မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နိုင်ငံတော်ကို အခိုင်အမာယုံကြည်ပါ

နိုင်ငံတော်ကို အခိုင်အမာယုံကြည်ပါ

‘ယုံကြည်ခြင်းသည် မျှော်လင့်သောအရာများကို စိတ်ချစွာစောင့်မျှော်ခြင်းဖြစ်၏။’ —ဟေဗြဲ ၁၁:၁

၁၊ ၂။ နိုင်ငံတော်အားဖြင့် လူသားတွေနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံလာမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ယုံကြည်စိတ်ချမှုကို ဘာကခိုင်ခံ့စေမလဲ။ ဘာကြောင့်လဲ။ (ဆောင်းပါအစမှာပါတဲ့ရုပ်ပုံကို ကြည့်ပါ။)

ယေဟောဝါသက်သေတွေဖြစ်တဲ့ ကျွန်တော်တို့က ဘုရားသခင့်နိုင်ငံတော်ဟာ လူ့ပြဿနာတွေရဲ့ တစ်ခုတည်းသောဖြေရှင်းနည်းဖြစ်တယ်ဆိုတာ ထက်ထက်သန်သန်ဟောပြောနေကြတယ်။ ဒါပေမဲ့ နိုင်ငံတော်ဟာ အမှန်တကယ်ဖြစ်လာမယ့်အရာဖြစ်ပြီး ဒီနိုင်ငံတော်အားဖြင့် ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံလာမယ်ဆိုတာ ကျွန်တော်တို့ တကယ်ယုံကြည်စိတ်ချသလား။ နိုင်ငံတော်ကို ဘာကြောင့် အခိုင်အမာယုံကြည်နိုင်သလဲ။—ဟေဗြဲ ၁၁:၁

မေရှိယနိုင်ငံတော်အားဖြင့် လူသားတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ရည်ရွယ်ချက် ပြည့်စုံလာပါလိမ့်မယ်။ အဲဒီနိုင်ငံတော်ဟာ ယေဟောဝါရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ဆိုတဲ့ ခိုင်မာတဲ့အုတ်မြစ်ပေါ် အခြေပြုထားတယ်။ အဲဒီနိုင်ငံတော်ရဲ့ ဘုရင်ဟာ ဘယ်သူလဲ။ အဲဒီဘုရင်နဲ့အတူ တခြားဘယ်သူတွေ အုပ်ချုပ်မလဲ။ သူတို့က ဘယ်သူတွေနဲ့ ဘာတွေကို အုပ်ချုပ်မလဲ။ ယေဟောဝါဟာ နိုင်ငံတော်ရဲ့ ဒီအရေးကြီးကဏ္ဍတွေကို ပဋိညာဉ်တွေအားဖြင့် တရားဝင်အတည်ပြုခဲ့တယ်။ ပဋိညာဉ်တွေဆိုတာ ယေဟောဝါ ဒါမှမဟုတ် သားတော်ယေရှုခရစ်ပြုလုပ်တဲ့ တရားဝင်စာချုပ်စာတမ်း ဒါမှမဟုတ် သဘောတူညီချက်တွေဖြစ်တယ်။ ဒီပဋိညာဉ်တွေကို လေ့လာသုံးသပ်ခြင်းအားဖြင့် ယေဟောဝါရဲ့ရည်ရွယ်ချက် ဘယ်လိုပြည့်စုံလာမယ်၊ နိုင်ငံတော်ရဲ့ ခိုင်ခံ့မြဲမြံမှုကို ဘာကြောင့်ယုံကြည်စိတ်ချနိုင်တယ်ဆိုတာ ပိုနားလည်လာပါလိမ့်မယ်။—ဧဖက် ၂:၁၂ ကိုဖတ်ပါ။

၃။ ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ ဘယ်အကြောင်းသုံးသပ်ကြမလဲ။

