မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မင်းတို့ဟာ ‘ယဇ်ပုရောဟိတ်နိုင်ငံ’ ဖြစ်လာလိမ့်မယ်

မင်းတို့ဟာ ‘ယဇ်ပုရောဟိတ်နိုင်ငံ’ ဖြစ်လာလိမ့်မယ်

‘မင်းတို့ဟာ သန့်ရှင်းတဲ့လူမျိုး၊ ယဇ်ပုရောဟိတ်နိုင်ငံ ဖြစ်လာလိမ့်မယ်။’—ထွ. ၁၉:၆၊ ကဘ။

၁၊ ၂။ မိန်းမရဲ့အမျိုးအနွယ်ကို ဘယ်လိုကာကွယ်ဖို့ လိုအပ်သလဲ၊ ဘာကြောင့်လဲ။

ဘုရားသခင့်ရည်ရွယ်ချက် ဘယ်လိုပြည့်စုံလာမယ်ဆိုတာ နားလည်နိုင်ဖို့ ကျမ်းစာရဲ့ ဦးဆုံးပရောဖက်ပြုချက်က အရေးပါတယ်။ ဧဒင်မှာပြုတဲ့ကတိမှာ ဘုရားသခင်က “သင် [စာတန်] နှင့် မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည် ရန်ငြိုးဖွဲ့စေမည်” လို့ ပြောတယ်။ ဒီရန်ငြိုး ဘယ်လောက်ကြီးမလဲ။ “သူ [မိန်းမရဲ့အမျိုးအနွယ်] သည် သင် [စာတန်] ၏ ခေါင်းကိုကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်” လို့ ယေဟောဝါပြောတယ်။ (က. ၃:၁၅) စာတန်မာရ်နတ်ဟာ မိန်းမအမျိုးအနွယ်ကိုဖျက်ဆီးဖို့ အစွမ်းကုန်ကြိုးစားတဲ့အထိ သူတို့ကြား ရန်ငြိုးကြီးပါလိမ့်မယ်။

ဆာလံဆရာက ဘုရားသခင့်လူမျိုးအတွက် အခုလို ဆုတောင်းခဲ့တာ အံ့ဩစရာမဟုတ်ပါဘူး– ‘ကိုယ်တော့်ရန်သူတွေက ဆူပူအုံကြွပြီး ကိုယ်တော့်ကိုမုန်းတဲ့သူတွေက မောက်မာစွာပြုမူနေကြတယ်။ သူတို့က ကိုယ်တော့်လူတွေကို တိုက်ခိုက်ဖို့ ကလိမ်ဉာဏ်နဲ့ လျှို့ဝှက်တိုင်ပင်နေတယ်။ ကိုယ်တော်တန်ဖိုးထားတဲ့သူတွေကို တိုက်ခိုက်ဖို့ ပူးပေါင်းကြံစည်နေတယ်။ “လာကြ။ သူတို့ကို လူမျိုးတစ်မျိုးအဖြစ် မတည်ရှိတော့အောင် ရှင်းရှင်းဖျက်ဆီးပစ်ကြစို့” လို့ သူတို့ပြောကြတယ်။’ (ဆာ. ၈၃:၂-၄ကဘ) စာတန့်ရည်ရွယ်ချက်က အမျိုးအနွယ်ရဲ့မျိုးရိုး ပျက်သွားအောင်လုပ်ဖို့ပဲ။ ဒါကြောင့် အမျိုးအနွယ်ကိုကာကွယ်ဖို့၊ မေရှိယနိုင်ငံအောင်မြင်မယ်ဆိုတာ အာမခံဖို့ ယေဟောဝါက ပဋိညာဉ်တွေ ထပ်ဖွဲ့ခဲ့တယ်။

အမျိုးအနွယ်ကို ကာကွယ်ပေးတဲ့ပဋိညာဉ်

၃၊ ၄။ (က) ဘယ်အချိန်မှာ ပညတ်ပဋိညာဉ် စတင်အကျိုးသက်ရောက်လာသလဲ။ အစ္စရေးလူမျိုးဟာ ဘာလုပ်ဖို့ သဘောတူခဲ့သလဲ။ (ခ) ပညတ်ပဋိညာဉ်က ဘာကိုကာကွယ်ပေးဖို့ ရည်ရွယ်သလဲ။

