မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘတို့ သားသမီးတွေကို ထိန်းကျောင်းပါ

မိဘတို့ သားသမီးတွေကို ထိန်းကျောင်းပါ

“သင်၏သိုးစုအကြောင်းတို့ကို သိခြင်းငှာ ကြိုးစားလော့။”—သု. ၂၇:၂၃

၁၊ ၂။ (က) ရှေးခေတ် အစ္စရေးသိုးထိန်းတစ်ယောက်ရဲ့ တာဝန်တချို့က ဘာတွေလဲ။ (ခ) မိဘတွေက သိုးထိန်းတွေနဲ့ ဘယ်လိုတူသလဲ။

ရှေးအစ္စရေးနိုင်ငံမှာရှိတဲ့ သိုးထိန်းတွေရဲ့ ဘဝက သိပ်ခက်ခဲပင်ပန်းပါတယ်။ နေပူမရှောင် မိုးရွာမရှောင် ကွင်းပြင်မှာ အလုပ်လုပ်ရတယ်။ သိုးတွေကို တောရိုင်းတိရစ္ဆာန်နဲ့ သူခိုးတွေရဲ့ရန်ကနေ ကာကွယ်ရတယ်။ သိုးတစ်ကောင်ချင်းစီကို မှန်မှန်စစ်ဆေးရပြီး ဖျားနာနေတဲ့သိုး၊ ဒဏ်ရာရနေတဲ့သိုးတွေကို ကုသပေးရတယ်။ အထူးသဖြင့် သိုးပေါက်လေးတွေကို ဂရုစိုက်ရတယ်၊ ဘာကြောင့်လဲဆိုတော့ သိုးပေါက်လေးတွေက အရွယ်ရောက်နေတဲ့ သိုးတွေထက် အားနည်းတယ်။—က. ၃၃:၁၃

ခရစ်ယာန်မိဘတွေမှာလည်း သိုးထိန်းတွေမှာရှိတဲ့ အရည်အသွေးတွေ ရှိရမယ်။ မိဘတွေဟာ သားသမီးတွေကို ယေဟောဝါရဲ့ စံနှုန်းတွေနဲ့အညီ ကျွေးမွေးစောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ (ဧ. ၆:၄) အဲဒီလိုလုပ်ဖို့ အမြဲလွယ်ကူပါသလား။ မလွယ်ကူပါဘူး။ ကလေးတွေဟာ စာတန် အားပေးအားမြှောက်လုပ်နေတဲ့ အတွေးအခေါ်တွေရဲ့တိုက်ခိုက်မှုကို မပြတ်တိုက်လှန်နေရတယ်။ အဲဒီအပြင် ကလေးတွေမှာ မစုံလင်တဲ့သဘောထားတွေ ရှိတယ်။ (၂ တိ. ၂:၂၂; ၁ ယော. ၂:၁၆) သင်တို့ရဲ့ ကလေးတွေကို ဘယ်လိုကူညီပေးနိုင်သလဲ။ သင့်ကလေးတွေကို ထိန်းကျောင်းရာမှာ လုပ်ဆောင်နိုင်တဲ့ နည်းသုံးနည်းကို လေ့လာကြည့်ကြစို့– (၁) သူတို့အကြောင်း သိအောင်လုပ်ပါ၊ (၂) သူတို့ကို သွန်သင်ပါ၊ (၃) သူတို့ကို လမ်းညွှန်ပါ။

သားသမီးတွေအကြောင်း သိအောင်လုပ်ပါ

၃။ မိဘတွေဟာ သားသမီးတွေအကြောင်း ဘယ်လိုနည်းနဲ့ ကောင်းကောင်းသိနိုင်သလဲ။

သိုးထိန်းကောင်းတစ်ယောက်ဟာ သိုးတွေကို ကျန်းကျန်းမာမာရှိစေချင်လို့ တစ်ကောင်ချင်းစီကို သေချာစစ်ဆေးတယ်။ ကျမ်းစာမှာ “သင်၏သိုးစုအကြောင်းတို့ကို သိခြင်းငှာ ကြိုးစားလော့” လို့ပြောတယ်။ (သု. ၂၇:၂၃) မိဘဖြစ်တဲ့ သင်လည်း ‘သင့်ရဲ့သိုးစု’ ဖြစ်တဲ့ သားသမီးတွေအကြောင်း ကောင်းကောင်းသိချင်မှာပဲ။ အဲဒီလိုသိနိုင်ဖို့အတွက် သင့်ကလေးတွေရဲ့ အပြုအမူ၊ အတွေးနဲ့ ခံစားချက်တွေကို ဂရုစိုက်ကြည့်နေရမယ်။ အဲဒါကို ဘယ်လိုလုပ်နိုင်သလဲ။ အကောင်းဆုံးနည်းတစ်ခုကတော့ ကလေးတွေနဲ့ မကြာခဏ စကားပြောဖို့ပဲ။

