မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေသူတွေကို သတိရပါ

အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေသူတွေကို သတိရပါ

‘သင်တို့၏ယုံကြည်ခြင်းလုပ်ရပ်၊ မေတ္တာပါသော ကြိုးစားအားထုတ်မှုတို့ကို ငါတို့သည် အစဉ်သတိရလျက်ရှိပါ၏။’—၁ သက်. ၁:၃

၁။ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းမှာ ကြိုးစားလုပ်ဆောင်နေသူတွေကို ပေါလု ဘယ်လိုသဘောထားသလဲ။

တမန်တော်ပေါလုဟာ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းမှာ ကြိုးစားလုပ်ဆောင်နေတဲ့ ညီအစ်ကိုညီအစ်မတွေကို တန်ဖိုးထားတယ်။ “ငါတို့၏အဖ ဘုရားသခင့်ရှေ့တော်၌ သင်တို့၏ယုံကြည်ခြင်းလုပ်ရပ်၊ မေတ္တာပါသော ကြိုးစားအားထုတ်မှုနှင့် ငါတို့သခင် ယေရှုခရစ်ကို မျှော်လင့်သောစိတ်ကြောင့် ခံနိုင်ရည်ရှိခြင်းတို့ကို ငါတို့သည် အစဉ်သတိရလျက်ရှိပါ၏” လို့ သူ ရေးခဲ့တယ်။ (၁ သက်. ၁:၃) ယေဟောဝါလည်း မိမိရဲ့သစ္စာရှိကျေးကျွန်အားလုံးရဲ့ လုပ်ဆောင်မှုကို သတိရပြီး တန်ဖိုးထားတယ်။ သူတို့ရဲ့လုပ်ဆောင်မှုက အခြေအနေအရ နည်းတာလည်းဖြစ်နိုင်တယ်၊ များတာလည်းဖြစ်နိုင်တယ်။—ဟေဗြဲ ၆:၁၀

၂။ ဒီဆောင်းပါးမှာ ဘာတွေကို လေ့လာကြမလဲ။

ပထမရာစုနဲ့ အခုခေတ် ခရစ်ယာန်တွေဟာ ယေဟောဝါရဲ့အမှုတော်မှာ ပိုပါဝင်နိုင်ဖို့ အကြီးအကျယ် ကိုယ်ကျိုးစွန့်ခဲ့ကြတယ်။ ဒီဆောင်းပါးမှာ ယေဟောဝါရဲ့အမှုဆောင်ဖို့ ပထမရာစုခရစ်ယာန်တချို့ လုပ်ဆောင်ခဲ့တာတွေကို လေ့လာကြပါမယ်။ အခုအချိန်မှာရှိတဲ့ အချိန်ပြည့်အမှုဆောင်တွေ လုပ်ဆောင်နေတာတွေနဲ့ သူတို့ကို ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာတွေကိုလည်း လေ့လာကြပါမယ်။

ပထမရာစုခရစ်ယာန်များ

၃၊ ၄။ (က) ပထမရာစုက ညီအစ်ကိုညီအစ်မတွေဟာ ယေဟောဝါရဲ့အမှုတော်မှာ ဘယ်လိုနည်းတွေနဲ့ ပါဝင်ခဲ့ကြသလဲ။ (ခ) ပထမရာစုက သတင်းကောင်းဟောပြောသူတွေဟာ လိုအပ်ရာတွေကို ဘယ်လိုရရှိကြသလဲ။

ယေရှုဟာ နှစ်ခြင်းခံပြီးတာနဲ့ နိုင်ငံတော်သတင်း ဟောပြောခဲ့တယ်။ တခြားသူတွေကိုလည်း ဒီလုပ်ငန်းမှာပါဝင်ဖို့ သင်ပေးခဲ့တယ်။ (လု. ၃:၂၁-၂၃; ၄:၁၄၊ ၁၅၊ ၄၃) ယေရှုသေပြီးတဲ့နောက်မှာ သူ့ရဲ့တမန်တော်တွေက ဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြားပြီး သတင်းကောင်းဆက်ပျံ့နှံ့အောင် လုပ်ခဲ့တယ်။ (တ. ၅:၄၂; ၆:၇) ခရစ်ယာန်တချို့ဟာ သာသနာပြုတွေအဖြစ် အမှုဆောင်ဖို့ မိမိတို့ရဲ့နေအိမ်ကနေ ထွက်ခွာခဲ့ကြတယ်။ ဥပမာ၊ ဖိလိပ္ပုဟာ ပါလက်စတိုင်းတစ်ခွင်မှာ ဟောပြောခဲ့တယ်။ (တ. ၈:၅၊ ၄၀; ၂၁:၈) နောက်သာသနာပြုတစ်ယောက်ဖြစ်တဲ့ ပေါလုဟာ သူ့အိမ်နဲ့ဝေးတဲ့ဒေသတွေမှာ သတင်းကောင်း ဟောပြောခဲ့တယ်။ (တ. ၁၃:၂-၄; ၁၄:၂၆; ၂ ကော. ၁:၁၉) မာကု၊ လုကာနဲ့ သိလွှာနု (သိလ) တို့ဟာ ကျမ်းကူးသူနဲ့ ကျမ်းရေးသူတွေ ဖြစ်ခဲ့ကြတယ်။ (၁ ပေ. ၅:၁၂) ညီအစ်မများစွာလည်း အဲဒီညီအစ်ကိုတွေနဲ့ တွဲအလုပ်လုပ်ခဲ့ကြတယ်။ (တ. ၁၈:၂၆; ရော. ၁၆:၁၊ ၂) ခရစ်ယာန်ဂရိကျမ်းစောင်တွေမှာ အဲဒီညီအစ်ကိုညီအစ်မတွေရဲ့ တွေ့ကြုံမှုကောင်းတွေကို ဖတ်ရတယ်။ ဒီမှတ်တမ်းတွေက ယေဟောဝါဟာ မိမိကျေးကျွန်တွေလုပ်တဲ့ အလုပ်ကို တန်ဖိုးထားတယ်၊ သူတို့ရဲ့လိုအပ်ရာတွေကို ဂရုစိုက်ပေးတယ်ဆိုတာ ဖော်ပြတယ်။