အာဗြဟံ၊ ဣဇက်နဲ့ ယာကုပ်ရဲ့သားမြေးတွေ သန်းချီတိုးများလာတဲ့အခါ အစ္စရေးလူမျိုးအဖြစ် ယေဟောဝါ ဖွဲ့စည်းပေးခဲ့တယ်။ ဘုရားသခင်က ထူးခြားတဲ့ပဋိညာဉ်ကို ဒီလူမျိုးနဲ့ဖွဲ့ခဲ့တယ်။ ဖျန်ဖြေသူကတော့ မောရှေဖြစ်တယ်။ ယေဟောဝါက သူတို့ကို ပညတ်တရားပေးတယ်။ သူတို့က အဲဒီအတိုင်းလိုက်နာဖို့ သဘောတူတယ်။ မောရှေက ‘ပဋိညာဉ်ကျမ်းကိုယူပြီး လူတွေကြားအောင် ကျယ်ကျယ်ဖတ်ပြတယ်။ လူတွေက “ယေဟောဝါဘုရားမိန့်မှာသမျှကို နာခံလိုက်နာပါ့မယ်” လို့ပြန်ပြောတဲ့အခါ မောရှေက သွေးကိုယူ၊ လူတွေပေါ်ဖျန်းပြီး “ဒီကျမ်းစကားနဲ့အညီ ခင်ဗျားတို့နဲ့ ယေဟောဝါဖွဲ့တဲ့ ပဋိညာဉ်ကို ဒီသွေးက အတည်ဖြစ်စေပြီ” လို့ပြောတယ်။’—ထွ. ၂၄:၃-၈ကဘ။

အာဗြဟံမျိုးရိုးကနေ ဆင်းသက်လာမယ့် အမျိုးအနွယ်ရဲ့မျိုးရိုး ပျက်မှာမဟုတ်ဘူးဆိုတာ ပညတ်တရားက အာမခံတယ်

ပညတ်ပဋိညာဉ်ဟာ ဘီစီ ၁၅၁၃ မှာ စတင်အကျိုးသက်ရောက်တယ်။ ယေဟောဝါက ဒီပဋိညာဉ်အားဖြင့် ရှေးအစ္စရေးလူမျိုးကို အထူးရည်ရွယ်ချက်တစ်ခုအတွက် ရွေးချယ်ခဲ့တယ်။ ဘုရားသခင်ဟာ သူတို့ရဲ့ တရားသူကြီး၊ ပညတ်ပေးရှင်နဲ့ ဘုရင် ဖြစ်ပါလိမ့်မယ်။ (ဟေရှာ. ၃၃:၂၂) ဘုရားသခင့်ဖြောင့်မတ်တဲ့စံနှုန်းတွေကို လူတွေနာခံတဲ့အခါ ဒါမှမဟုတ် မနာခံတဲ့အခါ ဘာဖြစ်ခဲ့တယ်ဆိုတာ အစ္စရေးရဲ့သမိုင်းကြောင်းကနေ သိနိုင်တယ်။ ဘုရားသခင့်ပညတ်ကို နာခံခြင်းမှာ အယူမှားဝတ်ပြုသူတွေကို လက်မထပ်တာ၊ တခြားဘုရားတွေကို မကိုးကွယ်တာတွေ ပါဝင်တယ်။ ဒါကြောင့် ပညတ်တရားက အာဗြဟံအမျိုးအနွယ်ရဲ့ မျိုးရိုးမပျက်အောင် ကာကွယ်ပေးဖို့ ရည်ရွယ်တယ်။—ထွ. ၂၀:၄-၆; ၃၄:၁၂-၁၆

၅။ (က) ပညတ်ပဋိညာဉ်က အစ္စရေးလူမျိုးကို ဘာအခွင့်အရေးရစေသလဲ။ (ခ) အစ္စရေးလူမျိုးကို ဘုရားသခင် ဘာကြောင့်ငြင်းပယ်ခဲ့သလဲ။

