မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်မှာ အမှန်တရားရှိတယ်ဆိုတာ သင်ယုံသလား၊ ဘာကြောင့်လဲ

သင့်မှာ အမှန်တရားရှိတယ်ဆိုတာ သင်ယုံသလား၊ ဘာကြောင့်လဲ

‘ဘုရားသခင့် အလိုတော်အတိုင်း ကောင်းမြတ်တော်မူသောအရာ၊ လက်ခံတော်မူဖွယ်သောအရာ၊ စုံလင်တော်မူသောအရာတို့ကို သိမှတ်ကြလော့။’—ရော. ၁၂:၂

၁။ စစ်အတွင်းမှာ ကက်သလစ်နဲ့ ပရိုတက်စတင့် ဘာသာရေးခေါင်းဆောင်တွေ ဘာလုပ်ခဲ့ကြသလဲ။

ဘုရားသခင်က ခရစ်ယာန်တွေ စစ်တိုက်ဖို့၊ တခြားနိုင်ငံမှာရှိတဲ့သူတွေကို သတ်ဖို့ အလိုရှိသလား။ လွန်ခဲ့တဲ့ အနှစ် ၁၀၀ အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ခရစ်ယာန်လို့ခေါ်တဲ့သူတွေဟာ စစ်ပွဲမှာ တခြားသူတွေကို သတ်ခဲ့ကြတယ်။ ကက်သလစ်အချင်းချင်း၊ ပရိုတက်စတင့်အချင်းချင်း သတ်ကြတယ်။ ကက်သလစ်နဲ့ ပရိုတက်စတင့် ဘာသာရေးခေါင်းဆောင်တွေက စစ်တပ်တွေ၊ လက်နက်တွေကို ကောင်းချီးပေးကြတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဒီရက်စက်ကြမ်းကြုတ်မှုဟာ ခရစ်ယာန်လို့ခေါ်သူတွေ အလယ်မှာ မကြာခဏဖြစ်ခဲ့တယ်။

၂၊ ၃။ ဒုတိယကမ္ဘာစစ်အတွင်းမှာ၊ အဲဒီနောက်ပိုင်းဖြစ်ပွားတဲ့ စစ်ပွဲတွေမှာ ယေဟောဝါသက်သေတွေ ဘာလုပ်ခဲ့ကြသလဲ၊ ဘာကြောင့်လဲ။

ဒုတိယကမ္ဘာစစ်အတွင်းမှာ ယေဟောဝါသက်သေတွေ ဘာလုပ်ခဲ့ကြသလဲ။ ကြားနေခဲ့ကြတယ်။ နိုင်ငံစစ်ပွဲတွေမှာ မပါဝင်ခဲ့ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က ယေရှုရဲ့သွန်သင်ချက်တွေကို လိုက်နာပြီး လူတွေအပေါ် ယေရှုမေတ္တာပြခဲ့တဲ့နည်းလမ်းကို တုပချင်ကြတယ်။ ယေရှုက “သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်” လို့ပြောခဲ့တယ်။ (ယော. ၁၃:၃၅) သက်သေခံတွေဟာ ကောရိန္သုမြို့က ခရစ်ယာန်တွေကိုပြောခဲ့တဲ့ ပေါလုရဲ့စကားတွေကို သတိရပြီး လိုက်နာခဲ့ကြတယ်။—၂ ကောရိန္သု ၁၀:၃၊ ၄ ကိုဖတ်ပါ။

