မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါနဲ့တွဲဖက်လုပ်ဆောင်ရတဲ့ အခွင့်ထူးကို တန်ဖိုးထားမြတ်နိုးပါ

ယေဟောဝါနဲ့တွဲဖက်လုပ်ဆောင်ရတဲ့ အခွင့်ထူးကို တန်ဖိုးထားမြတ်နိုးပါ

‘ငါတို့သည် ဘုရားသခင်၏ လုပ်ဖော်ဆောင်ဖက်ဖြစ်ကြ၏။’—၁ ကော. ၃:၉

၁။ အလုပ်နဲ့ပတ်သက်ပြီး ယေဟောဝါမှာ ဘယ်လိုသဘောထားရှိသလဲ။ အဲဒီသဘောထားကြောင့် ကိုယ်တော် ဘာလုပ်ဆောင်သလဲ။

ယေဟောဝါဟာ ကိုယ်လုပ်တဲ့အလုပ်မှာ ပျော်ရွှင်တယ်။ (ဆာ. ၁၃၅:၆; ယော. ၅:၁၇) ကောင်းကင်တမန်နဲ့ လူသားတွေကိုလည်း အဲဒီလိုပဲ ပျော်ရွှင်စေချင်တယ်။ ဒါကြောင့် ပျော်ရွှင်စရာ၊ ကျေနပ်စရာကောင်းတဲ့အလုပ်တွေ အပ်နှင်းတယ်။ ယေဟောဝါက မိမိရဲ့သားဦးကို ဖန်ဆင်းခြင်းလုပ်ငန်းမှာ ဝိုင်းကူပေးစေတယ်။ (ကောလောသဲ ၁:၁၅၊ ၁၆ ကိုဖတ်ပါ။) ယေရှုဟာ မြေကြီးပေါ်မလာခင်တုန်းက ဘုရားသခင်နဲ့အတူ ကောင်းကင်မှာ ‘ကျွမ်းကျင်လုပ်သားအဖြစ်’ လုပ်ဆောင်ခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။—သု. ၈:၃၀ကဘ။

၂။ အရေးကြီးပြီး ကျေနပ်စရာကောင်းတဲ့အလုပ်တာဝန်တွေကို ကောင်းကင်တမန်တွေ အမြဲရရှိတယ်ဆိုတာ ကျွန်တော်တို့ ဘယ်လိုသိရသလဲ။

ကျမ်းစာတစ်အုပ်လုံးမှာ ယေဟောဝါက ကောင်းကင်တမန်တွေကို အလုပ်တာဝန်တွေ အမြဲအပ်နှင်းခဲ့တယ်လို့ ဖော်ပြထားတယ်။ အာဒံနဲ့ဧဝ အပြစ်လုပ်ပြီး ပရဒိသုစံအိမ်ကနေ ထွက်သွားတဲ့အခါ ကောင်းကင်တမန်တွေကို ဘုရားသခင် တာဝန်တစ်ခုပေးခဲ့တယ်။ “အသက်ပင်လမ်းကိုစောင့်ရှောက်စေခြင်းငှာ မီးစက်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ထားတော်မူ၏” လို့ ကမ္ဘာဦးကျမ်းမှာ ဖတ်ရတယ်။ (က. ၃:၂၄) ဗျာဒိတ်ကျမ်းမှာလည်း ယေဟောဝါက “မကြာမီ ဖြစ်ပျက်ရမည့် အမှုအရာများကို မိမိကျွန်တို့အား ဖော်ပြရန် မိမိ၏ကောင်းကင်တမန်ကို စေလွှတ်တော်မူ၏” လို့ ပြောထားတယ်။—ဗျာ. ၂၂:၆