ကျမ်းစာမှာပါတဲ့ အဓိကပဋိညာဉ်ခြောက်ခုဟာ ခရစ်တော်ယေရှုအုပ်ချုပ်မယ့် မေရှိယနိုင်ငံတော်နဲ့ ဆက်စပ်နေတယ်။ အဲဒီပဋိညာဉ်တွေကတော့ (၁) အာဗြဟံပဋိညာဉ်၊ (၂) ပညတ်ပဋိညာဉ်၊ (၃) ဒါဝိဒ်ပဋိညာဉ်၊ (၄) မေလခိဇေဒက်နည်းတူ ယဇ်ပုရောဟိတ်ဖြစ်စေတဲ့ပဋိညာဉ်၊ (၅) ပဋိညာဉ်သစ်၊ (၆) နိုင်ငံတော်ပဋိညာဉ်တို့ဖြစ်တယ်။ ဒီပဋိညာဉ်တစ်ခုစီဟာ နိုင်ငံတော်နဲ့ ဘယ်လိုဆက်စပ်နေတယ်၊ ကမ္ဘာမြေကြီးနဲ့ရော လူသားတွေနဲ့ပါပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်ပြည့်စုံအောင် ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတာ သုံးသပ်ကြည့်ကြစို့။—“ မိမိရည်ရွယ်ချက်ကို ဘုရားသခင်ပြည့်စုံစေမယ့်နည်းလမ်း” ကားချပ်ကိုကြည့်ပါ။

ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံမယ့် နည်းလမ်းကို ဖော်ပြတဲ့ကတိ

၄။ ကမ္ဘာဦးကျမ်းမှာဖော်ပြထားတဲ့အတိုင်း လူသားတွေပေါ် အကျိုးသက်ရောက်မှုရှိတဲ့ ဘယ်ဆုံးဖြတ်ချက်တွေကို ယေဟောဝါချခဲ့သလဲ။

ယေဟောဝါဟာ ကမ္ဘာကို လူသားတွေ နေထိုင်နိုင်အောင် ပြင်ဆင်ပေးတယ်။ အဲဒီနောက် ဒီလိုဆုံးဖြတ်တယ်– (၁) ဘုရားသခင်က လူတွေကို မိမိပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းမယ်။ (၂) လူတွေဟာ ကမ္ဘာမြေကြီးကို ပရဒိသုဖြစ်အောင်လုပ်ပြီး ဖြောင့်မတ်တဲ့သားသမီးတွေနဲ့ ပြည့်စေမယ်။ (၃) လူတွေဟာ ကောင်းမကောင်းသိကျွမ်းရာအပင်ရဲ့အသီးကို မစားရဘူး။ (က. ၁:၂၆၊ ၂၈; ၂:၁၆၊ ၁၇) ဒီဆုံးဖြတ်ချက်သုံးခုက လူသားတွေနဲ့ရော ကမ္ဘာမြေကြီးနဲ့ပါပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်ကို အပြည့်အစုံဖော်ပြတယ်။ ဒါဆို ဘုရားသခင်က ဘာကြောင့် ပဋိညာဉ်တွေဖွဲ့ခဲ့ရတာလဲ။

၅၊ ၆။ (က) ဘုရားသခင့်ရည်ရွယ်ချက် မပြည့်စုံနိုင်ဖို့ စာတန် ဘယ်လိုကြိုးပမ်းခဲ့သလဲ။ (ခ) ဧဒင်မှာဖြစ်ပေါ်တဲ့ပုန်ကန်မှုကို ယေဟောဝါ ဘယ်လိုကိုင်တွယ်ခဲ့သလဲ။

စာတန်က ဘုရားသခင်နဲ့ ကိုယ်တော့်ရည်ရွယ်ချက်ကို စတင်ပုန်ကန်ခဲ့တယ်။ ကောင်းမကောင်းသိကျွမ်းရာအပင်ရဲ့အသီးကို စားအောင် ဧဝကို သွေးဆောင်ခြင်းအားဖြင့် ဘုရားသခင်အပေါ်ထားရှိတဲ့ လူ့နာခံမှုကိုချိုးဖျက်ဖို့ သူကြိုးစားခဲ့တယ်။ (က. ၃:၁-၅; ဗျာ. ၁၂:၉) ဒီလိုလုပ်တာက ဖန်ဆင်းရာတွေအပေါ် ဘုရားသခင့်အုပ်ချုပ်ပိုင်ခွင့်ကို စိန်ခေါ်လိုက်တာပဲ။ လူတွေဟာ ကိုယ်ကျိုးအတွက် ဘုရားသခင်ကိုဝတ်ပြုနေတာပါလို့လည်း နောက်ပိုင်းမှာ သူစွပ်စွဲခဲ့တယ်။—ယောဘ ၁:၉-၁၁; ၂:၄၊ ၅