သင့်ကလေးတွေနဲ့ မကြာခဏ စကားပြောရမှာဖြစ်

၄၊ ၅။ (က) သားသမီးတွေ သူတို့ရဲ့အတွေးနဲ့ ခံစားချက်တွေအကြောင်း ပွင့်ပွင့်လင်းလင်းပြောပြဖို့ ဘယ်အကြံပြုချက်တွေက အကူအညီဖြစ်နိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) သင့်ကလေး သင်နဲ့စကားပြောဖို့ ပိုလွယ်ကူအောင် ဘာလုပ်ခဲ့သလဲ။

ကလေးတွေ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါ သူတို့နဲ့ ပြောဆိုဆက်ဆံရတာ ပိုခက်လာတယ်လို့ မိဘတွေ သတိပြုမိကြတယ်။ ဆယ်ကျော်သက်တွေဟာ သူတို့ရဲ့အတွေးနဲ့ ခံစားချက်တွေအကြောင်း မဆွေးနွေးချင်တာ ဖြစ်နိုင်တယ်။ သင့်ကလေးတွေ အဲဒီလိုဖြစ်နေတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။ အချိန်ယူပြီး သူတို့နဲ့ သေချာဆွေးနွေးရမယ်လို့ မယူဆပါနဲ့။ အဲဒီအစား အေးအေးဆေးဆေးရှိတဲ့အချိန်မှာ သူတို့နဲ့စကားပြောပါ။ (တရား. ၆:၆၊ ၇) သူတို့နဲ့အတူ အချိန်ဖြုန်းပါ။ အတူလမ်းလျှောက်ထွက်ပါ။ အတူကစားပါ။ ခြံထဲမှာ အတူတူအလုပ်လုပ်ပါ။ ကလေးတွေဟာ စိတ်အေးလက်အေးရှိနေချိန်မှာ သူတို့ရဲ့အတွေးနဲ့ ခံစားချက်တွေအကြောင်း ပြောချင်ပါလိမ့်မယ်။

သူတို့ရဲ့ပြဿနာက သင့်အတွက် အရေးကြီးတယ် ဆိုတာလည်း ကလေးတွေ သိထားဖို့လိုတယ်

သင့်ကလေးက အဲဒီလိုအချိန်မျိုးမှာလည်း စကားမပြောချင်ဘူးဆိုရင်ကော။ နောက်တစ်မျိုး ကြိုးစားကြည့်ပါ။ ဥပမာ၊ သမီးကို သူ့ရဲ့တစ်နေ့တာအခြေအနေ ဘယ်လိုရှိသလဲလို့ မေးမယ့်အစား သင့်ရဲ့တစ်နေ့တာအကြောင်း ပြောပြပါ။ အဲဒီအခါမှာ သူလည်း သူ့ရဲ့တစ်နေ့တာအကြောင်း ပြောပြချင်စိတ် ရှိလာနိုင်ပါတယ်။ ဒါမှမဟုတ် ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး သူ့ရဲ့ယူဆချက်ကို သိအောင်လုပ်ပါ။ အဲဒီကိစ္စနဲ့ပတ်သက်တဲ့ မေးခွန်းတွေမေးပါ။ သူ့အကြောင်း မမေးပါနဲ့။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့သူငယ်ချင်းတွေ ဘယ်လိုယူဆသလဲလို့ မေးနိုင်တယ်။ အဲဒီနောက် သူငယ်ချင်းတွေကို ဘယ်လိုအကြံပေးမလဲလို့ သူ့ကို မေးနိုင်တယ်။

၆။ ကလေးတွေနဲ့ စကားပြောဖို့ သင့်မှာအချိန်ရှိတယ်၊ သင်နဲ့စကားပြောဖို့ လွယ်ကူတယ်ဆိုတာ ကလေးတွေသိအောင် ဘယ်လိုလုပ်နိုင်သလဲ။

