မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဆင်းရဲဒုက္ခများစွာခံ” ရတဲ့ကြားမှာ ဘုရားသခင်ကို သစ္စာရှိရှိ အမှုဆောင်ပါ

“ဆင်းရဲဒုက္ခများစွာခံ” ရတဲ့ကြားမှာ ဘုရားသခင်ကို သစ္စာရှိရှိ အမှုဆောင်ပါ

“ငါတို့သည် ဆင်းရဲဒုက္ခများစွာခံ၍ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ကြရမည်။”—တ. ၁၄:၂၂

၁။ ဘုရားသခင့်ကျေးကျွန်တွေဟာ ဘာကြောင့် “ဆင်းရဲဒုက္ခများစွာ” ခံစားရမလဲ။

ထာဝရအသက်မရခင်မှာ “ဆင်းရဲဒုက္ခများစွာ” ကြုံတွေ့ရမယ်ဆိုလို့ ကျွန်ုပ်တို့ အံ့သြသလား။ အံ့သြမှာ မဟုတ်ပါဘူး။ အမှန်တရားထဲမှာ ဘယ်လောက်ပဲကြာနေပါစေ ကျွန်ုပ်တို့အားလုံး ဆင်းရဲဒုက္ခတွေ ခံစားကြရတယ်။ ဘာကြောင့်လဲ။ အကြောင်းရင်းတစ်ခုကတော့ စာတန့်လောကမှာ အသက်ရှင်နေရလို့ပဲ။—ဗျာ. ၁၂:၁၂

၂။ (က) ခရစ်ယာန်တွေဟာ မစုံလင်တဲ့လူသားအားလုံးကြုံတွေ့ရတဲ့ ပြဿနာတွေအပြင် ဘယ်ဆင်းရဲဒုက္ခကိုလည်း ကြုံတွေ့ရသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) ညှဉ်းပန်းနှိပ်စက်မှုရဲ့ အဓိကတရားခံက ဘယ်သူလဲ။

မစုံလင်တဲ့လူသားအားလုံးဟာ ဘဝမှာ ပြဿနာတွေနဲ့ ကြုံတွေ့ကြရတယ်။ ဒါပေမဲ့ ခရစ်ယာန်တွေက ပိုပြီးကြုံတွေ့ကြရတယ်။ (၁ ကော. ၁၀:၁၃) သူတို့ကြုံရတဲ့ ဆင်းရဲဒုက္ခတစ်မျိုးက ပြင်းထန်တဲ့ညှဉ်းပန်းနှိပ်စက်မှုပဲ။ ဘုရားသခင်ကို ဆက်သစ္စာရှိဖို့ စိတ်ပိုင်းဖြတ်ထားလို့ အဲဒီလိုခံရတာဖြစ်တယ်။ ယေရှုက မိမိရဲ့နောက်လိုက်တွေကို ‘ကျွန်သည် သခင်ထက် သာ၍ကြီးမြတ်သည်မဟုတ်။ သူတို့သည် ငါ့ကို ညှဉ်းဆဲလျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်’ လို့ ပြောခဲ့တယ်။ (ယော. ၁၅:၂၀) ဒီညှဉ်းပန်းနှိပ်စက်မှုရဲ့ အဓိကတရားခံက ဘယ်သူလဲ။ စာတန်ပဲ။ ကျမ်းစာမှာ သူ့ကို ဘုရားသခင့်လူတွေကို ‘မျိုဖို့ လှည့်လည်ရှာဖွေ’ နေတဲ့ “ဟောက်သောခြင်္သေ့” လို့ ဖော်ပြထားတယ်။ (၁ ပေ. ၅:၈) စာတန်ဟာ ယေဟောဝါအပေါ် ကျွန်ုပ်တို့ရဲ့ သစ္စာတည်ကြည်မှုကို ချိုးဖျက်ဖို့ ဘယ်နည်းကိုမဆို အသုံးပြုပါလိမ့်မယ်။ တမန်တော်ပေါလု ဘာတွေကြုံတွေ့ခဲ့ရတယ်ဆိုတာ လေ့လာကြည့်ကြစို့။

လုတ္တရမြို့မှာ ဆင်းရဲဒုက္ခခံရ

၃–၅။ (က) လုတ္တရမြို့မှာ ပေါလု ဘယ်ဆင်းရဲဒုက္ခခံခဲ့ရသလဲ။ (ခ) ဆင်းရဲဒုက္ခနဲ့ပတ်သက်တဲ့ ပေါလုရဲ့စကားက ဘယ်လိုနည်းနဲ့ အားပေးတိုက်တွန်းမှုဖြစ်ခဲ့သလဲ။