လူသားတွေရရှိတဲ့ အလုပ်တာဝန်တွေ

၃။ ယေရှု မြေကြီးပေါ်ရှိတုန်းက ဖခင်ကို ဘယ်လိုတုပခဲ့သလဲ။

ယေရှု မြေကြီးပေါ်ရှိတုန်းက ယေဟောဝါပေးတဲ့အလုပ်ကို ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်ခဲ့တယ်။ တပည့်တွေကို အရေးကြီးတာဝန် ပေးအပ်ပြီးတော့လည်း ဖခင်ကို တုပခဲ့တယ်။ “ငါအမှန်အကန်ဆိုသည်ကား ငါ့ကို ယုံကြည်သောသူသည် ငါပြုသောအမှုများကို ပြုလိမ့်မည်။ ထိုထက်သာ၍ကြီးသောအမှုများကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား ငါသည် ငါ့ခမည်းတော်ထံ သွားမည်” လို့ ပြောခဲ့တယ်။ တပည့်တွေဟာ ဒီစကားကြောင့် ကိုယ်လုပ်ရမယ့်တာဝန်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်ခဲ့ကြတယ်။ (ယော. ၁၄:၁၂) ယေရှုက “ငါ့ကို စေလွှတ်တော်မူသောသူ၏အမှုတော်ကို နေ့အချိန်တွင် ငါဆောင်ရွက်ရမည်။ မည်သူမျှ မဆောင်ရွက်နိုင်သော ညအချိန် ရောက်လာလိမ့်မည်” လို့လည်း ပြောခဲ့တယ်။ ဒီနည်းအားဖြင့် သူတို့ရရှိတဲ့အလုပ်တာဝန်ကို အရေးတကြီးသဘောနဲ့ လုပ်ရမယ်ဆိုတာ တပည့်တွေနားလည်အောင် ကူညီပေးခဲ့တယ်။—ယော. ၉:၄

၄–၆။ (က) ယေဟောဝါမှာတဲ့အတိုင်း နောဧနဲ့မောရှေ လုပ်ဆောင်ခဲ့တာကို ကျွန်တော်တို့ ဘာကြောင့် ကျေးဇူးတင်သင့်သလဲ။ (ခ) လူသားတွေကို ဘုရားသခင်ပေးအပ်တဲ့ အလုပ်တာဝန်တွေကနေ ဘယ်ရလဒ်နှစ်ခု ရရှိသလဲ။

ယေရှု မြေကြီးပေါ်မလာခင် ကြာမြင့်စွာကတည်းက ယေဟောဝါဟာ လူသားတွေကို ကျေနပ်စရာကောင်းတဲ့အလုပ်တွေ ပေးအပ်ခဲ့တယ်။ အာဒံနဲ့ဧဝဟာ ကိုယ့်တာဝန်ကို ကျေပွန်စွာမလုပ်ဆောင်ခဲ့ပေမဲ့ တခြားလူများစွာကတော့ ဘုရားပေးတဲ့တာဝန်ကို ပြီးစီးအောင်လုပ်ဆောင်ခဲ့ကြတယ်။ (က. ၁:၂၈) ယေဟောဝါက နောဧနဲ့သူ့မိသားစု ရေလွှမ်းမိုးဘေးကနေ လွတ်မြောက်ဖို့ သင်္ဘောဘယ်လိုဆောက်ရမယ်ဆိုတဲ့ အသေးစိတ်ညွှန်ကြားချက်တွေ ပေးတယ်။ နောဧဟာ ယေဟောဝါမှာတဲ့အတိုင်း တိတိကျကျ လုပ်ဆောင်ခဲ့တယ်။ ယေဟောဝါရဲ့ ညွှန်ကြားချက်တွေကို သူ ဂရုတစိုက်လိုက်နာခဲ့လို့ ဒီနေ့ ကျွန်တော်တို့ အသက်ရှင်နေကြရတာဖြစ်တယ်။—က. ၆:၁၄-၁၆၊ ၂၂; ၂ ပေ. ၂:၅

ယေဟောဝါက မောရှေကို တဲတော်ဆောက်ဖို့၊ ယဇ်ပုရောဟိတ်တွေကို စီစဉ်ဖွဲ့စည်းဖို့ အသေးစိတ်ညွှန်ကြားခဲ့တယ်။ မောရှေဟာ ယေဟောဝါမှာတဲ့အတိုင်း တိတိကျကျ လုပ်ဆောင်ခဲ့တယ်။ (ထွ. ၃၉:၃၂; ၄၀:၁၂-၁၆) မောရှေသာ အဲဒီလိုမလုပ်ဆောင်ခဲ့ဘူးဆိုရင် တဲတော်နဲ့ ယဇ်ပုရောဟိတ်အစီအစဉ်ဟာ “နောင်လာမည့် ကောင်းမြတ်သောအရာများ” ကို ပုံဆောင်တယ်ဆိုပြီး တမန်တော်ပေါလု ရှင်းပြနိုင်ခဲ့မှာ မဟုတ်ဘူး။—ဟေဗြဲ ၉:၁-၅၊ ၉; ၁၀:၁