ပထမရာစုက သတင်းကောင်းဟောပြောသူတွေဟာ သူတို့ရဲ့လိုအပ်ရာတွေကို ဘယ်ကရကြသလဲ။ ညီအစ်ကိုညီအစ်မတွေဆီကနေ အကူအညီမတောင်းကြဘူး။ ဒါကြောင့် တစ်ခါတလေ သူတို့ဟာ အချိန်ပိုင်းအလုပ်လုပ်ကြတယ်။ (၁ ကော. ၉:၁၁-၁၅) ဒါပေမဲ့ ကူညီပေးတာကိုတော့ လက်ခံတယ်။ ညီအစ်ကိုညီအစ်မတွေက သူတို့ကို ထမင်းစားဖိတ်တယ်၊ တည်းခိုစရာပေးတယ်။ တခြားနည်းလမ်းတွေနဲ့လည်း ကူညီပေးကြတယ်။ တစ်ဦးစီအနေနဲ့ဖြစ်စေ၊ အသင်းတော်လိုက်ဖြစ်စေ သူတို့ကို ကူညီပေးချင်ကြတယ်။—တမန်တော် ၁၆:၁၄၊ ၁၅ နဲ့ ဖိလိပ္ပိ ၄:၁၅–၁၈ တို့ကိုဖတ်ပါ။

ဒီနေ့ခေတ် အချိန်ပြည့်အမှုဆောင်များ

၅။ အချိန်ပြည့်အမှုဆောင်တာနဲ့ပတ်သက်ပြီး လင်မယားနှစ်ယောက် ဘာပြောခဲ့သလဲ။

ဒီနေ့အချိန်မှာလည်း ယေဟောဝါရဲ့အမှုတော်မှာ နည်းလမ်းမျိုးစုံနဲ့ အချိန်ပြည့်လုပ်ဆောင်နေသူတွေ ရှိပါတယ်။ (“ အချိန်ပြည့်အမှုဆောင်လုပ်ငန်းအမျိုးမျိုး” လေးထောင့်ကွက်ကို ကြည့်ပါ။) သူတို့ရွေးချယ်ခဲ့တဲ့ အလုပ်အတွက် သူတို့ ဘယ်လိုခံစားရသလဲ။ ညီအစ်ကိုညီအစ်မတချို့ကို အဲဒီမေးခွန်းမေးကြည့်မယ်ဆိုရင် သင့်အတွက် အားပေးမှုဖြစ်စေပါလိမ့်မယ်။ မှန်မှန်ရှေ့ဆောင်၊ အထူးရှေ့ဆောင်၊ သာသနာပြုနဲ့ တိုင်းတစ်ပါးမှာ ဗေသလမိသားစုဝင်အဖြစ် အမှုဆောင်ခဲ့တဲ့ ညီအစ်ကိုတစ်ယောက် ဒီလိုပြောတယ်– “အချိန်ပြည့်လုပ်ငန်းမှာပါဝင်ဖို့ ရွေးချယ်ခဲ့တာက ကျွန်တော်ရွေးချယ်ခဲ့သမျှမှာ အကောင်းဆုံးပဲလို့ ခံစားရတယ်။ ကျွန်တော့်အသက် ၁၈ နှစ်တုန်းက တက္ကသိုလ်ဆက်တက်မလား၊ လောကအလုပ်ကို အချိန်ပြည့်လုပ်မလား ဒါမှမဟုတ် ရှေ့ဆောင်လုပ်မလားဆိုတာ သေချာစဉ်းစားဆုံးဖြတ်ခဲ့ရတယ်။ အချိန်ပြည့်အမှုဆောင်ဖို့ ကိုယ်ကျိုးစွန့်ခဲ့ရတာတွေကို ယေဟောဝါ ဘယ်တော့မှမမေ့ဘူးဆိုတာ ကိုယ်တွေ့ ကြုံခဲ့ရတယ်။ ယေဟောဝါပေးတဲ့ အစွမ်းအစတွေကို ကျွန်တော် အသုံးပြုနိုင်ခဲ့တယ်။ တကယ်လို့သာ လောကအလုပ်တစ်ခုကိုလုပ်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် အဲဒါတွေကို ဒီနည်းတွေနဲ့ အသုံးပြုနိုင်မှာ မဟုတ်ဘူး။” သူ့ဇနီးက ဒီလိုပြောတယ်– “တာဝန်တိုင်းက ကျွန်မကို ရင့်ကျက်လာစေတယ်။ ယေဟောဝါရဲ့ကာကွယ်မှုနဲ့ လမ်းညွှန်မှုကို ကျွန်မတို့ အထပ်ထပ်ခံစားခဲ့ရတယ်။ အချိန်ပြည့်အမှုမဆောင်ဘဲ ဒီအတိုင်း အေးအေးဆေးဆေးနေသွားမယ်ဆိုရင် အဲဒါတွေကို ခံစားရမှာမဟုတ်ဘူး။ အချိန်ပြည့်အမှုဆောင်ရတဲ့အတွက် ယေဟောဝါကို ကျွန်မ နေ့တိုင်းကျေးဇူးတင်တယ်။” သင်ကော သင့်ဘဝနဲ့ပတ်သက်ပြီး အဲဒီလို ခံစားချင်ပါသလား။