ပေါလုဟာ ဘုရားသခင်အပေါ် သစ္စာတည်ကြည်လို့ အကြိမ်ကြိမ် နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်။ (၂ ကော. ၁၁:၂၃-၂၇) တစ်ခါက လုတ္တရမြို့မှာ ပေါလုဟာ မွေးကတည်းက လမ်းမလျှောက်နိုင်တဲ့သူကို ကုသပေးခဲ့တယ်။ ဒီအံ့ဖွယ်အမှုကြောင့် လူတွေက ပေါလုနဲ့ဗာနဗကို နတ်ဘုရားတွေလို့ ထင်သွားတယ်။ သူတို့ကိုဝတ်မပြုဖို့ လူတွေကို တောင်းပန်ခဲ့ရတယ်။ ဒါပေမဲ့ မကြာခင်မှာ ဂျူးဘာသာရေးခေါင်းဆောင်တွေ ရောက်လာပြီး ပေါလုနဲ့ဗာနဗအကြောင်း မကောင်းပြောကြတယ်။ အဲဒီအလိမ်အညာစကားတွေကို လူတွေယုံပြီး ပေါလုကို သေပြီလို့ထင်တဲ့အထိ ကျောက်ခဲနဲ့ ပေါက်ခဲ့ကြတယ်။—တ. ၁၄:၈-၁၉

ပေါလုနဲ့ ဗာနဗဟာ ဒေရဗေမြို့ကို လည်ပတ်ပြီးနောက်မှာ “လုတ္တရမြို့၊ ဣကောနိမြို့၊ အန္တိအုတ်မြို့သို့ ပြန်သွားပြီးလျှင်၊ ‘ငါတို့သည် ဆင်းရဲဒုက္ခများစွာခံ၍ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ကြရမည်’ ဟုဆိုလျက် တပည့်တော်တို့ကို မြဲမြံခိုင်ခံ့စေရန် ယုံကြည်ခြင်း၌ တည်မြဲတည်နေမည်အကြောင်း အားပေးတိုက်တွန်းကြ၏။” (တ. ၁၄:၂၁၊ ၂၂) “ဆင်းရဲဒုက္ခများစွာခံ” ရမယ်ဆိုတဲ့စကားက အားပေးစကားနဲ့ မတူသလိုပဲ။ ဒါဆိုရင် ဆင်းရဲဒုက္ခများစွာခံရမယ်လို့ ပေါလုနဲ့ ဗာနဗ ပြောတဲ့စကားက တပည့်တော်တွေကို ဘယ်လိုနည်းနဲ့ “အားပေးတိုက်တွန်း” မှုဖြစ်စေခဲ့သလဲ။

ပေါလုက ဘုရားသခင်အပေါ် ဆက်သစ္စာရှိသူတွေ ရရှိမယ့်ဆုအကြောင်း အလေးပေးပြောခဲ့တယ်

ပေါလုရဲ့စကားတွေမှာ အဖြေတွေ့နိုင်ပါတယ်။ သူက “ငါတို့သည် ဆင်းရဲဒုက္ခများစွာခံ၍ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ကြရမည်” လို့ပြောခဲ့တာဖြစ်တယ်။ “ဆင်းရဲဒုက္ခများစွာခံရ” မယ်လို့ပဲ မပြောခဲ့ဘူး။ ပေါလုက ဘုရားသခင်အပေါ် ဆက်သစ္စာရှိသူတွေ ရရှိမယ့်ဆုအကြောင်း အလေးပေးပြောခဲ့တယ်။ ဒီဆုက စိတ်ကူးယဉ်အိပ်မက်တစ်ခု မဟုတ်ဘူး။ “အဆုံးတိုင်အောင် ခံနိုင်ရည်ရှိသူသည် ကယ်တင်ခြင်းရလိမ့်မည်” လို့ ယေရှုပြောခဲ့တယ်။—မ. ၁၀:၂၂

၆။ ဆင်းရဲဒုက္ခကို ခံရပ်နိုင်သူတွေ ဘာဆုရမလဲ။

ဆင်းရဲဒုက္ခတွေကို ကျွန်ုပ်တို့ ခံရပ်နိုင်တယ်ဆိုရင် ဆုရပါလိမ့်မယ်။ ဘိသိက်ခံခရစ်ယာန်တွေရမယ့်ဆုက မသေနိုင်တဲ့အသက်နဲ့ ကောင်းကင်မှာ ယေရှုနဲ့အတူ ဘုရင်တွေအဖြစ် အုပ်ချုပ်ဖို့ ဖြစ်တယ်။ “အခြားသိုး” တွေအတွက်ဆုက အေးချမ်းငြိမ်သက်တဲ့ ကမ္ဘာမြေကြီးပေါ်မှာ ထာဝစဉ်အသက်ရှင်ဖို့ ဖြစ်တယ်။ (ယော. ၁၀:၁၆; ၂ ပေ. ၃:၁၃) ဒီအတောအတွင်းမှာတော့ ကျွန်ုပ်တို့ဟာ “ဆင်းရဲဒုက္ခများစွာ” ကြုံတွေ့ရပါလိမ့်မယ်။ ကျွန်ုပ်တို့ ကြုံတွေ့ရနိုင်တဲ့ ဆင်းရဲဒုက္ခနှစ်မျိုးအကြောင်း လေ့လာကြည့်ကြစို့။