သင်ဟာ ကလေးတွေနဲ့ စကားပြောဖို့ အချိန်ရှိတယ်၊ စကားပြောဖို့ လွယ်ကူတယ်ဆိုတာ ကလေးတွေသိမယ်ဆိုရင် သင်နဲ့စကားပြောချင်စိတ် ပိုရှိလာပါလိမ့်မယ်။ သင်ဟာ အမြဲအလုပ်များနေတဲ့ပုံပေါက်နေမယ်ဆိုရင် ကလေးတွေက သူတို့ရဲ့ပြဿနာတွေအကြောင်း ပြောပြတော့မှာ မဟုတ်ဘူး။ သင်နဲ့စကားပြောဖို့ လွယ်တယ်ဆိုတာ ဘယ်လိုဖော်ပြနိုင်သလဲ။ “ဘယ်အချိန်ပဲဖြစ်ဖြစ် လာပြောပါ” လို့ပဲ မပြောပါနဲ့။ ကလေးတွေပြောမယ့်အကြောင်းကို သင် လွန်လွန်ကဲကဲ တုံ့ပြန်မှာမဟုတ်ဘူးဆိုတာ သူတို့သိထားဖို့လိုတယ်။ သူတို့ရဲ့ပြဿနာက သင့်အတွက် အရေးကြီးတယ်ဆိုတာလည်း သူတို့သိထားဖို့လိုတယ်။ အသက်ဆယ့်ကိုးနှစ်ရှိတဲ့ ကေလာက “ကျွန်မရဲ့အဖေကို ဘာအကြောင်းပဲဖြစ်ဖြစ် ပြောပြလို့ရတယ်။ အဖေက စကားကို ကြားဖြတ်မပြောဘူး၊ မဝေဖန်ဘူး၊ နားထောင်ပေးတယ်။ ပြီးတော့ အကောင်းဆုံးအကြံပေးတယ်” လို့ ပြောတယ်။

ကလေးတွေပြောတာကို စိတ်ရှည်ရှည် နားထောင်ပေးပါ

၇။ (က) ချိန်းတွေ့ခြင်းလို အကြောင်းအရာတစ်ခုကို ဆွေးနွေးတဲ့အခါ မိဘတွေဟာ မျှတမှုရှိကြောင်း ဘယ်လိုဖော်ပြနိုင်သလဲ။ (ခ) မိဘတွေက သားသမီးတွေကို စိတ်ဆိုးအောင် ဘယ်လိုလုပ်မိနိုင်သလဲ။

တစ်ခါတလေမှာ ချိန်းတွေ့ခြင်းလိုမျိုး ပြောဆိုဖို့ခက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးဖို့လိုလာမယ်။ အဲဒီလိုဆွေးနွေးတဲ့အခါမှာ ကိစ္စရပ်ကို မှန်မှန်ကန်ကန် ကိုင်တွယ်တတ်ဖို့ သင်ပေးပါ။ ဥပမာ၊ သင်ဟာ စားသောက်ဆိုင်တစ်ဆိုင်ကို သွားတယ်ဆိုပါစို့။ ဟင်းလျာစာရင်းမှာ အန္တရာယ်ရှိတဲ့ အစားအသောက်တွေအကြောင်း သတိပေးချက်တွေပဲ ရေးထားတာကို တွေ့ရတယ်။ အဲဒီလိုဆိုရင် သင် အဲဒီဆိုင်ကနေ ထွက်သွားပြီး နောက်တစ်ဆိုင်ကို သွားမှာဖြစ်တယ်။ ကလေးတွေလည်း အဲဒီလိုပဲ။ သင့်ရဲ့အကြံပေးစကားတွေဟာ သတိပေးချက်တွေပဲ ဖြစ်နေမယ်ဆိုရင် ကလေးက စိတ်ဆိုးလာပြီး သင့်ဆီကနေ နောက်ထပ်အကြံဉာဏ်တောင်းတော့မှာ မဟုတ်ဘူး။ (ကောလောသဲ ၃:၂၁ ကိုဖတ်ပါ။) အဲဒါကြောင့် မျှတမှုရှိပါ။ အမ်မလီလို့ခေါ်တဲ့ ညီအစ်မငယ်တစ်ယောက် ဒီလိုပြောတယ်– “ကျွန်မရဲ့မိဘတွေက ချိန်းတွေ့ခြင်းအကြောင်း ပြောတဲ့အခါ ဒီကိစ္စကို မကောင်းတဲ့ကိစ္စလို့ သဘောမထားဘူး။ တစ်ယောက်ယောက်ကို သိကျွမ်းပြီး အိမ်ထောင်ဖက်ရှာရတာ ပျော်စရာကောင်းတယ်လို့ သူတို့ပြောပြတယ်။ အဲဒါက ချိန်းတွေ့ခြင်းအကြောင်းပြောဖို့ ကျွန်မအတွက် ပိုလွယ်ကူစေတယ်။ သူတို့ရှေ့မှာ ကျွန်မ ဘာကိုမှ မဖုံးကွယ်ထားချင်ဘူး၊ အားလုံးပွင့်ပွင့်လင်းလင်း ပြောပြချင်တယ်။”

