မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောက်ဆုံးရန်သူသေခြင်းဟာ ဆုံးၡုံးခြင်းသို့ ရောက်ရ

နောက်ဆုံးရန်သူသေခြင်းဟာ ဆုံးၡုံးခြင်းသို့ ရောက်ရ

“နောက်ဆုံးရန်သူတည်းဟူသော သေခြင်းသည် ဆုံးၡုံးခြင်းသို့ ရောက်ရလိမ့်မည်။”—၁ ကော. ၁၅:၂၆

၁၊ ၂။ အစပိုင်းမှာ အာဒံနဲ့ဧဝရဲ့ ဘဝအခြေအနေ ဘယ်လိုရှိခဲ့သလဲ။ ဘယ်မေးခွန်းတွေ ပေါ်လာသလဲ။

အာဒံနဲ့ဧဝဖန်ဆင်းခံရတုန်းက သူတို့မှာ ရန်သူဆိုတာ မရှိခဲ့ဘူး။ သူတို့က စုံလင်ပြီး ပရဒိသုမှာ နေထိုင်ခဲ့ကြတယ်။ ဖန်ဆင်းရှင်နဲ့ သားအဖလို ရင်းနှီးတဲ့ဆက်ဆံရေး ရှိခဲ့ကြတယ်။ (က. ၂:၇-၉; လု. ၃:၃၈) ဘုရားသခင်က သူတို့ကို အရေးကြီးတဲ့တာဝန်တစ်ခု ပေးခဲ့တယ်။ (ကမ္ဘာဦး ၁:၂၈ ကိုဖတ်ပါ။) ဒီတာဝန်ကို ပြီးမြောက်အောင်လုပ်ဖို့ သူတို့ ဘယ်လောက်ကြာကြာ အသက်ရှင်ဖို့လိုသလဲ။ ‘သားသမီးတွေအများကြီးမွေးပြီး မြေကြီးကို ပြည့်စေဖို့’ အတွက် ထာဝစဉ်အသက်ရှင်စရာ မလိုပါဘူး။ ဒါပေမဲ့ ‘မြေပေါ်မှာသွားလာတဲ့ တိရစ္ဆာန်တွေ’ ကို ကြည့်ရှုစောင့်ရှောက်ဖို့ဆိုရင် ထာဝစဉ်အသက်ရှင်ဖို့လိုတယ်။ ဒီတာဝန်ကို သူတို့ ထာဝစဉ်လုပ်ဆောင်သွားနိုင်တယ်။

ဒါဆိုရင် အခုအခြေအနေတွေက ဘာကြောင့် လုံးဝကွာခြားနေတာလဲ။ ကျွန်ုပ်တို့ရဲ့ ပျော်ရွှင်မှုကိုဖျက်ဆီးနေတဲ့ ရန်သူတွေ ဘာလို့ဒီလောက်များနေတာလဲ။ အဆိုးဆုံးရန်သူသေခြင်းက ဘာကြောင့် ရှိနေတာလဲ။ ဒီရန်သူတွေကို ဘုရားသခင် ဘယ်လိုဖျက်ဆီးမလဲ။ ဒီမေးခွန်းတွေရဲ့အဖြေကို ကျမ်းစာမှာတွေ့ရတယ်။ အဲဒီအဖြေတွေကို ဒီဆောင်းပါးမှာ လေ့လာသွားပါမယ်။

မေတ္တာပါတဲ့ သတိပေးချက်

၃၊ ၄။ (က) အာဒံနဲ့ ဧဝကို ယေဟောဝါ ဘယ်အမိန့်ပေးခဲ့သလဲ။ (ခ) အဲဒီအမိန့်ကိုနာခံခြင်းက ဘယ်လောက်အရေးကြီးသလဲ။

အာဒံနဲ့ဧ၀ဟာ ထာဝစဉ်အသက်ရှင်ဖို့ ဖန်ဆင်းခံရပေမဲ့ မသေနိုင်တာတော့ မဟုတ်ဘူး။ သူတို့ဆက်အသက်ရှင်ဖို့ဆိုရင် အသက်ရှူရမယ်၊ စားသောက်ရမယ်၊ အိပ်ရမယ်။ အရေးကြီးဆုံးကတော့ သူတို့ရဲ့အသက်ဟာ အသက်ပေးတဲ့ ယေဟောဝါနဲ့ဆက်ဆံရေးအပေါ် မူတည်တယ်။ (တရား. ၈:၃) ယေဟောဝါရဲ့လမ်းပြမှုကို လက်ခံမှ သူတို့ ဆက်အသက်ရှင်နိုင်မယ်။ ဧဝကို မဖန်ဆင်းခင်ကတည်းက အာဒံကို ယေဟောဝါ ဒီလို ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်– “ကောင်းမကောင်းကိုသိကျွမ်းရာအပင်မှတစ်ပါး ထိုဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်။”—က. ၂:၁၆၊ ၁၇