ခရစ်ယာန်စစ်တွေဟာ အမှားအမှန်ခွဲခြားရာမှာ ကျမ်းစာကို လမ်းညွှန်အဖြစ် အသုံးပြုကြတယ်။ ဒါကြောင့် သူတို့ရဲ့သြတ္တပ္ပစိတ်က စစ်တိုက်ဖို့၊ စစ်ပညာသင်ဖို့ ခွင့်မပြုဘူး။ ယေဟောဝါသက်သေတွေဟာ ခရစ်ယာန်စစ်တွေအဖြစ်နေထိုင်ဖို့ ကြိုးစားခဲ့ကြလို့ သူတို့ထဲက များစွာဟာ နှိပ်စက်ညှဉ်းပန်းခံခဲ့ကြရတယ်။ လူကြီးလူငယ်၊ ယောက်ျားမိန်းမတွေဟာ ထောင်ချခံရတယ်၊ ချွေးတပ်စခန်းတွေကို ပို့ခံရတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီမှာ နာဇီအုပ်ချုပ်ချိန်တုန်းက တချို့ဆိုရင် အသတ်တောင်ခံကြရတယ်။ ဥရောပမှာ နှိပ်စက်ညှဉ်းပန်းမှုတွေရှိခဲ့တုန်းက ယေဟောဝါသက်သေတွေဟာ ယေဟောဝါရဲ့နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းတာဝန်ကို ဘယ်တော့မှ မမေ့လျော့ခဲ့ဘူး။ အခွင့်အရေးရတိုင်း ဟောပြောခဲ့ကြတယ်။ ထောင်ထဲမှာ၊ ချွေးတပ်စခန်းတွေမှာရှိနေချိန်နဲ့ ပြည်နှင်ဒဏ်ပေးခံရချိန်တွေမှာတောင် ဟောပြောခဲ့ကြတယ်။ * ၁၉၉၄ ခုနှစ်တုန်းက ရဝမ်ဒါနိုင်ငံမှာဖြစ်ခဲ့တဲ့ သိမ်းရုံးသတ်ဖြတ်မှုမှာလည်း သက်သေခံတွေ မပါဝင်ခဲ့ကြဘူး။ ယခင်ယူဂိုဆလားဗီးယားနိုင်ငံကို ပြိုကွဲစေတဲ့ စစ်ပွဲမှာလည်း ကြားနေခဲ့ကြတယ်။

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူများစွာက သက်သေခံတွေဟာ ဘုရားသခင်နဲ့ လူတွေကို တကယ်ချစ်တဲ့သူတွေပဲလို့ ပြောကြတယ်

၄။ ယေဟောဝါသက်သေတွေ ကြားနေတာကို လူတွေတွေ့တဲ့အခါ ဘယ်လိုပြောတတ်ကြသလဲ။

ယေဟောဝါသက်သေတွေဟာ စစ်အတွင်းမှာ ကြားနေခဲ့ကြတယ်။ အဲဒါကြောင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူများစွာက သက်သေခံတွေဟာ ဘုရားသခင်နဲ့ လူတွေကို တကယ်ချစ်တဲ့ ခရစ်ယာန်စစ်တွေပဲလို့ ပြောကြတယ်။ ယေဟောဝါသက်သေတွေဟာ ခရစ်ယာန်စစ်တွေဖြစ်တယ်လို့ လူတွေလက်ခံယုံကြည်ရတဲ့ အကြောင်းရင်းတချို့က ဘာတွေလဲ။

သမိုင်းမှာ အကြီးကျယ်ဆုံး ပညာပေးလုပ်ငန်း

၅။ ယေရှုရဲ့တပည့်တွေ ဘယ်အပြောင်းအလဲ လုပ်ခဲ့ကြရသလဲ။

ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းက မြေကြီးပေါ်မှာ အရေးကြီးဆုံးအလုပ်ဖြစ်တယ်ဆိုတာ ယေရှု ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။ သူ့ရဲ့အမှုဆောင်လုပ်ငန်း စတင်တာနဲ့ ဒီအလုပ်ကိုစလုပ်ဖို့ တပည့် ၁၂ ယောက် ရွေးခဲ့တယ်။ ဒီအလုပ်က နောက်ပိုင်းမှာ ကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့သွားမှာဖြစ်တယ်။ အဲဒီနောက်မှာ ယေရှုက တပည့် ၇၀ ကို လေ့ကျင့်ပေးခဲ့တယ်။ (လု. ၆:၁၃; ၁၀:၁) ယေရှုက တပည့်တွေကို သွန်သင်သူတွေဖြစ်ဖို့ လေ့ကျင့်ပေးခဲ့တယ်။ ယေရှုက အရင်ဆုံး ဂျူးတွေကိုသင်ပေးဖို့၊ နောက်ပိုင်းမှာ တခြားလူမျိုးတွေကိုလည်း သတင်းကောင်းဟောဖို့ တပည့်တွေကို ညွှန်ကြားခဲ့တယ်။ ဂျူးလူမျိုးဖြစ်တဲ့တပည့်တွေက ဂျူးမဟုတ်သူတွေကို ဟောပြောဖို့ဆိုတာ တကယ့်အပြောင်းအလဲကြီးပဲ။—တ. ၁:၈