၈၊ ၉။ (က) စကားကို ကြားဖြတ်မပြောဘဲ စိတ်ရှည်ရှည်နားထောင်ပေးတာက ဘာအကျိုးတွေ ရရှိစေသလဲ။ (ခ) သင့်ကလေးတွေပြောတာကို နားထောင်ပေးလို့ ဘာအောင်မြင်မှုတွေ ရခဲ့သလဲ။

ကလေးတွေပြောတာကို စိတ်ရှည်ရှည် နားထောင်ပေးပါ။ အဲဒီလိုလုပ်တာက သင်နဲ့ စကားပြောဖို့ လွယ်တယ်ဆိုတာ ဖော်ပြတယ်။ (ယာကုပ် ၁:၁၉ ကိုဖတ်ပါ။) ကြင်ဖော်မဲ့မိခင်တစ်ယောက်ဖြစ်တဲ့ ကတ်တီယာ ဒီလိုပြောတယ်– “အရင်ကဆိုရင် ကျွန်မ သမီးကို စိတ်မရှည်ဘူး။ သူ့စကားကို ဆုံးတဲ့အထိ ပြောခွင့်မပေးဘူး။ ကျွန်မ နားမထောင်ချင်ဘူး၊ စိတ်ရှုပ်လည်း မခံချင်ဘူး။ အခုတော့ ကျွန်မရဲ့အကျင့်ကို ပြင်လိုက်ပါပြီ။ သမီးလည်း သူ့ကိုယ်သူ ပြုပြင်လိုက်ပြီ။ သူ ပိုပြီးပူးပေါင်းလုပ်ဆောင်တတ်လာတယ်။”

သူတို့အကြောင်း သိဖို့ နားထောင်ပေးပါ (အပိုဒ် ၃-၉ ကိုကြည့်ပါ)

ရော်နယ်လို့ခေါ်တဲ့ ဖခင်တစ်ယောက်ဟာ သူ့ရဲ့ဆယ်ကျော်သက်သမီးနဲ့ပတ်သက်ပြီး အဲဒီလိုပဲ ကြုံတွေ့ခဲ့ရတယ်။ သူ ဒီလိုပြောတယ်– “သမီးက ကျောင်းမှာ ကောင်းလေးတစ်ယောက်နဲ့ကြိုက်နေတယ်လို့ ကျွန်တော့်ကိုပြောပြတော့ အစပိုင်းမှာ အရမ်းဒေါသထွက်သွားတယ်။ ဒါပေမဲ့ ယေဟောဝါဟာ သူ့ကျေးကျွန်တွေအပေါ်မှာ စိတ်ရှည်တယ်၊ မျှမျှတတ ဆက်ဆံတယ်ဆိုတာ ပြန်စဉ်းစားမိတဲ့အခါ ကျွန်တော်လည်း သမီးကို မဆုံးမခင် သူ့ရဲ့ခံစားချက်တွေအကြောင်း ပြောခွင့်ပြုရင် ပိုကောင်းမယ်လို့ အတွေးဝင်လာတယ်။ အဲဒီလိုလုပ်ခဲ့လို့ ကျွန်တော် ဝမ်းသာတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ပထမဆုံးအကြိမ်အနေနဲ့ သမီးရဲ့ခံစားချက်တွေကို နားလည်ခဲ့ရတယ်။ သူ ပြောလို့ပြီးသွားတဲ့အခါ သူ့ကို မေတ္တာပါတဲ့နည်းနဲ့ စကားပြောဖို့ ပိုလွယ်ကူသွားတယ်။ အံ့ဩစရာက ကျွန်တော့်ရဲ့အကြံဉာဏ်ကို သူ ရှောရှောရှူရှူ လက်ခံခဲ့တယ်။ သူ့ရဲ့အပြုအမူကို တကယ်ပြောင်းလဲချင်တယ်လို့ ပြောပြခဲ့တယ်။” ကလေးတွေနဲ့ မကြာခဏ စကားပြောတာက သူတို့ရဲ့အတွေးနဲ့ ခံစားချက်တွေကို သိဖို့ အထောက်အကူပြုတယ်။ ရလဒ်အနေနဲ့ သူတို့ ဆုံးဖြတ်ချက်ချတဲ့အခါ သင် ပိုပြီး ပါ၀င်လာနိုင်ပါလိမ့်မယ်။ *