တိုက်ရိုက်တိုက်ခိုက်မှု

၇။ တိုက်ရိုက်တိုက်ခိုက်မှုတွေမှာ ဘာပါဝင်သလဲ။

‘လူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်နှံကြလိမ့်မည်။ တရားဇရပ်များ၌ ရိုက်ကြလိမ့်မည်။ သင်တို့သည် မြို့ဝန်များ၊ ရှင်ဘုရင်များရှေ့ ရောက်ရကြလိမ့်မည်’ လို့ ယေရှုကြိုပြောခဲ့တယ်။ (မာ. ၁၃:၉) ဒါကြောင့် ခရစ်ယာန်တချို့ဟာ နှိပ်စက်ညှဉ်းပန်းမှုလိုမျိုး တိုက်ရိုက်တိုက်ခိုက်မှု ခံရမယ်လို့ ယေရှုပြောခဲ့တယ်။ ဒီညှဉ်းပန်းနှိပ်စက်မှုက တစ်ခါတလေမှာ ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကြောင့် ခံရတာဖြစ်တယ်။ (တ. ၅:၂၇၊ ၂၈) ပေါလုရဲ့အဖြစ်ကို ပြန်သုံးသပ်ကြည့်ပါ။ နှိပ်စက်ညှဉ်းပန်းမှုကြောင့် သူ ထိတ်လန့်ခဲ့သလား။ လုံးဝ မထိတ်လန့်ခဲ့ပါဘူး။—တမန်တော် ၂၀:၂၂၊ ၂၃ ကိုဖတ်ပါ။

၈၊ ၉။ ပေါလုဟာ ဆက်ခံရပ်နိုင်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဘယ်လိုဖော်ပြခဲ့သလဲ။ အခုချိန်မှာ ညီအစ်ကိုတချို့ဟာ ဘယ်လိုနည်းနဲ့ တိုက်ရိုက်တိုက်ခိုက်မှု ခံရသလဲ။

ပေါလုဟာ စာတန်ရဲ့ တိုက်ရိုက်တိုက်ခိုက်မှုတွေကို သတ္တိရှိရှိခံရပ်ပြီး ဒီလိုပြောခဲ့တယ်– “ဘုရားသခင်၏ မဟာကရုဏာတော်နှင့်ဆိုင်သော သတင်းကောင်းကို စေ့စေ့စပ်စပ် သက်သေခံရန် သခင်ယေရှုထံမှ ငါရရှိထားသော တာဝန်နှင့် ဓမ္မအမှုကို အပြီးအစီးဆောင်ရွက်ခွင့် ရမည်ဆိုလျှင် ငါသည် ကိုယ့်အသက်ကို ပမာဏမပြု၊ နှမြောခြင်းမရှိ။” (တ. ၂၀:၂၄) ပေါလုဟာ နှိပ်စက်ညှဉ်းပန်းခံရမှာကို လုံးဝမကြောက်ခဲ့ဘူး။ အဲဒီအစား ခံရပ်နိုင်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ သူ့ရဲ့ရည်မှန်းချက်က ဆင်းရဲဒုက္ခတွေခံရချိန်မှာတောင် “စေ့စေ့စပ်စပ် သက်သေခံ” ဖို့ပဲ။

ယနေ့ ညီအစ်ကိုညီအစ်မများစွာဟာ နှိပ်စက်ညှဉ်းပန်းခံရချိန်မှာ သူတို့ရဲ့သမာဓိကို သစ္စာရှိရှိ ဆက်ထိန်းသိမ်းထားကြတယ်။ နိုင်ငံတစ်ခုမှာဆိုရင် သက်သေခံတချို့ဟာ တရားရုံးမှာ စစ်ဆေးစီရင်ခြင်းမရှိဘဲ နှစ် ၂၀ နီးပါး ထောင်ချခံရတယ်။ ဘာကြောင့်လဲ။ နိုင်ငံရေးကိစ္စတွေမှာ မပါဝင်ခဲ့ကြလို့ပဲ။ မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မရဘူး။ တချို့ဆိုရင် ရိုက်နှက်ခံရ၊ နည်းလမ်းမျိုးစုံနဲ့ နှိပ်စက်ခံရကြတယ်။