“ကောင်းမကောင်းကိုသိကျွမ်းရာအပင်” က အကောင်းနဲ့အဆိုးကို ဆုံးဖြတ်ပိုင်ခွင့်ဟာ ဘုရားသခင်ဆီမှာ ရှိတယ်ဆိုတာ ဖော်ပြတယ်။ အာဒံမှာလည်း အကောင်းနဲ့အဆိုးကို ခွဲခြားနိုင်တဲ့ ဉာဏ်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ဘုရားသခင့်ပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခံရတယ်၊ သူ့မှာ ဩတ္တပ္ပစိတ်ရှိတယ်။ ဒီအပင်က အာဒံနဲ့ဧဝဟာ ယေဟောဝါရဲ့ လမ်းညွှန်မှု အမြဲလိုမယ်ဆိုတာ သတိရစေတယ်။ အဲဒီအပင်ရဲ့အသီးကို စားတယ်ဆိုရင် “ကျွန်တော်တို့က ဘုရားသခင့်အုပ်ချုပ်မှုကို မလိုအပ်ဘူး” လို့ ပြောတာနဲ့ တူပါလိမ့်မယ်။ ရလဒ်အနေနဲ့ သူတို့နဲ့ သူတို့ရဲ့သားသမီးတွေဟာ ဘုရားသခင် သတိပေးထားတဲ့အတိုင်း သေရမယ်။

လူတွေ ဘာကြောင့်သေရ

၅။ အာဒံနဲ့ဧဝဟာ ဘာကြောင့် ယေဟောဝါရဲ့စကားကို နားမထောင်ခဲ့တာလဲ။

အာဒံက ဧဝကို ယေဟောဝါရဲ့ပညတ်အကြောင်း ပြောပြခဲ့တယ်။ ဒီပညတ်ကို ဧဝ ကောင်းကောင်းသိတယ်။ နောက်ပိုင်းမှာ အဲဒီပညတ်ကို တစ်လုံးမကျန် ပြန်ပြောနိုင်ခဲ့တယ်။ (က. ၃:၁-၃) ဧဝဟာ မြွေကတစ်ဆင့် စကားပြောခဲ့တဲ့ စာတန်ကို အဲဒီပညတ်အကြောင်း ပြန်ပြောပြခဲ့တယ်။ စာတန်ဟာ အာဏာနဲ့ လွတ်လပ်မှုရလိုတဲ့ သူ့ရဲ့ဆန္ဒကို ကြီးထွားခွင့်ပြုခဲ့တယ်။ (ယာကုပ် ၁:၁၄၊ ၁၅ နဲ့ နှိုင်းယှဉ်ပါ။) ဘုရားသခင်က လိမ်ညာတယ်၊ ဘုရားသခင့်စကားကို နားမထောင်ဘူးဆိုရင် သေမှာမဟုတ်ဘဲ ဘုရားသခင်လိုဖြစ်လာမယ်လို့ ဧဝကို စာတန်ပြောခဲ့တယ်။ (က. ၃:၄၊ ၅) ဧဝက စာတန်ရဲ့စကားကိုယုံပြီး အသီးကို စားလိုက်တယ်။ အာဒံကိုလည်း ကျွေးလိုက်တယ်။ (က. ၃:၆၊ ၁၇) တကယ်တော့ ဧဝကို စာတန် လိမ်ညာခဲ့တယ်။ (၁ တိမောသေ ၂:၁၄ ကိုဖတ်ပါ။) အာဒံက အသီးစားတာမှားမှန်း သိပေမဲ့ မိန်းမစကား နားထောင်ခဲ့တယ်။ မြွေဟာ မိတ်ဆွေတစ်ယောက်ရဲ့ပုံစံမျိုး ပေါက်နေပေမဲ့ မြွေကတစ်ဆင့် စကားပြောတဲ့သူဟာ ရက်စက်တဲ့ရန်သူပဲ။ သူ့ရဲ့လိမ်ညာမှုကြောင့် ဆိုးရွားတဲ့ရလဒ်တွေ ဖြစ်ပေါ်လာမယ်ဆိုတာ သူသိတယ်။