ယေဟောဝါပေးအပ်ထားတဲ့ အလုပ်တာဝန်တွေကို ကျွန်တော်တို့ လုပ်ဆောင်တဲ့အခါ ကိုယ်တော့်ကို ဂုဏ်တင်မှုဖြစ်စေတယ်

ဘုရားသခင့်ရည်ရွယ်ချက် တဖြည်းဖြည်း အကောင်အထည်ပေါ်လာတာနဲ့အမျှ ကိုယ်တော့်ကျေးကျွန်တွေဟာ အလုပ်တာဝန်အမျိုးမျိုး ရရှိခဲ့ကြတယ်။ အလုပ်တာဝန်တွေ ပြောင်းလဲသွားနိုင်ပေမဲ့ အားလုံးက ယေဟောဝါကို အမြဲဂုဏ်တင်ပြီး လူသားတွေကို အကျိုးပြုတယ်။ ယေရှု မြေကြီးပေါ်မလာခင်က လုပ်ခဲ့တဲ့အလုပ်နဲ့ မြေကြီးပေါ်မှာလုပ်ခဲ့တဲ့ အလုပ်လည်း အဲဒီလိုပဲ။ (ယော. ၄:၃၄; ၁၇:၄) ဒီနေ့ခေတ်မှာလည်း ယေဟောဝါပေးအပ်ထားတဲ့ အလုပ်တာဝန်တွေကို ကျွန်တော်တို့ လုပ်ဆောင်တဲ့အခါ ကိုယ်တော့်ကို ဂုဏ်တင်မှုဖြစ်စေတယ်။ (၁ ကောရိန္သု ၁၅:၅၈ ကိုဖတ်ပါ; မ. ၅:၁၆) ဘာကြောင့် အဲဒီလိုပြောနိုင်တာလဲ။

အလုပ်တာဝန်တွေနဲ့ပတ်သက်ပြီး အကောင်းမြင်သဘောထား ရှိပါ

၇၊ ၈။ (က) ခရစ်ယာန်တွေ ရရှိထားတဲ့အခွင့်ထူးက ဘာလဲ။ (ခ) ယေဟောဝါရဲ့လမ်းညွှန်ချက်ကို ဘယ်လိုတုံ့ပြန်သင့်သလဲ။

ယေဟောဝါဟာ မစုံလင်တဲ့လူသားတွေကို သူ့ရဲ့လုပ်ဖော်ဆောင်ဖက်တွေအနေနဲ့ လုပ်ဆောင်ဖို့ ဖိတ်ခေါ်ထားတာ ဂုဏ်ယူစရာပါပဲ။ (၁ ကော. ၃:၉) ခရစ်ယာန်တချို့ဟာ နောဧနဲ့မောရှေလို ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ဆောင်ဖို့ အခွင့်ထူးရရှိထားကြတယ်။ စည်းဝေးခန်းမ၊ နိုင်ငံတော်ခန်းမနဲ့ ဌာနခွဲရုံးတွေ ဆောက်လုပ်တာဖြစ်နိုင်တယ်။ သင်ဟာ ဒေသခံနိုင်ငံတော်ခန်းမ ပြုပြင်မွမ်းမံရေးမှာ ပါဝင်နေတာဖြစ်စေ၊ နယူးယောက်ပြည်နယ်၊ ဝေါဝစ်မှာရှိတဲ့ ကမ္ဘာ့ဌာနချုပ်ဆောက်လုပ်ရေးမှာ ပါဝင်နေတာဖြစ်စေ ကိုယ့်အခွင့်ထူးကို တန်ဖိုးထားပါ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကိုကြည့်ပါ။) ဒါဟာ မြင့်မြတ်တဲ့လုပ်ငန်းဖြစ်တယ်။ ခရစ်ယာန်တချို့ပဲ ပကတိဆောက်လုပ်ရေးလုပ်ငန်းမှာ ပါဝင်နိုင်ပေမဲ့ ခရစ်ယာန်အားလုံးဟာ ပုံဆောင်ဆောက်လုပ်ရေးလုပ်ငန်းမှာ ပါဝင်နေကြတယ်။ အဲဒါကတော့ ယေဟောဝါကို ဂုဏ်တင်ပြီး လူသားတွေကို အကျိုးပြုတဲ့ ဟောပြောခြင်းလုပ်ငန်းပဲ။ (တ. ၁၃:၄၇-၄၉) ဘုရားသခင့်အဖွဲ့အစည်းက ဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြားနေတယ်။ အဲဒီအတွက် ကျွန်တော်တို့ဟာ တစ်ခါတလေ အလုပ်တာဝန်အသစ် ရရှိပါလိမ့်မယ်။