ယေဟောဝါကို ယုံကြည်အားကိုးဖို့နဲ့ နှိပ်စက်ညှဉ်းပန်းမှုကို သတ္တိရှိရှိခံရပ်ဖို့ သင့်မှာ အကြောင်းကောင်းရှိပါတယ်

၁၀။ ရုတ်တရက်ပေါ်ပေါက်လာတဲ့ ဆင်းရဲဒုက္ခတွေကို ဘာကြောင့် မကြောက်သင့်သလဲ။

၁၀ တချို့နိုင်ငံတွေမှာဆိုရင် ညီအစ်ကိုတွေဟာ ရုတ်တရက်ပေါ်ပေါက်လာတဲ့ ဆင်းရဲဒုက္ခတွေ ခံစားကြရတယ်။ သင် အဲဒီလိုကြုံတွေ့ရတယ်ဆိုရင် မကြောက်ပါနဲ့။ ယောသပ်ကို သတိရပါ။ သူဟာ ရုတ်တရက်ပဲ ကျွန်အဖြစ် ရောင်းစားခံလိုက်ရတယ်။ ဒါပေမဲ့ ယေဟောဝါက သူ့ကို “ဒုက္ခဆင်းရဲအပေါင်းမှ ကယ်နုတ်” ခဲ့တယ်။ (တ. ၇:၉၊ ၁၀) သင့်ကိုလည်း ယေဟောဝါ အဲဒီလို ကယ်နုတ်နိုင်ပါတယ်။ “ယေဟောဝါဘုရားသည် ဘုရားတရားဆည်းကပ်သူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ မည်သို့ကယ်နုတ်ရမည်ကို သိတော်မူ၏” ဆိုတဲ့အချက်ကို အမြဲသတိရပါ။ (၂ ပေ. ၂:၉) ယေဟောဝါကို ယုံကြည်အားကိုးဖို့နဲ့ နှိပ်စက်ညှဉ်းပန်းမှုကို သတ္တိရှိရှိခံရပ်ဖို့ သင့်မှာ အကြောင်းကောင်းရှိပါတယ်။ ယေဟောဝါက သင့်ကို ဆိုးညစ်တဲ့ ဒီလောက,ကနေကယ်တင်ပြီး ထာဝရအသက်ပေးနိုင်တယ်ဆိုတာ ယုံကြည်စိတ်ချပါ။—၁ ပေ. ၅:၈၊ ၉

သွယ်ဝိုက်တိုက်ခိုက်မှုများ

၁၁။ တိုက်ရိုက်တိုက်ခိုက်တာနဲ့ သွယ်ဝိုက်တိုက်ခိုက်တာ ဘာကွာသလဲ။

၁၁ သွယ်ဝိုက်နည်းတွေနဲ့ တိုက်ခိုက်တာကိုလည်း ကျွန်ုပ်တို့ ခံရနိုင်ပါတယ်။ ဒီနည်းတွေက တိုက်ရိုက်တိုက်ခိုက်နည်းတွေနဲ့ ဘယ်လိုကွာသလဲ။ တိုက်ရိုက်တိုက်ခိုက်တာက ရုတ်တရက်တိုက်ခတ်လာပြီး သင့်အိမ်ကို ချက်ချင်းဖျက်ဆီးပစ်လိုက်တဲ့ လေဆင်နှာမောင်းနဲ့တူတယ်။ သွယ်ဝိုက်တိုက်ခိုက်တာကတော့ သင့်အိမ်ကို တဖြည်းဖြည်းပျက်စီးစေတဲ့ ခြတွေနဲ့တူတယ်။ သင့်အိမ်ကို ခြတက်နေပြီဆိုတာ သတိပြုမိတဲ့အခါ သိပ်နောက်ကျသွားပြီ၊ ဘာဖြစ်လို့လဲဆိုတော့ အိမ်က ပြိုတော့မယ်။

၁၂။ (က) စာတန်သုံးတဲ့ သွယ်ဝိုက်တိုက်ခိုက်နည်းတစ်ခုက ဘာလဲ။ အဲဒါက ဘာကြောင့် သိပ်ထိရောက်သလဲ။ (ခ) စိတ်ဓာတ်ကျတာက ပေါလုကို ဘယ်လိုထိခိုက်ခဲ့သလဲ။