၆၊ ၇။ အာဒံနဲ့ ဧဝကို ဘုရားသခင် ဘယ်လိုတရားစီရင်ခဲ့သလဲ။

အာဒံနဲ့ဧဝဟာ သူတို့ကို အသက်နဲ့ ကောင်းတဲ့အရာတွေပေးထားတဲ့ ယေဟောဝါကို ပုန်ကန်ခဲ့ကြတယ်။ တကယ်တော့ ယေဟောဝါက ဖြစ်ပျက်ခဲ့တာတွေကို ကောင်းကောင်းသိတယ်။ (၅ ရာ. ၂၈:၉; သုတ္တံ ၁၅:၃ ကိုဖတ်ပါ။) ဒါပေမဲ့ သူ့ကို အာဒံ၊ ဧဝနဲ့ စာတန်တို့ တကယ်ချစ်သလား၊ မချစ်ဘူးလားဆိုတာကို ဖော်ပြခွင့်ပြုခဲ့တယ်။ သူတို့ရဲ့လုပ်ရပ်တွေက ဖခင်ဖြစ်တဲ့ကိုယ်တော့်ကို တကယ်စိတ်ထိခိုက်စေခဲ့တယ်။ (ကမ္ဘာဦး ၆:၆ နဲ့နှိုင်းယှဉ်ပါ။) ဒါပေမဲ့ ကိုယ်တော်ဟာ တရားသူကြီးတစ်ယောက်အနေနဲ့ အပြစ်သားတွေကို မျှမျှတတစီရင်ခဲ့တယ်။

ယေဟောဝါက သူ့ကို အာဒံ၊ ဧဝနဲ့ စာတန်တို့ တကယ်ချစ်သလား၊ မချစ်ဘူးလားဆိုတာကို ဖော်ပြခွင့်ပြုခဲ့တယ်

ကောင်းမကောင်းသိကျွမ်းရာ အပင်နဲ့ပတ်သက်ပြီး ဘုရားသခင်က အာဒံကို “စားသောနေ့တွင် ဧကန်အမှန်သေရမည်” လို့ပြောထားတယ်။ အာဒံက အဲဒီနေ့ နေမဝင်ခင်မှာ သူသေမယ်လို့ ထင်နေနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါက အဲဒီနေ့ ညနေပိုင်းမှာ အာဒံနဲ့ဧဝကို စကားပြောတယ်။ (က. ၃:၈) ဖြောင့်မတ်တဲ့ တရားသူကြီးတစ်ဦးအနေနဲ့ ကိုယ်တော်ဟာ အာဒံနဲ့ဧဝပြောတာကို အရင်နားထောင်ပေးတယ်။ (က. ၃:၉-၁၃) ပြီးတဲ့နောက် အပြစ်သားနှစ်ယောက်ကို သေဒဏ်ချမှတ်လိုက်တယ်။ (က. ၃:၁၄-၁၉) သူတို့ကို ဘုရားသခင် ချက်ချင်းဖျက်ဆီးလိုက်မယ်ဆိုရင် လူသားတွေနဲ့ပတ်သက်တဲ့ ကိုယ်တော့်ရည်ရွယ်ချက် ဘယ်တော့မှ ပြည့်စုံတော့မှာ မဟုတ်ဘူး။ (ဟေရှာ. ၅၅:၁၁) အာဒံနဲ့ဧဝဟာ အပြစ်ရဲ့အကျိုးဆက်ကို ချက်ချင်းခံစားခဲ့ရတယ်။ ဒါပေမဲ့ ယေဟောဝါဟာ ပိုကောင်းတဲ့အနာဂတ် ပိုင်ဆိုင်နိုင်တဲ့ သားသမီးတွေမွေးဖွားဖို့ သူတို့ကို ဆက်အသက်ရှင်စေခဲ့တယ်။ အာဒံနဲ့ဧဝဟာ အပြစ်လုပ်တဲ့နေ့ကစပြီး ဘုရားသခင့်ရှေ့မှာ လူသေတွေလို ဖြစ်သွားပြီ။ ယေဟောဝါအတွက် တစ်ရက်ဟာ အနှစ်တစ်ထောင်ဖြစ်လို့ သူတို့နှစ်ယောက်ဟာ အပြစ်လုပ်တဲ့ “နေ့” မှာပဲ သေခဲ့ကြရတယ်။—၂ ပေ. ၃:၈