၆။ ဘုရားသခင် မျက်နှာမလိုက်ဘူးဆိုတာ သိလာဖို့ ပေတရုကို ဘာက ကူညီပေးခဲ့သလဲ။

အရေဖျားမလှီးတဲ့ ဂျူးမဟုတ်သူတွေထဲမှာ အရင်ဆုံး ခရစ်ယာန်ဖြစ်လာသူဟာ ကော်နေလိပဲ။ ကော်နေလိရဲ့အိမ်မှာ ဟောပြောဖို့ ယေဟောဝါက တမန်တော်ပေတရုကို စေလွှတ်ခဲ့တယ်။ ဘုရားသခင် မျက်နှာမလိုက်ဘူးဆိုတာ အဲဒီအချိန်မှာ ပေတရု သိခဲ့ရတယ်။ လူမျိုးပေါင်းစုံထဲကလူတွေ အမှန်တရားကိုကြားပြီး လက်ခံဖို့က ယေဟောဝါရဲ့အလိုတော်ပဲ။ ဒါကြောင့် ပေတရုဟာ ကော်နေလိနဲ့ သူ့မိသားစု နှစ်ခြင်းခံဖို့ ညွှန်ကြားခဲ့တယ်။ (တ. ၁၀:၉-၄၈) အဲဒီနေ့ကစပြီး ပေတရုနဲ့ ယေရှုရဲ့ တခြားတပည့်တွေဟာ လူအမျိုးမျိုးကို ဟောပြောခဲ့ကြတယ်။

၇၊ ၈။ လူတွေ သတင်းကောင်းကြားနိုင်အောင် ယေဟောဝါသက်သေတွေ ဘာလုပ်နေသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

အခုချိန်မှာလည်း ယေဟောဝါရဲ့အဖွဲ့အစည်းမှာ ဦးဆောင်နေသူတွေဟာ သတင်းကောင်းဟောပြောခြင်းနဲ့ သွန်သင်ခြင်းကို ဖွဲ့စည်းပြီး ပံ့ပိုးပေးနေတယ်။ ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါသက်သေ ရှစ်သန်းနီးပါးရှိတယ်။ သူတို့တွေက ဘာသာစကား ၆၀၀ ကျော်နဲ့ ဟောပြောနေကြတယ်။ နောက်ထပ် ဘာသာစကားအရေအတွက်လည်း ထပ်တိုးနေတယ်။ သူတို့တွေဟာ အိမ်တွေမှာ၊ လမ်းပေါ်မှာ ဟောပြောကြတယ်။ သက်သေခံတဲ့အခါ ဘာသာစကားမျိုးစုံနဲ့ ထုတ်ဝေထားတဲ့စာအုပ်တွေ ပြသဖို့ စားပွဲတွေ၊ ဘီးပါတဲ့ စာအုပ်စင်တွေ သုံးကြတယ်။ အဲဒီလိုနည်းလမ်းပေါင်းစုံနဲ့ ဟောပြောလို့ လူတွေက ယေဟောဝါသက်သေတွေကို သိကြတယ်။

ယေဟောဝါရဲ့အဖွဲ့အစည်းဟာ ကျမ်းစာနဲ့ ကျမ်းစာအခြေခံစာပေတွေကို ဘာသာပြန်ဖို့ ညီအစ်ကိုညီအစ်မ ၂,၉၀၀ ကျော်ကို လေ့ကျင့်ပေးထားတယ်။ စာပေတွေကို လူသိနည်းတဲ့ ဘာသာစကားတွေနဲ့တောင် ဘာသာပြန်တယ်။ ဥပမာ၊ စပိန်မှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ ကက်တလန်ဘာသာစကားနဲ့ ကျမ်းစာအခြေခံစာပေတွေကို ဘာသာပြန်နေတယ်။ သိပ်မကြာသေးခင်က ဗလန်ချီးယားနဲ့ အဲလီကန်တီမြို့မှာ လူများစွာဟာ အဲဒီစကားကို စပြောကြတယ်။ ဘယ်လီအာရစ်ကျွန်းနဲ့ အန်ဒိုရာနိုင်ငံတွေမှာလည်း ဒီစကားကို သုံးကြတယ်။ အခုချိန်မှာ ကက်တလန်စကားပြောတဲ့သူ သန်းနဲ့ချီပြီး ရှိတယ်။ ယေဟောဝါသက်သေတွေရဲ့ ဘာသာပြန်လုပ်ငန်းကြောင့် ကက်တလန်လူမျိုးတွေဟာ သူတို့ရဲ့စိတ်နှလုံးကိုထိမိတဲ့ စာပေတွေရရှိပြီး အဲဒီဘာသာစကားနဲ့ကျင်းပတဲ့ အစည်းအဝေးတွေတက်နိုင်ကြတယ်။