၁၂ စာတန်က ယေဟောဝါနဲ့ သင့်ဆက်ဆံရေးကို ဖျက်ဆီးပစ်ချင်တယ်။ သူက နှိပ်စက်ညှဉ်းပန်းမှုလိုမျိုး တိုက်ရိုက်တိုက်ခိုက်နည်းကို သုံးနိုင်သလို စိတ်ဓာတ်ကျစေတာလိုမျိုး သွယ်ဝိုက်တိုက်ခိုက်နည်းတွေကိုလည်း သုံးနိုင်တယ်။ စိတ်ဓာတ်ကျစေတာက စာတန်ရဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုပဲ။ ဘာကြောင့်လဲဆိုတော့ အဲဒါက ဘုရားသခင်နဲ့ ကိုယ့်ရဲ့ဆက်ဆံရေးကို တဖြည်းဖြည်း အားနည်းသွားစေနိုင်လို့ပဲ။ တမန်တော်ပေါလုဟာ တစ်ခါတလေ စိတ်ဓာတ်ကျတယ်။ တစ်ခါကဆိုရင် သူ့ကိုယ်သူ “အဖြစ်ဆိုး” တဲ့သူ ဒါမှမဟုတ် စိတ်ပျက်စရာကောင်းတဲ့သူလို့တောင် ခေါ်ခဲ့တယ်။ (ရောမ ၇:၂၁–၂၄ ကိုဖတ်ပါ။) ပေါလုလိုလူမျိုးက ဘာကြောင့်စိတ်ဓာတ်ကျတာလဲ။ တကယ်တော့ သူဟာ ယေဟောဝါနဲ့ ကောင်းတဲ့ဆက်ဆံရေးရှိပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက် ဖြစ်ပုံရတယ်။ ဒါပေမဲ့ ပေါလုဟာ သူ့ရဲ့မစုံလင်မှုတွေကြောင့် စိတ်ဓာတ်ကျခဲ့တယ်။ သူက မှန်တာကိုလုပ်ချင်ပေမဲ့ အမြဲမလွယ်ကူခဲ့ဘူး။ သင့်မှာ အဲဒီလိုခံစားချက်တွေရှိမယ်ဆိုရင် ပေါလုလည်း သင့်လို အပြင်းအထန် တိုက်လှန်ခဲ့ရတယ်ဆိုတာ သတိရပြီး အားယူနိုင်ပါတယ်။

၁၃၊ ၁၄။ (က) ဘုရားသခင့်လူတချို့ ဘာကြောင့် စိတ်ဓာတ်ကျလာသလဲ။ (ခ) ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို ဘယ်သူဖျက်ဆီးချင်သလဲ။ ဘာကြောင့်လဲ။

၁၃ ညီအစ်ကိုညီအစ်မတွေဟာ တစ်ခါတလေမှာ စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တာတွေ ခံစားရနိုင်တယ်။ အသုံးမကျဘူးဆိုတဲ့ ခံစားချက်တွေတောင် ဝင်လာနိုင်တယ်။ ဥပမာ၊ ထက်သန်တဲ့ ရှေ့ဆောင်ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “ကျွန်မလုပ်ခဲ့တဲ့အမှားတွေကိုပဲ အထပ်ထပ် ပြန်စဉ်းစားမိတယ်။ စဉ်းစားမိတဲ့အခါတိုင်း ခံစားချက်က ပိုပိုဆိုးလာတယ်။ ကျွန်မလုပ်ခဲ့တဲ့အမှားတွေကို ပြန်စဉ်းစားမိတဲ့အခါ ဘယ်သူမှ ကျွန်မကို ချစ်မှာမဟုတ်ဘူး၊ ယေဟောဝါတောင် ချစ်မှာမဟုတ်ဘူးလို့ ခံစားရတယ်။”

၁၄ ဒီညီအစ်မလိုပဲ ယေဟောဝါရဲ့ ထက်သန်တဲ့အမှုဆောင်တချို့ဟာ ဘာကြောင့် စိတ်ဓာတ်ကျလာတာလဲ။ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ သူတို့ကိုယ်သူတို့ ဒါမှမဟုတ် သူတို့ရဲ့အခြေအနေကို အပျက်သဘောရှုမြင်နေတာ ဖြစ်နိုင်တယ်။ (သု. ၁၅:၁၅) တချို့ကျတော့ ကျန်းမာရေးပြဿနာကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီး အပျက်သဘောထားတွေ ရှိနေတာဖြစ်နိုင်တယ်။ ဘာကြောင့်ပဲဖြစ်ပါစေ ဒီခံစားချက်ကို အသုံးချပြီး ကျွန်ုပ်တို့ကို တိုက်ခိုက်နေတဲ့သူကို သတိရပါ။ ကျွန်ုပ်တို့ စိတ်ဓာတ်ကျပြီး ယေဟောဝါရဲ့အမှုတော်မှာ ဆက်မပါဝင်တော့တာကို ဘယ်သူမြင်ချင်သလဲ။ စာတန်ပါပဲ။ စာတန်ဟာ သေဒဏ်ချမှတ်ခံထားရသူ ဖြစ်တယ်။ သင့်ကိုလည်း မျှော်လင့်ချက်မရှိတော့ဘူးလို့ ခံစားရစေချင်တယ်။ (ဗျာ. ၂၀:၁၀) ကျွန်ုပ်တို့ စိတ်ပူပန်ပြီး ထက်သန်မှုလျော့ကျသွားဖို့ စာတန်အလိုရှိတယ်။ တိုက်ရိုက်နည်းပဲဖြစ်စေ၊ သွယ်ဝိုက်နည်းပဲဖြစ်စေ စာတန်ရဲ့ရည်ရွယ်ချက်က ဘုရားသခင်ကို ကျွန်ုပ်တို့ ဆက်ဝတ်မပြုတော့ဖို့ပဲ။ ဘုရားသခင့်လူတွေဟာ မိမိတို့ရဲ့ သစ္စာသမာဓိကို ကာကွယ်ဖို့ တိုက်ပွဲဝင်နေရတယ်ဆိုတာ အသေအချာပဲ။