ယေဟောဝါရဲ့သစ္စာရှိကျေးကျွန်တွေဟာ ကိုယ်တော့်လမ်းညွှန်ချက်ကို အမြဲ ထက်ထက်သန်သန် လိုက်နာကြတယ်။ (ဟေဗြဲ ၁၃:၇၊ ၁၇ ကိုဖတ်ပါ။) တစ်ခါတလေ အလုပ်တာဝန်သစ် ဒါမှမဟုတ် လမ်းညွှန်ချက်အသစ် ဘာကြောင့်ရတယ်ဆိုတာ ကျွန်တော်တို့ နားလည်ချင်မှ နားလည်မယ်။ ဒါပေမဲ့ ဒီအပြောင်းအလဲတွေဟာ ယေဟောဝါဆီကဖြစ်ပြီး ဒီကနေ ရလဒ်ကောင်းတွေရရှိမယ်ဆိုတာ ကျွန်တော်တို့ သိထားတဲ့အတွက် ကိုယ်တော်နဲ့ ပူးပေါင်းလုပ်ဆောင်ကြတယ်။

၉။ အကြီးအကဲတွေဟာ အသင်းတော်မှာ ဘယ်ပုံသက်သေကောင်း ပြသနေသလဲ။

အကြီးအကဲတွေဟာ အသင်းတော်ကို ဦးဆောင်ပုံအားဖြင့် ယေဟောဝါရဲ့ အလိုတော်အတိုင်း လုပ်ဆောင်လိုစိတ်ရှိတယ်ဆိုတာ ဖော်ပြကြတယ်။ (၂ ကော. ၁:၂၄; ၁ သက်. ၅:၁၂၊ ၁၃) အကြီးအကဲတွေဟာ အလုပ်ကြိုးစားပြီး လမ်းညွှန်ချက်တွေကို လိုလိုလားလား လိုက်နာကြတယ်။ ဟောပြောနည်းသစ်တွေကို ထက်ထက်သန်သန် သင်ယူကြတယ်။ တယ်လီဖုန်းနဲ့ သက်သေခံတာ၊ သင်္ဘောဆိပ်တွေမှာ သက်သေခံတာ၊ လူထုရှေ့သက်သေခံတာတွေကို စီစဉ်ဖွဲ့စည်းပေးတယ်။ ဒီနည်းသစ်တွေ အလုပ်ဖြစ်ပါ့မလားလို့ တချို့ တွေးမိနိုင်ပေမဲ့ ရလဒ်ကောင်းတွေ ရရှိတာကို သူတို့မြင်တွေ့ရတယ်။ ဥပမာ၊ ဂျာမနီက ရှေ့ဆောင်လေးယောက်ဟာ မဟောတာကြာပြီဖြစ်တဲ့ စီးပွားရေးရပ်ကွက်မှာ ဟောပြောဖို့ ဆုံးဖြတ်ခဲ့တယ်။ စီးပွားရေးရပ်ကွက်မှာ မဟောပြောတာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်လို့ စိတ်ပူမိတယ်ဆိုပြီး ရှေ့ဆောင်တစ်ယောက်ဖြစ်တဲ့ မိုက်ကယ် ပြောပြတယ်။ “ဒါကို ယေဟောဝါ သိလို့ဖြစ်မယ်။ မမေ့နိုင်စရာကောင်းတဲ့ အဲဒီမနက်မှာ တွေ့ကြုံမှုကောင်းတွေရအောင် ကိုယ်တော်လုပ်ပေးခဲ့တယ်။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှာပါတဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်ခဲ့လို့၊ ယေဟောဝါကို အားကိုးခဲ့လို့ သိပ်ပျော်ခဲ့ရတယ်” လို့ သူပြောတယ်။ သင့်ရပ်ကွက်မှာလည်း ဟောပြောနည်းသစ်တွေကို စမ်းကြည့်ဖို့ သင်ဆန္ဒပြင်းပြနေသလား။