သားသမီးတွေကို သွန်သင်ပါ

၁၀၊ ၁၁။ သင့်ကလေးတွေ အမှန်တရားမှာ ဆက်ရှိနေအောင် ဘယ်လိုကူညီပေးနိုင်သလဲ။

၁၀ သိုးထိန်းကောင်းတစ်ယောက်ဟာ သိုးတွေ လမ်းလွဲနိုင်တယ်ဆိုတာ သိတယ်။ သိုးတစ်ကောင်ဟာ အစပိုင်းမှာတော့ သိုးအုပ်နဲ့ သိပ်မဝေးတဲ့နေရာမှာ မြက်စားနေနိုင်တယ်။ ဒါပေမဲ့ သိုးအုပ်နဲ့ တဖြည်းဖြည်း ဝေးသွားနိုင်တယ်။ ကလေးတွေလည်း အဲဒီလိုဖြစ်နိုင်တယ်။ ကလေးတွေဟာ တဖြည်းဖြည်းနဲ့ အမှန်တရားကို စွန့်ခွာသွားနိုင်တယ်။ မကောင်းတဲ့အပေါင်းအသင်းတွေ ဒါမှမဟုတ် မကောင်းတဲ့ဖျော်ဖြေမှုတွေကြောင့် ဖြစ်နိုင်တယ်။ (သု. ၁၃:၂၀) အဲဒီလိုအခြေအနေမျိုးမဖြစ်အောင် သင် ဘယ်လိုတားဆီးနိုင်သလဲ။

၁၁ ကလေးတွေကို သွန်သင်တဲ့အခါမှာ ကူညီပေးရမယ့်အပိုင်းကို သတိထားမိတယ်ဆိုရင် အချိန်မဆွဲပါနဲ့။ ဒါ့အပြင် သူတို့မှာရှိတဲ့ အရည်အသွေးကောင်းတွေ တိုးတက်လာဖို့ ကူညီပေးပါ။ (၂ ပေ. ၁:၅-၈) မိသားစုဝတ်ပြုမှုဟာ အဲဒီလိုလုပ်ဖို့ အကောင်းဆုံးအချိန်ပဲ။ အောက်တိုဘာ ၂၀၀၈၊ နိုင်ငံတော်ဓမ္မအမှုမှာ ဒီလိုဖော်ပြထားတယ်– “အဓိပ္ပာယ်ရှိသော မိသားစုကျမ်းစာသင်အံမှု အစီအစဉ်ကို ပုံမှန်ပြုလုပ်ရမည်ဟူသည့် ယေဟောဝါ ပေးအပ်ထားသောတာဝန်ကို ထမ်းဆောင်ရန် အိမ်ထောင်ဦးစီးများကို အားပေးပါသည်။” သင့်ကလေးတွေကို ထိန်းကျောင်းဖို့ ဒီအချိန်ကို ပညာရှိရှိ အသုံးပြုနေသလား။ သင့်ကလေးတွေက သူတို့ကို ကူညီပေးဖို့ သင် ကြိုးစားအားထုတ်နေတာကို တကယ်တန်ဖိုးထားတယ်ဆိုတာ ယုံကြည်စိတ်ချပါ။—မ. ၅:၃; ဖိ. ၁:၁၀

သူတို့ကို ကောင်းကောင်း သွန်သင်ပါ (အပိုဒ် ၁၀-၁၂ ကိုကြည့်ပါ)

၁၂။ (က) ပုံမှန်ပြုလုပ်တဲ့ မိသားစုဝတ်ပြုမှုကနေ လူငယ်တွေ ဘာအကျိုးရရှိကြသလဲ။ (“ သူတို့တန်ဖိုးထားကြ” ဆိုတဲ့ လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။) (ခ) မိသားစုဝတ်ပြုမှုကနေ သင် ကိုယ်တိုင် ဘာအကျိုးခံစားခဲ့ရသလဲ။

၁၂ ကာရီစာလို့ခေါ်တဲ့ ဆယ်ကျော်သက်မိန်းကလေးနဲ့ သူ့မိသားစုဟာ မိသားစုဝတ်ပြုမှုအစီအစဉ်ကနေ အကျိုးခံစားနေရတယ်။ သူ ဒီလိုပြောတယ်– “အားလုံးအတူထိုင်ပြီး စကားပြောရတာကို ကျွန်မကြိုက်တယ်။ အဲဒါက အချင်းချင်း ပိုရင်းနှီးချစ်ခင်စေပြီး မမေ့နိုင်တဲ့ အမှတ်ရစရာတွေ ဖြစ်စေတယ်။ အဖေက မိသားစုဝတ်ပြုမှု ပုံမှန်လုပ်တယ်။ ဒီအစီအစဉ်ကို အဖေ အလေးအနက်ထားတယ်ဆိုတာ မြင်ရလို့ ကျွန်မတို့လည်း အလေးအနက်ထားလာတယ်။ အဖေ့ကို ဖခင်တစ်ယောက်လိုကော ဝတ်ပြုရေးမှာ ဦးဆောင်ပေးတဲ့သူတစ်ယောက်လိုပါ ပိုလေးစားလာတယ်။” ဘရစ်တနီလို့ခေါ်တဲ့ ညီအစ်မငယ်တစ်ယောက်က ဒီလိုပြောတယ်– “မိသားစုဝတ်ပြုမှုက ကျွန်မကို မိဘတွေနဲ့ ပိုရင်းနှီးစေတယ်။ ကျွန်မရဲ့ပြဿနာတွေကို သူတို့နားထောင်ချင်တယ်၊ ကျွန်မကို သူတို့ဂရုစိုက်တယ်ဆိုတာ သိရှိစေတယ်။ အဲဒီအစီအစဉ်က ကျွန်မတို့မိသားစုကို ပိုချစ်ခင်စည်းလုံးစေတယ်။” မိဘတွေရဲ့ အဓိကပန်းတိုင်က သားသမီးတွေ ယေဟောဝါကိုချစ်အောင် သင်ပေးဖို့ပဲ။ အဲဒီလိုသင်ပေးရာမှာ မိသားစုဝတ်ပြုမှုဟာ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပဲ။ *