ဘုရားသခင့်လူတွေဟာ မိမိတို့ရဲ့ သစ္စာသမာဓိကို ကာကွယ်ဖို့ တိုက်ပွဲဝင်နေရတယ်ဆိုတာ အသေအချာပဲ

၁၅။ ၂ ကောရိန္သု ၄:၁၆၊ ၁၇ အရ ကျွန်ုပ်တို့ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလဲ။

၁၅ တိုက်ပွဲမှာ လက်မလျှော့ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ရမယ့်ဆုကို မျက်ခြည်မပြတ်ပါစေနဲ့။ ကောရိန္သုမြို့မှာရှိတဲ့ ခရစ်ယာန်တွေကို ပေါလု ဒီလိုစာရေးခဲ့တယ်– “ငါတို့သည် အၡုံးမပေးကြ။ ငါတို့သည် အပြင်ပန်းအားဖြင့် ယိုယွင်းပျက်စီးလျက်နေသော်လည်း အတွင်းစိတ်မှာမူ နေ့စဉ် အသစ်ပြုပြင်ခံနေရ၏။ အကြောင်းမူကား ဆင်းရဲဒုက္ခသည် တစ်ခဏသာဖြစ်၍ မပြင်းထန်သော်လည်း ထာဝစဉ်တည်တံ့မည့် ဘုန်းအသရေကို ငါတို့တွင် သာ၍တိုးပွားလျက် ဖြစ်ပေါ်စေ၏။”—၂ ကော. ၄:၁၆၊ ၁၇

ဆင်းရဲဒုက္ခအတွက် အခုပဲ ပြင်ဆင်ပါ

ခရစ်ယာန်လူကြီးလူငယ်တွေဟာ သူတို့ရဲ့ယုံကြည်ခြင်းကိုကာကွယ်ဖို့ လေ့ကျင့် (အပိုဒ် ၁၆ ကိုကြည့်ပါ)

၁၆။ ဆင်းရဲဒုက္ခအတွက် အခုပဲပြင်ဆင်ဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၆ ကျွန်ုပ်တို့ကို တိုက်ခိုက်ဖို့အတွက် စာတန်မှာ ‘စဉ်းလဲတဲ့ပရိယာယ်တွေ၊’ နောက်တစ်မျိုးပြောရရင် မကောင်းတဲ့အကြံအစည်တွေ အများကြီးရှိတယ်။ (ဧ. ၆:၁၁) ဒါကြောင့် “မာရ်နတ်ကို ဆန့်ကျင်ကြလော့။ ယုံကြည်ခြင်းတွင် ခိုင်ခံ့မြဲမြံကြလော့” ဆိုတဲ့ ၁ ပေတရု ၅:၉ မှာတွေ့ရတဲ့ အကြံပေးစကားကို လိုက်နာဖို့လိုတယ်။ ခိုင်ခံ့မြဲမြံဖို့ဆိုရင် ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးကို အခုပဲ ပြင်ဆင်ဖို့လိုတယ်။ ဒါမှ မှန်ရာကိုလုပ်ချင်တဲ့သဘော ရှိမယ်၊ မှန်ရာကိုလုပ်ဖို့ အသင့်ရှိမယ်။ ဥပမာပေးရရင် စစ်သားတွေဟာ စစ်တိုက်ဖို့မသွားခင် အချိန်အကြာကြီးကြိုပြီး အထူးလေ့ကျင့်ရတယ်။ ကျွန်ုပ်တို့လည်း အလားတူပဲ။ ရှေ့မှာ ဘယ်လိုတိုက်ပွဲမျိုး ရှိတယ်ဆိုတာ မသိရဘူး။ ဒါကြောင့် အေးဆေးငြိမ်သက်နေတဲ့အချိန်မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားရမယ်။ တမန်တော်ပေါလုက ခရစ်ယာန်တွေကို “သင်တို့သည် ယုံကြည်ခြင်း၌ တည်မတည် ဆန်းစစ်လျက်နေကြလော့။ သင်တို့သည် မည်သို့သောသူဖြစ်ကြောင်း ကိုယ်ကိုစစ်ကြောလျက်နေကြလော့” လို့ အားပေးခဲ့တယ်။—၂ ကော. ၁၃:၅