၉၊ ၁၀။ ယေဟောဝါရဲ့ အဖွဲ့အစည်းဟာ လူအားလုံးကို အမှန်တရားသိစေချင်တယ်ဆိုတာ ဘယ်သာဓကတွေက ဖော်ပြသလဲ။

ကမ္ဘာတစ်ဝန်းမှာ ကျမ်းစာစာပေတွေကို ဘာသာပြန်တဲ့လုပ်ငန်း၊ လူတွေကို သူတို့ရဲ့ဘာသာစကားနဲ့ သွန်သင်တဲ့လုပ်ငန်းကို လုပ်နေကြတယ်။ ဥပမာ၊ မက္ကဆီကိုနိုင်ငံမှာ အများစုက စပိန်စကားပြောကြတယ်။ ဒါပေမဲ့ လူများစွာဟာ သူတို့ရဲ့အိမ်မှာတော့ နောက်စကားတစ်မျိုးနဲ့ ပြောကြတယ်။ အဲဒီထဲက စကားတစ်မျိုးက မာယာစကားဖြစ်တယ်။ မာယာဘာသာပြန်အဖွဲ့ဟာ မာယာစကားပြောတဲ့သူတွေရှိတဲ့နေရာမှာ အခြေစိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာပြန်သူတွေဟာ နေ့တိုင်း မာယာစကားကိုကြားရလို့ မာယာလူမျိုးတွေ အလွယ်တကူနားလည်နိုင်တဲ့နည်းနဲ့ စာပေတွေကို ဘာသာပြန်နိုင်ကြတယ်။ နောက်ဥပမာတစ်ခုက လူဦးရေ ၂၉ သန်းကျော်ရှိတဲ့ နီပေါနိုင်ငံပဲ။ အဲဒီနိုင်ငံမှာ ဘာသာစကား ၁၂၀ လောက်ပြောကြတယ်။ ၁၀ သန်းကျော်က နပါလီစကားကို အဓိကပြောကြပြီး တခြားသူတွေကတော့ ဒုတိယဘာသာစကားအနေနဲ့ ပြောကြတယ်။ အခုဆိုရင် ညီအစ်ကိုတွေဟာ ကျမ်းစာအခြေခံစာပေတွေကို နပါလီဘာသာစကားနဲ့ ဘာသာပြန်နေတယ်။

၁၀ ဘာသာစကားမျိုးစုံနဲ့ ဘာသာပြန်နေတာကို ကြည့်ခြင်းအားဖြင့် ယေဟောဝါရဲ့အဖွဲ့အစည်းဟာ ကမ္ဘာတစ်ဝန်းမှာ သတင်းကောင်းဟောပြောဖို့တာဝန်ကို အလေးအနက်ထားတယ်ဆိုတာ သိရတယ်။ ယေဟောဝါသက်သေတွေဟာ သန်းနဲ့ချီတဲ့ ဝေစာတွေ၊ ဘရိုရှာတွေ၊ မဂ္ဂဇင်းတွေကို တန်ဖိုးမကောက်ခံဘဲ ဝေငှကြတယ်။ သက်သေခံတွေဟာ ဒီလုပ်ငန်းကို သူတို့စေတနာအလျောက် ထည့်ဝင်တဲ့အလှူငွေတွေနဲ့ လုပ်ဆောင်ကြတယ်။ “အခမဲ့ရကြသည်ဖြစ်၍ အခမဲ့ပေးကမ်းကြလော့” ဆိုတဲ့ ယေရှုရဲ့စကားကို သူတို့လိုက်နာကြတယ်။—မ. ၁၀:၈

ဘာသာပြန်အဖွဲ့က ဂျာမနီမြောက်ပိုင်းသုံး ဘာသာစကားနဲ့ စာပေတွေ ပြင်ဆင်ပေးနေ (အပိုဒ် ၁၀ ကိုကြည့်ပါ)

ဂျာမနီမြောက်ပိုင်းသုံး ဘာသာစကားနဲ့ စာပေတွေကို ပါရာဂွေးနိုင်ငံမှာ အသုံးပြု (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုလည်း ကြည့်ပါ)