သားသမီးတွေကို လမ်းညွှန်ပါ

၁၃။ ယေဟောဝါကို အမှုဆောင်ဖို့ ကလေးတစ်ဦးကို ဘာက လှုံ့ဆော်နိုင်သလဲ။

၁၃ သိုးထိန်းကောင်းက သိုးအုပ်ကို လမ်းညွှန်ဖို့၊ ကာကွယ်ဖို့ တုတ်တစ်ချောင်းကို သုံးတယ်။ သူ့ရဲ့အဓိကရည်ရွယ်ချက်က သိုးတွေကို ‘စားကျက်ကောင်း’ ရှိတဲ့နေရာကို ပို့ဖို့ပဲ။ (ယေဇ. ၃၄:၁၃၊ ၁၄ကဘ) မိဘဖြစ်တဲ့ သင်တို့မှာလည်း အလားတူ ရည်ရွယ်ချက်မျိုးရှိတယ်။ ကလေးတွေကို ယေဟောဝါရဲ့အမှုဆောင်ဖို့ သင် လမ်းပြချင်တယ်။ ကလေးတွေကို ဆာလံဆရာလို ခံစားရစေချင်တယ်။ ဆာလံဆရာ ဒီလိုပြောခဲ့တယ်– “အကျွန်ုပ်၏ဘုရားသခင် ကိုယ်တော်၏အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာရှိပါ၏။” (ဆာ. ၄၀:၈) သင့်ကလေးတွေ အဲဒီလိုတကယ်ခံစားရတယ်ဆိုရင် သူတို့ရဲ့အသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံချင်လာပါလိမ့်မယ်။ ဒီအရေးကြီးတဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ သူတို့မှာ အသိဉာဏ်အလုံအလောက် ရှိရမယ်၊ ယေဟောဝါအတွက် တကယ်အမှုဆောင်ချင်စိတ် ရှိရမယ်။

၁၄၊ ၁၅။ (က) မိဘတွေရဲ့ အဓိကရည်ရွယ်ချက်က ဘာဖြစ်သင့်သလဲ။ (ခ) ဆယ်ကျော်သက်တွေဟာ ဘာကြောင့် အမှန်တရားအပေါ် သံသယဝင်လာနိုင်သလဲ။

၁၄ သင့်ကလေးနဲ့ ယေဟောဝါရဲ့ ဆက်ဆံရေး မတိုးတက်တာဖြစ်နိုင်တယ်။ ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်တွေက အမှန်တရားမှဟုတ်ရဲ့လားလို့ သူတို့ သံသယဝင်နေနိုင်တယ်။ သင်ဘာလုပ်မလဲ။ ကလေးတွေနဲ့ ကျိုးကြောင်းဆင်ခြင်ပါ။ ယေဟောဝါကို စိတ်နှလုံးထဲကနေချစ်အောင် ကူညီပေးပါ။ သူတို့ကို ဘုရားသခင်လုပ်ပေးတဲ့အရာ အားလုံးအတွက် ကျေးဇူးတင်တတ်ဖို့ သွန်သင်ပေးပါ။ (ဗျာ. ၄:၁၁) အဲဒီလိုလုပ်မယ်ဆိုရင် သူတို့အသင့်ဖြစ်တဲ့အခါ ယေဟောဝါကို ဝတ်ပြုဖို့ သူတို့ကိုယ်ကိုအပ်နှံမယ်ဆိုပြီး ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