ပညတ်ပဋိညာဉ်အရ အစ္စရေးလူမျိုးအတွက် အမှုဆောင်ဖို့ ယဇ်ပုရောဟိတ်တွေကို ခန့်အပ်ထားတယ်။ ဒီယဇ်ပုရောဟိတ်တွေဟာ အနာဂတ်မှာ လူတွေအတွက် ပိုကောင်းတဲ့နည်းနဲ့ အမှုဆောင်ပေးမယ့် ယဇ်ပုရောဟိတ်အုပ်စု နောက်တစ်စုရဲ့ ရှေ့ပြေးဖြစ်တယ်။ (ဟေဗြဲ ၇:၁၁; ၁၀:၁) တကယ်တော့ ပညတ်ပဋိညာဉ်ဟာ အစ္စရေးလူမျိုးကို ‘ယဇ်ပုရောဟိတ်နိုင်ငံ’ ဖြစ်လာဖို့ အခွင့်အရေးရစေတယ်။ ဒီအခွင့်အရေးကိုရဖို့ အစ္စရေးတွေဟာ ယေဟောဝါရဲ့ပညတ်တွေကို နာခံရမယ်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆ ကိုဖတ်ပါ။) ဒါပေမဲ့ နာခံဖို့ သူတို့ပျက်ကွက်ခဲ့တယ်။ အစ္စရေးတွေဟာ အာဗြဟံအမျိုးအနွယ်ရဲ့ အဓိကအပိုင်းဖြစ်သူ မေရှိယကို လက်ခံမယ့်အစား ငြင်းပယ်ခဲ့ကြတယ်။ ဒါကြောင့် ဘုရားသခင်ကလည်း သူတို့ကို ငြင်းပယ်ခဲ့တယ်။

အစ္စရေးလူမျိုးရဲ့ မနာခံမှုကြောင့် ပညတ်ပဋိညာဉ်ရဲ့ရည်ရွယ်ချက် ပျက်သွားပြီလို့ မဆိုလို (အပိုဒ် ၃-၆ ကိုကြည့်ပါ)

၆။ ပညတ်ပဋိညာဉ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။

အစ္စရေးလူမျိုးဟာ ဘုရားသခင်အပေါ် သစ္စာမရှိတဲ့အတွက် ယဇ်ပုရောဟိတ်နိုင်ငံ မဖြစ်လာခဲ့ဘူး။ ဒီလိုပြောတဲ့အတွက် ပညတ်ပဋိညာဉ်ရဲ့ရည်ရွယ်ချက် ပျက်သွားပြီလို့ မဆိုလိုပါဘူး။ ပညတ်ပဋိညာဉ်ဟာ အမျိုးအနွယ်ကို ကာကွယ်ပေးပြီး မေရှိယ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ လူတွေသိအောင် ကူညီပေးခဲ့တယ်။ ခရစ်တော် မြေကြီးပေါ်လာပြီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ထင်ရှားလာတာနဲ့တစ်ပြိုင်တည်း ပညတ်ပဋိညာဉ်ရဲ့ရည်ရွယ်ချက် အောင်မြင်ခဲ့တယ်။ “ခရစ်တော်သည် ပညတ်တရား၏အဆုံး ဖြစ်တော်မူ၏” လို့ ကျမ်းစာမှာ ပြောထားတယ်။ (ရော. ၁၀:၄) ဒါဆို ယဇ်ပုရောဟိတ်နိုင်ငံဖြစ်လာမယ့် အခွင့်အရေးကို ဘယ်အုပ်စုရမလဲ။ ယေဟောဝါဟာ လူမျိုးသစ်တစ်မျိုးကို ဖြစ်ပေါ်စေဖို့ တရားဝင်စာချုပ်နောက်တစ်ခု ပြုလုပ်ခဲ့တယ်။

လူမျိုးသစ်တစ်မျိုး ဖြစ်ပေါ်လာ

၇။ ယေရမိကတစ်ဆင့် ယေဟောဝါ ဘာကြိုဟောခဲ့သလဲ။

ပညတ်ပဋိညာဉ်ကို မပယ်ဖျက်ခင် ကြာမြင့်စွာကတည်းက ယေဟောဝါဟာ ပရောဖက်ယေရမိကတစ်ဆင့် ‘ပဋိညာဉ်သစ်’ အကြောင်း ကြိုဟောခဲ့တယ်။ ဒီပဋိညာဉ်ကို အစ္စရေးလူမျိုးနဲ့ ဖွဲ့မှာဖြစ်တယ်။ (ယေရမိ ၃၁:၃၁–၃၃ ကိုဖတ်ပါ။) ဒီပဋိညာဉ်ဟာ ပညတ်ပဋိညာဉ်နဲ့ ကွာခြားလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အပြစ်တွေကို ခွင့်လွှတ်ဖို့ တိရစ္ဆာန်ယဇ်တွေ လိုတော့မှာမဟုတ်လို့ပဲ။ အဲဒီလိုဖြစ်နိုင်ပါ့မလား။