“အချိန်ပြည့်လုပ်ငန်းမှာပါဝင်ဖို့ ရွေးချယ်ခဲ့တာက ကျွန်တော်ရွေးချယ်ခဲ့သမျှမှာ အကောင်းဆုံးပဲလို့ ခံစားရတယ်”

၆။ ကျွန်ုပ်တို့ရဲ့အမှုဆောင်လုပ်ငန်းကို ယေဟောဝါ ဘယ်လိုသဘောထားသလဲ။

ဒါပေမဲ့ တချို့သူတွေဟာ အခုချိန်မှာ အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ မပါဝင်နိုင်ကြဘူး။ ဒါပေမဲ့ သူတို့တတ်နိုင်သလောက် လုပ်ဆောင်နေကြတယ်။ သူတို့ရဲ့လုပ်ဆောင်မှုတွေကို ယေဟောဝါ တန်ဖိုးထားတယ်ဆိုတာ ကျွန်ုပ်တို့ စိတ်ချနိုင်ပါတယ်။ ဥပမာ၊ ဖိလေမုန် ၁–၃ (ဖတ်ပါ။) မှာ ပေါလုက ကောလောသဲအသင်းတော်မှာရှိတဲ့ ညီအစ်ကိုအားလုံးကို နှုတ်ဆက်ပြီး တချို့သူတွေကို နာမည်နဲ့တကွ ဖော်ပြခဲ့တယ်။ သူတို့ရဲ့ကြိုးစားအားထုတ်မှုကို ပေါလု တန်ဖိုးထားခဲ့တယ်။ ယေဟောဝါလည်း တန်ဖိုးထားတယ်။ အဲဒီလိုပဲ ယေဟောဝါရဲ့အမှုတော်မှာ သင်လုပ်ဆောင်နေတာတွေကို ကိုယ်တော် တန်ဖိုးထားတယ်။ ဒါဆိုရင် အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေသူတွေကို သင် ဘယ်လိုကူညီပေးနိုင်သလဲ။

ရှေ့ဆောင်တွေကို ကူညီနိုင်တဲ့နည်းလမ်းတွေ

၇၊ ၈။ ရှေ့ဆောင်လုပ်ငန်းမှာ ဘာတွေပါဝင်သလဲ။ အသင်းတော်မှာရှိတဲ့ တခြားသူတွေက ရှေ့ဆောင်တွေကို ဘယ်လိုကူညီပေးနိုင်သလဲ။

ပထမရာစုက ထက်သန်တဲ့ဟောပြောသူတွေလိုပဲ အခုခေတ် ရှေ့ဆောင်တွေဟာလည်း အသင်းတော်ကို တကယ်အားရှိစေတယ်။ သူတို့တွေဟာ တစ်လမှာ နာရီ ၇၀ ဟောပြောကြရတယ်။ သူတို့ကို သင် ဘယ်လိုကူညီပေးနိုင်သလဲ။