ဒီပုန်ကန်မှုကို ယေဟောဝါ ဘယ်လိုကိုင်တွယ်မလဲ။ ပုန်ကန်သူတွေကို ဖျက်ဆီးပစ်လိုက်နိုင်တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်လိုက်ရင် အာဒံ၊ ဧဝရဲ့သားသမီးတွေနဲ့ ကမ္ဘာကိုပြည့်စေမယ်ဆိုတဲ့ ဘုရားသခင့်ရည်ရွယ်ချက် ဘယ်အောင်မြင်တော့မလဲ။ ပုန်ကန်သူတွေကို ချက်ချင်းမဖျက်ဆီးဖို့ ယေဟောဝါရွေးချယ်လိုက်တယ်။ အဲဒီအစား ဧဒင်မှာပြုတဲ့ကတိ ကိုပေးခဲ့တယ်။ ဒါဟာ ပရောဖက်ပြုချက်ကြီးတစ်ခုလည်း ဖြစ်တယ်။ ဒီကတိက ကမ္ဘာမြေကြီးနဲ့ရော လူသားတွေနဲ့ပါပတ်သက်တဲ့ ဘုရားသခင့်ကတိတွေ အသေးစိတ်ပြည့်စုံမယ်ဆိုတာ အာမခံတယ်။—ကမ္ဘာဦး ၃:၁၅ ကိုဖတ်ပါ။

ဧဒင်မှာပြုတဲ့ကတိက ကမ္ဘာမြေကြီးနဲ့ရော လူသားတွေနဲ့ပါ ပတ်သက်တဲ့ ဘုရားသခင့်ကတိတွေ အသေးစိတ်ပြည့်စုံမယ်ဆိုတာ အာမခံတယ်

၇။ ဧဒင်မှာပြုတဲ့ကတိက မြွေနဲ့ မြွေရဲ့အမျိုးအနွယ်အကြောင်း ဘာဖော်ပြသလဲ။

ဧဒင်မှာပြုတဲ့ကတိအားဖြင့် ဘုရားသခင်ဟာ မြွေနဲ့ မြွေရဲ့အမျိုးအနွယ်ကို သေဒဏ်စီရင်လိုက်တယ်။ မြွေက စာတန်မာရ်နတ်၊ မြွေရဲ့အမျိုးအနွယ်ကတော့ ဘုရားသခင့်အုပ်ချုပ်ပိုင်ခွင့်ကို ဆန့်ကျင်ပြီး စာတန်ဘက်ပါသွားမယ့်သူတွေဖြစ်တယ်။ အဲဒီပုန်ကန်သူတွေကို ဖျက်ဆီးပစ်ဖို့ မိန်းမရဲ့အမျိုးအနွယ်ကို ဘုရားသခင် အခွင့်အာဏာပေးတယ်။ ဒါကြောင့် ဧဒင်မှာပြုတဲ့ကတိက စာတန်နဲ့ သူ့ရဲ့ပုန်ကန်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ဖယ်ရှားပစ်မယ်ဆိုတာ ဖော်ပြတယ်။ ဘယ်လိုဖယ်ရှားမယ်ဆိုတာကိုလည်း ဖော်ပြတယ်။

၈။ မိန်းမနဲ့ မိန်းမရဲ့အမျိုးအနွယ်အကြောင်း ဘာသိရသလဲ။

မိန်းမရဲ့အမျိုးအနွယ်က ဘယ်သူဖြစ်မလဲ။ ဒီအမျိုးအနွယ်ဟာ နာမ်ဝိညာဉ်ပုဂ္ဂိုလ်ပဲဖြစ်ရမယ်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ ဒီအမျိုးအနွယ်က မမြင်နိုင်တဲ့နာမ်ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်တဲ့ စာတန်ကို “ဖျက်ဆီး” ပစ်မှာမို့လို့ပဲ။ (ဟေဗြဲ ၂:၁၄) ဒါဆို ဒီအမျိုးအနွယ်ကို မွေးဖွားလိုက်တဲ့မိန်းမကလည်း မမြင်နိုင်တဲ့သူပဲဖြစ်ရမယ်။ မြွေရဲ့အမျိုးအနွယ်တွေ ပွားများလာပေမဲ့ မိန်းမနဲ့ မိန်းမရဲ့အမျိုးအနွယ် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကတော့ ဧဒင်မှာပြုတဲ့ကတိပြီးနောက် နှစ်ပေါင်း ၄,၀၀၀ လောက်အထိ လျှို့ဝှက်ချက်ဖြစ်နေခဲ့တယ်။ အဲဒီနှစ်တွေအတွင်း ယေဟောဝါဟာ အမျိုးအနွယ်ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ဖော်ပြဖို့၊ စာတန့်ပုန်ကန်မှုကြောင့်ဖြစ်လာတဲ့ ပျက်စီးမှုတွေကို ဘယ်လိုပြုပြင်မယ်ဆိုတာ ဖော်ပြဖို့ ပဋိညာဉ်တချို့ ဖွဲ့ခဲ့တယ်။