၈၊ ၉။ (က) ယေရှုသွန်းလောင်းတဲ့သွေးက ဘာကိုဖြစ်မြောက်စေသလဲ။ (ခ) ပဋိညာဉ်သစ်မှာပါဝင်သူတွေအတွက် ဘယ်အခွင့်အရေး ပွင့်လာသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

နှစ်ပေါင်းရာနဲ့ချီကြာပြီးနောက် အေဒီ ၃၃၊ နိသန် ၁၄ မှာ သခင့်ညစာစားပွဲဆိုတဲ့ ပွဲတော်အသစ်ကို ယေရှု အစပြုကျင်းပခဲ့တယ်။ ယေရှုက သစ္စာရှိတမန်တော် ၁၁ ယောက်ကို “ဤခွက်ကား သင်တို့အတွက်သွန်းလောင်းမည့် ငါ၏သွေးဖြင့်ဖွဲ့သော ပဋိညာဉ်တရားသစ်ဖြစ်၏” လို့ ပြောခဲ့တယ်။ (လု. ၂၂:၂၀) မဿဲကျမ်းမှတ်တမ်းအရ “ဤခွက်သည် အပြစ်များကိုလွတ်စေရန် လူအများအတွက်သွန်းလောင်းမည့် ‘ပဋိညာဉ်တရားနှင့်ဆိုင်သည့် ငါ၏အသွေး’ ဖြစ်၏” လို့ ယေရှုပြောခဲ့တယ်။—မ. ၂၆:၂၇၊ ၂၈

ယေရှုဟာ အပြစ်မဲ့သူဖြစ်လို့ ခွင့်လွှတ်ခံရဖို့ မလိုဘူး။ ဒါကြောင့် ပဋိညာဉ်သစ်မှာ ယေရှု မပါဝင်ဘူး။ ဒါပေမဲ့ ယေရှုသွန်းလောင်းတဲ့သွေးက ပဋိညာဉ်သစ်ကို တရားဝင်စေတယ်။ ဒီသွေးကို တစ်ကြိမ်တည်း ပူဇော်တာဖြစ်ပေမဲ့ လူတွေရဲ့အပြစ်တွေကို ထာဝစဉ်ခွင့်လွှတ်ပေးနိုင်တယ်။ ဘုရားသခင်ဟာ ယေရှုသွန်းလောင်းခဲ့တဲ့သွေးရဲ့တန်ဖိုးကို လူတွေအကျိုးအတွက် အသုံးပြုနိုင်ပြီ။ သစ္စာရှိလူသားတချို့ကိုလည်း သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘိသိက်ပေးပြီး “သားများအဖြစ်” မွေးစားနိုင်ပြီ။ (ရောမ ၈:၁၄–၁၇ ကိုဖတ်ပါ။) ဒါကြောင့် ယေဟောဝါဟာ သားတော်ယေရှုကို အပြစ်မဲ့သူအဖြစ် ရှုမြင်သလို သူတို့ကိုလည်း အပြစ်မဲ့သူတွေအဖြစ် ရှုမြင်နိုင်ပြီ။ ဒီဘိသိက်ခံတွေဟာ ‘ခရစ်တော်ရဲ့အမွေခံဖက်တွေ’ ဖြစ်လာပါလိမ့်မယ်။ အစ္စရေးလူမျိုးဆုံးၡုံးခဲ့တဲ့ ‘ယဇ်ပုရောဟိတ်နိုင်ငံ’ ဖြစ်လာဖို့ဆိုတဲ့ အခွင့်ထူးကိုလည်း ရရှိပါလိမ့်မယ်။ သူတို့နဲ့ပတ်သက်ပြီး တမန်တော်ပေတရု အခုလိုပြောတယ်– “သင်တို့မူကား မှောင်မိုက်မှ အံ့ဖွယ်အလင်းသို့ ခေါ်တော်မူသောအရှင်၏ ‘မွန်မြတ်သောဂုဏ်ရည်တော်များကို အနှံ့အပြား ဟောပြောရန် ရွေးချယ်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့၊ သန့်ရှင်းသောလူမျိုး၊ အထူးပိုင်ဆိုင်ရာလူစု ဖြစ်ကြ၏။’” (၁ ပေ. ၂:၉) ပဋိညာဉ်သစ် မရှိမဖြစ်လိုအပ်တယ်ဆိုတာ သိပ်ရှင်းပါတယ်။ ဒီပဋိညာဉ်သစ်ကြောင့် ယေရှုတပည့်တွေဟာ အာဗြဟံအမျိုးအနွယ်ရဲ့ ဒုတိယအပိုင်းဖြစ်လာတယ်။