၁၀။ မကြာသေးခင်နှစ်တွေတုန်းက အဖွဲ့အစည်းမှာ ဘယ်ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့သလဲ။

၁၀ တစ်ခါတလေ အပြောင်းအလဲတွေက ဗေသလမှာဖြစ်တယ်။ ဥပမာ၊ မကြာသေးခင်နှစ်တွေတုန်းက သေးငယ်တဲ့ဌာနခွဲတချို့ကို ပိတ်လိုက်ပြီး ပိုကြီးတဲ့ဌာနခွဲရုံးတွေနဲ့ ပေါင်းလိုက်တယ်။ ဒီအပြောင်းအလဲက အဲဒီဌာနခွဲတွေမှာ အမှုဆောင်နေသူတွေကို အကျိုးသက်ရောက်ခဲ့တယ်။ သူတို့ ပြုပြင်ပြောင်းလဲခဲ့ရပေမဲ့ နောက်ပိုင်းမှာ ကောင်းကျိုးတွေ မြင်တွေ့ရတယ်။ (ဒေ. ၇:၈) ယေဟောဝါလူမျိုးရဲ့ ခေတ်သစ်သမိုင်းမှာ ပါဝင်ခွင့်ရလို့ သူတို့ ဝမ်းသာကြတယ်။

သင့်ရပ်ကွက်မှာလည်း ဟောပြောနည်းသစ်တွေကို စမ်းကြည့်ဖို့ သင်ဆန္ဒပြင်းပြနေသလား

၁၁–၁၃။ အဖွဲ့အစည်းဆိုင်ရာ အပြောင်းအလဲတွေကြောင့် တချို့သူတွေ ဘယ်အခက်အခဲတွေ ရင်ဆိုင်ခဲ့ရသလဲ။

၁၁ သူတို့ဆီကနေ အရေးကြီးသင်ခန်းစာတွေ သင်ယူနိုင်ပါတယ်။ ဒီညီအစ်ကိုညီအစ်မများစွာဟာ အဲဒီဌာနခွဲတွေမှာ အမှုဆောင်နေတာ နှစ်ပေါင်းများစွာရှိပြီ။ ဗေသလငယ်လေးမှာ အမှုဆောင်နေတဲ့ စုံတွဲတစ်တွဲကို မက္ကဆီကိုဗေသလကိုပြောင်းဖို့ တောင်းဆိုခဲ့တယ်။ အဲဒီမက္ကဆီကိုဗေသလဟာ သူတို့ဗေသလထက် အဆ ၃၀ နီးပါးကြီးတယ်။ ခင်ပွန်းဖြစ်သူ ရိုကာလီယိုက “မိသားစုနဲ့ မိတ်ဆွေတွေကို ထားခဲ့ရတာ သိပ်ခက်တယ်” လို့ ပြောတယ်။ မက္ကဆီကိုဗေသလကိုပြောင်းဖို့ တောင်းဆိုခံရတဲ့ နောက်ညီအစ်ကို ကွမ်ကလည်း ဘဝကို အသစ်ကနေပြန်စရသလို ခံစားခဲ့ရတယ်။ “မိတ်ဆွေအသစ်တွေ ပြန်ဖွဲ့ရမယ်။ ဓလေ့ထုံးစံအသစ်၊ စဉ်းစားတွေးခေါ်ပုံအသစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲရမယ်” လို့ သူပြောတယ်။

၁၂ ဥရောပဌာနခွဲရုံးတချို့ကို ပေါင်းလိုက်တဲ့အခါ ဗေသလအိမ်သားများစွာဟာ ဂျာမနီဌာနခွဲကို ပြောင်းရွှေ့ခဲ့ရတယ်။ ကိုယ့်တိုင်းပြည်ကို စွန့်ရတာ အမြဲမလွယ်တဲ့အတွက် အခက်အခဲတွေ ရင်ဆိုင်ခဲ့ရတယ်။ ဆွစ်ဇာလန်ကနေ ပြောင်းခဲ့ရသူတွေဟာ လှပတဲ့အဲလ်ပ်တောင်တန်းတွေကို လွမ်းဆွတ်ကြတယ်။ ဩစတြီးယားကနေပြောင်းခဲ့ရသူတွေဟာ သေးငယ်တဲ့ဗေသလမိသားစုဝင် ဖြစ်ခဲ့ရတာကို လွမ်းဆွတ်ကြတယ်။