ရှေ့ဆောင်ညီအစ်မတစ်ယောက်ဖြစ်တဲ့ ရှာရီက “ရှေ့ဆောင်တွေဟာ အားရှိပုံပေါက်တယ်။ နေ့တိုင်း အမှုဆောင်သွားတယ်။ ဒါပေမဲ့ သူတို့လည်း အားပေးမှုလိုတယ်” လို့ပြောခဲ့တယ်။ (ရော. ၁:၁၁၊ ၁၂) ရှေ့ဆောင်လုပ်ငန်းမှာ နှစ်ပေါင်းများစွာပါဝင်ခဲ့တဲ့ ညီအစ်မတစ်ယောက်က သူ့အသင်းတော်မှာရှိတဲ့ တခြားရှေ့ဆောင်တွေနဲ့ပတ်သက်ပြီး ဒီလိုပြောတယ်– “သူတို့တွေဟာ ကြိုးစားပမ်းစားနဲ့ မရပ်မနား လုပ်ဆောင်ကြတယ်။ တခြားသူတွေက သူတို့ကို အမှုဆောင်သွားဖို့ ကားကြုံခေါ်တဲ့အခါ၊ အတူတူစားဖို့ ဖိတ်ခေါ်တဲ့အခါ၊ ဆီဖိုး ဒါမှမဟုတ် အသုံးစရိတ်နည်းနည်းပေးတဲ့အခါ သူတို့ကျေးဇူးတင်တယ်။ အဲဒီလိုလုပ်တာက သူတို့ကို သင် တကယ်ဂရုစိုက်တယ်ဆိုတာ ဖော်ပြတယ်။”

၉၊ ၁၀။ တချို့သူတွေဟာ အသင်းတော်မှာရှိတဲ့ ရှေ့ဆောင်တွေကို ကူညီဖို့ ဘာတွေလုပ်ဆောင်ပေးသလဲ။

ရှေ့ဆောင်တွေကို ကူညီပေးနိုင်တဲ့နောက်နည်းတစ်နည်းက သူတို့နဲ့အတူတူ အမှုဆောင်သွားတာဖြစ်တယ်။ ကြားရက်တွေနဲ့ ညနေပိုင်းတွေမှာ အမှုဆောင်တဲ့အခါ ညီအစ်ကိုညီအစ်မတွေကို ပိုလိုအပ်တယ်လို့ ရှေ့ဆောင်ညီအစ်မနှစ်ယောက်က ပြောတယ်။ အခု ဘရွတ်ကလင်ဗေသလမှာအမှုဆောင်နေတဲ့ ညီအစ်မတစ်ယောက်က သူ ရှေ့ဆောင်လုပ်တုန်းက ရရှိခဲ့တဲ့အကူအညီအကြောင်း ဒီလိုပြောပြတယ်– “ကားရှိတဲ့ညီအစ်မတစ်ယောက်က ‘အမှုဆောင်သွားဖို့ အဖော်မရှိရင် အချိန်မရွေး ကျွန်မကိုခေါ်ပါ။ ကျွန်မလိုက်ပေးမယ်’ လို့ ပြောတယ်။ ကျွန်မ ရှေ့ဆောင်ဆက်လုပ်ဖို့ တကယ်အကူအညီဖြစ်စေတယ်။” ရှာရီ ဒီလိုပြောတယ်– “အမှုဆောင်ပြီးပြီဆိုရင် တစ်ကိုယ်ရေရှေ့ဆောင်တွေဟာ တစ်ယောက်တည်း ဖြစ်သွားတတ်တယ်။ ရှင်တို့ရဲ့မိသားစုဝတ်ပြုမှုမှာ တစ်ကိုယ်ရေညီအစ်ကိုညီအစ်မတွေကို မကြာခဏ ဖိတ်ခေါ်နိုင်ပါတယ်။ တခြားလုပ်ဆောင်မှုတွေမှာလည်း သူတို့ကို ပါဝင်စေမယ်ဆိုရင် သူတို့ ဆက်ပြီးအားရှိပါလိမ့်မယ်။”

၁၀ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်လာတာ အနှစ် ၅၀ နီးပါးရှိပြီဖြစ်တဲ့ ညီအစ်မတစ်ယောက်က သူနဲ့ တခြားတစ်ကိုယ်ရေညီအစ်မတွေရရှိခဲ့တဲ့ အကူအညီတွေအကြောင်း အခုလိုပြောတယ်– “ကျွန်မတို့ရဲ့ အကြီးအကဲတွေက ရှေ့ဆောင်တွေဆီ နှစ်လတစ်ကြိမ် လည်ပတ်တယ်။ ကျွန်မတို့ရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ အလုပ်အကိုင်တွေအကြောင်း မေးတယ်။ ကျွန်မတို့မှာ တခြားပြဿနာတွေရှိမရှိ မေးတယ်။ သူတို့ တကယ်ကူညီပေးချင်ကြတယ်။ ကျွန်မတို့နေတဲ့ တိုက်ခန်းကို သူတို့လာလည်တယ်၊ အဲဒီအခါ ကျွန်မတို့လိုအပ်တဲ့ အကူအညီတွေကို သိနိုင်တယ်။” ဒီလိုအကြီးအကဲတွေဟာ ဩနေသိဖော်ရဲ့ နမူနာကို လိုက်နေကြတယ်။ ဩနေသိဖော်ဟာ မိသားစုတာဝန်တွေ ရှိပေမဲ့ ပေါလုကိုလည်း ကူညီပေးခဲ့တယ်။—၂ တိ. ၁:၁၈