ပဋိညာဉ်သစ် တရားဝင်ဖြစ်လာ

၁၀။ ဘယ်အချိန်မှာ ပဋိညာဉ်သစ် တရားဝင်ဖြစ်လာသလဲ။ ဘာကြောင့် အဲဒီအချိန်ကျမှ တရားဝင်ဖြစ်လာတာလဲ။

၁၀ ပဋိညာဉ်သစ်ဟာ သခင့်ညစာစားပွဲကျင်းပချိန်မှာ တရားဝင်မဖြစ်သေးဘူး။ ဘာကြောင့်လဲ။ ပဋိညာဉ်သစ်တရားဝင်ဖြစ်ဖို့ဆိုရင် ယေရှု ကောင်းကင်ကိုပြန်သွားပြီး သူ့သွေးရဲ့တန်ဖိုးကို ဘုရားသခင်ဆီ ဆက်သရမယ်။ ‘ခရစ်တော်ရဲ့ အမွေခံဖက်’ ဖြစ်လာမယ့်သူတွေကိုလည်း သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘိသိက်ပေးရမယ်။ ဒါကြောင့် ယေရှုတပည့်တွေ သန့်ရှင်းသောစွမ်းအားတော်ရရှိခဲ့တဲ့ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲကျမှပဲ ပဋိညာဉ်သစ် တရား၀င်ဖြစ်လာတယ်။

ယေရှုတပည့်တွေ သန့်ရှင်းသောစွမ်းအားတော်ရရှိခဲ့တဲ့ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲကျမှပဲ ပဋိညာဉ်သစ် တရား၀င်ဖြစ်လာတယ်

၁၁။ ဂျူးတွေရော၊ လူမျိုးခြားတွေပါ ပုံဆောင်အစ္စရေးလူမျိုးအဝင် ဖြစ်နိုင်ဖို့ ပဋိညာဉ်သစ်က ဘယ်လိုလုပ်ဆောင်ပေးသလဲ။ ပဋိညာဉ်သစ်မှာ လူဘယ်လောက် ပါဝင်သလဲ။

၁၁ အစ္စရေးလူမျိုးနဲ့ ပဋိညာဉ်သစ်ဖွဲ့မယ်လို့ ယေရမိကတစ်ဆင့် ယေဟောဝါ ကြေညာတာက နောက်ဆုံးမှာ ပညတ်ပဋိညာဉ် လိုတော့မှာမဟုတ်ဘူးဆိုတာ ဖော်ပြတယ်။ ပဋိညာဉ်သစ် တရားဝင်ဖြစ်လာချိန်မှာ ပညတ်ပဋိညာဉ် အဆုံးတိုင်သွားတယ်။ (ဟေဗြဲ ၈:၁၃) ပဋိညာဉ်သစ်အားဖြင့် ဂျူးတွေရော၊ အရေဖျားမလှီးထားတဲ့ လူမျိုးခြားတွေပါ ဘုရားသခင့်နိုင်ငံတော်မှာ အမွေခံဖို့ တန်းတူအခွင့်အရေး ရရှိပါလိမ့်မယ်။ အကြောင်းကတော့ “အရေဖျားလှီးခြင်းသည်လည်း ပညတ်တရားအားဖြင့် မဟုတ်ဘဲ စွမ်းအားတော်အားဖြင့် စိတ်နှလုံးနှင့် စပ်ဆိုင်” လို့ပဲ။ (ရော. ၂:၂၉) ဘုရားသခင်ဟာ သူတို့ရဲ့စိတ်နှလုံးထဲ ပညတ်တွေကို သွင်းပေးပါလိမ့်မယ်။ (ဟေဗြဲ ၈:၁၀) ပဋိညာဉ်သစ်မှာ ဘိသိက်ခံ ၁၄၄,၀၀၀ ပါဝင်တယ်။ သူတို့ဟာ ပုံဆောင်အစ္စရေးလူမျိုး ဒါမှမဟုတ် “ဘုရားသခင်၏ အစ္စရေးလူမျိုး” ဆိုတဲ့ လူမျိုးသစ်ဖြစ်လာတယ်။—ဂလ. ၆:၁၆; ဗျာ. ၁၄:၁၊