၁၁၊ ၁၂။ ကျွန်ုပ်တို့က ကမ္ဘာတစ်ဝန်းမှာ ဟောပြောသွန်သင်လို့ လူတွေ ဘယ်လိုပြောကြသလဲ။

၁၁ ယေဟောဝါသက်သေတွေဟာ သူတို့မှာ အမှန်တရားရှိတယ်ဆိုတာ အခိုင်အမာယုံကြည်တဲ့အတွက်ကြောင့် လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံက လူတွေကို ဟောပြောဖို့ အကြီးအကျယ် ကိုယ်ကျိုးစွန့်ကြတယ်။ သက်သေခံများစွာဟာ သူတို့ရဲ့ဘဝကို ရိုးရှင်းစေခဲ့ကြတယ်၊ တခြားဘာသာစကားကို သင်ယူကြတယ်၊ တခြားယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ကြတယ်။ ကျွန်ုပ်တို့က ကမ္ဘာတစ်ဝန်းမှာ ဟောပြောသွန်သင်ကြလို့ ယေဟောဝါသက်သေတွေဟာ ယေရှုခရစ်ရဲ့ နောက်လိုက်စစ်တွေပဲလို့ လူတွေပြောကြတယ်။

၁၂ သက်သေခံတွေဟာ အမှန်တရားကိုတွေ့ပြီဆိုတာ အခိုင်အမာယုံကြည်ကြလို့ အဲဒီအလုပ်တွေအားလုံးကို လုပ်နိုင်ကြတယ်။ ဒါပေမဲ့ ညီအစ်ကိုညီအစ်မတွေဟာ သူတို့မှာ အမှန်တရားရှိတယ်ဆိုတာ ဘာကြောင့် အခိုင်အမာယုံကြည်ကြသလဲ။—ရောမ ၁၄:၁၇၊ ၁၈ ကိုဖတ်ပါ။

သူတို့ ဘာကြောင့်ယုံကြည်ကြ

၁၃။ သက်သေခံတွေဟာ သူတို့ရဲ့အဖွဲ့အစည်း သန့်ရှင်းအောင် ဘယ်လိုလုပ်ဆောင်ကြသလဲ။

၁၃ ညီအစ်ကိုညီအစ်မတွေဟာ သူတို့မှာ အမှန်တရားရှိတယ်လို့ ဘာကြောင့်ယုံကြည်တာနဲ့ ပတ်သက်ပြီး အကြောင်းရင်းအမျိုးမျိုး ပြောပြကြတယ်။ ယေဟောဝါကို နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့တဲ့ညီအစ်ကိုတစ်ဦးက “ယေဟောဝါရဲ့အဖွဲ့အစည်းဟာ သန့်ရှင်းစင်ကြယ်နေဖို့အတွက် အလွန်ကြိုးစားအားထုတ်တယ်၊ အဲဒီလိုဖြစ်ဖို့အတွက် ဘယ်သူ့ကိုမဆို လိုအပ်ရင် ပဲ့ပြင်ဆုံးမတယ်” လို့ပြောခဲ့တယ်။ ယေဟောဝါရဲ့လူတွေ ဘာကြောင့် ဒီမြင့်မားတဲ့စံနှုန်းကို ထိန်းထားနိုင်တာလဲ။ သူတို့တစ်ယောက်စီက ကျမ်းစာမှာပါတဲ့စံနှုန်းတွေကို လိုက်နာတယ်၊ ယေရှုနဲ့ သူ့ရဲ့တပည့်တွေကို တုပကြတယ်။ သက်သေခံ အနည်းငယ်လောက်ကပဲ ဘုရားသခင့်စံနှုန်းတွေကို မလိုက်လျှောက်လို့ အသင်းတော်ကနေ နှင်ထုတ်ခံရကြတယ်။ ယေဟောဝါသက်သေအများစုကတော့ ယေဟောဝါနှစ်သက်တဲ့နည်းလမ်းနဲ့ အသက်ရှင်ကြတယ်။ အရင်က ဘုရားသခင်မကြိုက်တာကို လုပ်ခဲ့သူများစွာဟာ ပြောင်းလဲပြီး အခုဆိုရင် ဘုရားသခင့်စံနှုန်းအတိုင်း အသက်ရှင်နေကြပြီ။—၁ ကောရိန္သု ၆:၉–၁၁ ကိုဖတ်ပါ။

၁၄။ လူတချို့က အသင်းတော်ကနေ နှင်ထုတ်ခံရပြီးနောက်မှာ ဘာအပြောင်းအလဲတွေ လုပ်ခဲ့ကြသလဲ၊ ဘာရလဒ် ရရှိခဲ့သလဲ။