အမျိုးအနွယ်ဘယ်သူဘယ်ဝါဆိုတာ ဖော်ပြတဲ့ပဋိညာဉ်

၉။ အာဗြဟံပဋိညာဉ်ဆိုတာ ဘာလဲ။ ဘယ်အချိန်မှာ စတင်အကျိုးသက်ရောက်ခဲ့သလဲ။

ဧဒင်မှာကတိပြုပြီးနောက် နှစ်ပေါင်း ၂,၀၀၀ လောက်မှာ ယေဟောဝါက အာဗြဟံကို ဥရမြို့မှာရှိတဲ့ အိမ်ကိုစွန့်ပြီး ခါနန်ပြည်ကိုသွားဖို့ ပြောတယ်။ (တ. ၇:၂၊ ၃) ‘ကိုယ့်ပြည်၊ ကိုယ့်ဆွေမျိုးသားချင်းတွေကို ထားခဲ့ပြီး ငါပြမယ့်ပြည်ကို သွားပါ။ ငါက မင်းကို လူမျိုးကြီးဖြစ်စေပြီး ကောင်းချီးပေးမယ်။ မင်းရဲ့နာမည်ကို ကြီးမြတ်စေမယ်။ မင်းကြောင့် တခြားသူတွေ ကောင်းချီးရလိမ့်မယ်။ မင်းကို ကောင်းချီးပေးသူတွေကို ငါကောင်းချီးပေးမယ်။ မင်းကို ကျိန်ဆဲသူတွေကို ငါကျိန်ဆဲမယ်။ မြေကြီးပေါ်က လူမျိုးအားလုံးဟာ မင်းကြောင့် ကောင်းချီးခံစားရလိမ့်မယ်’ လို့ ဘုရားသခင်ပြောတယ်။ (က. ၁၂:၁-၃ကဘ) အာဗြဟံကိုပေးခဲ့တဲ့ ဘုရားသခင့်ကတိကို အာဗြဟံပဋိညာဉ် လို့ခေါ်တယ်။ ဘုရားသခင်က ဘယ်အချိန်မှာ အာဗြဟံနဲ့ ဒီပဋိညာဉ်စဖွဲ့ခဲ့တယ်ဆိုတာ ကျွန်တော်တို့အတိအကျမသိဘူး။ ဒါပေမဲ့ ဒီပဋိညာဉ်ဟာ ဘီစီ ၁၉၄၃ မှာ စတင်အကျိုးသက်ရောက်ခဲ့တယ်ဆိုတာတော့ ကျွန်တော်တို့သိတယ်။ အဲဒီအချိန်မှာ အာဗြဟံ အသက် ၇၅ နှစ်ရှိနေပြီ။ ခါရန်မြို့ကနေထွက်ပြီး ယူဖရေးတီးမြစ်ကို ဖြတ်ကူးနေချိန်ဖြစ်တယ်။

၁၀။ (က) အာဗြဟံဟာ ဘုရားသခင့်ကတိတွေကို အခိုင်အမာယုံကြည်ကြောင်း ဘယ်လိုသက်သေပြခဲ့သလဲ။ (ခ) မိန်းမအမျိုးအနွယ်နဲ့ပတ်သက်တဲ့ ဘယ်အသေးစိတ်အချက်တွေကို ယေဟောဝါ တဖြည်းဖြည်းဖော်ပြသလဲ။