၁၂။ ပညတ်ပဋိညာဉ်နဲ့ ပဋိညာဉ်သစ်ရဲ့ ဆင်တူချက်တွေက ဘာလဲ။

၁၂ ပညတ်ပဋိညာဉ်နဲ့ ပဋိညာဉ်သစ်မှာ ဘာဆင်တူချက်တွေရှိသလဲ။ ပညတ်ပဋိညာဉ်ဟာ ယေဟောဝါနဲ့ အစ္စရေးလူမျိုး ဖွဲ့တာဖြစ်တယ်။ ပဋိညာဉ်သစ်ကတော့ ယေဟောဝါနဲ့ ပုံဆောင်အစ္စရေးလူမျိုး ဖွဲ့တာဖြစ်တယ်။ ပညတ်ပဋိညာဉ်မှာ ဖျန်ဖြေသူဟာ မောရှေဖြစ်တယ်။ ပဋိညာဉ်သစ်မှာတော့ ဖျန်ဖြေသူဟာ ယေရှုဖြစ်တယ်။ ပညတ်ပဋိညာဉ်ဟာ တိရစ္ဆာန်တွေရဲ့သွေးအားဖြင့် တရားဝင်ဖြစ်လာတယ်။ ပဋိညာဉ်သစ်ကတော့ ယေရှုသွန်းလောင်းတဲ့သွေးအားဖြင့် တရားဝင်ဖြစ်လာတယ်။ ပညတ်ပဋိညာဉ်အရ မောရှေဟာ အစ္စရေးလူမျိုးရဲ့ခေါင်းဆောင်ဖြစ်တယ်။ ပဋိညာဉ်သစ်မှာပါဝင်သူတွေရဲ့ ခေါင်းဆောင်ကတော့ အသင်းတော်ရဲ့ဦးခေါင်း ယေရှု ဖြစ်တယ်။—ဧ. ၁:၂၂

၁၃၊ ၁၄။ (က) ပဋိညာဉ်သစ်က နိုင်ငံတော်နဲ့ ဘယ်လိုဆက်စပ်နေသလဲ။ (ခ) ပုံဆောင်အစ္စရေးလူမျိုးဟာ ကောင်းကင်မှာ ခရစ်တော်နဲ့အတူ အုပ်ချုပ်နိုင်ဖို့ ဘာလိုအပ်လာသလဲ။

၁၃ ပဋိညာဉ်သစ်က နိုင်ငံတော်နဲ့ ဘယ်လိုဆက်စပ်နေသလဲ။ ဒီပဋိညာဉ်ဟာ ကောင်းကင်နိုင်ငံတော်မှာ ဘုရင်နဲ့ ယဇ်ပုရောဟိတ်ဖြစ်လာဖို့ အခွင့်အရေးရှိတဲ့ သန့်ရှင်းတဲ့လူမျိုးကို ဖြစ်ပေါ်စေတယ်။ ဒီလူမျိုးကို အာဗြဟံအမျိုးအနွယ်ရဲ့ ဒုတိယအပိုင်းနဲ့ ဖွဲ့စည်းထားတယ်။ (ဂလ. ၃:၂၉) ဒါကြောင့် အာဗြဟံပဋိညာဉ် ပြည့်စုံလာမယ်ဆိုတာကို ပဋိညာဉ်သစ်က စိတ်ချစေတယ်။

