြည်ကြောင်း ဘယ်လိုပြသခဲ့သလဲ။

၂၁ ခက်ခဲတဲ့အချိန်မှာတောင် သစ္စာရှိအမျိုးသမီးတွေရဲ့ ဟောပြောခြင်းလုပ်ငန်းကို ယေဟောဝါ ကောင်းချီးပေးတယ်ဆိုတာ ထင်ရှားပါတယ်။ ဥပမာ၊ နာဇီဖိနှိပ်မှုနဲ့ ကွန်မြူနစ်အုပ်စိုးချိန်တွေမှာ ယေဟောဝါဟာ သစ္စာရှိအမျိုးသမီးတွေ ဆက်တည်ကြည်ဖို့ ကူညီပေးခဲ့တယ်။ ဘုရားသခင့်စကားနားထောင်တဲ့အတွက်ကြောင့် အမျိုးသမီးများစွာဟာ ဆင်းရဲဒုက္ခ ခံစားခဲ့ရတယ်၊ တချို့ဆိုရင် အသတ်ခံခဲ့ရတယ်။ (တ. ၅:၂၉) အဲဒီသစ္စာရှိအမျိုးသမီးတွေလိုပဲ အခုချိန်မှာရှိတဲ့ ခရစ်ယာန်အမျိုးသမီးတွေနဲ့ တခြားသူတွေဟာ ဘုရားသခင်ကို သူတို့ရဲ့အုပ်စိုးရှင်အဖြစ် ရွေးချယ်ခဲ့ကြတယ်။ ယေဟောဝါက ရှေးခေတ်အစ္စရေးလူတွေကို ပြောခဲ့သလို သူတို့ကိုလည်း ‘မကြောက်နဲ့။ သင့်ကို ငါကူညီမယ်’ လို့ပြောခဲ့တယ်။—ဟေရှာ. ၄၁:၁၀-၁၃ကဘ။

၂၂။ အနာဂတ်မှာ ဘယ်အခွင့်ထူးရဖို့ မျှော်လင့်နိုင်သလဲ။

၂၂ အနာဂတ်မှာ ထမြောက်လာမယ့်သူတွေကို ယေဟောဝါအကြောင်း၊ လူသားတွေနဲ့ပတ်သက်တဲ့ ကိုယ်တော့်ရည်ရွယ်ချက်တွေအကြောင်း သင်ပေးဖို့အတွက် ဘုရားသခင်က မိမိကို ကြောက်ရွံ့တဲ့ အမျိုးသား၊ အမျိုးသမီးတွေကို အသုံးပြုပါလိမ့်မယ်။ ဒါ့အပြင် သူတို့ဟာ မြေကြီးတစ်ခုလုံးကို ပရဒိသုဖြစ်အောင် လုပ်ဆောင်ရာမှာ ပါဝင်ခွင့်ရကြမယ်။ အဲဒီအချိန်အထိ ကျွန်ုပ်တို့အားလုံးဟာ ယေဟောဝါရဲ့အမှုတော်ကို ‘ပခုံးချင်းယှဉ်ပြီး’ ထမ်းဆောင်ရတဲ့အခွင့်ထူးကို တန်ဖိုးထားကြပါစို့။—ဇေ. ၃:၉ကဘ။