၁၁။ အထူးရှေ့ဆောင်လုပ်ငန်းမှာ ဘာတွေပါဝင်သလဲ။

၁၁ အချိန်ပြည့်အမှုဆောင်လုပ်ငန်း နောက်တစ်မျိုးက အထူးရှေ့ဆောင်လုပ်ငန်း ဖြစ်တယ်။ အထူးရှေ့ဆောင်များစွာဟာ လယ်ကွင်းလုပ်ငန်းမှာ တစ်လကို နာရီ ၁၃၀ လောက် ပါဝင်ရတယ်။ အသင်းတော်ရဲ့ တခြားလုပ်ဆောင်မှုတွေမှာလည်း သူတို့ပါဝင်ကြတယ်။ ဌာနခွဲရုံးက သူတို့ကို လစဉ် ထောက်ပံ့ကြေး နည်းနည်းပေးတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ လောကအလုပ်,လုပ်ဖို့ အချိန်မရှိဘူး။ ဒီအထောက်အပံ့က အထူးရှေ့ဆောင်တွေရဲ့ အခြေခံလိုအပ်ရာတွေအတွက် အသုံးစရိတ်ဖြစ်တယ်။ အဲဒါကြောင့် သူတို့ဟာ အမှုဆောင်လုပ်ငန်းမှာ ပိုပါဝင်နိုင်ကြတယ်။

၁၂။ အကြီးအကဲတွေနဲ့ တခြားသူတွေဟာ အထူးရှေ့ဆောင်တွေကို ဘယ်လိုကူညီပေးနိုင်သလဲ။

၁၂ အထူးရှေ့ဆောင်တွေကို ဘယ်လိုကူညီပေးနိုင်သလဲ။ ဌာနခွဲရုံးမှာ အမှုဆောင်နေပြီး အထူးရှေ့ဆောင်အတော်များများနဲ့ စကားပြောဖူးတဲ့ အကြီးအကဲတစ်ယောက် ဒီလိုပြောတယ်– “အကြီးအကဲတွေက သူတို့နဲ့စကားပြောဖို့၊ သူတို့ရဲ့အခြေအနေတွေကို သိအောင်လုပ်ဖို့ လိုတယ်။ ဒါမှ သူတို့ကို ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ ဆုံးဖြတ်နိုင်မယ်။ အထူးရှေ့ဆောင်တွေ ထောက်ပံ့ကြေးရလို့ သူတို့လိုအပ်တာတွေ အကုန်ပြည့်စုံတယ်လို့ တချို့သက်သေခံတွေ ထင်ကြတယ်။ ဒါပေမဲ့ ဒေသခံညီအစ်ကိုညီအစ်မတွေက သူတို့ကို နည်းလမ်းမျိုးစုံနဲ့ ကူညီပေးနိုင်ပါတယ်။” မှန်မှန်ရှေ့ဆောင်တွေလိုပဲ အထူးရှေ့ဆောင်တွေလည်း အမှုဆောင်လုပ်ငန်းမှာ ညီအစ်ကိုညီအစ်မတွေ သူတို့နဲ့အတူပါဝင်တဲ့အခါ ကျေးဇူးတင်ကြတယ်။ သူတို့နဲ့အတူ သင် တွဲအမှုဆောင်နိုင်မလား။

နယ်လှည့်ကြီးကြပ်မှူးတွေကို ကူညီပေးနိုင်ပုံ

၁၃၊ ၁၄။ (က) တိုက်နယ်ကြီးကြပ်မှူးတွေ၊ သူတို့ရဲ့ဇနီးတွေနဲ့ပတ်သက်ပြီး ဘာကိုမမေ့သင့်သလဲ။ (ခ) နယ်လှည့်လုပ်ငန်းမှာ ပါဝင်နေတဲ့သူတွေကို သင် ဘယ်လိုကူညီပေးနိုင်သလဲ။