၁၀ ယေဟောဝါက ဒီကတိအကြောင်း အာဗြဟံကို အကြိမ်ကြိမ်ပြန်ပြောခဲ့ပြီး တစ်ခါပြောတိုင်း အသေးစိတ်အချက်အလက်တွေကို ထည့်ပြောတယ်။ (က. ၁၃:၁၅-၁၇; ၁၇:၁-၈၊ ၁၆) ဘုရားသခင့်ကတိတွေပေါ်ထားတဲ့ အာဗြဟံရဲ့ယုံကြည်ခြင်း သိပ်ခိုင်မာတယ်။ ကိုယ့်ရဲ့တစ်ဦးတည်းသောသားကို ပူဇော်ဖို့တောင် တလိုတလားရှိတဲ့အထိပဲ။ ဒါကြောင့် ယေဟောဝါက သူပေးထားတဲ့ကတိ ပြည့်စုံလာမယ်ဆိုတာ အာမခံခြင်းအားဖြင့် ပဋိညာဉ်ကို ပိုခိုင်မာစေခဲ့တယ်။ (ကမ္ဘာဦး ၂၂:၁၅–၁၈ နဲ့ ဟေဗြဲ ၁၁:၁၇၊ ၁၈ ကိုဖတ်ပါ။) အာဗြဟံပဋိညာဉ် စတင်အကျိုးသက်ရောက်ပြီးနောက်မှာ ယေဟောဝါက မိန်းမအမျိုးအနွယ်နဲ့ပတ်သက်တဲ့ အရေးကြီးအချက်အလက်အသေးစိတ်ကို တဖြည်းဖြည်းဖော်ပြခဲ့တယ်။ အမျိုးအနွယ်ဟာ အာဗြဟံရဲ့မျိုးရိုးကနေ ဆင်းသက်လာမယ်။ အမျိုးအနွယ်မှာ လူအများကြီး ပါဝင်မယ်။ သူတို့က ဘုရင်တွေအဖြစ် အုပ်စိုးပြီး ဘုရားသခင့်ရန်သူအားလုံးကို ဖျက်ဆီးပစ်မယ်။ သူတို့အားဖြင့် လူသားတွေ ကောင်းချီးခံစားရမယ်။

ဘုရားသခင့်ကတိတွေကို အခိုင်အမာယုံကြည်တယ်ဆိုတာ အာဗြဟံသက်သေပြခဲ့ (အပိုဒ် ၁၀ ကိုကြည့်ပါ)

၁၁၊ ၁၂။ အာဗြဟံပဋိညာဉ်မှာပါတဲ့ကတိတွေ ပိုကြီးမားတဲ့အတိုင်းအတာနဲ့ပြည့်စုံလာမယ်ဆိုတာ ကျမ်းစာက ဘယ်လိုဖော်ပြသလဲ။ ဒီလိုပြည့်စုံလာတာက ကျွန်တော်တို့ကို ဘယ်လိုအကျိုးရရှိစေသလဲ။

၁၁ အာဗြဟံရဲ့သားစဉ်မြေးဆက်တွေ ကတိထားရာပြည်ထဲဝင်ချိန်မှာ အာဗြဟံပဋိညာဉ်မှာပါတဲ့ကတိတွေ ဦးဆုံးအကြိမ် ပြည့်စုံခဲ့တယ်။ ဒါပေမဲ့ ဒီပဋိညာဉ်ဟာ ပိုကြီးမားတဲ့အကျိုးကျေးဇူးတွေ ရရှိစေမယ်လို့ ကျမ်းစာဖော်ပြတယ်။ (ဂလ. ၄:၂၂-၂၅) တမန်တော်ပေါလုက အာဗြဟံအမျိုးအနွယ်ရဲ့ အဓိကအပိုင်းဟာ ယေရှုခရစ်ဖြစ်ပြီး ဒုတိယအပိုင်းကတော့ ဘိသိက်ခံခရစ်ယာန် ၁၄၄,၀၀၀ ဖြစ်တယ်လို့ ရှင်းပြတယ်။ (ဂလ. ၃:၁၆၊ ၂၉; ဗျာ. ၅:၉၊ ၁၀; ၁၄:၁၊ ၄) ဧဒင်မှာပြုတဲ့ကတိမှာပါတဲ့ မိန်းမဟာ ဘုရားသခင့်အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းဖြစ်တယ်။ ဒီမိန်းမကို “အထက်ဂျေရုဆလင်” လို့ခေါ်ထားတယ်။ သစ္စာရှိနာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတယ်။ (ဂလ. ၄:၂၆၊ ၃၁) အာဗြဟံပဋိညာဉ်မှာ ကတိပြုထားတဲ့အတိုင်း မိန်းမအမျိုးအနွယ်ဟာ လူသားတွေကို ထာဝရအကျိုးကျေးဇူးတွေ ရရှိစေပါလိမ့်မယ်။