၁၄ ဘုရားသခင့်စကား နားမထောင်သူတွေကို အသင်းတော်ကနေ နှင်ထုတ်ဖို့ ကျမ်းစာမှာ ညွှန်ကြားထား တယ်။ ဝမ်းသာစရာက ထောင်နဲ့ချီတဲ့သူတွေဟာ နောက်ပိုင်းမှာ သူတို့ရဲ့လုပ်ရပ်တွေအတွက် နောင်တရဝမ်းနည်းပြီး အသင်းတော်ထဲ ပြန်ဝင်လာကြတယ်။ (၂ ကောရိန္သု ၂:၆–၈ ကိုဖတ်ပါ။) သက်သေခံတွေဟာ အမြဲပဲ ကျမ်းစာလမ်းညွှန်ချက်အတိုင်း ကျင့်ကြံနေထိုင်ကြလို့ အသင်းတော်တွေက သန့်ရှင်းနေတယ်။ ဒီအချက်က သူတို့ရဲ့အဖွဲ့အစည်းကို ယေဟောဝါနှစ်သက်လက်ခံတယ်ဆိုတာ သူတို့ကို ယုံကြည်စိတ်ချစေတယ်။ ချာ့ခ်ျများစွာက သူတို့ရဲ့အသင်းသားတွေကို လုပ်ချင်တာလုပ်ဖို့ ခွင့်ပြုထားပေမဲ့ သက်သေခံတွေကတော့ ယေဟောဝါရဲ့ စံနှုန်းတွေနဲ့အညီ အသက်ရှင်နေထိုင်ကြတယ်။ ဒီအချက်က ယေဟောဝါသက်သေတွေမှာ အမှန်တရားရှိတယ်လို့ လူအများကို လက်ခံယုံကြည်စေတယ်။

ချာ့ခ်ျများစွာက သူတို့ရဲ့အသင်းသားတွေကို လုပ်ချင်တာလုပ်ဖို့ ခွင့်ပြုထားပေမဲ့ သက်သေခံတွေကတော့ ယေဟောဝါရဲ့ စံနှုန်းတွေနဲ့အညီ အသက်ရှင်နေထိုင်ကြတယ်

၁၅။ ညီအစ်ကိုတစ်ယောက်က သူ့မှာ အမှန်တရားရှိတယ်လို့ ဘာကြောင့်ယုံကြည်သလဲ။

၁၅ တခြားသက်သေခံတွေကကော သူတို့မှာ အမှန်တရားရှိတယ်လို့ ဘာကြောင့် ယုံကြည်ကြတာလဲ။ ဆယ်ကျော်သက်အရွယ်ကတည်းက ယေဟောဝါကို အမှုဆောင်ခဲ့ပြီး အခု အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ ညီအစ်ကိုတစ်ယောက်က သူ့ရဲ့ယုံကြည်ချက်ဟာ ဒီအရေးကြီးတဲ့အချက်သုံးချက်ပေါ် အခြေခံတယ်လို့ ပြောခဲ့တယ်– (၁) ဘုရားသခင် တည်ရှိတယ်၊ (၂) ကျမ်းစာက ဘုရားသခင်ဆီက လာတယ်၊ (၃) ကမ္ဘာပေါ်မှာ ယေဟောဝါသက်သေတွေပဲ ဘုရားသခင့်အလိုတော်ကို လုပ်ဆောင်နေကြတယ်။ သူဒီလိုပြောတယ်– “နှစ်တွေတစ်လျှောက် ကျွန်တော်လေ့လာတဲ့အခါ အဲဒီအရေးကြီးတဲ့အချက်တွေကို အမြဲဆန်းစစ်တယ်။ အဲဒီအချက်တွေက တကယ်ပဲ ခိုင်လုံတဲ့အချက်တွေလားလို့ ကိုယ့်ကိုယ်ကိုယ် မေးတယ်။ အဲဒီအချက်တွေဟာ တစ်နှစ်ပြီးတစ်နှစ် ပိုပိုမှန်ကန်လာတယ်ဆိုတာ ထင်ရှားလာပြီး ကျွန်တော့်ရဲ့ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။ ကျွန်တော်တို့မှာ အမှန်တရား တကယ်ရှိတယ်ဆိုတာ ပိုယုံကြည်စိတ်ချလာတယ်။”