၁၃ တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ သူတို့ရဲ့ဇနီးတွေဟာ အတွေ့အကြုံရှိတဲ့သူတွေ ဖြစ်တယ်။ ယုံကြည်ခြင်းခိုင်ခံ့ပြီး ကျွန်ုပ်တို့ကို အားပေးတယ်။ ဒါပေမဲ့ သူတို့လည်း အားပေးမှုလိုတယ်၊ အမှုဆောင်လုပ်ငန်းမှာ တွဲအမှုဆောင်မယ့် ညီအစ်ကိုညီအစ်မတွေကို လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့။ ညီအစ်ကိုညီအစ်မတွေက အနားယူအပန်းဖြေဖို့၊ ပျော်စရာ စိတ်ဝင်စားစရာတွေကို အတူတူလုပ်ဆောင်ဖို့ ဖိတ်ခေါ်တဲ့အခါ သူတို့ ဝမ်းသာကြတယ်။ နယ်လှည့်ကြီးကြပ်မှူးတွေ၊ သူတို့ရဲ့ဇနီးတွေ ဆေးရုံတက်တယ် ဒါမှမဟုတ် နေမကောင်းဖြစ်တယ်ဆိုရင် သူတို့ဆီ လည်ပတ်ခြင်းအားဖြင့်၊ လိုအပ်တာတွေ လုပ်ပေးခြင်းအားဖြင့် ကူညီပေးနိုင်ပါတယ်။ ‘ချစ်ရတဲ့သမားတော်’ လုကာဟာ အသင်းတော်တွေကို လည်ပတ်ဖို့ ခရီးသွားရတဲ့ ပေါလုနဲ့ တခြားသူတွေရဲ့ လိုအပ်ရာတွေကို ဂရုစိုက်ပေးခဲ့တယ်။—ကော. ၄:၁၄; တ. ၂၀:၅-၂၁:၁၈

၁၄ နယ်လှည့်ကြီးကြပ်မှူးတွေနဲ့ သူတို့ရဲ့ဇနီးတွေဟာ ရင်းနှီးတဲ့မိတ်ဆွေတွေရဲ့ အားပေးမှုနဲ့မေတ္တာ လိုအပ်တယ်။ တိုက်နယ်ကြီးကြပ်မှူးတစ်ယောက် အခုလိုပြောတယ်– “ကျွန်တော် အားပေးမှု လိုနေတာကို မိတ်ဆွေတွေ သိပုံရတယ်။ သူတို့က ကျွန်တော့်ကို အလိမ္မာနည်းနဲ့ မေးခွန်းတွေမေးတယ်။ အဲဒါက ကျွန်တော့်ရဲ့အခက်အခဲတွေကို ပြောပြဖို့ အထောက်အကူ ဖြစ်စေတယ်။ သူတို့ကောင်းကောင်း နားထောင်ပေးတာက ကျွန်တော့်အတွက် တကယ်အကူအညီဖြစ်စေတယ်။” တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဇနီးတွေက ညီအစ်ကိုညီအစ်မတွေ သူတို့အပေါ် တကယ်စိတ်ဝင်စားမှုပြတာကို ကျေးဇူးတင်ကြတယ်။

ဗေသလအိမ်သားတွေကို ကူညီပါ

၁၅၊ ၁၆။ ဗေသလအိမ်သားတွေနဲ့ စည်းဝေးပွဲခန်းမဆောက်လုပ်ရေးမှာ ပါဝင်နေသူတွေရဲ့အလုပ်က ဘာကြောင့်အရေးကြီးသလဲ။ သူတို့ကို ဘယ်လိုကူညီပေးနိုင်သလဲ။

၁၅ ဗေသလမှာ အမှုဆောင်နေသူတွေနဲ့ စည်းဝေးပွဲခန်းမဆောက်လုပ်ရေးမှာ ပါ၀င်နေသူတွေဟာ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို အဓိက ကူညီပံ့ပိုးပေးနေသူတွေဖြစ်ကြတယ်။ သင့်အသင်းတော် ဒါမှမဟုတ် တိုက်နယ်မှာ ဗေသလအိမ်သားတွေရှိတယ်ဆိုရင် သူတို့ကို ဘယ်လိုသတိရနိုင်သလဲ။

၁၆ ဗေသလကို သူတို့ စရောက်ချိန်မှာ အထီးကျန်တယ်လို့ ခံစားရပြီး မိသားစုနဲ့ သူငယ်ချင်းတွေကို သတိရနေနိုင်တယ်။ ဗေသလအိမ်သားအသစ်တွေဟာ ဗေသလနဲ့ အသင်းတော်မှာရှိတဲ့ တခြားသူတွေက သူတို့ကို သိကျွမ်းအောင်လုပ်ပြီး မိတ်ဆွေလို သဘောထားတာကို ကျေးဇူးတင်ကြတယ်။ (မာ. ၁၀:၂၉၊ ၃၀) ဗေသလရဲ့ပုံမှန်အလုပ်ချိန်ဇယားက ဗေသလအိမ်သားတွေကို အစည်းအဝေးတွေတက်ဖို့၊ ပတ်စဉ်အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ အချိန်ရစေတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ ဗေသလအိမ်သားတွေဟာ ထပ်ဆင့်တာဝန်တွေ ရကြတယ်။ အသင်းတော်မှာရှိတဲ့သူတွေက အဲဒါကို နားလည်ပေးပြီး သူတို့လုပ်ဆောင်နေတာတွေကို တန်ဖိုးထားတယ်ဆိုရင် အားလုံးအကျိုးခံစားကြရတယ်။—၁ သက်သာလောနိတ် ၂:၉ ကိုဖတ်ပါ။