အာဒံနဲ့ ဧဝဟာ အပြစ်လုပ်တဲ့နေ့ကစပြီး ဘုရားသခင့်ရှေ့မှာ လူသေတွေလို ဖြစ်သွားပြီ

၈၊ ၉။ အာဒံရဲ့အပြစ်က သူ့သားသမီးအားလုံးကို ဘယ်လိုထိခိုက်ခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

အာဒံနဲ့ဧဝရဲ့ လုပ်ရပ်က သူတို့ရဲ့သားသမီးတွေကို ထိခိုက်ခဲ့သလား။ ထိခိုက်ခဲ့တယ်။ “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏” လို့ ရောမ ၅:၁၂ မှာ ဖော်ပြထားတယ်။ တမန်တော်ပေါလုက “တစ်ယောက်သောသူ နာခံမှုမရှိသောကြောင့် လူအများသည် အပြစ်သားများ ဖြစ်ရ၏” လို့ ပြောခဲ့တယ်။ (ရော. ၅:၁၉) အရင်ဆုံးသေရတဲ့သူက သစ္စာရှိတဲ့ အာဗေလပဲ။ (က. ၄:၈) အဲဒီနောက်မှာ အာဒံရဲ့ တခြားသားသမီးတွေနဲ့ မြေးမြစ်တွေလည်း အသက်ကြီးပြီး သေဆုံးခဲ့ကြရတယ်။ လူသားတွေဟာ မရှောင်လွှဲနိုင်တဲ့ ရန်သူနှစ်မျိုးဖြစ်တဲ့ အပြစ်နဲ့သေခြင်းကို အမွေခံခဲ့ရတယ်။ အပြစ်နဲ့သေခြင်းက အာဒံရဲ့သားသမီးတွေဆီ ဘယ်လိုကူးစက်လာတယ်ဆိုတာ အတိအကျမသိရပေမဲ့ အကျိုးဆက်တွေကိုတော့ မြင်တွေ့နေရတယ်။

ကျမ်းစာမှာ အပြစ်နဲ့သေခြင်းကို ‘လူအားလုံးကိုဖုံးအုပ်ထားတဲ့ ခြုံထည်၊ လူမျိုးအားလုံးအပေါ် အုပ်မိုးထားတဲ့ ရက်ထည်’ နဲ့နှိုင်းယှဉ်ထားတာ သင့်လျော်ပါတယ်။ (ဟေရှာ. ၂၅:၇ကဘ) ဘယ်လူသားမှ အပြစ်နဲ့သေခြင်းကနေ မလွတ်မြောက်နိုင်ဘူး။ ဒါကြောင့် ကျမ်းစာမှာ “လူအပေါင်းတို့သည် အာဒံကြောင့် သေဆုံးကြရ” တယ်လို့ ဖော်ပြထားတယ်။ (၁ ကော. ၁၅:၂၂) ပေါလုက “ငါ့ကို သေခြင်းသို့ပို့ဆောင်သော ဤခန္ဓာကိုယ်မှ မည်သူကယ်နုတ်မည်နည်း” လို့ မေးခဲ့တယ်။ (ရော. ၇:၂၄) ပေါလုကို ကယ်နိုင်မယ့်သူ ရှိသလား။ *

အပြစ်နဲ့သေခြင်း ဖယ်ရှားခံရမယ်

၁၀။ (က) သေခြင်းကို ယေဟောဝါ ဖယ်ရှားပေးမယ်ဆိုတာ ဘယ်ကျမ်းချက်တွေက ဖော်ပြသလဲ။ (ခ) အဲဒီကျမ်းချက်တွေက ယေဟောဝါနဲ့ သားတော်အကြောင်း ဘာသိစေသလဲ။