၁၆။ ညီအစ်မတစ်ယောက်က သူ့မှာ အမှန်တရားရှိတယ်လို့ ဘာကြောင့်ယုံကြည်သလဲ။

၁၆ နယူးယောက်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်မှာ အမှုဆောင်နေတဲ့ အိမ်ထောင်သည် ညီအစ်မတစ်ယောက်က ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး ဒီလိုပြောတယ်– “ကျမ်းစာထဲမှာ အကြိမ် ၇,၀၀၀ လောက်ပါတဲ့ ယေဟောဝါရဲ့ နာမည်ကို ကြေညာနေတာ ဒီအဖွဲ့အစည်းတစ်ခုပဲရှိတယ်။ ‘ယေဟောဝါဟာ သူ့ကို နှလုံးအပြည့်အဝနဲ့ ဝတ်ပြုသူတွေအကျိုးအတွက် အစွမ်းတန်ခိုးပြဖို့ မြေကြီးတစ်ခွင်လုံးကို လည်ပတ်ကြည့်ရှုနေတယ်’ ဆိုတဲ့ ၂ ရာဇဝင်ချုပ် ၁၆:၉ (ကဘ) မှာပါတဲ့အချက်ကို ကျွန်မ ကြိုက်တယ်။ ကျွန်မရဲ့အကျိုးအတွက် ယေဟောဝါ အစွမ်းတန်ခိုးပြဖို့ ကျွန်မနှလုံးအပြည့်အဝရှိအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ အမှန်တရားက သင်ပေးတယ်။ ယေဟောဝါနဲ့ ကျွန်မရဲ့ဆက်ဆံရေးက တန်ဖိုးအရှိဆုံးပဲ။ ဘုရားသခင်အကြောင်းသိဖို့ ကူညီပေးတဲ့ ယေရှုရဲ့အခန်းကဏ္ဍကိုလည်း ကျွန်မ လေးမြတ်တယ်၊ အဲဒီအသိပညာက ကျွန်မကို ထောက်မပေးတယ်။”

၁၇။ ဘုရားမဲ့ဝါဒီဖြစ်ခဲ့ဖူးတဲ့ ညီအစ်ကိုတစ်ယောက်က ဘာကိုယုံကြည်လာသလဲ။ ဘာကြောင့်လဲ။

၁၇ ဘုရားမဲ့ဝါဒီဖြစ်ခဲ့ဖူးတဲ့ ညီအစ်ကိုတစ်ယောက် ဒီလိုပြောတယ်– “ဘုရားသခင်က လူတွေကို ပျော်ရွှင်စေချင်တယ်၊ ဆင်းရဲဒုက္ခတွေကို ထာဝစဉ်ခွင့်ပြုမှာ မဟုတ်ဘူးဆိုတဲ့အချက်တွေကို ဘုရားသခင်ဖန်ဆင်းထားတာတွေက ကျွန်တော့်ကို ယုံကြည်စေတယ်။ လောက,ကလူတွေ တဖြည်းဖြည်း ဘုရားတရားမဲ့လာပေမဲ့ ယေဟောဝါရဲ့လူတွေကတော့ ယုံကြည်ခြင်း၊ ထက်သန်မှုနဲ့ မေတ္တာ တဖြည်းဖြည်း တိုးများလာတယ်။ ယေဟောဝါရဲ့စွမ်းအားတော်ကပဲ ဒီခေတ်သစ်အံ့ဖွယ်အမှုကို ပြုလုပ်နိုင်တယ်။”—၁ ပေတရု ၄:၁–၄ ကိုဖတ်ပါ။

၁၈။ ညီအစ်ကိုနှစ်ယောက်က သူတို့မှာ အမှန်တရားရှိတယ်လို့ ဘာကြောင့်ယုံကြည်တာလဲ။ အဲဒါနဲ့ပတ်သက်ပြီး သင်ဘယ်လိုခံစားရသလဲ။