တိုင်းတစ်ပါးမှာ အချိန်ပြည့်အမှုဆောင်သူတွေကို ကူညီပါ

၁၇၊ ၁၈။ တိုင်းတစ်ပါးမှာ အချိန်ပြည့်အမှုဆောင်သူတွေဟာ ဘာတာဝန်တွေရကြသလဲ။

၁၇ တချို့အချိန်ပြည့်အမှုဆောင်တွေဟာ တိုင်းတစ်ပါးမှာ အမှုဆောင်ကြတယ်။ သူတို့တွေဟာ မစားဖူးတဲ့အစားအသောက်တွေ စားရတယ်၊ ဘာသာစကားအသစ် သင်ရတယ်၊ ဓလေ့ထုံးစံအသစ်၊ ဘဝပုံစံအသစ်နဲ့ နေထိုင်ရတယ်။ တိုင်းတစ်ပါးမှာ အချိန်ပြည့်အမှုဆောင်သူတွေဟာ ဘာတာဝန်တွေရကြသလဲ။

၁၈ တချို့က သာသနာပြုတွေအဖြစ် အမှုဆောင်ရပြီး လယ်ကွင်းလုပ်ငန်းမှာ အဓိက ပါဝင်ကြတယ်။ သူတို့က ကျွမ်းကျင်တဲ့ ဟောပြောသွန်သင်သူတွေ ဖြစ်တယ်။ ကိုယ်သင်ယူထားတဲ့အရာတွေကို အသင်းတော်မှာ ပြန်ဝေမျှပေးတယ်။ ဌာနခွဲရုံးက သာသနာပြုတွေအတွက် ရိုးရှင်းတဲ့နေစရာနဲ့ အခြေခံလိုအပ်ရာတွေအတွက် ထောက်ပံ့ကြေးပေးတယ်။ တချို့ကျတော့ တခြားနိုင်ငံတစ်ခုခုရဲ့ ဌာနခွဲရုံးမှာ အမှုဆောင်တယ် ဒါမှမဟုတ် ဌာနခွဲရုံး၊ ဘာသာပြန်ရုံးခွဲ၊ စည်းဝေးပွဲခန်းမနဲ့ နိုင်ငံတော်ခန်းမတွေ ဆောက်လုပ်ရာမှာ ကူညီပေးတယ်။ ဌာနခွဲရုံး ဒါမှမဟုတ် ဒေသခံညီအစ်ကိုတွေက အစားအသောက်၊ နေစရာ စတဲ့လိုအပ်ရာတွေကို စီမံပေးတယ်။ ဗေသလမိသားစုဝင်တွေလိုပဲ ဒီဆောက်လုပ်ရေးလုပ်သားတွေလည်း အသင်းတော်အစည်းအဝေးတွေနဲ့ အမှုဆောင်လုပ်ငန်းမှာ မှန်မှန်ပါဝင်ကြတယ်။ အသင်းတော်တွေဟာ ဒီညီအစ်ကိုညီအစ်မတွေရဲ့ အတွေ့အကြုံကနေ အကျိုးခံစားကြရတယ်။

၁၉။ သင့်နိုင်ငံကိုလာပြီး အချိန်ပြည့်အမှုဆောင်နေသူတွေကို ဘယ်လိုကူညီပေးနိုင်သလဲ။

၁၉ သင့်နိုင်ငံကိုလာပြီး အချိန်ပြည့်အမှုဆောင်နေသူတွေကို ဘယ်လိုကူညီပေးနိုင်သလဲ။ သူတို့စရောက်တဲ့အချိန်မှာ သင့်ဒေသက အစားအသောက်တွေကို မစားတတ်တာဖြစ်နိုင်တယ်။ ဒါကြောင့် သူတို့ကို ထမင်းစားဖိတ်တဲ့အခါ မစားဖူးတဲ့အစားအစာ စားကြည့်ချင်သလား ဒါမှမဟုတ် မကြိုက်တဲ့အစားအစာရှိသလားလို့ မေးပါ။ သင့်ဘာသာစကားနဲ့ ဓလေ့ထုံးစံတွေကို လေ့လာသင်ယူတဲ့အခါ သူတို့ချက်ချင်းတတ်မှာ မဟုတ်ဘူး။ ဒါကြောင့် သူတို့ကို စိတ်ရှည်ပါ၊ ကြင်နာပါ။ သူတို့ သင်ယူချင်ကြပါတယ်။