၁၄ ပဋိညာဉ်သစ်ဟာ ပုံဆောင်အစ္စရေးလူမျိုးကို ဖြစ်ပေါ်စေတယ်။ ဒီပဋိညာဉ်သစ်ဟာ ဘိသိက်ခံတွေ ‘ခရစ်တော်ရဲ့အမွေခံဖက်’ ဖြစ်လာဖို့ တရား၀င်အကြောင်းရင်းဖြစ်တယ်။ ဒါပေမဲ့ ဘိသိက်ခံတွေဟာ ကောင်းကင်မှာ ယေရှုနဲ့အတူ ဘုရင်တွေ၊ ယဇ်ပုရောဟိတ်တွေအဖြစ် ဘယ်လိုအုပ်ချုပ်နိုင်မလဲ။ ဒီအတွက် နောက်ထပ် တရားဝင်သဘောတူညီချက်တစ်ခု လိုအပ်လာတယ်။

ခရစ်တော်နဲ့အတူ အုပ်ချုပ်ခွင့်ရစေတဲ့ ပဋိညာဉ်

၁၅။ ယေရှုဟာ သစ္စာရှိတမန်တော်တွေနဲ့ ဘယ်သီးသန့်ပဋိညာဉ် ဖွဲ့ခဲ့သလဲ။

၁၅ ယေရှုဟာ သခင့်ညစာစားပွဲကို အစပြုပြီးနောက် သစ္စာရှိတပည့်တွေနဲ့ ပဋိညာဉ်ဖွဲ့ခဲ့တယ်။ အဲဒီပဋိညာဉ်ကို နိုင်ငံတော်ပဋိညာဉ်လို့ခေါ်တယ်။ (လုကာ ၂၂:၂၈–၃၀ ကိုဖတ်ပါ။) တခြားပဋိညာဉ်တွေနဲ့ မတူတာက ဒီပဋိညာဉ်မှာ ယေဟောဝါ မပါဝင်ဘူး။ ယေရှုနဲ့ ဘိသိက်ခံတွေ သီးသန့်ဖွဲ့တဲ့ ပဋိညာဉ်ဖြစ်တယ်။ “ငါ့ခမည်းတော်သည် ငါနှင့်ပဋိညာဉ်ဖွဲ့သည့်နည်းတူ” လို့ ယေရှုပြောတဲ့အခါ သူနဲ့ယေဟောဝါဖွဲ့ခဲ့တဲ့ ပဋိညာဉ်ကို ရည်ညွှန်းနေတာဖြစ်နိုင်တယ်။ အဲဒါကတော့ “မေလခိဇေဒက်ကဲ့သို့ ထာဝရယဇ်ပုရောဟိတ်” ဖြစ်စေတဲ့ ပဋိညာဉ်ဖြစ်တယ်။—ဟေဗြဲ ၅:၅၊ ၆

၁၆။ နိုင်ငံတော်ပဋိညာဉ်က ဘိသိက်ခံခရစ်ယာန်တွေကို ဘာအခွင့်အရေးရစေသလဲ။

၁၆ သစ္စာရှိတမန်တော် ၁၁ ယောက်ဟာ ယေရှု စမ်းသပ်မှုတွေကြုံရချိန် တစ်လျှောက်လုံးမှာ ယေရှုအပေါ် သစ္စာစောင့်သိခဲ့ကြတယ်။ ဒီတမန်တော်တွေဟာ ပလ္လင်ပေါ်ထိုင်ပြီး ကောင်းကင်မှာ ယေရှုနဲ့အတူ ဘုရင်တွေအဖြစ် အုပ်ချုပ်ရမယ်၊ ယဇ်ပုရောဟိတ်တွေအဖြစ် အမှုဆောင်ရမယ်ဆိုတာကို နိုင်ငံတော်ပဋိညာဉ်က အာမခံတယ်။ ဒါပေမဲ့ ဒီ ၁၁ ယောက်ပဲ အဲဒီအခွင့်ထူးကို ရမှာမဟုတ်ဘူး။ စိတ်အာရုံတစ်ခုမှာ တမန်တော်ယောဟန်ကို ယေရှု ဒီလိုပြောတယ်– “ငါသည် အောင်မြင်၍ ငါ့ခမည်းတော်၏ ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူ ထိုင်ရသည်နည်းတူ အောင်မြင်သောသူအား ငါ့ပလ္လင်ပေါ်မှာ ငါနှင့်အတူ ထိုင်ရသောအခွင့်ကို ငါပေးမည်။” (ဗျာ. ၃:၂၁) ဒါကြောင့် နိုင်ငံတော်ပဋိညာဉ်ကို ဘိသိက်ခံခရစ်ယာန် ၁၄၄,၀၀၀ နဲ့ ဖွဲ့တာဖြစ်တယ်။ (ဗျာ. ၅:၉၊ ၁၀; ၇:၄) ဒီပဋိညာဉ်ဟာ ဘိသိက်ခံတွေကို ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်ခွင့်ရစေတဲ့ တရားဝင်အကြောင်းရင်းဖြစ်တယ်။ ဒါက ဘုရင်နဲ့လက်ထပ်ဖို့ ရွေးချယ်ခံရတဲ့ သတို့သမီးနဲ့ ဆင်တူတယ်။ သတို့သမီးဟာ ဘုရင်နဲ့လက်ထပ်လိုက်တာနဲ့ ဘုရင်နဲ့အတူအုပ်ချုပ်ဖို့ အခွင့်အရေးရသွားတယ်။ အဲဒီလိုပဲ ကျမ်းစာမှာ ဘိသိက်ခံတွေကိုလည်း ခရစ်တော်ရဲ့ “သတို့သမီး” လို့ခေါ်ထားတယ်။ သူတို့ဟာ ခရစ်တော်နဲ့လက်ထပ်ဖို့ ကတိပြုထားတဲ့ “အပျိုစင်” ဖြစ်တယ်။—ဗျာ. ၁၉:၇၊ ၈; ၂၁:၉; ၂ ကော. ၁၁:၂