၁၇–၁၉။ (က) ကိုယ့်ကိုယ်ကိုယ် ဘယ်လိုနည်းတွေနဲ့ စစ်ဆေးနိုင်သလဲ။ (ခ) လူငယ်တွေဟာ ကျောင်းမှာ ယုံကြည်ခြင်းကို ကာကွယ်ပြောဆိုဖို့ ဘယ်လိုပြင်ဆင်နိုင်သလဲ။

၁၇ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးခွန်းတွေ မေးပြီး စစ်ဆေးနိုင်တယ်– ‘ငါ မှန်မှန်ဆုတောင်းသလား။ တခြားသူတွေက ငါ့ကို အမှားလုပ်ဖို့ တိုက်တွန်းတယ်ဆိုရင် လူ့စကားထက် ဘုရားသခင့်စကားကို နားထောင်သလား။ ငါ စည်းဝေးမှန်မှန်တက်သလား။ ငါ့ရဲ့ယုံကြည်ချက်တွေအကြောင်း သတ္တိရှိရှိ ပြောရဲသလား။ ငါ့ကို ခွင့်လွှတ်စေချင်သလို ငါ့ညီအစ်ကိုတွေရဲ့အမှားတွေကို ငါ ခွင့်လွှတ်သလား။ ငါ့အသင်းတော်မှာရှိတဲ့ အကြီးအကဲတွေနဲ့ ကမ္ဘာချီအသင်းတော်ကို ဦးဆောင်နေသူတွေရဲ့ စကားကို ငါ နားထောင်နေသလား။’

ကျွန်ုပ်တို့ရဲ့စိတ်နှလုံးကို အခုပဲ ပြင်ဆင်ဖို့လိုတယ်။ ဒါမှ မှန်ရာကိုလုပ်ချင်တဲ့သဘော ရှိမယ်၊ မှန်ရာကိုလုပ်ဖို့ အသင့်ရှိမယ်

၁၈ ကျွန်ုပ်တို့ရဲ့ အတွေးအခေါ်တွေကို လွှမ်းမိုးဖို့ကြိုးစားနေသူတွေနဲ့ မပြတ်ထိတွေ့နေရတယ်။ လူငယ်ညီအစ်ကိုညီအစ်မများစွာဟာ ကျောင်းမှာ သူတို့ရဲ့ယုံကြည်ချက်တွေနဲ့ ပတ်သက်ပြီး ရဲစွမ်းသတ္တိရှိရှိ ပြောဆိုကြရတယ်။ အဲဒီလိုလုပ်ဖို့ သူတို့ မရှက်မကြောက်ကြဘူး။ ရဲစွမ်းသတ္တိရှိရှိပြောဆိုဖို့ ဒီလူငယ်တွေကို ဘာက ကူညီပေးသလဲ။ အဖွဲ့အစည်းထုတ် မဂ္ဂဇင်းတွေမှာပါတဲ့ အကြံပြုချက်တွေပဲ။ ဥပမာ၊ အတန်းဖော်တစ်ယောက်က မေးခွန်းမေးတယ်ဆိုရင် ဇူလိုင် ၂၀၀၉ နိုးလော့! မှာပါတဲ့ ဒီအကြံပြုချက်ကို အသုံးပြုနိုင်တယ်။ အတန်းဖော်တစ်ယောက်က “မင်း ဘာဖြစ်လို့ ဆင့်ကဲအယူဝါဒကို မယုံတာလဲ” လို့မေးရင် “ငါက ဘာဖြစ်လို့ ဆင့်ကဲအယူဝါဒကို ယုံရမှာလဲ။ ကျွမ်းကျင်ပညာရှင်တွေလို့ သူတို့ကိုယ်သူတို့ ယူဆတဲ့ သိပ္ပံပညာရှင်တွေတောင် ဒီအယူဝါဒနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲနေကြတယ်” လို့ရိုးရိုးလေး ပြန်ဖြေနိုင်ပါတယ်။ မိဘတို့၊ ကိုယ့်ရဲ့ယုံကြည်ခြင်းကို ကာကွယ်ပြောဆိုနိုင်တဲ့နည်းတွေအကြောင်း သားသမီးတွေနဲ့ ဆွေးနွေးပါ။ ဒါမှ ကျောင်းမှာ ကြုံတွေ့ရမယ့်အရာတွေအတွက် သူတို့ အသင့်ရှိကြမယ်။

မိဘတို့၊ ကိုယ့်ရဲ့ယုံကြည်ခြင်းကို ကာကွယ်ပြောဆိုနိုင်တဲ့ နည်းတွေအကြောင်း သားသမီးတွေနဲ့ ဆွေးနွေးပါ