၁၃ တခြားနိုင်ငံဌာနခွဲကို ပြောင်းရွှေ့ရတဲ့ ညီအစ်ကိုညီအစ်မတွေဟာ အပြောင်းအလဲအများကြီး လုပ်ခဲ့ရတယ်။ အိမ်သစ်၊ အလုပ်ဖော်သစ်၊ အသင်းတော်သစ်၊ ရပ်ကွက်သစ်တွေနဲ့ နေသားကျအောင်လုပ်ခဲ့ရတယ်။ အလုပ်တာဝန်သစ်ရတာ၊ ဘာသာစကားသင်ယူရတာလည်း ဖြစ်နိုင်တယ်။ ဒီလိုအပြောင်းအလဲတွေလုပ်ရတာ မလွယ်ပါဘူး။ ဒါပေမဲ့ သူတို့ တလိုတလား လုပ်ဆောင်ခဲ့ကြတယ်။ ဘာကြောင့်လဲ။

“ဒီဖိတ်ခေါ်ချက်ဟာ ယေဟောဝါဆီက လာတယ်ဆိုတာသိလို့ လိုလိုလားလား လက်ခံခဲ့တာပါ”

၁၄၊ ၁၅။ (က) ညီအစ်ကိုညီအစ်မများစွာဟာ ယေဟောဝါနဲ့တွဲဖက်လုပ်ဆောင်ရတဲ့ အခွင့်ထူးကို တန်ဖိုးထားကြောင်း ဘယ်လိုဖော်ပြခဲ့သလဲ။ (ခ) သူတို့ဟာ ဘယ်ကဏ္ဍမှာ ကျွန်တော်တို့အတွက် ပုံသက်သေကောင်းဖြစ်သလဲ။

၁၄ ဂရီးတယ် အခုလိုပြောတယ်– “ယေဟောဝါအပေါ်ထားတဲ့ မေတ္တာဟာ နိုင်ငံ၊ အဆောက်အဦ ဒါမှမဟုတ် အခွင့်ထူးတစ်ခုခုထက် ပိုသာလွန်တယ်ဆိုတာ ပြချင်လို့ ဒီဖိတ်ခေါ်ချက်ကို ကျွန်မ လက်ခံခဲ့တာ။” ညီအစ်မဒေးစကာကလည်း “ဒီဖိတ်ခေါ်ချက်ဟာ ယေဟောဝါဆီက လာတယ်ဆိုတာသိလို့ လိုလိုလားလား လက်ခံခဲ့တာပါ” လို့ ပြောတယ်။ အန်ဒရေနဲ့ ဂါဘရီယယ်လာတို့က “ဒါဟာ ကိုယ့်ဆန္ဒကို ဦးစားမပေးဘဲ ယေဟောဝါအတွက် အမှုဆောင်ဖို့ နောက်ထပ်အခွင့်အရေးဖြစ်တယ်လို့ ရှုမြင်တယ်” ဆိုပြီးပြောတယ်။ ယေဟောဝါရဲ့အဖွဲ့အစည်းက အပြောင်းအလဲတွေလုပ်တဲ့အခါ အဲဒါတွေကို ဆန့်ကျင်တာထက် လိုလိုလားလား လက်ခံတာ ပိုကောင်းတယ်လို့ သူတို့ ခံစားရတယ်။

ယေဟောဝါရဲ့လုပ်ငန်းမှာ ပါဝင်ရတာဟာ ကျွန်တော်တို့ ရရှိထားတဲ့ အကြီးမားဆုံး အခွင့်ထူးဖြစ်