ဘုရားသခင့်နိုင်ငံတော်ကို အခိုင်အမာ ယုံကြည်ပါ

၁၇၊ ၁၈။ (က) နိုင်ငံတော်နဲ့ ဆက်စပ်နေတဲ့ ပဋိညာဉ်ခြောက်ခုအကြောင်း ပြန်သုံးသပ်ပါ။ (ခ) နိုင်ငံတော်ကို ဘာကြောင့် အခိုင်အမာ ယုံကြည်နိုင်သလဲ။

၁၇ ဒီဆောင်းပါးနှစ်ခုမှာ လေ့လာခဲ့တဲ့ ပဋိညာဉ်အားလုံးဟာ နိုင်ငံတော်ရဲ့ အရေးကြီးကဏ္ဍတစ်ခု ဒါမှမဟုတ် အဲဒီထက်မကနဲ့ ဆက်စပ်နေတယ်။ (“မိမိရည်ရွယ်ချက်ကို ဘုရားသခင်ပြည့်စုံစေမယ့်နည်းလမ်း” ကားချပ်ကို ပြီးခဲ့တဲ့ဆောင်းပါးမှာ ကြည့်ပါ။) နိုင်ငံတော် အောင်မြင်မယ်ဆိုတာကို ဒီတရားဝင်သဘောတူညီချက်တွေအားဖြင့် အာမခံထားတာ ရှင်းနေပါတယ်။ ဘုရားသခင်ဟာ မေရှိယနိုင်ငံကိုသုံးပြီး လူသားတွေနဲ့ရော ကမ္ဘာမြေကြီးနဲ့ပါပတ်သက်တဲ့ ရည်ရွယ်ချက်ကို ပြည့်စုံစေမယ်ဆိုတာ ကျွန်တော်တို့ အပြည့်အဝ ယုံကြည်စိတ်ချနိုင်ပါတယ်။—ဗျာ. ၁၁:၁၅

ယေဟောဝါဟာ မေရှိယနိုင်ငံတော်အားဖြင့် ကမ္ဘာမြေကြီးနဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်ပြည့်စုံအောင် လုပ်ဆောင်မယ် (အပိုဒ် ၁၅–၁၈ ကိုကြည့်ပါ)

၁၈ နိုင်ငံတော်ဟာ လူ့ပြဿနာတွေရဲ့ တစ်ခုတည်းသောဖြေရှင်းနည်း ဖြစ်တယ်ဆိုတာ သေချာပါတယ်။ နိုင်ငံတော်ဟာ လူသားအားလုံးကို ထာဝရကောင်းကျိုးပြုမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။ ဒါကြောင့် သိပ်ကောင်းတဲ့ ဒီအမှန်တရားအကြောင်း တခြားသူတွေကို ထက်ထက်သန်သန် ဟောပြောကြပါစို့။—မ. ၂၄:၁၄