၁၂ အာဗြဟံပဋိညာဉ်ဟာ ကောင်းကင်နိုင်ငံတော်အတွက် တရားဝင်အာမခံချက်ဖြစ်တယ်။ ဘုရင်ကိုရော တွဲဖက်အုပ်ချုပ်သူတွေကိုပါ နိုင်ငံတော်ကိုအမွေခံဖို့ လမ်းဖွင့်ပေးတယ်။ (ဟေဗြဲ ၆:၁၃-၁၈) ဒီပဋိညာဉ် ဘယ်လောက်ကြာရှည်မလဲ။ ကမ္ဘာဦး ၁၇:၇ မှာ “ထာဝရပဋိညာဉ်” လို့ခေါ်ထားတယ်။ ဘုရားသခင့်ရန်သူတွေကို နိုင်ငံတော်က ဖျက်ဆီးပစ်ချိန်အထိ၊ လူသားအားလုံး ကောင်းချီးခံစားရချိန်အထိ တည်ရှိနေမယ်။ (၁ ကော. ၁၅:၂၃-၂၆) ဒါပေမဲ့ ဒီပဋိညာဉ်ရဲ့ကောင်းကျိုးတွေကတော့ ထာဝစဉ်တည်ရှိမယ်။ ဖြောင့်မတ်တဲ့လူသားတွေနဲ့ “မြေကြီးကိုပြည့်စေ” မယ်ဆိုတဲ့ ယေဟောဝါရဲ့ရည်ရွယ်ချက် အောင်မြင်မယ်ဆိုတာ အာဗြဟံနဲ့ဖွဲ့ခဲ့တဲ့ ပဋိညာဉ်က ဖော်ပြတယ်။—က. ၁:၂၈

နိုင်ငံတော်တည်မြဲမယ်ဆိုတာ အာမခံတဲ့ပဋိညာဉ်

၁၃၊ ၁၄။ ဒါဝိဒ်ပဋိညာဉ်က ဘာကို အာမခံသလဲ။

၁၃ ယေဟောဝါရဲ့အုပ်ချုပ်မှုဟာ ဖြောင့်မတ်တဲ့စံနှုန်းတွေပေါ် အမြဲအခြေခံတယ်ဆိုတာ ဧဒင်မှာပြုတဲ့ကတိနဲ့ အာဗြဟံပဋိညာဉ်က သင်ပေးတယ်။ ကိုယ်တော်တည်ထောင်ထားတဲ့ မေရှိယနိုင်ငံဟာလည်း အဲဒီဖြောင့်မတ်တဲ့စံနှုန်းတွေပေါ် အခြေခံတယ်။ (ဆာ. ၈၉:၁၄) မေရှိယနိုင်ငံဟာ ပျက်စီးသွားမလား။ ဒီနိုင်ငံတော်အုပ်ချုပ်မှုကို အစားထိုးဖို့ လိုအပ်လာမလား။ အဲဒီလိုဘယ်တော့မှဖြစ်မှာမဟုတ်ဘူးဆိုတာကို နောက်တရားဝင်ပဋိညာဉ်တစ်ခုက အာမခံတယ်။

မေရှိယရဲ့အုပ်ချုပ်မှုဟာ ဘယ်တော့မှပျက်စီးမှာမဟုတ်ဘူး။ ဒီအုပ်ချုပ်မှုကနေရမယ့် အကျိုးကျေးဇူးတွေဟာလည်း ထာဝစဉ်တည်မယ်

၁၄ ယေဟောဝါက ရှေးအစ္စရေးဘုရင်ဒါဝိဒ်ကို ကတိတစ်ခုပေးတယ်။ အဲဒီကတိကို ဒါဝိဒ်ပဋိညာဉ် လို့ခေါ်တယ်။ (၂ ဓမ္မရာဇဝင် ၇:၁၂၊ ၁၆ ကိုဖတ်ပါ။) မေရှိယဟာ ဒါဝိဒ်မျိုးရိုးကနေဆင်းသက်လာမယ်လို့ ယေဟောဝါကတိပေးတယ်။ (လု. ၁:၃၀-၃၃) ဒီလိုနဲ့ မေရှိယရဲ့မျိုးရိုးနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို ယေဟောဝါထပ်ဖော်ပြခဲ့တယ်။ ဒါဝိဒ်ကနေဆင်းသက်မယ့် ဒီမျိုးဆက်ဟာ မေရှိယနိုင်ငံမှာ ဘုရင်အဖြစ် ‘တရားဝင်အုပ်စိုးပိုင်ခွင့်’ ရှိမယ်လို့ ယေဟောဝါပြောတယ်။ (ယေဇ. ၂၁:၂၅-၂၇ကဘ) ဒါဝိဒ်မင်းဆက် ထာဝစဉ်တည်မယ်။ အကြောင်းကတော့ ဒါဝိဒ်မျိုးဆက် ယေရှုဟာ ‘ထာဝစဉ်တည်ပြီး သူ့ရဲ့ရာဇပလ္လင်ဟာလည်း နေမင်းကြီးလို တည်မြဲ’ မှာဖြစ်လို့ပဲ။ (ဆာ. ၈၉:၃၄-၃၇ကဘ) မေရှိယရဲ့အုပ်ချုပ်မှုဟာ ဘယ်တော့မှပျက်စီးမှာမဟုတ်ဘူး၊ ဒီအုပ်ချုပ်မှုကနေရမယ့် အကျိုးကျေးဇူးတွေဟာလည်း ထာဝစဉ်တည်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချနိုင်ပါတယ်။