၁၅ ဌာနခွဲတွေပေါင်းလိုက်တဲ့အခါ ဗေသလအိမ်သားတချို့ဟာ ရှေ့ဆောင်တွေအဖြစ် ပြန်အမှုဆောင်ဖို့ ခန့်အပ်ခံရတယ်။ ဒိန်းမတ်၊ နော်ဝေးနဲ့ ဆွီဒင်ဌာနခွဲတွေကို စကင်ဒီနေးဗီးယားဌာနခွဲအဖြစ် ပေါင်းစည်းလိုက်ချိန်မှာ ဗေသလအိမ်သားအများစုဟာ အဲဒီလိုခန့်အပ်ခံခဲ့ရတယ်။ ဖလော်ရီရန်နဲ့ အန်ယာ အခုလိုပြောတယ်– “ကျွန်တော်တို့ရဲ့တာဝန်သစ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အခြေအနေအဖြစ် ရှုမြင်လိုက်တယ်။ ဘယ်မှာပဲ အမှုဆောင်ရပါစေ ယေဟောဝါ အသုံးပြုနေတာကိုက သိပ်ဝမ်းသာဖို့ကောင်းတယ်။ ကောင်းချီးအများကြီးခံစားရတယ်လို့ ပြောနိုင်ပါတယ်။” ကျွန်တော်တို့အများစုဟာ အဲဒီလိုအခြေအနေမှာ မရှိပေမဲ့ ဒီညီအစ်ကိုညီအစ်မတွေရဲ့ လိုလိုလားလားစိတ်ဓာတ်ကို အတုယူပြီး နိုင်ငံတော်ကို ဦးစားထားနိုင်ပါတယ်။ (ဟေရှာ. ၆:၈) ဘယ်နေရာမှာပဲဖြစ်ဖြစ် ယေဟောဝါနဲ့ တွဲဖက်လုပ်ဆောင်ရတဲ့အခွင့်ထူးကို တန်ဖိုးထားမယ်ဆိုရင် အမြဲကောင်းချီးခံစားရမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။

ယေဟောဝါနဲ့တွဲဖက်လုပ်ဆောင်ရတဲ့ အခွင့်ထူးမှာ ဆက်ပျော်မွေ့နေပါ

၁၆။ (က) ဂလာတိ ၆:၄ မှာ ကျွန်တော်တို့ကို ဘာလုပ်ဖို့ အားပေးထားသလဲ။ (ခ) ကျွန်တော်တို့အားလုံးရရှိထားတဲ့ အကြီးမားဆုံးအခွင့်ထူးက ဘာလဲ။

၁၆ ကျွန်တော်တို့ဟာ မစုံလင်သူတွေဖြစ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ကြတယ်။ ဒါပေမဲ့ ကိုယ်လုပ်နိုင်တာကိုပဲ အာရုံစိုက်ဖို့ ကျမ်းစာ အားပေးတယ်။ (ဂလာတိ ၆:၄ ကိုဖတ်ပါ။) ကျွန်တော်တို့အားလုံးဟာ အကြီးအကဲတွေ၊ ရှေ့ဆောင်တွေ၊ သာသနာပြုတွေ၊ ဗေသလအိမ်သားတွေ ဖြစ်နိုင်မှာမဟုတ်ဘူး။ အဲဒါတွေဟာ အခွင့်ထူးဖြစ်တာမှန်ပေမဲ့ ကျွန်တော်တို့အားလုံး တန်းတူရရှိထားတဲ့ အကြီးမားဆုံးအခွင့်ထူးရှိတယ်။ အဲဒါကတော့ သတင်းကောင်းဟောပြောသူတွေအဖြစ် ယေဟောဝါနဲ့ တွဲဖက်လုပ်ဆောင်ရခြင်းပဲ။ အဲဒီအခွင့်ထူးကို တန်ဖိုးထားမြတ်နိုးကြပါစို့။

၁၇။ ဒီစာတန့်လောကမှာ ဘယ်လက်တွေ့အခြေအနေတွေ ကြုံတွေ့ရနိုင်သလဲ။ ဘာကြောင့် စိတ်ဓာတ်မကျသင့်သလဲ။