၁၀ ပေါလုကို ယေဟောဝါ ကယ်တင်နိုင်ပါတယ်။ “သေခြင်းကိုလည်း နစ်မွန်းဆုံးၡုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်” လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (ဟေရှာ. ၂၅:၈) အဖေတစ်ယောက်က သူ့ကလေးကို နာကျင်အောင်လုပ်တဲ့အရာကို ဖယ်ရှားပေးပြီး မျက်ရည်သုတ်ပေးသလို ယေဟောဝါကလည်း သေခြင်းကို ဖယ်ရှားပေးရတာကို သိပ်ပျော်တယ်။ ယေရှုက ကိုယ်တော်နဲ့အတူ ပူးပေါင်းလုပ်ဆောင်တယ်။ ၁ ကောရိန္သု ၁၅:၂၂ မှာ “လူအပေါင်းတို့သည်လည်း ခရစ်တော်ကြောင့် အသက်ရှင်ကြရလိမ့်မည်” လို့ ဖော်ပြထားတယ်။ ပေါလုက ‘ငါ့ကို မည်သူကယ်နုတ်မည်နည်း’ ဆိုတဲ့ သူ့ရဲ့မေးခွန်းကို “ငါတို့သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏” လို့ ကိုယ်တိုင် ပြန်ဖြေခဲ့တယ်။ (ရော. ၇:၂၅) အာဒံနဲ့ဧဝ အပြစ်လုပ်ခဲ့ပေမဲ့ လူသားတွေကို ယေဟောဝါ ဆက်ချစ်နေသေးတယ်ဆိုတာ ရှင်းနေပါတယ်။ အာဒံနဲ့ဧဝကိုဖန်ဆင်းရာမှာ ယေဟောဝါအသုံးပြုခဲ့တဲ့ ယေရှုလည်း လူတွေကို ချစ်နေတုန်းပဲ။ (သု. ၈:၃၀၊ ၃၁) ဒါပေမဲ့ လူသားတွေဟာ အပြစ်နဲ့သေခြင်းကနေ ဘယ်လိုကယ်တင်ခံရမလဲ။

အာဒံနဲ့ဧဝ အပြစ်လုပ်ခဲ့ပေမဲ့ လူသားတွေကို ယေဟောဝါ ဆက်ချစ်နေသေးတယ်

၁၁။ လူသားတွေကို ကယ်တင်ဖို့ ယေဟောဝါ ဘာလုပ်ခဲ့သလဲ။

၁၁ အာဒံအပြစ်လုပ်လို့ ယေဟောဝါက သူ့ကို သေဒဏ်စီရင်ခဲ့တယ်။ အဲဒါကြောင့် လူသားအားလုံး မစုံလင်မှုနဲ့ သေခြင်းကို အမွေခံခဲ့ရတယ်။ (ရော. ၅:၁၂၊ ၁၆) ရောမ ၅:၁၈ မှာ “ပြစ်မှုတစ်ခုအားဖြင့် လူအမျိုးမျိုးတို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ခံရ၏” လို့ ရှင်းပြထားတယ်။ ယေဟောဝါဟာ မိမိရဲ့စံနှုန်းတွေကို မချိုးဖောက်ဘဲ လူတွေကို ဘယ်လိုကူညီပေးနိုင်မလဲ။ ယေရှုက ‘မိမိဟာ လူသားတွေအတွက် ရွေးနုတ်ဖိုးအဖြစ် အသက်ကိုစွန့်ဖို့ လာတယ်’ လို့ပြောတဲ့အခါ အဲဒီမေးခွန်းကို အဖြေပေးခဲ့တယ်။ (မ. ၂၀:၂၈) ယေရှုဟာ စုံလင်တဲ့လူသားတစ်ယောက်အနေနဲ့ ရွေးနုတ်ဖိုး ပေးနိုင်ခဲ့တယ်။ ဒီရွေးနုတ်ဖိုးက ဘာကြောင့် တရားမျှတမှုစံနှုန်းနဲ့ ကိုက်ညီသလဲ။—၁ တိ. ၂:၅၊ ၆