၁၉ ဒါပေမဲ့ ကိုယ့်ရဲ့ယုံကြည်ခြင်းကို ကာကွယ်ဖို့၊ ယေဟောဝါနှစ်သက်တာကိုလုပ်ဖို့ အမြဲတော့ မလွယ်ကူပါဘူး။ ဥပမာ၊ တစ်နေကုန် အလုပ်လုပ်ပြီးတဲ့နောက်မှာ အစည်းအဝေးသွားဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းနေရတာဖြစ်နိုင်တယ်။ ဒါမှမဟုတ် အမှုဆောင်သွားဖို့ မနက်မှာ အိပ်ရာကနေ မထချင်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အခုချိန်မှာ အဲဒါတွေကို လုပ်တဲ့အကျင့်ရှိမှ ရှေ့မှာကြုံတွေ့ရမယ့် ပိုကြီးတဲ့ စမ်းသပ်မှုတွေအတွက် အသင့်ဖြစ်နေမယ်ဆိုတာ သတိရပါ။

ပေါလုဟာ ရွေးနုတ်ဖိုးကို လက်ခံပြီး အဲဒါက သူ့အတွက်ဖြစ်တယ်လို့ ယုံကြည်ခဲ့တယ်

၂၀၊ ၂၁။ (က) အပျက်သဘောခံစားချက်တွေကို တိုက်လှန်ဖို့ ရွေးနုတ်ဖိုးအကြောင်း တွေးတောဆင်ခြင်ခြင်းက ဘယ်လိုကူညီပေးနိုင်သလဲ။ (ခ) ကျွန်ုပ်တို့ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသင့်သလဲ။

၂၀ သွယ်ဝိုက်တိုက်ခိုက်နည်းတွေကို ဘယ်လိုတိုက်လှန်နိုင်သလဲ။ ဥပမာ၊ စိတ်ဓာတ်ကျတဲ့ ခံစားချက်တွေကို ဘယ်လိုတိုက်လှန်နိုင်သလဲ။ အကောင်းဆုံးနည်းတွေထဲက တစ်ခုက ယေရှုရဲ့ရွေးနုတ်ဖိုး ပူဇော်သကာအကြောင်း တွေးတောဆင်ခြင်ခြင်းပဲ။ တမန်တော်ပေါလု အဲဒီအတိုင်းလုပ်ခဲ့တယ်။ သူ စိတ်ဓာတ်ကျတဲ့အခါတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ခရစ်တော်ဟာ စုံလင်တဲ့သူတွေအတွက် မဟုတ်ဘဲ သူ့လိုအပြစ်သားတွေအတွက် အသေခံခဲ့တယ်ဆိုတာ သူသိတယ်။ “ယခုအသက်ရှင်နေခြင်းသည် ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းကြောင့်ဖြစ်၏။ ကိုယ်တော်သည် ငါ့ကိုချစ်၍ ငါ့အတွက် ကိုယ်ကိုစွန့်တော်မူ၏” လို့ သူရေးခဲ့တယ်။ (ဂလ. ၂:၂၀) ပေါလုဟာ ရွေးနုတ်ဖိုးကိုလက်ခံပြီး အဲဒါက သူ့အတွက်ဖြစ်တယ်လို့ ယုံကြည်ခဲ့တယ်။

၂၁ သင်လည်း ရွေးနုတ်ဖိုးပူဇော်သကာကို သင့်အတွက် ဘုရားပေးတဲ့လက်ဆောင်အဖြစ် လက်ခံမယ်ဆိုရင် အကျိုးခံစားရနိုင်တယ်။ ဒီလိုပြောလို့ စိတ်ဓာတ်ကျတာက ချက်ချင်းပျောက်သွားမယ်လို့ မဆိုလိုဘူး။ တချို့သူတွေဆိုရင် ကမ္ဘာသစ်မလာမချင်း စိတ်ဓာတ်ကျတဲ့ ခံစားချက်တွေကို ခံရပ်သွားရမှာဖြစ်တယ်။ ဒါပေမဲ့ လက်မလျှော့တဲ့သူတွေ ဆုရမယ်ဆိုတာ သတိရပါ။ ဘုရားသခင့်နိုင်ငံတော်ဟာ တစ်ရက်ထက်တစ်ရက် ပိုနီးလာပြီ။ အဲဒီအခါကျရင် မြေကြီးတစ်ခုလုံး အေးချမ်းငြိမ်သက်ပြီး လူသားအားလုံး စုံလင်လာမယ်။ ဆင်းရဲဒုက္ခများစွာ ခံစားနေရတဲ့ကြားမှာတောင် အဲဒီနိုင်ငံတော်ထဲဝင်ဖို့ စိတ်ပိုင်းဖြတ်ထားပါ။