၁၇ ကျွန်တော်တို့ဟာ ဒီစာတန့်လောကမှာတော့ ကိုယ်ဆန္ဒရှိတဲ့နည်းနဲ့ ယေဟောဝါကို အမှုဆောင်နိုင်ချင်မှ ဆောင်နိုင်မယ်။ မိသားစုတာဝန်တွေ၊ ကျန်းမာရေးပြဿနာတွေ စတဲ့ ကိုယ်မထိန်းချုပ်နိုင်တဲ့အခြေအနေတွေ ကြုံတွေ့ရနိုင်တယ်။ ဒါပေမဲ့ စိတ်ဓာတ်မကျသင့်ဘူး။ ဘယ်ပြဿနာတွေပဲ ကြုံနေရပါစေ ယေဟောဝါရဲ့ နာမည်နဲ့ နိုင်ငံတော်အကြောင်းကိုတော့ အမြဲဟောပြောနိုင်ပါတယ်။ အရေးကြီးဆုံးက ယေဟောဝါအတွက် အတတ်နိုင်ဆုံးလုပ်ဆောင်နေဖို့နဲ့ ကိုယ့်ထက်ပိုလုပ်ဆောင်နိုင်သူတွေကို ကူညီပေးပါဆိုပြီး ဆုတောင်းပေးနေဖို့ပဲ။ ယေဟောဝါရဲ့နာမည်ကို ချီးမွမ်းသူတိုင်းဟာ ကိုယ်တော့်အမြင်မှာ တန်ဖိုးရှိသူတွေဖြစ်တယ်ဆိုတာ သတိရပါ။

ယေဟောဝါရဲ့နာမည်ကို ချီးမွမ်းသူတိုင်းဟာ ကိုယ်တော့်အမြင်မှာ တန်ဖိုးရှိသူတွေဖြစ်တယ်

၁၈။ အနာဂတ်မှာ ဘာကို စောင့်မျှော်နိုင်သလဲ။ ဘယ်အခွင့်ထူးကို အခုကတည်းက ကျွန်တော်တို့ ရရှိနေသလဲ။

၁၈ ကျွန်တော်တို့မစုံလင်ပေမဲ့ ယေဟောဝါဟာ ကျွန်တော်တို့ကို သူ့လုပ်ဖော်ဆောင်ဖက်ဖြစ်ခွင့် ပေးထားတယ်။ ဒီနောက်ဆုံးကာလမှာ ဘုရားသခင်နဲ့တွဲဖက်လုပ်ဆောင်ရတာ အခွင့်ထူးပါပဲ။ “မှန်သောအသက်” ရမယ့် အနာဂတ်ကို ကျွန်တော်တို့ စောင့်မျှော်နေကြတယ်။ အဲဒီအခါကျရင် အသက်တာကို တကယ်ပျော်မွေ့နိုင်ပါလိမ့်မယ်။ မကြာခင်ရောက်လာတော့မယ့် ကမ္ဘာသစ်မှာ ယေဟောဝါက ကျွန်တော်တို့ကို ထာဝရအသက်နဲ့အတူ ပျော်ရွှင်မှု၊ ငြိမ်သက်မှုတွေကို ခံစားရစေပါလိမ့်မယ်။—၁ တိ. ၆:၁၈၊ ၁၉

ဘုရားသခင့်အမှုဆောင်ရတဲ့ အခွင့်ထူးကို သင် တန်ဖိုးထားမြတ်နိုးသလား (အပိုဒ် ၁၆–၁၈ ကိုကြည့်ပါ)

၁၉။ ပျော်စရာကောင်းတဲ့ ဘယ်အနာဂတ်ကို ယေဟောဝါ ကတိပြုထားသလဲ။

၁၉ ကတိထားရာပြည်ထဲမဝင်ခင်လေးမှာ မောရှေက အစ္စရေးလူတွေကို ‘ယေဟောဝါဘုရားဟာ ခင်ဗျားတို့လုပ်ဆောင်သမျှမှာ အောင်မြင်ကြီးပွားစေလိမ့်မယ်’ လို့ ပြောခဲ့တယ်။ ကမ္ဘာသစ်ရဲ့တံခါးဝမှာ ရပ်နေတဲ့ကျွန်တော်တို့လည်း အဲဒီစကားတွေကို သတိရနေရမယ်။ (တရား. ၃၀:၉ကဘ) အာမဂေဒုန်ပြီးနောက်မှာ ယေဟောဝါက သူကတိပြုထားတဲ့အတိုင်း သူနဲ့အတူ တွဲဖက်လုပ်ဆောင်ခဲ့သူတွေအတွက် မြေကြီးကိုအမွေပေးပါလိမ့်မယ်။ အဲဒီအခါ မြေကြီးကို လှပတဲ့ပရဒိသုဖြစ်အောင်လုပ်ဆောင်ရတဲ့ တာဝန်သစ်ကို ရရှိပါလိမ့်မယ်။