ဆုံးၡုံးသွားတဲ့ စုံလင်တဲ့အသက်ကို ပြန်ရဖို့အတွက် စုံလင်တဲ့အသက်ကို ပြန်ပေးခဲ့

၁၂။ ရွေးနုတ်ဖိုးက ဘာကြောင့် တရားမျှတမှုစံနှုန်းနဲ့ ကိုက်ညီသလဲ။

၁၂ ယေရှုဟာ စုံလင်တဲ့လူသားတစ်ယောက်အနေနဲ့ ထာဝစဉ်အသက်ရှင်နိုင်တယ်။ တကယ်တော့ ယေဟောဝါက အာဒံကို အဲဒီလိုအသက်ရှင်စေချင်ခဲ့တာ။ ယေဟောဝါရဲ့ရည်ရွယ်ချက်က မြေကြီးပေါ်မှာ အာဒံရဲ့ စုံလင်တဲ့သားစဉ်မြေးဆက်တွေနဲ့ ပြည့်နေစေဖို့ပဲ။ ယေရှုဟာ သူ့ဖခင်နဲ့ အာဒံရဲ့သားစဉ်မြေးဆက်တွေကို သိပ်ချစ်လို့ သူ့ရဲ့စုံလင်တဲ့လူသားအသက်ကို စွန့်လွှတ်ခဲ့တယ်။ ယေရှုစွန့်လွှတ်ခဲ့တဲ့ လူသားအသက်က အာဒံဆုံးၡုံးခဲ့တဲ့အသက်နဲ့ တန်ဖိုးညီမျှတယ်။ အဲဒီနောက် ယေဟောဝါက ယေရှုကို နာမ်ဝိညာဉ်သားတစ်ဦးအနေနဲ့ ကောင်းကင်ကို ထမြောက်စေခဲ့တယ်။ (၁ ပေ. ၃:၁၈) ရွေးနုတ်ဖိုးက ယေဟောဝါရဲ့တရားမျှတမှုစံနှုန်းနဲ့ ကိုက်ညီတယ်။ ဘာကြောင့်လဲဆိုတော့ ဆုံးၡုံးသွားတဲ့စုံလင်တဲ့အသက်ကို ပြန်ရဖို့အတွက် စုံလင်တဲ့အသက်ကို ပြန်ပေးခဲ့လို့ပဲ။ ယေရှုက အာဒံရဲ့သားစဉ်မြေးဆက်တွေ ထာဝရအသက်ရရှိအောင် လုပ်ပေးနိုင်ခဲ့တယ်။ ဒါကြောင့် ပေါလုက “‘ပထမလူအာဒံသည် အသက်ရှင်သောသတ္တဝါ ဖြစ်လာ၏’ ဟုကျမ်းစာ၌ ရေးထား၏။ နောက်ဆုံးသောအာဒံသည် အသက်ပေးသော နာမ်ဝိညာဉ် ဖြစ်လာ၏” လို့ရှင်းပြခဲ့တယ်။—၁ ကော. ၁၅:၄၅

၁၃။ “နောက်ဆုံးသောအာဒံ” ဟာ လူသေတွေအတွက် ဘာလုပ်ပေးမလဲ။

၁၃ မကြာခင်မှာ “နောက်ဆုံးသော အာဒံ” ဟာ အာဒံရဲ့သားစဉ်မြေးဆက်တွေကို ထာဝရအသက်ပေးပါလိမ့်မယ်။ အဲဒီထဲမှာ အရင်က သေဆုံးခဲ့သူအများစုလည်း ပါဝင်ပါလိမ့်မယ်။ သူတို့တွေဟာ မြေကြီးပေါ်မှာ အသက်ရှင်ဖို့ ထမြောက်လာကြမယ်။—ယော. ၅:၂၈၊ ၂၉

ပထမဦးဆုံးသေဆုံးခဲ့သူ အာဗေလဟာ ယေရှုရဲ့ ရွေးနုတ်ဖိုးကနေ အကျိုးခံစားရပါလိမ့်မယ် (အပိုဒ် ၁၃ ကိုကြည့်ပါ)

၁၄။ လူသားတွေဟာ ဘယ်လိုနည်းနဲ့ မစုံလင်မှုကနေ လွတ်မြောက်လာမလဲ။

၁၄ လူသားတွေဟာ ဘယ်လိုနည်းနဲ့ မစုံလင်မှုကနေ လွတ်မြောက်လာမလဲ။ အဲဒါကို လုပ်ဆောင်ဖို့အတွက် ယေဟောဝါက ကောင်းကင်အစိုးရတစ်ခု တည်ထောင်ခဲ့တယ်။ အုပ်ချုပ်သူတွေကတော့ ယေရှုနဲ့ လူသားတွေထဲက ရွေးချယ်ထားတဲ့ ၁၄၄,၀၀၀ ဖြစ်တယ်။ (ဗျာဒိတ် ၅:၉၊ ၁၀ ကိုဖတ်ပါ။) ၁၄၄,၀၀၀ ဟာ မစုံလင်တဲ့လူတွေဖြစ်ခဲ့ကြလို့ သူတို့ရဲ့လက်အောက်ခံ နိုင်ငံသားတွေကို နားလည်စာနာပေးနိုင်တယ်။ အနှစ် ၁,၀၀၀ အတွင်းမှာ ယေရှုနဲ့ သူနဲ့တွဲဖက်အုပ်ချုပ်မယ့်သူတွေဟာ လူသားတွေ စုံလင်လာအောင် ကူညီပေးပါလိမ့်မယ်။—ဗျာ. ၂၀:၆