၂၀။ အချိန်ပြည့်အမှုဆောင်နေသူတွေနဲ့ သူတို့ရဲ့မိဘတွေကို ဘယ်လိုကူညီနိုင်သလဲ။

၂၀ အချိန်ကြာလာတဲ့အခါ အိမ်နဲ့အဝေးမှာနေတဲ့ အချိန်ပြည့်အမှုဆောင်တွေဟာ အသက်ကြီးတဲ့မိဘတွေကို ကူညီဖို့ ဆုံးဖြတ်ရနိုင်တယ်။ မိဘတွေက သက်သေခံဖြစ်တယ်ဆိုရင် သားသမီးတွေကို အမှုဆောင်တဲ့နေရာမှာ ဆက်ရှိစေချင်မှာပဲ။ (၃ ယော. ၄) အချိန်ပြည့်အမှုဆောင်တွေကလည်း မိဘတွေကို ကြည့်ရှုပြုစုဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်ပြီး တတ်နိုင်သလောက် မကြာခဏ သွားကြည့်ကြမှာပဲ။ ဒါပေမဲ့ မိဘတွေရဲ့ အနီးအနားမှာနေထိုင်သူတွေက သူတို့ရဲ့လိုအပ်ရာကို ကြည့်ပေးခြင်းအားဖြင့် အချိန်ပြည့်အမှုဆောင်တွေကို ကူညီပေးနိုင်ပါတယ်။ အချိန်ပြည့်အမှုဆောင်သူတွေဟာ ကမ္ဘာပေါ်မှာ အရေးကြီးဆုံးဖြစ်တဲ့ ဟောပြောခြင်းလုပ်ငန်းကို ပံ့ပိုးရာမှာ အလုပ်များနေတယ်ဆိုတာ မမေ့သင့်ဘူး။ (မ. ၂၈:၁၉၊ ၂၀) အချိန်ပြည့်အမှုဆောင်နေသူတွေရဲ့ မိဘတွေကို ကြည့်ရှုပေးခြင်းအားဖြင့် သူတို့ကို သင် သတိရနိုင်မလား။

၂၁။ အချိန်ပြည့်အမှုဆောင်နေသူတွေဟာ တခြားသူတွေဆီကရတဲ့ အကူအညီနဲ့ အားပေးမှုကို ဘယ်လိုသဘောထားသလဲ။

၂၁ လူတွေဟာ ချမ်းသာဖို့ အလုပ်ကြိုးစားကြတယ်။ ဒါပေမဲ့ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေသူတွေကတော့ ယေဟောဝါနဲ့ တခြားသူတွေအတွက် အကောင်းဆုံးအမှုဆောင်ချင်လို့ အလုပ်ကြိုးစားကြတယ်။ ဒါကြောင့် တခြားသူတွေပေးတဲ့ ဘယ်အကူအညီကိုမဆို သူတို့ကျေးဇူးတင်ကြတယ်။ တခြားနိုင်ငံကို ပြောင်းရွှေ့ပြီး အချိန်ပြည့်အမှုဆောင်နေတဲ့ ညီအစ်မတစ်ယောက် အခုလိုပြောတယ်– “ကျေးဇူးတင်ကြောင်းဖော်ပြတဲ့ စာတိုလေးတစ်ခုကတောင် တခြားသူတွေ သင့်ကိုသတိရပြီး သင့်ရဲ့လုပ်ဆောင်မှုတွေအတွက် ဝမ်းမြောက်တယ်ဆိုတာ ဖော်ပြတယ်။”

၂၂။ အချိန်ပြည့်အမှုဆောင်လုပ်ငန်းကို သင် ဘယ်လိုသဘောထားသလဲ။

၂၂ အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ ပါဝင်နေသူတွေဟာ စိတ်လှုပ်ရှားစရာကောင်းပြီး ကျေနပ်စရာကောင်းတဲ့ ဘဝလမ်းစဉ်ကို ရွေးချယ်ခဲ့ကြတယ်။ အဲဒါဟာ အကောင်းဆုံးဘဝလမ်းစဉ်ပဲ။ အချိန်ပြည့်အမှုဆောင်နေသူတွေဟာ အခုရော ကမ္ဘာသစ်မှာပါ လိုအပ်တဲ့အရည်အသွေးတွေနဲ့ သင်ခန်းစာတွေကို သင်ယူနိုင်ကြတယ်။ မကြာခင် ယေဟောဝါရဲ့ကျေးကျွန်အားလုံးဟာ တကယ်ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့အလုပ်ကို နေ့တိုင်းလုပ်ရပါတော့မယ်။ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေသူတွေရဲ့ “ယုံကြည်ခြင်းလုပ်ရပ်” နဲ့ “မေတ္တာပါသော ကြိုးစားအားထုတ်မှု” ကို ဆက်ပြီး သတိရနေကြပါစို့။—၁ သက်. ၁:၃