ကလေးတွေနဲ့ ကျိုးကြောင်းဆင်ခြင်ပါ။ ယေဟောဝါကို စိတ်နှလုံးထဲကနေ ချစ်အောင် ကူညီပေးပါ

၁၅ သင့်ကလေးတွေက အမှန်တရားကို သံသယဝင်နေတယ်ဆိုရင် စိတ်ရှည်ရှည်နဲ့ လမ်းပြပါ။ ယေဟောဝါအတွက် အမှုဆောင်တာက အကောင်းဆုံးဘဝလမ်းစဉ်ဖြစ်ပြီး ထာဝစဉ်တည်တံ့တဲ့အကျိုးတွေ ရရှိစေတယ်ဆိုတာ နားလည်အောင် သင်ပေးပါ။ သင့်ကလေး ဘာကြောင့် သံသယ၀င်တယ်ဆိုတာကိုလည်း သိအောင်လုပ်ပါ။ ဥပမာ၊ သင့်သားက ကျမ်းစာသွန်သင်ချက်တွေကို တကယ်လက်မခံတာလား ဒါမှမဟုတ် တခြားကလေးတွေကို ဟောပြောဖို့ ကြောက်နေတာလား။ သင့်သမီးဟာ ဘုရားသခင့်ပညတ်တွေကို လိုက်လျှောက်တာက ပညာရှိတယ်ဆိုတာကို သံသယဝင်နေတာလား ဒါမှမဟုတ် အထီးကျန်တယ်၊ တခြားသူတွေက သူ့ကို ပယ်ထားတယ်လို့ ခံစားနေရတာလား။

သူတို့ကို လမ်းညွှန်ပါ (အပိုဒ် ၁၃-၁၈ ကိုကြည့်ပါ)

၁၆၊ ၁၇။ သားသမီးတွေကိုယ်တိုင် ယေဟောဝါနဲ့ နှစ်ကိုယ်ကြားဆက်ဆံရေးရှိဖို့ မိဘတွေ ဘယ်လိုကူညီပေးနိုင်သလဲ။

၁၆ သင့်ကလေးတွေ အမှန်တရားအပေါ် သံသယဝင်နေတာကို ဘယ်လိုကူညီပေးနိုင်သလဲ။ မိဘများစွာဟာ သားသမီးတွေကို အောက်ပါမေးခွန်းတွေ မေးခြင်းအားဖြင့် အောင်မြင်စွာ ကူညီပေးနိုင်ခဲ့တယ်– “သား/သမီးအတွက် ခရစ်ယာန်တစ်ယောက်ဖြစ်ရတာ လွယ်သလား၊ ခက်သလား။ ခရစ်ယာန်ဖြစ်လို့ ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရတယ်လို့ ထင်သလဲ။ ဘာတွေ စွန့်လွှတ်ရသလဲ။ လက်ရှိနဲ့ အနာဂတ်မှာရမယ့် အကျိုးကျေးဇူးတွေနဲ့ပတ်သက်ပြီး သား/သမီး ဘယ်လိုခံစားရသလဲ။ အဲဒီအကျိုးကျေးဇူးတွေက စွန့်လွှတ်ခဲ့တာတွေထက် ပိုများသလား။” ဒီမေးခွန်းတွေကို သင့်ကိုယ်ပိုင်စကားနဲ့ စိတ်ဝင်စားမှုရှိရှိ၊ ကြင်ကြင်နာနာ မေးပါ။ သူတို့ကို စစ်ဆေးမေးမြန်းနေတယ်လို့ မခံစားရပါစေနဲ့။ မာကု ၁၀:၂၉၊ ၃၀ ကို ဆွေးနွေးနိုင်ပါတယ်။ တချို့လူငယ်တွေက စာရင်းနှစ်ခုလုပ်ချင်မယ်၊ စာရင်းတစ်ခုက ခရစ်ယာန်ဖြစ်လို့ ခံစားရတဲ့အကျိုးကျေးဇူးနဲ့ နောက်စာရင်းတစ်ခုက စွန့်လွှတ်ခဲ့ရတာတွေဖြစ်မယ်။ ဒီလိုလုပ်တာက သင့်ကလေးတွေ ကြုံတွေ့နေရတဲ့ပြဿနာတွေနဲ့ ဖြေရှင်းနည်းတွေကို သိရှိစေတယ်။ စိတ်ဝင်စားသူတွေနဲ့အတူ ကျမ်းစာသွန်သင်ရာနဲ့ ဘုရားသခင့်မေတ္တာတော်စာအုပ်တွေကို လေ့လာဖို့ လိုအပ်တယ်ဆိုရင် သင့်ကလေးတွေနဲ့ လေ့လာဖို့ ပိုပြီးလိုအပ်ပါလိမ့်မယ်။ သင် အဲဒီလိုလုပ်နေသလား။