၁၈ အမှန်တရားမှာ နှစ်ပေါင်းများစွာရှိခဲ့ပြီဖြစ်တဲ့ နောက်ညီအစ်ကိုတစ်ယောက်က သူ့မှာ အမှန်တရားရှိတယ်လို့ ယုံကြည်တာနဲ့ပတ်သက်ပြီး ဒီလိုပြောပြတယ်– “နှစ်တွေတစ်လျှောက်မှာ ကျွန်တော်လေ့လာကြည့်တော့ သက်သေခံတွေပဲ ပထမရာစုခရစ်ယာန်တွေရဲ့ လမ်းစဉ်အတိုင်း လိုက်လျှောက်ဖို့ အလေးအနက် ကြိုးစားအားထုတ်တယ်ဆိုတာ သိလာတယ်။ ကျွန်တော် ကမ္ဘာအနှံ့ခရီးသွားတဲ့အခါ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာချီစည်းလုံးမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်။ ကျမ်းစာမှာပါတဲ့ အမှန်တရားက ကျွန်တော့်ကို ကျေနပ်မှု၊ ပျော်ရွှင်မှု ခံစားရစေတယ်။” အသက် ၆၀ ကျော် ညီအစ်ကိုတစ်ယောက်ကို သူ့မှာ အမှန်တရားရှိတယ်လို့ ဘာကြောင့်ယုံကြည်တာလဲလို့ မေးတဲ့အခါ ယေရှုခရစ်နဲ့ပတ်သက်ပြီး သူ ဒီလိုပြောပြခဲ့တယ်– “ယေရှုရဲ့ဘဝနဲ့ သူ့ရဲ့အမှုဆောင်လုပ်ငန်းကို ကျွန်တော်တို့ သေသေချာချာ လေ့လာခဲ့ကြလို့ သူ့ရဲ့စံနမူနာကို လေးမြတ်လာကြတယ်။ ယေရှုကတစ်ဆင့် ဘုရားသခင်ထံချဉ်းကပ်ဖို့ ကျွန်တော်တို့ရဲ့ဘဝပုံစံကို ပြောင်းလဲခဲ့ကြတယ်။ ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးပူဇော်သကာက ကယ်တင်ခြင်းအတွက် အဓိကလိုအပ်ရာဖြစ်တယ်လို့ သိလာကြတယ်။ သူ သေခြင်းကနေ ထမြောက်လာတယ်ဆိုတာ ကျွန်တော်တို့ သိကြတယ်။ အဲဒီအချက်နဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ ယုံကြည်စိတ်ချရတဲ့ မျက်မြင်သက်သေတွေရှိတယ်။”—၁ ကောရိန္သု ၁၅:၃–၈ ကိုဖတ်ပါ။

တခြားသူတွေကို အမှန်တရားအကြောင်း ပြောပြပါ

၁၉၊ ၂၀။ (က) ပေါလုက ရောမအသင်းတော်ကို ဘယ်တာဝန်အကြောင်း အလေးပေးပြောခဲ့သလဲ။ (ခ) ယေဟောဝါရဲ့ကျေးကျွန်အားလုံး ဘာလုပ်ဖို့လိုသလဲ။

၁၉ ခရစ်ယာန်စစ်တွေက လူတွေကို တကယ်ချစ်ကြတယ်။ ဒါကြောင့် ကျွန်ုပ်တို့သိထားတဲ့ အမှန်တရားတွေကို တခြားသူတွေကို ပြောပြရမယ်။ ရောမအသင်းတော်ကို ပေါလု စာရေးတဲ့အခါ ယေရှုရဲ့ နောက်လိုက်စစ်တွေရထားတဲ့ ဟောပြောခြင်းတာဝန်နဲ့ပတ်သက်ပြီး ဒီလိုရေးခဲ့တယ်– “ယေရှုသည် သခင်ဖြစ်တော်မူကြောင်း ‘နှုတ်ဖြင့် ဝန်ခံ’ မည်၊ ဘုရားသခင်သည် ထိုသခင်ကို သေခြင်းမှ ထမြောက်စေတော်မူကြောင်း စိတ်နှလုံးထဲ၌ ယုံကြည်မည်ဆိုလျှင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ အကြောင်းမူကား စိတ်နှလုံးနှင့် ယုံကြည်သဖြင့် ဖြောင့်မတ်ရာသို့ ရောက်၏။ ယုံကြည်ကြောင်း နှုတ်နှင့်ဝန်ခံသဖြင့် ကယ်တင်ခြင်းသို့ ရောက်၏။”—ရော. ၁၀:၉၊ ၁၀

၂၀ ယေဟောဝါသက်သေတွေဟာ သူတို့မှာ အမှန်တရားရှိတယ်ဆိုတာ ယုံကြည်ကြတယ်။ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းအကြောင်း တခြားသူတွေကို သင်ပေးရတာဟာ အခွင့်ထူးဖြစ်တယ်ဆိုတာ သူတို့သိတယ်။ ဒါကြောင့် တခြားသူတွေကို ကျမ်းစာအကြောင်း သင်ပေးတဲ့အပြင် သင့်မှာ အမှန်တရားရှိတယ်ဆိုတာကို သင့်အသက်ရှင်နေထိုင်ပုံအားဖြင့် ဖော်ပြဖို့ စိတ်ပိုင်းဖြတ်ထားပါ။

^ စာပိုဒ်၊ 3 ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများ၊ စာမျက်နှာ ၁၉၁-၁၉၈၊ ၄၄၈-၄၅၄ ကိုကြည့်ပါ။