၁၅၊ ၁၆။ (က) “နောက်ဆုံးရန်သူတည်းဟူသော သေခြင်း” ဆိုတာ ဘာလဲ။ ဘယ်အချိန်မှာ ဖယ်ရှားခံရမလဲ။ (ခ) ၁ ကောရိန္သု ၁၅:၂၈ မှာ ယေရှု ဘာလုပ်မယ်လို့ ဖော်ပြထားသလဲ။

၁၅ အနှစ် ၁,၀၀၀ ကုန်တဲ့အခါ နာခံမှုရှိတဲ့လူသားတွေဟာ အပြစ်နဲ့သေခြင်းကနေ လွတ်မြောက်ပါလိမ့်မယ်။ ပေါလု ဒီလိုရှင်းပြခဲ့တယ်– “လူအပေါင်းတို့သည် အာဒံကြောင့် သေဆုံးကြရသည့်နည်းတူ လူအပေါင်းတို့သည်လည်း ခရစ်တော်ကြောင့် အသက်ရှင်ကြရလိမ့်မည်။ သို့သော် လူအသီးသီး အစဉ်လိုက် ထမြောက်ကြမည်။ ခရစ်တော်သည် ဦးဆုံး ထမြောက်တော်မူ၏။ ထို့နောက် ခရစ်တော်နှင့်ဆိုင်သောသူတို့ [ယေရှုနဲ့ တွဲဖက်အုပ်ချုပ်မယ့် သူတို့] သည် ကိုယ်တော်ရောက်ရှိနေချိန်အတွင်း ထမြောက်ကြမည်။ အဆုံး၌ကား ခရစ်တော်သည် နိုင်ငံတော်ကို ခမည်းတော် ဘုရားသခင်ထံ အပ်ပေးပြီးမှ အစိုးရရှိသမျှ၊ အခွင့်အာဏာတန်ခိုးရှိသမျှတို့ကို အချည်းနှီးဖြစ်စေတော်မူလိမ့်မည်။ ဘုရားသခင်သည် ရန်သူအပေါင်းတို့ကို ခြေတော်အောက်၌ ချထားတော်မူချိန်တိုင်အောင် ခရစ်တော်သည် အုပ်စိုးရမည်။ ထိုအခါ နောက်ဆုံးရန်သူတည်းဟူသော သေခြင်းသည် ဆုံးၡုံးခြင်းသို့ ရောက်ရလိမ့်မည်။” (၁ ကော. ၁၅:၂၂-၂၆) နောက်ဆုံးမှာ အာဒံဆီက အမွေရခဲ့တဲ့ သေခြင်းဟာ ဖယ်ရှားခံရပါလိမ့်မယ်။ လူသားတွေကို အုပ်မိုးထားတဲ့ ဒီ ‘ခြုံထည်’ ဟာ ထာဝစဉ် ဖယ်ရှားခံရပါလိမ့်မယ်။—ဟေရှာ. ၂၅:၇၊ ၈ကဘ။

အနှစ် ၁,၀၀၀ ကုန်တဲ့အခါ နာခံမှုရှိတဲ့လူသားတွေဟာ အပြစ်နဲ့သေခြင်းကနေ လွတ်မြောက်ပါလိမ့်မယ်

၁၆ ပေါလု ဒီလိုဆက်ပြောတယ်– “အရာခပ်သိမ်းကို သားတော်အောက်၌ ချထားတော်မူပြီးနောက် အရာခပ်သိမ်းကို ချထားတော်မူသောအရှင်ကို သားတော်ကိုယ်တိုင် လက်အောက်ခံတော်မူလိမ့်မည်။ ထိုအခါ ဘုရားသခင်သည် လူခပ်သိမ်း၌ အရာခပ်သိမ်း ဖြစ်တော်မူမည်။” (၁ ကော. ၁၅:၂၈) ယေရှုအုပ်ချုပ်မှုရဲ့ ရည်ရွယ်ချက် ပြည့်စုံသွားပါလိမ့်မယ်။ အဲဒီအခါ ယေရှုဟာ သူ့ရဲ့အာဏာနဲ့ စုံလင်တဲ့လူ့မိသားစုကို ယေဟောဝါဆီ ပြန်အပ်ပါလိမ့်မယ်။