ယဇ်ပုရောဟိတ်ဖြစ်စေတဲ့ပဋိညာဉ်

၁၅–၁၇။ မေလခိဇေဒက်နည်းတူ ယဇ်ပုရောဟိတ်ဖြစ်စေတဲ့ပဋိညာဉ်အရ အမျိုးအနွယ်ဟာ ဘယ်ထပ်ဆင့်တာဝန်ကို ရရှိမလဲ။ ဘာကြောင့်လဲ။

၁၅ မိန်းမအမျိုးအနွယ်ဟာ ဘုရင်အဖြစ် အုပ်ချုပ်မယ်ဆိုတာကို အာဗြဟံပဋိညာဉ်နဲ့ ဒါဝိဒ်ပဋိညာဉ်က အာမခံတယ်။ ဒါပေမဲ့ လူသားအားလုံး အကျိုးအပြည့်အဝရဖို့ ဒီအမျိုးအနွယ်ဟာ ဘုရင်တစ်ပါးဖြစ်ရုံနဲ့ မလုံလောက်ဘူး။ သူဟာ ယဇ်ပုရောဟိတ်ဖြစ်ဖို့လည်း လိုအပ်တယ်။ ယဇ်ပုရောဟိတ်ကသာ ယဇ်ပူဇော်နိုင်တယ်။ ဒါမှ လူသားတွေဟာ အပြစ်ကနေ လွတ်မြောက်နိုင်မယ်။ ကောင်းကင်၊ မြေကြီးပေါ်က သစ္စာရှိကျေးကျွန်တွေနဲ့ ဖွဲ့စည်းထားတဲ့ ယေဟောဝါရဲ့မိသားစုဝင်တွေဖြစ်နိုင်မယ်။ အမျိုးအနွယ်ဟာ ယဇ်ပုရောဟိတ်ဖြစ်နိုင်ဖို့ နောက်တရားဝင်သဘောတူညီချက်တစ်ခုကို ယေဟောဝါပြုလုပ်ခဲ့တယ်။ အဲဒါကတော့ မေလခိဇေဒက်နည်းတူ ယဇ်ပုရောဟိတ်ဖြစ်စေတဲ့ ပဋိညာဉ်ဖြစ်တယ်။

၁၆ ဘုရားသခင်က ယေရှုနဲ့ သီးသန့်ပဋိညာဉ်ဖွဲ့မယ်ဆိုပြီး ဘုရင်ဒါဝိဒ်ကတစ်ဆင့် ဖော်ပြတယ်။ အဲဒီပဋိညာဉ်မှာ အချက်နှစ်ချက်ပါဝင်တယ်။ ပထမအချက်က ယေရှုဟာ ‘[ဘုရားသခင့်] လက်ယာဘက်မှာထိုင်’ ပြီး ရန်သူအားလုံးကို အောင်နိုင်ဖို့ အခွင့်အာဏာရရှိမယ်။ ဒုတိယအချက်က ယေရှုဟာ “မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်” ဖြစ်မယ်။ (ဆာလံ ၁၁၀:၁၊ ၂၊  ကိုဖတ်ပါ။) ဒါပေမဲ့ ယေရှုဟာ ဘာကြောင့် “မေလခိဇေဒက်နည်းတူ” ယဇ်ပုရောဟိတ်ဖြစ်ရမှာလဲ။ အာဗြဟံရဲ့မျိုးဆက်တွေ ကတိထားရာပြည်ကို မသိမ်းပိုက်ခင်တုန်းက မေလခိဇေဒက်ဟာ ရှာလင်မင်းကြီးဖြစ်ပြီး “အမြင့်ဆုံးသောဘုရားသခင်၏ ယဇ်ပုရောဟိတ်” ဖြစ်တယ်။ (ဟေဗြဲ ၇:၁-၃) ယေဟောဝါက မေလခိဇေဒက်ကို ဘုရင်နဲ့ယဇ်ပုရောဟိတ်အဖြစ် တိုက်ရိုက်ခန့်အပ်ခဲ့တယ်။ သူဟာ ယေရှုမတိုင်ခင် ဒီရာထူးနှစ်ခုစလုံးရခဲ့တဲ့ တစ်ဦးတည်းသောသူဖြစ်တယ်။ မေလခိဇေဒက်မတိုင်ခင်မှာရော ပြီးနောက်မှာပါ ဒီရာထူးကို တစ်ယောက်ယောက်ရရှိခဲ့တယ်ဆိုတဲ့ မှတ်တမ်းမရှိဘူး။ ဒါကြောင့် သူ့ကို “ထာဝရယဇ်ပုရောဟိတ်” လို့ခေါ်နိုင်တယ်။