မိဘတို့၊ သိုးထိန်းကောင်းဖြစ်ပါ။ သင့်ကလေးတွေကို စိတ်ရှည်ရှည်နဲ့ လမ်းညွှန်ပါ

၁၇ သင့်သားသမီးတွေ ကြီးပြင်းလာတာနဲ့အမျှ ယေဟောဝါကို အမှုဆောင်မယ်၊ မဆောင်ဘူးဆိုတာ သူတို့ကိုယ်တိုင် ဆုံးဖြတ်ရမှာဖြစ်တယ်။ သင် ယေဟောဝါကို အမှုဆောင်ဖို့ဆုံးဖြတ်လို့ သူတို့လည်း အလိုအလျောက် အဲဒီအတိုင်း ဆုံးဖြတ်မှာမဟုတ်ဘူး။ သူတို့ကိုယ်တိုင် ယေဟောဝါနဲ့ နှစ်ကိုယ်ကြားဆက်ဆံရေးရှိဖို့ လိုတယ်။ (သု. ၃:၁၊ ၂) ယေဟောဝါနဲ့ရင်းနှီးဖို့ သင့်ကလေးမှာ အခက်အခဲရှိနေရင် ဘယ်လိုလုပ်မလဲ။ ဒီလိုမေးခွန်းတွေ မေးခြင်းအားဖြင့် သူ့ရဲ့ယုံကြည်ချက်တွေကို စစ်ဆေးဖို့ အားပေးပါ– “ယေဟောဝါရှိတယ်ဆိုတာ ငါ ဘယ်လိုသိရသလဲ။ ငါ့ကို ယေဟောဝါ တကယ်ဂရုစိုက်တယ်ဆိုတာ ဘယ်လိုသိရသလဲ။ ဘုရားသခင့်ပညတ်တွေကို နာခံတာက ငါ့အကျိုးအတွက်ဆိုတာ ငါ တကယ်ယုံကြည်သလား။” မိဘတို့၊ သိုးထိန်းကောင်းဖြစ်ပါ။ သင့်ကလေးတွေကို စိတ်ရှည်ရှည်နဲ့ လမ်းညွှန်ပါ။ ယေဟောဝါကို အမှုဆောင်တာက အကောင်းဆုံးဘဝလမ်းစဉ်ဆိုတာ သူတို့ကိုယ်တိုင်သိလာအောင် ကူညီပေးပါ။ *ရော. ၁၂:၂

၁၈။ အကြီးမြတ်ဆုံးသိုးထိန်း ယေဟောဝါကို မိဘတွေ ဘယ်လိုတုပနိုင်သလဲ။

၁၈ ခရစ်ယာန်စစ်တွေအားလုံးဟာ အကြီးမြတ်ဆုံးသိုးထိန်း ယေဟောဝါကို တုပချင်ကြတယ်။ (ဧ. ၅:၁; ၁ ပေ. ၂:၂၅) အထူးသဖြင့် မိဘတွေဟာ မိမိတို့ရဲ့သိုးအုပ်ဖြစ်တဲ့ အဖိုးတန်သားသမီးတွေအကြောင်း ကောင်းကောင်းသိဖို့လိုတယ်။ ဘုရားသခင့်ကတိတွေကနေ သားသမီးတွေ ထာဝစဉ်အကျိုးခံစားရဖို့ မိဘတွေ လမ်းညွှန်ပေးဖို့လိုတယ်။ သားသမီးတွေကို ထိန်းကျောင်းဖို့၊ ယေဟောဝါကိုချစ်လာအောင် ပြုစုပျိုးထောင်ဖို့ သင်တို့အတတ်နိုင်ဆုံးလုပ်ဆောင်ပါ။

^ စာပိုဒ်၊ 9 ထပ်ဆင့်အကြံပြုချက်တွေအတွက် ဩဂုတ် ၁၊ ၂၀၀၈ ကင်းမျှော်စင်၊ စာမျက်နှာ ၁၀-၁၂ ကိုကြည့်ပါ။

^ စာပိုဒ်၊ 12 ထပ်ဆင့်အကြောင်းအရာအတွက် အောက်တိုဘာ ၁၅၊ ၂၀၀၉ ကင်းမျှော်စင်၊ စာမျက်နှာ ၂၉-၃၁ မှာပါတဲ့ “မိသားစုဝတ်ပြုမှု ကယ်တင်ခြင်းအတွက် အရေးပါ” ဆိုတဲ့ ဆောင်းပါးကိုကြည့်ပါ။

^ စာပိုဒ်၊ 17 ထပ်ဆင့်အကြောင်းအရာအတွက် ဖေဖော်ဝါရီ ၁၊ ၂၀၁၂ ကင်းမျှော်စင်၊ စာမျက်နှာ ၁၈-၂၁ ကိုကြည့်ပါ။