၁၇။ စာတန် ဘာဖြစ်သွားမလဲ။

၁၇ လူ့ဆင်းရဲဒုက္ခအားလုံးရဲ့ အဓိကတရားခံ စာတန် ဘာဖြစ်သွားမလဲ။ ဗျာဒိတ် ၂၀:၇-၁၅ မှာ အဖြေတွေ့ရတယ်။ အနှစ် ၁,၀၀၀ အကုန်မှာ စာတန်ဟာ စုံလင်တဲ့လူသားတွေကို နောက်ဆုံးစမ်းသပ်ဖို့ လှည့်ဖြားခွင့် ရပါလိမ့်မယ်။ အဲဒီအခါ စာတန်နဲ့ သူ့နောက်လိုက်ဖို့ ရွေးချယ်သူအားလုံး ထာဝစဉ်ဖျက်ဆီးခံရပါလိမ့်မယ်။ အဲဒါကို “ဒုတိယသေခြင်း” လို့ခေါ်တယ်။ (ဗျာ. ၂၁:၈) ဒီ “ဒုတိယသေခြင်း” ဟာ ဘယ်တော့မှ “ဆုံးၡုံး” မှာ၊ တစ်နည်းအားဖြင့် ဖယ်ရှားခံရမှာ မဟုတ်တဲ့အတွက် ဒီသေခြင်းမှာ သေဆုံးသွားသူတွေဟာ ဘယ်တော့မှ ပြန်အသက်ရှင်တော့မှာမဟုတ်ဘူး။ ကျွန်ုပ်တို့ဟာ ယေဟောဝါအပေါ် သစ္စာရှိမယ်ဆိုရင် “ဒုတိယသေခြင်း” ကြောင့် ထိခိုက်ခံရမှာကို စိုးရိမ်ဖို့မလိုဘူး။

လူသားအားလုံး စုံလင်လာမယ်။ သူတို့ကို ထာဝရအသက် ရထိုက်သူတွေအဖြစ် ယေဟောဝါ အပြည့်အဝ ထောက်ခံပါလိမ့်မယ်

၁၈။ အာဒံကို ဘုရားသခင်ပေးခဲ့တဲ့တာဝန် ဘယ်လိုပြီးမြောက်လာမလဲ။

၁၈ အဲဒီအချိန်မှာ လူသားအားလုံး စုံလင်လာမယ်။ သူတို့ကို ထာဝရအသက်ရထိုက်သူတွေအဖြစ် ယေဟောဝါ အပြည့်အဝ ထောက်ခံပါလိမ့်မယ်။ လူ့ပျော်ရွှင်မှုကိုဖျက်ဆီးတဲ့ ရန်သူအားလုံး ပပျောက်သွားပါလိမ့်မယ်။ အာဒံကိုပေးခဲ့တဲ့တာဝန်ဟာ အာဒံမပါဘဲ ပြီးမြောက်အောင်မြင်သွားပါလိမ့်မယ်။ သူ့ရဲ့သားစဉ်မြေးဆက်တွေက ကမ္ဘာမြေကြီးနဲ့ တိရစ္ဆာန်တွေကို ကြည့်ရှုစောင့်ရှောက်ပါလိမ့်မယ်။ နောက်ဆုံးရန်သူဖြစ်တဲ့ သေခြင်းကို မကြာခင် ယေဟောဝါ ဖယ်ရှားပေးတော့မှာဖြစ်လို့ ဘယ်လောက် ပျော်ရွှင်စရာကောင်းလိုက်သလဲ။

^ စာပိုဒ်၊ 9 လူတွေ ဘာကြောင့် အိုပြီး သေရတယ်ဆိုတာ သိပ္ပံပညာရှင်တွေရှာဖွေဖို့ ကြိုးစားရာမှာ အရေးကြီးတဲ့အချက်တစ်ချက်ကို သတိမထားမိကြဘူး။ ပထမဦးဆုံးလူသားတွေကို သေဒဏ်စီရင်ချက်ချက်ချခဲ့သူဟာ ဖန်ဆင်းရှင်ဖြစ်တယ်ဆိုတာ သူတို့ အသိအမှတ်မပြုကြဘူး။ ဒါကြောင့် သိပ္ပံပညာရှင်တွေဟာ အိုမင်းခြင်း၊ သေဆုံးခြင်းဖြစ်စဉ်ကို အပြည့်အဝနားလည်နိုင်မှာမဟုတ်ဘူးလို့ သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင် စာအုပ်မှာ ဖော်ပြထားတယ်။—အတွဲ ၂၊ စာမျက်နှာ ၂၄၇။