ဘုရားသခင်က မေလခိဇေဒက်နည်းတူ ယဇ်ပုရောဟိတ် ဖြစ်စေတဲ့ပဋိညာဉ်အားဖြင့် ယေရှုကို ယဇ်ပုရောဟိတ်အဖြစ် တိုက်ရိုက်ခန့်အပ်တယ်

၁၇ ဘုရားသခင်က ဒီပဋိညာဉ်အားဖြင့် ယေရှုကို ယဇ်ပုရောဟိတ်အဖြစ် တိုက်ရိုက်ခန့်အပ်တယ်။ ယေရှုဟာ “မေလခိဇေဒက်ကဲ့သို့ ထာဝရယဇ်ပုရောဟိတ်” ဖြစ်နေပါလိမ့်မယ်။ (ဟေဗြဲ ၅:၄-၆) ဒါကြောင့် မေရှိယနိုင်ငံကိုသုံးပြီး လူသားတွေနဲ့ရော ကမ္ဘာမြေကြီးနဲ့ပါပတ်သက်တဲ့ ရည်ရွယ်ချက်ကို ပြည့်စုံစေမယ်ဆိုတဲ့ ယေဟောဝါရဲ့အာမခံချက်ကို ဒီပဋိညာဉ်က ရှင်းရှင်းလင်းလင်းဖော်ပြတယ်။

တရားဝင်ပဋိညာဉ်တွေပေါ် အခြေပြုတဲ့နိုင်ငံတော်

၁၈၊ ၁၉။ (က) ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ ပဋိညာဉ်တွေဟာ နိုင်ငံတော်နဲ့ ဘယ်လိုဆက်စပ်နေသလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။

၁၈ ပဋိညာဉ်တစ်ခုစီဟာ မေရှိယနိုင်ငံတော်နဲ့ ဘယ်လိုဆက်စပ်နေတယ်၊ နိုင်ငံတော်ဟာ တရားဝင်သဘောတူညီချက်တွေပေါ် ဘယ်လိုအခိုင်အမာအခြေပြုတယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ရတယ်။ ယေဟောဝါဟာ မိန်းမအမျိုးအနွယ်ကိုသုံးပြီး မြေကြီးနဲ့ရော လူသားတွေနဲ့ပါပတ်သက်တဲ့ ရည်ရွယ်ချက်ကို ပြည့်စုံစေမယ်ဆိုတာ ဧဒင်မှာပြုတဲ့ကတိက အာမခံတယ်။ ဒီအမျိုးအနွယ် ဘယ်သူဖြစ်မယ်၊ ဘာတာဝန်ထမ်းဆောင်မယ်ဆိုတာ အာဗြဟံပဋိညာဉ်က ရှင်းပြတယ်။

၁၉ ဒါဝိဒ်ပဋိညာဉ်က မေရှိယမျိုးရိုးနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို ဖော်ပြတယ်။ ယေရှုကို မြေကြီးပေါ်ထာဝစဉ်အုပ်စိုးခွင့်လည်း ပေးတယ်။ အမျိုးအနွယ်ဟာ ယဇ်ပုရောဟိတ်အဖြစ် အမှုဆောင်မယ်ဆိုတာကို မေလခိဇေဒက်နည်းတူ ယဇ်ပုရောဟိတ်ဖြစ်စေတဲ့ ပဋိညာဉ်က အာမခံတယ်။ ဒါပေမဲ့ လူသားတွေစုံလင်လာအောင် ကူညီပေးမယ့်သူဟာ ယေရှုတစ်ယောက်တည်းဖြစ်မှာမဟုတ်ဘူး။ ဘုရင်နဲ့ယဇ်ပုရောဟိတ်အဖြစ် ခန့်အပ်ခံရတဲ့ တခြားသူတွေရှိသေးတယ်။ သူတို့ ဘယ်ကလာမလဲ။ ဒါကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။